စုန့်ချင်း
Vol. 15 Ch. 222
ချိုသာသည့် အသံလေးနှင့် အတူ သေးသွယ်သည့် ပုံရိပ်လေးသည် အနက်ရောင်မြေအတွင်းသို့ ရောက်ရှိလာသည်။
“ကောင်းကင်အရှင်သခင်လို့ ခေါ်ရမလား နန်းတော်သခင်လို့ပဲ ခေါ်ရမလား..အစ်ကိုလေး..”
ထိုပုံရိပ်လေးသည် ရှောင်ချင်းပင်။ သူမသည် အပြုံးလေးနှင့်ပြောလိုက်၏။
“မင်းက မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ သခင်မပေါ့..”
ဟွမ်းသည် အနည်းငယ်ပင် အံ့ဩဟန်မရချေ။
“အစ်ကိုလေးက အံ့ဩတဲ့ အမူအယာတောင်မရှိဘူး..”
ရှောင်ချင်းသည် စိတ်ပျက်သွားသည့် အမူအယာလေးနှင့်ဆိုလိုက်၏။
“ငါ့ကို ဒီကိစ္စဖြေရှင်းဖို့ လက်ငှားလိုက်တာပဲ..”
ဟွမ်းသည် သာမန်လေသံနှင့်သာဆိုလိုက်သည်။
“ဟီးဟီး..၊ လက်ငှားတာမဟုတ်ပဲ အကူအညီတောင်းတာပါ..”
ရှောင်ချင်းသည် သွားလေးဖြဲပြကာ အပြုံးလေးနှင့် ပြောလိုက်၏။
“ဒီကိစ္စတွေ ရှင်းပြနိုင်မလား..”
ဟွမ်း၏ စကားသည် တောင်းဆိုသည့်ပုံစံပေါက်နေသော်လည်း လေသံသည် တင်းမာနေ၏။
“အစ်ကိုလေးက မေးမှတော့ ဒီမိန်းကလေးက မရှင်းပြပဲ မနေရဲပါဘူး..”
ရှောင်ချင်းသည် ရိုရိုကျိုးကျိုးပုံစံနှင့်ပြောလိုက်၏။ သို့သော် သူမ၏ အမူအယာသည် သက်တောင့်သက်သာပင်။
“အဲ့ဒီလိုဆိုရင်တော့ ကျွန်မ အကြောင်းက စပြောရလိမ့်မယ်..”
ရှောင်ချင်းသည် စကားဦးသမ်းကာ စတင်ပြောဆိုလိုက်၏။ သူမသည် လွန်ခဲ့သည့် နှစ်နှစ်ရာကျော်ခန့်က ဖိနှိပ်ခံကျင့်ကြံသူများကို ကယ်ဆယ်ကာ ဤကုန်းမြေသို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ဤနေရာတွင် ကာကွယ်မှု မရှိသောကြောင့် အခြားကျင့်ကြံသူများသည် လာရောက်ကျုးကျော်ကာ အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့ကြ၏။
ရှောင်ချင်းသည် စဉ်းစားပြီးနောက် မိစ္ဆာသူတော်စင်ဂိုဏ်းဟူသည် နာမည်နှင့် အုပ်ချုပ်မှုပြုခဲ့သည်။ သို့သော် အခြားနယ်မြေများ၏ အနိုင်ကျင့်မှုကို ခံရဆဲပင်။
ထို့ကြောင့် သူမသည် ညှင်းပန်းနှိက်စက်သည့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့၏။ ထိုသို့နှင့် မိစ္ဆာသူတော်စင်ဂိုဏ်းသည် အဆင့်သုံးကုန်းမြေများတွင် နာမည်ကြီးလာခဲ့သည်။ အင်အားကြီးဂိုဏ်းများပင် ဤကုန်းမြေကို မထိဝံ့တော့ချေ။
ထို့နောက်တွင် အခြားကုန်းမြေများမှ ဒုက္ခရောက်လာ ဝင်ရောက်ခိုလှုံလိုသည့် ကျင့်ကြံသူများသည်လည်း များပြားလာသည်။
ထို့အထဲတွင် လီထျန်းလည်း ပါဝင်ခဲ့၏။ သို့သော် ရှောင်ချင်းသည် လက်မခံခဲ့ချေ။ အကြောင်းအရင်းမှာ သူသည် ဒုက္ခသည် တစ်ဦး မဟုတ်ခဲ့ပေ။
အမျိုးသမီးများစွားကို စော်ကားအနိုင်ကျင့်ခဲ့ပြီး များစွာသောကျင့်ကြံသူများကိုပင် သတ်ဖြတ်ခဲ့သည့် အပြစ်သားတစ်ဦးဖြစ်နေ၏။ ထိုသို့သူမျိုးကို သူမသည် အခြားကုန်းမြေများကို ဆန့်ကျင်ကာ ကာကွယ်မှုပေးမည်မဟုတ်ချေ။
သို့သော် လီထျန်းသည် တောင်းပန်မှုမျိုးစုံနှင့် အတင်းအကြပ်နေလိုခဲ့သည်။ ထို့ကြောင့် သူမသည် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့၏။ သို့သော် အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏ ဗီဇများသည် ပြန်လည်ထွက်ပေါ်လာသည်။ သူ၏ အမူအကျင့်အတိုင်း ပြုလုပ်ရန် ကြံစည်ချိန်တွင် ရှောင်ချင်းသည် ချက်ချင်းရောက်လာပြီး တိုက်ခိုက်ခဲ့၏။
ယခင်က သူမနှင့် ပတ်သတ်မှု မရှိသေးသောကြောင့် သတ်ဖြတ်ရန် အကြောင်းအရင်း မရှိခဲ့ချေ။ သို့သော် လီထျန်းသည် ထိုသို့ကြိုးစားပြီနောက်တွင် သူမသည် သတ်ဖြတ်ရန် အကြောင်းပြချက်ရှိလာပြီဖြစ်သည်။
သို့သော် မထင်မှတ်ထားလောက်အောင်ပင် ညာဏ်ကောင်းလွန်းသည့် လီထျန်းသည် ရှောင်ချင်းလက်မှ ထွက်ပြေးသွား၏။
သူသည် အနက်ရောင်နယ်မြေအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့အတွက်သူမ၏ နောက်လိုက်နှစ်ဦးပင် ဆုံးရှုံးခဲ့ရ၏။
“ဒီအမှောင်စွမ်းအင်တွေက ဘယ်ကလာတာလဲ..”
ဟွမ်းသည် ရှောင်ချင်း၏ ရှင်းပြချက်များကို စိတ်မရှည်တော့သောကြောင့် လိုရင်းကိုသာမေးလိုက်သည်။ ထိုစကားများသည် လီထျန်းပြောခဲ့သည့် အရာများနှင့် ကွဲလွဲနေသော်လည်း ထိုအရာကို ဂရုမစိုက်ချေ။ အဖြစ်မှန်ကိုလည်း စိတ်မဝင်စားပေ။
“အမှောင်စွမ်းအင်နဲ့ ပတ်သတ်ပြီး သေချာမသိဘူး..”
ရှောင်ချင်းသည် တွေဝေစွာပြောလိုက်၏။ သူမ၏ ပုံစံသည် လိမ်နေဟန်မရချေ။
ဟွမ်း “...”
‘မင်းပြောတဲ့အထဲမှာ ငါသိချင်တာ တစ်ခု မှမပါသေးဘူး..’
သို့သော် ရှောင်ချင်းသည် သူမ တွေ့ရှိထားသည့် အရာများကို ပြောပြလိုက်သည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကမှ စပြီး အမှောင်စွမ်းအင်တွေပေါ်လာတာ..၊ ကျွန်မလဲ အနားမကပ်ရဲလို့ အသေအချာ မစစ်ဆေးနိုင်ဘူး..၊ ငါးနှစ်အတွင်း တဖြေးဖြေးနဲ့ ကျယ်ပြန်လာတာ ဒီတောင်တစ်ခုလုံး ဖုံးအုပ်သွားပြီ..”
ဟွမ်းသည် ရှောင်ချင်း မစစ်ဆေးရဲသည်ကိုတော့ နားလည်၏။ အမှောင်စွမ်းအင်များသည် ကျင့်ကြံသူတိုင်း ကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။ ထို့နောက် ဆက်လက် မေးမြန်းလိုက်သည်။
“လီထျန်းဘာလို့ ဒီနယ်မြေထဲက ထွက်ခွာလို့မရတာလဲ..”
“အမှောင်စွမ်းအင်ရဲ့ သဘောအရဆိုရင် အမှောင်ဝိညာဉ်မရှိပဲ အဲ့ဒီစွမ်းအင်တွေကို မကိုင်တွယ်နိုင်ဘူး..လီထျန်းလို ထိန်းချုပ်ခံရသွားမှာ၊ ပြီးတော့ အမှောင်ဝိညာဉ်မရှိတဲ့ ကျင့်ကြံသူတွေက အဲ့ဒီစွမ်းအင်တွေနဲ့ ယှက်နွယ်မိသွားရင်..အမှောင်စွမ်းအင် မရှိတဲ့ နေရာမှာ မနေနိုင်တော့ဘူး..”
ရှောင်ချင်းသည် အသေးစိတ်ရှင်းပြလိုက်၏။ သူမသည် ထိုအရာများနှင့် ရင်းနှီးနေသည့်အလားပင်။
သို့မှသာ ဟွမ်းသည် ထိုသဘောတရားကို နားလည်သွားကာ သူ၏ ရှုပ်ထွေးမှုအချို့ ပြေလျော့လာသည်။
ဟွမ်းသည် ဗဟုသုတကြွယ်ဝသည့် မိန်းကလေးကို ဆက်လက်မေးမြန်းလိုက်သည်။
“ဒါဆို အဆင့်နှစ်ကုန်းမြေက အတားအဆီးအကြောင်းကရော..”
“ကျွန်မသိသလောက်ဆိုရင်တော့..၊ လေဟာနယ်အတားအဆီးပေါ်လာပြီးတဲ့နောက်မှာ အမှောင်စွမ်းအင်တွေက ပေါ်ထွက်လာတာပဲ..”
ရှောင်ချင်းသည် တွေးတွေးဆဆနှင့် ပြောလိုက်၏။
‘လွန်ခဲ့တဲ့ငါးနှစ်ကလား..’
ဟွမ်းသည် ထိုစဉ်က သက်တံ့ရောင်ဒေါင်မျိုးနွယ်၏ မိန်းကလေးကို တွေ့ရှိလိုက်ရသေးသည်။ သူမ၏ ဝိညာဉ်ပုံရိပ်မျှသာ ဖြစ်သော်လည်း အဆင်ပြေသေးဟန်ရ၏။ လက်ရှိအဖြစ်အပျက်များသည် ထို့နောက်ပိုင်းမှ စတင်လာသည့် အလားပင်။
သူ၏ စိတ်တွင် မှန်းဆချက် အချို့ ပေါ်ထွက်လာသည်။ ထို့ကြောင့် ဆက်လက်မေးမြန်းလိုက်၏။
“အဆင့်နှစ်ကုန်းမြေနဲ့ ထိစပ်နေတဲ့ အခြားကုန်းမြေတွေမှာရော အမှောင်စွမ်းအင် ပေါ်လာသေးလား..”
“အခုထိတော့ အမှောင်စွမ်းအင်ပေါ်လာတယ်လို့ သတင်းမထားဖူးသေးဘူး..၊ တစ်ချို့ကုန်းမြေတွေက ကျွန်မကို ဝင်ရောက်ခွင့် ပိတ်ထားတယ်လေ..”
ရှောင်ချင်းသည် ဝမ်းနည်းဟန်နှင့် ဆိုလိုက်၏။
“မင်းမှာ တစ်ခြားသိထားတဲ့ အကြောင်းအရာတွေရှိသေးလား..”
“ကျွန်မ သိသလောက်က ဒါအကုန်ပဲ”
ဟွမ်းသည် အကြောင်းအရာအချို့ကို နားလည်သွားပြီဖြစ်၏။ ထို့နောက် ဟွမ်းသည် ထွက်ခွာသွားတော့မည်ဖြစ်သည်။ သို့သော် မထွက်ခွာခင် ရှောင်ချင်းကို ကြည့်ကာ သတိပေးလိုက်၏။
“မင်းရဲ့ နတ်ဝိညာဉ်က ငါ့တပည့်အပိုင်ဖြစ်သွားပြီ..၊ ဒါကြောင့် ငါနဲ့ ရန်သူ မဖြစ်ချင်ရင် လက်လျှော့လိုက်ဖို့ အကြံပေးတယ်..မိန်းကလေး စုန့်ချင်း..”
“ရှင်..”
ရှောင်ချင်း၏ သေးငယ်သည့် ခန္ဓာကိုယ်လေးသည် တသိမ့်သိမ့် တုန်ယင်သွား၏။ သူမ၏နာမည်ကို သိရှိနေသူ ရှိဦးမည်ဟု မထင်ထားခဲ့ပေ။ သူမ၏ အမည်ကို သိရှိနေသူသည် ဟွမ်းဖြစ်နေသည်ကို ပို၍ပင် မှင်သက်မိသည်။ သူမ၏ ထိတ်လန့်နေမှုကို ရပ်တန့်ကာ မေးမြန်းလိုက်၏။
“ဘယ်လိုသိတာလဲ..”
“အဲ့ဒါတွေက အရေးမကြီးဘူး..၊ မင်းရဲ့ ဒုတိယဘဝကို ကောင်းကောင်းထိန်းသိမ်းထားသင့်တယ်..”
ဟွမ်းသည် ထုတ်ပြောလိုဟန်မရချေ။ သူသည် အတိအကျ သိရှိနေခြင်းမဟုတ်ပဲ ခန့်မှန်းချက်အချို့ကြောင့် အတည်ပြုရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ သူမ၏ တုန့်ပြန်မှုကြောင့် သေချာသွားခဲ့၏။
အတိတ်က စုန့်ချင်းဟူသည့် နတ်ဝိညာဉ်ပိုင်ဆိုင်ခဲ့သည့် မိန်းကလေးသည် အလွန်ပင် ရိုးသားပြီး ကြင်နာတက်၏။ သူမသည် ဒုက္ခရောက်သူများကို အကူအညီပေးတက်ကာ ထိုသို့နှင့်ပင် သူမကိုယ်တိုင် ဒုက္ခရောက်ကာ သတ်ဖြတ်ခံခဲ့ရသည်။
ထို့အပြင် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်နှင့် မွေးဖွားလာမှုသည် ကျီယွမ်ကုန်းမြေ၏ ထိပ်သီးကျင့်ကြံသူများပင် မသိရှိခဲ့သော်လည်း မိစ္ဆာသူတော်စင်ဂိုဏ်းသည် သိရှိနေခဲ့၏။
ထို့အပြင် အမှောင်ဝိညာဉ်နှင့် ပတ်သတ်ပြီး အတော်အသင့်သိရှိနေပြီး အဆင့်သုံးကုန်းမြေများတွင် သူ၏ အတိတ်က ဂုဏ်ပုဒ်ကို သိရှိသူ မရှိသော်လည်း သူမ သိနေခဲ့သည်။ ထိုအရာများနှင့် မသေချာသော်လည်း သူမသည် ကျောက်ဝမ်အာကို ခေါ်ယူချင်ခဲ့သောကြောင့် သတိပေးသည့် အနေနှင့် အတည်ပြုကြည့်ရန် ဆုံးဖြတ်ခဲ့ရုံသာဖြစ်၏။
စုန့်ချင်းသည် နတ်ဝိညာဉ်ကိုဖျတ်စီးကာ သူမ၏ စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းစေခဲ့၏။ မည်သို့ ပြန်လည်မွေးဖွားလာနိုင်မှန်း မသိချေ။ သို့သော် ထိုအရာများကို မေးမြန်းချင်းမရှိပေ။
ဟွမ်း၏ အဓိကရည်ရွယ်ချက်သည် ကျောက်ဝမ်အာအတွက် သတိပေးလိုခြင်းဖြစ်သည်။
“ကောင်းကင်အရှင်သခင်..၊ ကျွန်မက နတ်ဝိညာဉ်ကို ပြန်ယူလိုစိတ်မရှိပါဘူး..၊ အဲ့ဒီတုန်းက သူမကို ခေါ်ဆောင်ခိုင်းတဲ့ အကြောင်းအရင်းကလဲ ကျွန်မလိုအဖြစ်အပျက် ဖြစ်လာမှာစိုးလို့ ကာကွယ်ပေးချင်ယုံပါ..၊ ဒါပေမဲ့ သူမရဲ့ ဆရာက အရှင် ဆိုတာသိရှိပြီး စိတ်အေးသွားခဲ့ပါတယ်..”