မိစ္ဆာသူတော်စင်ကုန်းမြေ
Vol. 15 Ch. 216
“အရှင်..၊ ကောင်းကင်နန်းတော်ကနေ ခွဲထွက်ဖို့ ဆုံးဖြတ်ထားခဲ့တာလား..”
ရွှီယင်းအာသည် ကောင်းကင်တံခါးဂိုဏ်း၏ စောင့်ရှောက်သူကြောင့် သေချာအောင် မေးမြန်းလိုက်၏။ မည်သူမျှ ဟွမ်း၏ အကြောင်းကို သေချာမသိရှိကြသော်လည်း သူမဖခင်၏ ပြောကြားချက်အချို့ကြောင့် အနည်းငယ်သိရှိထားသည်။
သို့သော် သူမအနေနှင့် အဆင့်သုံးကုန်းမြေတွင်သာ ကြီးပျင်းလာခဲ့သောကြောင့် ထိုကိစ္စရပ်များကို အတိအကျ မသိရှိပေ။
“ကောင်းကင်နန်းတော်က ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး..၊ အရင်က ကောင်းကင်နန်းတော်က ကိစ္စတွေ ဖြေရှင်းခဲ့တာက လူတစ်ယောက်ကို အကူအညီပေးရုံသက်သက်ပဲ..”
ဟွမ်းသည် ခေါင်းခါယမ်းကာ ဖြေလိုက်၏။ ဟွမ်းရှန့်နန်းတော် တည်ထောင်ခြင်းသည် ကောင်းကင်နန်းတော်မှ ခွဲထွက်ခဲ့ခြင်းမဟုတ်ပေ။ ထို့နောက် အကျယ်တဝင့်ရှင်းပြခြင်း မပြုတော့ချေ။
ရွှီယင်းအာသည် သူမ သိချင်သည့် အကြောင်းအရာများကို မေးမြန်းပြီးနောက် ထွက်ခွာသွားသည်။
‘အဆင့်နှစ်ကုန်းမြေမှာ အပြောင်းအလဲတွေရှိနေတာလား..’
ဟွမ်းသည် ဖြစ်နိုင်ချေများကို တွေးတောနေ၏။ သူသည် နတ်ဘုရားကုန်းမြေမှ ထွက်ခွာသွားခဲ့သည် နှစ်ပေါင်းသုံးရာအတွင်းတွင် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ဟန်ရှိသည်။ ထူးဆန်းမှုများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေ၏။
‘ငါ အဲ့ဒီနေရာကို ပြန်ပြီး သွားကြည့်သင့်လား..’
သူသည် နတ်ဘုရားကုန်းမြေသို့ ပြန်လည်ရောက်ရှိလာချိန်တွင်လည်း ခရမ်းလမျိုးနွယ်၏ ကိစ္စတွင်သာ စိတ်သောကရောက်နေခဲ့သည်မို့ အခြားကိစ္စများကို ဂရုမပြုမိခဲ့ချေ။
နောက်ရက်များတွင် တပည့်သစ်များသည် ဟွမ်းရှန့်နန်းတော်နှင့် အသားကျလာပြီး ကျင့်ကြံမှုများလည်း ချောမွေ့လာခဲ့သည်။ သူတို့သည် ရှင်သန်ခြင်းဝိညာဉ်နယ်ပယ်ကျင့်စဉ်လည်း အထိုက်အလျောက် နားလည်သဘောပေါက်လာကြ၏။
လုရှင်းယန်တို့သည် လိုအပ်သည့် ဆေးလုံးများ လုံလုံလောက်လောက် ဖော်စပ်ပြီးသည်မို့ ပြန်လည်ကျင့်ကြံနေကြသည်။ ထို့ကြောင့် ဟွမ်းရှန့်နန်းတော်သည် ပြန်လည်တိတ်ဆိတ်သွားပြန်၏။
သို့သော် မြူနှင်းမြို့တော်သည်တော့ ဤရက်များအတွင်း ပို၍ စည်ကားလာခဲ့သည်။ ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများ၏ ကွန်ယက်သည် တဖြည်းဖြည်းလည်ပတ်လာကာ စီးပွားရေးလုပ်ငန်းအချို့လည်းစတင်လုပ်ဆောင်လာကြ၏။
သုံးလခန့် ကြာပြီးနောက်တွင် ဟွမ်းသည် ချုးယွီဟွာတို့အား ကျီယွမ်ကုန်းမြေမှ ရက်အနည်းငယ်ကြာ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားလိုက်၏။
“ကျုပ်..အချိန်အနည်းငယ်လောက်အထိ ဟွမ်းရှန့်နန်းတော်ကို မင်းတို့လက်ထဲထားခဲ့မယ်..”
“အစ်ကို..၊ ဘယ်သွားမလို့လဲ..”
ချုးယွီဟွာသည် အတွေးကြပ်သွားကာ ဆိုလိုက်၏။ ပုံမှန်ဆိုလျှင် ဟွမ်းသည် တိတ်တဆိတ်နေထိုင်ရသည်ကို နှစ်သက်သူဖြစ်သည်။
“တစ်ချို့ကိစ္စတွေ ဖြေရှင်းဖို့လိုအပ်နေတယ်..”
ဟွမ်းသည် ဖြေရှင်းချက်ပေးလိုက်၏။
“မိန်းကလေးရွှီရဲ့ ဖခင်လား..”
မော့ရွှယ်အာ စဉ်းစားဟန်နှင့် မေးလိုက်သည်။ ဟွမ်းသည် ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။ သူ၏ ပုံစံသည် လေးနက်နေဟန်ပေါက်သည်။ သို့သော် မလိုအပ်သေးသောကြောင့် အကြောင်းအရင်းမှန်ကို ထုတ်မပြောခဲ့ချေ။
“အရှင်..၊ စိတ်ချပါ..၊ နန်းတော်ရဲ့ ကိစ္စတွေ ကျွန်မတို့ ဆောင်ရွက်ထားလိုက်ပါ့မယ်..”
ဝမ်မုန့်ယွင်သည် ဟွမ်း၏ အမူအယာကြောင့် အလေးနက် ကတိပေးလိုက်၏။ သူမတို့သည် ရွှီယင်းအာ၏ အကြောင်းကို သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမတို့သည် ဟွမ်းရှန့်နန်းတော်အတွက် တာဝန်ယူလိုက်၏။
ဟွမ်းသည် အသိမှတ်ပြုဟန် ခေါင်းညိတ်လိုက်သည်။ ဟွမ်းရှန့်နန်းတော်သည် ကောင်းမွန်စွာလည်ပတ်နေပြီမို့ စိတ်ပူစရာမလိုချေ။
“အစ်ကို..၊ ဘယ်အချိန် သွားမှာလဲ..”
ချုးယွီဟွာ၏ မျက်ဝန်းများတွင် လှုပ်ရှားနေပြီး ခပ်ယဲ့ယဲ့လေသံနှင့်မေးလိုက်၏။
“အခုပဲ သွားတော့မှာ..”
ဟွမ်းသည် တုံးတိသာ ဖြေလိုက်၏။ ဟွမ်း၏ အဖြေကြောင့် ချုးယွီဟွာ၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ အနားတွင်ရှိသည် ဝမ်မုန့်ယွင်သည်တော့ သက်ပြင်းယဲ့ယဲ့သာ ချလိုက်မိ၏။
ဟွမ်း၏ ထွက်ခွာမှုသည် ဟွမ်းရှန့်နန်းတော်၏ တပည့်သစ်များပင် မသိလိုက်ချေ။ သူသည် တိတ်တဆိတ်နှင့်သာ လေဟာနယ်ကို ခွင်းသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် လေဟာနယ်လမ်းကြောင်းမှ တဆင့် သိပ်သည်းသည့် လေထုအလွှာရှိသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသည် အဆင့်သုံးနှယ်မြေနှင့် အဆင့်နှစ် နယ်မြေကို ခွဲခြားထားသည့် အလွှာပင် ဖြစ်၏။
ထိုအလွှာ၏ ထူထပ်သိပ်သည်းမှုကြောင့် အဆင့်ခြောက်အောက်ရှိ ကျင့်ကြံသူများ အလွယ်တကူ မဝင်ရောက်နိုင်ချေ။ ထို့ကြောင့်ပင် အဆင့်နှစ်နယ်မြေနှင့် အဆင့်သုံးနယ်မြေတို့သည် ကွဲပြားခြားနားနေခြင်းဖြစ်၏။
ဟွမ်းသည် ထိုအလွှာကို ဖြတ်ကျော်ရန်ကြိုးစားလိုက်၏။ သို့သော် သူသည် ထိုအလွှာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။
“ဘယ်လို ဖြစ်တာလဲ..”
ဟွမ်းသည် ထိုအလွှာ၏ ထူးဆန်းစွာ ပြောင်းလဲနေခြင်းကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘယ်လို အကာအကွယ်မျိုး တည်ဆောက်ထားတာလဲ..”
ဟွမ်းသည် ထိုပိတ်ဆို့ထားသည့် အလွှာကို ဖြတ်စီးရန် ကြိုးစားလိုက်၏။ သူ၏ လက်သီးနှင့် ပြင်းထန်စွာ ထိုးနှက်လိုက်သော်လည်း သူ၏လက်သီးသည် လေထုကိုသာ ထိုးခွဲမိသွား၏။
ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ထိုအလွှာကို ထိုးနှက်လိုက်သည်။ သို့သော် သူ၏ စွမ်းအင်များအား စုပ်ယူသွားသည့်အလား ပျောက်ကွယ်သွား၏။
ဟွမ်းသည် ထူးဆန်းမှုကို ခံစားရသွားသည်။ သူသည် မည်သည့်နည်းလမ်းပင် သုံးစေကာမူ အဆင့်နှစ်ကုန်းမြေအတွင်းဝင်ရောက်နိုင်ခြင်းမရှိချေ။ သူသည် ထိုအတားအဆီးတဝှိုက်သို့ လှည့်လည် စစ်ဆေးနေရင်း အချိန်တစ်လခန့်ပင် ကြာမြင့်သွားခဲ့သည်။
‘အဆင့်နှစ်ကုန်းမြေက ဘာဖြစ်သွားခဲ့တာလဲ..’
ထို့နောက် ဟွမ်းသည် အဆင့်နှစ်ကုန်းမြေနှင့် နီးစပ်သည့် ကုန်းမြေတစ်ခုသို့ ဝင်ရောက်လိုက်၏။
ဟွမ်းသည် အဆင့်သုံးကုန်းမြေ၏ မြို့တစ်မြို့ဖြစ်သည့် ကျစ်ချမ်ဟု အမည်ရသည့် မြို့သို့ ဝင်ရောက်လာခဲ့သည်။
“အစ်ကိုလေး ဒီမြို့တော်က မဟုတ်ဘူးမလား..”
မြို့ဝင်စတွင် ချစ်စဖွယ်ကလေးမလေးတစ်ဦးသည် ဟွမ်းထံသို့ လမ်းပြလိုသည့်အလား လာရောက်ကာ စကားစမြည်ပြောနေ၏။
ဟွမ်းသည် မတုန့်ပြန်ပေ။ သူ၏ ဦးတည်ရာသို့ လျှောက်လှမ်းနေသည်။
“ဟီးဟီး..ကျွန်မကို ရှောင်ချင်း လို့ခေါ်လို့ရတယ်၊ အစ်ကိုလေးသိလိုရာ မေးနိုင်တယ်..၊ အဲ့ဒီအတွက် ဝိညာဉ်ကျောက် အချို့ပဲပေး..”
ရှောင်ချင်းသည် သွားဖြဲပြကာ ပြောဆိုလိုက်သည်။ သူမ၏ အသွင်သည် ချစ်စဖွယ်ကောင်းသော်လည်း ညစ်နွမ်း စုတ်ပြဲနေသည့် အဝတ်အစားများကို သာဝတ်ဆင်ထား၏။ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဟွမ်းသည် ခေါင်းခါယမ်းကာဆိုလိုက်သည်။
“ငါ့မှာ ဝိညာဉ်ကျောက် မရှိဘူး..”
ရှောင်ချင်းသည် စွံ့အသွား၏။ ထိုမျှပင် သပ်သပ်ရပ်ရပ်နှင့် ချောမောပြီး သခင်လေးတစ်ဦးအသွင်နှင့် လူငယ်တွင် ဝိညာဉ်ကျောက် မရှိသည်ကို မယုံနိုင်ပင်ဖြစ်နေသည်။ ထို့နောက် သနားသွားဟန်ရကာ ပြောဆိုလိုက်၏။
“အစ်ကိုလေး သိချင်တဲ့ မေးခွန်းတစ်ခုကို အလကား မေးခွင့်ပြုမယ်..”
“ဒီကုန်းမြေရဲ့ အကြီးဆုံး အဖွဲ့အစည်းက ဘယ်နေရမှာရှိတာလဲ..”
ဟွမ်းသည် ရှောင်ချင်း၏ ခွင့်ပြုချက်ကြောင့် မေးမြန်းလိုက်သည်။
သို့သော် ရှောင်ချင်း၏ မျက်နှာတွင် နားမလည်နိုင်သည့် အသွင်ဖြစ်ပေါ်သွား၏။ ထိုမေးခွန်းသည် ခက်ခဲနေခြင်းကြောင့် မဟုတ်ပေ။ ဤကုန်းမြေ၏ အကြောင်းကို အခြားကုန်းမြေများ၏ ကလေးကအစ သိရှိနေသောမေးခွန်းဖြစ်နေ၏။
“အစ်ကိုလေး တကယ်မသိတာလား..၊ ဒီကုန်းမြေက ဘာလဲဆိုတာတောင်မသိတာလား..”
ဟွမ်းသည် ခေါင်းညိတ်ပြလိုက်၏။
‘အသက်ရှင်တဲ့ တစ်လျှောက်လုံး ဘယ်ဂူထဲသွားအောင်းနေတာလဲ..’
ရှောင်ချင်းသည် သူမ၏ စိတ်တွင်းသာမေးခွန်းထုတ်လိုက်ပြီး ဟွမ်းသိရှိလိုသည့် အဖြေကို ထုတ်ဖော်လိုက်သည်။
“ဒီကုန်းမြေကို မိစ္ဆာသူတော်စင်ကုန်းမြေလို့ခေါ်တယ်၊ မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ ကုန်းမြေတစ်ခုပဲလေ..”
“ဒီကုန်းမြေလား..”
ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ သူ၏ မှတ်ဉာဏ်များကို ပြန်လည်မွှေနှောက်လိုက်သည်။ မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲနှင့် တွေ့ဆုံဖူးသည်ကို မေ့လျော့နေသောကြောင့် မဟုတ်ပေ။
အဆင့်နှစ်ကုန်းမြေနှင့် နီးကပ်သည့် ကုန်းမြေများတွင် ထိုသို့ နာမည်ကို မကြားဖူးသောကြောင့်ပင်။
“ဒီကုန်းမြေက အစကတည်းက တည်ရှိတာလား..”
ဟွမ်းသည် ရှုပ်ထွေးသွားသောကြောင့် ထပ်မံမေးမြန်းလိုက်၏။
“အစ်ကိုလေးရဲ့ မေးခွန်းကို တစ်ခုပဲ အလကားဖြေပေးနိုင်မယ်လို့ပြောပြီးပြီလေ..၊ ဒါ့ကြောင့် ဝိညာဉ်ကျောက် မပေးရင် ကျွန်မဖြေမှာ မဟုတ်ဘူး”
ရှောင်ချင်းသည် ချစ်စဖွယ် အမူအယာလေးနှင့် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။ ထိုလူသည် မေးခွန်းတစ်ခုကို ဖြုန်းတီးလိုက်ခြင်းဖြစ်သည်ဟု တွေးလိုက်သည်။ သူမအနေနှင့် မေးခွန်းတစ်ခု အလကား ဖြေပေးလိုက်ခြင်းပင် အလွန်သဘောကောင်းနေပြီဖြစ်၏။ ထပ်မံ၍ ခွင့်မပြုတော့ပေ။
“ဝိညာဉ်ကျောက်အစား ဒီအရာနဲ့ ဆိုရင် ခင်ဗျား ဖြေပေးမလား..”