အခန်း ၃၉၇-၃၉၉
Vol. 27 Ch. 397-399
အခန်း (၃၉၇)
မြောက်ဘက်သို့ ချီတက်ခြင်း (၂)
မြောက်ပိုင်းပြည်နယ်တွင် စစ်ရေးပြပွဲကျင်းပမည်ဆိုသည့် သတင်းကြားရသည်နှင့် နိုင်ငံအသီးသီးမှ သူလျှိုများသည် ပရိသတ်ထဲတွင် ရောနှောကာ ထောက်လှမ်းရေးသတင်းများ စုဆောင်းရန် အသင့်ရှိနေကြသည်။
မြောက်ပိုင်း၏ သံချပ်ကာမြင်းတပ်များ ပျက်စီးခဲ့သည်ဟူသော အရပ်ပြောများ ရှိနေခဲ့ပြီး နိုင်ငံအသီးသီးမှ သူလျှိုများက ထိုသတင်းမှန်မမှန်ကို စူးစမ်းလိုကြသည်။
မြောက်ပိုင်းပြည်နယ်သည် မကြာမီ မြောက်ဘက်သို့ ချီတက်တော့မည်ဖြစ်ရာ ဤစစ်ရေးပြပွဲတွင် ပြည်နယ်၏ စစ်အင်အား အများစုပါဝင်မည်ဖြစ်သည်။ သူလျှိုများအနေဖြင့် မြောက်ပိုင်း၏စစ်အင်အားကို အကြမ်းဖျင်း ခန့်မှန်းနိုင်မည်ဖြစ်သည်။
မိုးလင်းစတွင် လုချန်းသည် အနက်ရောင်နှင့်ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး မြောက်ပိုင်းမြို့တော်၏ မြို့ရိုးပေါ်သို့ တက်လာခဲ့သည်။
ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်၏ စစ်စခန်းအစုံမှ စစ်သည်များ မြို့ပြင်ဘက်တွင် စုဝေးနေပြီးဖြစ်၏။ စစ်ရေးပြပွဲပြီးလျှင် သူတို့၏စခန်းများသို့ ပြန်သွားပြီး လက်နက်များသယ်ယူ၍ မနက်ဖြန်နေ့လယ်တွင် မြောက်ပိုင်းဒေသသို့ ချီတက်မည်ဖြစ်သည်။
မနက် ၉ နာရီခန့်တွင် မြောက်ပိုင်းမြို့တော်အပြင်ဘက်၌ စစ်ရေးပြပွဲ စတင်ရန် လူအုပ်ကြီးက စောင့်မျှော်နေကြပြီဖြစ်သည်။
စည်တီးသံကြားပြီးနောက် စစ်ခရာသံများနှင့်အတူ မြောက်ပိုင်း ပြည်နယ်၏စစ်သည်များ စစ်ရေးပြမည့် မြေကွပ်လပ်ထဲသို့ စတင်ဝင်ရောက်လာကြသည်။
ပထမဆုံးမြင်ရသည်မှာ ခြေလျင်တပ်ဖွဲ့ဖြစ်၏။ သူတို့သည် သေနတ်များမဟုတ်ဘဲ လှံရှည်ကဲ့သို့သော ရှေးခောတ်လက်နက်များကိုသာ ကိုင်ဆောင်ထားသည်။
ခြေလျင်တပ်ဖွဲ့၏ ချီတက်ပုံမှာ အလွန်ညီညွတ်မှုရှိသည်။ ပြည်သူများအတွက် အလွန်ကြည့်ကောင်းကောင်းသော်လည်း အသိပညာ ဗဟုသုတရှိသောသူလျှိုများက တော့ သူတို့၏ စည်းကမ်းပြည့်ဝမှုကို သတိထားမိကြသည်။
ခြေလျင်တပ်ဖွဲ့ မြို့တံခါးကို ဖြေးညှင်းစွာဖြတ်သန်းပြီးနောက် နောက်ထွက်လာသည်မှာ အမြောက်တပ်ဖွဲ့များဖြစ်ပြီး တစ်ဦးချင်းစီ၏ ကျောပိုးအိတ်ထဲတွင် လေးနှင့်မြားများကို သယ်ဆောင်ထားကြသည်။
သေနတ်များကို ပြသရန်တော့ လုချန်း မရည်ရွယ်ထားပါ။ သို့သော် သူ၏စစ်သည်များ၏ စိတ်ဓာတ်ကို တက်ကြွစေလိုသည်။ ထို့ကြောင့် ရှေးခောတ်လက်နက်များဖြင့် အစားထိုး ပြသရန် ဆုံးဖြတ်လိုက်သည်။
မည်သည့်အကြောင်းကြောင့်မသိ စစ်ရေးပြ ဧရိယာအတွင်းသို့ ဝင်ရောက်ပြီးနောက် လေးသမားသည် ယခင်ကလှံရှည်များကိုင်ဆောင်ထားသည့် ခြေတပ်များထက် ပိုမိုတက်ကြွနေသည်ဟု ထင်ရသည်။
လေးတပ်ဖွဲ့များ မြို့တံခါးအောက်သို့ရောက်သောအခါ သူတို့အားလုံး တစ်ပြိုင်နက်တည်း ကြွေးကြော်လိုက်ကြသည်။
“မြောက်ပိုင်းပြည်နယ်ကို ထိပါးမယ်သူတွေ ဘယ်လောက်ဝေးဝေး လိုက်လံ အပြစ်ပေးမယ်။”
“သတ်ပစ်။ သတ်ပစ်။ သတ်ပစ်။”
“သတ်ပစ်။ သတ်ပစ်။ သတ်ပစ်။”
...
ယခုအခါ မြောက်ပိုင်းပြည်နယ်၏ စစ်သည်အများစုသည် စစ်တိုက်ရန် အလွန်စိတ်အားထက်သန်နေပြီး အထူးသဖြင့် အမြောက်တပ်ဖွဲ့များက ပိုမိုစိတ်အားထက်သန်နေသည်။
သူတို့၏စွမ်းအင်မှာ အလွန်ထူးခြားနေသည်။
အမြောက်တပ်ဖွဲ့များ ဖြတ်သန်းပြီးနောက် နောက်ဆုံးတပ်ဖွဲ့ဖြစ်သည့် မြောက်ပိုင်း၏ အလွန်လျှို့ဝှက်ဆန်းကြယ်သော သံချပ်ကာမြင်းတပ်များ ဝင်ရောက်လာသည်။
ထိုစဉ် နိုင်ငံခြားသူလျှိုများအပါအဝင် လူတိုင်း၏ အသက်ရှူသံများပင် ရပ်တန့်သွားကြသည်။
ထိုအချိန်တွင် မြေပြင်တုန်ခါလာပြီး အနီးအနားတွင် အမည်းရောင်အရိပ်များ ပေါ်ထွက်လာကာ ကြည့်ရှုနေသူတို့၏ နှလုံးများ ပါးစပ်ထဲရောက်လုမတတ် ဖြစ်သွားကြသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက အချို့ပြည်သူများကို မတည်မငြိမ် ဖြစ်စေသည်။ အနက်ရောင်မြင်းတပ်၏ အငွေ့အသက်မှာ အလွန်ပြင်းထန်၏။ သူတို့တစ်ဦးချင်းစီသည် အနည်းဆုံး အဆင့်ငါးနှင့်အထက် သိုင်းပညာရှင်များဖြစ်ကြသည်။ ထိုကဲ့သို့ သံချပ်ကာမြင်းတပ်သား လေးသောင်း စုရုံးလိုက်သည့်အခါ ပြင်းထန်သော ဖိအားတစ်ခု ဖြစ် ပေါ်စေသည်။
အနက်ရောင်မြင်းတပ်များ နီးကပ်လာသည်နှင့်အမျှ လူများလည်း အသက်ရှူရန် ပိုမိုခက်ခဲလာကြသည်။
သူတို့၏ ခွန်အားပြည့်ဝသော မြင်းခွာသံများသည် ကြည့်ရှုနေသူများ၏ နှလုံးများပေါ်သို့ တိုက်ရိုက်နင်းမိသကဲ့သို့ ဖြစ်စေကာ နှလုံးခုန်သံများကို မြန်ဆန်စေသည်။
အနက်ရောင်မြင်းတပ် မြောက်ပိုင်းပြည်နယ်၏ မြောက်ဘက် မြို့တံခါးကို ဖြတ်သန်းသွားစဉ် မြင်းတပ်သားအားလုံးက တစ်သံတည်း အားပါးတရကြွေးကြော်လိုက်ကြသည်။
“ကြီးမြတ်သောဘုရင်၏ ဓားဖျားညွှန်ပြရာသို့ ကျွန်ုပ်တို့၏လှံများ လိုက်ပါမည်”
“မြောက်ပိုင်းပြည်နယ်ကို စော်ကားသူမှန်သမျှ သေဒဏ်ချမည်”
“သတ်။ သတ်။ သတ်။”
သတ်။ သတ်။ သတ်။”
သတ်။ သတ်။ သတ်။”
...
အနက်ရောင်မြင်းတပ်၏ အငွေ့အသက်သည် ခုနက လေးသမားများ၏ အရှိန်အဝါကို အပြတ်အသတ် လွှမ်းမိုးသွားသည်။ အနက်ရောင်မြင်းတပ်ဖြတ်သန်းသွားစဉ် အချို့လူများ တုန်ယင်နေခဲ့ကြသည်။ ဤစစ်တပ်သည် ငရဲပြည်မှ ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေပြီး သူတို့၏ သတ်ဖြတ်မှုအငွေ့အသက်က အသက်ရှူရန်ပင် ခဲယဉ်း စေသည်။
နိုင်ငံအသီးသီးမှ သူလျှိုများလည်း အနက်ရောင်မြင်းတပ်ကို မြင်ရသည်နှင့် အလွန်အမင်း တုန်လှုပ်သွားကြသည်။
မြောက်ပိုင်းဖရီဘုရင်က အနက်ရောင်မြင်းတပ်ကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့သည်ဟု သတင်းထွက်ခဲ့သော်လည်း ဒါက မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို ဖုံးကွယ်ရန် လှည့်ကွက်တစ်ခုသာ ဖြစ်မည်ဟု သံသယ ရှိနေကြဆဲဖြစ်သည်။
သံသယ ရှိကြသည့်အတိုင်းပင် မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်က အမှန်တကယ် တည်ရှိနေဆဲဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် ဤမျှလောက် ပြင်းထန်သော သတ်ဖြတ်မှု အငွေ့အသက်ရှိသည့် တပ်တစ်ခုကို ဒီလောက်တိုတောင်းသော အချိန်အတွင်း လေ့ကျင့်မွေးထုတ်နိုင်မည်ဟု လူအများက မယုံကြည်ကြပေ။ ဤသံချပ်ကာမြင်းတပ်သည် ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့သည့် တပ်ပင်ဖြစ်မည်။
ထိပ်သီးအဆင့်ပညာရှင် ဗိုလ်ချုပ်နှစ်ဦး ဦးဆောင်ပြီး ပါဝင်သည့် သံချပ်ကာမြင်းတပ်သား လေးသောင်းလုံးက အဆင့်ငါးနှင့်အထက်များသာဖြစ်သည်။ ထိုကဲ့သို့ တပ်တစ်တပ်ကို အလွယ်တကူ ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤစစ်ရေးပြပွဲတွင် အဓိကစစ်ဌာနချုပ်သုံးခုသာ ပါဝင်သော်လည်း စစ်သည်အရေအတွက် အလွန်များပြားသည့်အတွက် ပွဲအချိန်နှစ်နာရီကျော် ကြာမြင့်ခဲ့သည်။
စစ်ရေးပြပွဲ ပြီးဆုံးသွားပြီးနောက် လုချန်းလည်း မင်းသားစံအိမ်သို့ပြန်ကာ သူ၏ ဇနီးကိုနှုတ်ဆက်လိုက်သည်။
မင်းသားစံအိမ်တံခါးဝတွင် ရပ်နေရင်း လုချန်းက စိုးရိမ်နေကြသည့် သူ၏ ဇနီးများကို ကြည့်လိုက်ကာ
“စိတ်မပူပါနဲ့။ ဒီစစ်ပွဲက အမြန်ဆုံး ပြီးမှာပါ”
ဟု ပြုံးရယ်ကာ ပြောလိုက်သည်။
ထိုအခါ မုကျိရွှမ်းက မျက်ရည်များကို သုတ်လိုက်ပြီး
“မင်းသား အောင်ပွဲနဲ့ ပြန်လာမယ့်နေ့ကို စောင့်မျှော်နေမှာပါ။”
ဘေးနားတွင် ရပ်နေသော ချူးယုချင်က
“ဘာလို့ ပိုင့်ကိုပါ ခေါ်မသွားတာလဲချန်းလေး။ မင်းကို ပြုစုစောင့်ရှောက် ပေးမယ့်သူ တစ်ယောက်ယောက်တော့ လိုက်သွားသင့်တယ်။”
လုချန်းက ချန်ဝမ်ရွန် တစ်ဦးတည်းကိုသာ ခေါ်သွားမည်ဖြစ်ပြီး သူမက လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်သည့်အတွက် လုချန်း၏အစေခံအဖြစ် နှိမ့်ချပြီး လိုက်ပါနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ချူးယုချင်က ပိုင်ချင်းချင်းကို လုချန်းနှင့်အတူ လိုက်ပါစေလိုသည်။
လုချန်းသည် ပြုံးလိုက်ကာ
“ ကျွန်တော် ထွက်သွားပြီးရင် ရန်ခရိုင်က အေးချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် ပိုင်က ဒီမှာနေပြီး ကာကွယ်ပေးဖို့လိုတယ်။”
“ကျွန်တော်မြောက်ပိုင်းကိုသွားမှာက ဘဝကို ခံစားဖို့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဘယ်သူမှ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ပေးစရာ မလိုအပ်ဘူး။”
......
အခန်း (၃၉၈)
မြောက်ပိုင်းသို့ ချီတက်ခြင်း (၃)
လုချန်း၏စကားကို ကြားလိုက်ရတော့ ချူးယုချင် အားလျော့စွာ သက်ပြင်းချလိုက်သည်။ လုချန်း ထိုသို့ပြောလိမ့်မည်ကို သူမမှန်းဆထားပြီးဖြစ်သည်။
ထိုအချိန်တွင် လုချန်းက
“အင်း။ ဒေါ်လေးချူးကိုပြောဖို့မေ့နေတဲ့ ကိစ္စတစ်ခုရှိတယ်။”
ချူးယုချင်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။
“ဘာလဲ။”
ထို့နောက် လုချန်းက ချူးယုချင်း၏ နားနားကပ်၍
“ကျွန်တော် ပြန်လာတဲ့အခါ ဒေါ်လေးကို လက်ထပ်မယ်။ ဒေါ်လေးက ကျွန်တော့်ကလေးတွေကို မွေးဖွားဖို့ စောင့်နေရမယ်”
ဟု ခပ်တိုးတိုးပြောလိုက်သည်။
လုချန်း၏စကားကြောင့် ချူးယုချင် မျက်နှာနီရဲသွားပြီး လုချန်း၏ အခြားဇနီးများကို တစ်ချက်ကြည့်ပြီးနောက် အနည်းငယ်မကျေမနပ် ဖြစ်နေသည့် အမူအယာဖြင့်
“မင်းက တကယ့်ကို စကားအတည် ပြောလို့မရဘူး။”
လုချန်းသူမ၏ အစ်မအား တစ်ခုခု တိုးတိုးကပ်ပြောလိုက်ပြီး မျက်နှာနီရဲသွားစေသည်ကို အနီးအနားတွင် ရပ်နေသော ချူးချင်လီလည်း မြင်လိုက်ရသည်။ သူမက ချက်ချင်း ပင် လုချန်းကို ဒေါသထွက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
လုချန်းက အနည်းငယ်သာ ပြုံးပြလိုက်ပြီး နောက်ထပ်ဘာမှ မပြောတော့ပေ။
အားလုံးနှင့် နှုတ်ဆက်ပြီးနောက် လုချန်းလည်း မြောက်ပိုင်းပြည်နယ်၏ စစ်သည်နှစ်သိန်းကို ခေါင်းဆောင်ကာ မြောက်ပိုင်းသို့ ချီတက်သွားခဲ့သည်။
မြောက်ပိုင်းပြည်နယ်ရှိ စစ်သည်အရေအတွက်သည် နန်းတွင်းမှ သတ်မှတ်ထားသော အများဆုံးအရေအတွက်ထက် ကျော်လွန်နေပြီဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် လုချန်းက ဟန်ဆောင်မှုကို ရပ်တန့်ပြီး စစ်ရေးပြပွဲတွင် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို ပွင့်လင်းစွာ ပြသခဲ့သည်။
နောက်ထပ် ဟန်ဆောင်နေရန် မလိုအပ်တော့ဟု လုချန်းခံစားရသည်။ ဆွမ်ဧကရာဇ် သည် အဆင့်လွန်ပညာရှင်များနှင့် ပူးပေါင်းကာ ကျူးကဲ့ကျုံကောင်းကို သတ်ဖြတ်ရန် အကြံရှိသည်ဟု လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်ကျမ်းတောင်ဆီမှ သူသိခဲ့ရသည်။ သူ၏ဖခင် ဧကရာဇ်က ကျူးကဲ့ကျုံကောင်းတစ်ဦးတည်းကိုသာ ဦးတည်မည်ဟု လုချန်း မယုံကြည်ပေ။
ကျူးကဲ့ကျုံကောင်းသည် ယခုအခါတွင် မြောက်ပိုင်းပြည်နယ်၏ ဒုတိယအာဏာအရှိဆုံး လူတစ်ဦး ဖြစ်သည်။ သူ့ကို ပစ်မှတ်ထားခြင်းသည် မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို တိုက်ခိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထို့ပြင် ဆွမ်ဧကရာဇ်၏ အမျိုးမျိုးသော လှုပ်ရှားမှုများအရ ရှနိုင်ငံတော်၏ အာဏာရှိမိသားစုများကို ကိုင်တွယ်ပြီးနောက်တစ်ဆင့်က နယ်စားပြည်နယ်များ၏ အင်အားကို လျှော့ချရန် ကြံစည်နေသည်ဟု ထင်ရသည်။ ထိုအခါ မြောက်ပိုင်းပြည်နယ်သည် ပထမဆုံး ပစ်မှတ်ထားခံရမည့် ပြည်နယ်ဖြစ်လာနိုင်သည်။
အဆင့်လွန်ပညာရှင်များအား အသင့်ပြင်ထားသည်ကို ထောက်ရှုပါက ဧကရာဇ်အတွက် မြောက်ပိုင်းပြည်နယ်သည် နောက်ဆုံးပစ်မှန်တော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆက်လက်ဟန်ဆောင်ရန် မလိုအပ်တော့ဟု လုချန်း ယူဆသည်။
...
တစ်လကြာပြီးနောက်။
မြောက်ပိုင်းပြည်နယ်၏ စစ်ရေးပြပွဲသတင်းက နိုင်ငံကြီးများအားလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ မြောက်ပိုင်းပြည်နယ်သည် ယခုလို တိုတောင်းသော အချိန်အတွင်း ဤမျှကြီးမားသော စစ်အင်အားကို တည်ဆောက်နိုင်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။
အံ့အားအသင့်ဆုံးကတော့ ရှနန်းတွင်း ဖြစ်သည်။ သို့သော် နန်းတွင်းသည် တောင်ပိုင်းမှ ပုန်ကန်သူများနှင့် တိုက်ပွဲပြင်းထန်နေသောကြောင့် မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို ကိုင်တွယ်ရန် အနေအထား မရှိပါ။ နန်းတွင်းအစည်းအဝေးတွင် ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း အများအပြား မရှိခဲ့ပေ။
သို့သော် သူ၏လက်ထဲရှိ အစီရင်ခံစာများကို ဖတ်ရှုလိုက်ပြီးနောက် ဆွမ်ဧကရာဇ်၏ မျက်နှာအမူအရာသည် ဟန်မဆောင်နိုင်ပဲ အလွန်ဆိုးရွားစွာ ပြောင်းလဲသွားခဲ့သည်။
ဥယျာဉ်တော်အတွင်း။
ဆွမ်ဧကရာဇ်သည် ကြာပန်းရေကန်ဘေးတွင် ရပ်နေပြီး သူ၏လက်ထဲရှိ အစီရင်ခံစာများကို ကြည့်ရှုနေသည်။ အတော်ကြာအောင် တိတ်ဆိတ်စွာနေပြီးနောက် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ စူးရှပြင်းထန်သော အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ဥယျာဉ်တော်အတွင်းရှိ အဆောက်အဦများအားလုံး နှစ်ပိုင်းပြတ်သွားပြီး အဆင့်ကိုးအောက် မိန်းမစိုးများနှင့် အစေခံများအားလုံးလည်း ထိခိုက်သေဆုံးသွားကြသည်။
ဆွမ်ဧကရာဇ် ဤမျှဒေါသထွက်နေသည်ကို မြင်လိုက်ပြီး မြောက်ပိုင်းပြည်နယ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု စစ်တူစီ မှန်းဆလိုက်သည်။
ဆွမ်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
“ကောင်းတယ်။ သိပ်ကောင်းတယ်။
ဘယ်လို သားတော်ကောင်းတစ်ယောက်ကို ငါရခဲ့တာလဲ။”
မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ် ဖျက်ဆီးခံလိုက်ရပြီဟု ဆွမ်ဧကရာဇ် အမြဲယုံကြည်ထားခဲ့သည်။ သို့သော် လွင်ပြင်ဒေသမျိုးနွယ်စုများ အရှေ့ဘက်သို့ ရွေ့လျားလာသည့်အခါ မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ် တစ်ဖန် ပေါ်ထွက်လာခဲ့သည်။
ယခင်က ဝမ်ခေါင်းဆောင်၏ အစီရင်ခံစာများနှင့် ပေါင်းစပ်လိုက်သောအခါ မြောက်ပိုင်းပြည်နယ်၏ တိုးတက်မှုနှုန်းက သူ၏မျှော်မှန်းချက်ထက် များစွာကျော်လွန်နေကြောင်း ဆွမ်ဧကရာဇ် နားလည်သွားသည်။ ဒုက္ခသည်များက မြောက်ပိုင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဟု သူထင်မှတ်ခဲ့သော်လည်း ယခုတော့ သူတို့၏စစ်အင်အား အလွန်တောင့်တင်းလာပြီဖြစ်သည်။
အထူးသဖြင့် ထိုသံချပ်ကာမြင်းတပ်များဖြစ်သည်။ အရိပ်ကိုယ်ရံတော်များ၏ အစီရင်ခံစာအရ ထိုသံချပ်ကာမြင်းတပ်များ၏ အင်အားသည် အများအားဖြင့် အဆင့်ငါးနှင့်အဆင့်ထက် ဖြစ်ပြီး သူတို့ကို ဦးဆောင်သော ဗိုလ်ချုပ်မှာ ထိပ်သီးပညာရှင်တစ်ဦးဖြစ်နိုင်သည်ဟု ယူဆရသည်။
မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်အင်အားသည် ရှနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်အင်အားထက် များစွာသာလွန်နေပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ ချီတက်၍ မြောက်ပိုင်းဖရီဘုရင်နှင့် ရင်ဆိုင်စဉ်က မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်သည် သံချပ်ဝတ်စုံဝတ်ထားသည့် အားနည်းသော စစ်သည်များသာဖြစ်သည်ဟု ထင်မှတ်ခဲ့ပြီး ထို့ကြောင့် သူတို့ အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည်ဟု ကောက်ချက်ချခဲ့သည်။ အခုတော့ ထိုသံချပ်ကာမြင်းတပ်သား အားလုံးသည် အနည်းဆုံး အဆင့်ငါးရှိကြောင်း သူသိလာရသည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ကြောက်ရွံ့တုန်လှုပ်နေသော အနားမှ ထိပ်သီးပညာရှင် အရိပ်ကိုယ်ရံတော်အား မေးမြန်းလိုက်သည်။
“ဝမ်ကျန်းတောင်ရဲ့ သတင်းကော ရပြီလား။”
ဒူးထောက်နေသော အရိပ်ကိုယ်ရံတော်က ချက်ချင်းပြန်လည်ဖြေကြားလိုက်သည်။
“မရသေးပါဘူး မင်းကြီး။ မြောက်ပိုင်းပြည်နယ်ကို ကျွန်တော်တို့စေလွှတ်ခဲ့တဲ့ အရိပ်ကိုယ်ရံတော်တွေရဲ့ အစီရင်ခံစာတွေအရ သူတို့ရောက်သွားတဲ့ ဝမ်ခေါင်းဆောင်နဲ့အဖွဲ့ကို ရှာမတွေ့ပါဘူး။ သူတို့ လုံးဝပျောက်ဆုံးနေပါတယ်။”
ဝမ်ကျန်းတောင်တို့ မအောင်မြင်မည် စိုးသဖြင့် ဆွမ်ဧကရာဇ်က အရိပ်ကိုယ်ရံတော်များ ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သူယခုလက်ခံရရှိသော စစ်ရေးပြပွဲဆိုင်ရာ သတင်းများမှာ နောက်ဆုံးစေလွှတ်သော အရိပ်ကိုယ်ရံတော်များထံမှ ဖြစ်သည်။
ထိုအရိပ်ကိုယ်ရံတော်များ ရန်ခရိုင်သို့ရောက်သောအခါ ဝမ်ကျန်းတောင်ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မြို့တွင်းရှိ အရိပ်ကိုယ်ရံတော်အားလုံး၏ အစအနကိုပင် မတွေ့ခဲ့ရပေ။
ထိုအချိန်တွင် ဆွမ်ဧကရာဇ် နားလည်သွားပြီဖြစ်သည်။ သူက အေးစက်စွာပြောလိုက်သည်။
“ဆက်မရှာတော့နဲ့။ အားလုံးသေပြီလို့ မှတ်လိုက်။ ဒီနေ့ကစပြီး ခင်ဗျားက အရိပ်ကိုယ်ရံတော်တွေကို ယာယီတာဝန်ယူရမယ်။”
ဒူးထောက်နေသော အရိပ်ကိုယ်ရံတော်က ချက်ချင်း ဦးညွှတ်လိုက်ပြီး
“ကျေးဇူးတင်ပါတယ် မင်းကြီး။”
ထို့နောက် ဆွမ်ဧကရာဇ်က အစီရင်ခံစာကို စစ်တူစီရှိရာ ပျက်စီးနေသော အဆောင်ငယ်ထဲသို့ ပစ်လွှတ်လိုက်သည်။ အဆောင်ပျက်စီးနေသော်လည်း စစ်တူစီက သူ၏အတွင်းအားဖြင့် အကာအရံတစ်ခု ဖန်တီးထားကာ အဆောင်ပြိုမကျသွားအောင် ထိန်းထားသည်။
ဆွမ်ဧကရာဇ်၏ အစီရင်ခံစာသည် စစ်တူစီ၏ အတွင်းအားအကာအရံ ရိုးရှင်းစွာ ဖောက်ထွင်းသွားပြီး အဆောင်ငယ်အတွင်းသို့ ဝင်ရောက်သွားသည်။ စစ်တူစီက အေးဆေးစွာ ဖမ်းယူလိုက်သည်။
အချိန်အတော်ကြာကတည်းက မြောက်ပိုင်းနယ်စားမင်းသားသည် သာမန်လူမဟုတ်ကြောင်း မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်များ အမှန်တကယ် ပျက်စီးသွားခြင်း မဟုတ်ကြောင်း စစ်တူစီ သိထားပြီးဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ လုပ်ဆောင်ချက်များကို သတိပြုမိသွားသောကြောင့် စစ်ရေးပြပွဲကို ကြီးကြီးကျယ်ကျယ် လုပ်လိုက်ခြင်းဖြစ်မည်။ ဖုန်းကွယ်နေရန် မလိုတော့ဟု သူဆုံးဖြတ်လိုက်ပုံရသည်။
ထိုအချိန်တွင် စစ်သည်တစ်ဦး ဥယျာဉ်အတွင်းသို့ အလျင်အမြန်ဝင်ရောက်လာကာ
“အစီရင်ခံပါမယ်”
ဟု အော်ဟစ်လိုက်သည်။
ထို့နောက် စစ်သည်က ဆွမ်ဧကရာဇ်၏ အရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။ ဧကရာဇ်က အေးစက်စွာပြောလိုက်သည်။
“ပြောပါ။”
စစ်သည်က ချက်ချင်းလျှောက်တင်လိုက်သည်။
“တုန်းဖန်မိသားစု ပျောက်ဆုံးသွားပါပြီ မင်းကြီး။ နောက်တန်းက နန်းတွင်းစစ်တပ်ဟာ တုန်းဖန်မိသားစုဆီ အကူအညီတောင်းဖို့ သွားတော့ သူတို့ရဲ့ ဆိပ်ကမ်းတွေမှာ ကုန်သင်္ဘောတွေ မရှိတော့ပါဘူး။ တုန်းဖန်မိသားစုလည်း ပျောက်ဆုံးနေပါတယ်။”
ထိုစကားကိုကြားသောအခါ ဆွမ်ဧကရာဇ် တစ်ချက်တုန်လှုပ်သွားသည်။
ပျောက်သွားပြီ။
ဘာတွေဖြစ်နေတာလဲ။
တုန်းဖန်မိသားစုသည် တောင်ပိုင်း အာဏာရှိမိသားစုများကို ရှင်းလင်းရာ၌ သူ့အား ကူညီရန် သဘောတူထားခဲ့သည်။ သူတို့ စိတ်ပြန်ပြောင်းသွားပြီလား။
ဆွမ်ဧကရာဇ်၏မျက်နှာ ပို၍ပင် မည်းလာပြီး
“ဘယ်လိုပျောက်သွားတာလဲ။ ဘယ်ကိုသွားတယ်ဆိုတာ သိပြီလား”
ဟု မေးမြန်းလိုက်သည်။
တပ်သားက
“မတွေ့ပါဘူး မင်းကြီး။ ကျွန်တော်တို့ရဲ့စစ်သည်တွေတင် မကပါဘူး တောင်ပိုင်းသူပုန်တပ်တွေကပါ သူတို့ကိုရှာနေပါတယ်”
ဟု အစီရင်ခံလိုက်သည်။
...........
အခန်း (၃၉၉ )
စစ်သည်နှစ်သိန်းပဲဆိုတော့ စိုးရိမ်စရာမလိုဘူး (၁)
စစ်သည်၏ အစီရင်ခံမှုကို ကြားပြီးနောက် ဆွမ်ဧကရာဇ် ငြိမ်သက်သွားပြီး သူ၏မျက်နှာတွင်တော့ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
တုန်းဖန်မိသားစု နန်းတွင်းနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်းက အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်။ ပုန်ကန်သူများနှင့် မဟာမိတ်ဖွဲ့ခြင်းက အစကတည်းက အောင်မြင်နိုင်ခြေနည်းပြီး အကယ်၍ ရှုံးနိမ့်ပါက တုန်းဖန်မိသားစု တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။
တုန်းဖန်မိသားစု သူနှင့် ပူးပေါင်းရန် အစကတည်းက ရွေးချယ်ခဲ့သည်မှာ တောင်ပိုင်းရှိ အာဏာရှိမိသားစုများ နောက်ဆုံးတွင် ဖယ်ရှားခံရမည်ကို သူတို့လည်း ယုံကြည်နေသောကြောင့်ဟု ဆွမ်ဧကရာဇ်သည် ထင်မြင်ခဲ့သည်။ ဒါပေမဲ့ ဘာလို့သူတို့ ရုတ်တရက် ပျောက်သွားရတာလဲ။
တောင်ပိုင်းရှိ အာဏာရှိမိသားစုများပါ တုန်းဖန်မိသားစုကို ရှာဖွေနေသည်ပါက ပို၍ပင် ထူးဆန်းလာသည်။ တုန်းဖန်မိသားစု စိတ်ပြန်ပြောင်းသွားပြီး နန်းတွင်းစစ်တပ် တောင်ပိုင်းပုန်ကန်သူများကို မနိုင်နိုင်ဟု မြင်ပါက လုရှုယွမ်နှင့် ပူးပေါင်းရန် သူတို့တက်တက်ကြွကြွ ကြိုးစားသင့်သည်။ သို့သော် အခုတော့ နန်းတွင်းနှင့် တောင်ပိုင်းပုန်ကန်သူများ နှစ်ဖက်စလုံးက သူတို့ကို ရှာဖွေနေကြသည်။
ဆွမ်ဧကရာဇ်နှင့် စစ်သည်တို့၏ အပြန်အလှန် စကားများကို ကြားပြီးနောက် အခြေအနေကို အတိအကျနီးပါး စစ်တူစီ မှန်းဆနိုင်လိုက်သည်။ သူက
“မင်းကြီး။ အခုတလော တုန်းဖန်မိသားစုရဲ့ ကုန်င်္ဘောတွေ မြောက်ပိုင်းကို သွားလာနေကြတယ် မဟုတ်လား။”
ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် လန့်သွားပြီး မျက်နှာပို၍ မည်းနက်လာကာ
“ခင်ဗျားဆိုလိုတာက တုန်းဖန်မိသားစုဟာ နန်းတွင်းနှင့်လည်း မပူးပေါင်း၊ ပုန်ကန်သူ တွေနှင့်လည်း မပူးပေါင်းပဲ မြောက်ပိုင်းပြည်နယ်နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်တယ်လို့ ဆိုလိုတာလား”
ဟု အေးစက်စွာ မေးလိုက်သည်။
စစ်တူစီက
“တုန်းဖန်မိသားစုဟာ မင်းကြီးရဲ့ အာဏာရှိ မိသားစုများတွေကို အမြစ်ဖြုတ်မယ့် ဆုံးဖြတ်ချက်ကို သိမြင်ထားပြီး ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အာဏာရှိ မိသားစုတစ်စု ဖြစ်ပြီး ရှနိုင်ငံတော်ရဲ့ စီးပွားရေးကို ထိန်းချုပ်ထားသူတွေပါ။ တောင်ပိုင်း အာဏာရှိ မိသားစုတွေ ပျက်သုဉ်းပြီးနောက်ပိုင်း မင်းကြီးက သူတို့ကို လွှတ်ပေးမယ်လို့ မယုံကြည်ကြတာ ဖြစ်နိုင်ပါတယ် ။”
“အခု မြောက်ပိုင်းပြည်နယ်က စီးပွားရေးကို အလေးထား နေပါတယ်။ သူတို့အတွက် မြောက်ပိုင်းပြည်နယ်နှင့် ပူးပေါင်းခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်”
ဟု ဆိုလိုက်သည်။
စဉ်းစားကြည့်ပြီးနောက် စစ်တူစီ၏ မှန်းဆချက်တွင် အမှန်တရားများ ရှိနိုင်သည်ဟု ဆွမ်ဧကရာဇ် ထင်မြင်လာသည်။ တုန်းဖန်မိသားစုက မြောက်ပိုင်းပြည်နယ်ကို တကယ်ပဲ ထွက်ပြေးသွားပြီလား။
နန်းတွင်းနှင့် တောင်ပိုင်းပုန်ကန်သူများ စစ်ဖြစ်နေစဉ် တုန်းဖန်မိသားစု မြောက်ပိုင်းပြည်နယ်သို့ ကုန်သွယ်ရန် သွားနေခြင်းက ကုန်သည်များသည် အမြတ်အစွန်းကိုသာ စိတ်ဝင်စားသောကြောင့်၊ ရှနိုင်ငံတော်တွင်း စစ်ဖြစ်နေပြီး ကုန်စျေးနှုန်းများ မြင့်တက်နေသောကြောင့်ဟု သူထင်မှတ်ခဲ့သည်။ သို့သော် အမှန်တော့ သူတို့က ထွက်ပြေးသွားခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ စိတ်အခြေအနေ အလွန်ဆိုးရွားနေသည်။ ပုန်ကန်သူများအကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိရန်နှင့် နောက်ကျောမှ ထိုးစစ်ဆင်နိုင်ရန် တုန်းဖန်မိသားစု၏ အကူအညီကို ရယူဖို့ သူမျှော်လင့်ခဲ့သည်။ သို့သော် သူတို့ ဤသို့ လိမ္မာပါးနပ်စွာ ထွက်ပြေးသွားမည်ကို မမျှော်လင့်ခဲ့ပေ။
ဆွမ်ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ
“ကျုပ်အမုန်းဆုံးက သစ္စာဖောက်မှုပဲ။ မြောက်ပိုင်းပြည်နယ်ကို ထွက်ပြေးပြီး အေးအေးဆေးဆေး နေနိုင်ကြမယ်လို့ သူတို့ထင်ကြတာလား။”
အစက တုန်းဖန်မိသားစုကို နောက်ဆုံးမှ ကိုင်တွယ်ရန် သူ ရည်ရွယ်ခဲ့သော်လည်း ယခုတော့ သူတို့ကို အလျင်အမြန် ရှင်းပစ်ချင်လာသည်။ ထို့ကြောင့် တောင်ပိုင်းပုန်ကန်သူများကို ဖြေရှင်းပြီးသည်နှင့် တုန်းဖန်မိသားစုကို အမြန်ဆုံး ဖယ်ရှားရန် နည်းလမ်းရှာရမည် ဖြစ်သည်။
သို့သော် ရှနိုင်ငံတော်၏ ပြည်တွင်းစစ် အဆုံးသတ်သည်အထိ မြောက်ပိုင်းပြည်နယ် တည်တံ့နိုင်မည်လားဆိုသည်က မသေချာသေးပေ။
ထျန်းချီဘုရင်သည် သာမန်လူမဟုတ်ပေ။ သူတို့ စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များအရ ထျန်းချီဘုရင်သည် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်ပြီး သူ၏မျိုးနွယ်စုသည် လွင်ပြင်ဒေသ လူမျိုးစုများ၏ ဧကရာဇ်ဘုရင်မျိုးနွယ်မှ ဆင်းသက်လာသော အဓိကအုပ်စုဖြစ်သည်။ သူ့တို့၏ အင်အားသည် ကောင်းကင်ဝံပုလွေဘုရင်နှင့် မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုနှစ်စုထက် များစွာသာလွန်သည်။
ယခုအကြိမ်တွင် ထျန်းချီဘုရင်သည် စစ်သည်လေးသိန်းဖြင့် အရှေ့ဘက်သို့ ချီတက်လာပြီဖြစ်သည်။
…
ထိုအချိန်တွင် ဝူနိုင်ငံတော်၏ စစ်တပ်စခန်းတစ်ခုအတွင်း ငွေရောင်သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ဝူကျန်းဝမ်သည် စာတစ်စောင်ကို အာရုံစိုက် ဖတ်ရှုနေသည်။ စာပါအကြောင်းအရာများကို ဖတ်ရှုရင်း သူမ၏ နဖူးတွင် အရေးအကြောင်း အနည်းငယ် ပေါ်လာသည်။
သူမသည် အစကတည်းက မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ် မြောက်ပိုင်းဖရီဘုရင်၏ တပ်များလက်တွင် ရှုံးနိမ့်ခဲ့သည်ဟူသော အချက်ကို သံသယရှိခဲ့သည်။ မြောက်ပိုင်းပြည်နယ်က သူတို့၏ မြင်းတပ်များ ပျက်စီးသွားပြီဟု ကြေညာခဲ့ခြင်းမှာ စစ်အင်အား အမှန်ကို ဖုံးကွယ်ရန်သာ ဖြစ်နိုင်သည်ဟု သူမယူဆခဲ့သည်။
ထိုသံသယက မှန်ကန်ကြောင်း အခုအတည်ပြုလိုက်ပြီဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် သံချပ်ကာမြင်းတပ်များ ရှိနေဆဲဖြစ်၏။ ထို့ပြင် သူတို့မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေသည်။
ထိပ်သီးအဆင့် ဗိုလ်ချုပ်များနှင့် အနည်းဆုံး အဆင့်ငါးရှိသော သိုင်းသမား လေးသောင်းကျော်ပါဝင်သည့် ထိုမြင်းတပ်သည် အခြားနိုင်ငံများ၏ အဓိကစစ်အင်အားထက်ပင် သာလွန်နေသည်။
ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်ပင် စစ်သည်အားလုံး အဆင့်ငါး မရှိပေ။ ထို့သို့သော အဆင့်မြင့် သိုင်းသမားများကို အခြားစစ်တပ်အသီးသီးတွင် ဖြန့်ဝေထားရသည်။
ထိုအချိန်တွင် သူမက သတင်းယူဆောင်လာသူအား မေးခွန်းထုတ်လိုက်သည်။
“ကျူးကဲ့ကျုံကောင်းက မြောက်ပိုင်းနယ်စားမင်းသားနဲ့အတူ မြောက်ပိုင်းကို လိုက်မသွားဘူးလား။”
ဝူကျန်းဝမ်းရှေ့တွင် ရပ်နေသူက ပြန်လည်ဖြေကြားသည်၊
“မလိုက်ပါဘူး မင်းသမီး။ သူ ရန်ခရိုင်မှာပဲ ရှိနေပြီး လက်ရှိမှာ မြောက်ပိုင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူထားပါတယ်။”
ထိုအချက်ကို ကြားသောအခါ ဝူကျန်းဝမ် အတွေးနက်သွားသည်။
သူမသိရသည်မှာ ထျန်းချီဘုရင်သည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး သူ့ကို ရင်ဆိုင်ရန် မြောက်ပိုင်းပြည်နယ်တွင် အနည်းဆုံး အဆင့်လွန်ပညာရှင်တစ်ဦး လိုအပ်မည်ဖြစ်သည်။
ထို့ပြင် ထျန်းချီဘုရင်သည် စစ်သည်လေးသိန်းဖြင့် အရှေ့ဘက်သို့ ချီတက်လာခြင်းဖြစ်ပြီး မြောက်ပိုင်းပြည်နယ်တွင် စစ်သည်နှစ်သိန်းသာ ရှိသည်။
မြောက်ပိုင်း၏ သံချပ်ကာမြင်းတပ်သည် အဆင့်ငါးနှင့်အထက် သိုင်းသမားများနှင့် ဖွဲ့စည်းထားသော်လည်း ထျန်းချီဘုရင်၏ တပ်များကလည်း အားနည်းသည်တော့မဟုတ်ပါ။ အဆင့်လွန်ပညာရှင်မပါပဲ သံချပ်ကာမြင်းတပ်တစ်ခုတည်းဖြင့် ထျန်းချီဘုရင်ကို အနိုင်ယူရန် မလွယ်ကူပေ။
ဒီလူငယ်လေး ဘာတွေတွေးနေတာလဲ။
ကျူးကဲ့ကျုံကောင်းကို မြောက်ပိုင်း ခေါ်မသွားပဲ သူကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ဖို့ ဆုံးဖြတ်တာက ဘာကြောင့်လဲ။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ အဆင့်လွန်ပညာရှင် တစ်ဦးထက်ပိုရှိသေးလား။
ထိုသို့တွေးရင်း သူမ ချွမ်မိသားစု၏ သခင်မအဖြစ် ရန်ခရိုင်သို့ ဝင်ရောက်စဉ်ကတွေ့ခဲ့ရသော မိုးစက်ရဲတိုက်၏ သခင်ကို ရုတ်တရက် သတိရလာသည်။ ရဲတိုက်သခင်သည်လည်း အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏စွမ်းရည်ကလည်း မထီမဲ့မြင် ပြု၍မရပါ။
ဝူကျန်းဝမ်၏ စိတ်ထဲတွင် တွေးမိသည်။
“မိုးစက်ရဲတိုက်သခင် လုချန်းနှင့် မြောက်ပိုင်းလိုက်သွားလို့ ကျူးကဲ့ကျုံကောင်းကို ခေါ်မသွားတာ ဖြစ်နိုင်တယ်။”
ထျန်းချီဘုရင်၏ တပ်များက မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို အကြီးအကျယ် ချိုးနှိမ်နိုင်မည်ဟု သူမ မျှော်လင့်နေသည်။ အထူးသဖြင့် ထိုသံချပ်ကာမြင်းတပ်များဖြစ်သည်။
အကောင်းဆုံးမှာ ထိုမြင်းတပ် အလုံးစုံ ပျက်စီးသွားခြင်းဖြစ်သည်။
.........