← Chapters

အခန်း ၄၀၀-၄၀၂

Vol. 27 Ch. 400-402

အခန်း ၄၀၀-၄၀၂

Vol. 27 Ch. 400-402

အခန်း( ၄၀၀ )

စစ်သည်နှစ်သိန်းပဲဆိုတော့ စိုးရိမ်စရာမလိုဘူး (အပိုင်း ၂)

ယခုအခါတွင် ဝူနိုင်ငံတော်၏ အတွင်းရေး မငြိမ်မသက်ဖြစ်နေပြီ အုံကြွမှုများကြောင့် ပြည်သူများလည်း စိတ်ဓာတ်ကျဆင်း‌ နေသည်။ နောင်တွင် ဝူနိုင်ငံ၏ စစ်အင်အားအလွန်အမင်း အားနည်းသွားမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ အနီးတွင် အင်အားကြီးမားသည့် မြောက်ပိုင်းပြည်နယ် ပေါ်ထွက်လာခြင်းက ဝူကျန်းဝမ်းအား အလွန်ပင် စိတ်မသက်သာဖြစ်စေသည်။

ထိုအချိန်တွင် စစ်သည်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် တဲအတွင်းသို့ ဝင်ရောက်လာကာ

“သတင်းကောင်းပါ မင်းသမီး ကျန်းဝမ်။ သူပုန်ခေါင်းဆောင်က အညံ့ခံဖို့ စဉ်းစားနေပါပြီ။ သူက မင်းသမီးနဲ့ တိုက်ရိုက်ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။”

ဤစကားကို ကြားသော ဝူကျန်းဝမ်လည်း သူမ၏ လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ချလိုက်သည်။ မြောက်ပိုင်းပြည်နယ်၏ အရေးကိစ္စများကို နောက်မှကြည့်တော့မည်။ အရင်ဆုံး ဝူနိုင်ငံ၏ အတွင်းရေး မငြိမ်မသက်မှုများကို ငြိမ်းသတ်ရမည်ဖြစ်သည်။

ယခုအကြိမ် သူမစစ်တပ်ကို ဦးဆောင်လာခြင်း၏ ရည်ရွယ်ချက်က အနောက်တောင်ပိုင်းရှိ ပုန်ကန်မှုများကို အပြီးသတ်နှိမ်နင်းရန်ဖြစ်သည်။ သူမ၏ အမျိုးမျိုးသော နည်းဗျူဟာများကြောင့် ယခုအခါတွင် ပုန်ကန်သူ အများအပြား မကျန်တော့ပေ။ အများစုက ဝူနန်းတွင်းသို့ အညံ့ခံရန် ရွေးချယ်လိုက်ပြီဖြစ်သည်။

အမည်ခံအားဖြင့် သူတို့သည် ဝူနန်းတွင်းသို့ အညံ့ခံခြင်းဖြစ်သော်လည်း အမှန်တွင် ထိုအညံ့ခံသည့် တပ်များသည် ဝူကျန်းဝမ်၏ ကိုယ်ပိုင်စစ်တပ်များသဖွယ် ဖြစ်နေပြီဖြစ်သည်။ သူတို့သည် နန်းတွင်းသို့ တိုက်ရိုက်အညံ့ခံခြင်းမဟုတ်ပဲ ဝူကျန်းဝမ်ထံသို့ အညံ့ခံခြင်းသာ ဖြစ်သည်။

---

ကျူးနိုင်ငံတော်။

ဧကရာဇ်မ၏ အိပ်ဆောင်။

အိပ်ဆောင်အတွင်းရှိ အနီရောင် ကန့်လန့်ကာများ လေတိုက်၍ လှုပ်ခတ်နေသည်။ အိပ်ဆောင်၏ အတွင်းပိုင်းတွင် အနီရောင် ပိုးဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ မပီမသ မြင်တွေ့နိုင်သည်။

ထိုအချိန်တွင် အစေခံမိန်းမတစ်ဦး အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသည်။

“ဝမ်လူကြီးမင်းက တွေ့ဆုံလိုပါတယ် အရှင်မ။”

အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

“ဝင်ခွင့်ပြုလိုက်ပါ။”

သူမ၏ အသံသည် ကြည်လင်ပြီး စူးရှကာ နားထောင်သူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက်ရောက်ရှိသကဲ့သို့ ခံစားရသည်။

အမျိုးသမီး၏ စကားဆုံးသွားသောအခါ အရာရှိဦးထုပ် ဆောင်းထားသော လူတစ်ဦး အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသည်။

“ အရှင်မကို ဂါရဝပြုပါတယ်။ အရှင်မ အသက်ရှည်ပါစေ။”

အမျိုးသမီးက

“ဘာကိစ္စလဲ။”

အရာရှိက ချက်ချင်းပင် စာတစ်စောင်ကို ထုတ်ယူကာ ပြောလိုက်သည်။

“ဒါက မြောက်ပိုင်းပြည်နယ်က ထောက်လှမ်းရေးသတင်းဖြစ်ပါတယ် အရှင်မ။”

သူ၏စကား ပြီးဆုံးသွားသောအခါ အရာရှိ၏လက်ထဲရှိ စာရွက်သည် လေထဲသို့ မြောက်တက်သွားပြီး ကန့်လန့်ကာအတွင်းသို့ ဝင်ရောက်သွားသည်။

ကန့်လန့်ကာအတွင်းရှိ အမျိုးသမီးက စာရွက်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ပြုံးရယ်ကာ ပြောလိုက်သည်။

“စိတ်ဝင်စားဖို့ကောင်းတယ်။”

“ထျန်းချီဘုရင်က ကျွန်မတို့ဆီမှာ မျက်နှာမရလိုက်တဲ့အတွက် လက်ခံရခက်နေပုံရတယ်။”

ဒူးထောက်နေသော အရာရှိက မေးလိုက်သည်။

“ကျွန်တော်တို့ ဘာတွေလုပ်သင့်ပါသလဲ။”

“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်အင်အား ဒီလောက်မြန်မြန်ကြီးထွားလာတာက ကျုးနိုင်ငံတော်အတွက် မကောင်းပါဘူး။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးက ရယ်မောလိုက်ပြီး

“ဘာလဲ။ ဝမ်လူကြီးမင်းက ကျွန်မတို့ရဲ့စစ်တပ်ကို အခုအချိန် မြောက်ပိုင်းပြည်နယ်ကို ချီတက်တိုက်ခိုက်ဖို့ တိုက်တွန်းနေတာလား။”

အမျိုးသမီး၏ အသံအနေအထား အနည်းငယ်ပြောင်းလဲသွားသည်ကို သတိထားမိသော အရာရှိလည်း နောက်ထပ်စကားမပြောတော့ပေ။ သို့သော် သူတကယ် ထိုသို့တွေးနေခဲ့သည်။

မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြောက်ပိုင်းပြည်နယ် အားကောင်းလာခြင်းက ကျူးနိုင်ငံတော်အတွက် အကျိုးမရှိပေ။ ထို့ပြင် မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်၏ နယ်မြေဖြစ်ကာ သူတို့၏အင်အားကောင်းလာခြင်းက ရှနိုင်ငံတော်၏ အင်အားကောင်းလာခြင်းဖြစ်သည်။

ဧကရာဇ်မ၏ အသံအနေအထားအရ သူမတွင် အခြားအကြံဉာဏ်များ ရှိနေကြောင်း ထင်ရှားသဖြင့် ထိုအရာရှိ နောက်ထပ်စကားမဆက်တော့ခြင်းလည်းဖြစ်သည်။

ထိုနောက် အမျိုးသမီးက

“ဝမ်လူကြီးမင်း မမှားပါဘူး။ ကျွန်မတို့ တစ်ခုခုလုပ်သင့်တာပေါ့။ ချက်ချင်းပဲ မြောက်ပိုင်းပြည်နယ်ကို သံတမန်စေလွှတ်ပါ။ မြောက်ပိုင်းပြည်နယ် လိုအပ်တာရှိရင် ကျူးနိုင်ငံတော်ကို အကူအညီ တောင်းနိုင်ကြောင်း ပြောပါ။”

“မြောက်ပိုင်းပြည်နယ်က လွင်ပြင်ဒေသမျိုးနွယ်စုတွေကို မခုခံနိုင်ရင်လည်း ကျူးနိုင်ငံတော်ကို အကူအညီတောင်းနိုင်တယ်။ ကျူးနိုင်ငံတော်က ချက်ချင်းပဲ စစ်တပ်စေလွှတ်ပြီး ကူညီပေးမှာပါ။”

ဧကရာဇ်မ၏ စကားကို ကြားလိုက်ရသည်နှင့် ကြမ်းပြင်ပေါ်ဒူးထောက်နေသော အရာရှိ တုန်လှုပ်သွားသည်။ မြောက်ပိုင်းပြည်နယ်ကို ကူညီမယ်ဆိုတာ ဘာကြောင့်လဲ။ ကျူးနိုင်ငံတော်အတွက် မြောက်ပိုင်းပြည်နယ်က ရန်သူမဟုတ်ဘူးလား။

အမျိုးသမီးက ဆက်ပြောလိုက်သည်။

“ဝမ်လူကြီးမင်း။ မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော်ကို ဖြိုခွဲဖို့ အဓိကသော့ချက်ပါ။ ဒီလောက် ကျဉ်းမြောင်းတဲ့ အမြင်မျိုးနဲ့ မကြည့်ပါနဲ့။”

တကယ်တော့ မြောက်ပိုင်းပြည်နယ်ကို ရှနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူပါက ယင်း၏စစ်အင်အား လျင်မြန်စွာ ကြီးထွားလာမှုသည် ကျုးနိုင်ငံတော်အတွက် သတင်းဆိုးတစ်ရပ်သာ ဖြစ်သည်။

သို့သော် မြောက်ပိုင်းပြည်နယ်ကို လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ပါက အရာရာ ပြောင်းလဲသွားသည်။ မြောက်ပိုင်း၏ စစ်အင်အား လျင်မြန်စွာ ကြီးထွားလာမှုက မြောက်ပိုင်းနယ်စားမင်းသားသည် ရည်မှန်းချက်ကြီးမားသော နယ်စားတစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

အနာဂတ်တွင် မြောက်ပိုင်းပြည်နယ် ပုန်ကန်နိုင်ခြေ အလွန်မြင့်မားသည်။ ပုန်ကန်ခြင်းမရှိလျှင်ပင် ဆွမ်ဧကရာဇ်က ဤမျှအားကောင်းသော နယ်စားပြည်နယ်တစ်ခု တည်ရှိခွင့်ပြုမည် မဟုတ်ပဲ ပြည်နယ်၏ အင်အားကို လျှော့ချရန် မုချကြိုးစားမည်ဖြစ်သည်။

ဆွမ်ဧကရာဇ်က သူတို့၏အင်အားကို လျှော့ချရန် ကြိုးပမ်းပါက မြောက်ပိုင်းပြည်နယ်ကလည်း ဒီအတိုင်း စောင့်နေမည် မဟုတ်ပေ။ အဆုံး၌ ပြည်တွင်းစစ်သို့ မလွဲ ‌မသွေ ဦးတည်လာမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ရှနိုင်ငံတော်သည် တောင်ပိုင်းရှိ ပုန်ကန်သူများကို နှိမ်နင်းနေ၏။ ပြည်တွင်း ရှုပ်ထွေးမှုများ ပြီးဆုံးသွားလျှင် သူတို့၏အင်အား သိသိသာသာ လျော့နည်းသွားမည်။ ထို့နောက် ရှနန်းတွင်းနှင့် မြောက်ပိုင်းပြည်နယ်အကြား စစ်ဖြစ်ပွားပါက ရှနိုင်ငံတော်၏ ပြည်သူများ ဒုက္ခကြီးစွာရောက်မည်ဖြစ်ပြီး နယ်စားများတွင်လည်း အမျိုးမျိုးသော အတွေးအမြင်များ ရှိလာကြမည်ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်မက မြောက်ပိုင်းပြည်နယ်နှင့် သံတမန် ဆက်ဆံ‌ရေး တည်ထောင်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် ဆွမ်ဧကရာဇ်ကို ပိုမိုဆွပေးရန် စီစဉ်နေခြင်းဖြစ်သည်။

မြောက်ပိုင်းပြည်နယ်သည် နယ်စားပြည်နယ်တစ်ခုသာဖြစ်ပြီး တိုင်းပြည်တစ်ခုနှင့် လွတ်လပ်စွာ သံတမန်ရေး ဆက်ဆံခွင့် မရှိပေ။ အကယ်၍ ထိုသို့လုပ်ဆောင်ပါက မြောက်ပိုင်းပြည်နယ် အနေနှင့် လွတ်လပ်ရေး ကြေညာပြီး ပုန်ကန်ရန် အစီအစဉ်ရှိကြောင်း ဖော်ပြခြင်းနှင့် အတူတူပင်ဖြစ်သည်။

ထိုအတွေးများဖြင့် အရာရှိက ပြောလိုက်သည်။

“အရှင်မ မှန်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်က ကျဉ်းလွန်း‌နေပါတယ်။ ကျွန်တော့်ကို မြောက်ပိုင်းပြည်နယ်သွားမယ့် သံတမန်အဖွဲ့ကို ဦးဆောင်ခွင့်ပြုပါဖို့ တောင်းခံပါတယ်။”

ကန့်လန့်ကာအတွင်းမှ အမျိုးသမီးက

“ အင်း။ ခွင့်ပြုတယ်။”

“ကျေးဇူးတင်ပါတယ် အရှင်မ။ ကျွန်တော့်ကို သွားခွင့်ပြုပါ။”

သူ၏စကားဆုံးသွားသောအခါ အရာရှိလည်း ဧကရာဇ်မ၏ အိပ်ဆောင်မှ ထွက်ခွာသွားသည်။

ထို့နောက် အိပ်ဆောင်အတွင်းရှိ အမျိုးသမီးက သူမဘာသာ ရေရွတ်လိုက်သည်။

“ငါ့ကို စိတ်မပျက်စေနဲ့ မြောက်ပိုင်းနယ်စားမင်းသား။”

---

မြောက်ပိုင်းဒေသ။

နင်းပေမြို့။

လုချန်းသည် မြို့ရိုးပေါ်တွင် ရပ်နေပြီး မြက်ခင်းလွင်ပြင်ဘက်မှ တိုက်ခတ်လာသော လေပြေများကို ခံစားနေသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော ချန်ဝမ်ရွန်လည်း သူ၏ဘေးတွင် ရပ်နေသည်။

မြောက်ပိုင်းသို့ ချီတက်လာစဉ်တစ်လျှောက်လုံး ချန်ဝမ်ရွန်း စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေခဲ့သည်။ အထူးသဖြင့် လုချန်း၏ စစ်တပ်အတွင်းရှိ ထူးဆန်းသော ပစ္စည်းများ အကြောင်းဖြစ်သည်။

ထိုပစ္စည်းများကို အရင်က သူမတစ်ခါမှ မမြင်ဖူးခဲ့သလို ယင်းတို့၏ အသုံးဝင်ပုံကိုလည်း မသိပေ။ လုချန်းနှင့် သူ၏လူများ ထိုပစ္စည်းများကို မြောက်ပိုင်းဒေသအထိ အဘယ်ကြောင့် ဒုက္ခခံပြီး သယ်ယူလာရသည်ကိုလည်း ချန်ဝမ်ရွန် လုံးဝနားမလည်ခဲ့ပေ။

..........

အခန်း (၄၀၁ )

စစ်သည်နှစ်သိန်းပဲဆိုတော့ စိုးရိမ်စရာမလိုဘူး (၃)

စစ်သည်များသည် မြို့ရိုးပေါ်တွင် အမြောက်များကို တပ်ဆင်နေကြသည်။ သူမ၏ ဘေးနားရှိ ကြီးမားသော သံပြွန်ကြီးကို မြင်တွေ့ရသော ချန်ဝမ်ရွန်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တိုက်ရိုက်မေးလိုက်သည်။

“အဲ့ဒါက ဘာလဲ”

လုချန်းက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“စစ်စဖြစ်ရင် သိသွားမှာပါ။”

လုချန်းက တိုက်ရိုက်မဖြေဘဲ လျှို့ဝှက်သလိုလုပ်နေသည်ကို မြင်တွေ့ရသောအခါ ချန်ဝမ်ရွန်း အနည်းငယ် စိတ်ထိခိုက်မိသည်။ သူမသည် သူ၏အမျိုးသမီးဖြစ်နေပြီဖြစ်သော်လည်း သူက သူမကို သံသယထားနေတုန်းလား။

နောင်တွင် သူမသည် သူနှင့်အတူရှိနေမည်ဖြစ်ပြီး ထိုပစ္စည်းများ အသုံးပြုသည့်အခါ သူမကိုယ်တိုင် မြင်တွေ့ရမည်ဖြစ်သည်။ ယခုချိန်အထိ လျှို့ဝှက်ထားခြင်းက အဓိပ္ပါယ်မရှိ ပေ။

ထိုအချိန်တွင် မုချန်တိန်နှင့် အခြားစစ်ဗိုလ်ချုပ်များလည်း မျှော်စင်ပေါ်သို့ ရောက်ရှိလာကြသည်။ မုချန်တိန်လက်ထဲတွင် မြေပုံတစ်ခုကို ကိုင်ထားသည်။ ထိုအခါ စစ်သားတစ်ဦးက ချက်ချင်းပင် စားပွဲတစ်လုံးယူလာ၏။ မုချန်တိန်က ထိုစားပွဲပေါ်တွင် မြေပုံကို ဖြန့်ချထားလိုက်သည်။

ထို့နောက် မုချန်တိန်က

“ကင်းထောက်တပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ ထန်းချီဘုရင်ဟာ သူရဲ့တပ်တွေကို ခွဲထားခြင်း မရှိပါဘူး။ သူတို့ရဲ့ တပ်မကြီးဟာ ရှေ့တန်းစစ်သည်တွေရဲ့နောက်မှာ ကပ်လျက်လိုက်ပါလျက်ရှိပါတယ်။”

“သူတို့ရဲ့ မြင်းတပ်ဟာ နင်းပေမြို့ဆီသို့ တိုက်ရိုက်ဦးတည်နေပါတယ်။ အမြန်ဆုံး အနေနှင့် ရက်အနည်းငယ်အတွင်း နင်းပေမြို့ကို ရောက်ရှိနိုင်ပါတယ်။ အဓိက တပ်မကြီးကတော့ နှစ်ပတ်လောက်အတွင်း နင်းပေမြို့ကို ရောက်လာနိုင်ခြေ အလွန်များပါတယ်။”

ထိုအခါ လုချန်းက မြေပုံနားသို့ ချဉ်းကပ်သွားပြီး မြေပုံကို လေ့လာလိုက်သည်။ ထိုမြေပုံပေါ်တွင် ထျန်းချီဘုရင်၏ တပ်များ၏ လက်ရှိတည်နေရာများကို အကြမ်းဖျဉ်း မှတ်သားထားပြီးဖြစ်သည်။

လုချန်းက ရယ်မောကာ ပြောလိုက်သည်။

“ထျန်းချီဘုရင်ရဲ့ တပ်တွေ ကျွန်တော်တို့မရောက်ခင် နင်းပေမြို့ကို ရောက်မယ်လို့ ထင်ခဲ့တာ။ သူတို့ရဲ့ ချီတက်နှုန်းကို ကျွန်တော် အထင်ကြီးမိခဲ့တာပဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် မုချန်တိန်က ရှင်းပြလိုက်သည်။

“လွင်ပြင်ဒေသတပ်တွေရဲ့ ချီတက်နှုန်းက မနှေးပါဘူး မင်းသား။ ဒါပေမဲ့ လွင်ပြင် ဒေသမှာ ရေရရှိဖို့ ရှာဖွေရတဲ့အတွက် နှောင့်နှေးနေရတာပါ။”

လုချန်းက

“ဟုတ်ပါတယ်။ ရေရရှိဖို့က တကယ့် ပြဿနာတစ်ရပ်ပဲ။”

ထိုသို့ ပြောလိုက်ပြီးနောက် လုချန်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်သွားသည်။ အစက ထျန်းချီဘုရင်၏ တပ်များ ရှုံးနိမ့်ပြီး ဆုတ်ခွာသွားပါက သူတို့ကို လိုက်လံတိုက်ခိုက်သင့် မသင့် သူစဉ်းစားနေခဲ့သည်။

မုချန်တိန်၏ စကားက လုချန်းကို ရုတ်တရက် သတိရစေခဲ့သည်။ လွင်ပြင်ဒေသတွင် အခြေအနေများ ရှုပ်ထွေးပြီး ရိက္ခာရှာဖွေရန် ခက်ခဲသည်။ မဆင်မခြင် လိုက်လံတိုက်ခိုက်ခြင်းမျိုး မပြုသင့်ပေ။

ထိုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦး လုချန်းရှေ့သို့ ရောက်ရှိလာသည်။

“မင်းသား။ ရန်ခရိုင်က ထောက်လှမ်းရေးသတင်း ရောက်ရှိပါပြီ။”

လုချန်းက အထူးကိုယ်ရံတော်ထံမှ စာကိုယူပြီး ဖွင့်ကြည့်လိုက်သည်။ လက်ထဲရှိ ထောက်လှမ်းရေးသတင်းများကို ဖတ်ရှုပြီးနောက် သူက ပြောလိုက်သည်။

“ရှနိုင်ငံတော်အတွင်းက ပြည်တွင်းစစ်ပြီးဆုံးသွားရင် မြောက်ပိုင်းပြည်နယ်ဟာ စစ်မှန်တဲ့ စမ်းသပ်မှုတစ်ရပ်ကို ရင်ဆိုင်ရတော့မယ် လို့ထင်တယ်။”

အံ့အားသင့်သွားသော မုချန်တိန်က မေးလိုက်သည်။

“ နန်းတွင်းဘက်က လှုပ်ရှားမှုရှိပါလား မင်းသား။”

လုချန်းက အေးအေးဆေးဆေး ဖြေလိုက်သည်။

“ဟုတ်ပါတယ်။ နန်းတွင်းက စစ်တပ်‌တွေကို ချီပြည်နယ်ထဲ စေလွှတ်ဖို့ စီစဉ်နေပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး ခဏခန့် တုန်လှုပ်သွားကြသည်။ ထို့နောက် မုချန်တိန်က ဆက်ပြောလိုက်သည်။

“ချီမင်းသားက ခွင့်ပြုမှာ မဟုတ်ပါဘူး။”

သူတို့ မြောက်ပိုင်းပြည်နယ်သို့ ချီတက်စဉ်က တောင်ပိုင်းမှ အာဏာရှိမိသားစုများ၏ သံတမန်များ ချီပြည်နယ်တွင် ရှိနေဆဲဖြစ်၏။ သူတို့က ချီမင်းသား၏တပ်များကို တောင်ပိုင်းသို့ စစ်တပ်စေလွှတ်ကာ တောင်ပိုင်းပုန်ကန်သူများနှင့်အတူ နန်းတွင်းစစ်တပ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် စည်းရုံးလိုခြင်း ဖြစ်သည်။

အခု နန်းတွင်းမှ စစ်တပ်များကို ချီပြည်နယ်ထဲ့သို့ စေလွှတ်ရန် စီစဉ်နေသည်။ နန်းတွင်းစစ်တပ်များ စခန်းချနေပါက ချီမင်းသား အနေနှင့် ပုန်ကန်ဖို့ စဉ်းစားဦးမှာလား။

ထို့ပြင် နန်းတွင်းသည် တောင်ပိုင်းပုန်ကန်သူများကို ကိုင်တွယ်ရန် လိုအပ်နေဆဲဖြစ်သည်။ ချီပြည်နယ်မှာ စစ်တပ်စခန်းချပြီး အဘယ့်ကြောင့် အင်းအားကို ခွဲဝေပေးထားရတာလဲ။

လုချန်းက

“ကိစ္စကတော့ ဒီမှာ မပြီးဆုံးသေးဘူး။ ဒါပေမဲ့ နန်းတွင်းက ချီပြည်နယ်မှာ စစ်တပ်စခန်းချဖို့ အမိန့်ချလိုက်ပြီ။”

ထိုအချိန်တွင် ရှောင်ပင်တိန်က ဘေးမှ ပြောလိုက်သည်။

“မင်းသားရဲ့ အမြင်အရ ချီမင်းသား ဒီတစ်ခေါက် ပုန်ကန်နိုင်လား။”

မြောက်ပိုင်းပြည်နယ်မှ လွင်ပြင်ဒေသမျိုးနွယ်စုများကို ခုခံရန် စစ်တပ်ရွှေ့ထားပြီ ဖြစ်သောကြောင့် ချီပြည်နယ်အ‌နေနှင့် မြောက်ပိုင်းပြည်နယ်မှ နန်းတွင်းကို ကူညီနိုင်ခြေအား စိုးရိမ်စရာမလိုတော့ပေ။ ယခုအချိန်တွင် သူတို့ နေပြည်တော်အထိ ချီတက်တိုက်ခိုက်နိုင်သည်။ ထို့ပြင် အကယ်၍ နယ်စားတစ်ဦး ပုန်ကန်ပါက အခြား နယ်စားများလည်း လိုက်ပါပုန်ကန်ကြမည်မှာ သေချာသည်။

လုချန်းက

“အတိအကျပြောဖို့ ခက်ပါတယ်။ ချီမင်းသားက ဘာလှုပ်ရှားမှုမှ မလုပ်‌သေးဘူး။ သူ ပုန်ကန်မလားဆိုတာက မသေချာသေးဘူး။ မပုန်ကန်ဘူးဆိုရင် နန်းတွင်းရဲ့ တောင်းဆိုချက်ကို လက်ခံပြီး ချီနိုင်ငံမှာ တပ်စွဲခွင့်ပေးမှာပဲ။”

“အခုလောလောဆယ် ဒါ‌တွေ စိုးရိမ်နေလို့မရဘူး။ ပထမဆုံး ထျန်းချီဘုရင်ကို မြောက်ပိုင်းဒေသကနေ မောင်းထုတ်ရမယ်။”

နန်းတွင်းက ချီနိုင်ငံမှာ အခုလို တပ်စွဲဖို့ ကြိုးစားနေတာက မြောက်ပိုင်းပြည်နယ်မှ တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ဖို့လား ဒါမှမဟုတ် ချီပြည်နယ်ကို စမ်းသပ်ဖို့လားဆိုတာ လုချန်း၏ စိတ်ထဲ စူးစမ်းနေမိသည်။

မြောက်ပိုင်းပြည်နယ်မှ တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ဖို့ဆိုပါက သူကိုယ်တိုင် လူအင်အား နှစ်သိန်းနှင့် မြောက်ပိုင်းဒေသသို့ ချီတက်ပြီး လွင်ပြင်မျိုးနွယ်စုတွေကို တိုက်ခိုက်နေသည့်အတွက် မြောက်ပိုင်းပြည်နယ်သည် လောလောဆယ် အချိန်တွင် နန်းတွင်းအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါ။ ထို့ပြင် တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းဖို့ အရေးကြီးနေသောအချိန်တွင် ချီပြည်နယ်မှာ တပ်စွဲဖို့ အခုလို လူအင်အားအများကြီး သုံးစွဲဖို့ မလိုအပ်‌ပေ။

ထို့ကြောင့် ဆွမ်ဧကရာဇ်သည် ချီပြည်နယ်ကို စမ်းသပ်နေခြင်း ပို၍ဖြစ်နိုင်၏ ။ချီမင်းသားမှာ ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိမရှိ သိလိုခြင်းဖြစ်နိုင်သည်။ အကယ်၍ ချီပြည်နယ်က တပ်စွဲမည့် အမိန့်ကို ငြင်းပယ်ပါက ချီမင်းသားသည် တောင်ပိုင်းပုန်ကန်သူများ၏ အဆိုကို လက်ခံပြီး ပုန်ကန်ဖို့ ရည်ရွယ်ထားသည်ဟု ဆိုလိုသည်။ သို့သော် ချီပြည်နယ်က တရားဝင် တပ်စွဲမှုကို လက်ခံပါက ချီပြည်နယ်မှာ ပုန်ကန်ဖို့ ရည်ရွယ်ချက် မရှိသေးဘူးကြောင်း သက်သေပြနိုင်သည်။

တကယ်တော့ ထိုကိစ္စတွေအားလုံးက သူ့တို့အတွက် အခုအချိန်မှာ အရေးမကြီးသေး ပေ။ အခုသူတို့၏ အဓိက တာဝန်က လွင်ပြင်မျိုးနွယ်စုတွေများကို ခုခံရန်ပင် ဖြစ်သည်။

....

ထိုအတောအတွင်း

မြောက်ပိုင်းဒေသ။

မြက်ခင်းလွင်ပြင်။

ဧရာမ သိမ်းငှက်ကြီးတစ်ကောင်သည် ကောင်းကင်ယံ၌ ဝဲပျံနေ၏။ မြေပြင်ပေါ်တွင်တော့ ယာယီရွက်ဖျင်တဲပေါင်း များစွာ ရှိနေသည်။ ခဏအကြာတွင် သိမ်းငှက်ကြီးသည် ကြံ့ခိုင်သော လူတစ်ဦး၏ ပခုံးပေါ်ကို ဆင်းသက်လိုက်၏။ ထိုသူက သိမ်းငှက်၏ ခြေထောက်တွင် ချည်ထားသော သားရေကို ဖြုတ်ယူကာ ပင်မတဲဆီသို့ ဦးတည်သွားသည်။

ပင်မတဲထဲတွင် ထျန်းချီဘုရင်နဲ့ သူ့လူများ သောက်စားပျော်ပါးနေကြ၏။ သူတို့ကြည့်ရတာ အရေးကြီးနေပုံ မရ‌ပေ။

သူတို့၏အမြင်အရ မြောက်ပိုင်းပြည်နယ်၏ ချမ်းသာကြွယ်ဝမှုနှင့် အမျိုးသမီးများ သူတို့လက်ထဲရောက်လာဖို့ စောင့်နေရုံသာ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး အေးအေးဆေးဆေး ရှိနေကြသည်။

“ဘုရင်ကြီး။ ရှေ့တန်း ကင်း‌ထောက်တွေဆီက စာရောက်လာပါပြီ။”

ထိုသူက သိမ်းငှက်ဆီက ဖြုတ်ယူလာသော သားရေကို တီယန်ချီဘုရင်ဆီ လွှဲပေးလိုက်သည်။ တီယန်ချီဘုရင်က သားရေကို ဖွင့်ကြည့်ပြီး အတွင်းမှာရေးထားသော အကြောင်းအရာကို ဖတ်ကြည့်သည်။

ထို့နောက် ထျန်းချီဘုရင်က ရယ်မောလိုက်ကာ

“လူနှစ်သိန်းနဲ့ ကျုပ်တပ်ကို ခုခံဖို့ ကြိုးစားနေတာပဲ။ မြောက်ပိုင်းပြည်နယ်ကလူတွေ ရူးနေကြတာလား။”

လုချန်းနဲ့ သူ့လူများ လွင်ပြင်မျိုးနွယ်စုတွေအကြောင်း သတင်းထောက်လှမ်းနေချိန်မှာပင် လွင်ပြင်မျိုးနွယ်စုတွေကလည်း မြောက်ပိုင်းပြည်နယ်အကြောင်း သတင်းထောက်နေကြသည်။ မြောက်ပိုင်းပြည်နယ်၏ စစ်ရေးပြပွဲသတင်းသည် ဒေသတစ်ခုလုံးကို ပျံ့နှံ့နေပြီး လွင်ပြင်မျိုးနွယ်စုဘက်မှ သူလျှိုများလည်း လုချန်း လူနှစ်သိန်းနဲ့ မြောက်ဘက်ကို ချီတက်နေ ကြောင်း သိရှိသွားကြသည်။

သို့သော် ထျန်းချီဘုရင်အတွက်တော့ ဒါက စိုးရိမ်စရာ မရှိပေ။ သူ၏ မျက်လုံးထဲတွင် ရှနိုင်ငံသားများသည် အမြဲတစေ အားနည်းသူများ ဖြစ်ကြသည်။ ကျူးနိုင်ငံ မတည်ထောင်ခင်က သူတို့မျိုးနွယ်စု မဟာမိတ်များ ရှနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ခဲ့ဖူးပြီး မြို့အများအပြားကို သိမ်းပိုက်ခဲ့ဖူး၏။ ရှနိုင်ငံသားများသည် သူတို့၏ နေမြေများ ပြန်လည်ရယူရန်အတွက် တန်ဖိုးကြီးကြီး ပေးခဲ့ရသည်။

သို့သော် ဒါက လွင်ပြင်မျိုးနွယ်စုများ အုပ်စုကွဲမီက အခြေအနေဖြစ်သည်။ နောက်ပိုင်းတွင် လွင်ပြင်မျိုးနွယ်စုတို့၏ နန်းတွင်းအာဏဏာ ကျဆင်းလာပြီး အုပ်စုများစွာ ကွဲသွားခဲ့သည်။ မြောက်ပိုင်းဒေသသည် ကောင်းကင်ဝံပုလွေဘုရင်၏ လက်အောက်သို့ ကျရောက်သွားကာ ထျန်းချီဘုရင်၏ မျိုးနွယ်စုအား အရှေ့ဘက်သို့ ချီတက်ခွင့် မပေးတော့ပေ။

လွင်ပြင်ဒေသမျိုးနွယ်စုများ ကွဲသွားသော်လည်း ရှနိုင်ငံသားများ အားနည်းသည်ဟူ‌သော အယူအဆက ထျန်းချီဘုရင်၏ စိတ်ထဲတွင် အမြစ်တွယ်နေဆဲဖြစ်သောကြောင့် မြောက်ပိုင်းပြည်နယ်ကို စိုးရိမ်စရာအဖြစ် မမြင်ခဲ့ပေ။

လူနှစ်သိန်းမျှလောက်ကို ဘာမှ စိုးရိမ်စရာ မလိုပါ။

........

အခန်း (၄၀၂)

လက်လျှော့ဖို့ အချိန်တန် (၁)

နိုင်ငံကြီးတိုင်းတွင် အတွင်းရေး ပြဿနာများ ရှိနေကြသော်လည်း ယခုအချိန်တွင် နိုင်ငံကြီးအားလုံးတို့၏ အာရုံသည် မြောက်ပိုင်းနယ်၏ အခြေအနေပေါ်တွင် စူးစိုက်လျက် ရှိသည်။

မြောက်ပိုင်းနယ်၏ စစ်ရေးပြပွဲ ကျင်းပပြီးသည့် အချိန်မှစ၍ ထိုလူနှစ်သိန်းပါ စစ်တပ်၏ စွမ်းရည် အစစ်အမှန်ကို အားလုံးက သိလိုနေကြသည်။ သူတို့ ထျန်းချီ၏ တပ်များကို ရင်ဆိုင်နိုင်မှာလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည်နေကြသည်။

ထျန်းချီဘုရင်သည် ကောင်းကင်ဝံပုလွေ ဘုရင်မဟုတ်ပါ။ မြောက်ပိုင်းဖရီဘုရင်လည်း မဟုတ်ပေ။ သူသည် အဆင့်လွန်ပညာရှင် တစ်ယောက်ဖြစ်ပြီး သူ၏လက်အောက်တွင်လည်း ထိပ်သီးပညာရှင် များစွာရှိသည်။ ထို့ပြင် အရည်အချင်းပြည့်ဝသော စစ်သည် အမြောက်အမြားလည်း ရှိသည်။

ထျန်းချီဘုရင်သည် ကျူးနိုင်ငံကို ရှုံးနိမ့်ခဲ့သော်လည်း ဒါက သူ၏စွမ်းအား ညံ့ဖျင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

မြောက်ပိုင်းနယ်၏ သံချပ်ကာမြင်းတပ်များမှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း

ထျန်းချီဘုရင်၏ လေးသိန်းသော တပ်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အနည်းငယ် မလုံလောက်ဟု ထင်ရသည်။

လောလောဆယ်တွင် မြောက်ပိုင်းပြည်နယ်ကို အာရုံမစိုက်သောသူများမှာ ရှနိုင်ငံတောင်ပိုင်းမှ ပုန်ကန်သူများသာ ဖြစ်သည်။ လုရှုယွမ် ဦးဆောင်သော သူတို့၏တပ်များမှာ မကြာသေးမီက ဖိအားကြီးစွာ ခံနေရသည်။ သူတို့၏တပ်များသည် နန်းတွင်းတပ်များနှင့် လုံးဝမယှဉ်နိုင်ပေ။ စစ်မြေပြင်တွင် နန်းတွင်းတပ်များ၏ တိုက်ခိုက်မှုကိုသာ ခံနေရသည်။

တောင်ပိုင်းပုန်ကန်သူများသည် ဆက်တိုက် နောက်ဆုတ်နေရပြီ အစက သူတို့ ထိန်းချုပ်ထားသော အရေးကြီးသည့် မြို့များကို ဆုံးရှုံးနေသည်။ ယခုအခါတွင် နန်းတွင်းတပ်များသည် သူတို့ ဆုတ်ခွာစရာ နေရာများ ကျဉ်းမြောင်းလာသည်အထိ ဖိအားပေး နေသည်။

တိမ်ဖောက်လေးကို အသုံးပြုသော်လည်း စစ်မြေပြင်တွင် သိသာထင်ရှားသော အသာစီးရမှု မရှိသဖြင့် လုရှုယွမ်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။

သူ၏ဖခင်ဧကရာဇ် သူ၏ပုန်ကန်မှုကို လုံးဝမစိုးရိမ်ခဲ့သည့် အကြောင်းရင်းကို ယခု သူနားလည်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ဆွမ်ဧကရာဇ်က သူ့အား တောင်ပိုင်းသို့လာပြီး အာဏာရှိ မိသားစုများကို ဦးဆောင်ပုန်ကန်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထိုအာဏာရှင်မိသားစုများမှာ သူတို့၏ အကျိုးစီးပွားများကို စွန့်လွှတ်ရန် မလိုလားကြပေ။ သူတို့ပူးပေါင်းနေကြသော်လည်း ခိုင်ခန့်သော မဟာမိတ်အဖွဲ့တစ်ခု မဟုတ်ပေ။

သူတို့သည် သူတို့၏ အကျိုးစီးပွားအတွက်သာ တိုက်ခိုက်နေကြပြီး အဆုံးမရှိသော အကြံအစည်များနှင့် ပြိုင်ဆိုင်မှုများကြောင့် အခြေခံအားဖြင့် သူတို့ကို ဦးဆောင်ရန် မဖြစ်နိုင်ပေ။

ယခုတော့ တောင်ပိုင်းသို့လာပြီး ပုန်ကန်ခဲ့သည့် ဆုံးဖြတ်ချက်ကို လုရှုယွမ် နောင်တရနေ၏။ သူမလာခဲ့လျှင် အဆိုးဆုံးအနေဖြင့် အိမ်ရှေ့မင်းသားရာထူးမှ ဖယ်ရှားခံရမည်သာ ဖြစ်သည်။

ယခုတွင်မူ သူကိုယ်တိုင် နောက်ဆုတ်၍ မရသော အခြေအနေထဲ ရောက်နေပြီဖြစ်သည်။ လေးကြိုး တင်းပြီးပြီ ဖြစ်သဖြင့် ပြန်ဖြုတ်၍မရတော့ပေ။ နန်းတွင်းတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန်သာ ရှိတော့သည်။

...

ဝမ်မိသားစု။

မိသားစု ခန်းမ။

ဝမ်မိသားစုခေါင်းဆောင်၏ နေရာတွင် ထိုင်နေသော လုရှုယွမ်က တောင်ပိုင်းအာဏာရှိမိသားစုများ၏ ခေါင်းဆောင်များကို ကြည့်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

“တုန်းဖန်မိသားစုရဲ့ အစအနတောင် မတွေ့သေးဘူးလား။”

ထိုမေးခွန်းကို ကြားလိုက်ကြ‌သော်လည်း ခန်းမအတွင်းရှိိ တစ်ဦးတစ်ယောက်မှ စကားမပြောကြတော့ပေ။

တုန်းဖန်မိသားစု၏ ပျောက်ဆုံးမှုမှာ အလွန်ရုတ်တရက် နိုင်လွန်းသဖြင့် သူတို့မည်သည့်အချိန်တွင် ပျောက်ကွယ်သွားသည်ကိုပင် မသိကြပေ။ တုန်းဖန်မိသားစု ထွက်ပြေးသွားပြီးဖြစ်ပြီး သူတို့သာ မသိလိုက်ကြတာဟုသာ ဆိုနိုင်သည်။

ထိုအချိန်တွင် ချင်မိသားစုခေါင်းဆောင်က စကားစလိုက်သည်။

“တုန်းဖန်မိသားစုဟာ နန်းတွင်းဘက် ကူးပြောင်းသွားတာ ဖြစ်နိုင်ပါတယ် အိမ်ရှေ့မင်းသား။ တုန်းဖန်မိသားစုဟာ မျိုးဆက်တစ်လျှောက် ကုန်သည်မိသားစုဖြစ်ပြီး တောင်ပိုင်းမှာ မြေယာအများအပြား မပိုင်ဆိုင်ပါဘူး။ သူတို့အတွက် နေရာ ပြောင်း‌ရွှေ့ရတာက ကွာခြားချက် သိပ်မရှိပါဘူး။ ဒီအတွက် စွန့်စားမှု ကြီးကြီးမားမား လုပ်စရာ မလိုပါဘူး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်မိသားစုခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဧကရာဇ်ဆီ သစ္စာခံမယ်ဆိုလျှင် သူတို့ လွတ်မြောက်မယ်လို့ ထင်နေကြတာလား။ ဧကရာဇ်က အာဏာရှိ မိသားစုတွေကို ရှင်းဖို့ရည်ရွယ်ထားခဲ့တာ ကြာပြီ။ တုန်းဖန်မိသားစုဟာ ကျွန်တော်တို့လောက် မြေယာမရှိပေမဲ့ သူတို့ရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေက ရှနိုင်ငံတစ်ဝှမ်း ပျံ့နှံ့နေတယ်။ သူတို့ဟာ ကုန်‌ဈေး ဈေးနှုန်းတွေကိုလည်း အလွယ်တကူ ထိန်းချုပ်နိုင်တယ်။ ဧကရာဇ်က သူတို့ကို လွှတ်ပေးမယ်လို့ ကျွန်တော် မယုံကြည်ဘူး။”

ထို့နောက် ချူးလျှံက ဆက်ပြောလိုက်သည်။

“တုန်းဖန်မိသားစုဟာ ရေကြောင်းက‌နေ ထွက်ခွာသွားနိုင်ပါတယ်။ သူတို့၏ ကုန်တင်သင်္ဘောတွေက အလွန်ကြီးမားပြီး တုန်းဖန်မိသားစုဝင် အားလုံးကို အချိန်တိုအတွင်း အခက်အခဲမရှိ သယ်ဆောင်သွားနိုင်တယ်။”

သင်္ဘောများအကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသည်နှင့် လုရှုယွမ်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။ တုန်းဖန် မိသားစုက သူတို့တွေကို ဒီလောက်မြန်မြန် သယ်ဆောင်သွားနိုင်ပါက နန်းတွင်းတပ်များကိုလည်း သူတို့မသိအောင် သူတို့၏ နောက်ကျောသို့ ရွှေ့ပြောင်းပေးနိုင်သည်။

တုန်းဖန်မိသားစု အမှန်တကယ် သစ္စာဖောက်ပြီး နန်းတွင်းဘက်သို့ ကူးပြောင်းသွားပါက ဧကရာဇ်အား သူတို့သစ္စာခံကြောင်း ပြသရန် တောင်ပိုင်းအား တိုက်ခိုက်ရာ၌ ကူညီမည်မှာ သေချာသည်။

ထိုသို့တွေးမိသည်နှင့် လုရှုယွမ်၏ မျက်နှာ ရုတ်တရက် မည်းမှောင်သွား၏။

ထိုအချိန်တွင် စစ်သားတစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး ပြောလိုက်သည်။

“အရေးကြီးသတင်းပါ အိမ်ရှေ့မင်းသား။ အရှေ့တောင်ဘက်မှာ နန်းတွင်းတပ်တွေကို မြင်ခဲ့ရပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုရှုယွမ် အလွန်တုန်လှုပ်သွားသည်။ သူ၏ အတွေးက အမှန်တကယ် ဖြစ်လာခဲ့ပြီ။ တုန်းဖန်မိသားစု သစ္စာဖောက်ပါက နန်းတွင်းတပ်များကို သူတို့၏ နောက်ကျောသို့ ပို့‌ဆောင်ပေးရန် ကူညီမည်ဖြစ်ကြောင်း သူသိသည်။

...

ရက်အနည်းငယ်အကြာ။

နင်းပေမြို့။

ထျန်းချီဘုရင်၏ ရှေ့တန်းမြင်းတပ်များ နောက်ဆုံးတွင် နင်းပေမြို့သို့ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုတပ်များမှာ လမ်းကြောင်းစုံစမ်းရန် စေလွှတ်ထားခြင်းသာဖြစ်၏။ သူတို့ နင်းပေမြို့ပြင်သို့ ရောက်ရှိသောအခါ တိုက်ခိုက်ခြင်းမပြုပဲ ပတ်ဝန်းကျင်ကိုသာစောင့်ကြည့်နေကြသည်။

နင်းပေမြို့သည် မြက်ခင်းပြင်များဖြင့်ဝန်းရံထားပြီး ပထဝီ ‌အနေအထားအရ အားသာချက် မရှိပါ။ မြို့ပြင်တွင်လည်း ကျုံးတစ်ခုပင် မရှိပဲ အတော်လေး အစွန်အဖျားကျသော မြို့တစ်မြို့ဖြစ်သည်။

ထိုကဲ့ အစွန်အဖျားကျသော မြို့ကို ဝိုင်းရံထားပါက အတွင်းမှ စစ်သည်များ ပိတ်မိသွားပြီး နောက်ဆုံး အရေးနိမ့်မည်မှာ သေချာပေသည်။

နင်းပေမြို့ရှိ အခြေအနေကို စုံစမ်းပြီးနောက် လွင်ပြင်ဒေ ရှေ့တန်းစစ်တပ်သည် အချက်အလက်များကို ထျန်းချီဘုရင်ထံသို့ အမြန်ဆုံးပို့ခဲ့သည်။ မြောက်ပိုင်းပြည်နယ်၏ စစ်သည်နှစ်သိန်းသည် အဓိကအားဖြင့် နင်းပေမြို့တွင်တပ်စွဲထားကြောင်း ကြားသိရသောအခါ ထျန်းယန်ချီဘုရင် အလွန်ဝမ်းသာသွားခဲ့သည်။

မြောက်ပိုင်းပြည်နယ်၏ တပ်များအားလုံး တစ်နေရာတည်းတွင် စုစည်းနေခြင်းသည် သူတို့အတွက် အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။ လွင်ပြင်ဒေသစစ်တပ်သည် တစ်ချီတည်းဖြင့် မြောက်ပိုင်းပြည်နယ်၏ စစ်သည်နှစ်သိန်းကို ဖြိုခွဲနိုင်ပါက မြောက်ပိုင်းပြည်နယ်အတွင်းသို့ အဟန့်အတားမရှိ ဝင်ရောက်လုယက်နိုင်မည်ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်၏ စစ်သည်နှစ်သိန်း တပ်ခွဲထွက်ခြင်းမှ ကာကွယ်ရန် ထျန်းချီဘုရင်က သူ၏စစ်သည်များအား အမြန်ဆုံးချီတက်ရန် အမိန့်ပေးခဲ့သည်။ မြောက်ပိုင်းပြည်နယ်၏ တပ်များခွဲသွားပါက မြို့တစ်မြို့ပြီးတစ်မြို့ ဝိုင်းရံတိုက်ခိုက်ရမည် စိုးသောကြောင့်ဖြစ်သည်။

လုချန်းသည် မြို့ရိုးပေါ်တွင် ရပ်လျက် အဝေးမှ လွင်ပြင်ဒေသ ရှေ့တန်းမြင်းတပ်စခန်းကို ကြည့်ရှုနေပြီး နှုတ်ခမ်းများ ကွေး၍ ပြုံးနေမိသည်။ ရက်အနည်းငယ်အတွင်း မြောက်ပိုင်းပြည်နယ်၏ ပထမဆုံးသော ယမ်းလက်နက် ပြပွဲကြီး စတင်တော့မည်ဖြစ်သည်။

..........

All Chapters