← Chapters

အခန်း ၄၀၉-၄၁၁

Vol. 28 Ch. 409-411

အခန်း ၄၀၉-၄၁၁

Vol. 28 Ch. 409-411

အခန်း (၄၀၉)

စွမ်းအားအလွန်အကျွံစုပ်ယူမိခြင်း (၂)

ခဏအကြာတွင် ထျန်းချီဘုရင်၏ အရှေ့တွင် အဖြူရောင်ဝတ်စုံဖြင့် အလွန်လှပသော အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။ အမျိုးသမီးသည် အလွန်လှပသော်လည်း ထျန်းချီဘုရင်တွင် သူမ၏အလှကို ချီးကျူးရန် စိတ်ကူး‌ မရှိတော့ပေ။

ထျန်းချီဘုရင်က အေးစက်စွာပြောလိုက်သည်။

“ဒါဆို ရှနိုင်ငံတော်ရဲ့ ကြွက်ကလေးက နောက်ဆုံးတော့ ကျုပ်ကို တိုက်ရိုက်ရင်ဆိုင် ရဲလာပြီနဲ့တူတယ်။ ကျုပ်စစ်သည်တွေအများကြီးကို သတ်ထားတဲ့ မင်းတို့ကို အမှုန့်ကြိတ်ပြီး ကျုပ်စစ်သည်တွေရဲ့ ဂူရှေ့မှာ ပူဇော်ဦးမယ်။”

ထိုသို့ ပြောနေစဉ်အတွင်း ထျန်းချီဘုရင်သည် သူ၏ပုဆိန်ကို ဆုပ်ကိုင်ပြီး ချန်ဝမ်ရွန်ဆီသို့ လွှဲလိုက်သည်။ ချန်ဝမ်ရွန်က ညင်သာစွာ ရှောင်တိမ်းလိုက်ပြီး နောက်တစ်ခဏတွင် ထျန်းချီဘုရင်၏ ညာဘက်တွင် သူမ၏ပုံရိပ် ပေါ်လာကာ ဓားကို အလျားလိုက် ခုတ်လိုက်သည်။

ထျန်းချီဘုရင်ကလည်း သူ၏ပုဆိန်ဖြင့် ချန်ဝမ်ရွန်၏ တိုက်ခိုက်မှုကို ပြန်လည်ခုခံလိုက်သည်။ ပုဆိန်အားလှိုင်းနှင့် ဓားရောင်ခြည်တို့ တိုက်မိသည့်အခါ ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး မြေကြီးတွင် ကြီးမားသောကျင်းကြီးများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များလည်း ခြေလှမ်းများစွာ နောက်ဆုတ်သွားကြသည်။

ထိုအရာကိုမြင်တွေ့ရသောအခါ လုချန်း အလွန် အံ့အားသင့်သွားသည်။ အဆင့်လွန်ပညာရှင်များအချင်းချင်း တိုက်ခိုက်ပုံက ဒီလိုမျိုးလား။

ထိုကြီးမားသောကျင်းသည် အနည်းဆုံး ဆယ်မီတာခန့် နက်မည်ဖြစ်သည်။ ထိုသို့သောကျင်းမျိုး ဖြစ်စေရန် ယမ်းမည်မျှလိုအပ်မည် မသိပေ။

အဆင့်လွန်ပညာရှင်၏ အင်အားကို သူ လျှော့တွက်ထားမိသေးသည်ဟု ထင်ရသည်။

ချန်ဝမ်ရွန်းနှင့် ထျန်းချီဘုရင်နှစ်ဦးစလုံး နောက်ဆုတ်သွား ပြီးနောက် ထျန်းချီဘုရင်က ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး သွေးများ အန်ထုတ်လိုက်သည်။

အမြောက်ဆံများဖြင့် အချိန်အတော်ကြာ ပစ်ခတ်ခံထားရသဖြင့် သူ၏အတွင်းအားများ လုံးဝနီးပါး ကုန်ခန်းသွားပြီဖြစ်သည်။ ချန်ဝမ်ရွန် အဆင့်လွန်ပညာရှင်ဖြစ်သည်မှာ မကြာသေးသော်လည်း သူမ၏ကျင့်စဉ်နည်းလမ်းသည် အလွန်ထူးခြားပြီး အဆင့်လွန်ပညာရှင်၏ စွမ်းအားကို အလွယ်တကူ ပိုင်နိုင်စွာ အသုံးပြုနိုင်သည်။

ချန်ဝမ်ရွန်အား ထျန်းချီဘုရင် လုံးဝမယှဉ်နိုင်ပေ။

ထျန်းချီဘုရင်လည်း ထိုအချက်ကို သတိပြုမိပြီး မြေကြီးမှ ဖြည်းဖြည်းချင်းထလိုက်ကာ အေးစက်စွာပြောလိုက်သည်။

“ရှနိုင်ငံက လူယုတ်မာတွေရေ။ ကျုပ်အသက်ကို ယူချင်ရင် မင်းတို့မှာ အရည်အချင်းရှိမရှိ ကြည့်ရအောင်။”

ပြောနေစဉ်အတွင်း ထျန်းချီဘုရင်၏မျက်လုံးများမှ အနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသလိုရှိပြီး အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။

လုချန်း၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ သူ၏စွမ်းအားကို ယာယီတိုးမြင့်ပေးစေနိုင်သည့် ဒေါသ အခြေအနေတစ်ခုသို့ ထျန်းချီဘုရင် ရောက်ရှိသွားပုံရသည်။

သူစဉ်းစားနေစဉ်အတွင်းပင် ထျန်းချီဘုရင်က မြေကြီးကိုကန်ကာ သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ပစ်လွှတ်လိုက်သည်။ ချန်ဝမ်ရွန်နှင် နီးကပ်လာသောအခါ သူက ပုဆိန်ကို လွှဲချလိုက်သည်။ ထို့နောက် ပုဆိန်အားလှိုင်းကြီးတစ်ခု သူမဆီသို့ လှိမ့်ဝင်လာသည်။ ထျန်းချီဘုရင်၏ စွမ်းအား သိသိသာသာ တိုးလာသည်ကို သတိပြုမိသော ချန်ဝမ်ရွန်းကလည်း သူ၏တိုက်ခိုက်မှုကို မခုခံပဲ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

နောက်မျက်စိတစ်မှိတ်တွင် မြေပြင်အက်ကွဲသွားပြီး အနက် ဆယ်မီတာခန့်နှင့် အကျယ် နှစ်မီတာခန့်ရှိသော ရှည်လျားသည့်အက်ကြောင်းကြိီးတစ်ခု ဖြစ်ပေါ်လာသည်။

ထျန်းချီဘုရင်ဖန်တီးလိုက်သော အက်ကြောင်းကို မြင်တွေ့ရသောအခါ လုချန်း၏ အဆင့်လွန်ပညာရှင်ဆိုင်ရာအမြင် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ထိုအချိန်တွင် ထျန်းချီဘုရင်က ရူးသွပ်နေသူတစ်ဦးကဲ့သို့ ချန်ဝမ်ရွန်အား နောက်ထပ်ပုဆိန်ဖြင့် တိုက်ခိုက်ပြန်သည်။ ချန်ဝမ်ရွန်ကလည်း နောက်တစ်ကြိမ် ရှောင်တိမ်းလိုက်ပြန်သည်။

ထို့နောက် ထျန်းချီဘုရင်သည် ချန်ဝမ်ရွန်ကို ဆက်လက်လိုက်လံတိုက်ခိုက်နေပြီး မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများကို ဖန်တီးလိုက်သည်။

ချန်ဝမ်ရွန်က ထျန်းချီဘုရင်၏ အတွင်းအား ကုန်ခန်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ ပြန်လည်တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု လုချန်းသတိပြုမိသည်။

ဤနည်းဗျူဟာက ကောင်းမွန်သည်ဟုထင်ရသော်လည်း အဆက်မပြတ် တိုက်ခိုက်နေလို့ အကျိုးမရှိကြောင်း ထျန်းချီဘုရင် ရိပ်မိလာမည်ဖြစ်သည်။

ထိုအချိန်တွင် ထျန်းချီဘုရင် နောက်တစ်ကြိမ် ရှေ့သို့ခုန်ထွက်လာသော်လည်း ချန်ဝမ်ရွန်ကို ဆက်လက်လိုက်လံမတိုက်ခိုက်တော့ပဲ လုချန်းနှင့် အခြားသူများရှိရာဆီသို့ ဦးတည်တိုက်ခိုက်လာသည်။

ထျန်းချီဘုရင်၏ အကြံအစည်မှာ ရိုးရှင်းသည်။ သူ့နှင် ရင်ဆိုင်မတိုက်ချင်လျှင် သူကလည်း အချိန်ဖြုန်းမည်မဟုတ်ပါ။ ထိုအစား ကြည့်နေသူများကို တစ်ယောက်ပြီးတစ်ယောက် သတ်မည်ဖြစ်သည်။ လူအများအပြား သေဆုံးသွားပါက ထို ရှနိုင်ငံတော်မှ အမျိုးသမီးလည်း မဖြစ်မနေ ထွက်လာတိုက်ရမည်။

ချန်ဝမ်ရွန်လည်း ထျန်းချီဘုရင်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ချက်ချင်းပင် သူ့ရှေ့တွင် ပေါ်လာကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထျန်းချီဘုရင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်သွားပြီး

“အမြဲတမ်း ရှောင်နေပြီးတော့မှ အခု ဘာလို့ မရှောင်တော့တာလဲ”

ဟု စိန်ခေါ်လိုက်သည်။

စကားဆုံးသည်နှင့် ထျန်းချီဘုရင်၏ ပုဆိန် နောက်တစ်ကြိမ် လှုပ်ရှားသွားသည်။ သို့သော် ယခုတစ်ကြိမ် ရိုက်ချက်က အရင်ကရိုက်ချက်များနှင့် များစွာကွာခြားနေသည်။

“ပုဆိန်တစ်ချက် တောင်တစ်လုံး”

လုချန်း၏ရင်ထဲတွင် စိုးရိမ်စိတ်တစ်ချက် ဖြတ်ပြေးသွားသည်။ ဒါက ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထိုပုဆိန်ချက်သည် ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်လာမည်မှာ သေချာသည်။

သို့သော် ယခုတစ်ကြိမ်တွင် ချန်ဝမ်ရွန်က ရှောင်တိမ်းခြင်းမပြုတော့ပဲ သူမ၏ဓားဖြင့် ပြန်လည် ခုခံတိုက်ခိုက်လိုက်သည်။

“နှင်းပန်းဓားကွက်။”

နောက်တစ်ခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲလွှာများဖြင့် ဖုံးအုပ်သွားသကဲ့သို့ ခံစားရပြီး ကောင်းကင်မှ နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းလာသကဲ့သို့ မရေမတွက်နိုင်‌သော အဖြူရောင် ပန်းများ ကျဆင်းလာသည်။

ထိုထူးခြားသော မြင်ကွင်းကိုကြည့်ပြီး လုချန်း အလွန်အံ့သြသွားသည်။ ဒါက သိုင်းပညာလို့တောင် ပြောလို့ရဦးပါ့မလား။

ချန်ဝမ်ရွန်သည်လည်း တန်ခိုးစွမ်းအား ကျင့်စဉ်များကို လေ့ကျင့်ထားသူ တစ်ဦးဖြစ် နေနိုင်လား။

လုချန်း ထိုသို့တွေးနေစဉ် ထျန်းချီဘုရင်၏ ပုဆိန်အားနှင့် အဖြူရောင် ဓားရောင်ခြည်တို့ အပြင်းအထန် တိုးဝင်တိုက်ခိုက်မိပြီး ချက်ချင်း ပေါက်ကွဲသွားသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အဖြူရောင် မီးခိုးလုံးကြီးတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားကာ မိုးတိမ်များ ပေါက်ကွဲသွားသကဲ့သို့ ထင်ရသည်။

ချန်ဝမ်ရွန်နှင့် ထျန်းချီဘုရင်တို့လည်း ပေါက်ကွဲမှု၏ အရှိန်အဟုန်ကြောင့် နောက်သို့ လွင့်စင်သွားကြပြန်သည်။ မီးခိုးများ တဖြည်းဖြည်း ကြည်လင်သွားသောအခါ ကောင်းကင်မှ အမှန်တကယ် နှင်းပွင့်များ ကျဆင်းလာသကဲ့သို့ ဖြစ်နေသည်။ လုချန်းက လက်ဖြင့် ထိုနှင်းပွင့်လေးများကို ဖမ်းကြည့်လိုက်သည်။

ထို့နောက် ခပ်ဝေးဝေးတွင် ဒူးတစ်ဖက်ထောက်ကာ ပုဆိန်ကို မှီလျက် သွေးများ အန်ထုတ်နေသော ထျန်းချီဘုရင်ဆီသို့ကြည့်လိုက်သည်။

ချန်ဝမ်ရွန်၏ အခြေအနေမှာလည်း အကောင်းကြီးမဟုတ်ပေ။ သူမထံမှ သွေးများ မထွက်သော်လည်း မျက်နှာမှာ ဖျော့တော့နေပြီး စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အကျွံ အသုံးပြုထားရသည့် လက္ခဏာ ပြနေသည်။

ထိုအချိန်တွင် ချန်ဝမ်ရွန် ဒဏ်ရာရနေသည်ကို မြင်သော ထျန်းချီဘုရင်က ချက်ချင်း ထရပ်လိုက်ပြီး ခြေဆောင့်၍ အားယူကာ သူမဆီသို့ နောက်တစ်ကြိမ် ခုန်ဝင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

“ကျုပ်သေရရင်တောင် ဒီယုတ်မာတဲ့ ရှနိုင်ငံသားတွေကို ကျုပ်နဲ့အတူ ခေါ်သွားမယ်။”

ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ မျက်နှာများ ဖြူဆုတ်သွားသည်။ ထျန်းချီဘုရင်သည် သူ၏ အတွင်းအား ချက္ကရကို ဖောက်ခွဲပြီး သူတို့အားလုံးနှင့်အတူ အသက်စတေးရန် ကြံစည်နေခြင်းဖြစ်သည်။

မုချန်တိန်က ချက်ချင်း အော်ဟစ်သတိပေးလိုက်သည်

“ထွက်ပြေးကြ။ အားလုံးကို သူတစ်ခါတည်း ခေါ်သွားတော့မယ်။”

..........

အခန်း (၄၁၀ )

စွမ်းအားအလွန်အကျွံစုပ်ယူမိခြင်း (၃)

အဆင့်လွန်ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ပေါက်ကွဲမှုသည် ပေါ့ပေါ့တန်တန် မဟုတ်ပေ။ မည်သည့် ယမ်းဗုံးများထက်မဆို အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။ အကယ်၍ အဆင့်လွန်ပညာရှင်တစ်ဦးသည် သူ၏အတွင်းအား ချက္ကရကို ပေါက်ကွဲစေပါက တောင်တစ်လုံး၏ ထိပ်ပိုင်းကိုပင် လွင့်စင်သွားစေနိုင်သည်။

ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေသူများအတွက် သေခြင်းတရားက အလွန်သေချာ၏။ အခြား အဆင့်လွန်ပညာရှင်တစ်ဦးပင် ထိုပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးနိုင်သည်။

ထျန်းချီဘုရင်က သူတို့အားလုံးကို အတူ‌ ခေါ်သွားရန် ကြံစည်နေသည်ကို မြင်သောအခါ လုချန်းလည်း မြင်းပေါ်မှ ဆင်းလိုက်သည်။

ချန်ဝမ်ရွန်က ချက်ချင်း လုချန်းဆီသို့ လှည့်ကာ

“ကျွန်မ သူ့ကိုတားထားမယ်။ ရှင်အမြန်ထွက်ပြေးပါ”

စကားပြောနေစဉ်အတွင်း ချန်ဝမ်ရွန်က သူမ၏ဓားကို တင်းတင်းဆုပ်ကိုင်ပြီး ထျန်းချီဘုရင်အား တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သို့သော် ထျန်းချီဘုရင် သူတို့နှင့် အလွန်နီးကပ်လာသောအခါ လုချန်း၏ ပုံရိပ်က ရုတ်တရက် သူ့နောက်တွင် ပေါ်လာ၏။ လုချန်း မည်သို့ရောက်ရှိလာသည်ကို လူအနည်းငယ်သာ မြင်တွေ့ခဲ့ကြသည်။

ထျန်းချီဘုရင်လည်း သူ၏နောက်တွင် တစ်စုံတစ်ဦးရှိနေသည်ကို ချက်ချင်းသတိပြုမိပြီး ပုဆိန်ဖြင့် လှည့်ခုတ်လိုက်သည်။ သို့သော် လုချန်းက ပုဆိန်ကို လက်ဖြင့်အလွယ်တစ်ကူ ဖမ်းယူလိုက်ကာ သူ၏အခြားလက်တစ်ဖက်ကို ထျန်းချီဘုရင်၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

လုချန်း၏ အားမပါသော လက်ဝါးချက်ကို ကြည့်ရင်း ထျန်းချီဘုရင်က နှာခေါင်းရှုံ့လိုက်ကာ

“ရှနိုင်ငံရဲ့ ကြွက်ကလေးက ကျုပ်ကို လာစနေပါလား။”

ထိုစကားကို ကြားလိုက်ရတော့ လုချန်းက ပြုံးရယ်လိုက်ပြီး

“ကျွန်‌တော်က ခင်ဗျား အေးချမ်းသွားအောင် ကူညီနေတာပါ။ ဒေါသမထွက်ပါနဲ့”

ဟု ပြောလိုက်သည်။

စကားပြောပြီးသည်နှင့် လုချန်းက သူ၏စုပ်ယူသည့်နည်းလမ်းကို စတင်အသုံးပြုလိုက်သည်။

သူ၏စွမ်းအားများ သူ့ရှေ့ရှိ လူငယ်ဆီသို့ စီးဆင်းသွားသည်ကို ထျန်းချီဘုရင် ချက်ချင်းခံစားလိုက်ရပြီး တစ်ခဏမျှ တုန်လှုပ်သွားသည်။ သူက ချက်ချင်းပင် သူ၏ အတွင်းအား ချက္ကရကို ပေါက်ကွဲစေရန် ကြိုးစားခဲ့သော်လည်း သူ၏စွမ်းအားကို ချက္ကရထဲတွင် စုစည်းနိုင်ခြင်းမရှိပဲ ပေါက်ကွဲရန် မဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ထျန်းချီဘုရင်၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး

“မင်း... မင်းက ဘယ်သူလဲ”

လုချန်းသည် ပြုံးရယ်ကာ

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရှနိုင်ငံတော်ရဲ့ မြောက်ပိုင်းနယ်စားမင်းသားပါ။”

ထျန်းချီဘုရင်က မယုံကြည်နိုင်စွာဖြင့်

“မဖြစ်နိုင်... လုံးဝမဖြစ်နိုင်ဘူး”

ဟု အော်လိုက်သည်။

မြောက်ပိုင်းဒေသသို့ မရောက်မီ လွင်ပြင်ဒေသ ထောက်လှမ်းရေး တပ်ဖွဲ့များမှတစ်ဆင့် မြောက်ပိုင်းနယ်စားမင်းသားအကြောင်း သူအနည်းငယ်သိထားသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အသက် ၁၇ နှစ် ၁၈ နှစ်ခန့်သာ ရှိသော လူငယ်တစ်ဦးဖြစ်၏။ ထိုလူငယ်က ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့် ထူးဆန်းသော နည်းလမ်းများကို အသုံးပြုနိုင်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ထျန်းချီဘုရင်က ချက်ချင်းပင် လုချန်း၏လက်မှ လွတ်မြောက်ရန် ရုန်းကန်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်သည် တစ်နေရာတည်းတွင် အမြစ်တွယ်နေသကဲ့သို့ လုံးဝမလှုပ်ရှားနိုင်ပဲ သူ၏အတွင်းအားများ သူ့ရှေ့ရှိလူငယ်ဆီသို့ အလုံးအရင်းနှင့် စီးဆင်းနေသည်ကိုသာ ခံစားနေရသည်။

ထိုအချိန်တွင် မဝေးလှသောနေရာတွင် ရပ်နေသော ချန်ဝမ်ရွန်လည်း ထိုမြင်ကွင်းကို ကြည့်နေသည်။ လုချန်း တစ်စုံတစ်ဦး၏ စွမ်းအားကို တိုက်ရိုက်စုပ်ယူနေသည်ကို သူမပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်၏။

ဤကမ္ဘာတွင် တစ်စုံတစ်ဦး၏စွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်သော နည်းလမ်းတစ်ခု ရှိနိုင်သည်ဟု သူမတစ်ခါမျှ မတွေးဖူးပေ။ စွမ်းအားလွှဲပြောင်းပေးသည့်နည်းလမ်းကိုသာ သူမကြားဖူးသည်။

လုချန်း မည်သည့်ကျင့်စဉ်ကို လေ့ကျင့်ထားသနည်း။ ထိုနည်းလမ်းသည် အလွန်ဆိုးရွားပုံရပြီး ဂိုဏ်းဂဏတစ်ခုမှ လူများသာ အသုံးပြုလေ့ရှိသော အရာတစ်ခုနှင့်တူသည်။

ခဏအကြာတွင် ထျန်းချီဘုရင်၏စွမ်းအားအားလုံးကို လုချန်းက စုပ်ယူလိုက်ပြီဖြစ်သည်။

ထျန်းချီဘုရင်သည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး အဆင့်လွန်ပညာရှင်တစ်ဦး၏ တစ်သက်တာစွမ်းအား အားလုံး လုချန်း၏ခန္ဓာကိုယ်ထဲသို့ တစ်ပြိုင်နက်ဝင်ရောက်လာသဖြင့် သူ့အတွက် အလွန်မသက်မသာဖြစ်စေသည်။ သူ၏ခန္ဓာကိုယ်သည် မီးလောင်တော့မည့်အလား ပူလောင်နေပြီး မျက်နှာလည်း နီရဲလာသည်။

လုချန်းက ထျန်းချီဘုရင်၏ခန္ဓာကိုယ်ကို ဘေးသို့ပစ်ချလိုက်ပြီး ဘာရတ်သေနတ်ကို ထုတ်ယူကာ ထျန်းချီဘုရင်၏ဦးခေါင်းအား ချိန်လိုက်သည်။ ထျန်းချီဘုရင်သည် ယခုအခါတွင် သေမင်း၏ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်ပြီး အနက်ရောင် သေနတ်ပြောင်းဝကို စိုက်ကြည့်ရင်း သူ၏ အားအင်ရှိသမျှကို စုစည်းကာ

“နတ်ဘုရားမက... တစ်နေ့မှာ... ငါ့အတွက် လက်စားချေလိမ့်မယ်”

ထျန်းချီဘုရင် စကားဆုံးသည်နှင့် လုချန်းက သူ၏ဦးခေါင်းကို ပစ်ခတ်လိုက်သည်။

အဆင့်လွန်ပညာရှင်တစ်ဦးပင်ဖြစ်လင့်ကစား အတွင်းအား၏ အထောက်အပံ့မရှိပါက သာမန်လူတစ်ဦးနှင့် မခြားတော့ပေ။ ထိုတစ်ချက်တည်းဖြင့် အဆင့်လွန်ပညာရှင် ထျန်းချီဘုရင် လဲကျသွားသည်။

ထျန်းချီဘုရင် သေဆုံးသည်ကို မြင်သောအခါ မုချန်တိန်နှင့် အခြားသူများလည်း မြင်းများကို အလျင်အမြန်စီး၍ လုချန်းဘေးသို့ ရောက်လာကြသည်။

ထိုအချိန်တွင် လုချန်း၏ မျက်နှာရဲတက်နေပြီး အသက်ရှူမမှန် ဖြစ်နေသည်ကို မုချန်တိန် သတိပြုမိသွား၏။ သူ၏ သိုင်းပညာရှင်အငွေ့အသက်များအနည်းငယ် ထိန်းချုပ်မရဖြစ်နေသည်ကို ခံစားမိသည်။ သူက စိုးရိမ်တကြီးဖြင့်

“မင်းသား။ ဘာဖြစ်တာလဲ”

ဟု မေးလိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်း စွမ်းအားများအလွန်အကျွံဘစုပြုံနေပြီး ချေဖျက်ရန် ခက်ခဲနေသည်ကို လုချန်းလည်း ခံစားရသည်။ ထို့ကြောင့် စကားပြန် မပြောပဲ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အလျင်အမြန် ကြိုးစားရင်း အတွင်းရှိ ရိုင်းစိုင်းသော စွမ်းအားကို ငြိမ်သက်စေရန် ကြိုးစားနေသည်။

သို့‌သော် သူ၏ အငွေ့အသက် ပို၍ပင် ထိန်းချုပ်မရဖြစ်လာသည်။ အဆင့်လွန်ပညာရှင်တစ်ဦးအနေနှင့် သူ၏ အငွေ့အသက် ထုတ်လွှတ်မှုသည် သာမန်လူတစ်ဦးကိုပင် အသက်ရှူကြပ်စေလောက်အောင် ဖိအားပေးနိုင်သည်။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ လူတိုင်း အသက်ရှူရခက်ခဲလာပြီး လုချန်း၏ ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေကြောင်း သိလာကြသည်။ ထို့နောက် လုချန်းက

“ ကျွန်တော့်နားက ချက်ချင်း ခွာသွားကြ။ ကျွန်တော် စွမ်းအားတွေ အများကြီး စုပ်ယူမိထားလို့ ထိန်းချုပ်မှု လွတ်တော့မယ်”

“ဒီနေ့တော့ စစ်စည်းကမ်း ချိုးဖောက်ရတော့မယ်ထင်တယ်” ဟု သူက တီးတိုး ရေရွတ်လိုက်သည်။

လုချန်း၏ ရည်ရွယ်ချက်ကို သိမြင်လိုက်သော မုချန်တိန်က ချက်ချင်းပင်

“မင်းသားဟာ စစ်မြေပြင်မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အခု ဆေးကုသမှု ခံယူဖို့ လိုအပ်နေတာ သဘာဝကျပါတယ်။ ဒါဟာ စစ်စည်းကမ်း ချိုးဖောက်တာ မဟုတ်ပါဘူး။”

ထိုစကားကို ကြားပြီး လုချန်းက ရယ်မောလိုက်ပြီး

“ဗိုလ်ချုပ်မု။ ခင်ဗျားက ကျွန်တော့်အတွက် တကယ်လမ်းထွင်ပေးတတ်တာပဲ။”

“ ကောင်းပါပြီ။ ခင်ဗျားတို့အား လွင်ပြင် ဒေသ စစ်သည်တွေကို ဆက်ပြီး လိုက်လံတိုက်ခိုက်ကြပါ။ ကျွန်တော်က အခု ပြန်ရမယ်။ အရေးကြီးတဲ့ ကိစ္စရှိရင် ချက်ချင်း လူလွှတ်ပြီး ကျွန်တော့်ကို သတင်းပို့ကြပါ။”

အားလုံးက တစ်ညီတည်း

“ဟုတ်ကဲ့ မင်းသား”

ဟု တုံ့ပြန်လိုက်ကြသည်။

ထို့နောက် လုချန်းက ချန်ဝမ်ရွန်းဘက်လှည့်ပြီး

“ခင်ဗျားရဲ့ မြင်းနဲ့ ကျွန်တော့်ကို ပြန်လိုက်ပို့ပေးလို့ ရမလား ချန် မိန်းကလေး။”

လုချန်းတွင် တစ်ခုခု မှားယွင်းနေသည်ကို သိသော ချန်ဝမ်ရွန်က သူမ၏ မြင်းပေါ်သို့ အလျင်အမြန် တက်လိုက်ပြီး

“တက်ပါ”

စကားတစ်ခွန်းမှ မပြောပဲ ချန်ဝမ်ရွန်၏ မြင်းပေါ်သို့ လုချန်း ခုန်တက်ကာ သူမ၏ ကျောကို မှီလိုက်သည်။ ထို့နောက် ချန်ဝမ်ရွန်လည်း သူမ၏ မြင်းကို နင်းပေမြို့သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လိုက်သည်။

သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း လီဖန်းက အံ့အားသင့်စွာဖြင့်

“မင်းသား ဘာဖြစ်တာလဲ။”

ဟု မေးလိုက်သည်။

မုချန်တိန်က

“မသိသင့်တာတွေကို နည်းနည်းပဲသိတာ ပိုကောင်းတယ် ဗိုလ်ချုပ်လီ။ မင်းသား ပြင်းထန်စွာ ဒဏ်ရာရထားပြီး စစ်မြေပြင်ကနေ စောစော ထွက်သွားတယ်ဆိုတာကိုပဲ မှတ်ထားလိုက်။ အခုချိန်မှာ ရှေ့တန်းတိုက်ပွဲဟာ မင်းသားနဲ့ ဘာမှ မဆိုင်တော့ဘူး”

ဟု ပြောလိုက်သည်။

မုချန်တိန်၏ စကားကို ကြားပြီးနောက် လီဖန်းနှင့် အခြားသူများလည်း ပို၍ပင် သိချင်လာကြသည်။ တပ်မှူးချုပ်ဖြစ်သော မင်းသားနှင့် စစ်ပွဲက မည်သို့ သက်ဆိုင်မှု မရှိပဲ နေမည်နည်း။ သို့သော် သူတို့ ထပ်မံ မေးမြန်းခြင်း မပြုကြတော့ပေ။

ထို့နောက် မုချန်တိန်က ထျန်းချီဘုရင်၏ အလောင်းကို သိမ်းဆည်းရန် အမိန့်ပေးပြီး သူ၏ တပ်များကို လွင်ပြင်ဒေသ စစ်စခန်းသို့ တိုက်ရိုက် ဦးဆောင်သွားတော့သည်။ မကြာမီ ည၏ တိတ်ဆိတ်မှုသည် သေနတ်သံများကြောင့် ထပ်မံ ပျက်ပြားသွားသည်။

ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီ ဦးဆောင်သော အနက်ရောင် မြင်းတပ်နှင့် ရှောင်ပင်တိန် ဦးဆောင်သော အပေါ့စား မြင်းတပ်တို့လည်း စစ်မြေပြင်သို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင်ပင်။

ချန်ဝမ်ရွန်သည် သူမ၏ မြင်းကို အရှိန်ကုန် မောင်းနှင်ရင်း လုချန်းကို ခေါ်ဆောင်၍ ပြန်လာခဲ့သည်။ လုချန်းက သူမ၏ ကျောကို မှီထားပြီး လက်နှစ်ဖက်က သူမ၏ ခါးကို ဖက်ထားသည်။

ချန်ဝမ်ရွန်းသည် အလွန်အံ့အားသင့်နေသည်။ လုချန်း ဘာဖြစ်နေတာလဲ။ သူဒဏ်ရာရပုံ မပေါ်သည်ကို ခုနက သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။

ထို့ပြင် လုချန်းသည် ယခု အလွန် စိတ်မငြိမ်မသက်ဖြစ်နေပုံရပြီး မြင်းပေါ်တွင်ပင် သူမကို ရဲရဲတင်းတင်း ကိုင်တွယ်လာသည်ကို တွေ့ရှိရသည်။

..........

အခန်း (၄၁၁)

လွင်ပြင်ဒေသမှ လျှို့ဝှက်နတ်ဘုရားမ (၁)

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စခန်းသည် အမြောက်ပစ်ခတ်မှု‌ကြောင့် ကစဉ့်ကလျားဖြစ်သွား၏။ ညအမှောင်ထဲတွင် လွင်ပြင်ဒေသ စစ်သားများလည်း မည်သည့်အရပ်ကို ထွက်ပြေးရမှန်း မသိခဲ့ကြပေ။ ဦးတည်ရာမဲ့ ပျံသန်းနေသော ယင်ကောင်များကဲ့သို့ ဟိုဟိုသည်သည် ပြေးလွှားနေကြသော်လည်း နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်တပ်များ၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံခဲ့ရသည်။

စွမ်းရည်မြင့် အဆင့်ကိုး လွင်ပြင်ဒေသ စစ်သည်များကိုပင် မြောက်ပိုင်းပြည်နယ် စစ်သည်များ၏ ယမ်းသေနတ်များက ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအခြေအနေတွင် အသက်ရှင်နေသော လွင်ပြင်ဒေသ စစ်သည်များသည် အင်အား ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်ရန် မတတ်နိုင်ခဲ့ကြပေ။ သူတို့၏ ဘုရင် သေဆုံးသွားပြီဖြစ်ကြောင်းကိုပင် မသိခဲ့ကြပေ။

အချို့သော လွင်ပြင်ဒေသ စစ်သည်များတော့ သူတို့ရှုံးသွားပြီဖြစ်ပြီး မလွဲဧကန် ကံဆိုးမိုးမှောင် ကျရောက်တော့မည်ကို သိမြင်ခဲ့ကြသည်။ ယခင်က သံလုံးများဖြင့် တိုက်ခိုက်မှုကြောင့် တုန်လှုပ်ခဲ့ရသည့် အကြောက်တရားနှင့် ပေါင်းစပ်လိုက်သောအခါ လက်နက်ချ အညံ့ခံသည့်လမ်းကို ရွေးချယ်လိုက်ကြသည်။

...

ထိုအချိန်တွင်။

ချန်ဝမ်ရွန်သည် လုချန်းအား သူ၏ နေအိမ်သို့ ပြန်ခေါ်လာပြီးနောက် ချက်ချင်း မြင်းပေါ်မှ ဆင်းလိုက်သည်။ သူမ၏ မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်နေပုံရသည်။

ထို့နောက် မြင်းပေါ်တွင် ကျန်နေသေးသော လုချန်းအား အေးစက်စွာဖြင့်

“ရောက်ပြီ။ ကိုယ့်ဘာသာ အထဲကို ဝင်သွားတော့။”

ဤလူသည် သူမ၏ အနောက်တွင်လိုက်ပါပြီး တစ်လမ်းလုံး ဒုက္ခပေးနေခဲ့သည်။ နေရာတိုင်းကို သူ၏ လက်များဖြင့် ထိတွေ့ကာ ချန်ဝမ်ရွန်၏ စိတ်ခံစားချက်များကို လှုံ့ဆော်နေခဲ့သည်။

ထိုအချိန်တွင် လုချန်းက မြင်းပေါ်မှ ဆင်းလိုက်ကာ တံခါးစောင့် စစ်သားအား

“မြင်းကို ယူသွားလိုက်ပါ”

ဟု ပြောလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် လုချန်းက ပြုံးရွှင်စွာဖြင့် ချန်ဝမ်ရွန်ထံ လျှောက်သွားကာ

“ချန်မိန်းကလေး။ ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို လိုအပ်နေသေးတယ်။”

ထိုအရာကို ကြားသောအခါ ချန်ဝမ်ရွန်က “ဘာအကူအညီလဲ”

ဟု မေးလိုက်သည်။

နောက်ထပ် စကားတစ်ခွန်းမှ မဆိုပဲ လုချန်းက သူမကို လက်နှစ်ဖက်ဖြင့် ရုတ်တရက် ပွေ့ချီလိုက်သည်။ ချန်ဝမ်ရွန်လည်း ခဏခန့် ကြောင်အသွားပြီး သူမ၏ ကိုယ်ဟန်ချက် မပျက်စေရန်နှင့် မပြုတ်ကျစေရန်အတွက် သူမ၏ လက်များကို အလျင်အမြန် မြှောက်ကာ လုချန်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

ချန်ဝမ်ရွန်က ဒေါသအနည်းငယ်ဖြင့်

“ရှင် ဘာလုပ်နေတာလဲ”

ဟု မေးလိုက်သည်။

လုချန်းက

“မင်းရဲ့ အကူအညီကို တောင်းနေတာလေ။” ဟု ပြန်ဖြေလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် လုချန်းလည်း ချန်ဝမ်ရွန်ကို ပွေ့ချီကာ ချက်ချင်းပင် သူ၏ အခန်းဆီသို့ ဦးတည်သွားလေသည်။ အခန်းထဲသို့ ရောက်သောအခါ လုချန်းက ချန်ဝမ်ရွန်ကို အိပ်ရာပေါ်တွင် လှဲစေပြီးနောက် သူမ၏ အပေါ်မှ ဖိချလိုက်သည်။

လုချန်း သူမကို သူ၏ အခန်းသို့ ခေါ်ဆောင်လာသည်ကို မြင်သောအခါ သူ ဘာလုပ်ချင်သည်ကို ချန်ဝမ်ရွန်သည် ကောင်းစွာ ခန့်မှန်းနိုင်ခဲ့သည်။

သူမက အေးစက်စွာဖြင့်

“မင်းသားရဲ့ စစ်သားတွေက စစ်မြေပြင်မှာ တိုက်ခိုက်နေကြတယ်။ မင်းသားက နောက်တန်းမှာ ဒီလိုလုပ်နေတာဟာ သင့်တော်ရဲ့လား။”

လုချန်းက ပြုံးပြီး

“ဗိုလ်ချုပ်မုက ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ အခုချက်ချင်း ကုသဖို့ လိုအပ်တယ်လို့ မပြောခဲ့ဘူးလား။ စစ်မြေပြင်ရဲ့ ကိစ္စတွေက ကျွန်တော့်နဲ့ ခဏတာ မသက်ဆိုင်တော့ဘူး”

ဟု ပြန်ပြောလိုက်သည်။

ထို့နောက် ချန်ဝမ်ရွန်က သူမ၏ မျက်နှာကို လှည့်လိုက်ပြီး လုချန်းကို နောက်ထပ် မကြည့်တော့ဘဲ လက်လျှော့လိုက်သည့် သဘောထားကို ပြသလိုက်သည်။

ဤလူက ဒီလိုပြောပြီးပြီ ဖြစ်သောကြောင့် သူမ ဘာတတ်နိုင်တော့မည်နည်း။ သူ လုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်သည်။ နောက်ဆုံးတွင် သူမသည် သူ့၏ မိန်းမ ဖြစ်နေပြီ မဟုတ်ပါလား။

ချန်ဝမ်ရွန်၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်ကို မြင်သောအခါ လုချန်းလည်း နောက်ထပ် မခံနိုင်တော့ပဲ သူမ၏ ဆွဲဆောင်မှုရှိသော နီရဲသည့် နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။

လုချန်းတွင် ရွေးချယ်စရာ မရှိပေ။ အကြောင်းမှာ သူ ယခု စုပ်ယူလိုက်သော စွမ်းအင်သည် တစ်ကြိမ်တည်းဖြင့် ခြေဖျက်ရန် အလွန်များပြားလွန်းလှသည်။ ထိုစွမ်းအင်အချို့ကို ချန်ဝမ်ရွန်နှင့် မျှဝေပြီး နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးပြုကာ စွမ်းအင် ချေဖျက်မှုကို အရှိန်မြှင့်တင်မှသာ ဖြစ်မည်။

မကြာမီ ချန်ဝမ်ရွန်သည်လည်း သူမ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ လျင်မြန်စွာ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး လုချန်း ခုနကဖြစ်နေသည့် မူမမှန်မှုကို သူမ ခန့်မှန်းမိသွားသည်။

လုချန်းသည် အဆင့်လွန် ပညာရှင်တစ်ဦး၏ စွမ်းအင်ကို စုပ်ယူခဲ့၏။ သူကိုယ်တိုင် အဆင့်လွန် ပညာရှင်ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့်စွမ်းအင်များစွာ စုပ်ယူခြင်းက တစ်ကြိမ်တည်းဖြင့် မချေဖျက်နိုင်သော စွမ်းအင်များ သူ၏ခန္ဓာကိုယ်တွင် စုပုံနေစေပြီး သူ့အား အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထို့ကြောင့် စွမ်းအင်အချို့ကို အလျင်အမြန် ထုတ်လွှတ်ရန် လိုအပ်နေခဲ့သည်။

ချန်ဝမ်ရွန်သည် ထိုအချိန်တွင် ဝမ်းသာရမည်လား ဒေါသထွက်ရမည်လား မသိတော့ပေ။ တစ်ဖက်တွင် ဤလူဆိုးက သူ၏ စွမ်းအင်ကို သူမထံ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် သူမ၏ ခွန်အား တိုးတက်စေရန် အထောက်အကူ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဤလူ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရသောကြောင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသေးသည်။

မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသည် တစ်ညလုံး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စခန်းကို တိုက်ခိုက်ခဲ့ကြသည်။ လွင်ပြင်ဒေသ စစ်သားများတွင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့သော်လည်း သူတို့၏ အရေအတွက်မှာ သိန်းနှင့်ချီ၍ ရှိနေသေးသည်။ သိန်းနှင့်ချီသော ဝက်များကိုပင် ဖမ်းဆီးရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။

လုချန်းသည်လည်း တစ်ညလုံး တိုက်ခိုက်ခဲ့သည်။ မိုးသောက်ယံ ရောက်မှသာ နူးညံ့သော ရနံ့ဖြင့် လုချန်းနိုးထလာခဲ့သည်။ ထလာပြီးနောက် သူက ချန်ဝမ်ရွန်၏ အနည်းငယ် ပန်းရောင်သန်းနေသော ဖြူဖွေးသည့် အသားအရေကို တစ်ချက် ကြည့်လိုက်သည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်၏ မျက်လုံးများက လုချန်းကို စိုက်ကြည့်နေပြီး သူမ၏ အကြည့်တွင် မကျေနပ်ဟန် အနည်းငယ် ပါဝင်နေသည်။

လုချန်းက ပြုံးကာ

“ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် မနေ့က အချိန်တိုအတွင်း ဒီလောက်များတဲ့ စွမ်းအင်တွေကို ဘယ်လို ချေဖျက်ရမလဲဆိုတာ ကိုယ်တကယ် မသိနိုင်ဘူး။”

လုချန်း စကားဆုံးသည်နှင့် ချန်ဝမ်ရွန်က မျက်နှာရဲရဲဖြင့် မည်သည့် ခံစားချက်မျှ မပြပဲ

“ကျေးဇူးတင်ပါတယ်”

ဟု ပြောလိုက်သည်။

ချန်ဝမ်ရွန်၏ ကျေးဇူးတင်စကားကို ကြားသောအခါ လုချန်း ခဏတာခန့် အံ့အားသင့်သွားသည်။ သူမက သူ့ကို ကျေးဇူးတင်စကား စပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စိတ်တည်ငြိမ်သွားပြီးနောက် လုချန်းက “ကျေးဇူးတင်စရာ မလိုပါဘူး။”

ချန်ဝမ်ရွန်က သူ့ကို အဘယ်ကြောင့် ကျေးဇူးတင်နေသည်ကို သူ နားလည်သည်။ သူမထံ စွမ်းအင်များစွာ လွှဲပြောင်းပေးခဲ့ခြင်းဖြင့် သူမ၏ ခွန်အားကို တိုးမြှင့်ပေးခဲ့ခြင်းကြောင့် သူမက သူ့ကို ကျေးဇူးတင်သည်မှာ သဘာဝကျသည်။

ထို့နောက် ချန်ဝမ်ရွန်က

“စစ်ပွဲ ပြီးသွားရင် ကျွန်မ လျှို့ဝှက်လဝန်းနန်းတော်ကို တစ်ခေါက် ပြန်သွားဖို့ လိုတယ်” ဟု ဆက်ပြောလိုက်သည်။

သူမ စစ်မြေပြင်တွင် ပေါ်ထွက်လာခြင်းအကြောင်းက မကြာမီ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများ၏ နားထဲသို့ ရောက်ရှိသွားမည်မှာ သေချာသောကြောင့် သူမသည် ထိုနေရာသို့ အရင်ဆုံး ပြန်သွားပြီး သူတို့ကို တည်ငြိမ်အောင် လုပ်ရမည်ဖြစ်၏။ သူမကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် မြောက်ပိုင်းပြည်နယ်ကြား ပဋိပက္ခ မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်သည်။

သူမသည် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ လျှို့ဝှက်လဝန်းနန်းတော်တွင်လည်း အဆင့်လွန် ပညာရှင်များနှင့် ကောင်းကင်ဘုံအဆင့် စွမ်းအားရှင်များပင် ရှိသော်လည်း လုချန်းနှင့် သူ၏ လူများက ထို့ထက်ပင် အားကောင်းသော လက်နက်များကို ထုတ်လုပ်နိုင်မည်လားဆိုတာ မည်သူမှ မသိပေ။ မြောက်ပိုင်းပြည်နယ်နှင့် ရန်သူဖြစ်ခြင်းသည် မိုက်မဲရာကျသည်။

ချန်ဝမ်ရွန်၏ စကားကို ကြားပြီးနောက် လုချန်း ခဏခန့် စဉ်းစားလိုက်၏။ ချန်ဝမ်ရွန် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရန် ပြောလာသည်က ထိုနေရာမှ အကြီးအကဲများကို တည်ငြိမ်စေရန် ဖြစ်နိုင်သည်ဟု သူ ယူဆသည်။ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်ပြီးနောက် သူမ ပြန်မလာပဲ နေတော့မည်ဟု လုချန်း မယုံကြည်ပေ။

.........

All Chapters