အခန်း ၃၈၈-၃၉၀
Vol. 26 Ch. 388-390
အခန်း (၃၈၈)
မင်းသား၏ မိန်းမ (၂)
ထိုစကားကို ကြားလိုက်ရသော်လည်း အရိပ်ကိုယ်ရံတော်များက ဘာမှပြန်မပြောကြပဲ မင်းသားစံအိမ်၏ လှည်းကို ဆက်လက်ဝိုင်းရံထားလျက် ရပ်နေကြသည်။
ထိုအချိန်တွင် ဝမ်ကျန်းတောင်လည်း သူ မည်မျှပင် တိုက်ခိုက်သည်ဖြစ်စေ ပိုင်ချင်းချင်းကို မသတ်နိုင်ကြောင်း သိမြင်လာသည်။ သူမသည် အမြဲတမ်း အချိန်မီ တုံ့ပြန်နိုင်ခဲ့သည်။
ပိုင်ချင်းချင်း၏ ဓားသိုင်းပညာကို ဝမ်ကျန်းတောင် ကိုယ်တိုင်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူမ၏ သိုင်းကွက်များကို အလွန်ရင်းနှီးစွာ သိရှိထားသည်။ မူလက သစ္စာဖောက်ဖြစ်သူ ပိုင်ချင်းချင်းကို အလွယ်တကူ ဖယ်ရှားနိုင်မည်ဟု ထင်ခဲ့၏။ သူ မမျှော်လင့်မထားသည့်အချက်မှာ ပိုင်ချင်းချင်းသည် အဆင့်မြင့် ထိပ်သီးပညာရှင်အဆင့်သို့ ဤမျှတိုတောင်းသောကာလအတွင်း ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူကိုယ်တိုင် ရင်ဆိုင်ရ ခက်ခဲနေပြီ ဖြစ်သည်။
မကောင်းပါ။ ဒီအတိုင်း အချိန်ကြာနေပါက မင်းသားစံအိမ်မှ အဆင့်လွန်ပညာရှင် ရောက်ရှိလာလျှင် သူ၏ တာဝန် အလွယ်တကူ ပျက်သွားနိုင်သည်။
သူသည် ဆွမ်ဧကရာဇ်၏ ကျန်ရှိနေသေးသည့် အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး သူ၏တာဝန်များကို မည်သည့်အခါကမှ ပျက်ကွက်ခဲ့ဖူးခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ပျက်ကွက်သူအားလုံးကို ဆွမ်ဧကရာဇ်က ဖယ်ရှားပစ်ခဲ့သောကြောင့်ဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း တာဝန်ပျက်ကွက်ပါက သေခြင်းတရားသည်သာ သူ့ကိုစောင့်မျှော်နေလိမ့်မည်။
ထိုအချိန်တွင် ဝမ်ကျန်းတောင်သည် သူ၏အင်္ကျီလက်မှ ဆေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ဝမ်ကျန်းတောင် ဆေးသောက်လိုက်သည်ကို မြင်လိုက်ရတော့ ပိုင်ချင်းချင်း၏ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားသည်။
အရိပ်ကိုယ်ရံတော်များ၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ပိုင်ချင်းချင်းသည် အရိပ်ကိုယ်ရံတော်များတွင် သွေးကြောပေါက်ဆေးဟုခေါ်သော ဆေးတစ်မျိုးရှိကြောင်း သိရှိထားသည်။ ထိုဆေးကို သောက်သုံးပါက သိုင်းပညာရှင်၏ စွမ်းရည်သည် သွေးပွက်မီးလျှံ စွမ်းအားထုတ်သုံးသည့် အခြေအနေကဲ့သို့ပင် တစ်ခဏအတွင်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
သို့သော် သွေးကြောပေါက်ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ အလွန်နည်းပါးပြီး တစ်လမှ နှစ်လအတွင်း ပြန်လည်နာလန်ထူနိုင်သည်။
ဝမ်ကျန်းတောင် အခုသောက်လိုက်သည်က သွေးကြောပေါက်ဆေးပင်ဖြစ်ရမည်။
နောက်ခဏတွင် ဝမ်ကျန်းတောင်၏ ဓားသိုင်းပညာသည် ရုတ်တရက် များစွာပိုမိုထက်မြက်လာပြီး သူ၏တိုက်ခိုက်မှုများမှာ သိသိသာသာ ပိုမိုအားကောင်းလာသည်။ ယခင်က လျှို့ဝှက်တိုက်ခိုက်ရန် ကြိုးစားနေသည့် ဝမ်ကျန်းတောင်သည် ယခုအခါတွင် ပိုင်ချင်းချင်းကို တိုက်ရိုက်ရင်ဆိုင်နေသည်။
ဓားချင်းထိမိပြီး မီးပွင့်များ ထွက်လာကာ သူတို့အနီးရှိ သစ်ပင်များလည်း တစ်ပင်ပြီး တစ်ပင် လဲကျကုန်သည်။
ထိုအချိန်တွင် ပိုင်ချင်းချင်း စတင်ဖိအားပေး ခံလာရသည်။ ဝမ်ကျန်းတောင် သင်ကြားပေးခဲ့သည့် ဓားသိုင်းပညာ ဖြစ်သဖြင့် သူက သိုင်းကွက်များနှင့် အလွန်ရင်းနှီးနေပြီးဖြစ်သည်။ သူမ၏အဆင့်ကို အခြေခံ၍သာ ဝမ်ကျန်းတောင်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဝမ်ကျန်းတောင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းရည်များ တိုးပွားလာသည်နှင့်အမျှ ပိုင်ချင်းချင်းလည်း မပြည့်အဝ မခုခံနိုင်တော့ပဲ နောက်ဆုတ်လာရတော့သည်။
ထိုစဉ် ဝမ်ကျန်းတောင်၏ဓားချက်တစ်ချက်မှ ထွက်ပေါ်လာသော အားလှိုင်းက ပိုင်ချင်းချင်းကို လေထဲသို့ လွင့်စင်သွားစေသည်။ သူမ၏ ဓားဖြင့် တစ်စိတ်တစ်ပိုင်း ကာကွယ်နိုင်သော်လည်း ခြေလှမ်းဆယ်လှမ်းခန့် အကွာတွင် လဲကျသွားပြီး သွေးအန်သွားသည်။ သူမ အတွင်းဒဏ်ရာရရှိသွားကြောင်း ထင်ရှား၏။
ပိုင်ချင်းချင်း ဝမ်ကျန်းတောင်နှင့် မယှဉ်နိုင်ကြောင်း မြင်သောအခါ လုချန်းလည်း ဆက်လက်ကြည့်ရှုနေရန် အစီအစဉ်မရှိတော့ပဲ ချက်ချင်း လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။
လုချန်း ပိုင်ချင်းချင်းထံသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ အရိပ်ကိုယ်ရံတော်များက ချက်ချင်း သူ့ကိုဝိုင်းရံလိုက်ပြီး အဆင့်ကိုး အရိပ်ကိုယ်ရံတော်တစ်ဦးက
“မြောက်ပိုင်းနယ်စားမင်းသား။ ခင်ဗျား နောက်တစ်လှမ်း ဆက်တိုးရင် ကျွန်တော်တို့ တိုက်ခိုက်ပါမယ်။ အဲ့ဒီကျရင် ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့။”
အရိပ်ကိုယ်ရံတော်၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည်နှင့် လုချန်းက အေးစက်စွာ ပြုံးလိုက်သည်။
“ခင်ဗျားက ဒီနှစ်အတွင်း ကျွန်တော့်ကို ဒီလိုခြိမ်းခြောက်တဲ့ ပထမဆုံးလူပဲ။”
ပြောပြီးသည်နှင့် အရိပ်ကိုယ်ရံတော်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လုချန်းထံသို့ ပျံသန်းသွား၏။ သူလွတ်မြောက်ရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်သည်။
မကြာမီ လုချန်းက သူ၏လည်ပင်းကို ဆုပ်ကိုင်နေသည်ကို ထိုအရိပ်ကိုယ်ရံတော်သည် ခံစားမိလိုက်ပြီး သူ၏စွမ်းရည်များ အလျင်အမြန် ကုန်ခမ်းနေကြောင်း သိရှိလာသည်။
ထိုအချင်းအရာကို မြင်သောအခါ အခြားအရိပ်ကိုယ်ရံတော်များလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိကြသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စွမ်းအားကို သူတို့ အလွန်အမင်း လျှော့တွက်မိကြသည်။
ထို့နောက် အရိပ်ကိုယ်ရံတော်တစ်ဦးက
“တိုက်ခိုက်ကြ”
ဟု အော်ဟစ်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားကို သတ်ရန် အမိန့်မရရှိသေးသော်လည်း သူတို့၏တာဝန်ကို ဟန့်တားပါက ယဉ်ကျေးနေတော့မည် မဟုတ်ပေ။
ထိုအတောအတွင်း။
မဝေးလှသော နေရာတစ်ခုတွင် ရှိနေသော ဝမ်ကျန်းတောင်လည်း လှည်းအနီးတွင် ဖြစ်ပျက်နေသည်ကို သတိထားမိလာသည်။ အရိပ်ကိုယ်ရံတော်များ ရုတ်တရက် လုချန်းကို တိုက်ခိုက်သည်ကို မြင်သောအခါ သူ၏နဖူးတွင် အရေးကြောင်းများ ပေါ်လာသည်။
ထိုအချိန်တွင် လုချန်း၏ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အရိပ်ကိုယ်ရံတော်အားလုံးကို မြေပြင်ပေါ်သို့ လဲကျစေလိုက်သည်။
လုချန်းထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားရသည်နှင့် အရိပ်ကိုယ်ရံတော်အားလုံး အံ့အားသင့်သွားကြသည်။ ဝမ်ကျန်းတောင်ပင် အံ့အားသင့်သွားသည်။
“အဆင့်လွန်ပညာရှင်။”
ဘယ်လိုဖြစ်နိုင်မှာလဲ။
မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းဒေသ ရောက်ရှိနေသည်က လေးနှစ်မပြည့်သေးပါ။ သူဘယ်လိုနည်းနှင့် အဆင့်လွန်ပညာရှင်ဖြစ်လာမှာလဲ။
မြောက်ပိုင်းနယ်စားမင်းသား ဤခရီးအတွက် လူအနည်းငယ်သာ ခေါ်ဆောင်လာခြင်းကို အံ့ဩစရာ မလိုတော့ပါ။ သူသည် အဆင့်လွန်ပညာရှင်ဖြစ်နေပြီ ဖြစ်သည်။ လုပ်ကြံခံရမည်ကို ဘယ်လိုမှ မကြောက်ရွံ့နိုင်တော့ပါ။
ဝမ်ကျန်းတောင် အလျင်အမြန် သတိပြန်ဝင်လာပြီး စိတ်ထဲတွင် “မကောင်း
တော့ဘူး” ဟု ရေရွတ်လိုက်သည်။
သူတို့ လှည့်စားခံလိုက်ရပြီဖြစ်သည်။
ဒါက မြောက်ပိုင်းမင်းသား၏ ထောင်ချောက်တစ်ခုဖြစ်ပြီး ပိုင်ချင်းချင်းကို ဖယ်ရှားလိုသူများကို မျှားခေါ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ အခုတော့ သူတို့ ဒုက္ခများပြီဖြစ်သည်။
အဆင့်လွန်ပညာရှင်တစ်ဦးကို ရင်ဆိုင်နိုင်စွမ်း သူတို့တွင် လုံးဝမရှိပါ။
ထိုအချိန်တွင် ဝမ်ကျန်းတောင်က ဒဏ်ရာရရထားသော ပိုင်ချင်းချင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ဒီနေ့ သူတို့ ဆုတ်ခွာရုံပဲ ရှိတော့မလား။
မဖြစ်နိုင်ပါ။
တာဝန်မပြီးမြောက်ပါက ပြန်ရောက်သည်နှင့် သေခြင်းတရားသာ စောင့်မျှော်နေမည်။
ထိုအတွေးဖြင့် ဝမ်ကျန်းတောင်သည် သူ၏လက်ထဲရှိ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ပိုင်ချင်းချင်းထံသို့ ပြေးသွားလိုက်သည်။ လုချန်း အာရုံထွေပြားနေစဉ် အခွင့်ကောင်းယူကာ သူမကိုသတ်ပြီး အရိပ်ပြောင်းနည်းဖြင့် ထွက်ပြေးရန် ရည်ရွယ်သည်။
လုချန်းသည် အဆင့်လွန်ပညာရှင်ဖြစ်နေသော်လည်း သူသည် အလွန်ငယ်ရွယ်နေဆဲဖြစ်သည်။ ဝမ်ကျန်းတောင်သည် သူ၏ အရိပ်ပြောင်းနည်းကို အလွန်ယုံကြည်မှုရှိပြီး အဆင့်လွန်ပညာရှင်တစ်ဦးတောင်မှ သူ့ကိုဖမ်းယူနိုင်မည်မဟုတ်ဟု ထင်မှတ်ထားသည်။
ရုတ်တရက် ဝမ်ကျန်းတောင် ပိုင်ချင်းချင်းရှေ့တွင် ပေါ်လာပြီး သူမ၏ဦးခေါင်းကို ဓားဖြင့်ခုတ်ချလိုက်သည်။
ထိုအချင်းအရာကို မြင်သောအခါ လုချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဝမ်ကျန်းတောင်က သူ့ရှေ့မှောက်တွင် လူသတ်ရန် ကြိုးစားနေသည်။
နောက်မျက်စိတစ်မှတ်အတွင်း အလင်းအရိပ်ပြောင်းနည်းကို အသုံးပြု၍ လုချန်း၏ခန္ဓာကိုယ်သည် ပိုင်ချင်းချင်းဘေးတွက် ရုတ်တရက် ပေါ်ထွက်လာပြီး ဝမ်ကျန်းတောင်၏ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်လိုက်သည်။
ဝမ်ကျန်းတောင် အံ့အားသင့်သွားသည်။
“ဒီလောက်မြန်တယ်။”
.........
အခန်း (၃၈၉)
မင်းသား၏ မိန်းမ (၃)
လုချန်းက သူ၏လက်ချောင်းများဖြင့် ဝမ်ကျန်းတောင်၏ ဓားကို ဖမ်းယူလိုက်တော့ ဝမ်ကျန်းတောင်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
ထိုအချိန်တွင် လုချန်းက
“ ခင်ဗျားအရမ်းအတင့်ရဲတယ် ဝမ်ကျန်းတောင်။ ကျွန်တော့်ရှေ့မှာတောင် ကျွန်တော့်မိန်းမကို သတ်ဖို့ ကြံရဲတယ်။”
ထိုစကားကို ပြောပြီးနောက် လုချန်းက ဒဏ်ရာရနေသော ပိုင်ချင်းချင်းကို ချက်ချင်း ပွေ့ဖက်လိုက်ကာ ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် ကုသပေးလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ပိုင်ချင်းချင်း၏ ဖြူဖပ်ဖြူလျော်ဖြစ်နေသော မျက်နှာ အနည်းငယ် နီမြန်းသွားသည်။ အထူးသဖြင့် “ကျွန်တော့်မိန်းမ” ဆိုသည့် စကားလုံးက သူမ၏ နှလုံးခုန်နှုန်းကို မထိန်းနိုင်အောင် မြန်ဆန်စေခဲ့သည်။
လုချန်းက သူ၏နာမည်ကို တိုက်ရိုက်ထုတ်ပြောလိုက်သည်ကို သတိထားမိသွားသော ဝမ်ကျန်းတောင်က
“မင်းသားက ကျွန်တော့်နာမည်ကိုတောင် သိပြီးသား ဖြစ်နေတာကိုး။ ပိုင်ချင်းချင်းက အကုန်ပြောပြီးပြီပေါ့။ မင်းသားအနေနှင့် ဒုက္ခတွေ မဖိတ်ခေါ်ချင်ဘူးဆိုရင် ပိုင်ချင်းချင်းကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ။”
လုချန်းက အေးဆေးစွာဖြင့်
“ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တဲ့လူတွေရဲ့ အဆုံးသတ်ဟာ အမြဲတမ်း မကောင်းခဲ့ဘူး။”
ထိုစကားကို ပြောပြီးနောက် လုချန်း၏ ပတ်ဝန်းကျင်တွင် အတွင်းအားလှိုင်း ဖိအားများ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ အကွာအဝေး အတိုင်းအတာတစ်ခုတွင် ရှိနေသော ဝမ်ကျန်းတောင်လည်း အသက်ရှူရပင် ခက်ခဲလာခဲ့သည်။
ယနေ့ လုပ်ကြံမှု ကျရှုံးသွားပြီဖြစ်ပြီး ပိုင်ချင်းချင်းကို နောက်အခါမှသာ နည်းလမ်းရှာပြီး သတ်ရတော့မည်ဖြစ်ကြောင်း ဝမ်ကျန်းတောင် တွေးလိုက်သည်။ ထို့ကြောင့် အချိန်မဆွဲတော့ပဲ ထွက်ပြေးရန် သူဆုံးဖြတ်လိုက်သည်။ ဒီအတိုင်း ဆက်နေပါက သူကိုယ်တိုင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအတွေးဖြင့် ဝမ်ကျန်းတောင်၏ ခန္ဓာကိုယ် ချက်ချင်းပျောက်ကွယ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ဝမ်ကျန်းတောင် ထွက်ပြေးသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး ပိုင်ချင်းချင်းကို လွှတ်လိုက်၏။ ထို့နောက် အလင်းတန်း တစ်ခုကဲ့သို့ ရွေ့လျားသွားပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ နောက်ခဏတွင် ဝမ်ကျန်းတောင် နောက်ပြန်လွင့်စင်သွားကာ သစ်ပင်များနှင့် တိုက်မိပြီး ထိုအရှိန်ကြောင့် သစ်ပင်ဆယ်ပင်ကျော်ခန့် ပြိုလဲသွားသည်။
ဝမ်ကျန်းတောင် သွေးများအန်ထုတ်လိုက်ပြီး မြေပေါ်တွင် လဲလျောင်းလျက် လုချန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်။
“ကျွန်တော့်ရဲ့ ရွေ့လျားမှုကို ဘယ်လိုလုပ် သိသွားတာလဲ။”
ဝမ်ကျန်းတောင်သည် သူ၏ အရိပ်ပြောင်း ရွေ့လျားနိုင်စွမ်းကို အမြဲယုံကြည်မှုရှိခဲ့သည်။ သူ၏အမြင်တွင် ကျူးကဲ့ကျုံကောင်းကဲ့သို့ ကောင်းကင်လူသားအဆင့်နီးပါးရှိနေသော အဆင့်လွန်ပညာရှင်များမှလွဲ၍ သူ့ကို မည်သူမှ မဖမ်းမိနိုင်ပေ။
လုချန်းသည် အသက်ငယ်ရွယ်နေသေးပြီး အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးသည့်တိုင် သူ၏စွမ်းအားသည် ထိုမျှကြီးမားနိုင်မည် မဟုတ်ဟု ဝမ်ကျန်းတောင် ထင်မှတ်ထားသည်။ သို့သော် လုချန်းက ဝမ်ကျန်းတောင်၏ တည်နေရာကို ချက်ချင်းသိရှိနိုင်ခဲ့ပြီး ထိုးနှက်နိုင်ခဲ့ခြင်းက ဝမ်ကျန်းတောင်အား အလွန်အမင်း ထိတ်လန့်စေခဲ့သည်။
လုချန်းင ဝမ်ကျန်းတောင်ဘက်သို့ ချဉ်းကပ်လာရင်း
“ဝမ် ခေါင်းဆောင်။ ခင်ဗျားက ကျွန်တော့်မိန်းမကို ထိပါးပြီး ဘာမှပြန်မပေးရပဲ ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်ထားတာလား။ ကျွန်တော့်ကို နည်းနည်း လျှော့တွက်ထားတာလား။”
လုချန်း ပိုမိုနီးကပ်လာသည်နှင့်အမျှ ဝမ်ကျန်းတောင်က
“မြောက်ပိုင်းနယ်စားမင်းသား။ ကျွန်တော်က ဆွမ်ဧကရာဇ်ရဲ့လူပါ။ သူကိုယ်တိုင် ကျွန်တော့်ကို စေလွှတ်တာပါ။ အကယ်၍ မင်းသားက ကျွန်တော့်ကို ထိပါးရဲမယ်ဆိုရင် ဧကရာဇ်သိသွားတဲ့အခါ မင်းသားကို ပုန်ကန်မှုနဲ့ စွပ်စွဲမှာပဲ။”
ဟု ချက်ချင်းပြောလိုက်သည်။
လုချန်းသည် အေးစက်စွာဖြင့်
“ပုန်ကန်မှုလား။ ခင်ဗျားသေသွားရင် ဒါတွေ အားလုံးကို ကျွန်တော်လုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ။”
သူ၏စကားဆုံးသွားသည်နှင့် လုချန်းက လက်ကို မြှောက်လိုက်သည်။ လုချန်း အမှန်တကယ် သူ့ကိုသတ်တော့မည်ကို မြင်သောအခါ ဝမ်ကျန်းတောင်လည်း ချက်ချင်းပင် သူ၏အတွင်းအား အားလုံးကို စုစည်းပြီး သွေးပွက်မီးလျှံ စွမ်းအားကို ထုတ်သုံး၍ နောက်တစ်ကြိမ် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ဝမ်ကျန်းတောင် သူ၏အတိုင်းအတာကို သူသိသည်။ သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုပြီးသည့်တိုင် အဆင့်လွန်ပညာရှင်နှင့် ယှဉ်နိုင်မည်မဟုတ်ဟု သူနားလည်သည်။ အဓိကပြဿနာမှာ လုချန်းသည် သူ၏တည်နေရာကို သိရှိနိုင်သော အဆင့်လွန်ပညာရှင် ဖြစ်နေခြင်း ဖြစ်သည်။
ဝမ်ကျန်းတောင် အကြောက်ဆုံးမှာ သူ၏တည်နေရာကို သိရုံသာမက သူ၏အမြန်နှုန်းကိုပါ လိုက်မီနိုင်သော အဆင့်လွန်ပညာရှင်ဖြစ်ပြီး လုချန်းမှာ အတိအကျ ထိုကဲ့သို့သောသူဖြစ်နေသည်။
ဝမ်ကျန်းတောင် ထပ်မံထွက်ပြေးသည်ကို မြင်သောအခါ လုချန်းလည်း မတွန့်ဆုတ်ပဲ အလင်းအရိပ်ကျင့်စဉ်ကို ထပ်မံအသုံးပြုလိုက်သည်။
ထိုအချိန်တွင် ဝမ်ကျန်းတောင် နောက်ပြန်လှည့်ကြည့်တော့ လုချန်းကို မမြင်ရတော့သည့်အတွက် စိတ်သက်သာရာရခဲ့သော်လည်း မျက်စိတစ်မှိတ်ခန့်တွင် လက်တစ်ဖက်က သူ၏လည်ပင်းကို ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။
ဝမ်ကျန်းတောင် တစ်ကိုယ်လုံး ချက်ချင်း အေးခဲသွားသည်။
ဒါ ဘယ်လိုဖြစ်တာလဲ။
ထိုအခါမှ လုချန်းအသုံးပြုနေသော ကျင့်စဉ်သည် သူ၏ကျင့်စဉ်နှင့် အလွန်ဆင်တူပြီး ကိုယ်ခန္ဓာကို ပျောက်ကွယ်စေနိုင်ကြောင်း ဝမ်ကျန်းတောင် နားလည်လာခဲ့သည်။
သို့သော် လုချန်းက ပိုမြန်နေသည်။ အကြောင်းမှာ လုချန်းသည် အဆင့်လွန်ပညာရှင်တစ်ယောက်ဖြစ်၏။ ဝမ်ကျန်းတောင် မည်သို့ကြိုးစားစေကာမူ နောက်ဆုံးတွင် လုချန်း၏လက်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အသက်ချမ်းသာပေးရန် ပြောမည့် အချိန်တွင် သူ၏အတွင်းအားများ လုချန်းဆီသို့ မရပ်မနား စီးဆင်းသွားနေသည်ကို ခံစားလိုက်ရသည်။
ဝမ်ကျန်းတောင် ပို၍ထိတ်လန့်သွားသည်။
ဒါ ဘယ်လိုသိုင်းပညာလဲ။
အခြားသူများ၏ အတွင်းအားကို စုပ်ယူနိုင်သော ယခုလို ပညာရပ်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
အသက်ဘေးအန္တရာယ်ကြောင့် ဝမ်ကျန်းတောင်က
“အသက်... ချမ်းသာပေးပါ...”
ဟု တောင်းပန်လိုက်သည်။
ဝမ်ကျန်းတောင်၏ အတွင်းအားတစ်ဝက်ကို စုပ်ယူပြီးနောက် လုချန်းက သူ့ကို မြေပေါ်သို့ ပစ်ချလိုက်သည်။ ဝမ်ကျန်းတောင်က ချက်ချင်းဒူးထောက်ကာ
“ အသက်သာချမ်းသာပေးပါ မင်းသား။ ကျွန်တော်က ဧကရာဇ်ရဲ့ အမိန့်ကြောင့်သာ ပိုင်ချင်းချင်းကို သတ်ဖို့လာတာပါ။ မင်းသားကို ထိပါးဖို့ စိတ်ကူးတောင် မရှိပါဘူး။”
လုချန်းက အေးစက်စွာဖြင့်
“ပိုင်ချင်းချင်းက ကျွန်တော့်မိန်းမ။ သူ့ကိုထိပါးတာက ကျွန်တော့်ကိုထိပါးတာနဲ့ အတူတူပဲ။”
ဝမ်ကျန်းတောင်က ဆက်ပြောလိုက်သည်။
“အသက်သာချမ်းသာပေးပါ မင်းသား။ ဧကရာဇ်ရဲ့ လျှို့ဝှက်ချက် တချို့ကို ကျွန်တော်သိထားပါတယ်။ ကျွန်တော့်ကို မသတ်ဘူးဆိုရင် ဒီလျှို့ဝှက်ချက်တွေအားလုံးကို မင်းသားကို ပြောပြပါမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည်
“အိုး။ ခင်ဗျားက ကျွန်တော့်ဖခင်ရဲ့လျှို့ဝှက်ချက်တွေကို သိထားတယ်တဲ့လား”
ဟု စဉ်းစားသလို ပြောလိုက်သည်။
ဝမ်ကျန်းတောင်ကို လုချန်း မသတ်ရသေးခြင်းမှာ အသုံးဝင်နိုင်သေးသည်ဟု ယူဆသောကြောင့်ဖြစ်သည်။ အရိပ်ကိုယ်ရံတော်များ၏ ခေါင်းဆောင်ဖြစ်ပြီး ဆွမ်ဧကရာဇ်နှင့် နီးစပ်သူဖြစ်သည့်အတွက် ဝမ်ကျန်းတောင်သည် ဧကရာဇ်အတွက် ညစ်ပတ်သော အလုပ်များစွာကို လုပ်ကိုင်ပေးခဲ့ဖူးပြီး ဧကရာဇ်၏ လျှို့ဝှက်ချက်များကိုလည်း အသိဆုံးသူ ဖြစ်နိုင်သည်။
လုချန်း မယုံကြည်မည်ကို စိုးသဖြင့် ဝမ်ကျန်းတောင်က
“မင်းသား။ မင်းသားရဲ့ မိခင်ကွယ်လွန်ရတာက ဧကရာဇ်ရဲ့ အစီအမံကြောင့်ပါ။ ဧကရာဇ်က မင်းသားကို သူ့သားအရင်း မဟုတ်ဘူးလို့ အမြဲယူဆခဲ့တာကြောင့် မင်းသားကို အမြဲပစ်ထားခဲ့ပြီး ဒီလိုဆင်းရဲတဲ့ မြောက်ပိုင်းမြို့တော်ကို စေလွှတ်ခဲ့တာပါ”
ဟု မြန်မြန်ပြောလိုက်သည်။
ဝမ်ကျန်းတောင်၏ စကားက လုချန်းကို အံ့သြမင်တက်သွားစေခဲ့သည်။
သူ၏မိခင်ကွယ်လွန်ရခြင်းက ဆွမ်ဧကရာဇ်၏လုပ်ရပ်ဖြစ်နိုင်သည်ဟု သူသံသယရှိထားသော်လည်း ဧကရာဇ်က သူ့ကို သားအစစ်မဟုတ်ဟု ယူဆထားခြင်းကို တော့ မျှော်လင့်မထားခဲ့ပေ။
ဒါက ဘာကိုဆိုလိုတာလဲ။
သူ၏မိခင်က ဆွမ်ဧကရာဇ်ကို လှည့်စားခဲ့တာလား။
မျက်ခုံးကျုံ့ကာ လုချန်းက
“ ကျွန်တော့်ဖခင်က ကျွန်တော့်ကို သူ့သားအစစ်မဟုတ်ဘူးလို့ ဘာကြောင့်ထင်တာလဲ”
ဟု ဆက်မေးလိုက်သည်။
“ ယွဲ့မိဖုရားဟာ သူ့ကိုသစ္စာမရှိဘူးလို့ ဧကရာဇ်က သံသယရှိပါတယ်။ အဲ့ဒါကြောင့် မင်းသားဟာ တခြားယောက်ျားရဲ့သားဖြစ်တယ်လို့ ထင်နေတာ။ ဒီနှစ်တွေအတွင်း ဧကရာဇ်က အရိပ်ကိုယ်ရံတော်တွေကို မင်းသားရဲ့ဖခင်အစစ်ကို စုံစမ်းဖို့ အမိန့်ပေးခဲ့တယ်။ နောက်ပြီး ယွဲ့မိဖုရားနဲ့ အဆက်အဆံရှိခဲ့တဲ့ လူငယ်တွေအားလုံးကို အရိပ်ကိုယ်ရံတော်တွေက တိတ်တဆိတ် ကိုင်တွယ်ခဲ့ပါတယ်။”
..........
အခန်း (၃၉၀)
မင်းအရမ်းလှတာပဲ ရွန်ရွန် (၁)
ဝမ်ကျန်းတောင်၏ စကားကို ကြားလိုက်ပြီး နောက် လုချန်း အတွေးနက်နက်ထဲ နစ်မြုပ်သွားသည်။
ဆွမ်ဧကရာဇ် အဘယ်ကြောင့် သူ့အား ဤမျှဆိုးရွားစွာ ဆက်ဆံခဲ့သည်ကို သူအမြဲအံ့ဩမိခဲ့သည်။ ဧကရာဇ်အားလုံး၏ စိတ်ထားက မာကျောသည်ဟု သူထင်မှတ်ခဲ့သည်။ ထို့ပြင် ချူးယွဲ့၏သားဖြစ်သည့်အတွက် ဆွမ်ဧကရာဇ်က သူ့အား လုံးဝဂရုမစိုက်ပဲ သူ့အသက်ကို သတ်ဖြတ်ရန် ကြံစည်မှုများကိုပင် လျစ်လျူရှုခဲ့သည်ဟု ယူဆခဲ့သည်။
သို့သော် အမှန်တကယ်တော့ ဆွမ်ဧကရာဇ်၏မျက်လုံးထဲ၌ သူသည် သူ၏သားတစ်ဦး လုံးဝမဟုတ်ခဲ့ပေ။
သူ့မိခင် အဲ့ဒီအချိန်က ဘာတွေလုပ်ခဲ့တာလဲ။ဆွမ်ဧကရာဇ်က သူ့ကို သူရဲ့သားမဟုတ်ဟု ဘာကြောင့် ထင်ရတာလဲ။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်း ခေါင်းကိုက်လာသလို ခံစားရသည်။
သို့သော် ယောက်ျားအားလုံးသည် သစ္စာဖောက်ခံရခြင်းကို သည်းမခံနိုင်ကြသည်မှာ အတူတူပင်ဖြစ်သည်။ ယောက်ျားတစ်ဦးဖြစ်သည့်အတွက် လုချန်းလည်း ဆွမ်ဧကရာဇ်၏ ခံစားချက်ကို နားလည်နိုင်သည်။
သို့သော် ဆွမ်ဧကရာဇ်အနေနှင့် လုချန်းက သူရဲ့သား ဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်ရန် လုံလောက်သော အထောက်အထားများ ရှိရမည်မဟုတ်ပါလား။
ညဘက်ဖြစ်ပျက်ခဲ့သည်များအား မေ့လျော့သွားခြင်းကို သူ့မိခင်နှင့် သူအတူမနေခဲ့ရဟု ဆွမ်ဧကရာဇ် ထင်မှတ်ခဲ့ခြင်းလား။
ထိုကိစ္စကို ချူးယုချင်နှင့် ရှင်းလင်းစွာ ပြောဆိုရန် လိုအပ်မည်ဟု လုချန်းထင်သည်။
ချူးယုချင်သည် သူ့မိခင်၏ ရံရွေတော်ဖြစ်ပြီး သူမွေးဖွားမလာမီ ဖြစ်ပျက်ခဲ့သည်များကို ကောင်းစွာသိရှိသင့်သည်။
ထိုအချိန်တွင် လုချန်းက ဝမ်ကျန်းတောင်ကို ကြည့်ကာ
“ ကျွန်တော့် ဖခင်ရဲ့ အခြားလျှို့ဝှက်ချက်တွေ ရှိသေးသလား”
ဟု မေးမြန်းလိုက်သည်။
ဝမ်ကျန်းတောင်က ချက်ချင်းပြန်ဖြေလိုက်သည်။
“ဧကရာဇ်ဟာ အဆင့်လွန်ပညာရှင်တွေကို စုဆောင်းပြီး ကျူးကဲ့ကျုံကောင်းကို လုပ်ကြံဖို့ စီစဉ်နေပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏မျက်နှာ ချက်ချင်း ညိုမှောင်သွားသည်။ ထိုကဲ့သို့သော အရေးကိစ္စရှိကြောင်းကို အခုမှ သိရှိလိုက်ရသည်။
ကျူးကဲ့ကျုံကောင်း၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ဆွမ်ဧကရာဇ်သည် တောင်ပိုင်းရှိ အာဏာရှိမိသားစုများကို ဖြေရှင်းရန် မဟုတ်ပဲ မြောက်ပိုင်းပြည်နယ်ကို ရင်ဆိုင်ရန် အဆင့်လွန်ပညာရှင်များကို စုဆောင်းနေခြင်းဖြစ်သည်။
စနစ်မှ ဖိတ်ခေါ်ခဲ့သော ပညာရှိကြီး ကျူးကဲ့ကျုံကောင်း ထိုအရာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်က အံ့ဩစရာပင်ဖြစ်သည်။
လုချန်းသည် နောက်ထပ်မေးမြန်းရန် စဉ်းစားနေစဉ် ရုတ်တရက် ဝမ်ကျန်းတောင်၏ မျက်နှာ နီမြန်းလာပြီး ခန္ဓာကိုယ်လည်း ဖောင်းကားလာသည်ကို သတိထားမိလိုက်သည်။
လုချန်းလည်း ချက်ချင်း အန္တရာယ်ကို သတိထားမိလိုက်ပြီး အလင်းအရိပ်ရွေ့လျားနည်းဖြင့် အမြန်ဆုံး ရှောင်တိမ်းကာ ဝမ်ကျန်းတောင် အနားမှဝေးရာသို့ ရောက်သွားသည်။
ဝမ်ကျန်းတောင်က သူ၏လည်ချောင်းကို ဆုပ်ကိုင်ရင်း မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့်
“မင်းကြီး...”
ဟု အော်ဟစ်လိုက်သည်။
သူ၏အသံ ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ဝမ်ကျန်းတောင်၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ပျက်စီးစေကာ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ် ပေါ်သွားစေသည်။ ဝမ်ကျန်းတောင်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းကွဲထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ ကြည့်နေသည့် လုချန်းလည်း အံ့အားသင့်သွားခဲ့သည်။
ဘာဖြစ်သွားတာလဲ။
ဝမ်ကျန်းတောင် ဘာကြောင့် ရုတ်တရက် ကိုယ့်ကိုယ်ကို ပေါက်ကွဲစေခဲ့တာလဲ။
ဝမ်ကျန်းတောင်၏ စောနတုန်းက အပြုအမူအရ သူ့ဆီမှာ သူ့ကိုယ်သူ သတ်သေလိုစိတ် မရှိဟု ထင်ရ၏။ ထိုပေါက်ကွဲမှုသည် သူ၏ဆန္ဒမပါပဲ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်။ ဒါဆိုရင် သူဘာကြောင့် ပေါက်ကွဲသွားရတာလဲ။
သေခါနီးတွင် ဝမ်ကျန်းတောင်က
“မင်းကြီး” ဟု အော်ဟစ်ခဲ့သည်။ ဒါက ဆွမ်ဧကရာဇ်ရဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်လား။
လုချန်း ချက်ချင်း ပိုင်ချင်းချင်းထံသို့ ပြန်သွားခဲ့သည်။ သူမအား ထိုကိစ္စ မေးမြန်းရန် လိုအပ်သည်။ အကယ်၍ ဒါက ဆွမ်ဧကရာဇ်၏ လက်ချက်ဖြစ်ပါက အခြား အရိပ်ကိုယ်ရံတော်များတွင်လည်း ကိုယ့်ကိုယ်ကို ပေါက်ကွဲစေနိုင်သည့် အရာတစ်ခုခု ရှိနေနိုင်သည်။ ပိုင်ချင်းချင်းဆီမှာလည်း ရှိနေနိုင်သည်။
ပိုင်ချင်းချင်းထံ ရောက်ရှိသည်နှင့် လုချန်းက စကားမပြောဘဲ ပိုင်ချင်းချင်း၏ နုနယ်သောလက်ကို ဆုပ်ကိုင်ကာ ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
လုချန်း စိုးရိမ်နေသော အမူအရာဖြင့် ပြန်လာသည်ကို မြင်ရပြီး အဝေးမှ ပေါက်ကွဲသံကိုလည်း ကြားခဲ့ရသဖြင့် ပိုင်ချင်းချင်းက
“မင်းသား... သူသေသွားပြီလား”
ဟု ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
လုချန်းက
“ဝမ်ကျန်းတောင် သူ့ဘာ့သူ ပေါက်ကွဲသွားတယ်။ ဒါပေမဲ့ သူသေချင်ပုံမရဘူး။ သူဘာလို့ ဒီလိုပေါက်ကွဲသွားရတာလဲ ကိုယ်နားမလည်ဘူး”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်နှင့်
ပိုင်ချင်းချင်းက
“အရိပ်ကိုယ်ရံတော်တွေအားလုံးက အဆိပ်တစ်မျိုး သောက်ထားရတယ်။ ဒါနဲ့ သက်ဆိုင်နိုင်တယ်။”
ပိုင်ချင်းချင်း၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် လုချန်းက
“ထူးဆန်းတယ်။ မင်းမှာ အဆိပ်သင့်နေတဲ့ လက္ခဏာတစ်ခုမှ မတွေ့ရဘူး”
ဟု အံ့အားသင့်စွာ ပြောလိုက်သည်။
ပိုင်ချင်းချင်းသည်လည်း အရိပ်ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး ဒုတိယ ခေါင်းအဆင့်ပင် ရထားသူ ဖြစ်သည်။ ဆွမ်ဧကရာဇ်က ဝမ်ကျန်းတောင်အား သစ္စာဖောက်မှုအတွက် ကိုင်တွယ်ခဲ့ပါက ပိုင်ချင်းချင်းကိုလည်း အလားတူ ကိုင်တွယ်မည်မှာ သေချာသည်။ သို့သော် သူမ ဘာကြောင့် မထိခိုက်ရတာလဲ။
လုချန်း၏မျက်နှာ ပို၍ပင် တင်းမာလာသည်။ ဝမ်ကျန်းတောင်၏ ရုတ်တရက် ပေါက်ကွဲမှုသည် သူ့အား စိုးရိမ်စိတ်များဖြစ် ပေါ်စေသည်။ ဆွမ်ဧကရာဇ်က ဤမျှဝေးကွာသောနေရာမှ ဝမ်ကျန်းတောင်၏ သစ္စာဖောက်မှုကို မည်သို့သိရှိပြီး သူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲစေနိုင်ခဲ့တာလဲ။
တကယ်တော့ ဝမ်ကျန်းတောင် သေဆုံးခြင်းက ပြဿနာ မရှိပါ။ သူစိုးရိမ်နေသည်မှာ ပိုင်ချင်းချင်းအပေါ် ဖြစ်သည်။
ပိုင်ချင်းချင်းသည်လည်း အရိပ်ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး ဒုတိယ ခေါင်းဆောင်လည်းဖြစ်သည်။ အကယ်၍ ဆွမ်ဧကရာဇ်က သစ္စာဖောက် ဝမ်ကျန်းတောင်ကို ပေါက်ကွဲစေနိုင်ပါက ပိုင်ချင်းချင်းကိုလည်း အလားတူ ပေါက်ကွဲစေနိုင်သည်။
လုချန်းက ဆက်မေးလိုက်သည်။
“ပိုင်။ အရိပ်ကိုယ်ရံတော်အားလုံး တူညီတဲ့အဆိပ်ကိုသာ သောက်ရတာလား။”
ပိုင်ချင်းချင်းက “အင်း” ဟု အသံတိုးတိုးဖြင့် အတည်ပြုလိုက်သည်။
လုချန်းက
“ကိုယ့်ဖခင်က မင်းတို့ကို အချိန်အခါအလိုက် အဆိပ်ဖြေဆေးတွေ ပေးလေ့ရှိလား။”
ပိုင်ချင်းချင်းက
“ဒီအဆိပ်က အဆိပ်ဖြေဆေးမလိုအပ်ပါဘူး” ဟု ဖြေလိုက်သည်။
ထိုအချိန်တွင်...
ပိုင်ချင်းချင်းလည်း လုချန်းစိုးရိမ်နေသည်ကို သတိထားမိသဖြင့် ဆက်ပြောလိုက်သည်။
“အရင်က တာဝန်ထမ်းဆောင်နေတဲ့ အရိပ်ကိုယ်ရံတော်တချို့ ရုတ်တရက် သူ့ဘာသူ ပေါက်ကွဲသွားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်။ သူတို့ဟာ သွေးကြောပေါက်ဆေးလုံး သောက်ပြီး နောက်ဆုံးမှာ သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုရင်း ပေါက်ကွဲသွားကြတယ်။”
လုချန်း ရုတ်တရက် နားလည်သွားပြီး
“ ကိုယ့်ဖခင် မင်းတို့ကို သောက်ခိုင်းတဲ့ အဆိပ်ဟာ အခြေခံဆေးတစ်မျိုး ဖြစ်နေနိုင်တယ်။ အချို့ အခြေအနေတွေ ပြည့်မီတဲ့အခါ အရိပ်ကိုယ်ရံတော်တွေ သစ္စာဖောက်တာကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကို ပေါက်ကွဲစေတာဖြစ်မယ်။”
ဝမ်ကျန်းတောင် ပေါက်ကွဲရခြင်း၏ အကြောင်းရင်းကို လုချန်းအနည်းနှင့်အများ မှန်းဆနိုင်ခဲ့ပြီဖြစ်သည်။
ဆွမ်ဧကရာဇ်သည် အဆိပ်ဟုဆိုသော အ ခြေခံဆေးကို အရင်ဦးဆုံး တိုက်ကျွေးခဲ့သည်။ နောက်ပိုင်းတွင် အရိပ်ကိုယ်ရံတော်များ တာဝန်ထမ်းဆောင်စဉ် သွေးကြောပေါက် ဆေးလုံးသောက်ပြီး သွေးပွက်မီးလျှံ စွမ်းအားကိုပါ တစ်ပြိုင်နက်တည်း အသုံးပြုရမည့် အင်အားကြီး ရန်သူများနှင့် ရင်ဆိုင်ရပါက အရိပ်ကိုယ်ရံတော်များအား ချက်ချင်း အလိုလျောက် ပေါက်ကွဲစေမည်ဖြစ်သည်။
ဆွမ်ဧကရာဇ်၏ အမြင်တွင် အရိပ်ကိုယ်ရံတော်များ သွေကြောပေါက် ဆေးလုံးနှင့် သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုရသည့်အဆင့်သို့ ရောက်ရှိပါက ကျရှုံးနိုင်ခြေများပြီး သစ္စာဖောက်သွားနိုင်မှုကို ကာကွယ်ရန် ထိုကဲ့သို့ အာမခံ နည်းလမ်းကို စီမံထားခြင်းဖြစ်နိုင်သည်။
.........