အခန်း ၃၇၉-၃၈၁
Vol. 26 Ch. 379-381
အခန်း (၃၇၉)
ချူးမိသားစု၏ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာ(၂)
ထို့နောက် ချူးယုချင် သတင်းစာထဲမှ အကြောင်းအရာကို ဖတ်ကြည့်လိုက်ရာ ပထမဆုံး ခေါင်းစဉ်က မြောက်ပိုင်းပြည်နယ်ရှိ ချူးမိသားစု၏ စေ့စပ်မှု ပယ်ဖျက်ခြင်း ကြေညာစာအကြောင်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာ၏ အကြောင်းအရာကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက် ချူးယုချင် ငေးငိုင်သွားပြီ အတန်ကြာသည်အထိ သတိပြန် မဝင်နိုင်ခဲ့ပေ။
သူမသည် အရူးမတစ်ယောက် မဟုတ်ပါ။
ဤစေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာကို အရှေ့ဘက်သတင်းစာတိုက်မှ ထုတ်ဝေစေသူ မည်သူဖြစ်ကြောင်း သူမ မှန်းဆပြီးဖြစ်သည်။ လုချန်း၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားသည်။
ထိုကြေညာချက်ကို အသုံးပြု၍ လုချန်းက သူမ၏လွတ်လပ်မှုကို ပြန်လည်ရရှိစေခဲ့သည်။ ယခုချိန်မှစ၍ သူမသည် ဝမ်မိသားစု၏ သတို့သမီးတစ်ဦး မဟုတ်တော့ပေ။
သို့သော် စဉ်းစားကြည့်လျှင် သာမန်ပြည်သူများ ဒီကြေညာချက်ကို အသိအမှတ်ပြုကြပါ့မလား။
သူမသည် သတို့သမီးဘက်မှ ဖြစ်သည်။ ရှေးအစဉ်အဆက် သားတို့သားဘက်မှ သတို့သမီးကို မကျေနပ်သဖြင့် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်းသာ ရှိခဲ့သည်။ အမျိုးသမီးဘက်မှ စေ့စပ်မှု စတင်ပယ်ဖျက်သည့် အဖြစ်အပျက်မျိုး မရှိခဲ့သလို အများသိအောင် ယခုလို ကြေညာခြင်းမျိုးလည်း မရှိခဲ့ပေ။
ချူးယုချင် သတင်းစာကို ကြည့်ရင် ငေးမောနေသည်ကို တွေ့ရသောအခါ ချူးချင်လီက
“အခုကစပြီး အစ်မ လွတ်လပ်သွားပါပြီ။ အစ်မ ဝမ်မိသားစုရဲ့ သတို့သမီး မဟုတ်တော့ဘူး။”
ချူးချင်လီ၏ စကားကို ကြားလိုက်ရသောအခါ ချူးယုချင်က အနည်းငယ် ပြုံးပြလိုက်ပြီး
“ချင်လီ။ ဒီကိစ္စက အဲ့ဒီလောက် မရိုးရှင်းဘူး။ ချူးမိသားစုက အများသိအောင် စေ့စပ်ခြင်းကို ပယ်ဖျက်ခဲ့တယ် ဆိုပေမဲ့ သာမန်ပြည်သူတွေကတော့ ဒါကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ သူတို့ရဲ့ အမြင်မှာ ငါကဝမ်မိသားစုရဲ့ သတို့သမီးအဖြစ် ဆက်ရှိနေဦးမှာပဲ။”
ချူးချင်လီက ချက်ချင်းပြန်ပြောလိုက်သည်
“စိတ်မပူပါနှင့် အစ်မ။ လမ်းပေါ်က လူတွေ ပြောနေတာကို ကြားခဲ့ရတယ်။ ဝမ်မိသားစုဟာ သစ္စာဖောက်ပြီး ခွင့်လွှတ်လို မရတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တယ်လို့ လူတိုင်းပြောနေကြတယ်။ ချူးမိသားစုဟာ ဝမ်မိသားစုနဲ့ ဆက်ဆံရေးကို အရင်ကတည်းက ဖြတ်တောက်သင့်တယ်လို့ ပြောနေကြတယ်။”
“ပြည်သူတွေရဲ့ အမြင်မှာ အစ်မက ကံမကောင်းတဲ့ အမျိုးသမီးယောက်ပါ။ ဒါကို သူတို့ အသိအမှတ်ပြုကြ မှာပါ။”
ထိုအခါ ချူးယုချင်၏ နှလုံးသားထဲတွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ ချူးချင်လီပြောသည့်အတိုင်း မှန်ပါက သူမသည် ဝမ်မိသားစု၏ သတို့သမီး မဟုတ်တော့သဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် လွပ်လွပ်လပ်လပ် လက်ထပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် လွန်ခဲ့သော ရက်များက လုချန်းပြောခဲ့သည့် စကားများကို ချူးယုချင် ပြန်လည်သတိရမိသည်။ သူက သူမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ တရားဝင်ဂုဏ်သိက္ခာရှိရှိ လက်ထပ်စေလိုကြောင်း ယခုမှစ၍ လျှို့ဝှက်စွာ လှုပ်ရှားနေစရာမလိုတော့ပဲ လူများပြော စကားများကို စိုးရိမ်စရာမလိုတော့ကြောင်း ပြောခဲ့ဖူးသည်။
ထိုအတွေးများနှင့်အတူ နွေးထွေးမှု တစ်ခုကို ချူးယုချင် ခံစားလိုက်ရသည်။
ချူးယုချင် ထပ်မံတိတ်ဆိတ်သွားပြီး အတွေးထဲနစ်မြောနေသည်ကို တွေ့ရသောအခါ ချူးချင်လီက စိုးရိမ်စွာဖြင့် မေးမြန်းသည်။
“အစ်မ။ နင်လွတ်လပ်မှု ပြန်ရသွားပြီလေ။ မပျော်ဘူးလား။”
ချူးယုချင်သည် ဝမ်ဟန်နှင့် လက်ထပ်ပြီးသည့်နေ့မှစ၍ တစ်ခါမှ အတူမနေခဲ့ရသော်လည်း ဝမ်မိသားစု၏ သတို့သမီးအဖြစ်သာ အမြဲသတ်မှတ်ခံခဲ့ရသည်။ အခြားသူများ၏ အမြင်တွင် သူမသည် မုဆိုးမတစ်ဦးသာဖြစ်သည်။
ယခုအခါ သူမ၏အခြေအနေ ပြောင်းလဲသွားပြီဖြစ်သည်။ အခု သူမလွတ်လပ်စွာ နေထိုင်နိုင်ပြီး မိမိသဘောကျသည့်သူနှင့် လက်ထပ်ကာ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေနိုင်ပြီဖြစ်သည်။ ချူးချင်လီအနေဖြင့် ချူးယုချင် စိုးရိမ်နေရသည့် အကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။
ထို့နောက် ချူးယုချင်က ချူးချင်လီကို စိုက်ကြည့်လိုက်ကာ
“ချင်လီ။ ချူးမိသားစုက အရှေ့ဘက်သတင်းစာတိုက်ကို ဒီကိစ္စ သတင်းစာထဲ ကြေညာခိုင်းတယ်လို့ နင်ယုံလား။”
ချူးချင်လီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်လေ။ ကြေညာချက်မှာ မိသားစု အကြီးအကဲရဲ့နာမည် ရေးထိုးထားတယ်။”
ချူးယုချင်က ပြုံးလိုက်ပြီး ဘာမှမပြောပဲ နေလိုက်သည်။
ချူးယုချင်၏ အပြုံးကို မြင်လိုက်ရသောအခါ ချူးချင်လီ၏ ရင်ထဲတွင် လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုအပြုံး၏ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားခဲ့သည်။
အကယ်၍ ချူးယုချင်သည် ဝမ်မိသားစု၏ သတို့သမီး မဟုတ်တော့ပါက ယခုအခါတွင် မည်သူမဆို သူမ၏ခန္ဓာကိုယ်ကို တရားဝင်ဂုဏ်သိက္ခာရှိရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ထိုပိုင်ဆိုင်မည့် လူက မည်သူဖြစ်မည်ကို ခန့်မှန်းရန် အမှန်တကယ် လိုအပ်ပါသလား။
ထိုသူက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လူဆိုးကောင်သာ ဖြစ်နိုင်သည်။
ထိုသို့တွေးမိသောအခါ ထိုလူဆိုးက အရှေ့ဘက်သတင်းစာတိုက်ကို အသုံးပြု၍ ဤ ကြေညာချက်ကို ထုတ်ဝေစေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ချူးချင်လီ သဘောပေါက်လာသည်။ သူ့တွင် ချူးယုချင်ကို ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားသည်။
ထိုအချက်ကို နားလည်သွားသော ချူးချင်လီက
“မင်းသားက အရှေ့ဘက်သတင်းစာတိုက်ကို ဒီကြေညာချက် ဖော်ပြစေခဲ့တယ်လို့ အစ်မ ဆိုလိုတာလား။”
ချူးယုချင် တိတ်ဆိတ်နေပြီး ငြင်းဆိုခြင်း မပြုသည်ကို မြင်ရသောအခါ ချူးချင်လီ အလွန်ဒေါသထွက်သွားပြီး
“လူဆိုးက အစ်မကို မျှော်မှန်းရဲမယ်ဆိုရင်အစ်မအတွက် ကျွန်မ အဆုံးအထိ တိုက်ပွဲဝင်မယ်။”
“စိတ်ချပါ။ အစ်မကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့မှာပါ။”
ချူးချင်လီ၏ စကားများကို နားထောင်ရင်း ချူးယုချင်က အေးစက်စွာ မေးလိုက်သည်။
“ပွင့်ပွင့်လင်လင်ပြောစမ်းပါ ချင်လီ။ နင်က အစ်မအတွက်လို့ ပြောနေပေမဲ့ ချန်းလေး သီးသန့်ပိုင်ဆိုင်ချင်စိတ် ပါနေတယ် မဟုတ်ဘူးလား။”
ချူးချင်လီ ခဏခန့် ငိုင်သွားပြီး သူမ၏ နှလုံးသားထဲတွင် စိုးရွံ့မှုများ မြင့်တက်လာခဲ့သည်။ သူမနှင့် လုချန်း ဆက်ဆံရေးကို ချူးယုချင် သိရှိသွားသည့်နေ့မှစ၍ ချူးယုချင်၏ စိတ်ထဲတွင်ထိုကဲ့သို့သော အတွေးများ ရှိနေမည်ကို ချူးချင်လီ အမြဲ စိုးရိမ်နေခဲ့သည်။
ချူးချင်လီက အလျင်အမြန် ပြန်ပြောလိုက်သည်။
“အဲ့ဒီလို မဟုတ်ဘူး။ ငါလုပ်သမျှအားလုံးက အစ်မ လွတ်မြောက်စေဖို့ပါ။”
ချူးယုချင်က အေးစက်စွာဖြင့်
“လွတ်မြောက်ရေးဆိုတဲ့ စကားလုံးလှလှတွေ သုံးနေတယ်။”
“ချန်းလေးရဲ့ အိပ်ရာထဲကို ဝင်ပြီး အစ်မအတွက် စဉ်းစားမိဖို့ နေနေသာသာ ကိုယ့်နာမည်တောင် မေ့သွားတဲ့ အခြေအနေမျိုး မဟုတ်လား။ ငါ့ကို ငတုံးလို့ ထင်နေတာလား။”
“ကျွန်မ...”
ချူးချင်လီ နှုတ်ဆိတ်သွားပြီး မည်သို့ရှင်းပြရမယ်မှန်း မသိတော့ပေ။
ထို့နောက် သူမက အံကြိတ်လိုက်ကာ လုချန်းနှင့် သူမ ပြုလုပ်ခဲ့သော သဘောတူညီချက်ကို ထုတ်ပြောပြလိုက်သည်။
“အစ်မ။ အစ်မကို မင်းသားစံအိမ်ကနေ လွတ်မြောက်စေဖို့အတွက် ကျွန်မ တကယ်လုပ်ခဲ့တာပါ။ ကျွန်မ အကြိမ်တစ်ရာ သူ့ကိုပြုစုရင် အစ်မကို မင်းသားစံအိမ်ကနေ ထွက်ခွာခွင့်ပေးမယ်လို့ သူပြောခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်မထားတာက သူကတိမတည်ခဲ့ဘူး။ ကျွန်မ သူ့ကို ပြုစုပေးတဲ့ အကြိမ်ရေက...”
ချူးချင်လီ၏ စကားမဆုံးမီ ချူးယုချင်က စကားဖြတ်ပြောလိုက်သည်။
“ဘာ။ ငါ့နောက်ကွယ်မှာ ချန်းလေးနဲ့ အကြိမ်တစ်ရာကျော် အဲ့ဒါကို ခိုးလုပ်ခဲ့တာလား။”
“အကြိမ်တစ်ရာကျော် လုပ်ပြီးတာတောင် အစ်မအတွက်လို့ ပြောနေတုန်းပဲလား”
“နင်အခုပြောတဲ့ စကားကို နင်ကိုယ်တိုင် ယုံကြည်နိုင်လား ချင်လီ။ “
“ကျွန်မ...” ချူးချင်လီ နောက်တစ်ကြိမ် နှုတ်ဆိတ်သွားခဲ့သည်။
သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တစ်နှစ်ကျော်ခန့် နေထိုင်ခဲ့ပြီး လုချန်းနှင့် အကြိမ်တစ်ရာ ထိုကိစ္စလုပ်ခဲ့သည်။ ထိုစဉ်က လုချန်း အခြားမယားများ၏ အခန်းများသို့ပင် ခဏခဏ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပေ။
.........
အခန်း (၃၈၀)
ချူးမိသားစု၏ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာ (၃)
ချူးချင်လီသည် ယခုအချိန်တွင် သူမ၏ကိုယ်ပိုင်စကားများကို မုသားတစ်ခုသဖွယ် ခံစားလိုက်ရသည်။ သိူ့သော် သူမ လုချန်းနှင့် ထိုကဲ့သို့ သဘောတူညီချက်တစ်ခု အမှန်တကယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လုချန်း၏ လှည့်စားမှုကို ခံလိုက်ရသည့် ခံစားချက်မျိုး သူမခံစားနေရသည်။
ချူးချင်လီ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ဒီလူဆိုးမှာ အစကတည်းက အကြံအစည်ရှိခဲ့တာ သေချာတယ်။
သုံးလအတွင်း အကြိမ်တစ်ရာ အပေးအယူ ပြုလုပ်ပြီးလျှင် ပြီးသွားမည်ဟု ယခင်က သူမထင်ခဲ့သည်။ အပေးအယူ ပြီးဆုံးသွားပါက သူမ၏အစ်မလည်း လွတ်လပ်မှုရရှိမည်ဖြစ်ပြီး သူမကိုယ်တိုင်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားမည် ဖြစ်သည်။
သို့သော် ဒီလောက် မရိုးရှင်းကြောင်း သူမနားလည်လာသည်။ သူမ လုချန်းနှင့် လုံးဝခွဲ၍မရတော့ပါ။ သူမ လုချန်းကို ကျိန်ဆဲ နေသော်လည်း အပေးအယူ မပြုလုပ်ပဲ ရက်အနည်းငယ်ကြာပါက ညအချိန်တွင် သူ့အကြောင်းများကို မလိုအပ်ပဲ စဉ်းစားမိတတ်လာသည်။
သူမ လုချန်းမှ ခွဲခွာ၍ မရသည့်တော့အပြင် အရေအတွက်များပြားလှသည့် သူတို့ကြားထဲမှ အပေးအယူများအကြောင်းကို ထုတ် ပြောမိခြင်းကြောင့် သူမ၏အစ်မက သူမအား မယုံကြည်တော့ပဲ သူမကို အရှက်မရှိပဲ ကာမဂုဏ်ခံစားမှုတွင် နစ်မြုပ်နေသည်ဟု ထင်မြင်သွားစေခဲ့သည်။
ချူးချင်လီ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ချူးယုချင်က မေးလိုက်သည်။
“ပြောပါ ချင်လီ။ နင့်ရဲ့ရည်ရွယ်ချက် အစစ်က ဘာလဲ။”
ချူးချင်လီ၏ မျက်နှာနီရဲလာပြီး
“ငါ မသိဘူး။”
ချူးယုချင်က ဆက်မေးလိုက်သည်။
“ချန်းလေးက နင့်ကို မယားအဖြစ် လက်ခံမယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
“ဒီလူဆိုးကို ဘယ်သူက လက်ခံမှာလဲ” ဟု ပြန်လည်ပြောဆိုရန် ချူးချင်လီ စိတ်ကူးခဲ့သော်လည်း ထိုစကားလုံးများ နှုတ်မှ မထွက်မီ မျိုချလိုက်သည်။
သူမ မည်မျှပင် ငြင်းဆိုနေပါစေ သူမ၏အစ်မ၏ အမြင်တွင် သူမသည် အမြဲတမ်း မရိုးသားသူအဖြစ် ပေါ်လွင်နေမည်ဖြစ်သည်။ အထူးသဖြင့် သူမ၏အစ်မသည် သူမနှင့် လုချန်းတို့ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်အပြင် တစ်ညလုံး အခန်း အပြင်မှနေ၍ နားထောင်ခဲ့ရသည်ဖြစ်ရာ သူမအတွက် ခုခံကာကွယ်စရာ စကားလုံး မရှိတော့ပေ။
သူမက လုချန်းကို မနှစ်သက်ကြောင်း ပြောပါက “မနှစ်သက်ရင် အဲဒီလို အသံတွေ ဘာလို့ထွက်နေတာလဲ” ဟု ချူးယုချင်က ပြန်ပြောမည်ဖြစ်ပြီး သူမတို့ အကြိမ်တစ်ရာ ခိုးလုပ်ခဲ့ကြောင်းကိုပါ ထည့်ပြောဦးမည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်၏ အရှေ့ဘက်ရှိ ပင်လယ်ပြာကြီးထဲသို့ ခုန်ချရင်တောင် သူမ၏ အပြစ်များကို မဆေးကြောနိုင်တော့ဟု ချူးချင်လီ ခံစားရသည်။ အခုတော့ လက်ထပ်ရန်သာ ရှိတော့သည်။
ချူးချင်လီ ခဏမျှ တိတ်ဆိတ်နေပြီးနောက်
“ လုချန်းနဲ့ လက်ထပ်တာက ကျွန်မကိစ္စပါ။ ဒါပေမဲ့ အစ်မအတွက်တော့ အစ်မရဲ့ ပျော်ရွှင်မှုရှိပါတယ်... ဒီလူက...”
ချူးချင်လီ၏ စကားဆုံးမီ ချူးယုချင်က စကားဖြတ်လိုက်သည်။
“ချင်လီ။ ချန်းလေးဟာ ယုတ်ညံ့ပြီး ရှက်ဖွယ်ကောင်းတဲ့သူ၊ ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ ပြည့်နေတဲ့လူလို့ နင်ပြောချင်တာလား”
“ဒီအဆင့်ရောက်နေပြီး ငါ့ကို ချန်းလေးဆီ မသွားရအောင် နင်တားနေတုန်းလား။”
ချူးချင်လီလည်း နောက်ထပ်ဘာပြောရမည်ကို မသိတော့ပေ။ ပြောမည့်စကားတိုင်း အကျိုးမရှိဟု ခံစားရသည်။ နောက်ဆုံးတွင် သူမ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး
“ အစ်မနဲ့ သူ့ကိစ္စကို ကျွန်မ နောက်ဆိုဝင်မစွက်ဖက်တော့ပါဘူး။ အစ်မတို့နှစ်ယောက် လုပ်ချင်တာ လုပ်ကြပါ။”
ချူးချင်လီ၏ စကားကို ကြားလိုက်ရသော ချူးယုချင် ဝမ်းသာသွားသည်။ နောက်ဆုံးတွင် ချူးချင်လီကို လက်လျှော့စေနိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ချူးချင်လီသည် စိတ်ထဲတွင် တွေးမိသည်။ လုချန်း သူမ၏အစ်မကို သိမ်းပိုက်ခြင်းမှ မတားဆီးနိုင်တော့ပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ကာ သူတို့နှစ်ဦးကို စောင့်ကြည့်မည်။ တစ်နေ့တွင် လုချန်း သူမ၏အစ်မကို သစ္စာဖောက်ပါက သူမ၏ အစ်မအတွက် လက်စားချေမည်ဖြစ်ပြီး လုချန်းအား သူ၏အပြုအမူများအတွက် နောင်တရစေမည် ဖြစ်သည်။
...
ထိုအတောအတွင်း။
ရန်ခရိုင်အတွင်း။
စားသောက်ဆိုင်တစ်ခု၏ သီးသန့်အခန်းတွင်။
ဝါးခမောက် ဆောင်းထားသော လူဆယ် ယောက်ကျော်ခန့် ဆိုင်ထဲသောက်စားနေစဉ် မီးခိုးရောင် ဝတ်စုံဝတ်ဆင်ထားသော လူတစ်ဦး အခန်းအတွင်းသို့ ဝင်ရောက်လာကာ ပြတင်းပေါက်ဘေးတွင် ထိုင်နေသူအား တိုးတိုးကပ် ပြောလိုက်သည်။
“သူက အခုကာလ တစ်လျှောက်လုံး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲမှာပဲ နေပြီး အပြင် မထွက်ပါဘူး။ ကျူးကဲ့ကျုံကောင်းကလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဘေးမှာ နေနေပါတယ်။ ကျွန်တော်တို့ လှုပ်ရှားတာနဲ့ ကျူးကဲ့ကျုံကောင်း သတိထားမိသွားမှာပါ။”
ကောင်းကင်လူသားနယ်ပယ်သို့ ဝင်ရောက်ရန် နီးစပ်နေသည့် အဆင့်လွန်ပညာရှင်ကြီး ကျူးကဲ့ကျုံကောင်းသည် ရင်ဆိုင်ရန် လွယ်ကူသူမဟုတ်သဖြင့် ဝမ်ကျန်းတောင်အား အခက်အခဲတစ်ခု ဖြစ်စေခဲ့သည်။
ပိုင်ချင်းချင်းက ဆွမ်ဧကရာဇ်အား သစ္စာဖောက်သွားပြီဖြစ်သည်။ ဆွမ်ဧကရာဇ်သည် သစ္စာဖောက်မှုကို သည်းမခံတတ်သူသဖြင့် အရိပ်ကိုယ်ရံတော်တပ်ဖွဲ့၏ ဒုတိယ ခေါင်းဆောင်ဖြစ်သူ သူမအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ သူမအသက်ရှင်နေပါက နောင်တွင် အရိပ်ကိုယ်ရံတော်များကို ဆွမ်ဧရာဇ် မည်သို့ ကြောက်ရွံ့စေနိုင်တော့မည်နည်း။
ဝမ်ကျန်းတောင်က ဆက်မေးလိုက်သည်။
“အရိပ်ကိုယ်ရံတော်တွေရဲ့စာတွေ မင်းသားစံအိမ်ကို ထပ်ပို့ခဲ့လား။”
မီးခိုးရောင် ဝတ်စုံနှင့်လူက
“ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဂရုစိုက်မှာ မဟုတ်ပါဘူး။”
ရန်ခရိုင်မှ အရိပ်ကိုယ်ရံတော်များအား ဝမ်ကျန်းတောင် မသုတ်သင်ရသေးခြင်း၏ အကြောင်းရင်းမှာ ပိုင်ချင်းချင်း ထွက်ပေါ်လာစေရန် ဖြစ်သည်။ သို့သော် ယခုရက်ပိုင်းများအတွင်း သူတို့၏ အရိပ်ကိုယ်ရံတော်ဟောင်းများကို အသုံးပြု၍ ပိုင်ချင်းချင်းထံ ထောက်လှမ်းရေးအချက်အလက်များစွာပို့ခဲ့သော်လည်း မည်သည့်အချက်အလက်ကမှ သူမအား ဆွဲထုတ်နိုင်ခြင်း မရှိခဲ့ပေ။
ဝမ်ကျန်းတောင်က ဆက်ပြောလိုက်သည်။ “ဧကရာဇ်က သစ္စာဖောက်တွေကို သုတ်သင်နေတာ သူသတိထားမိပုံရတယ်။ သူ့အပြင်ထွက်လာအောင်လုပ်ဖို့အား အခြားနည်းလမ်း ရှာရမယ်။”
...
ထိုအချိန်တွင်။
မြောက်ပိုင်းဒေသ။
ကျယ်ပြန့်သော မြက်ခင်းပြင်ပေါ်တွင် ခရာသံများ ပဲ့တင်ထပ်နေသည်။
တိရစ္ဆာန်အရေခွံ ဝတ်စုံများဝတ်ဆင် ထားသော လွင်ပြင်ဒေသမျိုးနွယ်စုများ၏ မြင်းတပ်ကြီးသည် အရှေ့ဘက်သို့ လျင်မြန်စွာ ချီတက်နေသည်။ ထိုမြင်းတပ်၏ အရွယ်အစားမှာ အလွန်ကြီးမားပြီး မျက်စီတစ်ဆုံးကြည့်လျှင်ပင် အဆုံးမရှိသည်အထိ ရှည်လျားသည်။
အနက်ရောင်နှင့် ရွှေရောင် သံချပ်ကာဝတ်ဆင်ထားသော လူတစ်ဦးသည် ကြီးမားလှသည့် ပုဆိန်ကြီးကို သယ်ဆောင်ကာ အရှေ့ဘက်သို့ ငေးကြည့်နေသည်။
မကြာမီ သူတို့၏ ကင်းထောက်များ ပြန်လာခဲ့သည်။
ကင်းထောက်များက ချက်ချင်းမြင်းပေါ်မှ ဆင်းလိုက်ကာ ထိုလူအား ဦးညွှတ်ပြီး ပြောကြားသည်။
“ဘုရင်ကြီး။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနှင့် မြောက်ဖရီးဘုရင် မျိုးနွယ်စုတို့ဟာ မြောက်ပိုင်းပြည်နယ်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ မြောက်ပိုင်းဒေသကို ရှနိုင်ငံရဲ့ မြောက်ပိုင်းနယ်စားက သိမ်းပိုက်ပြီးဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူက ချက်ချင်းပြောလိုက်သည်။
“ဒီမျိုးနွယ်စုနှစ်ခုက ကျုပ်တို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေအတွက် အရှက်ရစရာပဲ။ အစကတည်းက ကျုပ်နဲ့ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းခဲ့ကြတယ်။ အခုတော့ သိုးအုပ်တစ်အုပ်လို ပျက်စီးသွားရပြီ။ ရယ်ရတယ်။ တကယ်ကို ရယ်ရတယ်။”
ဤအချိန်တွင် သူ့ဘေးရှိ လူယုံတစ်ဦးက
“မြောက်ပိုင်းဒေသကို တိုက်ခိုက်မှာလားဘုရင်ကြီး။ ဒါမှမဟုတ် တောင်ဘက်ကိုချီတက်ပြီး မြောက်ပိုင်းပြည်နယ်ကို တိုက်မှာလား။”
ထျန်းချီဘုရင်က ရယ်မောလိုက်သည်။ “မြောက်ပိုင်းဒေသမှာ ကျုပ်တို့အတွက် ဘာ ကောင်းတာ ရှိမှာလဲ။ သွားမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ကိုပဲ သွားရမှာပေါ့။”
“ကောင်းကင်ဝံပုလွေဘုရင်နှင့် မြောက်ဖရီးဘုရင် မျိုးနွယ်စုနှစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့တဲ့ ဒီရှနိုင်ငံရဲ့ မြောက်ပိုင်းနယ်စားမှာ အစွမ်း တစ်ခုခုရှိ ပုံရတယ်။ မြောက်ပိုင်းပြည်နယ်က ဘာတွေထူးခြားနေတာလဲဆိုတာ ကျုပ် မြင်ချင်တယ်။”
သူ့ဘေးမှ အခြားလူယုံတစ်ဦးက သတိပေးလိုက်သည်။
“နတ်ဆရာမ ချင်းက ကျွန်တော်တို့ကို မြောက်ပိုင်းဒေသကို အရင်သိမ်းပိုက်ဖို့နဲ့ မစွန့်စားဖို့ ညွှန်ကြားထားပါတယ်။ အကယ်၍ ကျွန်တော်တို့ ရှနိုင်ငံကို တိုက်ခိုက်တာ သူသိရင် မကျေမနပ် ဖြစ်နိုင်ပါတယ်။”
ထိုသတိပေးချက်ကို ကြားလိုက်ရသည်နှင့် ထျန်းချီဘုရင်၏ မျက်နှာ ချက်ချင်း မည်းနက်သွားသည်။ ထိုအလွန်လှပသော အမျိုးသမီးအကြောင်း စဉ်းစားမိသည်နှင့် သူ၏နှလုံးသားတွင် မီးတောက်များ တောက်လောင်လာ၏။ သူသည် သူမနှင့် ရင်ဆိုင်တိုင်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး သူမ၏ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပေ။
ထျန်းချီဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“သူက ခင်ဗျားတို့ရဲ့ ဘုရင်မ လား။ ဒါမှမဟုတ် ကျုပ်ကက ခင်ဗျားတို့ရဲ့ ဘုရင်လား။”
ထျန်းချီဘုရင် ဒေါသထွက်နေသည်ကို မြင်ရသော သူ၏ လူယုံဗိုလ်ချုပ်များလည်း နောက်ထပ်စကား မပြောကြတော့ပေ။
သူတို့ အားလုံးသိကြသည်မှာ ထျန်းချီဘုရင်သည် ကျူးနိုင်ငံတော်နှင့် စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး စိတ်မသက်မသာ ဖြစ်နေကာ အင်အားစု တစ်ခုခုအပေါ် ဒေါသပုံချ လိုနေခြင်း ဖြစ်သည်။
.........
အခန်း (၃၈၁)
ထျန်းချီဘုရင်၏ တပ်များ အရှေ့ဘက်သို့ ချီတက်ခြင်း (၁)
ချူးမိသားစု၏ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာကို သတင်းစာတွင် ဖော်ပြပြီးနောက် ထိုသတင်းသည် မြောက်ပိုင်းပြည်နယ်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ပြည်သူများ၏ အာရုံစိုက်မှုသည် မိသားစုချင်း မဟာမိတ်ဖွဲ့ရာတွင် အသုံးချခံရသည့် ချူးယုချင်အပေါ်တွင် မဟုတ်ပဲ ချူးမိသားစုနှင့် ဝမ်မိသားစုတို့ကြား ဆက်ဆံရေးပြတ်တောက်သွားခြင်းအပေါ်တွင် ပိုရှိနေကြသည်။
ဟုတ်ပါသည်။ ချူးယုချင်အပေါ် လူထု၏အာရုံစိုက်မှု နည်းပါးခြင်းသည် လုချန်းအတွက် ကောင်းသည့်အရာပင်ဖြစ်သည်။ လက်ရှိအချိန်တွင် လူများ ပြောဆိုမှုနည်းလေလေ နောင်တွင် ချူးယုချင် မင်းသားစံအိမ်နှင့် လက်ထပ်သောအခါ ကောလာဟလများ နည်းလေလေ ဖြစ်မည်။ ထိုအချိန်တွင် လူအများက ချူးယုချင်သည် ချူးမိသားစုမှ မဟာမိတ်ဖွဲ့ရန် အသုံးချခံရသည့် လူတစ်ဦးသာဖြစ်ကြောင်းသာ မှတ်မိကြမည်ဖြစ်သည်။
နွေးထွေး၍ လေပြေလေညင်းများ တိုက်ခတ်နေသော မနက်ခင်းတစ်ခုတွင် လုချန်းသည် ရဲလိနန်ရန်၏ နူးညံ့သော ရနံ့များကြားမှ နိုးထလာကာ တစ်ညလုံး ဖက်ထားခဲ့သည့် လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။
ယခုကာလအတွင်း လုချန်းသည် အဓိကအားဖြင့် ရဲလိနန်ရန်ကဲ့သို့ သိုင်းပညာရှင် အမျိုးသမီးများအပေါ်တွင် အာရုံစိုက်ခဲ့သည်။ မုကျိရွှမ်းနှင့် အခြားသာမန်အမျိုးသမီးနှစ်ဦးတို့သည် သူ့အတွက် ကလေးနှစ်ယောက်စီ မွေးဖွားပြီး ဖြစ်သဖြင့် သူတို့အနားယူရန် အချိန်ကျပြီဖြစ်သည်။
သို့သော် ပြောရလျှင်တော့ သိုင်းပညာရှင်အမျိုးသမီးတစ်ဦးအတွက် ကိုယ်ဝန်ရရှိရန် အလွန်ခက်ခဲသည်။ ရဲလိနန်ရန်က မည်မျှပင် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ သို့မဟုတ် လုချန်းက မည်သည့်နည်းလမ်းကို စမ်းသပ်သည်ဖြစ်စေ သူမ ကိုယ်ဝန်မရနိုင်ခဲ့ပေ။
ဒါက ရဲလိနန်ရန်တစ်ဦးတည်း၏ ပြဿနာမဟုတ်ပေ။ မင်းသားစံအိမ်ရှိ သိုင်းပညာရှင်အမျိုးသမီးအားလုံးတွင် တူညီသော ပြဿနာရှိနေသည်။
အမျိုးသမီး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် သိုင်းပညာလေ့ကျင့်ပြီးနောက် ပြောင်းလဲသွားသည့်အတွက် ကိုယ်ဝန်ရရန် ခက်ခဲခြင်းဖြစ်မည်ဟု လုချန်း စဉ်းစားမိသည်။ သူ၏ ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် သူတို့ကို စစ်ဆေးကြည့်တော့လည်း သာမန်အမျိုးသမီးများကဲ့သို့ပင် ဖြစ်နေသည်။ အတွင်းအား လမ်းကြောင်းများ ကောင်းစွာဖွံ့ဖြိုးပြီး သိုင်းပညာရှိခြင်းမှလွဲ၍ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွင် ပြောင်းလဲမှုမရှိဟု ထင်ရသည်။
လုချန်းနိုးနေသည်ကို မြင်သောအခါ ရဲလိနန်ရန်၏ မျက်နှာနီရဲလာကာ
“ဒီနေ့ နန်းတွင်းအစည်းအဝေးမရှိဘူး မင်းသား။ နည်းနည်းထပ်အိပ်ကြရအောင်။”
မျက်စိရှေ့မှောက်ရှိ လှပသောမြင်ကွင်းကို ကြည့်ရှုရင်း လုချန်း တကယ်ပင် ထပ်အိပ်လိုက်လိုသော်လည်း ဒီနေ့ မြို့သစ်တည်ဆောက်မှုကို စစ်ဆေးရမည်ဖြစ်ကြောင်း သတိရလိုက်သည်။
ထိုအတွေးဖြင့် လုချန်းက ပြုံး၍
“ အရာရာမှာ အတိုင်းအတာရှိတယ် နန်ရန်။။ စိတ်အလိုမလိုက်ရဘူး။”
စကားပြောနေစဉ် လုချန်း၏ လက်ချောင်းများသည် ရဲလိနန်ရန်၏ နူးညံ့သော ခန္ဓာကိုယ်ပေါ်တွင် ညင်သာစွာ ရွေ့လျားနေသည်။
သူမအား စနောက်နေသည်ကို သိသော်လည်း ရဲလိနန်ရန်၏ မျက်နှာပို၍နီရဲလာပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသည်နှင့် သူမ၏နှလုံးများ ပြင်းထန်စွာ ခုန်လှုပ်သွားသည်။
ထိုအချိန်တွင် အပြင်ဘက်မှအသံကို ကြားလိုက်ရသည်။
“ မင်းသား အဆောင်ထဲမှာရှိလား ပိုင်ခေါင်းဆောင်။ တပ်မှူးချင်က အရေးကြီးကိစ္စရှိလို့တဲ့ ။”
“မင်းသား အိပ်နေတုန်းပါ။ သူခဏစောင့်ပါစေ။”
“တပ်မှူးချင်ကြည့်ရတာ အတော်အရေးကြီး နေပုံရပါတယ်။”
“ကောင်းပါပြီ။ မင်းသားကို ခေါ်ပေးပါမယ်။”
ထို့နောက် ပိုင်ချင်းချင်း ရဲလိနန်ရန်၏ အိပ်ခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
“တပ်မှူးချင်က ရှာနေပါတယ် မင်းသား။”
ထိုအခါ လုချန်းက ချက်ချင်းပြန်ပြောလိုက်သည်။
“တပ်မှူးချင်ကို စာကြည့်ခန်းထဲမှာ စောင့်ခိုင်းလိုက်ပါ။ ခဏနေရင် လာခဲ့မယ်။”
“ဟုတ်ကဲ့ မင်းသား။”
လုချန်း အိပ်ရာမှ ထလိုက်၏။ သူထသည်နှင့် ရဲလိနန်ရန်ကလည်း အလျင်အမြန် ထလာကာ လုချန်းအား အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။
ထိုခေတ် အဝတ်အစားများသည် ခါးပတ်များဖြင့် ရစ်ပတ်ရသည့် အဝတ်အစားမျိုးဖြစ်ပြီး လုချန်းကဲ့သို့ အစေခံများရှိသူများအတွက် အဝတ်အစားဝတ်ဆင်ရန် လွယ်ကူသော်လည်း သာမန်လူများအတွက် အချိန်အနည်းငယ် ကြာမြင့်တတ်သည်။
ရဲလိနန်ရန်က သူ၏ခါးပတ်ကို စည်းပေးနေသည်ကို ကြည့်ရင်း မြောက်ပိုင်းပြည်နယ်ရှိ လူများအတွက် အဝတ်အစား ပုံစံအသစ်များ လမ်းညွှန်ရန် အချိန်တန်ပြီဟု လုချန်း စဉ်းစားမိသည်။
လုချန်း အတွက်တော့ ထိုရှေးဟောင်းဟန်အဝတ်အစားများကို ဝတ်ရခြင်းက အနှောင့်အယှက် မဖြစ်ပေ။ အထူးသဖြင့် အမျိုးသမီးများ ထိုရှည်လျားသော ဝတ်ရုံများဖြင့် နတ်သမီးများကဲ့သို့ လှပနေတတ်သည်ကို သူအထူးသဘောကျသည်။ သို့သော် စစ်တပ်လို နေရာမျိုးတွင် ဤခေတ်၏ အဝတ်အစားများက ဝတ်ဆင်ချိန် အလွန်ပေးကြောင်း သူသတိပြုမိသည်။
အဝတ်အထည် စက်ရုံတစ်ရုံထောင်ရန် မုကျိရွှမ်းနှင့် အချိန်ယူ ဆွေးနွေးဖို့ သူစဉ်းစားလိုက်သည်။ စစ်သည်များအတွက် အလျင်အမြန် ဝတ်ဆင်နိုင်သော အဝတ်အစားများပုံစံများကို ပြောင်းလဲရန်ဖြစ်သည်။
ရဲလိနန်ရန်က သူ၏ခါးပတ်ကို စည်းပြီးနောက် လုချန်း အတွေးထဲနစ်မြောနေသည်ကို သတိထားမိသောအခါ သူမက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဘာတွေတွေးနေတာလဲ မင်းသား။”
ရဲလိနန်ရန်၏ အသံကို ကြားလိုက်ရသည်နှင့် လုချန်း သတိပြန်ဝင်လာကာ ပြုံး၍ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားတာပါ။”
ထို့နောက် လုချန်းက ရဲလိနန်ရန်၏ ပါးကို လက်ဖြင့်ထိကာ ကိုင်းညွှတ်ပြီး နမ်းလိုက်သည်။
ညက သူနှင့်အတူ အိပ်ခဲ့သော အမျိုးသမီးကို မနက်အိပ်ရာထသည့်အခါတိုင်း နမ်းခြင်းက လုချန်း၏ အလေ့အထတစ်ခုဖြစ်သည်။ ဤအလေ့အထ မည်သည့်နေရာမှ ဆင်းသက်လာသည်ကို မည်သူမှ မသိသော်လည်း သူ၏ အမျိုးသမီးများက အမြဲပင် သူ့ကို လိုက်လျောပေးကြသည်။
နမ်းပြီးနောက် လုချန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ကိုယ် အခုထွက်သွားရမယ်။ မင်း နည်းနည်းဆက်အနားယူလိုက်ပါဦး။”
လုချန်း လှည့်ထွက်သွားသည့်အခါ ရဲလိနန်ရန်က
“ ကောင်းကောင်းသွားပါ မင်းသား။”
မကြာမီ လုချန်း စာကြည့်ခန်း အဆောင်နားတွင် ပေါ်လာခဲ့၏။ စာကြည့်ခန်း အဆောင်ဝင်းအတွင်းသို့ ရောက်ရှိသည်နှင့် လေးတစ်ခုနှင့် မြားများကို ကိုင်ထားသော ချင်ယူရှန်ကို တွေ့လိုက်ရသည်။
“ ခင်ဗျားလက်ထဲကဟာက တိမ်ဖောက်လေးလား တပ်မှူးချင်။”
တိမ်ဖောက်လေးကို နန်းတွင်းမှ မှာယူထား သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ လုရှုယွမ်၏ လမ်းညွှန်မှုဖြင့် လက်နှက်ထုတ်လုပ်ရေးဌာနမှ ထိုအထူးလက်နက်ကို ပြုလုပ်ခဲ့သည်။ ထိုလေးသည် အလွန်စွမ်းအားမြင့်ပြီး အဆင့် ၈ အောက် မည်သည့်သိုင်းပညာရှင်ကိုမဆို အလွယ်တကူ သတ်နိုင်သည်ဟု ဆိုကြသည်။
မြောက်ပိုင်းပြည်နယ်အတွက် တိမ်ဖောက်လေး အလက်အနည်းငယ်ရရှိရန် အထူးကိုယ်ရံတော်များကို လုချန်း မှာထားသည်မှာ အချိန်အတော်ကြာ ခဲ့ပြီဖြစ်သော်လည်း ထိုလက်နက်ကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် ထိပ်သီးပညာရှင် လျှံဇွန်းပင် လက်လှမ်းမမီနိုင်ခဲ့ပေ။
လုချန်းကို မြင်လိုက်ရသည်နှင့် ချင်ယူရှန်ကချက်ချင်းပင် လေးကို စားပွဲပေါ်တင်ကာ ဦးညွှတ်လိုက်သည်။
“မင်းသားကို ဂါရဝ ပြုပါတယ်။”
လုချန်းက ခေါင်းညိတ်လိုက်ကာ
“သက်သာသလို နေပါ။”
........