တပည့်ခေါ်ယူမှုစတင်ခြင်း
Vol. 15 Ch. 211
ထို့နောက် မြူနှင်းမြို့တော်အတွင်း လှည့်ပတ်ကြည့်ကာ လိုအပ်သည့် အရာများကို မှတ်သားနေသည်။ ယခုမှ ပြီးလုဆဲဆဲ ဖြစ်နေသည့် မြို့တစ်ခုသည် လိုအပ်ချက်များစွာရှိနေ၏။ သေးငယ်သည့် မြို့လေးမှ တဖြည်းဖြည်း ချဲ့ကားမှုပြုခြင်းသည် လွယ်ကူသော်လည်း မြို့ကြီးတစ်ခု ချက်ချင်းတည်ဆောက်မှုတွင် ချောချောမွေ့မွေ့လည်ပတ်စေဖို့ အချိန်ယူရဦးမည်ဖြစ်သည်။
ကျီယွမ်ကုန်းမြေ၏ အစွန်အဖျားနေရာတစ်ခုတွင် သွေးမျိုးနွယ်သည် ဟွမ်းရှန့်နန်းတော်၏ ပေါ်ပေါက်လာမှု အကြောင်းကို ဆွေးနွေးနေကြ၏။
“ဘိုးဘေး..အဲ့ဒီဟွမ်းရှန့်နန်းတော်ရဲ့ပေါ်ပေါက်လာမှုကြောင့် ကျုပ်တို့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားနိုင်လား..”
သွေးမျိုးနွယ်၏ အကြီးအကဲဖြစ်သူ ရွှယ်နင်းလီသည် မေးမြန်းလိုက်သည်။ သူတို့သည် တိတ်တဆိတ်သာ နေကြသော်လည်း ကုန်းမြေအတွင်း အဖြစ်အပျက်များကို နားစွင့်ထားကြ၏။
“အဲ့ဒီနန်းတော်သခင်ရဲ့ စွမ်းအားကရော ဘယ်လိုလဲ..”
သွေးဘိုးဘေးသည် ပြန်လည် မေးမြန်းလိုက်၏။ သူ၏မျက်နှာသည် ရေပြင်ကျယ်ကဲ့သို့ တည်ငြိမ်နေသည်။
“ကျီထျန်းရှစ်တောင် ဟွမ်းရှန့်နန်းတော်ရဲ့ ပေါ်ပေါက်မှုကို မထိန်းချုပ်နိုင်လိုက်ဘူး..၊ မဟာမိတ်ထဲ ဝင်ရောက်ဖို့ ငြင်းဆန်ထားတယ်လို့ကြားရတယ်၊ အဲ့ဒီလူက မဟာ နတ်အင်ပါယာအဆင့် ဖြစ်နိုင်တယ်..၊ အဆင့်နှစ်ကုန်းမြေက ရောက်ရှိလာတဲ့သူ ဖြစ်နိုင်မလား..”
ရွှယ်နင်းလီသည် အနည်းငယ်စိတ်ရှုပ်ထွေးဟန်နှင့် ဆိုလိုက်၏။
“အဲ့ဒါဆိုရင် ငါတို့ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာ ရှိသေးတယ်..၊ ဒါပေမဲ့ မဟာမိတ်အဖွဲ့နဲ့ သင့်မြတ်မှု မရှိရင် ပိုကောင်းလိမ့်မယ်..”
သွေးဘိုးဘေးသည် အနည်းငယ်စဉ်းစားကာ ဆိုလိုက်၏။ ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။
“ပြင်ပကို စေလွှတ်ထားတဲ့ မျိုးနွယ်ဝင်တွေကို တိတ်တဆိတ်ပြန်လာခိုင်းလိုက်..၊ ဒီထက်ပိုပြီး အချိန်ဆွဲလို့မရတော့ဘူး၊ ငါးနှစ်အတွင်း ငါတို့ရဲ့ အစီအစဉ်ကို စတင်မယ်..”
“ဟုတ်ကဲ့ပါ..ဘိုးဘေး..”
“လင်းကျွင်းနဲ့ လင်းဟန်ကို သတ်ဖြတ်ခဲ့တဲ့လူကို ရှာတွေ့ပြီလား..”
သွေးဘိုးဘေးသည် ထပ်မံမေးမြန်းလိုက်သည်။ ထိုစဉ်က သူ၏ပုံရိပ်နှင့် တားဆီးခဲ့သော်လည်း ထိုလူငယ်သည် ဂရုစိုက်ဟန်မရချေ။ ထိုအရာက သူ့အား အဆုံးမဲ့ ဒေါသများ ထွက်ပေါ်စေခဲ့သည်။
“အဲ့ဒီလူက ဘယ်လို အစွမ်းထက်နည်းစနစ်နဲ့ တားဆီးထားလဲ မသိရဘူး၊ သွေးခြေရာခံနည်းစနစ်က အလုပ်မလုပ်ဘူး..”
သွေးခြေရာခံနည်းစနစ်သည် မဟာ နတ်အင်ပါယာများပင် ထိန်းချုပ်ရန် မလွယ်ကူသည့်အရာဖြစ်သည်။ ထို့အပြင် သွေးမျိုးနွယ်ဝင်ကို သတ်ဖြတ်လိုက်မှုကြောင့် ပစ်မှတ်ထားခံရသူသည် သူတို့ကိုယ်တိုင်ပင် မသိနိုင်ချေ။ ထိုအရာက သူတို့အား လက်စားချေရန် လွယ်ကူစေသည်။ သို့သော် ယခု ဖြစ်ရပ်တွင် မကြုံဖူးသေးသောကြောင့် ထူးဆန်းလွန်းနေ၏။
ရွှယ်နင်းလီသည် ဆက်လက်ပြောဆိုလိုက်၏။
“ဒါပေမဲ့ လင်းဟန်တို့သေဆုံးခဲ့ရတဲ့ ကုန်းမြေကို ရှာတွေ့ခဲ့တယ်၊ ဒါကြောင့် ဝူယွမ်တို့ သားအဖက ဖြေရှင်းဖို့ သွားကြပြီ..”
သွေးဘိုးဘေး၏ မျက်ဝန်းတွင် ဒေါသမီးများ လောင်ကျွမ်းနေသည့်အလားပင်။ သို့သော် သူ၏ အမူအယာကို ထိန်းသိမ်းထားနိုင်သည်။ ထိုစဉ်က သူ၏ ပုံရိပ်မှ တွေ့မြင်လိုက်ရသည့် ဝတ်ရုံဖြူနှင့်လူငယ် အကြောင်းတွေးမိနေ၏။
သွေးမျိုးနွယ်နှင့် ဆန့်ကျင်ဘက်အရပ်တွင်တည်ရှိနေသည့် မြူနှင်းမြို့တော်သည် ယနေ့တွင် လှုပ်ရှားသက်ဝင်နေ၏။ အကြောင်းမှာ ဤနေ့တွင် ဟွမ်းရှန့်နန်းတော်၏ ပထမဆုံးအကြိမ် တပည့်လက်ခံခြင်း အခမ်းအနားကျင်းပမည်ဖြစ်သည်။
ထိုသတင်းကြောင့် ကျန်းကျာ့နယ်မြေ၏ လူငယ်များသည် စိတ်လှုပ်ရှားကုန်ကြ၏။ ထို့ကြောင့်ပင် မည်သည့်အဖွဲ့အစည်းမျှ ဝင်ရောက်ထားခြင်းမရှိသေးသည့် လူငယ်များသည် ရွှေးချယ်ခံရန် စိတ်အားသန်စွာ ရောက်ရှိလာကြသည်။
မြူနှင်းမြို့တော်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူအရေအတွက်သည် ကျီယွမ်ကုန်းမြေတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် နည်းပါး၏။ သို့သော်လည်း အဖွဲ့အစည်းအသစ်တစ်ခု၏ ပထမဆုံးရွေးချယ်ခြင်း အတွက် များပြားလွန်းသည်ဟု ဆိုရပေမည်။
ရှင်းဝေ့ကျန်းနှင့် ဟေးချုံးသည် အစီအစဉ်များအတွက် အလုပ်ရှုပ်နေလျက်ရှိသည်။
“မဟာမိတ်ခေါင်းဆောင်..၊ ခေါင်းဆောင်ရှီ..၊ အကြီးအကဲကျန်း”
သွမ့်မုယီသည် ကျီယွမ်မဟာမိတ် ခေါင်းဆောင်များ ရောက်ရှိလာမှုကြောင့် ကြိုဆိုလိုက်သည်။
ကျီဖန်းကျစ်သည် အသိမှတ်ပြုဟန် ခေါင်းညိတ်လိုက်၏။ ကျန်းမျိုးနွယ်အား မဟာမိတ်အဖွဲ့မှ ပယ်ဖျတ်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ကျန်းရွှမ်ထုံသည် ခေါင်းဆောင်တစ်ဦး၏ နေရာသို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် ဟွမ်းရှန့်နန်းတော်၏ တပည့်ခေါ်ယူခြင်းအခမ်းအနားကို မြင်တွေ့လိုသောကြောင့် လာရောက်ကြခြင်းဖြစ်၏။
သွမ့်မုယီသည် အခမ်းအနားကြည့်ရှုရန် သူတို့အား နေရာချထားပေးလိုက်သည်။ သို့သော် စင်မြင့်များ၏ အသွင်အပြင်သည် ရိုးရိုးရှင်းရှင်းနှင့် ခွဲခြားထားခြင်း မရှိချေ။ စင်မြင့်များအတွက် စင်္ကြန်လျှောက်လမ်းများကြောင့်သာ နေရာခွဲ၍ထားပြီး အားလုံးသည် တပြေးညီတည်း တည်ဆောက်ထားသည်။
ထိုမဟာမိတ်ခေါင်းဆောင် သုံးဦး၏ နောက်တွင် လူငယ်နှစ်ဦးနှင့် မိန်းကလေးနှစ်ဦးလည်း လိုက်ပါလာသည်။ ထိုလူငယ်များသည် လေဟာနယ်စစ်တလင်းတွင် လုရှင်းယန်တို့နှင့် တွေ့ဆုံဖူးခဲ့သည့် ကျီချင်းချန်၊ ကျန်းလီချွမ်၊ ရှီချင်းယီနှင့် အပြာရောင်ဝတ်စုံနှင့် မိန်းကလေး ရွှီယင်းအာ တို့ပင်ဖြစ်၏။
“စစ်တလင်းမှာတုန်းက ရွှယ်ဝူယကို ဖိအားပေးတိုက်ခိုက်ခဲ့တဲ့ မိန်းကလေးက ဟွမ်းရှန့်နန်းတော်ကလား..”
ကျီချင်းချန်သည် ကျန်းလီချွမ်၏ ကြုံတွေ့ ခဲ့ရသည်များကို ပြောဆိုမှုများကြောင့် မှင်သက်နေသည်။ ရှီချင်းယီနှင့် ရွှီယင်းအာတို့ မိန်းကလေးနှစ်ဦးသည်လည်း ထိုအရာများကို တိတ်တဆိတ်နားထောင်နေကြ၏။
လူငယ်များသည်လည်း အသီးသီး စုဝေးလာကြ၏။ ကျီးဟူကျိ နှင့် ထူယဲ့တို့လည်း ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ကျန်းမျိုးနွယ်၏ လျှို့ဝှက်နယ်မြေတွင် အတူတကွ တိုက်ခိုက်ကြခဲ့သည့် လူငယ်များစွားလည်း စိတ်လှုပ်ရှားစွာ စောင့်စားနေကြ၏။
ထိုအချိန်တွင် ဟွမ်းနှင့် အတူ ချုးယွီဟွာသည် စင်မြင့်တစ်ခုသို့ တက်ရောက်လာပြီးနောက် သူ၏ တပည့်များသည်လည်း နောက်တွင် နေရာယူလိုက်ကြသည်။ သို့သော် ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာတို့ မပါဝင်ခဲ့ချေ။
“အဲ့ဒီအမျိုးသမီးက အဆင့်ငါးကျင့်ကြံသူပဲ..၊ အဆင့်ငါး ကျင့်ကြံသူ သုံးယောက်ရှိနေတာပဲ..”
“နန်းတော်သခင်က ဒါ့ကြောင့်လဲ အဖွဲ့အစည်းကြီး ဖြစ်ဖို့ လုပ်ဆောင်ရဲတာပေါ့..”
ခေါင်းဆောင်ကျီ နှင့် ခေါင်းဆောင်ရှီ တို့သည် ချုးယွီဟွာကို ယခုမှ တွေ့ဖူးကြခြင်းဖြစ်၏။ သို့သော် မော့ရွှယ်အာသည် ဤနေရာတွင် ရှိမနေချေ။ မဟုတ်လျှင် သတ္တုသားရဲ ဟော်ကျန်း အပါအဝင် အဆင့်ငါးကျင့်ကြံသူလေး ဦးရှိမည်ဖြစ်သည်။ ဟွမ်းကို ဖယ်ထားလိုက်လျှင်ပင် ထိုအရာက နှစ်ပေါင်းသောင်းချီ တည်ရှိလာခဲ့သည့် ကျန်းမျိုးနွယ်၏ အင်အားကို ယှဉ်နိုင်နေပြီဖြစ်သည်။
“အဲ့ဒီတုန်းက သူတွေက အဆင့်သုံးကျင့်ကြံသူတွေဖြစ်ကုန်ပြီ..”
ကျီချင်းချန်သည် လုရှင်းယန်တို့ကို ကြည့်ကာ ရေရွတ်မိသွား၏။ ထိုစဉ်က ရွှယ်ဝူယကိုပင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည့် လူငယ်များသည် အဆင့်သုံးကျင့်ကြံသူပင် ဖြစ်လာကြ၏။ ထိုသို့နှစ်အနည်းငယ်အတွင်း အဆင့်တက်သွားကြသည်ကို မယုံနိုင်ပင်ဖြစ်နေ၏။
ခဏအကြာတွင် ဟွမ်းသည် စင်မြင့်၏ ထိပ်တွင် ရပ်တန့်လိုက်ပြီး ရင်ပြင်တွင်းရှိကျင့်ကြံသူအားလုံးကြားနိုင်သည့် အသံနှင့် စတင်ပြောဆိုလိုက်၏။
“ဟွမ်းရှန့် နန်းတော်အနေနဲ့ တည်ဆောက်ခဲ့တာ နှစ်နှစ်ရှိသွားပြီ၊ ဒါပေမဲ့ တပည့်ခေါ်ယူခြင်း မရှိခဲ့တာကြောင့် ကျင့်ကြံသူတွေ မသိခဲ့တာသဘာဝကျပါတယ်..”
“ဒီနေ့မှာ ဟွမ်းရှန့်နန်းတော်ကို တရားဝင်ကြေညာပြီး တပည့်ခေါ်ယူခြင်းစတင်မယ်..”
“ပထမဆုံး တပည့်ခေါ်ယူခြင်းဖြစ်လို့ လွယ်ကူမယ်တော့ မထင်နဲ့..၊ နန်းတော်ရဲ့ ကနဦးတပည့်တွေ ဖြစ်လာမဲ့လူငယ်တွေဖြစ်လို့ ပိုပြီးခက်ခဲလိမ့်မယ်၊ အရေအတွက်လည်း နည်းလိမ့်မယ်..”
ဟွမ်း၏ တည်ငြိမ်သည့်စကားသံကြောင့် အားလုံးသည် အံ့ဩသွား၏။ ကျီယွမ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များပင် ထိုသို့ မမျှော်လင့်ထားချေ။
အဖွဲ့အစည်းအသစ်များတွင် စတင်တပည့်လက်ခံလျှင် အရေအတွက်ကို သာမန်ထက်ပို၍ လက်ခံလေ့ရှိကြသည်။ သို့မှသာ လျှင်လျှင်မြန်မြန်နှင့် လည်ပတ်လာနိုင်မည်ဖြစ်၏။ သို့သော် ဟွမ်းသည် ထိုသို့ ဖြစ်ရန် ဆန္ဒမရှိပေ။
သို့သော် ကျီးဟူကျိတို့သည် ပို၍စိတ်လှုပ်ရှားလာ၏။ ကနဦးတပည့်များသည် ပိုမို၍ အခွင့်အရေးများရဟန်ရှိသည်။ ထို့ကြောင့်ပင် သတ်မှတ်ချက် မြင့်မားသည်ဟု တွေးလိုက်မိ၏။ သူသည် ဝင်ခွင့်ကို ကျိန်းသေရရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ ပိုင်ကျန့်ယွီတို့၏ လုပ်ဆောင်နိုင်စွမ်းနှင့် သူတို့အစ်မကြီး၏ ကြောက်မက်ဖွယ် စွမ်းအားများသည် သူတို့ကို ပို၍ တက်ကြွလာစေ၏။
ထို့နောက် ဟွမ်း၏ စကားသံသည် ဆက်လက်ပြန့်လွင့်လာသည်။
“မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်မထားဘူး၊ ကြိုးစားလိုတဲ့ လူငယ်တွေ ရင်ပြင်ထဲကို ဆင်းခဲ့ပါ..”