← Chapters

စိတ်မရှည်တော့ဘူး

Vol. 15 Ch. 225

စိတ်မရှည်တော့ဘူး

Vol. 15 Ch. 225

ဖန့်ဟယ်သည် ရုတ်ချည်းဆိုသလို မီးစွမ်းအင်စက်လုံးများ ပစ်လွှတ်လိုက်၏။ သူသည် မည်သည့်အရာမျှပင် ဂရုမစိုက်တော့ချေ။ စုန့်ချင်းကို သတ်ဖြတ်ချင်စိတ်သာလွှမ်းမိုးနေ၏။

စုန့်ချင်းသည် မီးစွမ်းအင်စက်လုံးများကို မြင်လိုက်ရပြီးနောက် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူမ၏ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ပြီး စွမ်းအင်များ စီးဆင်းစေလိုက်ကာ ထိုမီးစွမ်းအင်စက်လုံးများကို တားဆီးလေ၏။

“ဝုန်း..ဝုန်း..”

သံလိုက်အိမ်မြှောင်သည် ဒိုင်းတစ်ခုသဖွယ် ဖြစ်တည်သွားပြီး မီးစွမ်းအင်စက်လုံးများသည် ထိုးဖောက်နိုင်စွမ်း မရှိတော့ပေ။

ထို့နောက် သူမသည် လက်သင်္ကေတပြုလုပ်လေ၏။ ထိုအချိန်တွင် သံလိုက်အိမ်မြှောင်သည် လင်းလက်လာပြီး သံလိုက်အိမ်မြှောင်တွင်ရှိသည့် သင်္ကေတများသည် နာရီလက်တံအတိုင်းလည်ပတ်လာ၏။

“သွားစမ်း..”

စုန့်ချင်းသည် ခက်ထန်သည့် အမိန့်ပေးသံ ပြုလိုက်၏။ ထိုအခါ သံလိုက်အိမ်မြှောင်အတွင်းမှ လခြမ်းကွေးသဏ္ဌာန် စွမ်းအင်များသည် အဆက်မပြတ် ပေါ်ထွက်လာပြီး ဖန့်ဟယ်ထံ ဦးတည်သွားလေသည်။

ထိုအချင်းအရာကြောင့် ဖန့်ဟယ်၏ မျက်ဝန်းများပြူးကျယ်သွားသည်။

ချက်ချင်းဆိုသည်လို စွမ်းအင်လှိုင်း ထုတ်ဖော်ကာ ကာကွယ်လိုက်၏။ သူသည် အဆင့်ခြောက်ကျင့်ကြံသူတစ်ဦးနှင့်အညီ ထုတ်ဖော်ထားသည့် အကာအကွယ်သည် အလွန်ပင် မာကျောလွန်းသည်။

“ရွှီး..၊ ရွှီး..”

“ဝုန်း..ဝုန်း..”

လခြမ်းသဏ္ဌာန်စွမ်းအင်များသည် ဆက်တိုက်ဆိုသလို ဖန့်ဟယ်၏ အကာအကွယ်ကို ထိမှန်နေသည်။

ဖန့်ဟယ်သည် အံကြိတ်ကာ တောင့်ခံထားရ၏။ သို့သော် မှန်တစ်ချပ် ကျကွဲသံနှင့် ဆင်တူသည့် အသံများသည် ဆက်တိုက်ပင် ထွက်ပေါ်လာသည်။

“ခရက်..”

“ခလွမ်း..”

သူ၏ အကာအကွယ်သည် အက်ကြောင်းများစွာ ထင်ဟပ်လာပြီး ခဏအကြာတွင် သူ၏ အကာအကွယ်တစ်ခုလုံးပျက်စီးသွားတော့သည်။

ဖန့်ဟယ်သည် ချက်ချင်းပင် သူ၏ စိတ်အတွင်း အန္တရာယ်ဟူသည် သတိပေးချက်သည် ထွက်ပေါ်လာ၏။

ထို့အပြင် သူ၏ အကာအကွယ်သည် ကွဲကြေသွားသည်မို့ ကျန်ရှိနေသည့် လခြမ်းကွေးသဏ္ဌာန် စွမ်းအင်များကို မခုခံနိုင်တော့ပေ။

“ဝုန်း..”

ဖန့်ဟယ်၏ အနီးတစ်ဝှိုက်တွင် သဲနှင့်ဖုန်များ မွန်ထူသွား၏။

“မိန်းကလေး..၊ မင်းက အရင်လို ရက်စက်နေတုန်းပဲ..”

အိုမင်းသည့် စကားသံနှင့်အတူ ဖန်ဟယ်၏ ရှေ့တွင် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီး စုန့်ချင်း၏ တိုက်ခိုက်မှုများကို တားဆီးပေးခဲ့ခြင်းဖြစ်သည်။

“ကောင်းကင်တံခါးဂိုဏ်းချုပ် ချုံးမင်..၊ ရှင့်ရဲ့ နောက်လိုက်ခွေးတွေကို သေချာဆုံးမ ထားသင့်တယ်..”

စုန့်ချင်းသည် ထိုအဘိုးအိုကို ကြည့်ကာ သတိပေးစကားဆိုလိုက်၏။

“မိစ္ဆာမ..၊ မင်း စည်းလွတ်ဝါးလွတ်ဖြစ်နေပြီ..”

ထိုအဘိုးအိုနှင့် အတူပါလာသည့် ကျင့်ကြံသူသည် ဒေါသတကြီးပြောဆိုလိုက်၏။ ထိုသူသည် ချန်းလုံ ဖြစ်ပြီး ဖန့်ဟယ်နှင့် အတူ ကောင်းကင်တံခါးဂိုဏ်း၏ စောင့်ရှောက်သူများဖြစ်ကြသည်။

ကောင်းကင်တံခါးဂိုဏ်းတွင် စောင့်ရှောက်သူ လေးဦးရှိပြီး စောင့်ရှောက်သူချန်းအပါအဝင် ယွမ်ကုဆိုသည့် စောင့်ရှောက်သူတစ်ဦးရှိနေသေး၏။ ယခုတွင် ချုံးမင်နှင့်အတူ ချန်းလုံနှင့် ဖန့်ဟယ်တို့ နှစ်ဦးသာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မဟာ နတ်အင်ပါယာအဆင့် အကြီးကဲနှစ်ဦးလည်းရှိသေး၏။ ကောင်းကင်တံခါးဂိုဏ်း၏ အင်အားသည် အခြားကုန်းမြေရှိ အင်အားစုများထက်ပင် သာလွန်နေသည်။

“အဲ့ဒီတံဆိပ်တွေသာ မသုံးခဲ့ရင် ရှင်တို့ အခုချိန်ထိ ဒီနေရာမှာ ရပ်နေနိုင်မယ်ထင်လို့လား..”

စုန့်ချင်းသည် မောက်မာစွာပင်ပြောဆိုလိုက်၏။ သို့သော် သူမတွင် ထိုသို့ မောက်မာနိုင်စွမ်းရှိနေသည်။

သူမသည် ယခင်က ထိုသူများနှင့် ဆက်ဆံရေးသည် အဆင်ပြေသေး၏။ ချုံးမင်ကိုယ်တိုင် သူမအား ဂိုဏ်း၏ အသိမှတ်ပြုတံဆိပ် ပြုလုပ်ပေးခဲ့သည်။

သို့သော် စုန့်ချင်းသည် ကောင်းကင်တံခါးဂိုဏ်း၏ လက်အောက်တွင် ရှိသည့် နယ်မြေတစ်ခုကို ဖျတ်ဆီးခဲ့ရာမှ စတင်ခဲ့တော့၏။

ထိုစဉ်က ကောင်းကင်တံခါးဂိုဏ်း၏ လက်အောက်ရှိ သတ္တုရိုင်းကျောက်မိုင်းတွင်းများနှင့် နယ်မြေတစ်ခုရှိသည်။ ထိုနေရာတွင် လုပ်သားများရှိပြီး ဖိနှိပ်ခံရမှုရှိသည်မှာ မထူးဆန်းပေ။

ထိုသို့ကိစ္စများကို သူမသည် ဝင်ရောက် မစွက်ဖက်ခဲ့ချေ။ ထိုအရာများအထိသာ လိုက်လံ အကူအညီပေးပါက သူမသည် အဖွဲ့အစည်းများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့် နောက်ပိုင်းတွင် သူမသည် လာရောက်ခိုလှုံသူများကိုသာ အကာအကွယ်ပေးခဲ့သည်။

သို့သော် ထိုမိုင်းတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဖိနှိပ်ခံ ကျင့်ကြံသူအချို့သည် သူမ၏ နယ်မြေတွင် လာရောက်ခိုလှုံခဲ့ကြသည်။

ထို့နောက်သူတို့သည် ထိုနေရာ၏ အဖြစ်အပျက်များကို ရှင်းပြကာ အကူအညီတောင်းဆိုခဲ့ကြ၏။

သူမသည် အကူအညီပေးရန် တွေဝေသွားသော်လည်း သတ္တုမိုင်းတွင်းနှင့် ပတ်သတ်သည့် ကိစ္စများကို သူမကိုယ်တိုင်သွားရောက်ကာ စုံစမ်းမှုပြုခဲ့သည်။

သို့မှသာ ထိုနေရာ၏ ရက်စက်ကြမ်းကြုတ်မှုကို တွေ့ရှိခဲ့သည်။ သတ္တုမိုင်းတွင်းတွင် ကလေးငယ်များကိုပင် အလွတ်မပေးပဲ ခိုင်းစေမှုပြုနေကြ၏။

ထို့အပြင် ကလေးငယ်များသည် သတ္တုဆိပ်များသင့်ကာ ခန္ဓာကိုယ်များပင် ယို့ယွင်းနေ၏။ သို့သော် ထိုချိနဲ့နေသည့် ခန္ဓာကိုယ်လေးများနှင့်ပင် အနားယူခွင့်မရချေ။

ရက်ရက်စက်စက် ရိုက်နှက်မှုခံနေရပုံများသည် သူမ၏ ဒေါသကို မထိမ်းသိမ်းနိုင်တော့သည့်အထိဖြစ်လာခဲ့သည်။ ယခင်ဘဝကဆိုလျှင် ထိုလူများအား အသက်ရှင်ရန် အခွင့်အရေးပေးမိလိမ့်မည်ဖြစ်ပြီး ယခုတွင်တော့ သူမတွင် ပြတ်သားမှု အချို့ရှိလာခဲ့၏။

ထို့ကြောင့် သတ္တုမိုင်းတွင်းရှိ တာဝန်ရှိသူများကို သတ်ဖြတ်ပစ်ကာ လုပ်သားများနှင့် ကလေးငယ်များကို ကယ်တင်မှုပြုခဲ့သည်။

သို့သော် ထိုအချိန်တွင် ဖန့်ဟယ်နှင့် ချန်းလုံတို့သည် ရောက်ရှိလာပြီး သူမ၏ လုပ်ရပ်များကို တားဆီးခဲ့၏။

ထို့ကြောင့် သူမနှင့် အချေအတင်ဖြစ်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သူမ၏ ခွန်အားကို ထိုနှစ်ဦးသည် မလွန်ဆန်နိုင်သောကြောင့် တံဆိပ်တော်များကို ထုတ်သုံးခဲ့ကြရ၏။

သူတို့သည် ရုတ်ချည်း မဟာ နတ်အင်ပါယာ အဆင့်စွမ်းအားများရရှိသွားသော်လည်း စုန့်ချင်းကို ပြင်းပြင်းထန်ထန် မဖိနှိပ်နိုင်ခဲ့ချေ။

ထို့အပြင် ဖန့်ဟယ်၏ လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့လိုက်ရပြီး ထိုနှစ်ဦးသည် အသည်းအသန် ထွက်ပြေးခဲ့ရသည်။ ထို့ကြောင့် သူတို့၏ စုန့်ချင်းအပေါ်တွင်ထားရှိသည့် အမုန်းတရားသည် ကျေလည်နိုင်ခြင်း မရှိပေ။

သို့သော် စုန့်ချင်းသည် ထိုမျှနှင့် မရပ်တန့်ခဲ့ပေ။ သူမသည် သတ္တုရိုင်းနယ်မြေကိုပင် ဖောက်ခွဲဖျတ်စီးပစ်ခဲ့သည်။

ထိုအရာက ဂိုဏ်းချုပ် ချုံးမင်ကိုပါ ဒေါသထွက်စေခဲ့သည်။ ထိုနယ်မြေသည် သူတို့နှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသော်လည်း သူ၏ လက်အောက်ခံနယ်မြေဖြစ်၏။ ထို့အတွက် မဖြေရှင်းနိုင်ပါက အခြားလက်အောက်ခံကုန်းမြေများတွင် ယုံကြည်မှုကင်းမဲ့ လာမည်ဖြစ်သည်။

ထို့ကြောင့် စုန့်ချင်းကို အရေးယူရန် ဆောင်ရွက်ခဲ့သည်။ စုန်ချင်းသည် လက်မခံသည့်အပြင် ပြန်လည် တိုက်ခိုက်မှုကြောင့် ချုံးမင်ပင် မထိန်းနိုင်တော့ချေ။ မည်သို့မျှ အရေးယူ၍ မရသည့်အဆုံး သူ၏ လက်အောက်ခံ ကုန်းမြေများတွင် မိစ္ဆာသူတော်စင်ကုန်းမြေကို ရန်သူအဖြစ်ကြေငြာခဲ့သည်။

ထိုသို့ ကြေငြာပြီးသည်နှင့် အခြားကုန်းမြေများသည် မိစ္ဆာသူတော်စင်ကုန်းမြေကို ဖိနှိပ်တိုက်ခိုက်မှုများ လုပ်ခဲ့ကြသည်။ သို့သော် စုန်ချင်း၏ စွမ်းအားကြောင့် သူတို့သာ အထိအခိုက်များပြားကုန်ကြ၏။

နောက်ပိုင်းတွင် ကုန်းမြေများအကြားတွင် မိစ္ဆာသူတော်စင်ကုန်းမြေသည် မကောင်းဆိုးဝါးဆန်သည့် ကုန်းမြေတစ်ခုအဖြစ် ကျော်ကြားလာတော့သည်။

လက်ရှိတွင် ချန်းလုံသည် စုန့်ချင်း၏ စကားများကြောင့် ရှက်ရွံ့သွား၏။ သို့သော် ရှက်ရွံ့မှုကို ဒေါသများနှင့်ဖုံးကွယ်ကာ ဖန့်ဟယ် ရိုက်နှက်ခံရသည်ကို အကြောင်းပြုကာ မေးခွန်းထုတ်လိုက်သည်။

“မင်း..၊ ဒီနေရာကို သောင်းကျန်းချင်တိုင်း သောင်းကျန်းနေရအောင် မင်းရဲ့ မိစ္ဆာသူတော်စင်ကုန်းမြေလို့ထင်နေလား..”

“ဘုန်း..”

ရုတ်တရက်ဆန်သည့် ရိုက်နှက်သံကြောင့် ချုံးမင်ကိုယ်တိုင်ပင် မှင်သက်သွား၏။

အာကျယ်အာကျယ်လုပ်နေသည့် ချန်းလုံသည် အကွာအဝေးတစ်ခုအထိ လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်ပင် လှုပ်ရှားမှု မရှိတော့ချေ။

“မင်း..၊ သေချင်နေပြီလား..”

ချုံးမင်သည် ထိုလုပ်ကို ပြုလိုက်သည့် ဟွမ်းကို ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ သူ၏ ခန္ဓာကိုယ်သည် ဒေါသကြောင့်တုန်ယင်နေသည်။ ယနေ့တွင် သူတို့၏ ကောင်းကင်တံခါးဂိုဏ်းသည် စော်ကားခံရမှုများစွာ ကြုံတွေ့နေရ၏။

“ရှောင်ချင်း..၊ ဒီလူတွေက မင်းရဲ့ ရန်သူဆိုရင် ဘယ်တော့မှ မသက်ညှာနဲ့..”

ဟွမ်းသည် ထိုအဘိုးအိုအား ဂရုစိုက်ခြင်းပင် မရှိပဲ စုန့်ချင်းကို ကြည့်ကာ သူ၏ လက်စွဲစကားကို ပြောဆိုလိုက်သည်။

All Chapters