အခန်း ၃၈၂-၃၈၄
Vol. 26 Ch. 382-384
အခန်း (၃၈၂)
ထျန်းချီဘုရင်၏ တပ်များ အရှေ့ဘက်သို့ ချီတက်ခြင်း (၂)
ချင်ယူရှန်က ဆက်ပြောလိုက်သည်။ “မင်းသား ပြောတာမှန်ပါတယ်။ ဒါက တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြား ဖြစ်ပါတယ်။”
“ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး နန်းတွင်းစစ်တပ်နှင့် ပုန်ကန်သူတွေဟာ တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားများကို စတင် အသုံးပြုခဲ့တဲ့တယ်လို့ တပ်မှူးလျှံက သတင်းပို့ထားပါတယ်။ အထူးကိုယ်ရံတော် တွေက ဒိီအခွင့်အရေးကို အသုံးချပြီး လေးတစ်စုံ ရယူနိုင်ခဲ့ပါတယ်။”
ထို့နောက် လုချန်းလည်း ချက်ချင်းပင် စားပွဲဆီသို့သွားကာ တိမ်ဖောက်လေးကို ကောက်ယူပြီး အနီးကပ်စစ်ဆေးကြည့်လိုက်သည်။ လေးကြိုးကို ဆွဲကြည့်ရာ အလွန်ပင် ကျုံ့ဆန့်လွယ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် လေးနှင့်မြား၏ အင်အားသည် လေး၏ အရည်အသွေးတစ်ခုတည်းပေါ်တွင် မူတည်သည်မဟုတ်ပါ။ မြားတံ၏ အရည်အသွေးပေါ်တွင်လည်း မူတည်သေးသည်။ ထို့နောက် လုချန်းက စားပွဲပေါ်မှ တိမ်ဖောက်မြားကို ကောက်ယူပြီး ထိပ်ဖူးကို လက်ချောင်းထိပ်ဖြင့် ထိကြည့်လိုက်သည်။
ထိုသို့ ထိလိုက်ရုံနှင့် လုချန်း၏ လက်ချောင်းထိပ်မှ အရေပြားတစ်လွှာ ပေါက်ထွက်သွားခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရတော့ လုချန်း မျက်ခုံးတွန့်သွားသည်။
ဤတိမ်ဖောက်မြားများ၏ ထိပ်ဖူးကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသနည်း။ အဘယ်ကြောင့် ဤမျှ ချွန်ထက်နေရသနည်း။ သူကိုယ်တိုင် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ သူ၏ အတွင်းအားကို အသုံးမပြုထားသော်လည်း အဆင့်လွန်ပညာရှင်၏ အရေပြားကို ဤမျှလွယ်ကူစွာ လှီးဖြတ်နိုင်သည့် လက်နက်တစ်ခုသည် အလွန်ချွန်ထက်ရန် လိုအပ်သည်။
ထို့နောက် လုချန်းက စနစ်အား စိတ်ထဲတွင် မေးလိုက်သည်။
“စနစ်။ တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားများ လုပ်တဲ့ပစ္စည်းတွေကို ဖော်ထုတ်နိုင်ပါသလား။”
[စစ်ဆေးတွေ့ရှိချက် - တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားများ ပြုလုပ်ရာတွင် အသုံးပြုထားသော ပစ္စည်းများသည် ကမ္ဘာ့အပြင်ဘက်မှ ဖြစ်ပြီး ဤကမ္ဘာနှင့် မသက်ဆိုင်ပါ။]
လုချန်းသည် စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။ ဒါက ဘာမှမပြောခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူ၏ စိတ်ထဲတွင်လည်း တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြား ပြုလုပ်ရာတွင် အသုံးပြုထားသော ပစ္စည်းများသည် ဤကမ္ဘာမှ မဟုတ်နိုင်ဟု မှန်းဆပြီးသား ဖြစ်နေသည်။
ဤအချိန်တွင် လုချန်းက ချင်ယူရှန်အား
“တိမ်ဖောက်လေးရဲ့ စွမ်းအားကို ခင်ဗျား စမ်းသပ်ကြည့်ပြီးပြီလား။”
ချင်ယူရှန်က
“ဒီပစ္စည်းနှစ်မျိုးကို ရပြီးချင်းပဲ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တန်းလာခဲ့တာပါ။ တိမ်ဖောက်လေးရဲ့ အင်အားကို မစမ်းသပ်ရသေးပါဘူး။”
ထို့နောက် လုချန်းက တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားများကို ယူပြီး ပြောလိုက်သည်။
“လာပါ။ အနောက်ဘက်သွားပြီး စမ်းကြည့်ကြမယ်။”
ထို့နောက် သူတို့သည် မင်းသားစံအိမ်၏ အနောက်ရှိ လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့ကြသည်။ လုချန်းက အစေခံများအား အနက်ရောင်မြင်းတပ်များတွင် အသုံးပြုသည့် သံချပ်ကာအနည်းငယ်ကို ပြင်ဆင်ခိုင်းပြီး ထိုသံချပ်ကာများကို တန်းစီထားစေခဲ့သည်။
ထို့နောက် လုချန်းက လေးကိုဆွဲကာ မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ အဆင့်လွန်ပညာရှင်တစ်ဦး၏ အင်အားဖြင့် တိမ်ဖောက်လေးကို သူအလွယ်တကူ ဆွဲတင်နိုင်ခဲ့သည်။ သူ လေးကြိုးလွှတ်လိုက်သည့် အခိုက်အတန့်တွင် တိမ်ဖောက်မြားသည် မြည်သံကျယ်ကြီးတစ်ခုနှင့်အတူ ထွက်ခွာသွားသည်။
နောက်ခဏတွင် တန်းစီထားသော သံချပ်ကာများသည် တိမ်ဖောက်မြားဖြင့်၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရသည်။ ကံကောင်းထောက်မစွာပင် လုချန်းက တိမ်ဖောက်မြားအင်အား ကြီးမားနိုင်သည်ကို ကြိုတင်မှန်းဆထားပြီး သံချပ်ကာများ၏ နောက်တွင် သံပြားများ ထည့်ထားခဲ့သည်။ မဟုတ်ပါက တိမ်ဖောက်မြားသည် ခြံဝင်းနံရံကို ဖောက်ထွင်းပြီး အပြင်ဘက်ရှိ လူများကို ထိခိုက်သွားစေနိုင်သည်။
ထိုအချိန်တွင် လုချန်း၏ မျက်နှာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ သူမြားလွှတ်လိုက်သည့် အခိုက်အတန့်တွင် အသံလှိုင်းလုံးများ ပေါ်ပေါက်ခဲ့သည်။
တိမ်ဖောက်လေးကြိုး၏ ပြန်ကန်အားသည် ယမ်း၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါအားထက် ပိုကြီးနိုင်သလား။
ဒီလောက်တောင် အံ့အားသင့်စရာ ကောင်းလား။
သို့သော် သူကိုယ်တိုင် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်သောကြောင့် သာမန်လေးနှင့်မြားကို အသုံးပြုပါကလည်း အင်အား ကြီးမားမည်ဖြစ်သည်။ ထို့နောက် လုချန်းက တိမ်ဖောက်လေးကို သူ၏ဘေးရှိ ချင်ယူရှန်ထံ ပေးလိုက်သည်။
“ ဒီတိမ်ဖောက်လေးရဲ့ အင်အားကို စမ်းသပ်ကြည့်ပါ တပ်မှူးချင်။”
ချင်ယူရှန်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး လေးနှင့်မြားကို ယူကာ သံချပ်ကာများဆီသို့ ပစ်လိုက်သည်။
ချင်ယူရှန် လေးကြိုးကို အပြည့်အဝ ဆွဲမတင်နိုင်သည်ကို တွေ့ရှိရသဖြင့် ထိပ်သီးအဆင့် ပညာရှင်တစ်ဦးတောင် ထိုလေးကို အပြည့်အဝ မတင်နိုင်ကြောင်း သိလိုက်ရသည်။ ဤလေးသည် သာမန်လူများအတွက် မဟုတ်ကြောင်း ထင်ရှားသည်။
အမှန်တော့ တိမ်ဖောက်လေးကို အသုံးပြုရန် အနည်းဆုံး အဆင့်ငါး သိုင်းပညာရှင်အင်အားရှိမှ ဖြစ်နိုင်မည်ဟု ထင်ရသည်။
ထိုအချိန်တွင် ချင်ယူရှန်က လေးကြိုးကို လွှတ်လိုက်ပြီး တိမ်ဖောက်မြားသည် ကျယ်လောင်စွာ မြည်ဟိန်းလျက် ပျံထွက်သွားခဲ့သည်။ သို့သော် ဤအကြိမ်တွင် တိမ်ဖောက်မြား၏ အင်အားသည် ယခင်ကကဲ့သို့ မကြီးမားတော့ပဲ သံချပ်ကာ ခြောက်စုံသာ ဖောက်ထွင်းနိုင်ခဲ့သည်။
ထိုအချက်ကို မြင်ပြီးနောက် လုချန်းက ခဏခန့် တွေးတောကာ အနီးရှိ အဆင့် ၇ အဆင့်ရှိ မင်းသားစံအိမ်၏ အစောင့်တစ်ဦးအား ပြောလိုက်သည်။
“ခင်ဗျား စမ်းကြည့်ပါ။”
“ဟုတ်ကဲ့ မင်းသား။”
အစောင့်သည် ချက်ချင်းပင် ချင်ယူရှန်၏ လက်မှ တိမ်ဖောက်လေးကို ယူပြီး နောက်ဆုံးမြားကို ကောက်ယူကာ သံချပ်ကာများဆီသို့ ပစ်မှတ်ထားလိုက်သည်။
ထိုအချိန်တွင် အဆင့် ၇ သိုင်းပညာရှင် အစောင့် လေးကြိုးက်ို မနည်းဆွဲနေရသည်ကို လုချန်း သတိပြုမိသည်။ သူတွေးထားသလိုပင်ဖြစ်သည်။ တိမ်ဖောက်လေးသည် သိုင်းပညာရှင်များအတွက် ပြုလုပ်ထားသော လက်နက်ဖြစ်ပြီး သာမန်လူများ သို့မဟုတ် အဆင့်နိမ့် သိုင်းသမားများ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
မင်းသားစံအိမ်၏ အစောင့် လေးကြိုးကိုလွှတ်လိုက်သည်နှင့် တိမ်ဖောက်မြားသည် နောက်တစ်ကြိမ် အသံမြည်လျက် ပျံထွက်သွား၏။ ဤအကြိမ်တွင် သံချပ်ကာ သုံးစုံသာ ဖောက်ထွင်းနိုင်ခဲ့သည်။
ထိုကဲ့သို့သော အင်အားကြီးမားသည့် လေးနှင့်မြားများ ရှိနေသော အင်အားစုအနေနှင့် သံချပ်ကာ မြင်းတပ်များကိုပင် ကြောက်ရွံ့ရန် မလိုတော့ဟု လုချန်းတွေးမိသည်။
သံချပ်ကာ မြင်းတပ်၏ သံချပ်ကာများ ချက်ချင်း ပေါက်ထွက်သွားမည်ဖြစ်သည်။ သံချပ်ကာ မြင်းတပ်များ အနီးကပ်တိုက်ခိုက်မှု မပြုနိုင်မီ ဖြူးကောင်များအဖြစ် ပြောင်းလဲသွားကြမည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် ယခုအခါ ယမ်းလက်နက်ခေတ်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် တိမ်ဖောက်လေးများကို ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။ ထိုအချက်က လုချန်းအား အတန်ငယ် စိတ်သက်သာရာ ရစေခဲ့သည်။ အကယ်၍ တိုက်ပွဲတွင် ထိုအင်အားကြီး ရန်သူနှင့် ကြုံတွေ့ပါက ထိုနေရာကို ယမ်းနက်နက် အလုံးအရင်းနှင့် ပစ်ခတ်တိုက်ခိုက်နိုင်သည်။
အနာဂတ်စစ်ပွဲများ၏ သဘောသဘာဝသည် အဆင့်လွန်ပညာရှင်များ၏ အဆင့်အတန်းကို ပြောင်းလဲသွားမည်မှာ သေချာသည်။ အဆင့်လွန်ပညာရှင်တစ်ဦးသည် မည်မျှပင် အားကောင်းပါစေ ရန်သူအများအပြားကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထိုသို့လုပ်ပါကလည်း အဆင့်လွန်ပညာရှင်၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ ကုန်ဆုံးသွားနိုင်သည်။
အမြောက်များ၏ အဆက်မပြတ် ပစ်ခတ်မှုကို ရင်ဆိုင်ရပါက အစွမ်းထက်ဆုံးသော အဆင့်လွန်ပညာရှင်များပင် ခံနိုင်ရည်မရှိပါ။ ကောင်းကင်လူသား အဆင့်ရှိသူများကတော့ ချွင်းချက်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ နိုင်ငံကြီးများတွင် ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးမှ လူသိရှင်ကြား ပေါ်ထွက်လာခြင်း မရှိသေးပေ။
ဤအချိန်တွင် လုချန်းက
“တောင်ပိုင်းက တိုက်ပွဲတွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ တပ်မှူးချင်။”
ချင်ယူရှန်က
“လက်ရှိအချိန်မှာ နန်းတွင်းစစ်တပ်က အရေးသာနေပါတယ်။ တောင်ပိုင်းပုန်ကန်သူတွေဟာ တဖြည်းဖြည်း ဆုတ်ခွာနေရတယ်။ ဒါကလည်း တောင်ပိုင်းပုန်ကန်သူတွေ တိမ်ဖောက်လေးကို အသုံးပြုရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။”
လုချန်းက
“ဝူနိုင်ငံတော်နှင့် တိုက်ပြီးတာတောင် နန်းတွင်းစစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်း ဒီလောက် ကောင်းနေဦးမယ်လို့ မျှော်လင့်မထားမိဘူး။”
ချင်ယူရှန်က ဖြည့်စွက်ပြောကြားလိုက်သည်။
“နန်းတွင်းစစ်တပ် စွမ်းရည်မြင့်တယ် ဆိုတာထက် တောင်ပိုင်းပုန်ကန်သူတွေ စွမ်းရည်ညံ့နေတာ ဖြစ်နိုင်ပါတယ်။ တောင်ပိုင်းပုန်ကန်သူတွေဟာ မိသားစု ကိုယ်ပိုင်တပ်တွေအဖြစ် သီးခြားစီ တိုက်ခိုက်နေကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေထဲကို အခြားမိသားစုတပ်တွေ ဝင်ရောက်လာတာကိုလည်း မနှစ်သက်ကြပါဘူး။ ဒီလို အခြေအနေမျိုးမှာ သူတို့အနေနှင့် အင်အားကြီးတဲ့ စစ်တပ်ကြီးတစ်ခု ဖြစ်လာဖို့ ခက်ခဲပါတယ်။”
အခန်း (၃၈၃)
ထျန်းချီဘုရင်၏ တပ်များ အရှေ့ဘက်သို့ ချီတက်ခြင်း (၃)
လုချန်းက
“ဟုတ်ပါတယ်။ ကျွန်တော်က အာဏာရှိမိသားစုတွေကို အများကြီး ပိုတွက်ထားမိတာ။”
ထိုအချိန်တွင် မင်းသားစံအိမ်မှ အစောင့်တစ်ဦး နောက်ဖေးခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး
“အထူးကိုယ်ရံတော် ဝူက တွေ့ချင်ပါတယ်။”
လုချန်းက
“သူ့ကို နောက်ဖေးခြံဝင်းထဲ ခေါ်လာပါ။”
“ဟုတ်ကဲ့။”
မကြာမီ နောက်ဖေးခြံဝင်းတွင် ဝူယွမ် ပေါ်လာခဲ့သည်။ သူက ချင်ယူရှင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်းအား
“မင်းသား ကိုဂါရဝပြုပါတယ်။”
လုချန်းက
“ဘာကိစ္စလဲ ဝူ ခေါင်းဆောင်။”
ဝူယွမ်က သူ၏လက်မောင်းအတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး
“တောင်ပိုင်းအာဏာရှိမိသားစုဘက်က လူတွေကို ချီပြည်နယ်မှာ တွေ့မြင်ခဲ့ရတယ်လို့ ကျွန်တော်တို့ မကြာခင်က သတင်းရရှိခဲ့ပါတယ်။ တောင်ပိုင်းပုန်ကန်သူတွေဟာ ချီမင်းသားကို စည်းရုံးပြီး သူ့ရဲ့တပ်တွေကိုတောင်ပိုင်း ချီတက်စေဖို့ ကြိုးစားနေဟန် တူပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ဝူယွမ်၏လက်မှ ထောက်လှမ်းရေးအချက်အလက်ကို ယူကြည့်ရင်း မေးမြန်းသည်။
“ချီမင်းသားက သူတို့ကို ဘယ်လိုပြန် ဆက်ဆံခဲ့လဲ။”
ဝူယွမ်က
“ချီမင်းသားက သူတို့ကို ချီနိုင်ငံရဲ့ စားသောက်ဆိုင်ကြီးတစ်ခုမှာ နေရာချထားပေးခဲ့ပြီး သူတို့နဲ့ အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ပါတယ်။ ချီမင်းသားရဲ့ သဘောထားနှင့်ပတ်သက်ရင်တော့ အထူးကိုယ်ရံတော်တွေ စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။”
လုချန်းသည် သူ၏လက်ထဲရှိ ထောက်လှမ်းရေးအစိီရင်ခံစာကို ဖွင့်ကာ အမြန်ဖတ်ရှုလိုက်သည်။
ချီမင်းသား တောင်ပိုင်းအာဏာရှိမိသားစုများနှင့်အတူ ပုန်ကန်မည်ဟု လုချန်း မထင်ပေ။ ရှနိုင်ငံတော်၏ နယ်စားများသည် နန်းတွင်းအား မကျေနပ်များမှုရှိသော်လည်း လက်ရှိအချိန်တွင် နယ်စားများ၏ အင်အားသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
အကယ်၍ ပုန်ကန်ရန် လျင်လျင်မြန်မြန် ဆုံးဖြတ်လိုက်ပါက သူတို့၏ လက်ရှိချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းများ ဆုံးရှုံးရမည်သာမက အသက်ပါ ဆုံးရှုံးနိုင်ခြေလည်း ရှိသည်။
သို့သော် ဒါကလည်း မသေချာပါ။ အာဏာသည် အလွန်ဆွဲဆောင်မှုရှိသဖြင့် ချီမင်းသားတွင် ဧကရာဇ်ဖြစ်လိုစိတ် ရှိမရှိကို မည်သူမှ အတည်မပြုနိုင်ပေ။
သို့သော် ချီမင်းသား ပုန်ကန်မည်ဆိုပါက မြောက်ပိုင်းပြည်နယ်သို့ သူ၏သံတမန်များ စေလွှတ်မည်မှာ သေချာသည်။ မြောက်ပိုင်းပြည်နယ်သည် ချီပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယခုအခါတွင် ချီပြည်နယ် အနေနှင့်၏ သတိမထား၍ မရသော နေရာတစ်ခု ဖြစ်နေပြီဖြစ်သည်။
ချီပြည်နယ်၏ တပ်အများစုသည် မြောက်ပိုင်းတွင် တပ်စွဲထား၏။ မြောက်ပိုင်းပြည်နယ်၏ တိုက်ခိုက်လာမှုကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ အကယ်၍ ချီနပြည်နယ်၏ တပ်များကို တောင်ပိုင်းသို့ ရွှေ့ပြောင်းကာ နေပြည်တော်ကို တိုက်ခိုက်လိုပါက ချီမင်းသား အနှေနှင့် မြောက်ပိုင်းပြည်နယ်မှ တောင်ပိုင်းသို့ ချီတက်ကာ ဧကရာဇ်အား ကူညီနိုင်ခြေကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
လုချန်း စာကြည့်ခန်းသို့ ပြန်သွားတော့မည့်အချိန်တွင် မင်းသားစံအိမ်မှ စောင့်တစ်ဦးက အနီရောင်ဖဲကြိုးတပ် စစ်သားတစ်ဦးကို မင်းသားစံအိမ်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
လုချန်းကို တွေ့မြင်သည်နှင့် အနီရောင်ဖဲကြိုးတပ် စစ်သားက ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ဝါးပြွန်အတွင်းရှိ ထောက်လှမ်းရေးအချက်အလက်ကို ပေးလိုက်သည်။
“မင်းသား။ လွင်ပြင်ဒေသမျိုးနွယ်စုက ထျန်းချီဘုရင်ဟာ စစ်သား လေးသိန်းနှင့် အရှေ့ဘက်ကို ချီတက်လျက်ရှိပြီး သူတို့ရဲ့ ရှေ့တန်းစစ်သည်အချို့ဟာ မြောက်ပိုင်းဒေသသို့ ရောက်ရှိပြီးဖြစ်ပါတယ်။ လဝက်ခန့်အတွင်း သူတို့ မြောက်ပိုင်းပြည်နယ်ကို ရောက်ရှိနိုင်ပါတယ်။”
ထိုသတင်းကို ကြားလိုက်ရသော ခြံဝင်းအတွင်းရှိ လူတိုင်း၏ မျက်နှာများ ချက်ချင်း တင်းမာသွားခဲ့သည်။ လုချန်းက အနီရောင်ဖဲကြိုးတပ် စစ်သားထံမှ ဝါးပြွန်ကို အလျင်အမြန်ယူလိုက်ပြီး ထောက်လှမ်းရေး အစီရင်ခံစာကို ထုတ်ယူကာ ဝူယွမ်နှင့် ချင်ယူရှန်တို့အား ပြောလိုက်သည်။
“တပ်မှူးချင်။ ဝူခေါင်းဆောင်။ အခု ချက်ချင်း ရန်ခရိုင်က စစ်ဗိုလ်ချုပ်တွေကို နိုင်ငံရေးရာ အဆောင်ကို ခေါ်လိုက်ပါ။”
နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း
“အမိန့်အတိုင်းပါ။”
ထို့နောက် သူတို့လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အလျင်အမြန် ထွက်ခွာသွားခဲ့ကြ၏။ လုချန်းကတော့ ထိုနေရာတွင်ပင်ဆက်ရပ်နေကာ ရှေ့တန်းမှ စစ်သတင်းကို အလေးအနက်ဖတ်ရှုနေခဲ့သည်။
မြောက်ပိုင်းဒေသမှ ထောက်လှမ်းရေးအချက်အလက်ကို ဖတ်ပြီးနောက် လုချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ဤထျန်းချီဘုရင်ဆိုသူသည် မကြာသေးမီက ကျူးနိုင်ငံကိုလည်း တိုက်ခိုက်ခဲ့ဖူးပြီး ယွဲ့ဧကရာဇ်အား ရှုံးနိမ့်ခဲ့သည်။
မျှော်လင့်မထားသည်မှာ ကျူးနိုင်ငံ၏ ပြန်လည်တွန်းလှန်မှု ခံရပြီးနောက် သူတို့သည် အေးအေးဆေးဆေး မနေပဲ မြောက်ပိုင်းဒေသသို့ ရွှေ့ပြောင်းလာပြီး မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် အလားအလာရှိနေခြင်း ဖြစ်သည်။
စစ်သည် လေးသိန်းဖြင့် မြောက်ပိုင်းဒေသသို့ ချီတက်လာခြင်းက လှပသော ရှုခင်းများကို ကြည့်ရှုရန် သက်သက်တော့ မဟုတ်နိုင်ပေ။ ထျန်းချီဘုရင်သည် ကျူးနိုင်ငံအားရှုံးနိမ့်မှုကြောင့် အရှက်ရသွားပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်ကာ ယုံကြည်မှု ပြန်လည်ရရှိလိုခြင်းဖြစ်နိုင်သည်ဟု လုချန်းယုံကြည်သည်။
ထို့ပြင် လွင်ပြင်ဒေသမျိုးနွယ်စုများသည် အမြဲပင် တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ ကျူးနိုင်ငံမှ သူတို့လိုအပ်သည်များကို အများအပြား လုယက်၍ မရခဲ့သဖြင့် အခြားနေရာများကို လုယက်ဖို့ လိုက်ရှာမည်မှာ သဘာဝကျ၏။ ထျန်းချီဘုရင် မြောက်ပိုင်းပြည်နယ်ကို ပစ်မှတ်ထားနိုင်ခြေ အလွန်မြင့်မားသည်ဟု လုချန်းသုံးသပ်လိုက်သည်။
မကြာသေးမီက ဝမ်ချင်းစီ စုဆောင်းရရှိခဲ့သော ထောက်လှမ်းရေးအချက်အလက်များအရ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသမျိုးနွယ်စု မဟာမိတ်တပ်များကို အနိုင်ရပြီးနောက် ထိုအနောက်မြောက်ဘက်မှ လွင်ပြင်ဒေသမျိုးနွယ်စုတပ်များ မြောက်ပိုင်းသို့ ချီတက်လာမည်ကို လုချန်းသတိထားနေခဲ့သည်။ သို့သော် စစ်သည် လေးသိန်းဖြင့် အမှန်တကယ် ရောက်ရှိလာမည်ကိုတော့ သူမျှော်လင့်မထားခဲ့ပေ။
ဤမျှတိကျသော ထောက်လှမ်းရေးအချက်အလက်များ ရရှိခြင်းသည် မြောက်ပိုင်းဒေသတွင် နေထိုင်သော လွင်ပြင်ဒေသမျိုးနွယ်စုများ၏ ကျေးဇူးကြောင့်ဖြစ်ပြီး မြောက်ပိုင်းရှိ မြက်ခင်းလွင်ပြင်ဒေသများကို မြောက်ပိုင်းပြည်နယ်ထဲ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ခြင်းက အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။
လက်ထဲရှိ အရေးပေါ်ထောက်လှမ်းရေးအချက်အလက်များကို ဖတ်ရှုပြီးနောက် စစ်ဗိုလ်ချုပ်များကို စောင့်ရန် နိုင်ငံရေးရာခန်းမဆောင်သို့ လုချန်းသွားရောက်ခဲ့သည်။
ထိုအတောအတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင် မနီးမဝေး နေရာတစ်ခုတွင် လူတစ်စုက စံအိမ်ဝင်ပေါက်ကို စောင့်ကြည့်နေကြသည်။
ထိုလူများသည် အရိပ်ကိုယ်ရံတော်များဖြစ်သည်။ ဝမ်ကျန်းတောင်သည် ပိုင်ချင်းချင်းကို လုပ်ကြံရန် အခွင့်အရေး ရှာဖွေနေခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန် မဝံ့ရဲဖြစ်နေသည်။ ကျူးကဲ့ကျုံကောင်းကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။
သူသည် ပုံရိပ်ကို ဖုံးကွယ်နိုင်သည့် ကျင့်စဉ်နည်းလမ်းတစ်ခုကို ကျင့်သုံးနေသော်လည်း ပိုင်ချင်းချင်းကို သုတ်သင်ပြီးနောက် အဆင့်လွန်ပညာရှင် ကျူးကဲ့ကျုံကောင်း၏ ထောက်လှမ်းမှုမှ လွတ်မြောက်နိုင်မည်ဟု မယုံကြည်နိုင်ပေ။
သာမန်အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပါက သူသည် ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်အဆင့်လွန်ပညာရှင်တစ်ဦးသည် ကိုယ်ယောင်ဖျောက်ထားသော အခြေအနေတွင် သူအား မမြင်နိုင်ပေ။ သို့သော် ကျူးကဲ့ကျုံကောင်းမှာ ကောင်းကင်လူသားအဆင့်သို့ ဝင်ရောက်ရန် နီးစပ်နေသည့် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်သည်။
ပိုင်ချင်းချင်းကို သတ်ဖြတ်ရန်မှာ လွယ်ကူသော်လည်း ထိုသို့ပြုလုပ်ပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဝမ်ကျန်းတောင်လည်း အဆုံးသတ်သွားနိုင်သည်။
သူသည် သစ္စာဖောက်တစ်ဦးကို သုတ်သင်ရန် ရောက်ရှိလာခြင်းသာဖြစ်ပြီး အသက်စွန့်တိုက်ခိုက်ရန် မလိုဟု ဝမ်ကျန်းတောင် တွေးမိသည်။ ထို့ကြောင့် အသက်အန္တရာယ်ကို ဂရုမစိုက်ပဲ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်းသို့ ခိုးမဝင်သင့်ပေ။
ဝမ်ကျန်းတောင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဝင်ပေါက်ကို ကြည့်နေစဉ် သူ၏ အရိပ်ကိုယ်ရံတော်တစ်ဦးက ခပ်တိုးတိုးပြောလိုက်သည်။
“ခေါင်းဆောင် အမြန်ကြည့်လိုက်ပါ။ ထိပ်သီးပညာရှင်နှစ်ယောက်စံအိမ်ဝင်ပေါက်ကို ရောက်လာတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် စံအိမ်ဝင်ပေါက်ရှိ လူနှစ်ဦးပေါ်တွင် ဝမ်ကျန်းတောင်၏ မျက်လုံးများ ချက်ချင်းစူးစိုက်သွားခဲ့သည်။
ထိုလူနှစ်ဦးသည် အနက်ရောင်မြင်းများစီးလျက် ထူထဲသော သံချပ်ကာများဝတ်ဆင်ထားပြီး သူတို့၏ ခန္ဓာကိုယ်မှ ထိပ်သီးပညာရှင်တို့၏ အငွေ့အသက်များ ထွက်နေသည်။
ဝမ်ကျန်းတောင် မျက်ခုံးတွန့်သွား၏။ ထိုထိပ်သီးပညာရှင်နှစ်ဦး၏ စွမ်းအားက သာမန်မဟုတ်ပါ။ ခုနက စံအိမ်မှ ထွက်ခွာသွားသည့် ထိပ်သီးပညာရှင်ထက်ပင် ပိုမိုအားကောင်းနေသည်ဟု ခံစားရလိုက်ရပြီး သူ့အား တုန်လှုပ်မှု အနည်းငယ် ဖြစ်သွား စေသည်။
သူကိုယ်တိုင် ဧကရာဇ်၏ မကောင်းသော အလုပ်များကို လုပ်ရသူဖြစ်ပြီး လူများစွာကို သူ၏လက်ဖြင့် သတ်ဖြတ်ခဲ့ဖူးသော်လည်း သူ၏ သတ်ဖြတ်မှု အငွေ့အသက်က ထိုလူနှစ်ဦးနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။ ထိုလူနှစ်ဦးသည် ငရဲပြည်မှ ထွက်ပေါ်လာသူများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ လူသတ်အငွေ့အသက်များက ဤမျှဝေးကွာသောနေရာမှပင် သူ့အား မသက်မသာဖြစ်စေခဲ့သည်။
ထိုအချိန်တွင် ရွှမ်ယွမ်ချန်းက မင်းသားစံအိမ်ဝင်ပေါက်တွင် မြင်းပေါ်မှဆင်းပြီး တစ်ဖက်သို့ လှည့်ကြည့်ကာ စံအိမ်အတွင်းသို့ မဝင်ဘဲ ရပ်တန့်နေခဲ့သည်။
ထိုအခါ စံအိမ်ထဲ ဝင်သွားသည့် ဝမ်ရန်လီက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။”
ရွှမ်ယွမ်ချန်းက လှည့်ပြီး ပြောလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်တော်တို့ကို စောင့်ကြည့်နေသလို ခံစားရတယ်။”
ဝမ်ရန်လီက အေးစက်စွာ ပြောလိုက်သည်။
“ပုံမှန်ပါပဲ။ နေ့တိုင်း သူခိုးတွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို စောင့်ကြည့်နေကြတာပဲ။”
မြောက်ပိုင်းပြည်နယ်သည် ယခင်ကကဲ့သို့ မဟုတ်တော့သလို မြောက်ပိုင်းနယ်စားမင်းသားသည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ထို့ကြောင့် နိုင်ငံခြားမှ ထောက်လှမ်းရေး သူလျိုများ မြောက်ပိုင်းနယ်စားမင်းသား၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခြင်းမှာ ဆန်းကြယ်သော အရာမဟုတ်ပေ။
ရွှမ်ယွမ်ချန်းလည်း စံအိမ်အတွင်းသို့ ဝင်လာရင်း
“မှန်ပါတယ်။ အဲ့ဒီသူခိုးတွေကို အထူးကိုယ်ရံတော်တွေ ကိုင်တွယ်ပါစေ။ အဓိက အရေးကြီးတာက အခုကိစ္စပါ။”
............
အခန်း (၃၈၄)
အရိပ်ကိုယ်ရံတော်များအား မျှားခေါ်ခြင်း (၁)
အနက်ရောင် သံချပ်ကာများ ဝတ်ဆင်ထားသော ထိပ်သီးပညာရှင်နှစ်ဦး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်းသို့ ဝင်ရောက်သွားမှသာ ဝမ်ကျန်းတောင်တို့ အားလုံးစိတ်သက်သာရာ ရသွားခဲ့ကြသည်။ လွန်ခဲ့သော အခိုက်အတန့် အနည်းငယ်က သူ၏နှလုံးများ လည်ချောင်းအထိ တက်လာခဲ့သလို ခံစားခဲ့ရသည်။
ထိပ်သီးပညာရှင်တစ်ဦး သူတို့ဘက်သို့ လှမ်းကြည့်နေစဉ်က သေမင်း၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရသလို ကျောချမ်းသွားခဲ့ကြသည်။
မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန်ပညာရှင်ကြီး ကျူးကဲ့ကျုံကောင်းအပြင် အခြားထိတ်လန့်ဖွယ်ကောင်းသော ထိပ်သီးပညာရှင် အဆင့်ရှိ စစ်ဗိုလ်ချုပ်များလည်း ရှိနေသေးသည်။
ဝမ်ကျန်းတောင် စိတ်သက်သာရာ ရနေစဉ် သူ၏ဘေးရှိ အရိပ်ကိုယ်ရံတော်တစ်ဦးက “နောက်ထပ် ထိပ်သီးပညာရှင်တစ်ယောက် ရောက်လာပြီ”
ဟု အသံအုပ်အုပ်ဖြင့် အော်လိုက်သည်။
ထိုအခါ ဝမ်ကျန်းတောင်လည်း ချက်ချင်းပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ရိုးရိုးသာမန် အဝတ်အစားဝတ်ဆင်ထားသော ခန့်ညားသည့်လူတစ်ဦးသည် မြင်းပေါ်မှဆင်းလာပြီး မင်းသားစံအိမ်၏ အစေခံတစ်ဦးထံ မြင်းကိုအပ်နှံကာ စံအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထိုခန့်ညားသည့်လူ၏ အငွေ့အသက်သည် သံချပ်ကာဝတ်ဆင်ထားသော လူနှစ်ဦးကဲ့သို့ ထိတ်လန့်ဖွယ်မကောင်းသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်အရ သူသည်လည်း အဆင့်မြင့် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
အရိပ်ကိုယ်ရံတော်များသည် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ခံထားရပြီး မကြာခဏ လျှို့ဝှက်တာဝန်များကို ထမ်းဆောင်ရသဖြင့် သိုင်းပညာရှင်တစ်ဦး၏ အနီးစပ်ဆုံး အဆင့်အတန်းကို အလွယ်တကူ ခန့်မှန်းနိုင်ကြသည်။
ထိုအချိန်တွင် ဝမ်ကျန်းတောင်၏ နဖူးတွန့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိပ်သီးပညာရှင် လေးဦးရှိနေပြီဖြစ်သည်။ ထိုအချက်ကို သူတို့ အစက မျှော်လင့်မထားခဲ့ကြပေ။
မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်သော ထိုသတင်းကို ဆွမ်ဧကရာဇ်ထံ မည်သို့အစီရင်ခံရမည်ကို ဝမ်ကျန်းတောင် တွေးနေစဉ်နောက်ထပ် ထိပ်သီးပညာရှင်တစ်ဦး စံအိမ်ဝင်ပေါက်တွင် ပေါ်လာသည်ကို မြင်လိုက်ရပြန်သည်။
ဝမ်ကျန်းတောင်၏ မျက်လုံးများ ရုတ်တရက်ကျယ်သွားပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဝင်ပေါက်ရှိ ထိုလူကို မယုံကြည်နိင်စွာ စိုက်ကြည့်နေမိသည်။
ထိုသူက...
မုချန်တိန်လား
ဘယ်လိုဖြစ်နိုင်မှာလဲ။
မုချန်တိန်သည် အနောက်မြောက်ဒေသသို့ ပြည်နှင်ဒဏ် ခံခဲ့ရစဉ်က သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
သူက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ။
ဝမ်ကျန်းတောင်၏ မျက်နှာ ချက်ချင်းမည်းနက်သွား၏။၊ သူမှားယွင်းမှုမရှိကြောင်း သေချာသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်းသို့ ဝင်သွားသူမှာ မုချန်တိန် အစစ်ဖြစ်သည်။
မုချန်တိန်ကိုပါ ထည့်သွင်းရေတွက်ပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင်ထိပ်သီးပညာရှင် ငါးဦးရှိနေပြီဖြစ်သည်။
ထိပ်သီးပညာရှင် ငါးဦးရှိခြင်းက အရေးကြီးသော အချက်မဟုတ်ပေ။ အရေးကြီးသည်က ဆွမ်ဧကရာဇ် သုတ်သင်လိုသူသည် မသေဆုံးပဲ မြောက်ပိုင်းပြည်နယ်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက မုချန်တိန်အကြောင်း သိပါလျက်နဲ့ သူ့ကို ခိုလှုံခွင့်ပေးသည်အထိ ရဲတင်းခဲ့သည်။ မုချန်တိန် ဤနေရာတွင် ရှိနေခြင်းက ယခင်က တည်းခိုခန်းတွင် သေဆုံးခဲ့သော စစ်သားများကို မြောက်ပိုင်းနယ်စားမင်းသား၏ လူများက သတ်ခဲ့ခြင်း ဖြစ်နိုင်သည်ကို ဆိုလိုသည်။
မြောက်ပိုင်းနယ်စားမင်းသားက ပုန်ကန်ဖို့ စီစဉ်နေတာလား။
နန်းတွင်းစစ်တပ်က ပုန်ကန်မှုကို နှိမ်နင်းနေရသော အချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းပြည်နယ်၏ စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းသို့ချီတက်ပြီး ပုန်ကန်သူများနှင့် ပူးပေါင်းပါက နေပြည်တော်ပင် အန္တရာယ်ရှိနိုင်သည်။
ထိုအတွေးဖြင့် ဝမ်ကျန်းတောင်က ချက်ချင်းပြောလိုက်သည်။
“ထွက်သွားကြရအောင်။”
ယနေ့ သူတို့မြင်ခဲ့ရသမျှအားလုံးကို ဆွမ်ဧကရာဇ်ထံ အမြန်ဆုံးသတင်းပို့ရမည်။ သို့မှသာ ဧကရာဇ် အနေနှင့် နောင်ဖြစ်လာနိုင်မည့် အရေးများအတွက် အဆင်သင့်ဖြစ်နိုင်မည်။
ဝမ်ကျန်းတောင်နှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီးနောက်မှ ဝေစုယွမ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာခဲ့သည်။ ဝမ်ကျန်းတောင်သာ ထိပ်သီးပညာရှင်တစ်ဦး ထပ်ရောက်ရှိလာသည်ကို မြင်ရပါက သူပို၍ပင် စိတ်မသက်မသာ ဖြစ်သွားမှာ သေချာသည်။
နောက်ထပ် နာရီဝက်ခန့်အကြာတွင် ရန်ခရိုင်ကို ကာကွယ်နေသော စစ်ဗိုလ်ချုပ်များမှလွဲ၍ မြောက်ပိုင်းပြည်နယ်၏ အရေးကြီးသော စစ်ဗိုလ်ချုပ်အားလုံး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။
နိုင်ငံရေးရာခန်းမ။
လုချန်းသည် ပလ္လင်တွင် ထိုင်နေပြီး သူ၏ဘေးတွင် ကျူးကဲ့ကျုံကောင်း ရှိနေသည်။ အများစုရောက်ရှိပြီဖြစ်ကြောင်း မြင်သောအခါ လုချန်းက တိုက်ရိုက်ပြောလိုက်သည်။
“မြောက်ပိုင်းဒေသက အရေးပေါ်စစ်ရေးသတင်း ရရှိခဲ့တယ်။ ထျန်းချီဘုရင်ဆိုသူဟာ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်လေးသိန်းနဲ့ အရှေ့ဘက်ကို ချီတက်လာနေပြီး မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားပုံရတယ်။”
ထိုအခါ ခန်းမရှိ လူများအားလုံး တစ်ဦးနှင့်တစ်ဦး ကြည့်မိလိုက်ကြသည်။ မြောက်ပိုင်းပြည်နယ်၏ စစ်ဗိုလ်ချုပ်များသည် အရပ်ဘက်အရာရှိများကဲ့သို့ မဟုတ်ပဲ ပို၍ တည်ငြိမ်စွာရှိနေကြသည်။
သတင်းက အလွန်အရေးကြီးပုံ ရသော်လည်း စစ်ဗိုလ်ချုပ်များထဲမှ တစ်ဦးတစ်ယောက်ကမှ ထိတ်လန့်သည့် အမူအရာမပြကြပေ။ ဆန့်ကျင်ဘက် အနေနှင့် သူတို့က မြောက်ပိုင်းသို့သွားရန်ပင် အနည်းငယ်စိတ်အားထက်သန်နေကြသည်။
မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသည် ယမ်းလက်နက်များ တပ်ဆင်ကတည်းက ထိုလက်နက်များကို အဆက်မပြတ်လေ့ကျင့်နေကြသည်။ ယခု သူတို့သည် ယမ်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လာကြပြီး ယမ်းလက်နက်အသုံးပြုမှုနှင့် သက်ဆိုင်သည့် နည်းဗျူဟာအချို့ကိုပင် ဖော်ထုတ်နိုင်ခဲ့ကြသည်။
စစ်ပွဲဆိုသည်မှာ သေပွဲနှင့်တူသော်လည်း စစ်ဗိုလ်ချုပ်များတွင် တိုက်ပွဲဝင်လိုသည့် ဆန္ဒ ပြင်းပြစွာရှိကြသည်။ ဗိုလ်ချုပ်များသာမက မြောက်ပိုင်းပြည်နယ်တွင် လက်ရှိစစ်မှုထမ်း နေကြသော စစ်သည်များစွာသည်လည်း တိုက်ပွဲဝင်လိုကြသည်။ အဘယ့်ကြောင့်ဆိုသော် စစ်တိုက်ဖူးမှသာ တိုက်ပွဲအတွင်း ဂုဏ်ဆောင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် မုချန်တိန်က စကားစလိုက်သည်။
“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ဟာ ရန်သူနှင့်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ မင်းသား။ မင်းသားရဲ့ အမိန့်ရတာနဲ့ မြောက်ပိုင်းကို မတွန့်မဆုတ် သွားကြမှာပါ။”
လုချန်းက
“စစ်တပ်တစ်ခုကို နှစ်ပေါင်းတစ်ထောင်ထိန်းသိမ်းထားတာက တစ်ခဏလောက် အသုံးပြုဖို့ဖြစ်တယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ဟာ ဒီလောက်ကြာကြာလေ့ကျင့်ထားပြီးပြီဆိုတော့ အခုအချိန်က သူတို့ကိုစမ်းသပ်ဖို့ အချိန်ပါပဲ။”
ဝေစုယွမ်က ဝင်မေးလိုက်သည်။
“လေမုန်တိုင်းကျွန်းက စစ်သည်တစ်သိန်းကို ခေါ်ယူဖို့ လိုအပ်ပါလား မင်းသား။ သူတို့ မြောက်ပိုင်းပြည်နယ်ကို ရောက်နေလောက်ပါပြီ။”
လုချန်းက
“ အချိန်မကျသေးပါဘူး။ သူတို့ကို ပင်လယ်ကမ်းခြေမှာပဲ တပ်စွဲထားပါစေ။ အဲ့ဒီနေရာမှာ စစ်စခန်းတစ်ခု တည်ဆောက်ဖို့ ကျွန်တော်ညွှန်ကြားထားပြီးပြီ။”
ဟု ပြန်ဖြေလိုက်သည်။
လွင်ပြင်ဒေသမျိုးနွယ်စုများတွင် စစ်သည်လေးသိန်းရှိသော်လည်း မြောက်ပိုင်းပြည်နယ်၏စစ်တပ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဟု လုချန်း မထင်ပေ။
ယခုအချိန်တွင် လေမုန်တိုင်းကျွန်းမှ စစ်သည်တစ်သိန်းကို လိုအပ်ဦးမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ယမ်းလက်နက် အသုံးပြုနည်းကို မသင်ယူရသေးသလို သက်ဆိုင်ရာလေ့ကျင့်မှုများကိုလည်း မပြုလုပ်ရသေးပေ။ သူတို့ကို အခုခေါ်သွားပါက အသုံးဝင်မည်မဟုတ်ပေ။
ထိုစဉ် ကျူးကဲ့ကျုံကောင်းက
“ လေမုန်တိုင်းကျွန်းက စစ်သည်တော်တွေကို ရန်ခရိုင်မှာ တပ်စွဲထားဖို့ အကြံပြုပါရစေ။”
“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်မြောက်ဘက်ကို ချီတက်သွားရင် ကျွန်တော်တို့ရဲ့ နောက်ကျောမှာ အားနည်းနေပါလိမ့်မယ်။ ကျူးနိုင်ငံတော် သို့မဟုတ် ချီပြည်နယ်တို့မှာအခြားရည်ရွယ်ချက်တွေ ရှိနေရင် မြောက်ပိုင်းပြည်နယ်ဟာ ရှေ့နောက်နှစ်ဘက်မှ ခြိမ်းခြောက်ခံရနိုင်ပါတယ်။ စစ်သည် တစ်သိန်းက ဒါကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။”
ကျူးကဲ့ကျုံကောင်း၏ အကြံပြုချက်ကို ကြားရတော့မှ တောင်ပိုင်း အာဏာရှိမိသားစုများ ချီမင်းသားထံ သွားရောက်ကြောင်း သတင်းကိုရရှိထားသည်ကို သတိရလာကာ ချီမင်းသားကိစ္စကို သူမေ့လျော့နေခဲ့ကြောင်း လုချန်း နားလည်သွားသည်။
မြောက်ပိုင်းပြည်နယ်၏ တပ်မတော်မြောက်ဘက်သို့ ချီတက်သွားပါက ချီမင်းသားက အခွင့်အရေးဟု မြင်ကာ ချီပြည်နယ်မှ တပ်များကို စုဆောင်းပြီး တောင်ဘက်သို့ချီတက်၍ နေပြည်တော်ကို တိုက်ခိုက်ဖို့က အလွန်ဖြစ်နိုင်ခြေရှိသည့် အခြေအနေတစ်ရပ် ဖြစ်သည်။
............