ရွှမ်းလုံ၏ မူလအသွင်
Vol. 15 Ch. 219
“ဒီနယ်မြေက လီထျန်းဆိုတဲ့ ငါ့ရဲ့ အပိုင်ပဲ၊ ငါ့နယ်မြေကိုလဲ ကျုးကျော်တယ်၊ ငါ့ရဲ့ လက်အောက်ငယ်သားတွေကိုလဲ သတ်ဖြတ်တယ် မင်းကသေဖို့လုံလောက်သွားပြီ..”
အမှောင်ထု အတွင်းမှ အက်ရှရှအသံနှင့်အတူ ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူ ထုတ်ဖော်ထားသည့် အရှိန်အဝါသည် ကျီထျန်းရှစ်ထက်ပင် သန်မာနေ၏။
“အမှောင်စွမ်းအင်တွေ စီးဆင်းနေပေမဲ့ အမှောင်ဝိညာဉ်မရှိတဲ့ ကျင့်ကြံသူ..”
ဟွမ်းသည် ထိုကျင့်ကြံသူကို စစ်ဆေးကြည့်နေရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။ ဟွမ်း၏ ဂရုမစိုက်သည့် အမူအယာကြောင့် လီထျန်းသည် စိတ်တိုသွား၏။
“သတ်ကြစမ်း..”
လီထျန်းသည် သူ၏ နောက်ရှိ ကျင့်ကြံသူနှစ်ဦးကို အမိန့်ပေးလိုက်၏။ ထိုသူများသည် အဆင့်ခြောက်များ ဖြစ်နေပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ လီထျန်း၏ အမိန့်ကို နာခံလိုက်ရကာ ဟွမ်းကို တိုက်ခိုက်လိုက်သည်။
ဟွမ်းသည် သူ့ထံပြေးဝင်လာသည် ကျင့်ကြံသူနှစ်ဦးနှင့် အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် သူ၏ လက်အတွင်း ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ထိုနှစ်ဦး၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပြင်းပြင်းထန်ထန်ရိုက်ချလိုက်၏။
ကျင့်ကြံသူနှစ်ဦးသည် ကာကွယ်ရန်ထက် ဟွမ်းကို တိုက်ခိုက်ရန်သာ ဦးစားပေးနေသောကြောင့် ဟွမ်း၏ ရိုက်ချက်ကို ခံနိုင်ရည် မရှိတော့ချေ။
“ဘန်း..ဘန်း..”
အစောက ကျင့်ကြံသူများနှင့် အလားတူ ဖြစ်သွားတော့သည်။
“မင်း..”
လီထျန်းသည် အဆင့်ခြောက်နှစ်ဦးကိုပင် တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည့် ဟွမ်းကို ကြည့်ကာ အံ့ဩမှုနှင့် အတူ ဒေါသများ ထွက်ပေါ်လာ၏။
“ရွှီး..”
သူသည် စွမ်းအင်များကို စုစည်းကာ ဟွမ်းကို ဦးတည်၍ ပစ်လွှတ်လိုက်သည်။ ထိုမှထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းသည် အလွန်ပင် ကြမ်းတမ်းလွန်းပြီး လေထုပင် တိုက်စားသွားသည့်အလားပင်။ ထိုအပြင် စွမ်းအင်လှိုင်းသည် လျှင်မြန်လွန်း၏။
“ဝုန်း..”
ဟွမ်းသည် တုန့်ဆိုင်းခြင်းမရှိ ရှောင်တိမ်းလိုက်ရ၏။ အဆင့်ငါးကျင့်ကြံသူများနှင့် အဆင့်ခြောက်ကျင့်ကြံသူများသည် ထိန်းချုပ်ထားခံရပြီး ထိုလူသည် ထိန်းချုပ်သူဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ သို့သော် ထိုလူ့တွင် အမှောင်ဝိညာဉ်ရှိမနေချေ။ ထိုအရာက သူ၏ အတွေးအားရှုပ်ထွေးသွားစေ၏။
ထို့နောက် သူ၏ မျက်ဝန်သည် မဆိုသလောက်မှေးကျဉ်းသွားပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
“ဟမ်..”
လီထျန်းသည် ထိုမျှ မြန်ဆန်မှုကို အံ့အားသင့်သွား၏။ သို့သော် သူ၏ ရှေ့တွင် ဟွမ်းသည် ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလို ရိုက်ချလိုက်သည်။
“ဘုန်း..”
လီထျန်းသည် စွမ်းအင်များနှင့် သုံးကာ ကာကွယ်လိုက်သော်လည်း ဟွမ်း၏ တိုက်ခိုက်မှုတွင် ပါဝင်သည့် စွမ်းအားကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။
“မဖြစ်နိုင်တာ..”
လီထျန်းသည် တုန်ယင်နေသည့် လက်နှစ်ဖက်ကို ပြန်ကြည့်နေမိကာ ထိတ်လန့်သွားသည်။ ထိုလူ၏ ခွန်အားသက်သက်နှင့်ပင် သူသည် အရေးနိမ့်နေ၏။ ထို့နောက် သူ၏ မျက်နှာသည် အကျည်းတန်သွားပြီး စွမ်းအင်လှိုင်းများစွာ ဖော်ထုတ်ကာ တရစပ် ပစ်လွှတ်လိုက်သည်။
“ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူစမ်း..”
လီထျန်း၏ စွမ်းအင်လှိုင်းများသည် ဟွမ်းကို ရှောင်တိမ်းခွင့် မပေးလိုသည့်အလား အများအပြား ထွက်ပေါ်လာ၏။
ဟွမ်းသည် ချက်ချင်းဆိုသလို သူ၏ လက်တွင် အနက်ရောင်မီးတောက်များ ဖော်ထုတ်လိုက်ကာ ထိုစွမ်းအင်လှိုင်းများကို တားဆီးလိုက်သည်။
လီထျန်း၏ စွမ်းအင်လှိုင်းများ တိုးဝင်လာမှုကြောင့် တိတ်ဆိတ်နေသည့်နယ်မြေတွင် ‘တဝုန်းဝုန်း’ နှင့် မြည်ဟီးနေတော့၏။
“ဒီတစ်ခါ ဘယ်လို ကာကွယ်နိုင်ဦးမလဲ ကြည့်မယ်..”
လီထျန်းသည် ခနဲ့ပြုံး ပြုံးလိုက်ရင်း ဟွမ်းကို အနားယူခွင့်မပေးချေ။ ကြီးမားလှသည့် စွမ်းအင်လှိုင်းကြီးကို ထုတ်ဖော်ကာ ပစ်လွှတ်လိုက်ပြန်သည်။
ထိုလှိုင်းကြီး၏ စွမ်းအားများကြောင့် လေထုပင် ပျက်ယွင်းလာ၏။
မဟာ နတ်အင်ပါယာပင် ဒဏ်ရာရသွားစေနိုင်သည့် ထိုလှိုင်းကြီးကို မလှုပ်မယှက်ကြည့်နေမိသည်။
လီထျန်း၏ အပြုံးသည် ပိုမိုပီပြင်လာသည်။ ဟွမ်းအနေနှင့် ထိုလှိုင်းလုံးကြီးသည် နီးကပ်လာသောကြောင့် မရှောင်တိမ်းနိုင်တော့ချေ။ ထို့ကြောင့် လီထျန်းသည် ဟွမ်းကာကွယ်ရန် လက်လျော့လိုက်ပြီဟုပင် တွေးမိသွား၏။
သို့သော် ခဏအကြာတွင် သူ၏ အပြုံးသည် အေးခဲသွားသည်။ သူ၏ နှုတ်ခမ်းမှလဲ သံယောင်လိုက်ကာ ရေရွတ်မိသွား၏။
“ဒါက..၊ ဘယ်လို လက်နက်ကြီးလဲ..”
ဟွမ်း၏ လက်ထဲတွင် ဓားတစ်လက်နှင့်ဆင်တူသည့် လက်နက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူထံနီးကပ်လာသည့် စွမ်းအင်လှိုင်းကြီးကို ခုတ်ပိုင်းလိုက်၏။
“ဝုန်း..”
မိုးချုန်းသံအလား ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံသည် အနက်ရောင်နယ်မြေတစ်ခုလုံးဖုံးလွှမ်းသွားသည်။ ပေါက်ကွဲမှုကြောင့် တောင်တန်းကြီးပင် ပျက်ယွင်းသွားကာ အလယ်မှ ပိုင်းဖြတ်ခံလိုက်ရသည့်အလား နှစ်ခြမ်းကွဲသွားတော့၏။
“ချီးတဲ့မှ..”
လီထျန်းသည် ဆဲရေးလိုက်၏။ စွမ်းအင်များမှ တန်ပြန်သက်ရောက်မှုများသည် လီထျန်း၏ ခန္ဓာကိုယ်အား ကိုယ် ဆက်တိုက်ပင် ထိမှန်နေသောကြောင့်ပင်။ သူသည် အမှောင်စွမ်းအင်များနှင့် ကာကွယ်ထားသော်လည်း ဟွမ်း၏ ဓားချက်ကြောင့် စွမ်းအင်များသည် တော်တော်နှင့်ပင် မငြိမ်သတ်နိုင်ဖြစ်နေသည်။
“အဟွတ်..”
လီထျန်းသည် သွေးတစ်လုတ်ပင် အန်ထုတ်လိုက်ရ၏။ သူ၏ ကိုယ်တွင်းသွေးကြောများ ကမောက်ကမနှင့် စီးဆင်းနေသည်ကိုပင် ခံစားလိုက်ရသည်။ သူသည် ဒဏ်ရာအပြင်းထန် ရရှိသွားခြင်းမရှိသော်လည်း စွမ်းအင်လှိုင်း၏ သက်ရောက်မှုကြောင့် ခန္ဓာကိုယ်တွင် နာကျင်မှုများ ပြည့်နှက်နေ၏။ သူသည် ထိုသို့ စွမ်းအားမျိုး မကြုံဖူးခဲ့ချေ။
‘ဘယ်လိုအစွမ်းထက်ဓားမျိုးလဲ..’
လီထျန်းသည် သူ၏ အကြည့်များသည် ဟွမ်း ထုတ်ဖော်လိုက်သည့် လက်နက်ထံ ကျရောက်သွားသည်။
ထူးခြားစွာပင် ထိုဓားတစ်ခုလုံးသည် ကြည်လင်လုနီးပါးဖြူနေပြီး အသွားနှစ်ဖက်သည် ထက်ရှခြင်းမရှိပဲ တုံးတိနေ၏။ ဓား၏ မျက်နှာပြင်သည် လေးလက်မခန့်ကျယ်ပြီး အသွားနှစ်ဖက်သည် တစ်လက်မခန့်ထူနေသည်။ ထို့အပြင် ငါးပေနီးပါး ရှည်လျားနေ၏။ ဓားလက်ကိုင်သာ မပါရှိလျှင် ရှည်လျားသည့် ပေတံတစ်ချောင်းနှင့် ပို၍တူနေပေလိမ့်မည်။ ဓားလက်ကိုင်သည်လည်း နက်မှောင်သည့်နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ရစ်ခွေထားသည့်အလားဖြစ်နေသည်။
အနက်ရောင်လက်ကိုင်နှင့် အဖြူရောင် ပေတံတစ်လက်။ ထိုနှစ်ခုသည် ဆန့်ကျင်ဘက်ဖြစ်နေ၏။
ရုတ်ချည်းပင် ထိုပေတံသည် လှုပ်ရှားသွားပြီး ရွှမ်းလုံ အဖြစ်ပြောင်းလဲသွား၏။ ရွှမ်းလုံသည် အတွန့်တက်သည့်လေသံနှင့် ငြီးတွားလိုက်သည်။
“သခင်ဖြေးဖြေးရိုက်ပါ..၊ ကျုပ် ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေပြီ..”
ဟွမ်းသည် ရွှမ်းလုံ၏ ငြီးတွားမှုကို ဂရုမစိုက်ပေ။ ထိုအကောင်သည် ပေါက်ပန်းလေးဆယ် လျှောက်ပြောနေခြင်းသာဖြစ်၏။ ထို့နောက် လီထျန်းထံဦးတည်လိုက်သည်။ လီထျန်းသည် သူ၏ နာကျင်မှုများကို အံကြိတ်သည်းခံကာ ထရပ်လိုက်၏။
“မင်း ဘယ်သူလဲ..”
“အမှောင်စွမ်းအင်ကို ဘယ်ကရလဲပဲ ဖြေ..”
ဟွမ်းသည် လီထျန်း၏ မေးခွန်းကို လျစ်လျှုရှုကာ သူသိလိုသည့်အကြောင်းကို သာမေးခွန်းထုတ်လိုက်သည်။
“ဟား..ဟား..၊ ငါဖြေမယ်ထင်လို့လား..”
လီထျန်းသည် ပျက်လုံးတစ်ခုကိုကြားလိုက်ရသည့်အလား ဟက်ဟက်ပက်ပက် ရယ်မောကာ ဆိုလိုက်၏။ သူတို့နှစ်ဦး၏ တိုက်ပွဲသည် အနိုင်အရှုံး မပေါ်သေးချေ။
ဟွမ်း၏ ပြင်းထန်သည့် ခွန်အားနှင့် အစွမ်းထက်သည့် ပေတံတို့ ရှိသော်လည်း သူအား ပြင်းပြင်းထန်ထန် ရှုံးနှိမ့်သည်အထိမလုပ်နိုင်သေးပေ။
သို့သော် ဟွမ်း၏ မောက်မာသည့် မေးခွန်းကို ဖြေရန်မလိုချေ။
“မဟာ နတ်အင်ပါယာအဆင့်..၊ ဒါပေမဲ့ နယ်မြေကနေမထွက်ခွာနိုင်ဘူး..”
ဟွမ်းသည် လီထျန်း၏ ရယ်မောခြင်းကို ဂရုမစိုက်ပဲ ခပ်ယဲ့ယဲ့ပြုံးကာ ဆိုလိုက်၏။
“ငါ့ကိုသတ်ဖို့ အဲ့ဒီမိန်းမက လွှတ်လိုက်တာလား..”
လီထျန်း၏ ရယ်မောနေသည့် မျက်နှာသည် ချက်ချင်းရှုံ့မဲ့သွားပြီး အံကြိတ်ကာ မေးလိုက်သည်။ သူ၏ အမူအယာသည် ဒေါသထွက်လာဟန်ရသည်။ ဟွမ်းသည် ထိုကယောင်ကတမ်းပြောနေသည့်ကောင်ကြောင့် မျက်ခုံးများ တွန့်ကွေးသွား၏။ ထို့နောက် ဟွမ်းသည် သူ၏ မျက်နှာအမူအယာကို ပြင်ဆင်လိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းကို ဒီမှာ ချုပ်နှောင်ထားတဲ့သူလား..”
“အဲ့ဒီမိန်းမရဲ့ စွမ်းအားက ငါ့ကို ချုပ်နှောင်နိုင်စွမ်းရှိမယ်ထင်နေလား..”
လီထျန်းသည် ဘဝင်မကျစွာ ပြောဆိုလိုက်၏။ ဟွမ်း၏ စိတ်ရှည်မှုသည် အကန့်အသတ်ရောက်ရှိလာပြီဟု ခံစားလိုက်ရသည်။ ထိုအကောင်သည် စကားများကို ဝေ့လည်ကြောင်ပတ် ပြောဆိုနေသည်။ ထို့ကြောင့် ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့် ပြောဆိုလိုက်၏။
“အကြောင်းစုံပြောမလား..၊ မသေမရှင်ဖြစ်အောင်ရိုက်နှက်ရမလား..”
လီထျန်းသည် ဟွမ်း၏ စကားကြောင့် သူ၏ ဒေါသများသည် တဟုန်ထိုးတိုးထွက်လာတော့သည်။ သူ၏ မျက်နှာသည် ဒေါသအပူမီးများကြောင့် ရဲရဲတောက် နီမြန်းလာ၏။
“မင်းနဲ့ငါက မဟာ နတ်အင်ပါယာချင်းအတူတူပဲ..၊ အစွမ်းထက် လက်နက်ရှိရုံနဲ့ ငါ့ကို အနိုင်..”
“ဘုန်း..”