ကြက်သွေးရောင်သံလိုက်အိမ်မြှောင်
Vol. 15 Ch. 223
စုန့်ချင်းသည် အကျိုးအကြောင်းရှင်းပြလိုက်သည်။ သူမ၏ လေသံသည် အနည်းငယ်တုန်ယင်နေ၏။ အစောပိုင်းက ဟွမ်းကို ပေါ့ပေါ့ပါးပါးနှင့် ပြောဆိုနေ ကလေးမလေးနှင့် မည်သို့မျှ မသက်ဆိုင်တော့သည့်အလားပင်။
သူမသည် အတိတ်က အကြောင်းအရာများကို ပြန်လည်မြင်ယောင်လာသည်။
စုန့်ချင်းသည် နတ်ဝိညာဉ်ကြောင့် အသက်ငယ်ငယ်နှင့်ပင် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဖြစ်လာခဲ့၏။
ထို့အပြင် သူမ၏ ရိုးသားကြင်နာမှုကြောင့် အဆင့်နှစ်နယ်မြေတွင် လူတိုင်း၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရသည်။
သို့သော် ထိုကြင်နာမှုကို အခွင့်ကောင်းယူကာ မျိုးနွယ်အချို့သည် ပူးပေါင်း၍ သူမ၏ နတ်ဝိညာဉ်ကို လုယူရန်ကြိုးစားခဲ့ကြသည်။
သူမသည် ထိုမျိုးနွယ်များ၏ ထောင်ချောက်အတွင်းသို့ ကျဆင်းသွားခဲ့ရပြီး အကူအညီမဲ့မှုကို ခံစားခဲ့ရ၏။
မလွတ်မြောက်နိုင်တော့သည့် လမ်းအဆုံးတွင် သူမသည် ဝိညာဉ်ကို အတင်းအကြပ်လောင်ကျွမ်းစေကာ နတ်ဝိညာဉ်ဖျတ်ဆီးရန်ကြိုးစားခဲ့သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် ပျက်စီးကာ သေဆုံးသွားသော်လည်း နတ်ဝိညာဉ်သည် သူမ၏ ဝိညာဉ်ကို ထူးဆန်းသည့်နည်းလမ်းနှင့် ထိန်းသိမ်းပေးခဲ့၏။
သို့သော် သူမ၏ ဝိညာဉ်သည် အလွန်ပင် နွမ်းနယ်နေသောကြောင့် အိပ်မောကျသည့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ဟွမ်းသည် သူမ၏ နာမည်ကို သိရှိနေမည်ဟု မထင်ထားခဲ့ချေ။ သူမသည် မည်မျှပင် ပါရမီရှိပါစေ ဟွမ်း၏ အမြင်အာရုံအတွင်း ရောက်ရှိမည်မဟုတ်ဟု သိရှိထားခဲ့သည်။ သူမနှင့် ဝေးကွာလွန်း၏။
ထို့အပြင် ဟွမ်း၏ သတင်းများသာ ကြားဖူးပြီး အဝေးမှသာ မြင်တွေ့ဖူးသော်လည်း ရင်းနှီးသည့် ဆက်ဆံရေး မရှိခဲ့ပေ။ သူမသည် ရင်းနှီးလိုသည့် စိတ်ရှိသော်လည်း ထိုစဉ်က အစွမ်းအစမရှိဟု ခံစားမိခဲ့သည်။
သူမ၏ အိမ်မက်သည် ဟွမ်းကဲ့သို့ အစွမ်းထက်သူတစ်ဦးဖြစ်ချင်ခဲ့ခြင်းပင်။ သို့သော် ထိုအိမ်မက်သည့် မကြာရှည်ခဲ့ပေ။
စုန့်ချင်း သတိရလာချိန်တွင် ရှောင်ချင်း၏ ခန္ဓာကိုယ်တွင် နိုးထလာသည်ကို သိရှိခဲ့ရသည်။ သူမ၏ နတ်ဝိညာဉ် မရှိတော့သော်လည်း အကောင်းဘက်မှတွေးကာ အသက်ရှင်နေသေးသည်ကိုပင်ကျေးဇူးတင်မိ၏။
သူမ၏ သနားကြင်နာတက်သည့် ဗီဇသည် ပြောင်းလဲ၍ မရသော်လည်း ယခင်ကကဲ့သို့ အာလုံးအပေါ်တွင် သဘောမကောင်းတော့ချေ။
ကျောက်ဝမ်အာ မွေးဖွားလာချိန်တွင် နတ်ဝိညာဉ်သည် အားနည်းနေဟန်ရှိသောကြောင့် သူမသတိမထားမိခဲ့ပေ။
ထို့နောက် ကျောက်ဝမ်အာကို ခေါ်ဆောင်ခိုင်းလိုက်ချိန်တွင် ကျောင်းရုံသည် ဒဏ်ရာအပြင်းအထန်နှင့်သာ ပြန်လာခဲ့ရ၏။
ကျောင်းရုံသည် အဖြစ်အပျက်များကို ရှင်းပြပြီးနောက် ဟွမ်းရှန့်နန်းတော်သခင်ဖြစ်သူကို သူမသည် တိတ်တဆိတ် စုံစမ်းခဲ့သည်။
ထိုသူသည် ဟွမ်းဖြစ်နေသည်ကို သိလိုက်ရပြီးနောက်တွင် သူမသည် ကျောက်ဝမ်အာအတွက် စိုးရိမ်ခြင်းမရှိတော့ပေ။
“အဲ့ဒီဂုဏ်ပုဒ်နဲ့ ငါနဲ့ မသက်ဆိုင်တော့ဘူး..၊ အခုချိန်မှာ ဟွမ်းရှန့်နန်းတော်သခင်ပဲ..”
ဟွမ်းသည် သူမ၏ ပြောင်းလဲ သွားသည့် အခေါ်အဝေါ်ကို ပြင်ဆင်ပေးလိုက်၏။ ထို့နောက် စုန့်ချင်းကိုသတိပေးလိုက်သည်။
“ဒီကုန်းမြေမှာ ကြာကြာ မနေသင့်တော့ဘူး..၊ အဆင့်သုံးနယ်မြေတွေမှာ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မယ်..”
“အမှောင်စွမ်းအင်တွေကြောင့်လား..”
စုန့်ချင်း၏ မျက်နှာတွင် လေးနက်သည့် အမူအယာ ဖြစ်ပေါ်လာသည်။ သို့သော် ကလေးမလေးအရွယ်နှင့် လေးနက်သည့်မျက်နှာလေးသည့် မလိုက်ဖက်အောင်ပင် ချစ်စဖွယ်ကောင်းနေ၏။
ဟွမ်းသည် ခေါင်းကို အသာညိတ်ပြကာ အတည်ပြုပေးလိုက်၏။ အမှောင်စွမ်းအင်များ ယခုကဲ့သို့ ပေါ်ပေါက်လာခြင်းကို မကြုံတွေ့ဖူးသေးချေ။
စုန့်ချင်းသည် ဟွမ်း၏ ခန့်မှန်းချက်ကို လျစ်လျုမရှုရဲချေ။
“အချိန်ဘယ်လောက်ရသေးလဲ..”
“အတိအကျတော့ မပြောနိုင်ဘူး..၊ နှစ်တစ်ရာ အတွင်းပဲ..”
ဟွမ်းသည် သူ၏ မှန်းဆချက်ကို ပြောဆိုလိုက်သည်။
“အစ်ကိုလေး..၊ ကျီယွမ်ကုန်းမြေကို ပြန်တော့မှာလား..”
စုန့်ချင်းသည် ဟွမ်းထွက်ခွာတော့မည်ကို သိရှိသောကြောင့် မေးမြန်းလိုက်၏။
“မဟုတ်ဘူး..၊ နတ်နန်းမြို့တော်ကိုသွားမှာ..”
“အဆင့်နှစ်ကုန်းမြေနဲ့ ချိတ်ဆက်ထားတဲ့ မြို့ကြီးလား..”
စုန်ချင်းသည် အမှတ်ရသွားဟန်နှင့်ပြောလိုက်၏။ နတ်နန်းမြို့တော်သည်မြို့ဟုသာ ဆိုသော်လည်း နယ်မြေတစ်ခုစာလောက်ကျယ်ဝန်းသည်။ ထို့အပြင် အဆင့်နိမ့်ကျင့်ကြံသူများ အလွယ်တကူ ဝင်ရောက်နိုင်စွမ်းမရှိသည့် မြို့ဖြစ်၏။
“အစ်ကိုလေး..၊ နတ်နန်းမြို့တော်ကိုသွားဖို့ဆိုရင် ကုန်းမြေတွေ အများကြီး ဖြတ်သန်းရမှာ..၊ အဆင့်မြင့် လေဟာနယ်ဖြတ်သန်းနိုင်တဲ့ရတနာ မရှိရင် အချိန်တွေ ကြာလိမ့်မယ်..”
“အဆင့်နှစ်ကုန်းမြေကို ဝင်ရောက်နိုင်ဖို့လိုအပ်နေတယ်..၊ မဟုတ်ရင် အဆင့်သုံးကုန်းမြေရဲ့ ကျင့်ကြံသူတွေက ဒီကပ်ဘေးကို တားဆီးနိုင်မှာ မဟုတ်ဘူး..”
ဟွမ်းသည် တုန့်ပြန်လိုက်၏။ အဆင့်သုံးကုန်းမြေတွင် ကပ်ဘေးကျရောက်ပါက ဟွမ်းရှန့်နန်းတော်သည်လည်း ထိုကပ်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူသည် မကြောက်ရွံ့သော်လည်း သူ၏လူများသည် အားနည်းနေဆဲပင်။
ထို့ကြောင့် ဖြစ်ရပ်များကို အသေအချာသိရှိလိုပြီး ကြိုတင်တားဆီးနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
“ကျွန်မ လိုက်ခဲ့လို့ရမလား..”
စုန့်ချင်းသည် ခဏတာ စဉ်းစားပြီးနောက် တောင်းဆိုလိုက်၏။ အမှောင်စွမ်းအင်များသည် သူမ၏ကုန်းမြေတွင် စတင်နေပြီးဖြစ်သည်။
ယခုတွင် ဟွမ်း၏ အကူအညီကြောင့် အမှောင်စွမ်းအင်များ လျော့နည်းသွားသော်လည်း ထွက်ပေါ်လာသည့် အရင်းအမြစ်ကို ရှာမတွေ့သေးချေ။ ထို့ကြောင့် သူမလည်း အဖြေရှာချင်နေသည်။
“ကောင်းပြီလေ..”
ဟွမ်းသည် လက်ခံလိုက်၏။ စုန့်ချင်း၏ ခွန်အားသည် နိမ့်ကျခြင်းမရှိသောကြောင့် လေဟာနယ်ဖြတ်သန်းရန် ပြသနာရှိမည်မဟုတ်ပေ။
“အကိုလေး..၊ ကျွန်မကို အချိန်နည်းနည်းစောင့်ပေးပါ..၊ လက်အောက်ငယ်သားတွေကို မှာကြားမှုပြုချင်လို့..”
ဟွမ်းသည် စုန့်ချင်း၏ ဆန္ဒအတိုင်းခွင့်ပြုလိုက်သည်။ စုန်ချင်းသည် ဤနေရာမှ အလျှင်အမြန် ပျောက်ကွယ်သွားတော့၏။
ထို့နောက် ဟွမ်းသည် အမှောင်စွမ်းအင်များ စုစည်းထားသည့် သလင်းကျောက်လေးကို ကြည့်လိုက်သည်။ သူသည် အနီးနားတွင် ကျန်ရှိနေသည့် အမှောင်စွမ်းအင်များကို စုပ်ယူနိုင်ခြင်း ရှိမရှိကို စစ်ဆေးလိုက်၏။ ထိုသို့ စုပ်ယူနိုင်ပါက အမှောင်စွမ်းအင်များအတွက် ပူပန်စရာအနည်းငယ်လျော့ကျသွားမည်ဖြစ်သည်။
“အဲ့ဒီသစ်ပင်လေးရဲ့ စွမ်းအင်နဲ့မှ ရမှာလား..”
သလင်းကျောက်သည် တုပ်တုပ်မျှပင်မလှုပ်ချေ။ ထိုသို့စုပ်ယူနိုင်စွမ်း ရှိဟန်မရပေ။
ဟွမ်းသည် အချိန်အတော်ကြာသည်အထိ အမှောင်စွမ်းအင်များ ထွက်ပေါ်လာသည့် နေရာကို ရှာဖွေနေသော်လည်း အချည်းအနှီးပင်။ ထိုစွမ်းအင်များသည် အလိုလို ဖြစ်တည်လာဟန်ရှိပြီး တဖြေးဖြေးနှင့် သိပ်သည်းလာသည့်အသွင် ဖြစ်နေ၏။
“အစ်ကိုလေး..၊ နတ်နန်းမြို့တော်ကို သွားလို့ရပြီ..”
ရက်အနည်းငယ်ကြာပြီးနောက်တွင် စုန့်ချင်းသည် ပြန်လည်ရောက်ရှိလာ၏။
သို့သော် သူမသည် ကလေးမလေးအသွင်နှင့် မဟုတ်တော့ပဲ အသက်နှစ်ဆယ်ခန့် မိန်းကလေးတစ်ဦး၏ အသွင်သို့ ပြောင်းလဲသွားသည်။
သူမသည် ပိတုန်းရောင်ဆံနွယ်ရှည်များနှင့်အတူ မိုးပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ သူမ၏ အသားအရည်သည် ပြေပြစ်ချောမွေ့နေပြီး မျက်နှာလေးသည်လည်း ကြည်လင်လှ၏။
ဟွမ်းသည် သူမကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ ထွက်ခွာရန်ပြောဆိုလိုက်သည်။
ထိုအချိန်တွင် စုန့်ချင်းသည် ရတနာတစ်ခုကို ထုတ်ယူကာပြောဆိုလိုက်၏။
“ကျွန်မမှာ..၊ ကြက်သွေးရောင်သံလိုက်အိမ်မြှောင်ရှိတယ်..၊ အဲ့ဒီအရာနဲ့ဆိုရင် အချိန်အရမ်းကုန်မှာ မဟုတ်တော့ဘူး..”
“အဲ့ဒီတုန်းက ရတနာက မင်းလက်ထဲ ရောက်သွားတာပဲ..”
ဟွမ်းသည် ထိုရတနာကို အမှတ်ရဟန်နှင့်ဆိုလိုက်၏။ ၎င်းသည် နတ်ဘုရားနယ်မြေတွင် ပေါ်ပေါက်ခဲ့သည် ရတနာတစ်ခုဖြစ်သည်။ ထိုရတနာ ပေါ်ပေါက်စဉ်က မျိုးနွယ်ကြီးများစွာမှ ကျင့်ကြံသူများသည် ရယူရန်ကြိုးစားခဲ့ကြ၏။ သို့သော် စုန့်ချင်းလက်ထဲ ရောက်ရှိနေသည်မှာ အံ့ဩစရာကောင်းလှသည်။
“ဒီရတနာက ကျွီးမျိုးနွယ်က ပိုင်ဆိုင်သွားခဲ့တာ..၊ ကျွန်မကို ထောင်ချောက်ဆင်တိုက်ခိုက်တုန်းက သူတို့လက်ထဲက လုယူလာခဲ့တာ..”
စုန့်ချင်းသည် ရှင်းပြလိုက်၏။ သူမ၏ လေသံသည် အနည်းငယ်တင်းမာနေသည်။ ကြက်သွေးရောင်သံလိုက်အိမ်မြောင်သည် လေဟာနယ်အတွင်းသွားလာနိုင်သည့် ရတနာဖြစ်သည့်အပြင် တိုက်ခိုက်မှုများပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်၏။
စုန်ချင်း၏ အင်အားသည် လျော့တွက်၍ မရပေ။ ထိုသို့ မျိုးနွယ်ကြီးမှပင် ပြန်လည်လုယူနိုင်ခြင်းသည် သာမန်အစွမ်းထက်ရုံနှင့် မရချေ။
ထို့နောက် သူမသည် ထိုသံလိုက်အိမ်မြှောင်ကို ထိန်းချုပ်လိုက်ပြီး ကြီးမားသည့်အသွင်သို့ ပြောင်းလဲသွားစေသည်။
သူတို့နှစ်ဦးသည် ကြက်သွေးရောင်သံလိုက်အိမ်မြှောင်ပေါ်သို့ တက်ရောက်ပြီးနောက်တွင် မိစ္ဆာသူတော်စင်ကုန်းမြေမှ ထွက်ခွာသွားကြ၏။