← Chapters

အခန်း ၄၁၈-၄၂၀

Vol. 28 Ch. 418-420

အခန်း ၄၁၈-၄၂၀

Vol. 28 Ch. 418-420

အခန်း (၄၁၈)

သူက အဆင့်လွန် ပညာရှင် ဖြစ်နေပြီ (၂)

ကျောင်းဝမ်ဟန်၏ မှတ်ချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး

“ဆုမပေးဘူးဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား။ ဘာမှ မပေးရင်မြောက်ပိုင်းနယ်စားမင်းသားကို ကျေနပ်စေမှာ မဟုတ်ဘူးမလား”

ဟု မေးလိုက်သည်။

ထို့နောက် ကျောင်းဝမ်ဟန်က ဦးညွှတ်လိုက်ကာ

“အားလုံး မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်”

ဟု ဆက်ပြောလိုက်သည်။

စကားဆုံးသည်နှင့် ကျောင်းဝမ်ဟန်လည်း သူ၏ မူလနေရာသို့ ပြန်သွားလိုက်သည်။

ကျောင်းဝမ်ဟန်က ဆွမ်ဧကရာဇ်ကို စကားအဖြစ်သာ ပြောနေခြင်းဖြစ်ပြီး ဆွမ်ဧကရာဇ် မြောက်ပိုင်းနယ်စားမင်းသားကို ဆုချရန် ရည်ရွယ်ချက်မရှိကြောင်း သူသိသည်။ ဆုလာဘ်ဆိုသည်မှာ ဝေးစွ ဆွမ်ဧကရာဇ်၏ စိတ်ထဲတွင် မြောက်ပိုင်းနယ်စားမင်းသား သေဆုံးပါစေဟု ဆုတောင်းနေမည်မှာ သေချာသည်။

မြောက်ပိုင်းပြည်နယ်သည် ရုတ်တရက် ဤမျှကြီးမားသော စစ်အင်အားကို ပိုင်ဆိုင်လာခြင်းဖြစ်သည်။ တောင်ပိုင်းရှိ ပုန်ကန်မှုများကို နှိမ်နင်းပြီးသည့်အခါ နယ်စားများ၏ အာဏာကို ထပ်မံဖြုတ်ချရန် အချိန်ကျရောက်လာနိုင်သည်။

မြောက်ပိုင်းနယ်စားမင်းသားက ဆုလာဘ်ကို မျှော်လင့်နေသေးသလား။ အဆိပ်ခတ်ထားသော ဝိုင်တစ်ခွက်သာ သင့်တော်မည် ဖြစ်သည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ အကြည့်က လင်ကောင်းယွမ်ထံ ကျရောက်သွားပြီး

“လင်လူကြီးမင်း။ မြောက်ပိုင်းနယ်စားမင်းသားကို ကျုပ်ဘာနဲ့ ဆုချသင့်တယ်လို့ ခင်ဗျားထင်လဲ”

ဟု မေးလိုက်သည်။

ဆွမ်ဧကရာဇ်က သူ့ကို မေးမြန်းသည်ကို ကြားသောအခါ လင်ကောင်းယွမ်လည်း ဖြည်းညှင်းစွာ အရှေ့ထွက်လာပြီးနောက် ဦးညွှတ်ကာ

“မင်းကြီး။ ကျွန်တော့်ရဲ့ အတွေးအမြင်ဟာ ဝန်ကြီးချုပ် ကျောင်းရဲ့ အတွေးအမြင်နဲ့ တူညီပါတယ်။”

လင်ကောင်းယွမ်သည် လုချန်းဘက်တွင် ရှိနေသော်လည်း ယခုအချိန်သည် လုချန်းအတွက် ထောက်ခံပြောဆိုရန် သင့်တော်သော အချိန်မဟုတ်ပေ။ မျက်စိရှိသူတိုင်း ဆွဆွမ်ဧကရာဇ်၏ လုချန်းအပေါ် သဘောထား သိမြင်နိုင်သည်။

နန်းတွင်းအရာရှိများလည်း မြောက်ပိုင်းနယ်စားမင်းသားကို ဆွမ်ဧကရာဇ်၏ နယ်ရုပ်အဖြစ် မမြင်တော့ပေ။

မြောက်ပိုင်းပြည်နယ်၏ တိုးတက်မှုသည် ဆွမ်ဧကရာဇ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်မှာ ထင်ရှားသည်။ ရှေးရိုးစွဲ ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူသည် ကမ္ဘာ့လုံးဆိုင်ရာ အကယ်ဒမီမှ ပုဂ္ဂိုလ်များ ရှနိုင်ငံတော်သို့ လာရောက်ဒုက္ခပေးခြင်းအား ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် အရင်က ဆွမ်ဧကရာဇ်၏ ရုပ်သေးရုပ်ဖြစ်ခဲ့ဖူးကောင်း ဖြစ်ခဲ့ဖူးမည်။ သို့သော် ယခုအချိန်တွင်မူ မဖြစ်နိုင်တော့ပေ။

ဆွမ်ဧကရာဇ်က ခန်းမတွင်းရှိ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး

“တစ်‌ယောက်ယောက်မှာ အခြား မတူတဲ့ အမြင်ရှိသေးသလား”

ဟု မေးလိုက်သည်။

ထိုအခါ ခန်းမသည် တစ်ဖန် တိတ်ဆိတ်သွားပြီး တစ်ယောက်မှ စကားမပြောတော့ပေ။ ထို့နောက် ဆွမ်ဧကရာဇ်က

“ကြည့်ရတာ ဒါက ခင်ဗျားတို့အားလုံးရဲ့ အမြင်ဖြစ်ပုံရတယ်”

ဟု ပြောလိုက်သည်။

“ခင်ဗျားတို့ ဘယ်သူမှ မြောက်ပိုင်းနယ်စားမင်းသားကို ဆုမချစေချင်ဘူးဆိုတော့ ကျုပ်သူ့ကို ဆုမချတော့ဘူး။”

“ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ထည့်သွင်းစဉ်းစားရင် ရုပ်ဝတ္ထု ဆုမရှိရင်တောင် နှုတ်နှင့်‌တော့ ချီးကျူးစကား ပြောဖို့ လိုအပ်သေးတယ်။ ကျုပ်ကိုယ်စား စကားအနည်းနည်းပြောပေးဖို့ ကျောင်း လူကြီးမင်းက မြောက်ပိုင်းပြည်နယ်ကို ခရီးထွက်ပေးပါဦး။”

ထိုစကားကို ကြားသောအခါ ကျောင်းဝမ်ဟန်၏ နှလုံးခုန်နှုန်း မြန်သွားသည်။ သူသည် အန္တရာယ်ရှိသော နေရာနှင့် မခြားနားသော မြောက်ပိုင်းပြည်နယ်သို့ တကယ် မသွားလိုပေ။ မြောက်ပိုင်းပြည်နယ်သည် မည်သည့်အချိန်တွင်မဆို ပုန်ကန်နိုင်ကြောင်း လူတိုင်းသိသည်။ မြောက်ပိုင်းပြည်နယ် ပုန်ကန်မှု စတင်ချိန်တွင် သူ ရောက်ရှိသွားပါက သူ၏ အလောင်းပင် ရှာမတွေ့ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

သို့သော် ဒါက ဆွမ်ဧကရာဇ်၏ အမိန့်ဖြစ်သည့်အတွက် ကျောင်းဝမ်ဟန်သည် မနာခံပဲ မနေရဲပေ။ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပဲ

“မင်းကြီးရဲ့ အမိန့်တော်ကို နာခံပါမယ်”

ဟု တုံ့ပြန်လိုက်ရသည်။

ဆွမ်ဧကရာဇ်က ဆက်လက်၍

“”တောင်ပိုင်းစစ်ပွဲကိစ္စကလွဲပြီး အခြားအရေးကိစ္စတွေရှိသေးသလား။ မရှိရင် ယနေ့နံနက်ပိုင်း အစည်းအဝေးကို ဒီနေရာမှာ ရပ်နားမည်။ ကျုပ်ပင်ပန်းနေပြီ။”

ဟု ပြောလိုက်သည်။

ခန်းမကြီးအတွင်းရှိ ဝန်ကြီးများအားလုံး ဆိတ်ဆိတ်နေကြသည်။ ဆွမ်ဧကရာဇ်၏ စိတ်အခြေအနေ အလွန်ဆိုးဝါးနေသည်မှာ သိသာလှပြီး မည်သူမှ ယခုအချိန်တွင် မီးမမွှေးဝံ့ကြပေ။

မည်သည့် ဝန်ကြီးမှ စကားမပြောသည်ကို မြင်သောအခါ ဆွမ်ဧကရာဇ်လည်း နဂါးပလ္လင်မှ ထလိုက်ကာ သူ၏ လက်ကို ခါလိုက်ပြီး

“ကိစ္စမရှိရင် ဒီမှာပဲ ရပ်နားကြပါစို့။”

ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ဆွမ်ဧကရာဇ် ထွက်ခွာသွားသည်။

ဝန်ကြီးများအားလုံးက ချက်ချင်းပင်

“မင်းကြီးကို လေးစားစွာ ပို့ဆောင်ပါတယ်။”

ဆွမ်ဧကရာဇ် ချွန်ကျင်ခန်းမမှ ထွက်ခွာပြီး သူ၏ စာကြည့်ခန်းသို့ ပြန်ရောက်သောအခါ သူ၏ မျက်နှာမဲ့သွားသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် သူ၏အတွင်းအားဖြင့် ပတ်ဝန်းကျင်ကို မရမ်းတော့ပဲ စာအုပ်စင်နောက်မှ အရိပ်ကို ပြောလိုက်သည်။

“လေးမျက်နှာတောင်နဲ့ လေငြိမ်တောင်က အဖိုးကြီးနှစ်ယောက် သဘောတူကြပြီလား”

ဟု မေးလိုက်သည်။

စာအုပ်စင်နောက်မှ အရိပ်က

“သူတို့တွေက တွန့်ဆုတ်နေကြတုန်းပါပဲ မင်းကြီး”

ဟု ပြန်ဖြေလိုက်သည်။

ဆွမ်ဧကရာဇ်က အေးစက်သော လေသံဖြင့် “ကြောက်တတ်တဲ့ ကြွက်တွေလိုပဲ”

ဟု ပြောလိုက်သည်။

ယခုအချိန်တွင် ဆွမ်ဧကရာဇ်အတွက် မြောက်ပိုင်းပြည်နယ် မည်သို့ဖွံ့ဖြိုးတိုးတက်နေသည်ဖြစ်စေ အရေးမကြီးတော့ပေ။ သို့သော် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားနယ်ပယ်သို့ မရောက်ရှိရန် အထူးအရေးကြီးသည်။

မြောက်ပိုင်းပြည်နယ် မည်မျှပင် ဖွံ့ဖြိုးပါစေ ယင်းသည် သာမန်အင်အားစုတစ်ခုသာ ဖြစ်သေးသည်။ သို့သော် အကယ်၍ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားနယ်ပယ်ရောက်သွားသော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းလာပါက ရှနိုင်ငံတော်မှ ကိုင်တွယ်နိုင်သည့် အခြေအနေကို ကျော်လွန်သွားလိမ့်မည်။

ကောင်းကင်လူသားနယ်ပယ်သည် လူတို့သိရှိထားသော သိုင်းပညာ၏ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ထာဝရတန်ခိုးရှင်များ မထွက်ပေါ်မီ ကောင်းကင်လူသားနယ်ပယ်သည် ရောက်ရှိသူသည် ထာဝရတန်ခိုးရှင် နှင့် မကွာခြားပေ။ အခြားနိုင်ငံများ သို့မဟုတ် မင်းဆက်များတွင် ထိုကဲ့သို့ ထာဝရတန်ခိုးရှင်များ မရှိပေ။ မြောက်ပိုင်းပြည်နယ်တွင် တစ်ဦး ပေါ်ပေါက်လာပါက ယင်းကို သာမန်အင်အားစုတစ်ခုအဖြစ် မည်သို့ ဆက်လက်မြင်နိုင်မည်နည်း။

လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များသည် အဓိက နိုင်ငံကြီးများအားလုံးတွင် လိုသလို ပြုမူကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကို ရင်ဆိုင်ရဲသည့် အင်အားစု အနည်းငယ်သာ ရှိခဲ့သည်။ အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် အဆင့်လွန် ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သော ကောင်းကင်လူသားတစ်ဦး ရှိသောကြောင့်ဖြစ်သည်။ ထိုအချက်က နိုင်ငံကြီးများအား လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်ရွံ့စေခဲ့သည်။

တောင်ပိုင်းမှ ချူမိသားစုကဲ့သို့သော ခေါင်းမာသော အင်အားစုများသာ လျှို့ဝှက်လဝန်းနန်းတော်ကို ရင်ဆိုင်ရဲခဲ့သည်။ ချူးချူးမိသားစုသည် တစ်ချိန်က နတ်လက်နက်တစ်ခုအတွက် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်တစ်ဦးကို စိန်ခေါ်ခဲ့ဖူးသည်။ ချူးယွဲ့သာ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်သမီးမဖြစ်ခဲ့ပါက အခု‌ဆိုလျှင် ချူးမိသားစုကို သိကြတော့မည်ပင် မဟုတ်တော့ပေ။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ဆက်လက်၍ “မက်မွန်တောင်ကြားကကော ဘယ်လိုလဲ” ဟု မေးမြန်းလိုက်သည်။

စာအုပ်စင်နောက်ကွယ်မှ အရိပ်က

“မက်မွန်တောင်ကြားရဲ့ တောင်ကြားသခင်က သဘောတူပါတယ်။ မင်းကြီး ကျူးကဲ့ကျုံကောင်းကို တိုက်ခိုက်လိုရင် ဘယ်အချိန်မဆို သူ့ကို ဆက်သွယ်နိုင်ပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် စိတ်သက်သာရာရသွားသည်။ တစ်‌ယောက်ယောက် သဘောတူထားသရွေ့ အဆင်ပြေသည်။

ကျူးကဲ့ကျုံကောင်းသည် သာမန် အဆင့်လွန် ပညာရှင် မဟုတ်သောကြောင့် သူ့ကို သတ်ရန် လွယ်ကူမည် မဟုတ်ပေ။ စိတ်ချရ‌ စေရန် အဆင့်လွန်ပညာရှင်များစွာ၏ အကူအညီကို ရယူရမည်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ ဆွမ်ဧကရာဇ်၏ မျက်လုံးထဲတွင် စူးရှသော အလင်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူက နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

“ကျုပ် ခင်ဗျားကို စုံစမ်းခိုင်းတဲ့ကိစ္စ ဘယ်လိုလဲ။”

“မင်းကြီး။ ယွဲ့မိဖုရားနဲ့ အခြားယောက်ျားတစ်ဦး အဆက်အဆံမှုရှိတယ်ဆိုတဲ့ အထောက်အထား ကျွန်တော်တို့ မတွေ့ရှိသေးပါဘူး။ နန်းတော်ထဲက လူတိုင်းကို စစ်ဆေးပြီးပါပြီ။ ကျွန်တော့်လက်အောက်ငယ်သားတွေလည်း ချူးမိသားစုအိမ်တော်ကို သွားရောက်စုံစမ်းပြီးပါပြီ။ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုကိုပဲ မစုံစမ်းရသေးတာပါ။

“ယွဲ့မိဖုရားဟာ အခြားယောက်ျားတစ်ယောက်နဲ့ ဆက်ဆံမှုရှိတယ်လို့ မင်းကြီးသံသယရှိမယ်ဆိုရင် အဲ့ဒီယောက်ျားဟာ လျှို့ဝှက်လဝန်းနန်းတော်က လူဖြစ်ဖို့ များပါတယ်။”

............

အခန်း ( ၄၁၉)

သူက အဆင့်လွန် ပညာရှင် ဖြစ်နေပြီ(၃)

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် အတွေးထဲနစ်မြောသွားပြီးနောက်

“အဲဒီတုန်းက ချူးယွဲ့ဘေးမှာ ရံရွေတော်မလေးတစ်ယောက် ရှိခဲ့တယ်။ အခြားသူတွေ မသိတဲ့ အရာတွေကို သူအများကြီး သိထားနိုင်တယ်။”

စာအုပ်စင်နောက်ကွယ်မှ အရိပ်က

“ချူးယုချင်က အခု မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ရှိနေတယ်။ ကျွန်တော်တို့ရဲ့ လက်အောက်ငယ်သားတွေက သူ့ကို အခုအချိန်မှာ ဆက်သွယ်လို့ မရသေးဘူး။”

ဆွမ်ဧကရာဇ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး

“စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ပါ”

ဟု ပြောလိုက်သည်။

အရင်းအမြစ်အမျိုးမျိုးမှ ရရှိသော ထောက်လှမ်းရေး အစီရင်ခံစာများအားလုံးအရ ချူးယွဲ့သည် ကိုယ်ဝန်မဆောင်မီ တစ်နှစ်ကျော်အတွင်း အခြားယောက်ျားတစ်ဦးနှင့် ဆက်သွယ်မှုမရှိကြောင်း ဖော်ပြနေသော်လည်း လုချန်းသည် သူ၏သားဖြစ်သည်ဟု ဆွမ်ဧကရာဇ် မယုံကြည်သေးပေ။

ချူးယွဲ့၏ အခန်းသို့ သူသွားရောက်တိုင်း သတိမရှိခဲ့ပေ။ သူ့နှင့် ချူးယွဲ့ကြား တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု သူ မည်သို့ ယုံကြည်နိုင်မည်နည်း။

ဧကရာဇ်ရာထူး တည်ငြိမ်စေရန် လိုအပ်နေခြင်းနှင့် ချူးမိသားစုကို မထိပါးရဲခြင်းတို့ကြောင့်သာ သူသည်းခံ‌နေခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက အချိန်အတော်ကြာကတည်းက ချူးမိသားစုနှင့် သူရန်ဖြစ်ခဲ့လောက်သည်။

ထို့ပြင် ထိုကဲ့သို့သော ကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ခြင်းသည် ဧကရာဇ်တစ်ပါးအတွက် ကောင်းသောအရာမဟုတ်ပေ။ သူ့အတွက် အရှက်ရစရာဖြစ်သည်။ လုချန်း သူ၏သားဖြစ်နိုင်စရာ မရှိကြောင်း သေချာစွာ သိထားသော်လည်း သူထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိပေ။

ဆယ်စုနှစ်ကျော် ကြာပြီးတာ‌တောင် ထိုကိစ္စကို ဆက်လက် စုံစမ်းခိုင်းနေရခြင်း၏ အဓိကအကြောင်းရင်းမှာ သူလက်မခံနိုင်သေးသောကြောင့်ဖြစ်သည်။ ထိုကိစ္စကြောင့် အရိပ်ကိုယ်ရံတော်များသည် ချူးယွဲ့နှင့် ဆက်နွယ်သော အမျိုးသားအများအပြားကို သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း လုချန်း၏ ဖခင်အရင်းကို မတွေ့သေးသဖြင့် သူစိတ်မသက်မသာ ဖြစ်နေဆဲဖြစ်သည်။

...

တစ်ချိန်တည်းမှာပင်။

ဝူနိုင်ငံတော်၏ စစ်စခန်းတစ်ခုတွင်။

ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသော ဝူကျန်းဝမ်သည် ပုန်ကန်သူများ၏ ခေါင်းဆောင်တစ်ဦးနှင့် စကားပြောနေသည်။ ဤသည်မှာ သူမထံ အညံ့ခံရန် ရွေးချယ်လာသော စတုတ္ထမြောက် ပုန်ကန်သူခေါင်းဆောင်ဖြစ်သည်။

ဝူကျန်းဝမ် ပုန်ကန်မှုများကို အောင်မြင်စွာ နှိမ်နင်းနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမ၏ ဝိုင်းရံထားပြီး တိုက်ခိုက်ခြင်းမပြုသော ဗျူဟာကြောင့်ဖြစ်သည်။ တစ်ဖက်တွင် စစ်အင်အားဖြင့် ခြိမ်းခြောက်ပြီး အခြားတစ်ဖက်တွင် သံတမန်များစေလွှတ်၍ အညံ့ခံရန် ဖြားယောင်းသွေးဆောင်ခြင်း၊ ပုန်ကန်သူများ၏ ပတ်ဝန်းကျင်ရှိသူများကို အမျိုးမျိုးသော နည်းလမ်းများဖြင့် စည်းရုံး ခြင်းတို့ကြောင့်ဖြစ်သည်။

ဝူကျန်းဝမ်သည် ချွမ်ဟိုင် ကုန်သည်အုပ်စုကို ထိန်းချုပ်ထားပြီး ဝူနိုင်ငံတော်တွင် အင်အားအကြီးဆုံး ထောက်လှမ်းရေး အဖွဲ့အစည်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူမ၏ လက်အောက်တွင် ငွေကြေးနှင့် အဆက်အသွယ်များစွာ ရှိသောကြောင့် သူပုန်ခေါင်းဆောင်များ၏ ပတ်ဝန်းကျင်ရှိ လူများကို သိမ်းသွင်းခြင်းသည် သူမအတွက် လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။

ဝူကျန်းဝမ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးသွားသောအခါ သူပုန်ခေါင်းဆောင် ပြုံးရွှင်စွာဖြင့် တဲကြီးအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားသော သူပုန်ခေါင်းဆောင်၏ နောက်ကျောကို ကြည့်ရင်း ဝူကျန်းဝမ်၏ ပြုံးနေသော မျက်နှာသည် ချက်ချင်းပင် မာကျောသွားခဲ့ပြီး သူမ၏ဘေးနားရှိ လူတစ်ဦးကို မေးမြန်းလိုက်သည်။

“သူက နောက်ဆုံး စည်းရုံးလို့ရတဲ့ သူပုန်ကန်သူခေါင်းဆောင် ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မဟုတ်လား။”

ဝူကျန်းဝမ်ဘေးရှိ စစ်ဗိုလ်ချုပ်က ချက်ချင်းပင်

“ဟုတ်ကဲ့။ ကျန်နေတဲ့ သူပုန်တွေဟာ အဓိကအားဖြင့် အနောက်တောင်ဒေသရဲ့ အာဏာရှိ မိသားစုတွေက ထောက်ပံ့ထားတာဖြစ်လို့ သူတို့ လက်နက်ချဖို့ အလားအလာ အလွန်နည်းပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ရက်အနည်းငယ်အတွင်း အဲဒီလူကို ဖယ်ရှားဖို့ နည်းလမ်းရှာပါ”

ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့။ မင်းသမီး ကျန်းဝမ်။”

ဝူကျန်းဝမ်သည် သူပုန်ခေါင်းဆောင်များကို ဂရုမစိုက်ပဲ သူပုန်များကိုသာ ဂရုစိုက်သည်။ သူမသည် သူပုန်ခေါင်းဆောင်များ၏ ပတ်ဝန်းကျင်ရှိ လူများကို သူမ၏ ထိန်းချုပ်မှု အောက်တွင်ထားရှိရန် သိမ်းသွင်းခဲ့သည်။ သူပုန်ခေါင်းဆောင်များကဲ့သို့ သူမနှင့် ညှိနှိုင်းခဲ့သူများအတွက်မှု သေဆုံးသွားခြင်းက ပိုကောင်းသည်။

ထိုအချိန်တွင် စစ်သားတစ်ဦး တဲထဲသို့ ဝင်လာပြီး စာတစ်စောင်ကို ဝူကျန်းဝမ်ထံ ပေးအပ်ကာ

“မြောက်ပိုင်းပြည်နယ်က ထောက်လှမ်းရေး အစီရင်ခံစာပါ မင်းသမီး”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က စစ်သားထံမှ စာကို ချက်ချင်း ယူကာ စာပါအကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။

လူလေးသိန်းရှိသော ထျန်းချီ ဘုရင်၏ တပ်မတော်ကို မြောက်ပိုင်းပြည်နယ်က ချေမှုန်းခဲ့ကြောင်း ဖတ်ရှုရသောအခါ ဝူကျန်းဝမ်၏ မျက်နှာသည် အလွန်တင်းမာသွားသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“ဒီသတင်း အတည်ပြုပြီးပြီလား။”

ဟု မေးလိုက်သည်။

စစ်သားက

“ဒီသတင်းကို မြောက်ပိုင်းပြည်နယ်ရဲ့ တရားဝင် အစီရင်ခံစာတွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူတွေကလည်း မြောက်ပိုင်းနယ်စားမင်းသား ရန်ခရိုင်ကို ပြန်လာနေပြီဆိုတာ သိထားပြီးပါပြီ။ သူဟာ မကြာခင် ကျူးနိုင်ငံတော်က သံတမန်တွေကို လက်ခံတွေ့ဆုံတော့မှာမို့ ဒီသတင်း မှန်နိုင်ခြေ အလွန်များပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် သူမဘာသာ ရေရွတ်လိုက်သည်။

“မြောက်ပိုင်းပြည်နယ်က ထျန်းချီ ဘုရင်ရဲ့ ကျူးကျော်မှုကို ခုခံနိုင်ရင်တောင် အထင်ကြီးစရာ ကောင်းနေပြီ။ အခုသူတို့က ထျန်းချီ ဘုရင်ရဲ့ တပ်ကို လုံးဝ ချေမှုန်းလိုက်တယ်။ မြောက်ပိုင်းပြည်နယ်က ငါထင်ထားသည်ထက် ပိုပြီးမြန်မြန် အင်အားကြီးလာတာပဲ။”

ထိုအချိန်တွင် ကျူးနိုင်ငံတော်မှ မြောက်ပိုင်းပြည်နယ်သို့ သံတမန်များကိုစေလွှတ်ကြောင်း ဖော်ပြထားသော ထောက်လှမ်းရေး အစီရင်ခံစာကို ဝူကျန်းဝမ် ရုတ်တရက် သတိရသွားသည်။ သူမက ထောက်လှမ်းရေး အစီရင်ခံစာကို တစ်ဖန် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူမ၏ ချစ်လှစွာသော အစ်မက အဘယ်ကြောင့် ယခုအချိန်မှာ မြောက်ပိုင်းပြည်နယ်ကို သံတမန် စေလွှတ်ရသည်ကိုလည်း သူမ သဘောပေါက်သွားသည်။

ယွဲ့ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်ကို အသုံးပြု၍ ရှနိုင်ငံတော်ကို ခွဲထုတ်ရန် စီစဉ်နေကြောင်း ရှင်းနေသည်။ မြောက်ပိုင်းပြည်နယ်၏ အင်အားကြီးမားသော်လည်း ထိုအရာက ရှနိုင်ငံတော်အတွက်ရော ဆွမ်ဧကရာဇ်အတွက်ပါ ကောင်းသည့်ကိစ္စ မဟုတ်ပေ။

ဆွမ်ဧကရာဇ်သည် တောင်ပိုင်းရှိ အာဏာရှိမိသားစုများ၏ ပုန်ကန်မှုကိစ္စကို ဖြေရှင်းပြီးသည်နှင့် နယ်စားများ၏ အာဏာကို ဖြုတ်ချရန် လုပ်ဆောင်မည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်ကြား စစ်ဖြစ်အောင်ကို လှုံ့ဆော်နိုင်ပါက ရှနိုင်ငံတော်၏ ကွဲထွက်မှုကို မကြာမီ မျှော်လင့်နိုင်သည်။

မြောက်ပိုင်းပြည်နယ်တွင် အစွမ်းထက်ကြောင်း သက်သေပြပြီးသော စစ်ရေးအင်အားရှိပြီး တောင်ပိုင်းရှိ ပုန်ကန်သူများကဲ့သို့ အားနည်းမည် မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ်၏ ပုန်ကန်မှုသည် ရှနိုင်ငံတော်အတွက် ကပ်ဆိုးတစ်ရပ်ဖြစ်သော်လည်း အခြားနိုင်ငံများအတွက်မူ အလွန်ကြိုဆိုရမည့် အဖြစ်အပျက်တစ်ခု ဖြစ်လိမ့်မည်။

ရှနိုင်ငံတော်ကဲ့သို့ အင်အားကြီးမားသော ပြိုင်ဘက်မရှိပါက အခြားနိုင်ငံများ အနေနှင့် အခွင့်အရေးရတိုင်း နယ်မြေချဲ့ထွင်နိုင်ရုံသာမက အနာဂတ်တွင် ပြည်ပဖိအားများလည်း များစွာ လျော့နည်းသွားမည်ဖြစ်သည်။

ကျူးနိုင်ငံတော်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ဝန်ကြီးချုပ် ချိုင်လည်း ဘာလုပ်ရမည်ကို သိသင့်သည်ဟု ဝူကျန်းဝမ် တွေးမိသည်။

ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်နှင့် တရားဝင်ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်လိုပါက ဝူနိုင်ငံတော်သည်လည်း ပါဝင်ရမည်။ ဤအရာက ရှနိုင်ငံတော်ကို ပိုမိုလွယ်ကူစွာ လှုံ့ဆော်နိုင်လိမ့်မည်။ မြောက်ပိုင်းပြည်နယ်သည် အခြားနိုင်ငံများနှင့် သံတမန် ဆက်ဆံရေး ထူထောင်ပြီးသောအခါ အမှန်တကယ် လွတ်လပ်ရေးရရန် မဝေးတော့ပေ။ ထိုအချိန်ရောက်သောအခါ ရှနန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို သေချာပေါက် အရေးယူဆောင်ရွက်လိမ့်မည်ဖြစ်သည်။

ယခု ဝူနိုင်ငံတော် အနေနှင့် လုပ်ဆောင်ရန် လိုအပ်သည်မှာ မီးကို ပိုမိုတောက်လောင်စေရန် လေပင့်ပေးခြင်းဖြစ်သည်။

ထိုသို့ တွေးတောပြီး ဝူကျန်းဝမ်က

“ကျွန်မခဏနေရင် ဝန်ကြီးချုပ် ချိုင်ဆီ စာတစ်စောင် ရေးလိုက်မယ်။ နောက်နှစ်နာရီကြာရင် ကျွန်မတဲကို လာယူပါ”

ဟု ပြောလိုက်သည်။

စစ်သားက

“နားလည်ပါပြီ မင်းသမီးကျန်းဝမ်”

ဟု ပြန်ဖြေလိုက်သည်။

...

လဝက်အကြာ။

မြောက်ပိုင်းပြည်နယ်။

ရန်ခရိုင်။

ယနေ့ ရန်ခရိုင်၏ မြောက်ဘက်တံခါးသည် လူများဖြင့် ပြည့်နှက်နေသည်။ အကြောင်းမှာ မြောက်ပိုင်းနယ်စားမင်းသား အောင်ပွဲခံပြန်လာမည့်နေ့ဖြစ်သောကြောင့် ဖြစ်သည်။ရန်ခရိုင်သူ ရန်ခရိုင်သားများသည် မြောက်ဘက်တံခါးဝသို့ သွားရောက်ကာ မြောက်ပိုင်းနယ်စားမင်းသားကို ကြိုဆိုခဲ့ကြသည်။

မြောက်ပိုင်းနယ်စားမင်းသား ထျန်းချီဘုရင်ကို တကယ်ပင် အနိုင်ယူခဲ့ခြင်း ရှိမရှိကို အတည်ပြုရန်အတွက် နိုင်ငံအသီးသီးမှ သူလျှိုများလည်း လူအုပ်ကြားထဲတွင် ရောနှောပါဝင်ကာ မြောက်ပိုင်းနယ်စားမင်းသား ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ကျူးနိုင်ငံတော်မှ သံတမန်များသည်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ အဖွဲ့ကို စောင့်ဆိုင်းရန် သင့်တော်သော နေရာတစ်ခုကို ရယူထားကြသည်။

ရုတ်တရက် အဝေးမှ မြောက်ပိုင်းနယ်စားမင်းသား၏ ခန့်ညားထည်ဝါသော ပုံရိပ် ပေါ်ထွက်လာသည်။ မြောက်ပိုင်းနယ်စားမင်းသား မြို့ထဲသို့ဝင်သော လမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ မြင်းစီးလာသောအခါ ပတ်ဝန်းကျင်ရှိ မြောက်ပိုင်းပြည်နယ်မှ ပြည်သူများကလည်း ချက်ချင်း ဝမ်းသာအားရ အော်ဟစ်ကြသည်။

လူအုပ်အလယ်တွင် အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မုယုံရွှီသည် မြင်းပေါ်ရှိ လုချန်းကို ကြည့်လိုက်ကာ သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။

“တကယ်ကိုချောတဲ့ အမျိုးသားပဲ”

“မြောက်ပိုင်းနယ်စားမင်းသားကို ငါတို့ လျှော့တွက်ထားပုံရတယ်။ သူက အဆင့်လွန် ပညာရှင် ဖြစ်နေပြီပဲ။”

..........

အခန်း( ၄၂၀ )

မုယုံရွှီ (၁)

လုချန်းသည် မြို့တွင်းရှိ အဓိကလမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ ဖြတ်သန်းသွားပြီး မကြာမီ လူများသည် သူ၏နောက်မှ လိုက်ပါလာသော မြင်းလှည်း၏ သစ်သားစင်ပေါ်၌ အလောင်းတစ်လောင်း တင်ထားသည်ကို မြင်လိုက်ရသည်။ ထိုအလောင်း၏ နောက်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများ အကျဉ်းသားများ ရှည်လျားစွာ တန်းစီလျက် လိုက်ပါလာခဲ့သည်။

အလောင်းကို မြင်သောအခါ အခြားနိုင်ငံများမှ သူလျှိုများသည် အားလုံးနီးပါး လန့်ဖျပ်သွားကြသည်။

သူလျှိုအများစုသည် ထျန်းချီဘုရင်ကို ကိုယ်တိုင်မြင်ဖူးခြင်းမရှိသော်လည်း မြောက်ပိုင်းပြည်နယ်က ထျန်းချီဘုရင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသော သတင်းမှန်မမှန်စစ်ဆေးရန် သူတို့ထံတွင် ထျန်းချီဘုရင်၏ ပုံတူများ ရှိကြသည်။ သစ်သားစင်ပေါ်ရှိ အလောင်းသည် ထျန်းချီဘုရင်၏ ပုံတူနှင့် အတူတူပင်ဖြစ်နေသည်။

နိုင်ငံအသီးသီးမှ သူလျှိုများသည် မြောက်ပိုင်းပြည်နယ်က ထျန်းချီဘုရင်၏ တပ်ဖွဲ့များကို တကယ်ပင် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်နိုင်ပါ့မလားဟု တွေးတောမိကြသည်။

ထိုအချိန်တွင် မုယုံရွှီ၏ ဘေးတွင် ရှိနေသော ဝမ်မော်ရွှီက

“မုယုံသခင်မက လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ တိုက်တဲ့စစ်ပွဲမှာ ဧကရာဇ်မနှင့်အတူပါဝင်ခဲ့ဖူး‌တော့ ထျန်းချီဘုရင်ကို မြင်ဖူးမှာပေါ့”

ဟု ပြောလိုက်သည်။

ထိုအလောင်းက ထျန်းချီဘုရင်၏ အလောင်းဟုတ်မဟုတ် ဝမ်မော်ရွှီက တိုက်ရိုက်မေးမြန်းခြင်း မရှိသော်လည်း မုယုံရွှီက သူဘာမေးလိုသည်ကို သိရှိပြီး ချက်ချင်းပင်

“ဟုတ်တယ်။ တကယ့် ထျန်းချီဘုရင်ရဲ့ အလောင်းပဲ။ ထျန်းချီဘုရင်ရဲ့ စစ်တပ်ချေမှုန်းခံရလိုက်ရတဲ့ သတင်းကို အခု အခြေခံအားဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီ။”

“ နောက်ပြီး မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မတို့ထင်ထားသလောက် မရိုးရှင်းဘူး။ သူ့က ဧကရာဇ်မထက် မနိမ့်တဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။”

မုယုံရွှီ၏ နောက်ဆုံးစကားကို ကြားသောအခါ ကျူးနိုင်ငံတော်မှ သံတမန်များ ချက်ချင်း အံ့အားသင့်သွားကြသည်။

သူတို့ ဧကရာဇ်မ၏ သိုင်းပညာအစွမ်းထက် မနိမ့်သော သိုင်းပညာရှင်တဲ့လား။

မြောက်ပိုင်းနယ်စားမင်းသားက အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်နေပြီလို့ ဆိုလိုတာလား။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။

မြောက်ပိုင်းနယ်စားမင်းသားနှင့်ပတ်သက်သော သူတို့စုဆောင်းထားသည့် အချက်အလက်အားလုံးအရ သူသည် ယခင်က သိုင်းပညာကို မလေ့ကျင့်ဖူးကြောင်း ဖော်ပြထားသည်။ သူမြောက်ပိုင်းပြည်နယ် ရောက်တာ ဘယ်လောက်ကြာပြီလဲ။ ယခု သိုင်းပညာကို စတင်လေ့ကျင့်လျှင်ပင် ထိုမျှတိုတောင်းသော ကာလအတွင်း အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

သူတို့၏ ဘုရင်မသည် ငယ်စဉ်ကတည်းက သိုင်းပညာကို စတင်လေ့ကျင့်ခဲ့ပြီး အလွန်အစွမ်းကြီးသော ဆရာတစ်ဦးလည်း ရှိခဲ့သောကြောင့် ယခုလို အဆင့်မျိုး ရောက်ရှိခဲ့ခြင်းဖြစ်သည်။

နှစ်အနည်းငယ်အတွင်း မြောက်ပိုင်းနယ်စားမင်းသားက အဆင့်လွန် ပညာရှင်အဆင့်ကို ဘယ်လိုရောက်ခဲ့တာလဲ။

ထိုအချိန်တွင် ဝမ်မော်ရွှီက

“မုယုံသခင်မ အမြင်မှားနေတာ မဖြစ်နိုင်ဘူး လား”

မုယုံရွှီက အေးဆေးစွာဖြင့်

“မမှားဘူး။ သူက တကယ်ပဲ အဆင့်လွန် ပညာရှင် ဖြစ်နေပြီ။ သူက သူ့ရဲ့ သိုင်းပညာရှင် အငွေ့အသက်ကို ဖုံးကွယ်ထားပေမဲ့ ဒါက လူတိုင်းကို လှည့်စားနိုင်မှာ မဟုတ်ဘူး။”

မုယုံရွှီ၏ စကားကို ကြားသောအခါ လူတိုင်း မယုံနိုင်သလို ဖြစ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ သိုင်းပညာအဆင့်တက်နှုန်းသည် အလွန်မြန်လွန်းသည်။ သူတို့ ကျူးနိုင်ငံတော်ရဲ့ အနာဂတ်မှာ အလွန်အင်အားကြီးတဲ့ ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရတော့မှာလား။

ဧကရာဇ်မက သူတို့အား မြောက်ပိုင်းပြည်နယ်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် စေလွှတ်ခဲ့သည်။ သို့သော်ဒါက ကောင်းသောအရာလား ဆိုးသောအရာလားဆိုတာက မသေချာပေ။

...

သာမန်ပြည်သူများ၏ ဝမ်းသာအားရ အော်ဟစ်သံများကြားတွင် လုချန်းလည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် သူ၏ ဇနီးများက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အဝင်ဝတွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

လုချန်း ပြန်လာသည်ကို မြင်သောအခါ သူ၏ အမျိုးသမီးများ၏ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။

လုချန်း ရန်ခရိုင်ကို လပေါင်းများစွာ ပြန်လာနိုင်ဦးမည် မဟုတ်ဟု သူတို့ ထင်ခဲ့ကြသော်လည်း စစ်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။

လုချန်းက မြင်းပေါ်မှ ဆင်းကာ အမျိုးသမီးများအား ပြုံး၍

“ကိုယ့် ဇနီးတို့။ မင်းတို့ရဲ့ ချစ်သူ ပြန်လာတာ ဘာလို့ စိတ်လှုပ်ရှားပုံ မပေါ်ရတာလဲ။”

ယခင်က လုချန်း ရက်ရှည်ခရီးသွားရောက်ပြီး သူတို့နှင့် ပြန်လည်ဆုံတွေ့သောအခါ သူတို့ အလွန် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယနေ့တွင် မုကျိရွှမ်းတို့ တည်ငြိမ်ပုံရသည်။

ထိုအချိန်တွင် မုကျိရွှမ်းက လုချန်းထံ ချဉ်းကပ်ကာ ပြုံးလျက်

“ကျွန်မတို့ရဲ့ စိတ်လှုပ်ရှားမှုတွေ အားလုံး အတွင်းမှာပဲ ရှိတယ် မင်းသား”

ဟု ပြောလိုက်သည်။

လုချန်းက အပြစ်ကင်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး

“အိုး။ အဲဒီလိုလား။ ဒါဆို ကိုယ့်ဇနီး‌တွေ တကယ်ပဲ အတွင်းထဲက စိတ်လှုပ်ရှားနေသလားဆိုတာ စစ်ဆေးဖို့ လိုအပ်တယ်။”

ထိုသို့ပြောပြီးသည်နှင့် လုချန်းက မုကျိရွှမ်းကို ချက်ချင်း ပွေ့ဖက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးတော့မည့်ဟန် ပြုလိုက်သည်။ မုကျိရွှမ်းက မျက်နှာရဲရဲဖြင့် ညင်သာစွာ ကန့်ကွက်လိုက်သည်

“မင်းသား။ ညီအစ်မတွေ အားလုံး ကြည့်နေကြတယ်။”

လုချန်းသည် ရယ်မောလိုက်ပြီး မုကျိရွှမ်း၏ ခန္ဓာကိုယ်ကို တကယ် စစ်ဆေးခြင်း မပြုပဲ “ကောင်းပြီလေ၊ ပြန်ကြရအောင်”

ဟု ဆက်ပြောလိုက်သည်။

နောက်ထပ် စကားများစွာ မပြောပဲ သူတို့အားလုံး မင်းသားစံအိမ်သို့ ဦးတည်သွားကြသည်။

ထိုအချိန်တွင် ကျော့ရှင်းသော အရိပ်နှစ်ခုနောက်တွင် ကျန်ရစ်ခဲ့သည်။

လုချန်း၏ နောက်ကျောကိုကြည့်ရင်း ချူးချင်လီ၏ အလွန်တုန်လှုပ်နေသည်။ သူမလည်း လုချန်း ပြန်လာရန် လပေါင်းများစွာ သို့မဟုတ် နှစ်ဝက်‌လောက်ပင် ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုမျှတိုတောင်းသော ကာလအတွင်း သူသည် ထျန်းချီဘုရင်၏ တပ်မတော်ကို ချေမှုန်းပြီး ရန်ခရိုင်သို့ ပြန်လာခဲ့သည်။

ယခု လုချန်း ရန်ခရိုင် ပြန်ရောက်လာပြီဆိုတော့ သူမနှင့် သူမ၏ အစ်မ လုချန်းနှင့် လက်ထပ်တော့ရမည်ဟု ဆိုလိုတာလား။

လုချန်း ပြန်လာသောအခါ သူတို့နှင့် လက်ထပ်မည်ဖြစ်ကြောင်း ချူးယုချင်က မကြာသေးမီက သူမအား ပြောခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြင်ဆင်ထားရန် ပြောခဲ့သည်။

သူမ စိတ်ပိုင်းဆိုင်ရာအားဖြင့် မပြင်ဆင်ရသေးခင်မှာ ဒီလူက ဘာ့ကြောင့် ဒီလောက်မြန်မြန် ပြန်လာနိုင်ရတာလဲ။

ထိုအချိန်တွင် ချူးချင်လီဘေးရှိ ချူးယုချင်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏ နှလုံးခုန်နှုန်း မြန်နေပြီး လုချန်းသည် ထွက်ခွာသွားချိန်တွင် သူမ၏ နားရွက်နားကပ်၌ တီးတိုးပြောခဲ့သော စကားများကို အနည်းငယ် မှတ်မိနေသည်။ သူ ပြန်လာသောအခါ သူမနှင့် လက်ထပ်မည်ဟု ပြောခဲ့သည်။

ယခု လုချန်းနှင့် သူမ လက်ထပ်ရန် အတားအဆီးများ မရှိတော့သောကြောင့် သူမ မကြာမီ လုချန်း၏ အမျိုးသမီး ဖြစ်လာတော့မည်ဟု ဆိုလိုတာလား။

သူမသည် အတွင်းဆောင်တွင် နေထိုင်ခဲ့ပြီး ဇာတ်လမ်းများစွာကို ကြားဖူးသော်လည်း လုချန်းနှင့် ဘယ်တော့မှ အတူနေထိုင်ခဲ့ဖူးခြင်း မရှိပေ။ သူမသည် အပျိုစင်တစ်ဦး ဖြစ်သည်။ လုချန်းနှင့် အတူနေထိုင်ပြီး သူ၏ အခြားအမျိုးသမီးများကဲ့သို့ ဖြစ်လာမည့်အကြောင်း တွေးတောမိသောအခါ ချူးယုချင် မျက်နှာပူလာပြီး စိတ်ခံစားချက်များရှုပ်ထွေးသွားသည်။

ထို့နောက် သူမ၏ စိတ်ထဲတွင် ချူးယုချင်သည် မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

လုချန်း၏ အမျိုးသမီး ဖြစ်လာရုံသက်သက် မဟုတ်လား။ ဘာကြောင့် စိုးရိမ်နေရမှာလဲ။ သူတို့ ယခင်က ပွေ့ဖက်နမ်းရှုပ်ခဲ့ကြပြီးပြီပဲ။ အဲဒီလိုလုပ်တာက ပွေ့ဖက်နမ်းရှုပ်တာနဲ့ ဘာမှ မကွာခြားပါ။ ဒီလောက် စိုးရိမ်နေစရာ မလိုပေ။

..........

All Chapters