အခန်း (၂၁၂)
Vol. 15 Ch. 212
ဟွမ်း၏ စကားကြားသည်နှင့် လူငယ်များသည် အလျှင်အမြန်နှင့် ရင်ပြင်အတွင်းရှိ စင်မြင့်ပေါ်သို့ တက်ရောက်လာကြ၏။ မထင်မှတ်ထားဖွယ်ကောင်းလောက်အောင် လူငယ်ကျင့်ကြံသူများ ခုနှစ်ရာနီးပါးခန့် ရှိနေသည်။ ထိုလူငယ်များတွင် ထျန်းယွမ်ကုန်းမြေမှ လူငယ်များလည်း ပါဝင်နေ၏။
ဟွမ်းသည် ထိုလူငယ်များကို ကြည့်ကာ ဆက်လတ် ညွှန်ကြားမည်အပြုတွင် ချိုသာသည့် စကားသံလေး ပေါ်ထွက်လာ၏။
“နန်းတော်သခင်..၊ အဆင့်သုံးကျင့်ကြံသူဖြစ်နေရင်ရော နန်းတော်တပည့်အဖြစ် ဝင်လို့ရနိုင်မလား..”
ဟွမ်းသည် ချိုသာသည့်အသံလာရာသို့ကြည့်လိုက်ချိန်တွင် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကိုတွေ့မြင်လိုက်ရ၏။ ထိုမိန်းကလေးသည် ရွှီယင်းအာပင် ဖြစ်သည်။
သူမ၏ စကားကြောင့် အနီးနားရှိ ရှီချင်းယီပင် အံ့ဩသွားတော့သည်။ ယခင်အချိန်များကတည်းက သူမ၏ သူငယ်ချင်းဖြစ်သူသည် မည်သည့်အဖွဲ့များတွင် မှဝင်ရောက်လိုခြင်းမရှိခဲ့ချေ။ ရှီမျိုးနွယ်တွင်ပင် သူမ၏ ဖိတ်ခေါ်မှု့ကြောင့်သာ ရှိနေခြင်းဖြစ်ပြီး တစ်သီးတစ်သန့်သာ နေထိုင်တက်သူဖြစ်၏။
“ဝင်ရောက်ချင်တဲ့ ဘယ်သူပဲဖြစ်ဖြစ်တားမြစ်ထားခြင်းမရှိဘူး..၊ စမ်းသပ်ချက်တွေအောင်မြင်တဲ့သူတိုင်း ဟွမ်းရှန့်နန်းတော်တပည့်ဖြစ်လာလိမ့်မယ်..”
ဟွမ်းသည် ရွှီယင်းအာကို ကြည့်ပြီးနောက် ရင်ပြင်အတွင်းရှိကျင့်ကြံသူများအားလုံးကို ရည်ညွှန်းကာ ပြောလိုက်၏။ ရင်ပြင်ပေါ်ရှိလူငယ်များတွင် အဆင့်နှစ်ရောက်နေသူသည် လက်ဆယ်ချောင်းပင်မပြည့်ချေ။
ထိုနောက်တွင် ရွှီယင်းအာသည် ချက်ချင်း ရင်ပြင်ပေါ်သို့ ခုန်ဆင်းသွားကာ ဟွမ်း၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းလိုက်သည်။
ကျီချင်းချန်နှင့် ကျန်းလီချွမ်ပင် ထိုမိန်းကလေး၏ လုပ်ရပ်ကို မယုံကြည်နိုင်သလိုဖြစ်နေသည်။ သူမသည် ဤတစ်လျှောက်လုံးတွင် သူတို့နှင့်ပင် စကားများစွာ ပြောဆိုခြင်း မရှိခဲ့ချေ။
ထို့အပြင် သူမသည် အဆင့်သုံးကျင့်ကြံသူဟုသာ သိရှိထားပြီး သူမ မည်မျှအစွမ်းထက်သည်ကို မသိရှိပေ။ သို့သော် ယနေ့တွင် သူမသည် အဖွဲ့အစည်း အသစ်တစ်ခုတွင် ဝင်ရောက်လိုနေသည်။ ထိုအရာက ထူးဆန်းသွားစေ၏။
“ကောင်းပြီ..၊ စမ်းသပ်ချက်တွေနဲ့ ပတ်သက်ပြီး အကြီးအကဲဝမ်က ညွှန်ကြားပေးလိမ့်မယ်..”
ဟွမ်းသည် ဝမ်မုန့်ယွင်ကို ညွှန်ပြလိုက်၏။ ထိုအချိန်တွင် ဝမ်မုန့်ယွင်သည် ရှေ့ထွက်လာပြီး စမ်းသပ်ချက်များကို ရှင်းပြပြောဆိုလိုက်သည်။
ပထမဆုံး စမ်းသပ်ချက်သည် ပုံရိပ်ယောင်အစီအရင်ဖြစ်၏။ ထိုအစီအရင်ကို မော့ရွှယ်အာသည် တည်ဆောက်ပေးခဲ့ပြီး ဝမ်မုန့်ယွင်၏ ပုံရိပ်ယောင်နည်းစနစ်ကို ထည့်သွင်းထားခြင်းဖြစ်သည်။
ထိုစမ်းသပ်ချက်သည် ရိုးရှင်း၏။ သို့သော် လူငယ်မည်မျှ အောင်မြင်မည်ကိုတော့မပြောတက်ပေ။
ထိုအစီအရင်အတွင်းမှ ထွက်လာနိုင်သူများသည် ဒုတိယစမ်းသပ်ချက်ကို ဝင်ရောက်ရမည်ဖြစ်သည်။
ဒုတိယစမ်းသပ်ချက်တွင် ချုးယွီဟွာ၏ သင်္ကေတနည်းစနစ်များကို ဖြတ်ကျော်ရမည်ဖြစ်၏။ ထိုစမ်းသပ်ချက်နှစ်ခုလုံး အောင်မြင်ပါက ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
“ဒီလောက်ရိုးရှင်းတာလား..”
လူငယ်များသည် ထိုသို့ရိုးရိုးရှင်းရှင်းစမ်းသပ်ချက်များကြောင့် မှင်သက်သွားက ပို၍ပင် စိတ်လှုပ်ရှားလာကြတော့၏။
“အသစ်ဖြစ်ရင် စတင်ပြီ..”
ဝမ်မုန့်ယွင်သည် အသိပေးလိုက်ပြီးနောက် လက်သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်ကာ အစီအရင်ကို အသက်သွင်းလိုက်၏။
လူငယ်များ၏ ရှေ့တွင် စက်ဝန်းသဏ္ဌာန် အလင်းတန်း များပေါ်ထွက်လာသည်။ ထို့နောက် တဖြည်းဖြည်း ပြန်ကားလာပြီးနောက် ခုနှစ်ရာခန့်ရှိသော လူငယ်များ ဝင်ရောက်စေလိုက်၏။
လူငယ်များသည် အချိန်မဆွဲပဲ ထိုစမ်းသပ်ချက်အစီအရင် အတွင်းသို့ ဝင်ရောက်သွားကြသည်။
ရွှီယင်းအာလည်းအလားတူပင်။ ထိုအစီအရင်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် စိတ်ကို လှည့်စားသည့် ပုံရိပ်များစွာ ထွက်ပေါ်လာ၏။
ထိုပုံရိပ်များသည် သူတို့အား အလိုဆန္ဒ အဆက်မပြတ် လှည့်စားနေသည်။ ထူးဆန်းစွာပင် အရာသာရှိသည့် အစားအသောက်များနှင့် အရက်သေစာများတွင်ပင် ကျရှုံးနေသည့် လူငယ်များ ရှိနေကြ၏။
အချို့လူငယ်များသည် လှပသည့် ရုပ်သွင်၊ အဆင်တန်ဆာများကြောင့် သူတို့၏ ဆန္ဒကိုမထိန်းချုပ်နိုင်တော့ပေ။ အချို့သည်လည်း သာယာနာပျော်ဖွယ်ကောင်းသည့် အသံများ၊ သင်းပျံ့လှသည်ရနံ့များတွင် နစ်မြုပ်နေကြသည်။ ထိုအရာများကို ထိတွေ့လိုသည့် ဆန္ဒများတွင်လည်း ရုန်းထွက်ရန် ခက်ခဲကြ၏။
ဤစမ်းသပ်ချက်တွင် စိတ်ဆန္ဒများ ကင်းကွာနေသည်အထိ မလိုအပ်ပေ။ သို့သော် ကောင်းမွန်စွာ ထိန်းချုပ်နိုင်သူများကို ရည်ရွယ်ထားခြင်းဖြစ်သည်။
လူငယ်အတော်များများသည် စိတ်ကို မထိန်းချုပ်နိုင်သောကြောင့် ထိုနေရာမှ ရုန်းမထွက်နိုင်ကြသေးချေ။
ရွှီယင်းအာသည် ပထမအဆင့်တွင် အချိန်အနည်းငယ်သာ ယူခဲ့ရ၏။ ထို့နောက် သူမသည် ဒုတိယအဆင့်သို့ ချက်ချင်းဝင်ရောက်သွားသည်။
ကျီးဟူကျိလည်း ခဏကြာပြီးချိန်တွင် အောင်မြင်ခဲ့၏။ ထို့နောက် အလားတူ လူငယ်အချို့ ကျော်ဖြတ်လာနိုင်ခဲ့သည်။
သို့သော်ငါးရာဝန်းကျင်ခန့်ရှိသောလူငယ်များသည် ပထမအဆင့်တွင်သာ ပိတ်မိနေခဲ့၏။
“ဒီလိုအစီအရင်က လူငယ်တွေရဲ့ စိတ်ကို စမ်းသပ်ပြီး အားနည်းချက်တွေကို ထောက်ပြနိုင်တာပဲ..”
ကျီထျန်းရှစ်သည် လူငယ်များကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။ ရှီဖန်းကျစ်လည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
လူငယ်နှစ်ရာခန့်သာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။
ဒုတိယအဆင့်သည် ပိုမိုရိုးရှင်း၏။ အခန်းအတွင်းတွင် ‘ဖိနှိပ်ခြင်း’ ဟူသည့် စာလုံးကို တွေ့မြင်လိုက်ရပြီး ထိုစာလုံးမှ ထွက်ပေါ်နေသည့် ဖိအားများကို တွန်းလှန် ရပ်တည်ရုံသာ ဖြစ်သည်။ အချိန်သတ်မှတ်ထားခြင်း မရှိပဲ လုံလောက်သည့် အရည်အချင်း ပြည့်မှီပါက ဝင်ခွင့်ရရှိသွားမည်ဖြစ်၏။
“အု..”
သို့သော် ပထမအဆင့် အောင်မြင်လာသည့် လူငယ်အချို့သည် ထိုဖိအားအောက် ကျရောက်သွားသည်နှင့် တပြိုင်နက် အော်သံပင် မထုတ်နိုင်ခဲ့ချေ။ ချက်ချင်းပင် မေ့မြောသွားကြရ၏။
ချုးယွီဟွာ “...”
ချုးယွီဟွာသည် စွံ့အသွား၏။ သူမ စာလုံးတွင် ထိုသို့အထိ ပြင်းထန်သည့် ဖိအားများ ထည့်သွင်းမထားသည်မှာ ကျိန်းသေသည်။ ဟွမ်းသည် မျက်နှာသေနှင့်သာ ထိုင်နေ၏။
‘ဒါဆို ဘာလို့ တပည့်လက်ခံနေသေးတုန်း..’
ဝမ်မုန့်ယွင်လည်း ပြောစရာစကားပင် ပျောက်ရှနေသည်။ လက်ရှိတွင် ထိုဖိအားကို တောင့်ခံနေသူသည် အယောက်သုံးဆယ်ခန့်သာ ရှိတော့၏။
“စီနီယာတပည့်ဖြစ်လာမဲ့ သူတွေက ပိုပြီး အရည်အချင်းရှိဖို့လိုတယ်..”
ဟွမ်းသည် အမျိုးသမီးနှစ်ဦး၏ အကြည့်များကြောင့် မတက်သာစွာ ဖြေရှင်းချက်ပေးလိုက်ရသည်။
ချုးယွီဟွာ၏ စာလုံးတွင် ဖိအားအနည်းငယ် တိုးမြင့်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လူငယ်များသည် ချက်ချင်းမေ့မြောသွားခဲ့ရသည်။
သို့သော် စက္ကန့်သုံးဆယ်ခန့်သာ ကြာရှည်သည့် အချိန်တွင် ဒုတိယအဆင့် အောင်မြင်သူများ ပေါ်ထွက်လာ၏။
“ဒီလောက် မြန်တာလား..”
“ဘယ်လို စမ်းသပ်ချက်မျိုးမို့လဲ..”
ရင်ပြင်အတွင်းရှိကျင့်ကြံသူများသည် ဇဝေဇဝါဖြစ်ကုန်၏။ လူငယ်အများအပြားသည် ရုတ်ချည်းပင် လဲကျသွားသော်လည်း ရပ်တည်နေနိုင်သည့် လူငယ်အချို့သည် အောင်မြင်ရန် မိနစ်ပိုင်းတွင် မကြာခဲ့ချေ။
ဟွမ်းသည် ထိုအရာကို ကျင့်ကြံသူများအား ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။ ဖိအားကို တွန်းလှန်ခြင်း ဟုဆိုသော်လည်း လူငယ်များ၏ စိတ်ဝိညာဉ်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သူသည် လူငယ်များထံမှ အစွန်းရောက်သည့် မိစ္ဆာစိတ် ရှိမရှိ ကြည့်ရှုခဲ့၏။
အလုံးစုံသန့်စင်သည့် လူငယ်များ မရှိသော်လည်း မိစ္ဆာစိတ် နည်းပါးသူများကို လက်ခံခဲ့သည်။ သို့သော် ရွှီယင်းအာ၏ ထူးခြားချက်ကို တွေ့ရှိခဲ့၏။
ရွှီယင်းအာသည် သူ၏ နုနယ်သည့်မျက်နှာထက်တွင် ချွေးစများတွဲခိုနေ၏။ မကြုံဖူးသည့် ဖိနှိပ်ခြင်းမျိုးကို ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ‘ဖိနှိပ်ခြင်း’ ဆိုသည့် စာလုံးကို ပြန်လည်တွေးတောမြင်ယောင်လာ၏။
ထိုစာလုံးမှ ထွက်ပေါ်လာသည့် ဖိအားများသည် သူမ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖြတ်သန်းသွားသည်ကို သိရှိခဲ့သည်။ စက္ကန့်အနည်းငယ်သာ ကြာလိုက်သော်လည်း သူမသည် နှစ်ပေါင်းသောင်းချီ ဖြတ်သန်းလိုက်ရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၏။
စာလုံးတစ်လုံးမှ ထိုသို့ လုပ်နိုင်စွမ်းရှိသည်ကို သူမသည် မကြုံတွေ့ဖူးချေ။ သူမ၏ ရင်ဘက်သည် နိမ့်ချေမြင့်ချေနှင့် အသက်ရှုသံများ မြန်ဆန်နေသော်လည်း ဟွမ်းရှန့်နန်းတော်၏ ဆန်းကြယ်မှုကို ခံစားမိသည်။
ထို့အချိန်တွင် ဟွမ်းသည် အောင်မြင်သွားသည့် တပည့်များကို ကြည့်ရှုလိုက်၏။ လူငယ် အယောက်နှစ်ဆယ်ကျော်သာ ဝင်ခွင့်ရမည်ဖြစ်သည်။ တိတိကျကျဆိုလျှင် နှစ်ဆယ့်လေးယောက်သာ ရှိ၏။
ကျီးဟူကျိနှင့် ထူယဲ့သည် ဝင်ခွင့်ရရှိသွားသော်လည်း ကျီးရူယိသည် မအောင်မြင်ခဲ့ချေ။ ထို့အပြင် အောင်မြင်သူများတွင် အဆင့်နှစ်ကျင့်ကြံသူ ကျီးရူယိသာ ပါဝင်ခဲ့ပြီး ရွှီယင်းအာမှ အပ ကျန်လူငယ်များသည် အဆင့်တစ်များ ဖြစ်ကြ၏။