← Chapters

အခန်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အခန်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အခန်း (၄၀၆)

ညအချိန်တွင် ဝင်စီးခြင်း (၂)

ထိုစဉ် ထျန်းချီဘုရင်က သူ့ဘေးမှ ဗိုလ်ချုပ်တစ်ဦးကို လှည့်ပြီး ပြောလိုက်သည်။

“ စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး အရှေ့မြို့တံခါးကနေ တိုက်ပါ။ သူတို့ ဘယ်လောက်ကြာကြာခံနိုင်မလဲ ကျုပ်ကြည့်ချင်တယ်။”

“ဟုတ်ကဲ့ ဘုရင်ကြီး။”

ထျန်းချီဘုရင်၏ ဘေးမှ ထိပ်သီးပညာရှင် ဗိုလ်ချုပ်သည် ချက်ချင်း လွင်ပြင်ဒေသစစ်သည်တစ်သိန်းကို ဦးဆောင်ကာ အရှေ့မြို့တံခါးဆီသို့ ချီတက်ပြီး နင်းပေမြို့၏ အရှေ့တံခါးကို စတင်တိုက်ခိုက်လိုက်သည်။

သို့သော် စမ်းသပ်တိုက်ခိုက်မှုသာ ဖြစ်သောကြောင့် သိသိသာသာ အောင်မြင်မှုမရခဲ့ပေ။ လွင်ပြင်ဒေသစစ်သည်များစွာ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပြီး စခန်းတွင် လက်များ၊ ခြေများ ဆုံးရှုံးထားသော ဒဏ်ရာရစစ်သည်များ ရုတ်တရက် များပြားလာခဲ့သည်။

တစ်ရက်တာအချိန်က လျင်မြန်စွာ ကုန်လွန်သွား၏။ ပင်မတဲအတွင်းရှိ လွင်ပြင်ဒေသသား ဗိုလ်ချုပ်များအလွန်တက်ကြွ နေကြပြီး သောက်စား အောင်ပွဲခံနေကြသည်။

“ဘုရင်ကြီးရဲ့ ခန့်မှန်းချက်မှန်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ အဲ့ဒီသံလုံးတွေ မရှိသလောက်နည်းနေပါပြီ။ ဒီနေ့ နေ့လည်ထပ်တိုက်တုန်းက ကျောက်တုံးနဲ့ မြား‌တွေကိုပဲ အဓိကထား သုံးလာတာ တွေ့ရတယ်။ ကျွန်‌ တော်တို့ရဲ့ စစ်သည်တွေ မြို့တံခါးနား ရောက်မှသာ သံလုံးတွေကို စသုံးတာပါ။”

ထိုစဉ် လွင်ပြင်ဒေသဗိုလ်ချုပ်တစ်ဦးက ဖြည့်စွက်လိုက်သည်။

“ဒီနှုန်းအတိုင်းသာ ဆက်သွားရင် သူတို့ရဲ့ လျှို့ဝှက်သံလုံးတွေ ကုန်ဆုံးသွားဖို့က သိပ်စောင့်စရာ မလိုတော့ပါဘူး။”

ထိုအခါ ထျန်းချီဘုရင်က ရယ်မောလိုက်ကာ

“အဲ့ဒီ သံလုံးတွေနဲ့ ကျုပ်တို့ကို တားဆီးနိုင်မယ်လို့ သူတို့ထင်ကြတာလား။ အိပ်မက်မက်နေကြတာပဲ”

ထို့နောက် လွင်ပြင်ဒေသဗိုလ်ချုပ်တစ်ဦးက စူးစမ်းသော အသံဖြင့်

“ အဲ့ဒီပေါက်ကွဲတတ်တဲ့ သံလုံးတွေကို ဘာနှင့်လုပ်ထားတာလဲဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး။ အကယ်၍ ကျွန်ုပ်တို့ကိုယ်တိုင် အဲ့ဒီသံလုံးတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ဘုရင်ကြီးရဲ့ လွင်ပြင်ဒေသမျိုးနွယ်စုတွေ စုစည်းဖို့ ရည်မှန်းချက်က မဝေးတော့ပါဘူး။”

အရက်တစ်ခွက် သောက်လိုက်ပြီးနောက် ထျန်းချီဘုရင်က

“ကျုပ်ရဲ့ခန့်မှန်းချက်အရ အဲ့ဒီသံလုံးတစ်လုံး ပြုလုပ်ဖို့ အသက်ရှင်နေတဲ့ အဆင့်ငါး သိုင်းပညာရှင်တစ်ယောက်ကို အသုံးပြုဖို့ လိုအပ်နိုင်တယ်။”

ထိုစကားကို ကြားလိုက်ရသည့်နှင့် တဲအတွင်းရှိ ဗိုလ်ချုပ်များ၏ နှလုံးများ တုန်လှုပ်သွားခဲ့သည်။

ထျန်းချီဘုရင်က ဆက်ပြောလိုက်သည်။

“ကျုပ်သိတဲ့ အတိုင်းဆိုရင် ဗဟိုမြေပြန့်ဒေသက စစ်သည်တွေဟာ သူတို့ရဲ့ စွမ်းအားအားလုံးကို အတွင်းအား ချက္ကရထဲ စုစည်းပြီး ခန္ဓာကိုယ်ကို ပေါက်ကွဲစေနိုင်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုတတ်ကြတယ်။ သူတို့ ပေါက်ကွဲတဲ့အခါ အနီးအနားက လူ‌တွေလည်း ထိခိုက်ပြီး သေဆုံးဒဏ်ရာရနိုင်တယ်။”

“သံလုံးတွေ ပေါက်ကွဲပုံက သိုင်းပညာရှင်တစ်ယောက် ကိုယ့်ကိုယ်ကို ဖျက်ဆီးတာနဲ့ ဆင်တူတယ်။ ကျုပ်ထင်တာက သူတို့ဟာ သိုင်းပညာရှင်တွေရဲ့ စွမ်းအားကို သံလုံးထဲ ပိတ်မိနေစေပြီး လက်နက်အဖြစ် အသုံးပြုနည်းကို တွေ့ရှိထားတာ ဖြစ်နိုင်တယ်။”

ဗိုလ်ချုပ်တစ်ဦးက

“အဲ့ဒီလိုဆိုရင် ဒီလောက်များတဲ့ သံလုံးတွေလုပ်ဖို့ သိုင်းပညာရှင်တွေ အများကြီးကို သတ်ရမှာလား။”

ထျန်းချီဘုရင်က ရယ်မောပြီး ပြောလိုက်သည်။

“ရှနိုင်ငံသားတွေ ကျုပ်တို့ကို မနိုင်နိုင်ဘူးဆိုတာ သိပြီး ကျုပ်တို့ချီတက်တာကို တားဆီးဖို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့နည်းကို သုံးနေကြတာပဲ။”

“ကျုပ်တို့ကို တားဆီးဖို့ သူတို့ရဲ့ သိုင်းပညာရှင်တွေ ဘယ်လောက်များများကို စတေးခံနိုင်မလဲ ကြည့်ချင်တယ်။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်က သိုင်းပညာရှင် စစ်သည်တွေ တစ်နေ့မဟုတ် တစ်နေ့ ပုန်ကန်ကြမှာပဲ။ ကျုပ်တို့ဘက်က ဖိအားပေးနေရုံပဲ။”

ထျန်းချီဘုရင်၏ အမြင်တွင် အသက်ရှင်နေသော လူများကို လက်နက်အဖြစ် အသုံးပြုနေသည်ဆိုပါက မြောက်ပိုင်းပြည်နယ် တပ်အတွင်းရှိ သိုင်းပညာရှင်များ တစ်နေ့တွင် သူတို့အား လက်နက်အဖြစ် ပြောင်းလဲခံရမည်ကို စိုးရိမ်ကြမည်ဖြစ်သည်။ လွင်ပြင်ဒေသတပ်များ ဖိအားလုံလောက်စွာ ပေးပါက၊

နင်းပေမြို့အတွင်းရှိ သိုင်းပညာရှင်စစ်သားများ နောက်ဆုံးတွင် ပုန်ကန်ကြမည်။

ထိုအချိန်တွင် အတွင်းမှ ပုန်ကန်သော စစ်သားများနှင့် အပြင်မှ လွင်ပြင်ဒေသစစ်တပ်တို့ ပူးပေါင်းပါက မြောက်ပိုင်းပြည်နယ်၏ နှစ်သိန်းသော စစ်တပ်ကို အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။

နောက်ထပ် နှစ်ပတ်အတွင်း ထျန်းချီဘုရင် ၏လွင်ပြင်ဒေသစစ်သည်များ မြို့ကို အနှောင့်အယှက်ပေးသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ယင်းတို့သည် စမ်းသပ်မှုသဘောသာ ဖြစ်ပြီးအပြည့်အဝ အားစိုက်ထားသော တိုက်ခိုက်မှုများ မဟုတ်ပေ။

လွင်ပြင်ဒေသစစ်သည်များသည် မကြာမီ နင်းပေမြို့၏ ကြောက်မက်ဖွယ်ကောင်းသော သံလုံးလက်နက်များ အသုံးပြုမှု နည်းပါးလာသည်ကို သတိထားမိလာကြ၏။ နောက်ပိုင်းတွင် မြို့ကာကွယ်သူများသည် မြားများနှင့် ကျောက်တုံးများကိုသာ အဓိကအားဖြင့် အသုံးပြုလာကြသည်ကို တွေ့ရှိလာကြရသည်။

အချို့အခေါက်များတွင် လွင်ပြင်ဒေသစစ်သည်များသည် မြို့တံခါးအထိပင် ရောက်ရှိနိုင်ခဲ့သည်။ ထိုအချက်က ထျန်းချီဘုရင်နှင့် သူ၏ဗိုလ်ချုပ်အားလုံး၏ နင်းပေမြို့၌ သံလုံးလက်နက်များ ကုန်ခန်းနေပြီဟူသော ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ နင်းပေမြို့ကို သိမ်းပိုက်နိုင်ရန် အချိန်မကြာတော့ပါ။

ထိုယုံကြည်ချက်က လွင်ပြင်ဒေသစစ်သည်များကြား အလျင်အမြန် ပျံ့နှံ့သွားပြီး သူတို့သည် တဖြည်းဖြည်း နင်းပေမြို့၏ သံလုံးများကို ကြောက်ရွံ့မှု နည်းလာကြသည်။ ပထမဆုံး တိုက်ပွဲအပြီးက သူတို့ရရှိခဲ့သည့် စိုးရွံ့မှုများ ပိုမိုလျော့နည်းလာကြသည်။

ပြီးခဲ့သော ရက်များအတွင်း လွင်ပြင်ဒေသစစ်သည်များ ပိုမိုတက်ကြွလာစွာ တိုက်ခိုက်လာကြတာကို လုချန်း သတိပြုမိလာပြီး အချိန်ရောက်ပြီဟု ခံစားလိုက်ရသည်။

ညချမ်းအချိန်တွင် လုချန်းက သူ၏ဗိုလ်ချုပ်များကို အစည်းအဝေးကို ခေါ်ယူလိုက်ပြီး ထိုညတွင်ပင် အနိုင်အရှုံး အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ခဲ့သည်။

အခန်းအတွင်းရှိ ဗိုလ်ချုပ်များကို ကြည့်ရင်း လုချန်းက စပြောလိုက်သည်။

“အချိန်ရောက်ပြီ။ ဒီညမှာ လွင်ပြင်ဒေသစခန်းကို တိုက်မယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဗိုလ်ချုပ်များ အလွန်တက်ကြွသွားကြသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း လုချန်းက အမြောက်လက်နက်သုံးစွဲမှုကို ကန့်သတ်ထားခဲ့သဖြင့် မြို့ရိုးပေါ်သို့ တက်လာသော လွင်ပြင်ဒေသစစ်သည်များပင် ရှိလာသည့်အတွက် သူတို့စိတ်မသက်သာဖြစ်နေခဲ့ကြသည်။

ယခု တိုက်ခိုက်ရန် အမိန့်ရရှိပြီဖြစ်သဖြင့် သူတို့၏ လက်နက်များကို အပြည့်အဝ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

လုချန်းက ဆက်ပြောလိုက်သည်။

“ညသန်းခေါင်အချိန်မှာ တိုက်ခိုက်မှု စတင်မယ်။ သူတို့ရဲ့ အစောင့်တွေ ကျွန်တော်တို့ကို သတိထားမိပြီး ချက်ချင်း စစ်သည်တွေကို နှိုးနိုင်ခဲ့ရင်တောင် သူတို့ အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။”

ထိုအချိန်တွင် မုချန်တိန်က သတိပေးလိုက်သည်။

“သတိထားပါ မင်းသား။ ထျန်းချီဘုရင် က အဆင့်လွန်ပညာရှင်ပါ။ စစ်ပွဲအတွင်းမှာ မင်းသားကို သူကိုယ်တိုင် လာတိုက်ခိုက်နိုင်တယ်။”

ယခုညတွင် တန်ပြန်ထိုးစစ် စတင်ပါက အဆင့်လွန်ပညာရှင် ထျန်းချီဘုရင် ဒေါသထွက်လာကာ လုချန်းကို ကိုယ်တိုင်လာရောက်တိုက်ခိုက်နိုင်ခြေ အလွန်များသည်။

လုချန်းပြုံးလိုက်ပြီး

“ချန်မိန်းကလေး ရှိပါတယ်။ ကျွန်‌တော့်အတွက် အဆင်ပြေမှာပါ။”

ထို့နောက် တံခါးဝတွင် ရပ်နေသော ချန်ဝမ်ရွန်ကို လှည့်ပြီး ပြောလိုက်သည်။

“ဒီည ကျွန်တော့်လုံခြုံရေးကို မင်းလက်ထဲ အပ်နှံလိုက်ပြီ ချန်မိန်းကလေး။”

ချန်ဝမ်ရွန်က စကားမပြောပဲ ထိုနေရာတွင်သာ ရပ်နေပြီး နောက်ဆုံးတော့ ဒီစစ်ပွဲ အဆုံးသတ်တော့မည်ဟု တွေးနေလိုက်သည်။

..........

အခန်း (၄၀၇)

ညအချိန်တွင် ဝင်စီးခြင်း (၃)

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း မြောက်ပိုင်းနယ်၏ စစ်သည်များ အမြောက်ဆံများဖြင့် တိုက်ခိုက်နေပုံကို ကြည့်ရှုနေရင်း ချန်ဝမ်ရွန် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ လွင်ပြင်မျိုးနွယ်စုများ ပစ်ခတ်ခံရသည်ကို သနားကြင်နာသောကြောင့် မဟုတ်ပါ။ တစ်နေ့တွင် လုချန်းက လျှို့ဝှက်လဝန်းနန်းတော်ကိုလည်း အမြောက်ဆံများဖြင့် ပစ်ခတ်လာမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

အမြောက်ဆံများ၏ စွမ်းအားမှာ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လက်နက်များလောက် စွမ်းအားမကြီးမားသော်လည်း ယင်းတို့ကို အမြောက်အမြား ထုတ်လုပ်နိုင်ပြီး အရေအတွက် ပမာဏများစွာ ရှိသည်ဆိုသည့် အချက်က ငြင်း၍မရသော အချက်ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လက်နက်များသည် တစ်ကြိမ်အသုံးပြုပြီးနောက် ဘယ်လောက်ကြာအောင်‌စောင့်ပြီးမှ ဒုတိယအကြိမ် အသုံးပြုနိုင်မည်မှန်းပင် မသိပါ။ ထို့ပြင် ထိုလက်နက်တို့၏ အသုံးပြုမှုစည်းကမ်းများမှာ အလွန်တင်းကျပ်၏။ ထို့ကြောင့် အမြောက်ဆံများစွာ၏ တိုက်ခိုက်မှုကို လျှိုဝှက်လဝန်းနန်းတော် အနေနှင့် ခံနိုင်ရည် မရှိနိုင်‌ပေ။

လုချန်းက မုချန်တိန်နှင့် အခြား ဗိုလ်ချုပ်မများကို ဆက်ပြောလိုက်သည်။

“ဒီည တိုက်ပွဲစပြီ ဆိုတာနဲ့ လွင်ပြင်ဒေသ စစ်စခန်းကို အရင်ဆုံး နာရီဝက်လောက် ဆက်တိုက်ပစ်ခတ်မယ်။ ပြီးရင် မြင်းတပ်က ဝေးဝေးမပြေးနိုင်သေးတဲ့ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်တွေကို လိုက်ဖမ်းမယ်။”

“ကောင်းပြီ။ အားလုံး ပြင်ဆင်ဖို့ သွားကြပါ။”

“ဟုတ်ကဲ့ မင်းသား။”

ထို့နောက် ဗိုလ်ချုပ်များသည် ညတွင်လုပ်ဆောင်မည့် စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် အခန်းထဲမှ ထွက်ခွာသွားကြသည်။

.....

ထိုအချိန်တွင်...

တစ်နေကုန် မြို့ကိုတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် လွင်ပြင်မျိုးနွယ်စု စစ်သည်များ အလွန်ပင်ပန်းနေပြီး အနားယူနေကြသည်။

နင်းပေမြို့၏ ကြောက်မက်ဖွယ်ကောင်းသော သံလုံးများ ကုန်ဆုံးသွားပါက မြို့ထဲသို့ ဝင်ရောက်ပြီး လူသတ်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်မည်ဟု သူတို့ အိပ်မက်မက်နေကြဆဲဖြစ်သည်။

ထိုအချိန်တွင် လွင်ပြင်မျိုးနွယ်စု စစ်သားများသည် နင်းပေမြို့အတွင်းရှိ မြောက်ပိုင်းနယ်၏ စစ်သည်များ အမြောက်ကျည်ဆန်များကို သယ်ယူပြီး ညအချိန်တွင် သူတို့အတွက် မီးရှူးမီးပန်းများ ပြသရန် ပြင်ဆင်နေသည်ကို မသိရှိကြသေးပေ။

ညသန်း‌ခေါင် ရောက်သည်အထိ စောင့်ဆိုင်းရခြင်းမှာ ကြာမြင့်လှ၏။ မြောက်ပိုင်းနယ်၏ စစ်သည်များအတွက် ပထမဆုံးအကြိမ်အဖြစ် အချိန်များ ဖြည်းညင်းစွာ ကုန်လွန်နေသည်ဟု ခံစားရသည်။ နာရီပိုင်းမျှသော အချိန်သည် နင်းပေမြို့တွင် ကုန်လွန်ခဲ့သော လဝက်အချိန်ထက် ပိုကြာနေသည်ဟု ထင်ရသည်။

စစ်သည်များ အလွန်စိတ်လှုပ်ရှား နေကြပြီး ခရီး‌ဝေးမှလာသော ဧည့်သည်များအား လက်ဆောင်များ ပေးလိုစိတ် ပြင်းပြနေကြသည်။

ညသန်းခေါင်ယံအချိန် ရောက်ခါနီးတွင် နင်းပေမြို့အတွင်းရှိ စစ်တပ်ကြီးမှာ စတင်လှုပ်ရှားလာပြီး စစ်သည်များက အမြောက်ဆံများကို လျင်မြန်စွာ သယ်ထုတ်လိုက်သည်။ မင်းသားလုချန်းပင် လေးလံသော အမြောက်ကြီး တစ်လက်ကို တွန်းထုတ်ရန် ကူညီလိုက်သည်။

အမြောက်များမှာ လေးလံသည် ဆိုသော်လည်း သိုင်းပညာရှင်တစ်ဦးအတွက်မူ အလွန်လေးလံခြင်း မရှိပေ။ လုချန်းမှာ အဆင့်လွန်ပညာရှင်ဖြစ်သည့်အတွက် မြောက်ပိုင်းနယ်မှ ပြုလုပ်ထားသော လေးလံသည့် အမြောက်ကြီးများကို အလွယ်တကူ မ နိုင်သည်။ သို့သော် အမြောက်တပ်ဖွဲ့မှာ အများအားဖြင့် သာမန်စစ်သည်များ ဖြစ်သည့်အတွက် အမြောက်များ သယ်ယူခြင်းက အခက်အခဲတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။

သို့သော် ယနေ့ညစစ်ဆင်ရေးအတွက် အနက်ရောင်မြင်းတပ်၏ အဆင့်ငါး သိုင်းပညာရှင်များအား အမြောက်များကို အရင်သယ်ယူစေရန် လုချန်း အမိန့်ပေးထားသည်။ အမြောက်များအား သတ်မှတ်ရာ နေရာတွင် ထားပြီးမှသာ သူတို့၏ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်စေသည်။

အနက်ရောင်မြင်းတပ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမြောက်များနှင့် ကျည်ဆန်များမှာ လျင်မြန်စွာပင် သတ်မှတ်ထားသော နေရာများသို့ ရောက်ရှိသွားသည်။

အမြောက်ထားရှိရာ နေရာများကို လွင်ပြင်မျိုးနွယ်စု စစ်သားများ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အမြောက်တည်နေရာများကို သုံးနေရာခွဲထားသည်။ တစ်နေရာ ထိခိုက်သော်လည်း အခြားနေရာများ မထိခိုက်စေရန် ဖြစ်သည်။

လမိုက်ညဖြစ်သည်။ အရာရာကို အမှောင်ထုက ဖုံးလွှမ်းနေသည်။ မိုးကောင်းကင်ကပင် လုချန်းနှင့် သူ၏တပ်များကို ကူညီနေသည်ဟု ထင်ရသည်။

ညဘက်ကင်းစောင့်နေသော လွင်ပြင်မျိုးနွယ်စု စစ်သည်များသည် မြောက်ပိုင်းနယ်၏ လှုပ်ရှားမှုကို အစပိုင်းတွင် မသိရှိခဲ့ပေ။ ညသန်းခေါင်အချိန်ဖြစ်သည့်အတွက် မြောက်ပိုင်းနယ်၏ စစ်သားများ နင်းပေမြို့မှ ထွက်လာမည်ဟု သူတို့ လုံးဝ မထင်ထားကြ

သဖြင့် သတိလျော့နေကြသည်။

အရာရာ အဆင်သင့်ဖြစ်သောအခါ ကြီးမားသော စည်တီးသံတစ်ချက်က ဆိတ်ငြိမ်နေသော ညကို ချိုးဖျက်လိုက်သည်။ ထို့နောက် ကျယ်လောင်သော အမြောက်သံများနှင့်အတူ လွင်ပြင်ဒေသ စစ်စခန်းပေါ်သို့ အမြောက်ဆံများ ကျရောက်လာတော့သည်။

ခဏအတွင်း လွင်ပြင်ဒေသစစ်စခန်းမှာ မီးလျှံများဖြင့် ပြည့်နှက်သွားပြီး အိပ်ပျော်နေသော စစ်သားများစွာလည်း လေထဲသို့ ပျံတက်ကုန်ကြသည်။ မကြာမီ အမြောက်သံများက လွင်ပြင်မျိုးနွယ်စု စစ်သည်များကို နှိုးလိုက်ပြီး ည၏အမှောင်ထုထဲတွင် စစ်ခရာသံများ မြည်လာသည်။

အမြောက်သံကို ကြားရသည်နှင့် ထျန်းချီဘုရင်အိပ်ရာမှ နိုးလာပြီး တဲမှ ထွက်လာခဲ့သည်။ လွင်ပြင်မျိုးနွယ်စု စစ်သည်အလောင်းများကို မြင်တွေ့ရတော့ သူအလွန် အံ့အားသင့်သွားသည်။

ထိုအချိန်တွင် လွင်ပြင်မျိုးနွယ်စု ဗိုလ်ချုပ်တစ်ဦး ပြေးလာပြီး

“ဘုရင်ကြီး။ အရေးကြီးပါတယ်။ မြောက်ပိုင်းပြည်နယ်တပ်တွေ တိုက်ခိုက်နေပါပြီ” ဟု အော်ဟစ်လိုက်သည်။

ဗိုလ်ချုပ်၏ စကား မဆုံးမီပင် အမြောက်ဆံတစ်တောင့်က သူ့ဘေးတွင် ကျရောက်လာသဖြင့် သူ၏မျက်နှာမှာ ဖြူလျော်သွားသည်။ ထျန်းချီဘုရင်က ချက်ချင်း ခုန်လိုက်ပြီး ဗိုလ်ချုပ်ရှေ့တွင် ရပ်လိုက်သည်။

နောက်တစ်ခဏတွင် ကျည်ဆံပေါက်ကွဲသော်လည်း ထျန်းချီဘုရင်နှင့် ဗိုလ်ချုပ်တို့ မထိခိုက်ချေ။ သူတို့ကိုယ်ပေါ်တွင် ရွှေရောင် အကာအရံတစ်ခု ပေါ်လာပြီး ကျည်ဆံ အစအနများမှ ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။

ထျန်းချီဘုရင် အလွန်ဒေါသထွက်သွား၏။

“ယုတ်မာတဲ့ ရှနိုင်ငံသားတွေ။ မင်းတို့အားလုံးကို သတ်မယ်”

ဟု အော်ဟစ်လိုက်သည်။

ထို့နောက်

“စစ်သည်တွေ ပြန်စုပြီး ကျုပ်နှင့်အတူ တိုက်ခိုက်ကြ”

ဟု အမိန့်ပေးလိုက်သည်။

“သူတို့ ထွက်လာရဲပြီဆိုမှ‌တော့ အသက်ရှင်လျက် ပြန်ဝင်နိုင်မယ်လို့တော့ မထင်ကြနဲ့။”

အမြောက်ဆံများကြားတွင် လွင်ပြင်ဒေသ စစ်သားအချို့ အမြန်စုရုံးလိုက်ပြီး ထျန်းချီဘုရင်နှင့်အတူ ထွက်လာကြသည်။

စခန်းမှ ထွက်လာပြီးနောက် မြောက်ပိုင်းပြည်နယ်၏ အ‌မြောက်တည်နေရာများကို ထျန်းချီဘုရင် မြင်တွေ့လိုက်ပြီး

“ကျုပ်နှင့်အတူ တိုက်ခိုက်ကြ။”

ဟု အမိန့်ပေးလိုက်သည်။

စစ်ခရာသံများ မြည်လာသည်။

“ဝူး...ဝူး”

လွင်ပြင်ဒေသ မြင်းတပ်များ ထိုးဖောက်လာသည်ကို မြင်သောအခါ မုကျင်းဝူက အမြောက်တပ်ဖွဲ့အား အမြောက်များကို ပြန်ချိန်ညှိရန် အမိန့်ပေးလိုက်သည်။

ထို့နောက် မုကျင်းဝူက ထျန်းချီဘုရင်၏ မြင်းတပ်ကို ဆက်တိုက်ပစ်ခတ်လိုက်သည်။ မြင်းနှင့်လူများ အပိုင်းပိုင်းကွဲထွက်သွားပြီး လွင်ပြင်ဒေသ မြင်းတပ်သားများစွာ သေဆုံးကာ လေထဲသို့ ပျံတက်သွားကြသည်။

သို့သော် ထျန်းချီဘုရင်၏ ပတ်ပတ်လည်တွင် ကျည်ဆန်များ ကျရောက်နေသော်လည်း သူ့ကို ထိခိုက်ခြင်း မရှိချေ။ ထိုအခြေအနေကို အဝေးမှ မြင်နေရသော မုချန်တိန်လည်း မနေနိုင်တော့ပေ။

ထျန်းချီဘုရင်သည် အဆင့်လွန်ပညာရှင်ဖြစ်၏။ အမြာက်ထားရာနေရာသို့ သူ ရောက်လာပါက အဲဒီနေရာက စစ်သားတွေ အသက်ရှင်နိုင်ဦးမှာလား။

သို့သော် ထိုအချိန်တွင် မုကျင်းဝူက အမြောက်တပ်ဖွဲ့အား

“ ထျန်းချီဘုရင်ဆီ ပစ်”

ဟု အမိန့်ပေးလိုက်သည်။

အမိန့်သံဆုံးသည်နှင့် မုကျင်းဝူကိုယ်တိုင် လေးလံသော အမြောက်တစ်လက်ကို ကိုင်တွယ်ပြီး ထျန်းချီဘုရင်ရှိရာကို ပစ်လိုက်သည်။

နောက်တစ်မိနစ်တွင် အမြောက်ကျည်ဆံဆယ်တောင့်ခန့် ထျန်းချီဘုရင်၏ ပတ်ပတ်လည်တွင် ပေါက်ကွဲသွားသော်လည်း မီးခိုးငွေ့များ ပျောက်သွားသောအခါ ထျန်းချီဘုရင်ကတော့ မထိမခိုက် ရပ်နေဆဲဖြစ်သည်။

ထိုအချိန်တွင် ထျန်းချီဘုရင်၏ မြင်း သေဆုံးသွားသော်လည်း သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင် အကာအရံတစ်ခု ရှိနေပြီး သူကို့အနည်းငယ်မျှ မထိခိုက်ခဲ့ပေ။

ထိုအခြေအနေကို မြင်နေရသော လုချန်းလည်း ခဏခန့် ရပ်တန့်သွားသည်။

ဒါကမှာ အဆင့်လွန်ပညာရှင်ရဲ့ စွမ်းအားလား။

အမြောက်များသည် အဆင့်လွန်ပညာရှင်တစ်ဦးကို အနည်းငယ်သာ ဒုက္ခပေးနိုင်ကြောင်း ထင်ရှားနေသည်။ သူနှင့် ချန်ဝမ်ရွန်တို့ ကိုယ်တိုင် ထျန်းချီဘုရင်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ မဟုတ်ပါက ထျန်းချီဘုရင်ကို မထိခိုက်နိုင်ရုံသာမက သူတို့ဘက်မှ စစ်သားများစွာကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။

လုချန်း ထိုသို့တွေးနေစဉ်တွင် မုကျင်းဝူက‌ တော့ အမြောက်ဆယ်လက်ခန့်ဖြင့်

ထျန်းချီဘုရင်ကို ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်သည်။

..........

အခန်း (၄၀၈)

စွမ်းအားအလွန်အကျွံစုပ်ယူမိခြင်း (၁)

မြောက်ပိုင်းပြည်နယ်၏ အမြောက်ဆံများကို ရင်ဆိုင်ရင်း ထျန်းချီဘုရင်အလွန်ဒေါသထွက်လာသည်။ ထို့နောက် သူ၏ပုဆိန်ကို ကိုင် မြောက်လိုက်ကာ အမြောက်စခန်းသို့ ချီတက်ပြီး ထိုပစ္စည်းများအားလုံးကို ဖျက်ဆီးရန် ကြံလိုက်သည်။

“ ရှနိုင်ငံရဲ့ သနားစရာကောင်းတဲ့ ကြွက်တွေရေ။ ငါဘုရင်ကိုယ်တော်မြတ်က မင်းတို့အားလုံးကို ချေမှုန်းမယ်။”

ထိုသို့ကြွေးကြော်ရင်း မုကျင်းဝူရှိရာ အမြောက်စခန်းဆီသို့ ထျန်းချီဘုရင် ဦးတည်လိုက်သော်လည်း ထိုအချိန်တွင် မရေမတွက်နိုင်သော အမြောက်ဆံများ သူ့အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာသည်။

သူ၏ကာကွယ်ရေးအတွင်းအားကို အသုံးပြုကာ အမြောက်ဆံများကို ကာကွယ်နိုင်ခဲ့သော်လည်း ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများက သူ့အား အဆက်မပြတ် အနောက်သို့ တွန်းကန်နေသည်။

ယခုအချိန်အထိ အမြောက်ဆံများသည် သူ၏ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းမရှိသေးသော်လည်း အမြောက်စခန်းနားကပ်ရန် မတတ်နိုင်ပဲ ဖြစ်နေသည်။

ထျန်းချီဘုရင်၏ မျက်နှာပေါ်တွင် အလွန်ပြင်းထန်သော အမျက်ဒေါသ လက္ခဏာများ ပေါ်လာသည်။ သူ၏မျက်လုံးများတွင် သွေးများပြည့်နှက်နေပြီး ရှနိုင်ငံမှလူများကို ပုဆိန်ဖြင့် ခုတ်ထစ်လိုစိတ် အလွန်ပြင်းထန်နေသည်။ သို့သော် အမြောက်ဆံများ၏ပေါက်ကွဲမှုအားက သူ့အား အဆက်မပြတ်နောက်သို့တွန်းပို့နေပြီး ကာကွယ်ရန်ရေး အတွင်းအားကို အဆက်မပြတ်အသုံးပြုနေရသဖြင့် အတွင်းအား အလျင်အမြန် ကုန်ခန်းလာသည်ကို သူသတိပြုမိလာသည်။

အမြောက်ဆံများ၏ ပေါက်ကွဲမှုအားသည် အဆင့်လွန်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ပြင်းထန်သည်။ “အဆင့်လွန်ပညာရှင်”၏ တိုက်ခိုက်မှုကို အဆက်မပြတ်ကာကွယ်ရန် အတွင်းအားသုံးနေရသဖြင့် သူ၏အတွင်းအား အလျင်အမြန်ကုန်ခန်းနေခြင်းဖြစ်သည်။ ဒီအတိုင်း ဆက်သွားနေပါက ဤနေရာတွင် အားကုန်သေဆုံးသွားနိုင်ကြောင်း သူသတိထားမိလိုက်သည်။

ထိုအချိန်တွင် ထျန်းချီဘုရင်က အံကြိတ်လိုက်ပြီး မဝေးလှသော နေရာမှ အမြောက်စခန်းကို ဒေါသဖြင့် စူးစိုက်ကြည့်လိုက်သည်။ ဤအခြေအနေကို သူလက်မခံနိုင်ချေ။ သူသည် စစ်သည်သိန်းနှင့်ချီ ဦးဆောင်လာခဲ့သော်လည်း ကျူးနိုင်ငံတော်လက်အောက်တွင် အရေးနိမ့်ခဲ့ရုံ သာမက ယခု ရှနိုင်ငံတော်ကို တိုက်ခိုက်ရာတွင်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းသော လက်နက်များနှင့် ရင်ဆိုင်နေရသည်။

အလွန်ဒေါသဖြစ်စရာပင်။

ဒီအတိုင်း ဆုတ်ခွာသွားပါက နောင်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများအကြား သူသည် မည်သို့မျက်နှာပြနိုင်မည်နည်း။

ထိုအမျိုးသမီးက သူ့အား သူမ၏အမိန့်ကို မနာခံပဲ ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ရသည်ဟု ပြောမည်မှာ သေချာသည်။

မဖြစ်နိုင်ပါ။ သူဒီအတိုင်း ပြန်သွားဖို့က လုံးဝမဖြစ်နိုင်ပါ။

ထိုအတွေးဖြင့် ရှေ့သို့ဆက်တက်ရန် သူ၏ စွမ်းအား အားလုံးကို စုစည်းလိုက်သည်။ သို့သော် သူ့အား အဝေးမှ အမြောက်ဆံ ဒါဇင်ပေါင်းများစွာဖြင့် ပစ်ခတ်နေသဖြင့် ရှေ့သို့တစ်လှမ်းမှ တိုးနိုင်ခြင်း မရှိပေ။ မြောက်ပိုင်းပြည်နယ်၏ အမြောက်ဆံများသည် တစ်နေရာတည်းကိုသာ ပစ်ခတ်နေခြင်းမဟုတ်ပဲ သူရှိရာနေရာ ပတ်ပတ်လည်ကို ပစ်ခတ်နေသဖြင့် ပေါက်ကွဲမှုများ၏ အရှိန်က သူ့အား အဆက်မပြတ်နောက်သို့တွန်းပို့နေသည်။

ပေါက်ကွဲမှုများ၏ အရှိန်များက သူ့အား အဆက်မပြတ်နောက်သို့တွန်းပို့နေပြီး ကာကွယ်ရေး အတွင်းအားကို ဆက်တိုက်အသုံးပြုနေရသဖြင့် သူလျင်လျင်မြန်မြန် မလှုပ်ရှားနိုင်တော့ပေ။ အမြောက်ဆံပစ်ခတ်မှုဧရိယာမှ လွတ်မြောက်ရန်လည်း မဖြစ်နိုင်တော့ချေ။

ထိုအချိန်တွင် မြင်းပေါ်တွင်ထိုင်နေသော လုချန်းလည်း ထိုမြင်ကွင်းကို ကြည့်နေရင်း အံ့သြ‌နေသည်။

ထျန်းချီဘုရင် အမြောက်ဆံများဖြင့် ပစ်ခတ်မှုကို အလွယ်တကူ ခံနိုင်ကြောင်း စတင်မြင်တွေ့ရစဉ်က အမြောက်ဆံများသည် အဆင့်လွန်ပညာရှင်များကို ဒုက္ခမပေးနိုင်ပဲ အဆင့်လွန်ပညာရှင်အောက်ရှိ သိုင်းပညာရှင်များကိုသာ တိုက်ခိုက်နိုင်မည်ဟု လုချန်း ထင်မှတ်ခဲ့သည်။ သို့သော် မုကျင်းဝူနှင့်အဖွဲ့က အမြောက်ဆံများဖြင့် ထျန်းချီဘုရင်အား အဆက်မပြတ် ပစ်ခတ်နေသောအခါ သူလုံးဝရှေ့သို့မတိုးနိုင်တော့ကြောင်း မြင်လိုက်ရသည်။

ထို့ကြောင့် အမြောက်ဆံများသည် အဆင့်လွန်ပညာရှင်များကို တိုက်ခိုက်ရာတွင် အသုံးဝင်ဆဲဖြစ်၏။ သို့သော် သူတို့ကို အလွယ်တကူ သတ်နိုင်ခြင်းတော့မရှိပေ။

ထျန်းချီဘုရင်သည် အမြောက်ဆံပစ်ခတ်မှုဧရိယာအတွင်းမှ မထွက်နိုင်ပဲ ပေါက်ကွဲနေသော အမြောက်ဆံများကို ခုခံနေသည်ကို မြင်တွေ့ရသော မုချန်တိန်နှင့် အခြားစစ်ဗိုလ်ချုပ်များလည်း အံ့အားသင့် နေကြသည်။ အဆင့်လွန်ပညာရှင်များသည် တိုင်းပြည်တစ်ခုကိုပင် တည်ငြိမ်အောင်လုပ်နိုင်သည်ဟု ယခင်က သူတို့ယုံကြည်ခဲ့ကြသော်လည်း ယခု အမြောက်ဆံများဖြင့် ပစ်ခတ်ခံနေရချိန်တွင်တော့ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိပဲ အသက်ရှင်ရန် အတွက်သာ ကာကွယ်နေရသည်ကို မြင်တွေ့လိုက်ရသည်။

အဆင့်လွန်ပညာရှင်တစ်ဦး ဒီလောက်မျက်နှာငယ်ရတာမျိုး ဘယ်တုန်းက ရှိဖူးခဲ့လို့လဲ။

အမှန်အားဖြင့် အဆင့်လွန်ပညာရှင်တစ်ဦးကို အမြောက်ဆံဖြင့် လွယ်လွယ်ကူကူ သတ်နိုင်ခြင်း မရှိသော်လည်း သူ၏ အတွင်းအားကိုတော့ ကုန်ခန်းစေနိုင်သည်။ ယခုအချိန် မသတ်နိုင်သေးလျှင်ပင် အမြောက်ဆံများကို ပိုမိုအသုံးပြုပါက မည်သို့ရှိမည်နည်း။ အဆင့်လွန်ပညာရှင်ကို အားကုန်ခမ်းသည်အထိ ပစ်ခတ်ပြီးမှ သတ်နိုင်သည်။

အဆင့်လွန်ပညာရှင်များသည်လည်း လူသားများပင်ဖြစ်သည်။ နတ်ဘုရားများ မဟုတ်ပေ။ အမြောက်ဆံတစ်ခုသည် အဆင့်လွန်ပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ပြင်းထန်သည်။ ဤမျှများပြားလှသော အမြောက်ဆံများကို အဆင့်လွန်ပညာရှင်တစ်ဦး မည်မျှကြာကြာ ခံနိုင်ရည်ရှိမည်နည်း။

ထျန်းချီဘုရင် အမြောက်ဆံများ ပစ်ခတ်နိုင် သော ဧရိယာအတွင်း ရှိနေသည်ကို စစ်ဗိုလ်ချုပ် အများစုက တိတ်ဆိတ်စွာ ကြည့်‌နေကြသည်။ သို့သော် မုကျင်းဝူ၏ အမြောက်စခန်းမှ စစ်သည်များကမူ ရူးသွပ်နေသူများကဲ့သို့ အမြောက်ဆံများကို အဆက်မပြတ်ထည့်သွင်းကာ ထျန်းချီဘုရင်၏ တည်နေရာကို အပြင်းအထန် ပစ်ခတ်နေကြသည်။

အမြောက်စခန်းရှိ စစ်သည်အများစုမှာ သာမန်စစ်သည်များသာဖြစ်သည်။ ပုံမှန်အချိန်များတွင် အဆင့်လွန်ပညာရှင် မဆိုထားနှင့် အဆင့်ငါး သိုင်းပညာရှင်တစ်ဦးကပင် သူတို့ကို အလွယ်တကူ နှိမ်နင်းနိုင်သည်။ သို့သော် ယနေ့တွင်မူ သူတို့သည် အမြောက်ဆံများကို အသုံးပြုကာ အဆင့်လွန်ပညာရှင်တစ်ဦးကို မလှုပ်ရှားနိုင်အောင် လုပ်နေကြသည်။ ထိုအရာက သူတို့အား အလွန်အမင်း စိတ်လှုပ်ရှားစေသည်။

မသိနိုင်သော အချိန်အတိုင်းအတာတစ်ခု အကြာတွင် ချန်ဝမ်ရွန်က လုချန်းအား

“လုံလောက်ပါပြီ။ ရှင့်ရဲစစ်သည်တွေကို ပစ်ခတ်တာ ရပ်တန့်ဖို့ ပြောလိုက်ပါ။ ရှင့်ရဲ့လက်နက်တွေနဲ့ အဆင့်လွန်ပညာရှင်တစ်ဦးကို သတ်ဖို့က မလွယ်ပါဘူး။”

အမြောက်ဆံ၏ စွမ်းအားက ကြီးမားသော်လည်း ကာကွယ်ရေး အတွင်းအားရှိသော အဆင့်လွန်ပညာရှင်တစ်ဦးကို အားကုန်ခမ်းသည်အထိ ပြုလုပ်ရန်က ခဏအတွင်း ဖြစ်နိုင်မည် မဟုတ်ပေ။

အဆင့်လွန်ပညာရှင်တစ်ဦးကို သတ်ဖြတ်ရန် အခြား အဆင့်လွန်ပညာရှင်တစ်ဦးက ကိုယ်တိုင်လုပ်ဆောင်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

ချန်ဝမ်ရွန်၏စကားကို ကြားလိုက်ရပြီးနောက် လုချန်းက ပြန်မေးလိုက်သည်။

“မင်း ကိုယ်တိုင် သူ့ကိုသတ်ဖို့ စဉ်းစားနေတာလား”

ချန်ဝမ်ရွန်က အေးစက်စွာဖြင့် ဖြေလိုက်သည်။

“ရှင် ကျွန်မကို မလုပ်စေချင်ရင် ကျွန်မ မလုပ်ဘူး။”

လုချန်းက ရယ်မောလိုက်ကာ

“မဟုတ်ပါဘူး။ မင်းကိုမလုပ်စေချင်ဘူးလို့ ကိုယ်မပြောဘူး။ ကိုယ်က မင်းကိုလုပ်စေချင်‌နေတာပါ။ ကိုယ်ကိုယ်တိုင်လည်း အဆင့်လွန်ပညာရှင် ဖြစ်ပေမဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူး။ ကိုယ့်မှာ တိုက်ခိုက်ရေးအတွေ့အကြုံ လုံးဝမရှိဘူး။”

ထို့နောက် လုချန်းက သူ့နောက်ရှိ စစ်သည်များအား ချက်ချင်းပြောလိုက်သည်။

“စည်တီးပါ။ မုကျင်းဝူကို ရပ်ခိုင်းလိုက်ပါ။”

စည်သံများ မြည်ဟီးလာသောအခါ မုကျင်းဝူ အံ့သြသွားသည်။ ဒီလောက် မြန်မြန် ပစ်ခတ်မှုကို ရပ်တန့်ရန် အမိန့်ပေးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ထိုအချိန်တွင် ထျန်းချီဘုရင်၏ ပတ်ဝန်းကျင်ရှိ မီးခိုးငွေ့များ လွင့်ပျံသွားပြီး သူ၏ပုံသဏ္ဍာန် ထင်ရှားစွာပေါ်လာသည်။

ထျန်းချီဘုရင်သည် ကြီးမားသော ပုဆိန်တစ်လက်ကို ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းများ ထွက်နေသည်ကို ‌ တွေ့မြင်ရသည်။ ထိုအရာက သူ အလွန်ဒေါသထွက်နေကြောင်း ဖော်ပြနေသည်။

အမြောက်ဆံများ ရပ်တန့်သွားသည်ကို မြင်သောအခါ မြောက်ပိုင်းပြည်နယ်၏ အမြောက်ဆံများ ကုန်ခန်းသွားပြီဟု ထျန်းချီဘုရင် ထင်မှတ်လိုက်သည်။ သူက ချက်ချင်းပင် မြေကြီးကိုကန်လိုက်ပြီး မုကျင်းဝူ၏ အမြောက်စခန်းဆီသို့ အမြောက်ဆံတစ်ခုကဲ့သို့ ပျံထွက်သွားသည်။ သို့သော် ထိုအချိန်တွင် အအေးဓာတ်ရှိသော အလင်းတန်းတစ်ခုက ထိုးဖောက်လာ၏။ ထျန်းချီဘုရင်လည်း ချက်ချင်း နောက်သို့ယိမ်းလိုက်ရကာ ထိုဓားရောင်ခြည်ကို ရှောင်တိမ်းလိုက်ရသည်။

..........

All Chapters