အနက်ရောင်နယ်မြေ
Vol. 15 Ch. 217
ဟွမ်းသည် ဓားတစ်လက်ကို ထုတ်ပြလိုက်၏။ ထိုဓားသည် သံချေးများတက်နေဟန်ရသော်လည်း ၎င်းမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် နတ်အဆင့်လက်နက်များနှင့် နှိုင်းယှဉ်နေနိုင်သည်။
“အစ်ကိုလေး..၊ ကျွန်မကို ဒီအရာပေးဖို့ ဆုံးဖြတ်ထားတာလား..”
ရှောင်ချင်းသည် ထိုဓားကို ကြည့်ကာ သူမ၏ သေးငယ်သည့် မျက်လုံးလေးများသည် အရောင်လက်လာပြီး အံ့ဩသည့်အသွင်ဖြစ်ပေါ်လာသည်။ ဓားသည် စုတ်ပြတ်သတ်နေဟန်ရသော်လည်း တန်ဖိုးအလွန်ကြီးမားသည်။
သူမ လိုချင်သည်မှာ ဝိညာဉ်ကျောက်အချို့သာဖြစ်၏။ ထိုလူသည် မွဲတေဟန်ရှိသော်လည်း မေးခွန်းအချို့အတွက် ထိုသို့အရာမျိုးနှင့် လဲလှယ်ခြင်းသည်ကို အံ့ဩ၍ မဆုံးနိုင်တော့ပေ။
“မင်း..ဆန္ဒရှိရင်..”
ဟွမ်းသည် ထိုသို့ လက်နက်များ သူ့ထံတွင် ပေါများ၏။ ၎င်းလက်နက်တစ်ခု ပေးလိုက်ရ၍ မည်သို့မျှပင် စိတ်ထဲ မရှိပေ။
ရှောင်ချင်းသည် ထိုဓားကို ခပ်သွက်သွက်ယူလိုက်ကာ ဟွမ်း၏ မေးခွန်းများကို ဖြေဆိုရန် အသင့်ဖြစ်နေ၏။
“ဒီကုန်းမြေက အရင်က မြေရိုင်းနယ်မြေတစ်ခုပဲ..၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်က မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ သခင်မက ဒီကုန်းမြေမှာ အခြေချလာပြီး အဲ့ဒီဂိုဏ်းကို တည်ထောင်ခဲ့တာ..၊ ဒါပေမဲ့ အခြားကုန်းမြေတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုကြုံခဲ့ရတာပဲ..၊ နှစ်နှစ်ရာကျော်အတွင်းမှာ သူမရဲ့ ရက်စက်မှုနဲ့ အစွမ်းထက်မှုကြောင့် အားလုံးကို ဖိနှိပ်နိုင်ပြီး အခုလို အခြေတကျဖြစ်သွားတာပဲ..၊ ဒီနေ့အထိ အနီးအနားကကုန်းမြေတွေက သခင်မကို ရန်မစရဲတော့ဘူး..”
ရှောင်ချင်းသည် မိစ္ဆာသူတော်စင်ဂိုဏ်း၏ သခင်မအကြောင်းပြောပြနေစဉ်တွင် သူမ၏ မျက်ဝန်းတွင် လေးစားမှုများ အပြည့်ရှိနေသည်။
“အဲ့ဒီသူကို ကျုပ်ဘယ်လိုသွားတွေ့ရမလဲ..”
ဟွမ်းသည် ထိုအမျိုးသမီးအကြောင်း စိတ်ဝင်စားသွားကာ တွေ့ဆုံလို၏။ ပြီးနောက် အဆင့်နှစ်ကုန်းမြေ၏ လေဟာနယ်အတားအဆီးအကြောင်း သိရှိချင်နေသည်။ သို့သော် ရှောင်ချင်းသည် သူမ၏ သေးငယ်သည့် ခေါင်းလေးကို တသွင်သွင်ခါယမ်းကာ ဆိုလိုက်၏။
“သခင်မကို တွေ့ဖို့က မလွယ်ဘူး..၊ ပြီးတော့ သူမက နေရာအတည်တကျ နေထိုင်ခြင်းမရှိဘူး..”
“မိစ္ဆာသူတော်စင်ဂိုဏ်းမှာတောင် မနေဘူးလား..၊ ဒါဆို ဘာလို့ ဂိုဏ်းတည်ထောင်ထားသေးတုန်း..”
ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ဂိုဏ်းတစ်ခုတည်ထောင်ထားပြီး လျှောက်သွားနေသည့် ဂိုဏ်းသခင်မျိုး မကြုံတွေ့ဖူးချေ။ သူ၏ စိတ်တွင် နားမလည်နိုင်သည့် အခြေအနေသို့ကျရောက်သွားသည်။ သို့သော် နန်းတော်တစ်ခုတည်ထောင်ထားပြီး လျှောက်သွားနေသည့် နန်းတော်သခင်ဖြစ်သူသည် သူကိုယ်သူမေ့လျော့နေဟန်ရှိ၏။
“မိစ္ဆာသူတော်စင်ဂိုဏ်းဆိုတာ ဒီကုန်းမြေကြီး တစ်ခုလုံးကို ဆိုလိုတာ..အကိုလေးရဲ့..၊ ဒီကုန်းမြေက သခင်မရဲ့ အပိုင်ပဲလေ..”
ရှောင်ချင်း၏ ပြောဆိုမှုကြောင့် ဟွမ်းသည် ပို၍ပင် ရှုပ်ထွေးသွားသည်။ ထိုအရာကို သိသောကြောင့် ရှောင်ချင်းသည် ထပ်မံပြောဆိုလိုက်၏။
“စိတ်မရှုပ်နဲ့..အစ်ကိုလေး..၊ မိစ္ဆာသူတော်စင်ဂိုဏ်းဆိုတာ ဒီကုန်းမြေကို ကာကွယ်ဖို့ ပေးအပ်ထားတဲ့ နာမည်သပ်သပ်ပဲ..”
ရှောင်ချင်းသည် မိစ္ဆာသူတော်စင်ဂိုဏ်း၏သခင်မအကြောင်းရှင်းပြလိုက်၏။ သူမတွင် လက်အောက်ငယ်သား အချို့သာရှိပြီး ဤကုန်းမြေရှိ ကျင့်ကြံသူများကို ကာကွယ်ပေးထားခြင်းဖြစ်သည်။ ထို့အပြင် ဂိုဏ်းနှင့်တူသည့် အဆောက်အဦးနေရာချထားခြင်းလည်းမရှိပေ။ ဂိုဏ်း၏ တပည့်များ ခေါ်ယူထားခြင်းလည်း မရှိချေ။ ဒုက္ခရောက်နေသည့် ကျင့်ကြံသူများကို နေရာပေးကာ စောင့်ရှောက်ထားခြင်းဖြစ်သည်။
“သူမက ကျင့်ကြံသူတွေကို ဘာကြောင့် ကာကွယ်ပေးရတာလဲ..”
ဟွမ်းသည် အချို့တစ်ဝက်ကိုနားလည်သွားပြီး မေးမြန်းလိုက်သည်။ သို့သော် မိစ္ဆာသူတော်စင်ဂိုဏ်းသခင်မသည် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်ကို စိတ်ဝင်စားနေသူဖြစ်၏။ ထို့ကြောင့် ပို၍ ထူးဆန်းနေသည်။
“ဒီကုန်းမြေက ကျင့်ကြံသူတွေက ကုန်းမြေအသီးသီးက နှိမ်ကျတဲ့မျိုးနွယ်တွေဖြစ်ပြီး အနိုင်ကျင့်နှိပ်စက်ခံရသူတွေ ဒုက္ခရောက်နေကြတဲ့သူတွေကို လွတ်လပ်ခွင့်ပေးပြီး အေးအေးချမ်းချမ်းနေနိုင်အောင် စောင့်ရှောက်ထားတာ..”
ရှောင်ချင်းသည် အကျယ်တဝင့်ရှင်းပြလိုက်သည်။
“ဟုတ်လား..”
ဟွမ်းသည် ခေါင်းအသာညိတ်လိုက်၏။ သူစဉ်းစားဟန်ရနေချိန်တွင် ရှောင်ချင်းသည် မေးခွန်းထုတ်လိုက်သည်။
“အစ်ကိုလေးက..၊ ဘာကြောင့် သခင်မကို တွေ့ချင်တာလဲ..”
“မေးခွန်းအချို့ မေးစရာရှိလို့..”
“ကျွန်မကို မေးလေ..၊ ဒီကုန်းမြေနဲ့ ပတ်သတ်တာတွေဆိုကျွန်မအကုန်သိတယ်..”
ရှောင်ချင်းသည် စိတ်အားထက်သန်စွာ ပြောလိုက်၏။ သူမသည် မမောမပန်း ပြောနိုင်သည့်အလားပင်။
“ထားလိုက်တော့..”
ဟွမ်းသည် သက်ပြင်းချကာ ပြောလိုက်၏။ ရှောင်ချင်းသည် နတ်ဘုရားမွေးဖွားခြင်း အဆင့်တွင်သာရှိနေပြီး ကျောက်ဝမ်အာထက် အနည်းငယ် ငယ်ပေဦးမည်။ ထို့ကြောင့် သူမကို လေဟာနယ်အတားအဆီးအကြောင်း မေးလျှင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ ထို့နောက် ဆက်မေးလိုက်၏။
“သူမကို ဘယ်လိုရှာရမလဲ..၊ အဲ့ဒီဂိုဏ်းရဲ့ အကြီးအကဲတွေကိုရော ဘယ်လိုရှာရမလဲ..”
“အကြီးအကဲ လေးယောက်ရှိတယ် ဒါပေမဲ့ သူတို့က နယ်မြေအသီးသီးမှာ ဒုက္ခရောက်သူတွေကို ရှာဖွေကူညီဖို့ ထွက်ခွာသွားကြတယ်..၊ သခင်မကိုတော့ ဘယ်လိုရှာရမလဲဆိုတာ ဘယ်သူမှ မသိဘူး..”
ရှောင်ချင်းသည် တတွတ်တွတ်နှင့် ရှင်းပြနေ၏။
“ဒါဆိုဒီကုန်းမြေက အကာအကွယ်မဲ့နေတာပေါ့..”
ဟွမ်းသည် တိုးလျသည့်လေသံနှင့် သံယောင် ရေရွတ်မိသွား၏။ နားပါးသည့် ရှောင်ချင်းသည် ထိုအသံကိုကြားပြီး ဆက်လက်ပြောဆိုလိုက်သည်။
“သခင်မက အရမ်းအစွမ်းထက်တယ်လေ၊ အရင်က ကောင်းကင်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတောင် အနိုင်ယူဖူးတယ်၊ ဒါ့ကြောင့် အခုချိန်မှာ ဒီကုန်းမြေကို ဘယ်သူမှ အန္တရာယ်မပြုရဲဘူး..”
ဟွမ်း ခေါင်းညိတ်ကာ နားလည်သည့်အမူအယာထုတ်ဖော်လိုက်သည်။ ထိုစဉ်တွင် ရုတ်တရက်အတွေးဝင်လာ၏။ သူ၏ နန်းတော်အား မည်သူမျှ ပြသနာမရှာရဲအောင် ကောင်းကင်တံခါးဂိုဏ်း၏ ဂိုဏ်းချုပ်ကို ရိုက်နှက်လိုက်ရမည်လော..။
သူပေါက်ကရတွေးနေစဉ် ရှောင်ချင်းသည် ထပ်မံဖြည့်စွက်လိုက်၏။
“ဒါပေမဲ့ အနက်ရောင်နယ်မြေမှာ ပေါ်လာလေ့ရှိတယ်လို့ ကြားဖူးတယ်”
“အနက်ရောင်နယ်မြေကဘာလဲ..”
ဟွမ်းသည် ဆက်လက်မေးမြန်းလိုက်သောကြောင့် ရှောင်ချင်းသည် အနည်းငယ်တွေဝေသွားသည့်ဟန်နှင့် ရှင်းပြလိုက်၏။
“အနက်ရောင်နယ်မြေက ဒီကုန်းမြေရဲ့ တားမြစ်နယ်မြေပဲ..၊ သခင်မက အဲ့ဒီနေရာကို ဘယ်သူမှ သွားခွင့်မရှိဘူးလို့ အမိန့်ထုတ်ထားတယ်..၊ ဒါ့ကြောင့် သေချာတော့မသိရဘူး..”
“အဲ့ဒီနေရာမှာရှိတယ်..၊ တောင်တန်းတစ်ခုလုံးအနက်ရောင်အရိပ်တွေနဲ့ ဖုံးလွှမ်းထားတာ..”
ရှောင်ချင်းသည် တောင်တန်းတစ်ခုသို့ ညွှန်ပြကာ ပြောဆိုလိုက်၏။ ဟွမ်းသည် ထိုနေရာသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ရှောင်ချင်းသည် စိုးရိမ်သွားပုံရကာ တားမြစ်လိုက်၏။
“အစ်ကိုလေးမသွားတာကောင်းလိမ့်မယ်ထင်တယ်..၊ အဲ့ဒီနေရာကို ကျင့်ကြံသူအချို့ သွားခဲ့ကြပေမဲ့ ပြန်မလာကြတော့ဘူး၊ အကြီးအကဲတွေပါ စစ်ဆေးဖို့သွားရောက်ခဲ့တယ်၊ ဒါပေမဲ့ သူတို့လဲ ပြန်မလာနိုင်တော့ဘူး..၊ အဲ့ဒါကြောင့် သခင်မကိုယ်တိုင်စစ်ဆေးပြီး တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခဲ့တယ်..”
မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲများသည် အဆင့်ငါးကျင့်ကြံသူနှင့် အဆင့်ခြောက်ကျင့်ကြံသူများဖြစ်နိုင်၏။ ထိုအဆင့်ကျင့်ကြံသူများပင် ပြန်မလာနိုင်ခဲ့ခြင်းသည် တော်ရုံကိစ္စမျိုး မဖြစ်နိုင်ချေ။
ဟွမ်းသည် ရှောင်ချင်းညွှန်ပြသည့် တောင်တန်းကြီးကို ကြည့်လိုက်၏။ ထိုနယ်မြေသည် အဆင့်နှစ် နယ်မြေနှင့် ထိစပ်နေသည့် နေရာပင် ဖြစ်နေသည်။ ထို့ကြောင့် သွားရောက် စစ်ဆေးရန်ဆုံးဖြတ်လိုက်၏။
“အကြောင်းအရင်းသိရဖို့ သွားကြည့်ရလိမ့်မယ်..”
ဟွမ်း၏စကားကြောင့် ရှောင်ချင်းသည် မပျော်မရွှင်ဖြစ်သွား၏။
“အစ်ကိုလေး..၊ ကျစ်ချမ်မြို့မှာ အရင်အနားယူလိုက်ပါ့လား..”
ဟွမ်း၏ အသွင်အရ ယခုမှ မြို့သို့ရောက်ရှိလာသူဖြစ်သည်။ ထို့အပြင် အနက်ရောင်နယ်မြေသို့ သွားလိုနေ၏။ ထို့ကြောင့် ဦးစွာ တည်းခိုစေရန်အကြံပေးလိုက်၏။ သို့မှသာ သူမသည် တည်းခိုရမည့်နေရာများကို ညွှန်ပြပေးနိုင်ရန်ဖြစ်၏။
“မတည်းတော့ဘူး..”
သို့သော် ဟွမ်းသည် ငြင်းပယ်လိုက်၏။ ဤကုန်းမြေနှင့် ပတ်သတ်၍ အကြောင်းအရာအချို့ သိရှိခဲ့ပြီးဖြစ်သည်။ အချိန်ဆွဲနေရန် မလိုတော့ချေ။
ဟွမ်း၏ ငြင်းဆိုမှုများကြောင့် ရှောင်ချင်း၏ မျက်နှာတွင် စိတ်ဓာတ်ကျသွားသည့် အသွင် ဖြစ်ပေါ်သွား၏။ ဟွမ်းပေးအပ်ထားသည့် ဓား၏ တန်ဖိုးသည် မြင့်မားလွန်းနေသည့်အတွက်ကြောင့် သူမသည် တာဝန်ကျေပွန်ချင်နေ၏။
သို့သော် ဟွမ်းသည် ထိုသို့အရာများမလိုအပ်တော့ချေ။ ထို့နောက် ဟွမ်း ထွက်ခွာသွားချိန်တွင် ရှောင်ချင်းသည် နှုတ်ဆက်လိုက်သည်။ ခဏအကြာတွင် သူမ၏ နှုတ်ခမ်းပါးလေးသည် လှုပ်ရှားသွားကာ တီးတိုးရေရွတ်လိုက်၏။ သို့သော် တိုးလျသောကြောင့် မည်သူမျှပင် မကြားနိုင်ချေ။