← Chapters

အခန်း ၃၈၅-၃၈၇

Vol. 26 Ch. 385-387

အခန်း ၃၈၅-၃၈၇

Vol. 26 Ch. 385-387

အခန်း (၃၈၅)

အရိပ်ကိုယ်ရံတော်များအား မျှားခေါ်ခြင်း (၂)

ကျူးနိုင်ငံတော်မှ မကြာသေးမီက ရွှေ့ပြောင်းသွားသော စစ်သည်နှစ်သိန်းအနက် အချို့သည် မြောက်ပိုင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်ဒေသများသို့ ပြန်လည်ရောက်ရှိကာ စခန်းချထားကြောင်း တွေ့ရသည်။ ယွဲ့ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်ကို အမြဲသတိထားနေဟန်ရှိပြီး မြောက်ပိုင်း၏ အားနည်းနေသော နောက်ကျောကို အခွင့်ကောင်းယူ၍ ရုတ်တရက် တိုက်ခိုက်လာနိုင်လား ဆိုတာက အသေအချာ ပြော၍မရပေ။

ထိုအတွေးများဖြင့် လုချန်းက

“ပညာရှိကြီးရဲ့ အကြံပြုချက် မှန်ပါတယ်။ဗိုလ်ချုပ်ဝေရဲ့ စစ်သည်တစ်သိန်း ကမ်းခြေကို ရောက်ပြီဆိုရင် ရန်ခရိုင်ကို အမြန်ဆုံးချီတက်ဖို့ အမိန့်ပေးလိုက်ပါ။”

ဝမ်စုယွမ်က

“အမိန့်အတိုင်းပါ မင်းသား။”

ဟုဖြေကြားလိုက်သည်။

ထို့နောက် ရွှမ်ယွမ်ချန်းက

“အနက်ရောင်မြင်းတပ်သား ဘယ်နှစ်ဦးကို မြောက်ဘက် စေလွှတ်မှာလဲ မင်းသား”

ဟု မေးမြန်းလာသည်။

လုချန်း အနည်းငယ်စဉ်းစားလိုက်သည်။ ရှနိုင်ငံတော်အတွင်း၌ သံချပ်ကာမြင်းတပ်ကို ခြိမ်းခြောက်နိုင်သည့် တိမ်ဖောက်လေးပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရှိထားသော်လည်း ဤအကြိမ်တွင် နန်းတွင်းသို့မဟုတ် တောင်ပိုင်းမှပုန်ကန်သူများနှင့် တိုက်ပွဲဝင်ရမည် မဟုတ်ပါ။ အနောက်မြောက်မှလာမည့် လွင်ပြင်ဒေသမျိုးနွယ်စုများတွင် သံချပ်ကာမြင်းတပ်ကို ကာကွယ်နိုင်သည့် လက်နက်များ မရှိဟုယူဆရသည်။

တိမ်ဖောက်လေးကဲ့သို့သော စွမ်းအားကြီးမားသည့် လက်နက်များ များစွာမပေါ်ပေါက်သေးမီကာလတွင် သံချပ်ကာမြင်းတပ်သည် စစ်မြေပြင်တွင် အင်အားပြည့်ဝစွာ စွမ်းဆောင်နိုင်ဆဲဖြစ်သည်။

ထိုအတွေးဖြင့် လုချန်းက

“အနက်ရောင်မြင်းတပ်လေးသောင်းကို မြောက်ဘက်လွှတ်ပြီး တစ်သောင်းကို ရန်ခရိုင်ကာကွယ်ရေးအတွက် ချန်ထားလိုက်ကြပါစို့”

ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် လုချန်းက ရှောင်ပင်တိန်ဘက်သို့ မျက်နှာမူကာ

“ဗိုလ်ချုပ်ရှောင်။ လွင်ပြင်ဒေသမျိုးနွယ်စုတွေထဲက ထျန်းချီဘုရင်အကြောင်း ခင်ဗျားကြားဖူးလား”

ဟု မေးမြန်းလိုက်သည်။

ရှောင်ပင်တိန်က

“ကြားဖူးပါတယ် မင်းသား။ ယခင်ကောင်းကင်ဝံပုလွေဘုရင် လက်ထက်တုန်းက ထျန်းချီဘုရင်ဟာ သူရဲ့လူတွေကိုလွှတ်ပြီး ကျွန်တော်တို့ မျိုးနွယ်စုကို သူရဲ့လက်အောက်ခံလုပ်ဖို့ စည်းရုံးခဲ့ဖူးပါတယ်။ နောက်ပြီး ထျန်းချီဘုရင်ဟာ မြောက်ပိုင်းဖရီဘုရင်ဆီကိုလည်း လူလွှတ်စည်းရုံးခဲ့ဖူးပါတယ်။ ကျွန်တော်တို့နှစ်ဦးစလုံးက ငြင်းပယ်ခဲ့ကြပါတယ်။”

“ ပြောကြတာက ထျန်းချီဘုရင်ဟာ အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်ရှိနေပါပြီ။ သူဟာ ရည်မှန်းချက် အလွန်ကြီးမားသူဖြစ်ပြီး လွင်ပြင်နတ်ဘုရားရဲ့ ကျေးဇူးတော်ကို ခံယူထားသူလို့ သူ့ကိုယ်သူ ယုံကြည်သည့်အတွက် သူရဲ့ဘွဲ့အမည်ကို ထျန်းယန်ချီဘုရင်လို့ ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ နောက်ပြီး သူဟာ လွင်ပြင်ဒေသမျိုးနွယ်စုအားလုံးကို စုစည်းပြီး မြက်ခင်းလွင်ပြင်ဧကရာဇ်ဖြစ်လိုတယ်လို့ ဆိုကြပါတယ်။”

ရှောင်ပင်တိန်၏စကားကို ကြားလိုက်ရသော လုချန်း၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။

အဆင့်လွန်ပညာရှင်။

ဒါက မြောက်ပိုင်းပြည်နယ်အနေနှင့် ပထမဆုံးအကြိမ် စစ်မြေပြင်သို့ အဆင့်လွန်ပညာရှင်တစ်ဦး ဝင်ရောက်လာခြင်းကို ရင်ဆိုင်ရမည့် အခြေအနေဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့ဘက်မှလည်း အဆင့်လွန်ပညာရှင်တစ်ဦးကို ခေါ်ဆောင်သွားရမည်ဖြစ်သည်။

အဆင့်လွန်ပညာရှင်များသည် အမြောက်များ၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်သော်လည်း တပ်ဖွဲ့စည်းပုံများကို ဖျက်ဆီးနိုင်ပြီး ‌အ‌မြောက်များကို ဖျက်စီးနိုင်သည်။

အဆင့်လွန်ပညာရှင်တစ်ဦးသာ အမြောက်တပ်ဆင်ထားသော နေရာများအနီးသို့ ရောက်ရှိသွားပါကက သူ၏ လက်ချက်ဖြင့် အမြောက်များ ပျက်စီးသွားနိုင်တာ သေချာသည်။

ထိုအတွေးဖြင့် လုချန်းက

“ထျန်းချီဘုရင်နဲ့ တိုက်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး မြောက်ဘက်ကို ချီတက်မယ်”

ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျူးကဲ့ကျုံကောင်းက

“ မသင့်တော်ပါဘူး မင်းသား။ မင်းသားဟာ မြောက်ပိုင်းပြည်နယ်ရဲ့ မင်းသားတစ်ပါးဖြစ်ပြီး မြောက်ပိုင်းပြည်နယ် တစ်ခုလုံးကို အုပ်ချုပ်ဖို့ တာဝန်ရှိသူဖြစ်ပါတယ်။ စစ်မြေပြင်ကို ကိုယ်တိုင်မထွက်သင့်ပါဘူး။”

လုချန်းသည် ကံကြမ္မာ၏သားတော်ဖြစ်သည်။ ထိုကဲ့သို့သော အန္တရာယ်ရှိသောနေရာသို့ သူမည်သို့သွားနိုင်မည်နည်း။ အကယ်၍ သူတစ်ခုခု ဖြစ်ပါက ဤကမ္ဘာကို ဆက်လက်ဦးဆောင်နိုင်ပါဦးမှာလား။

ကျူးကဲ့ကျုံကောင်း၏ ကိုယ်ပိုင်ရှုထောင့်မှကြည့်လျှင် လုချန်းစစ်မြေပြင်သို့သွားခြင်းက လုံးဝမသင့်ပါ။

လုချန်းက

“ယမ်းလက်နက်တွေကို ကျွန်တော် တီထွင်ထားတာလို့ ပြောလို့ရတယ်။ ဒါက စစ်သည် တွေ ပထမဆုံးအကြိမ် ယမ်းလက်နက်နဲ့ တိုက်ပွဲဝင်ရမယ့် အခေါက်ပါ။ ကျွန်တော် မပါပဲ စစ်သည်တွေကို ဘယ်လို လမ်းညွှန်မှု ပေးနိုင်မှာလဲ။”

“ဒီကိစ္စက ငြင်းခုံနေဖို့ မဟုတ်ပါဘူး။ ကျွန်တော် ရှေ့တန်း ထွက်ကို ထွက်ရမှာပါ။”

လုချန်း၏ ခိုင်မာသော သဘောထားကိုမြင်တွေ့ရသောအခါ ကျူးကဲ့ကျုံကောင်းလည်း နောက်ထပ်မပြောနိုင်တော့ပဲ

“မင်းသား သွားချင်တယ်ဆိုရင် ကျွန်တော်လည်း မင်းသားနှင့်အတူ မြောက်ဘက်ကို လိုက်ခဲ့ပါမယ်”

ဟု ဆိုလိုက်သည်။

လုချန်းက ချက်ချင်းပင်

“မဖြစ်နိုင်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ရန်ခရိုင်ဟာ ပညာရှိကြီးရဲ့ ကာကွယ်မှု လိုအပ်နေပါတယ်။ ကျွန်တော် ရန်ခရိုင်က ထွက်သွားရင် တချို့မိတ်‌ဆွေ‌တွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပစ်မှတ်ထားနိုင်ပါတယ်။”

လုချန်း အစိုးရိမ်ဆုံးက သူ၏ဇနီးများနှင့် သားသမီးများဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အဆင့်လွန်ပညာရှင် ချန်ဝမ်ရွန်ရှိပြီးဖြစ်သော်လည်း လုံခြုံမှုအပြည့်အဝမရှိသေးဟု လုချန်း ခံစားနေရသည်။

ကျူးကဲ့ကျုံကောင်းက

“မင်းသား...”

ကျူးကဲ့ကျုံကောင်း ထပ်ပြောတော့မည့် အချိန်တွင် လုချန်း တစ်စုံတစ်ခုကို နားလည်လိုက်သည်။ ဒါက သူ ပထမဆုံးအကြိမ် အဆင့်လွန်ပညာရှင်နှင့် ရင်ဆိုင်ရမည့် အကြိမ်ဖြစ်ပြီး ထိုအဆင့်လွန်ပညာရှင်နှင့် ယှဉ်နိုင်မည်လား ဆိုသည်ကိုက မသေချာသေးကြောင်း သတိရလိုက်သည်။ ထို့ကြောင့် လုံလုံလောက်လောက် ပြင်ဆင်ထားခြင်းက အရှုံးမရှိပါ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ကာကွယ်ဖို့ ကျူးကဲ့ကျုံကောင်းကို ထားခဲ့ရမည် ဖြစ်သော်လည်း ချန်ဝမ်ရွန်မှာမူ သူနှင့်အတူ မြောက်ဘက်သို့လိုက်ပါနိုင်သည်။

လက်ရှိအခြေအနေတွင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း ချန်ဝမ်ရွန်ကို ပြန်ခေါ်ဖို့ ရန်ခရိုင် လာဦးမည်မဟုတ်ပေ။

ထိုအတွေးဖြင့် လုချန်းက

“ပညာရှိကြီး ကျွန်တော့် လုံခြုံရေးကို စိုးရိမ်နေတာကို သိပါတယ်။ ကျွန်တော် အဆင့်လွန်ပညာရှင်တစ်ဦးကို ခေါ်သွားပါမယ်။ အဲ့ဒီလိုဆိုရင် ပညာရှိကြီး စိုးရိမ်စရာမလိုတော့ပါဘူး။”

ကျူးကဲ့ကျုံကောင်းက

“ကျွန်တော်သိရသလောက် မြောက်ပိုင်းပြည်နယ်မှာ တတိယမြောက် အဆင့်လွန်ပညာရှင် မရှိပါလား”

ဟု မေးမြန်းလိုက်သည်။

လုချန်းသည် ပြုံး၍

“ ရှိပါတယ်။ ပညာရှိကြီး မသိသေးတာပါ။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဟာ မကြာသေးမီကမှ အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။”

“ ကျွန်တော် ကိုယ်တိုင်လည်း အဆင့်လွန်ပညာရှင်ဖြစ်ပြီး အခြားအဆင့်လွန်ပညာရှင်တစ်ဦးလည်း ရှိနေမယ်ဆိုရင် ပညာရှိကြီး စိတ်ချနိုင်ပါပြီလား။”

ကျူးကဲ့ကျုံကောင်းက

“မင်းသားနဲ့ အတူ အဆင့်လွန်ပညာရှင်တစ်ဦး လိုက်ပါမယ်ဆိုရင် ကျွန်တော် စိတ်ချနိုင်ပါပြီ။”

ထိုအချိန်တွင် မုချန်တိန်က

“မင်းသားမြောက်ဘက်ချီတက်မယ့် အကြောင်း ပြည်သူတွေကို အသိပေးသင့်ပါသလား”

ဟု မေးလိုက်သည်။

“ ရန်သူဘက်မှာ စစ်သည်လေးသိန်းရှိပါတယ်။ မြောက်ပိုင်းပြည်နယ်ဟာ လွင်ပြင်ဒေသမျိုးနွယ်စုနှစ်စုကို အောင်နိုင်ပြီးဖြစ်ပေမဲ့ ပြည်သူတွေ သိသွားရင် ထိတ်လန့်သွားနိုင်ပါတယ်။”

လုချန်းသည် အေးဆေးစွာဖြင့်

“ဒီအကြိမ် မြောက်ဘက်ချီတက်မယ့်ကိစ္စ ပြည်သူတွေကို တကယ်သိစေသင့်တယ်။ သိရုံတင်မဟုတ်ဘူး တရားဝင် ကြေညာရမှာပါ။ မြောက်ပိုင်းပြည်နယ်က စစ်သည်တွေဟာ သူတို့ကိုကာကွယ်ဖို့ လွင်ပြင်ဒေသမျိုးနွယ်စုတွေနဲ့ တိုက်ပွဲဝင်နေကြောင်းကို မြောက်ပိုင်းပြည်နယ်နေ ပြည်သူတွေ နားလည်စေရမယ်။”

လုချန်း၏အတွေးမှာ ရိုးရှင်းသည်။ မြောက်ပိုင်းပြည်နယ်၏ စစ်သည်များ သူတို့၏လုံခြုံရေးအတွက် လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် အသက်စွန့် တိုက်ပွဲဝင်နေသည်ကို ပြည်သူများ မသိရပါက ထိုစစ်သည်များကို မည်သို့လေးစားနိုင်မည်နည်း။

ထိတ်လန့်မှုနှင့်ပတ်သက်၍မူ လုချန်း အလွန်အမင်း စိုးရိမ်မနေပါ။ အချို့ပြည်သူများ ကြောက်ရွံ့မည်မှာ သေချာသော်လည်း ကြောက်ရွံ့ခြင်းသည် လူသားတို့၏ သဘာဝဖြစ်ပြီး မြောက်ပိုင်းပြည်နယ်သည် ယခင်ကလည်း လွင်ပြင်ဒေသမျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို မကြာခဏကြုံတွေ့ခဲ့ရသဖြင့် ပြည်သူအများစုမှာ ကျင့်သားရနေပြီး ဖြစ်သည်။

........

အခန်း (၃၈၆)

အရိပ်ကိုယ်ရံတော်များအား မျှားခေါ်ခြင်း (၃)

ထို့ကြောင့် လွင်ပြင်ဒေသမျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်လာနေကြောင်း ပြည်သူများအား အသိပေးခြင်းက မြောက်ပိုင်းပြည်နယ်အတွက် အလွန်အမင်း စိတ်ဒုက္ခမဖြစ်စေနိုင်ဟု လုချန်း ယူဆသည်။ ပြည်သူများ ထိတ်လန့်သွားစေနိုင်‌သော်လည်း ပြဿနာမရှိဟု သူထင်သည်။

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ မုချန်တိန်လည်း အနည်းငယ်စဉ်းစားပြီးနောက် အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားရသည်။

ထိုအချိန်တွင် လုချန်းက သူ၏ရှေ့၌ ဖြန့်ထားသော မြေပုံကိုကြည့်ကာ

“အားလုံး ဒီကိုလာကြည့်ကြပါ။ အသေးအဖွဲကိစ္စတွေ အခုအချိန်မှာ မဆွေးနွေးပဲ နေရအောင်။ ထျန်းချီဘုရင်ရဲ့ တပ်တွေဟာ မကြာခင် မြောက်ပိုင်းပြည်နယ်ကို ရောက်လာတော့မယ်။ ကျွန်တော်တို့ အမြန်ဆုံး စစ်ပြင်ဖို့ လိုအပ်တယ်”

ဟု သတိပေးလိုက်သည်။

လုချန်း၏ စကား ဆုံးသည်နှင့် စစ်ဗိုလ်ချုပ်များသည် ချက်ချင်းပင် လုချန်းရှေ့ရှိ စားပွဲနားသို့ စုရုံးလာကြပြီး စစ်ရေးဗျူဟာများကို ဆွေးနွေးကြသည်။

စစ်ရေးအစည်းအဝေး ပြီးဆုံးသွားသောအခါ လုချန်းက ဗိုလ်ချုပ်များကို စစ်စခန်းသို့ ပြန်ခိုင်းလိုက်ပြီး စစ်သည်များအား တစ်ရက်အနားပေးကာ မိသားစုများကို နှုတ်ဆက်ခွင့် ပေးလိုက်သည။

စစ်မကြာမီ ဖြစ်ပွားတော့မည် ဖြစ်သဖြင့် စစ်သည်များအား သူတို့၏ မိသားစုများနှင့် နှုတ်ဆက်ခွင့်ပြုရန် လိုအပ်သည်။ မဟုတ်ပါက စစ်သည်များ စစ်မြေပြင်တွင် ကျဆုံးသွားသောအခါ သူတို့၏ မိသားစုများက သူတို့ဘယ်ကိုသွားကြောင်း ဘယ်တော့ပြန်လာမည်ဖြစ်‌ကြောင်း ဆိုတာကိုပင် သိရမည် မဟုတ်ပေ။

စစ်သည်များအား အိမ်ပြန်ခွင့်ပေးခြင်းအပြင် ချင်ယူရှန်အား ရန်ခရိုင်အတွင်းရှိ သူလျှိုများကို ရှင်းလင်းရန် အမိန့်ပေးလိုက်သည်။ သူတို့မကြာမီ မြောက်ဘက်သို့ ချီတက်တော့မည်ဖြစ်ပြီး လုချန်း ရန်ခရိုင်တွင် မရှိသည့်အခါ ထိုသူလျှိုများက ပြဿနာဖြစ်စေနိုင်သည်။ ထို့ကြောင့် အထူးကိုယ်ရံတော်များဖြင့် ထိုသူလျှိုများကို အရင်ဆုံး ရှင်းလင်းထားရန် လိုအပ်သည်။

အခြားနိုင်ငံများ၏ သူလျှိုများကို ရှင်းလင်းရန် စဉ်းစားတော့မှ မကြာသေးမီက ပိုင်ချင်းချင်းပြောခဲ့သည့် အကြောင်းအရာကို လုချန်း သတိရလိုက်သည်။ ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်များအတွင်းရှိ သစ္စာဖောက်များကို ဖယ်ရှားရန် လူများစေလွှတ်ခဲ့ပြီး ပိုင်ချင်းချင်းအား လုပ်ကြံရန် ကြံစည်နေသူများ ရန်ခရိုင်တွင်း၌ ရှိနေနိုင်သည်ဟု ဆိုသည်။

မြောက်ဘက်သို့ မချီတက်မီ ထိုအရိပ်ကိုယ်ရံတော်များကို မျှားခေါ်ပြီး ဖယ်ရှားရန် လုချန်း စဉ်းစားလိုက်သည်။ သူတို့ကို ရန်ခရိုင်တွင် ဒီအတိုင်း ထားခဲ့ပါက လုချန်း ထွက်ခွာသွားသည့်အခါ ပိုင်ချင်းချင်းအား လုပ်ကြံမည်မှာ သေချာသည်။ လုချန်းက ပိုင်ချင်းချင်းကို ဒီတစ်ခေါက် စစ်မြေပြင်ခေါ်ဆောင်သွားမည် မဟုတ်သဖြင့် ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များ ရန်ခရိုင်တွင်းရှိနေခြင်းက အလွန်စိုးရိမ်စရာ ဖြစ်နေသည်။

နောက်ထပ်လုပ်ဆောင်ရမည့် ခြေလှမ်းများကို ဆုံးဖြတ်ပြီးနောက် ရန်ခရိုင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

မနက်ပိုင်းတွင် စစ်ရေးအစည်းအဝေးကျင်းပပြီးနောက် မွန်းလွဲချိန်တွင် ရန်ခရိုင်ရှိ ပြည်သူအားလုံး လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်လေးသိန်းတပ် တောင်ဘက်သို့ ချီတက်လာနေကြောင်း သိသွားကြသည်။

ထိုသတင်းကို လုချန်း၏ အမိန့်ဖြင့် သတင်းစာများမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ သူ့တွင် ဤစစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကြေညာလိုသည့် ရည်ရွယ်ချက်ရှိသည်။

လွင်ပြင်ဒေသမျိုးနွယ်စုများ နောက်တစ်ကြိမ် တောင်ဘက်သို့ ချီတက်လာနေကြောင်း ကြားလိုက်ရသော ရန်ခရိုင် ပြည်သူများလည်း ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ အချို့မှာ ထွက်ပြေးရန် စဉ်းစားနေကြသော်လည်း လူအများစုမှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် သူ၏စစ်တပ်ကို ယုံကြည်သည်။

ယခင်က အောင်ပွဲနှစ်ကြိမ်ရရှိခဲ့ဖူးသည့် အတွေ့အကြုံများက မြောက်ပိုင်းပြည်နယ်ပြည်သူများအား ယုံကြည်ချက် အပြည့်အဝ ပေးခဲ့သည်သည်။ မြောက်ပိုင်းဖရီဘုရင်နှင့် တိုက်ပွဲဖြစ်စဉ်တွင် မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ် ပျက်စီးခဲ့သည်ဟု ဆိုကြသော်လည်း မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသည် ထျန်းကောင်းမြို့ကို ကာကွယ်နိုင်ခဲ့ပြီး မြောက်ပိုင်းဖရီဘုရင်အား တားဆီးနိုင်ခဲ့သည်။

မြောက်ပိုင်းပြည်နယ်တွင် နေထိုင်သူအများစုအတွက် စစ်သည်များ မြောက်ဘက်တွင် ခိုင်ခိုင်မာမာ တပ်စွဲထားနိုင်ပြီး လွင်ပြင်ဒေသမှ မြင်းတပ်များ တောင်ဘက်သို့ မဆင်းနိုင်အောင် တားဆီးနိုင်ခြင်းက ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်သည်။

ထိုအချိန်တွင်...

စားသောက်ဆိုင်တစ်ဆိုင်အတွင်းရှိ သီးသန့်အခန်းတစ်ထုတွင်...

ဝမ်ကျန်းတောင်သည် သူ၏လက်ထဲရှိ သတင်းစာကိုကြည့်ကာ အချိန်အတော်ကြာစဉ်းစားနေသည်။

မနက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ထိပ်သီးပညာရှင် အများအပြားများ အဘယ်ကြောင့် လာရောက်ခဲ့ကြသည်ကို ယခု သူနားလည်သွားသည်။ သူတို့သည်

ထျန်းချီဘုရင်၏ စစ်သည်လေးသိန်း တောင်ဘက်သို့ ချီတက်လာမှုကို မည်သို့ကာကွယ်ရန် ဆွေးနွေးနေခြင်းဖြစ်မည်။

ထိုအချိန်တွင် အရိပ်ကိုယ်ရံတော်တစ်ဦးက

“ဝမ် ခေါင်းဆောင်။ မြောက်ပိုင်းနယ်စားမင်းသားဟာ ရန်ခရိုင်အရှေ့ဘက်က စစ်စခန်းကို စစ်ဆေးဖို့ သွားမယ်လို့ သတင်းရထားပါတယ်။ ပိုင်ချင်းချင်းက မြောက်ပိုင်းနယ်စားမင်းသားနှင့် အမြဲအနီးကပ်‌ နေတတ်ပါတယ်။ ဒီတစ်ခါလည်း သူလိုက်သွားမှာပါ။ အခုအချိန်က သူ့ကို လုပ်ကြံဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်နိုင်ပါတယ်။”

ဝမ်ကျန်းတောင် အတွေးထဲ နစ်မြောသွား

ပြီး တိတ်ဆိတ်နေခဲ့သည်။

ကျူးကဲ့ကျုံကောင်းသည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး အဆင့်လွန်ပညာရှင်တစ်ဦးအနေဖြင့် မင်းသားတစ်ပါးနောက်ကို နေရာတကာ လိုက်ပါနေဖို့ မသင့်တော်ပေ။ အကယ်၍ ပိုင်ချင်းချင်း မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ စစ်စခန်းသို့လိုက်ပါလာပြီး လုချန်း၏ အနားတွင် အဆင့်မြင့် သိုင်းပညာရှင်များ မရှိပါက ပိုင်ချင်းချင်းအား ဖယ်ရှားရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားကိုပါ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားကို ရှင်းလင်းဖို့က သူ၏တာဝန်မဟုတ်သေးပေ။ အထူးသဖြင့် ဆွမ်ဧကရာဇ်ထံမှ အမိန့်မရလျှင်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်အတွက် အဓိကစိုးရိမ်စရာတစ်ခု ဖြစ်နေသည်ကို သိသော်လည်း အရိပ်ကိုယ်ရံတော်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် လုချန်းကို သူ့သဘောနှင့်သူ သုတ်သင်ခွင့် မရှိပေ။

ခဏမျှ တိတ်ဆိတ်နေပြီး‌နောက် ဝမ်ကျန်းတောင်က စားပွဲပေါ်ရှိ ဝါးခ‌မောက်ကို ကောက်ယူကာ

“သွားကြမယ်။”

...

မင်းသား စစ်စခန်းသို့ သွားရောက် စစ်ဆေးမည့်ဆိုသည့် သတင်းမှာ လုချန်းကိုယ်တိုင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ထားသည့် သတင်းဆိုတာကို ဝမ်ကျန်းတောင်နှင့် အရိပ်ကိုယ်ရံတော်များ ထိုအချိန်အထိ မသိကြသေးပေ။ သူ၏အစီအစဉ်မှာ ပိုင်ချင်းချင်းကို သတ်လိုသော အရိပ်ကိုယ်ရံတော်များကို မျှားခေါ်ပြီး တိုက်ရိုက်ဖြေရှင်းရန် ဖြစ်သည်။ သို့မှသာ သူထွက်ခွာပြီးနောက် ရန်ခရိုင်တွင် အရှုပ်တော်ပုံများ မဖြစ်ပွားမည်ဖြစ်သည်။

ညနေ လေးနာရီခန့်တွင် လုချန်းက မြင်းလှည်းတစ်စီး‌ပေါ် တက်စီးကာ ပိုင်ချင်းချင်းကို နံဘေးတွင် မြင်းဖြင့် လိုက်ပါစေပြီး အဆင့်ငါး ကိုယ်ရံတော်အနည်းငယ်ကိုသာ ခေါ်ဆောင်ကာ မြို့ပြင်ထွက်၍ ရန်ခရိုင်အရှေ့ဘက်ရှိ စစ်စခန်းသို့ ဦးတည်ခဲ့သည်။

ရန်ခရိုင်၏ အရှေ့ဘက်ရှိ စစ်စခန်းမှာ မြို့မှ အတော်အတန် ဝေးကွာပြီး ခရီးတစ်စိတ်တစ်ပိုင်းမှာ သစ်တောများကြားမှ ဖြတ်သန်းရသည်။

သစ်တောများသည် အရိပ်ကိုယ်ရံတော်များကဲ့သို့ လုပ်ကြံသူများအတွက် တိုက်ခိုက်ရန် အကောင်းဆုံး နေရာဖြစ်သည်။

လမ်းတွင် အရိပ်ကိုယ်ရံတော်များ လာရောက် လုပ်ကြံမည်ကို လုချန်း အသေအချာ တွက်ဆထားပြီးဖြစ်သည်။

မကြာမီ လုချန်း၏ မြင်းလှည်းသည် အရိပ်ကိုယ်ရံတော်များ ခိုအောင်းနေသော နေရာသို့ ရောက်ရှိလာသည်။ လုချန်းက ပိုင်ချင်းချင်းနှင့် အဆင့်ငါး ကိုယ်ရံတော်အနည်းငယ်ကိုသာ ခေါ်ဆောင်လာသည်ကို မြင်သောအခါ ဝမ်ကျန်းတောင် အံ့သြသွားခဲ့သည်။

ဆွမ်ဧကရာဇ်က မြောက်ပိုင်းပြည်နယ်ရှိ အရိပ်ကိုယ်ရံတော်များကို ဖယ်ရှားနေသည်ကို ပိုင်ချင်းချင်း သိပြီးဖြစ်သင့်သည်။ ထို့ပြင် သူမကိုယ်တိုင်လည်း ပစ်မှတ်ထားခံရသူတစ်ဦးဖြစ်သည်။ ဒါဆိုဘာ့ကြောင့် ပိုင်ချင်းချင်းက လုချန်းအား သိုင်းပညာရှင်အနည်းငယ်နှင့် ထွက်လာခွင့် ပြုရတာလဲ။

ပိုင်ချင်းချင်းက လုချန်းအား အရိပ်ကိုယ်ရံတော်များ၏ လှုပ်ရှားမှု အခြေအနေကို မပြောပြထားတာလား။ သို့မဟုတ် ပိုင်ချင်းချင်းက အရိပ်ကိုယ်ရံတော်များကို နဂိုကတည်းက အရေးမစိုက်ပဲ သူမအား တိုက်ခိုက်ဝံ့သူ မရှိဟု ထင်မှတ်ထားခြင်းလား။

သူမသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်၏။ ထို့ကြောင့် သူမအား သတ်ဖြတ်ရန်မှာ လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။ သူမ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေသည်က မဆန်းပါ။

ဝမ်ကျန်းတေင် အမိန့်မပေးသေးသည်ကို မြင်သောအခါ အနားရှိ အရိပ်ကိုယ်ရံတော်တစ်ဦးက

“ခေါင်းဆောင်။ သူတို့ကို နောက်ထပ်နည်းနည်း ထပ်သွားခွင့်ပြုလိုက်ရင် စစ်စခန်းကို မြင်ရတော့မှာပါ။ အဲ့ဒီအခါကျရင် ကျွန်တော်တို့ လုပ်ကြံဖို့ အချိန်မရတော့ပါဘူး။”

ထိုစကားကို ကြားလိုက်သောအခါ ဝမ်ကျန်း‌ တောင်က မင်းသားစံအိမ်မှာ ကတည်းက မြင်းလှည်းကို စောင့်ကြည့်လာသော အရိပ်ကိုယ်ရံတော်တစ်ဦးအား

“လှည်းထဲမှာ မြောက်ပိုင်းနယ်စားမင်းသားတစ်ယောက်တည်း ရှိတယ်ဆိုတာ သေချာပါလား ရှောင်ချီ”

ဟု မေးမြန်းလိုက်သည်။

“ သေချာပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား လှည်းပေါ်တက်လိုက်တာကို ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရပါတယ်။”

ဝမ်ကျန်းတောင် တွေးလိုက်သည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားတစ်ဦးတည်းသာ လှည်းထဲတွင် ရှိပါက ဘေးမှလိုက်ပါလာသော ကိုယ်ရံတော် အနည်းငယ်ကို ဘာမှစိုးရိမ်စရာ မရှိပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် သိုင်းပညာရှင်တစ်ဦးဖြစ်သည်ဟု ဆိုကြသော်လည်း သူ၏အသက်အရွယ်အရ အလွန်အမင်း အစွမ်းထက်နိုင်မည် မဟုတ်ပေ။

ထိုသို့တွေးပြီးနောက် ဝမ်ကျန်းတောင်လည်း မတွန့်ဆုတ်‌တော့ပဲ ဆုံးဖြတ်ချက်ချလိုက်သည်။

“တိုက်ကြ။”

..........

အခန်း (၃၈၇)

မင်းသား၏ မိန်းမ (၁)

ဝမ်ကျန်းတောင်နှင့် အဖွဲ့၏ ပစ်မှတ်မှာ လုချန်း မဟုတ်သောကြောင့် လုချန်း၏လှည်းကို ရုတ်တရက် မြားဖြင့်တိုက်ခိုက်ခြင်း မပြုကြပေ။ ထို့အစား သူတို့က ပေါ်တင်ထွက်လာပြီး လှည်းနှင့် မင်းသားစံအိမ်မှ အစောင့်များကို ဝိုင်းရံလိုက်ကြသည်။

ထိုအချိန်တွင် ပိုင်ချင်းချင်းက မျက်နှာအမူအရာ မပါပဲ

“ရှင်တို့ဘယ်သူတွေလဲ”

ဟု မေးလိုက်သည်။

ဝမ်ကျန်းတောင်တို့သည် ဝတ်ရုံရှည်များဝတ်ဆင်ထားပြီး သူတို့၏မျက်နှာများကို အဝတ်ဖြင့် ဖုံးအုပ်ထားကာ သောကြောင့် မည်သူမည်ဝါမှန်း မသိနိုင်ပေ။ သို့သော့် ပိုင်ချင်းချင်းက သူတို့အကြောင်းကို သိပြီးသားဖြစ်ပြီး သူမ၏မေးခွန်းမှာ အဓိပ္ပါယ်မရှိသော မေးခွန်းတစ်ခုသာဖြစ်သည်။

အရိပ်ကိုယ်ရံတော်များ၏ လေ့ကျင့်ရေးကွင်းတွင် ကြီးပြင်းလာခဲ့သော ပိုင်ချင်းချင်းသည် ဝမ်ကျန်းတောင်၏ တပည့်အရင်းဖြစ်သည်။ ဝမ်ကျန်းတောင် ထုတ်လွှတ်သော အငွေ့အသက်ကို သူမ အလွန်ရင်းနှီးစွာ သိထားသည်။ ဝမ်ကျန်းတောင် ပေါ်ထွက်လာသည့်အချိန်တွင်ကတည်းက သူမသိလိုက်ပြီးဖြစ်သည်။

ထို့နောက် ဝမ်ကျန်းတောင်က အေးစက်စွာပြောသည်။

“ပိုင်ခေါင်းဆောင်က အခုတ‌လော အလုပ် တွေများနေ‌တော့ ကိုယ်တာဝန်ကိုယ် မေ့နေပြီထင်တယ်။”

အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်နှင့် လုချန်းက လှည်း၏ကန့်လန့်ကာကို မလိုက်ပြီး ပြုံးရယ်ကာ လှည်းဘေးရှိ ပိုင်ချင်းချင်းကို မေးလိုက်သည်။

“ သူတို့ကို မင်းသိလားပိုင်။ “

မျက်နှာအမူအရာမပြပဲ ပိုင်ချင်းချင်းက “ကျွန်မ မသိပါဘူးမင်းသား”

ဟု ဖြေလိုက်သည်။

ပိုင်ချင်းချင်း၏အဖြေကို ကြားလိုက်ရသည်နှင့် ဝမ်ကျန်းတောင်က

“ပိုင်ခေါင်းဆောင်က အသိအကျွမ်းဟောင်း တွေကိုတောင် မေ့တတ်နေပြီ။ ကိုယ့်ရဲ့ မွေးစားဖခင်ကိုတောင် မမှတ်မိတော့ဘူးထင်တယ်”

ဟု ပြက်ရယ်ပြုလိုက်သည်။

“မင်းက အဖွဲ့ကို သစ္စာဖောက်ဖို့ ရွေးချယ်ပြီးပြီဆိုတော့ သေခြင်းတရားအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယူဆတယ်။”

ထိုသို့ပြောနေစဉ်အတွင်း ဝမ်ကျန်းတောင်က သူ၏ခါးတွင် ချိတ်ဆွဲထားသော ဓားကို ဆွဲထုတ်လိုက်သည်။

ပိုင်ချင်းချင်းကလည်း မတွန့်ဆုတ်ပဲ သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီး မင်းသားစံအိမ်မှ အစောင့်များကို

“မင်းသားကို ကာကွယ်ကြပါ”

ဟု အမိန့်ပေးလိုက်သည်။

ပြောပြီးသည်နှင့် ပိုင်ချင်းချင်းက မလှမ်းမကမ်းရှိ ဝမ်ကျန်းတောင်ဆီသို့ မြင်းဖြင့်ပြေးဝင်သွားသည်။

ဝမ်ကျန်းတောင်၏ဘေးမှ အခြားအရိပ်ကိုယ်ရံတော်များက ဝင်ရောက်တိုက်ခိုက်ခြင်း မပြုကြပဲ အစောင့်များနှင့် လှည်းကို ဆက်လက်ဝိုင်းရံထားကြသည်။ သူတို့တွင် လုချန်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။

သူတို့၏ရည်ရွယ်ချက်မှာ သစ္စာဖောက် ပိုင်ချင်းချင်းကို ဖယ်ရှားရန်သာဖြစ်သည်။ မြောက်ပိုင်းမင်းသားသည်လည်း ဆွမ်ဧကရာဇ်အား စိတ်အနှောင့်အယှက်ဖြစ်စေသူ ဖြစ်သော်လည်း ဧကရာဇ်က မြောက်ပိုင်းမင်းသားကို ရှင်းလင်းရန် အမိန့်မပေးသောကြောင့် ပိုင်ချင်းချင်းကိုသာ ပစ်မှတ်ထားထားသည်။

ထိုအချိန်တွင် လုချန်းက လှည်းထဲမှထွက်လာပြီး လှည်းမောင်းသူ၏နေရာတွင် ထိုင်လိုက်ကာ ပိုင်ချင်းချင်းနှင့် ဝမ်ကျန်းတောင်တို့၏ တိုက်ပွဲကို ကြည့်ရှုနေသည်။

ဝမ်ကျန်းတောင်နှင့် ပိုင်ချင်းချင်းတို့ကြား ပြောဆိုနေမှုကို ကြားပြီးနောက် ထိုလူသည် ပိုင်ချင်းချင်းအား အရိပ်ကိုယ်ရံတော်တစ်ဦးအဖြစ် လေ့ကျင့်ပေးခဲ့သူဖြစ်မည်ဟု လုချန်း နားလည်လိုက်သည်။ ခံစားချက်ကင်းမဲ့သော အရိပ်ကိုယ်ရံတော်တစ်ဦး ဖြစ်စေရန် ပိုင်ချင်းချင်း၏ ကလေးဘဝတွင် များစွာ‌ သော နာကျင်မှုများကို ခံစားခဲ့ရ၏။ ထို့ကြောင့် လုချန်းက ပိုင်ချင်းချင်းအား လက်စားချေခွင့်ကို ပေးလိုက်ခြင်းဖြစ်သည်။

ပိုင်ချင်းချင်း ဝမ်ကျန်းတောင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက လုချန်း ဝင်ရောက်စွက်ဖက်မည်ဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးအနေနှင့် သူသည် သူ့အနီးအနားရှိ အသေးစိတ် လှုပ်ရှားမှုတိုင်းကို အလွန်နိုးကြားစွာ သတိပြုမိနေသည်။ ပိုင်ချင်းချင်း အန္တရာယ်ကျရောက်နေပါက သူ ချက်ချင်းကယ်တင်နိုင်သည်။

ပိုင်ချင်းချင်း ဝမ်ကျန်းတောင်ဆီသို့ ရောက်ရှိခါနီးတွင် ဝမ်ကျန်းတောင်က ခြေတစ်ချက် ဆောင့်လိုက်ကာ အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ပြီး ပိုင်ချင်းချင်းထံသို့ မမြင်ရသော ဓားလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

မြင်း‌ပေါ်မှ ပိုင်ချင်းချင်းကတော့ မတုန်မလှုပ် ရှိနေဆဲဖြစ်သည်။ ထို့နောင် သူမက မြင်းပေါ်မှ ခုန်ဆင်းပြီး ဝမ်ကျန်းတောင်ဆီသို့ ဓားလှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ သူမ၏ဓားလှိုင်းသည် ဝမ်ကျန်းတောင်၏ဓားလှိုင်းနှင့် တိုက်မိပြီး ပတ်ဝန်းကျင်ရှိသစ်ပင်များကို နှစ်ပိုင်းပြတ်သွား‌စေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တုန်ခါသွားသည်။

ပထမဆုံးတိုက်ကွက်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဝမ်ကျန်းတောင် သတိထားမိလာသည်။ ပိုင်ချင်းချင်း၏ အင်အားသည် သူ့ထက် သာလွန်နေနိုင်သည်ဟု နားလည်လိုက်ခြင်းဖြစ်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

ပိုင်ချင်းချင်း နေပြည်တော်မှ ထွက်ခွာသွားစဉ်က ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ခါစပင် ရှိသေးသည်။ သူမ၏အင်အားက သူ့ထက် မသာလွန်နေသင့်ပေ။

သူတို့၏ တိုတောင်းသော ထိတွေ့တိုက်ပွဲမှတဆင့် ပိုင်ချင်းချင်း၏အဆင့်သည် ထိပ်သီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး သာမန် ထိပ်သီးပညာရှင်နှင့် သိသိသာသာ ကွဲပြားနေသည်ကို ဝမ်ကျန်းတောင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဝမ်ကျန်းတောင် မြေပေါ်သို့ ဆင်းသက်လာကာ ပြုံးလိုက်ပြီး

“ပိုင်ခေါင်းဆောင်ရဲ့ စွမ်းအားက မြောက်ပိုင်းမင်းသားစံအိမ်မှာ‌ နေရင်း တော်တော်တိုးတက်လာတာပဲ။ မင်းသားက မင်းကို ဘာအကျိုးအမြတ်တွေပေးခဲ့လို့ သစ္စာဖောက်ရတာလဲ။”

ပိုင်ချင်းချင်းက ဝမ်ကျန်းတောင်၏စကားကို လျစ်လျူရှုပြီး အရိပ်တစ်ခုသဖွယ် သူ့ဆီသို့ ပြေးဝင်သွားသည်။ နောက်ခဏတွင် သူမ၏ဓားမှ အေးစက်သောအလင်းတန်းတစ်ခုက ဝမ်ကျန်းတောင်၏ လည်ပင်းကို တိုက်ရိုက်ဦးတည်လာသည်။

သို့သော် ဝမ်ကျန်းတောင်က တုန်လှုပ်ခြင်း မရှိပဲ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ မျက်လုံးတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကို မြင်ရတော့ လုချန်းပင် ခဏခန့် အံ့အားသင့်သွားသည်။ သူ၏မျက်လုံးများက ဝမ်ကျန်းတောင်နှင့် ပိုင်ချင်းချင်းအပေါ်တွင် စိုက်ကြည့်နေစဉ် ဝမ်ကျန်းတောင် ဤမျှမြန်ဆန်စွာ ပျောက်ကွယ်သွားမည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော် အဆင့်လွန်ပညာရှင်တစ်ဦးအနေဖြင့် မကြာမီ ဝမ်ကျန်းတောင်၏ တည်ရှိမှုကို လုချန်း ထပ်မံခံစားလိုက်သည်။ ထိုအချိန်တွင် ဝမ်ကျန်းတောင်က ပိုင်ချင်းချင်း၏နောက်တွင် ပြန်ပေါ်လာပြီဖြစ်သည်။

အလင်းတန်းတစ်ခုက ပိုင်ချင်းချင်း၏ခါးဆီသို့ ဦးတည်သွားပြီး သူမနှင့် အလွန်နီးကပ်သွားသည်။ လုချန်း ဝင်ရောက်တားဆီးတော့မည့် ပိုင်ချင်းချင်းက သူမ၏ခန္ဓာကိုယ်ကို နောက်သို့ယိမ်းလိုက်ပြီး

ဝမ်ကျန်းတောင်၏ဓားကို လှပစွာ ရှောင်တိမ်းလိုက်သည်။

ထို့နောက် ပိုင်ချင်းချင်းက ဓားဖြင့်ပြန်လည်တိုက်ခိုက်သော်လည်း ဝမ်ကျန်းတောင် တစ်ဖန်ပျောက်ကွယ်သွားသဖြင့် ဘာအနာတရမှ မဖြစ်စေနိုင်ခဲ့ပေ။

ဝမ်ကျန်းတောင်သည် ထိုနည်းအတိုင်း ဆက်လက်တိုက်ခိုက်နေပြီး သူ၏လှုပ်ရှားမှုများသည် နားလည်ရခက်ကာ ပိုင်ချင်းချင်းကို ဖိအားပေးနေသည်။ ဝမ်ကျန်းတောင်၏နည်းလမ်းများသည် အလွန်မာယာများပြီး သူ၏ အလင်းအရိပ်ကျင့်စဉ်နှင့် အလားသဏ္ဍာန်တူပြီး ရန်သူ၏ တိုက်ခိုက်မှုများကို အလွယ်တကူရှောင်ရှားနိုင်ကြောင်း လုချန်းသတိပြုမိလိုက်သည်။

ပိုင်ချင်းချင်းသည် နောက်ကျောမှ ဖိအားပေးခံနေရသော်လည်း အဆင့်မြင့် ထိပ်သီးအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူမ၏ တုံ့ပြန်မှုများက မြန်ဆန်လှသည်။ ဝမ်ကျန်းတောင်အတွက် သူမကို အလွယ်တကူ ထိခိုင်စေနိုင်ဖို့ မဖြစ်နိုင်ပေ။ ရောက်လာမည့် တိုက်ခိုက်မှုတိုင်းကို သူမ ကြိုတင်ခန့်မှန်းနိုင်နေသည်။

ထိုအချိန်တွင် လုချန်းက သူ၏ကိုယ်ရံတော်များနှင့် မြင်းလှည်းကိုဝိုင်းရံထားသော အရိပ်ကိုယ်ရံတော်များကို ကြည့်ရင်း ပြက်ရယ်ပြုလိုက်သည်။

“ခင်ဗျားတို့ ဘာလို့ တိုက်ပွဲမှာ ဝင်မပါကြတာလဲ။ ကျုပ်လှည်းကိုဝိုင်းပြီး ဘာလုပ်နေကြတာလဲ။”

.........

All Chapters