← Chapters

အခန်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အခန်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အခန်း( ၄၂၇ )

ဒါဆို မြောက်ပိုင်းမင်းသားက မင်းအလှကို သဘောကျသွားပြီလား (၂)

သို့သော် ဤကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ကျူးနိုင်ငံတော်ဘက်က မြောက်ပိုင်းပြည်နယ်၏ ရန်ခရိုင်တွင် အမြဲတမ်းနေထိုင်ရန် သံတမန်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရမည်ဖြစ်ပြီး မြောက်ပိုင်းပြည်နယ်ကလည်း ကျူးနိုင်ငံတော်၏ နေပြည်တော်တွင် အမြဲတမ်းနေထိုင်မည့် သံတမန်အဖွဲ့ကို စေလွှတ်ရမည်ဖြစ်သည်။

အပေါ်ယံအားဖြင့်တော့ ထိုလုပ်ရပ်က ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက်ဖြစ်၏။ ကုန်သည်လှည်းများနှင့် ပတ်သက်၍ ပြဿနာများပေါ်ပေါက်လာပါက ဖြေရှင်းရန်ဖြစ်သည်။

သံတမန်အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းဖြင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကုန်သွယ်ရေးအတွက်ဟု ဆိုသော်လည်း အမြင်ကျယ်သူတိုင်း သိမြင်နိုင်သည်က ဤအရာသည် သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှင့် မခြားနားပေ။ နှစ်ဖက်စလုံးက အများပြည်သူရှေ့မှောက်တွင် သံတမန် ဆက်ဆံရေး တိုက်ရိုက် မပြုလုပ်ရုံသာ ဖြစ်သည်။

ထိုအချိန်တွင် မုယုံရွှီက ပြုံးလျက်

“ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နဲ့ ပက်သက်ပြီး ကျွန်မတို့ဘက်က ကန့်ကွက်စရာမရှိတော့ပါဘူး။ ဒီနေ့ပဲ လက်မှတ်ရေးထိုးနိုင်ပါတယ်။”

လုချန်းက

“ကောင်းပါပြီ။ အဲ့ဒါဆိုရင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယူလာခဲ့ပါ။”

လုချန်း၏စကားဆုံးသည်နှင့် ပိတ်လိပ်တစ်ခုစီ ကိုင်ဆောင်လျက် အထူးကိုယ်ရံတော်နှစ်ဦး ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အထူးကိုယ်ရံတော်တစ်ဦးက မုယုံရွှီရှေ့ရှိ စားပွဲပေါ်တွင် ပိတ်တစ်လိပ်ကို ထားလိုက်ပြီး အခြားတစ်ဦးက လုချန်းရှေ့ရှိ စားပွဲပေါ်တွင် ပိတ်လိပ်တစ်လိပ်ကို တင်ပေးလိုက်သည်။

ပိတ်လိပ်ကို ဖွင့်လိုက်သောအခါ မြောက်ပိုင်းပြည်နယ်နှင့် ကျူးနိုင်ငံတော်တို့အကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ စည်းကမ်းချက်များကို ရေးထိုးထားသော အဝါရောင်စာလုံးများပါသည့် အနက်ရောင် အနက်ရောင် ပိုးထည်များကို တွေ့ရသည်။

မြောက်ပိုင်းပြည်နယ်သည် စက္ကူအစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်စွမ်းရှိပြီးဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ချုပ်ဆိုသောစာချုပ်များတွင် ပိုးထည်ကိုသာ အသုံးပြုဆဲဖြစ်သည်။ ပိုးထည်များသည် စက္ကူနှင့်နှိုင်းယှဉ်ပါက ပျက်စီးရန် ခက်ခဲ၏။ ထို့ပြင် ကျူးနိုင်ငံတော် အပေါ်လေးစားမှုကိုလည်း ဖော်ပြနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အခြားနိုင်ငံများသည် နှစ်နိုင်ငံသဘောတူညီချက်များ ချုပ်ဆိုရာတွင် စက္ကူကို အသုံးမပြုသေးသောကြောင့်ဖြစ်သည်။

ပိတ်လိပ်ကို ဖွင့်ပြီးသည်နှင့် လုချန်းက သူ၏လက်ထဲမှ နယ်စားတံဆိပ်ကို ထုတ်ယူကာ ပိတ်လိပ်ပေါ်တွင် ရိုက်နှိပ်လိုက်ပြီး မုယုံရွှီလည်း အလားတူပင် တံဆိပ်တစ်ခုကို ထုတ်ယူကာ နှိပ်လိုက်သည်။

တံဆိပ်များ နှိပ်ပြီးနောက် နှစ်ဖက်စလုံး ပိတ်လိပ်များကို လဲလှယ်ကြသည်။

မုယုံရွှီ၏ လက်ထဲမှ ပိတ်လိပ် လုချန်းရှေ့သို့ ရောက်သောအခါ သူမအသုံးပြုသော တံဆိပ်သည် ကျူးနိုင်ငံတော်၏ ဝန်ကြီးချုပ်၏ တံဆိပ်ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။

လုချန်း၏ စိတ်ထဲရယ်မောလိုက်သည်။ အစက သူ မုယုံရွှီကို ကျူးနိုင်ငံ၏ နန်းတွင်းဝန်ကြီး အဖြစ်သာ မှတ်ယူထားခဲ့သည်။

သို့သော် ထိုရာထူးက အဲ့ဒီလောက် ရိုးရှင်းပုံ မရပေ။ လက်ထဲတွင် ဝန်ကြီးချုပ်တံဆိပ်တုံး ကိုင်ထားနိုင်ပါက ဝန်ကြီးချုပ်အစစ်တစ်ယောက်နှင့် ဘာမှခြားနားတော့မည် မဟုတ်ပေ။

ထိုအတွေးများကို ဆက်မတွေး‌တော့ပဲတံဆိပ်ခတ်နှိပ်ခြင်းကိုသာ လုချန်း ဆက်လက်လုပ်ဆောင်လိုက်သည်။ တံဆိပ်ခတ်ပြီးသည်နှင့် စာလိပ်များကို တစ်ဖန်လဲလှယ်ကြသည်။

ထိုသို့ဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ဆိုခြင်း အောင်မြင်စွာ ပြီးဆုံးသွားသည်။

ထိုအချိန်တွင် မုယုံရွှီက

“ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါပြီ မြောက်ပိုင်းနယ်စားမင်းသား။ ကျွန်မတို့သံတမန်အဖွဲ့ ကျူးနိုင်ငံတော်သို့ ပြန်ရတော့မှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မြောက်ပိုင်းပြည်နယ်ရဲ့ သံတမန်အဖွဲ့ဝင်တွေကို နှစ်ရက်အတွင်း သတ်မှတ်ပေးပါ။ သူတို့ကို ကျွန်မတို့နှင့်အတူ ကျူးနိုင်ငံတော်သို့ ပြန်ခေါ်သွားမှာပါ။”

လုချန်းက

“ပြဿနာမရှိပါဘူး”

ဟု အတည်ပြု‌ပေးလိုက်သည်။

...

နှစ်ရက်အကြာတွင် ကျူးနိုင်ငံတော်သံတမန်အဖွဲ့သည် မြောက်ပိုင်းပြည်နယ်တွင် သံတမန်သုံးဦးချန်ထားခဲ့ပြီး ကျန်သူများသည် မုယုံရွှီနှင့်အတူ ကျူးနိုင်ငံတော်သို့ ပြန်လည်ထွက်ခွာသွားကြသည်။ လုချန်းကလည်း မြောက်ပိုင်းပြည်နယ်မှ အရာရှိများအား ကျူးနိုင်ငံတော်၏ မြို့တော်သို့ လိုက်ပါစေခဲ့သည်။

ကျူးနိုင်ငံတော်သံတမန်အဖွဲ့ ရန်ခရိုင်မှ ထွက်ခွာပြီးမကြာမီ ရှနိုင်ငံတော်နန်းတွင်းမှ စေလွှတ်သော သံတမန်အဖွဲ့ ရောက်ရှိလာခဲ့သည်။

လုချန်းအံ့ဩသွားခဲ့သည်။ ယခုအကြိမ်တွင် ဆွမ်ဧကရာဇ်က စစ်တူစီကို မစေလွှတ်ပဲ ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန်ကို စေလွှတ်ခဲ့သည်။

လုချန်း ကျောင်းဝမ်ဟန်နှင့် ရင်းနှီးမှုမရှိခဲ့ပေ။ နေပြည်တော်တွင်နေစဉ်အခါက သူနှင့် တစ်ကြိမ်တစ်ခါမှပင် စကားမပြောဖူးပါ။ အကြိမ်အနည်းငယ်သာ မြင်ဖူးခဲ့သည်။

ဆွမ်ဧကရာဇ် ကျောင်းဝမ်ဟန်ကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခြင်းသည် ယခင်က စစ်တူစီကို စေလွှတ်ခဲ့သကဲ့သို့ပင် လုချန်းထံ ချီးကျူးစကားပါးရန် ဖြစ်သည်။ နန်းတွင်းမင်းသားများသည် အရည်အချင်းမရှိကြောင်း မြောက်ပိုင်းမင်းသားသည် စာပေနှင့် စစ်ရေးနှစ်ရပ်စလုံးတွင် ထူးချွန်ကာ ဧကရာဇ်ဖြစ်ရန် အလားအလာရှိသူဖြစ် ကြောင်း ချီးကျူးစကားများ ပြောဆိုရန်ဖြစ်သည်။

ဆွမ်ဧကရာဇ်၏ ထိုလုပ်ရပ်သည် သူ့ကို သစ္စာရှိစေရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း လုချန်းကောင်းစွာနားလည်ထားသည်။ ဆွမ်ဧကရာဇ်က တစ်နေ့တွင် ထိုရာထူးကို သူ့အား ပေးအပ်လိမ့်မည်ဟု လုချန်း လုံးဝမယုံကြည်ပေ။

ဆွမ်ဧကရာဇ်သည် လုချန်း သူ၏သားအရင်း ဟုတ်မဟုတ်ကိုပင် သံသယရှိနေသူဖြစ်၏။ သူ့အား ထီးနန်းကို မည်သို့ လွှဲအပ်နိုင်မည်နည်း။

ယခု လုချန်းကို အများဆုံး စိုးရိမ်စေသည်မှာ ဆွမ်ဧကရာဇ်သည် အဆင့်လွန်ပညာရှင်များနှင့် ပူးပေါင်း၍ ကျူးကဲ့ကျုံကောင်းကို လုပ်ကြံရန် ပြင်ဆင်နေပြီလားဆိုတာကိုဖြစ်သည်။ ကျူးကဲ့ကျုံကောင်းသည် မြောက်ပိုင်းပြည်နယ်တွင် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ လုချန်း သူ့အား အနည်းငယ်မှ မထိခိုက် စေလိုပေ။

လုချန်း ဤမျှ စိတ်လွတ်ကိုယ်လွတ်နေနိုင်ခြင်း၊ နေ့စဉ် ဇနီးမယားများနှင့် အချိန်ဖြုန်းနိုင်ခြင်းက ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီးနောက်ပိုင်း နိုင်ငံရေးကိစ္စအများစုကို လွှဲအပ်ထားနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ ကျူးကဲ့ကျုံကောင်း မရှိတော့ပါက လုချန်း သူ၏ဇနီးများနှင့် အချိန်ဖြုန်းနိုင်‌ တော့မည် မဟုတ်ပေ။

မြောက်ပိုင်းပြည်နယ်၏ သံတမန်အဖွဲ့ ကဲ့သို့မဟုတ်ပဲ ကျောင်းဝမ်ဟန်သည် ရန်ခရိုင်တွင် နှစ်ရက်သာ နေထိုင်ခဲ့သည်။ ဆွမ်ဧကရာဇ်၏ သတင်းစကားကို ပြောပြီးနောက် သူ ရန်ခရိုင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ကျောင်းဝမ်ဟန်သည်လည်း အသက်ကို စိုးရိမ်တတ်သူဖြစ်သည်။ မြောက်ပိုင်းပြည်နယ် ရုတ်တရက် ပုန်ကန်မည်ကို သူအလွန်ကြောက်ရွံ့နေပြီး စစ်ကြေညာခြင်း၏ ပထမဆုံး လှုပ်ရှားမှုအနေနှင့် သူ့ကိုသတ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ကျောင်းဝမ်ဟန် ထွက်သွားပြီးနောက် သူအလိုချင်ဆုံး အခမ်းအနားတစ်ခုကို ကြိုဆိုရန် လုချန်းအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုအခမ်းအနားမှာ ချူးယုချင်နှင့် လက်ထပ်မည့်ပွဲဖြစ်သည်။

ကျုးနိုင်ငံတော်။

ဧကရာဇ်မ၏ အိပ်ခန်း။

အနီရောင် ကန်လန့်ကာများနောက်တွင် အမျိုးသမီးတစ်ဦး၏ ကျော့ရှင်းသော ကျောပြင်ကို ခပ်ဝါးဝါး မြင်နေရသည်။ ကန့်လန့်ကာ အပြင်ဘက်တွင်မူ အမျိုးသမီးတစ်ဦး ဒူးထောက်နေသည်။ ထိုသူမှာ မြောက်ပိုင်းပြည်နယ်မှ ပြန်လာခဲ့သော မုယုံရွှီပင်ဖြစ်သည်။

ကန့်လန့်ကာအတွင်းမှ အမျိုးသမီးက ရယ်မောလိုက်ပြီး

“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက နင့်အလှကို သဘောကျသွားပုံပဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ မုယုံရွှီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး

“ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်တုန်းကမှ မမြှူဆွယ်ခဲ့ပါဘူး။ သူကသာ ကျွန်မကို စိုက်ကြည့်နေခဲ့တာပါ။”

ယွဲ့ဧကရာဇ်က မုယုံရွှီ၏ စကားကို ဂရုမစိုက်ပဲ

“ကာမဂုဏ်မှာ မွေ့လျော်တတ်တဲ့ ယောက်ျားတစ်ယောက်။ ဒါပေမဲ့ အသက် ၁၇ ၊ ၁၈ အရွယ်မှာ အဆင့်လွန်ပညာရှင်အဆင့် ရောက်နိုင်ခဲ့တယ်။ သူ့ရဲ့ ကျင့်စဉ်က အတော်လေး ထူးခြားပုံရတယ်။”

အခန်း (၄၂၈)

ဒါဆို မြောက်ပိုင်းမင်းသားက မင်းအလှကို သဘောကျသွားပြီလား (၃)

ယွဲ့ဧကရာဇ်က ဆက်လက်၍

"သူက နင့်ကို သဘောကျသွားပြီဆိုတော့ နောင်ပိုင်း နင်မြောက်ပိုင်းပြည်နယ်ကို ခဏခဏ သွားရလိမ့်မယ်။"

ဒါက...

ယွဲ့ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ မုယုံရွှီ ချက်ချင်းပင် အံ့အားသင့်သွားသည်။

ယွဲ့ဧကရာဇ်သည် သူမကို အသုံးချ၍ မြောက်ပိုင်းနယ်စားမင်းသားကို ထောင်ချောက်ဆင်ရန် ကြံစည်နေခြင်း ဖြစ်နိုင်ပါသလား။

ထိုသို့သော ထောင်ချောက်က လုချန်းအပေါ် အလုပ်ဖြစ်မည်ဟု မုယုံရွှီ မယုံကြည်ပေ။ လုချန်းသည် လှပသော အမျိုးသမီးများနှင့် ပေါင်းသင်းရသည်ကို နှစ်သက်သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများသည် အလွန်လှပကြသည်။ သူမကို အကြိမ်အနည်းငယ် စိုက်ကြည့်ခဲ့ခြင်းမှာ ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဝင်စားမှု သက်သက်သာ ဖြစ်နိုင်သည်။

မုယုံရွှီ စကားမပြောသည်ကို မြင်သောအခါ ယွဲ့ဧကရာဇ်၏ လေသံ ရုတ်တရက် အေးစက်သွားကာ

"ဘာလဲ။ နင်က မလိုလားဘူးလား။"

မုယုံရွှီသည် အလျင်အမြန် ပင်

"ကျွန်မ ဆန္ဒရှိပါတယ်။ အရှင်မ ဘယ်လို အမိန့်ပေးပေး ကျွန်မ လုပ်ဆောင်ပါမယ်။"

ထို့နောက် ယွဲ့ဧကရာဇ်က ဆက်လက်၍

"ဒါနဲ့ နင် အပြင်မှာ ယောက်ျား အချစ်‌တော်တွေ တော်တော်များများ မွေးထားတယ်လို့ ကြားတယ်။ အဲ့ဒါ အမှန်ပဲလား။"

ထိုစကားကို ကြားသောအခါ မုယုံရွှီ အလွန်တုန်လှုပ်သွားပြီး အလျင်အမြန် ကြမ်းပြင်ပေါ် ဝပ်လိုက်ကာ

"လုံးဝ မဟုတ်ပါဘူး အရှင်မ။ ကျွန်မ နန်းတော်အပြင်က‌တောင် မထွက်ပါဘူး။ အပြင်မှာ ဘယ်လိုလုပ် ယောက်ျား အချစ်‌တော်တွေ ထားနိုင်မှာလဲ။ ပြီးတော့ ကျွန်မက အပျိုစင်ပါ။ ဘယ်ယောက်ျားနှင့်မျှ မပတ်သက်ဖူးပါဘူး"

ဟု အလျင်အမြန် လျှောက်တင်လိုက်သည်။

ယွဲ့ဧကရာဇ်က

"ဒါဆို နင့်ကို တစ်ယောက်ယောက်က မဟုတ်မမှန် စွပ်စွဲနေတယ်ဆိုတဲ့ သဘောလား။ ဘယ်သူက ဒီလို ကောလာဟလတွေကို ဖြန့်နေတယ်လို့ နင်ထင်လဲ။"

မုယုံရွှီက

"ကျွန်မ မသိပါဘူး"

ယွဲ့ဧကရာဇ်က ဆက်လက်၍

"နင်မသိဘူးလား။ နန်းတွင်းဝန်ကြီးချုပ်ဖြစ်တဲ့ နင်မသိတဲ့အရာတွေ ရှိသေးလို့လား။"

ထိုစကားကို ကြားလိုက်ရသောအခါ မုယုံရွှီ၏ နုနယ်သော ကိုယ်ခန္ဓာ တုန်ရီသွားပြီး သူမ၏ ပါးပြင်တွင် ချွေးစေးများ စို့လာသည်။

ထိုအချိန်တွင် ကန့်လန့်ကာနောက်မှ မည်သည့်အသံမှ မကြားရတော့ပေ။ ကုလားကာနောက်မှ အစေခံ မိန်းကလေး အချို့သည် လန့်ဖျပ်စွာ ထွက်လာကြပြီး ယွဲ့ဧကရာဇ်၏ အနီရောင် ဖီးနစ်ဝတ်ရုံကို ခပ်ဝါးဝါး မြင်နေရသည်။

ယွဲ့ဧကရာဇ် အဝတ်ဝတ်နေခြင်း ဖြစ်သည်။

ခဏအကြာတွင် ယွဲ့ဧကရာဇ်က

"နင်အပြင်မှာ ယောက်ျား အချစ်‌တော်တွေ မွေးထားတယ်ဆိုတဲ့ ကိစ္စက မဟုတ်မမှန် စွပ်စွဲခံရတာ ဆိုရင် နင့်ရဲ့သန့်ရှင်းမှုအတွက် အသေးစိတ် စစ်ဆေးသင့်တယ်လို့ ငါထင်တယ်။"

သူမပြောနေစဉ် အတွင်းမှ လေတစ်ချက် တိုက်ခတ်လာပြီး အနီရောင် ကာလန့်ကာများကို ဖယ်ရှားလိုက်သည်။ ထိုအခါ သက်ရှိအားလုံးကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုရှိသည့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

နောက်တစ်ခဏတွင် ကြမ်းပြင်ပေါ်၌ ဝပ်တွားနေသော မုယုံရွှီသည် ရုတ်တရက် လွင့်ပျံတက်သွားပြီး သူမ၏ ကိုယ်ခန္ဓာလည်း ကန့်လန့်ကာဆီသို့ တည့်တည့် ရောက်သွားသည်။

ထို့နောက် မကြာမီ မုယုံရွှီ၏ အဝတ်အစားများ စုတ်ပြဲသွားပြီး သူမ၏ ဖြူဖွေးသော အသားအရေများ ပေါ်လာသည်။ မုယုံရွှီ၏ တစ်ကိုယ်လုံးသည် ယွဲ့ဧကရာဇ်ရှေ့တွင် မည်သည့် အကာအကွယ်မျှ မရှိပဲ ပေါ်လာသည်။

ယွဲ့ဧကရာဇ်က မုယုံရွှီ၏ ကိုယ်ခန္ဓာကို တစ်ချက်ကြည့်ပြီးနောက်

"အပျိုစင်လက္ခဏာက ရှိသေးတာပဲ။ နင် တကယ်ပဲ မဟုတ်မမှန် စွပ်စွဲခံရပုံရတယ်။"

ထိုသို့ ပြောရင်း ယွဲ့ဧကရာဇ်က သူမ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ကုတင်ပေါ်မှ ရွှေရောင်ပိုးထည်တစ်ခု သူမ၏ လက်ထဲသို့ ရောက်လာသည်။ ထို့နောက် သူမက ထိုပိုးထည်ကို မုယုံရွှီအပေါ်သို့ ပစ်ချလိုက်ပြီး သူမ၏ ဖြူဖွေး၍ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ကိုယ်ခန္ဓာကို ဖုံးအုပ်လိုက်သည်။

ယွဲ့ဧကရာဇ်က ဆက်လက်၍

"နင် သွားနိုင်ပြီ။"

မုယုံရွှီလည်း အလျင်အမြန် ပိုးထည်ကို ခန္ဓာကိုယ်တွင် ရစ်ပတ်လိုက်ကာ

"ဟုတ်ကဲ့ပါ အရှင်မ။"

ထို့နောက် သူမ ယွဲ့ဧကရာဇ်၏ အိပ်ခန်းမှ လှည့်ထွက်သွားသည်။

မုယုံရွှီ ထွက်လာသောအခါ သူမ၏ တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေပြီး ယွဲ့ဧကရာဇ် အခုလေးတင် လွှမ်းခြုံပေးခဲ့သော ပိုးထည်ပင်လျှင် ချွေးများဖြင့် စိုရွှဲနေသည်။

ထို့နောက် မုယုံရွှီ သက်ပြင်းချလိုက်ပြီးနောက် သူမ၏ စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။

......

ထိုအချိန်တွင်။

ဝူနိုင်ငံတော်။

အရှေ့တောင်ဘက်ရှိ မြို့တစ်မြို့အတွင်း၌ လူတစ်စုက မင်းသမီး ဝူကျန်းဝမ်ရှေ့တွင် ဒူးထောက် တောင်းပန်နေကြသည်။

"ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါမင်းသမီး ကျန်းဝမ်။ အခုကစပြီး ကျန်းမိသားစုကိုဟာ မင်းသမီး ဘယ်လိုအမိန့်ပေး ပေး စွမ်းစွမ်းတမံ လုပ်ဆောင်ပါမယ်။ ကျွန်တော်တို့ဟာ မင်းသမီးရဲ့ ခွေးများ ဖြစ်ပါတယ်။"

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ပြုံးလိုက်ပြီးနောက်

"ကျန်းမိသားစုခေါင်းဆောင်။ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ရှင်ဘာလို့ မတွေးခဲ့တာလဲ။ ကျွန်မက ရှင့်ကို လက်နက်ချဖို့ အချိန်အလုံအလောက် ပေးခဲ့တယ်။ ဒါပေမဲ့ ရှင်က အလေးမထားတဲ့အပြင် သူပုန်အများကြီး စုစည်းပြီး ဘုရင်ဖြစ်ဖို့တောင် စိတ်ကူးယဉ်နေသေးတယ်။"

ဝူကျန်းဝမ်ရှေ့တွင် ဒူးထောက်နေသော အမျိုးသား ပြန်ပြောရန် ပြင်လိုက်သော်လည်း ဝူကျန်းဝမ်က

"သူ့ကို ခေါ်သွားပြီး ခေါင်းဖြတ်လိုက်"

ဟု အမိန့်ပေးလိုက်သည်။

ထို့နောက် စစ်သားအချို့ ရောက်ရှိလာပြီး ဝူကျန်းဝမ်ရှေ့တွင် ဒူးထောက်နေသူများကို ဆွဲခေါ်ကာ အခြားတစ်နေရာသို့ ခေါ်ဆောင်သွားကြသည်။

"ကျွန်တော်တို့ကို ချမ်းသာပေးပါ မင်းသမီး။"

"မင်းသမီး။ မင်းသမီး။ ကျွန်တော်တို့ကို ချမ်းသာပေးတော်မူပါ။"

"ဝူမျိုးနွယ်တွေ။ မင်းတို့ ကောင်းကောင်းသေရမှာ မဟုတ်ဘူး။ ငါ သေပြီးရင် တစ္ဆေဘဝနဲ့တောင် မင်းတို့ ဝူမျိုးနွယ်ကို လွှတ်မပေးဘူး။"

…

မကြာမီ အသံများ ဝေးကွာသွားကာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

"ဒီလောက်ကြာကြာ အပြင်မှာနေခဲ့ပြီးပြီဆိုတော့ ပြန်သင့်ပြီ။ ငါ့ရဲ့ ချစ်လှစွာသော အစ်ကိုတော်တွေ ငါ့ကို လွမ်းနေကြမလား မသိဘူး"

ဟု တီးတိုးရေရွတ်လိုက်သည်။

အရှေ့တောင်ပိုင်းရှိ အကြီးဆုံး အာဏာရှိ မိသားစုဖြစ်သော ကျန်းမိသားစု ပြိုလဲသွားသောအခါ ဝူနိုင်ငံတော်၏ ပြည်တွင်းရေး မငြိမ်သက်မှုလည်း အဆုံးသတ်သွားခဲ့သည်။ ဤပြည်တွင်းစစ်တွင် မင်းသမီး ဝူကျန်းဝမ်သည် အရေးအပါဆုံးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူမသည် သူပုန်ခေါင်းဆောင်အများစုကို လက်နက်ချရန် စည်းရုံးနိုင်ခဲ့ပြီး ကျန်ရှိသော သူပုန်များနှင့် ပုန်ကန်မှုကို စတင်ခဲ့သော သူပုန်များကိုလည်း သူမ၏ တပ်များဖြင့် ချေမှုန်းနိုင်ခဲ့သည်။

သူမမတိုင်မီ သူမ၏ အစ်ကိုတော်အချို့လည်း ပုန်ကန်မှုကို နှိမ်နင်းရန် တပ်များကို ဦးဆောင်ခဲ့ကြသည်။ အစပိုင်းတွင် ဝူဧကရာဇ်သည် သူမ၏ အစ်ကိုတော်များ စစ်ရေးဆိုင်ရာ အောင်မြင်မှုအချို့ ရရှိစေလိုသောကြောင့် ခွင့်ပြုခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်း သူမ၏ အစ်ကိုတော်များသည် အသုံးမဝင်ခဲ့သည့်အပြင် သူပုန်များ၏ ထောင်ချောက်ထဲသို့ ကျရောက်ကာ ဝူနိုင်ငံတော်၏ စစ်သားအများအပြားကို ဆုံးရှုံးခဲ့ရုံသာမက သူတို့ပင် မနည်းရ‌အောင်ပြန်ထွက်လာခဲ့ရသည်။

ဝန်ကြီးချုပ် ချိုင်ကျိလျှံ၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုကြောင့်သာ ဝူဧကရာဇ်သည် ဝူကျန်းဝမ်အား ပုန်ကန်မှုကို နှိမ်နင်းရန် တပ်များကို ဦးဆောင်ခွင့်ပြုခဲ့သည်။

ယခုအကြိမ်က ဝူနိုင်ငံတော်တွင် အမျိုးသမီးတစ်ဦးအား တပ်များကို ဦးဆောင်ခွင့်ပြုသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သဘောမတူသူများလည်း နန်းတွင်းတွင် အများအပြားရှိခဲ့သည်။ သို့သော် အငြင်းပွားမှုများရှိသော်လည်း ကျန်းဝမ်မင်းသမီးတွင် ပုန်ကန်မှုကို နှိမ်နင်းနိုင်သည့် အရည်အချင်းရှိကြောင်း ထိုဝန်ကြီးများ ကောင်းစွာသိရှိထားကြသည်။

သူတို့၏ကန့်ကွက်မှုသည် ဝူကျန်းဝမ်၏ ကိုယ်ပိုင်စွမ်းရည်ကြောင့် မဟုတ်ပေ။ ဝူကျန်းဝမ်အား ဝူဧကရာဇ်က မင်းသမီးဘွဲ့ပေးခဲ့ခြင်းသည်ပင် သူမ၏ ထက်မြက်သော စွမ်းရည်များကို သက်သေထူနေသည်။ နန်းတွင်းအရာရှိများ ဝူကျန်းဝမ်၏ ဦးဆောင်မှုကို ကန့်ကွက်ရသည့် အဓိကအကြောင်းရင်းမှာ သူမက အမျိုးသမီးတစ်ဦး ဖြစ်နေခြင်း ကြောင့်ပင်ဖြစ်သည်။

ထို့ပြင် ဝူကျန်းဝမ်တွင် အိမ်နီးချင်း ကျူးနိုင်ငံတော်၏ ဧကရာဇ်မနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ယခု သူမသည် ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ပြီး စစ်ရေးဆိုင်ရာ အောင်မြင်မှုများ ရရှိနေခဲ့ပြီဖြစ်သည်။ သူမ ထိန်းချုပ်ထားသော ကြီးမားသော ထောက်လှမ်းရေး ကွန်ရက်နှင့် ပေါင်းစပ်လိုက်သောအခါ နောင်တွင် သူမ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။

ဝူနိုင်ငံတော်တွင် ဧကရာဇ်မတစ်ပါး ပေါ်ထွန်းလာမည်ကို ဝူနိုင်ငံတော်၏ အရာရှိများ လုံးဝ မလိုလားကြပေ။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် စစ်တပ်ကြီးကို ဝူနိုင်ငံတော်၏ နေပြည်တော်သို့ ပြန်လည်စေလွှတ်ရန် ပြင်ဆင်နေစဉ် စစ်သားတစ်ဦး သူမရှေ့သို့ ရောက်လာပြီး စာတစ်စောင်ကို လက်နှစ်ဖက်ဖြင့် ပေးအပ်ကာ ဒူးတစ်ဖက်ထောက်လျက်

"မင်းသမီး ကျန်းဝမ်။ ဒီစာက ဝန်ကြီးချုပ် ချိုင်ထံမှ ဖြစ်ပါတယ်။ သူက မင်းသမီးကို နေပြည်တော် အမြန်ဆုံး ပြန်လာဖို့ တောင်းဆိုထားပါတယ်။"

...........

အခန်း (၄၂၉)

ချူးယုချင် ကိုယ်ဝန်ရခြင်း (၁)

စစ်သည်၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က သူ၏လက်ထဲမှ စာကိုယူ၍ ဖွင့်ကာ တစ်ချက် ကြည့်လိုက်သည်။

စာထဲမှ အကြောင်းအရာက အတော်လေး ရိုးရှင်းသည်။ ချိုင်ကျိလျှံသည် ဝူဧကရာဇ်အား မြောက်ပိုင်းပြည်နယ်သို့ သံတမန်များ စေလွှတ်ရန်၊ ကုန်သွယ်ရေး ဆက်ဆံမှုများ တည်ထောင်ရန် ကြိုးပမ်းကာ ထိုမှတစ်ဆင့် ရှနိုင်ငံတော် နန်းတွင်းကို ပိုမို ရန်စရန် စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။

ဝူဧကရာဇ်၏ အကြံမှာ သူ၏ မင်းသားတစ်ပါးအား မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် စေလွှတ်ရန် ဖြစ်သည်။

ချိုင်ကျိလျှံ၏ အမြင်အရ ဝူကျန်းဝမ်သည် သူပုန်များကို နှိမ်နင်းပြီးဖြစ်သောကြောင့် မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် သွားရောက်ခွင့်ကို အခြားမည်သူ့ကိုမျှ မပေးသင့်ပေ။

ရှနိုင်ငံတော်အတွင်း ပြည်တွင်းစစ်မီး စတင်နိုင်ပါက ကြီးမားသောအောင်မြင်မှုတစ်ရပ် ဖြစ်လာမည်။ ဝူကျန်းဝမ်းအနေဖြင့် ထိုရာထူးအတွက် ယှဉ်ပြိုင်လိုပါက ဤအခွင့်အရေးကို မဖြစ်မနေ ဆုပ်ကိုင်ရမည်။

ချိုင်ကျိလျှံ၏ စာကို ဖတ်ပြီးနောက် ဝူကျန်းဝမ်၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားသည်။

သူမ အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို နှိမ်နင်းခဲ့ပြီးသည်မှာ မကြာသေးပေ။ အခုချက်ချင်း သူမ၏ မောင်နှမများနှင့် ယှဉ်ပြိုင်ခြင်းက ဧကရာဇ်အား အမျက်ထွက်စေနိုင်သည်။

အနည်းငယ် ဉာဏ်ရည်ထက်မြက်သူ မည်သူမဆို သိမြင်နိုင်သည်မှာ မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် သူ၏ မင်းသားတစ်ပါးကို ဝူဧကရာဇ် ရွေးချယ်လိုရခြင်း၏ အကြောင်းရင်းမှာ သူ၏ သားတော်များအား အောင်မြင်မှုအချို့ ရရှိစေပြီး ထိုမှတစ်ဆင့် နန်းတွင်းအာဏာ ချိန်ခွင်လျှာညှိရန် ဖြစ်သည်။

ယခု သမီးဖြစ်သူ ဝူကျန်းဝမ် မင်းသမီးသည် နန်းတွင်း၌ အတော်အတန် ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် အရှေ့တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီးနောက် သူမ၏ သြဇာအာဏာသည် ပိုမို ကျယ်ပြန့်လာခဲ့သည်။

ဝူဧကရာဇ်က သူမအား မင်းသမီးဘွဲ့ပေးကာ အရေးပါသည့်ပုံပန်းသဏ္ဍာန် ဖန်တီးပေးထားသော်လည်း သူ၏ထီးနန်းကို သူမအား အပ်နှင်းရန် ရည်ရွယ်သည်ဟု အတိအကျ မဆိုနိုင်ပေ။

ဝူမင်းဆက်သည် အမျိုးသမီးများထက် အမျိုးသားများကို အလွန်ဦးစားပေးသော စစ်ရေးကို အဓိကထားသည့် မင်းဆက်ဖြစ်ပြီး ဧကရာဇ်မတစ်ပါး ပေါ်ထွန်းလာခြင်းသည် မင်းဆက်ပြိုကွဲခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

သို့သော် ပြင်ပအခြေအနေများက အရေးမပါပါ။ အရေးကြီးသည်မှာ ဝူဧကရာဇ်၏ အမြင်ဖြစ်သည်။

ဝူဧကရာဇ်သည် ဝူနိုင်ငံတော်တွင် အမျိုးသမီးဧကရာဇ်ကို မလိုလားပါကမင်းသမီး ဝူကျန်းဝမ် မကြာမီ ရာထူးမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။

သူမ၏ ညီအစ်ကိုမောင်နှမ များနှင့် ပြိုင်ဆိုင်ရန် ပြန်သွားခြင်းက ဧကရာဇ်အား စိတ်ဆိုးစေနိုင်မည်ကို ဝူကျန်းဝမ် စိုးရိမ်၏။ ဧကရာဇ် အမျက်ထွက်သွားပါက သူမ၏ အာဏာကို ဘက်ပေါင်းစုံမှ ချိုးနှိမ်လာနိုင်ပြီး သူမ၏ အရှိန်အဝါကို လျှော့ချရန် စီစဉ်လာနိုင်သည်။ ထိုအခါ သူမကြိုးစားထားသမျှ အချည်းနှီး ဖြစ်သွားနိုင်သည်။

သို့သော် နောက်တစ်ကြိမ် စဉ်းစားကြည့်သောအခါ ချိုင်ကျိလျှံကဲ့သို့ ဉာဏ်ရည်ထက်မြက်သူသည် ဝူဧကရာဇ် နန်းတွင်းအာဏာချိန်ခွင်လျှာညှိရန် ကြိုးစားနေသည်ကို မသိပဲ နေလိမ့်မည် မဟုတ်ပေ။

သူမသည် ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ သားတော်များလည်း အောင်မြင်မှုအချို့ ရရှိရန် လိုအပ်သည်။ မဟုတ်ပါက ဧကရာဇ်သည် မင်းသမီးအား နန်းမွေဆက်ခံစေရန် ရည်ရွယ်ချက်ရှိရှိ ပြုစုပျိုးထောင်နေသည်ဟု ဝန်ကြီးအချို့ သံသယဝင်လာကြလိမ့်မည်။

ချိုင်ကျိလျှံလည်း ထိုအချက်ကို ကောင်းစွာနားလည်နိုင်သည်။ သူမအား အဘယ်ကြောင့် နေပြည်တော်သို့ အလျင်အမြန်ပြန်ကာ သူမ၏ မောင်နှမများနှင့် ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်စေလိုသနည်း။

ဝူကျန်းဝမ် ဇဝေဇဝါဖြစ်နေသည်။ ချိုင်ကျိလျှံ၏ အတွေးအခေါ်ကို သူမမမှန်းဆနိုင်ပေ။ စာထဲတွင် ထိုသို့ပြုလုပ်စေလိုသည့် အကြောင်းရင်းကို ချိုင်ကျိလျှံက ရှင်းပြထားခြင်း မရှိပေ။ နေပြည်တော်သို့ ပြန်ရောက်ပြီး ချိုင်ကျိလျှံနှင့် တွေ့မှသာ ထိုဉာဏ်ကြီးရှင်တွင် မည်သည့်အကြံအစည်ရှိသည်ကို သိရှိမည်နိုင်မည်ဖြစ်သည်။

ထိုသို့စဉ်းစားပြီးနောက် နေပြည်တော်သို့ အရင်ပြန်သွားပြီး အခြေအနေကို စောင့်ကြည့်ရန် ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် အရှေ့တောင်ပိုင်း ပုန်ကန်မှုကို သူမ နှိမ်နင်းနိုင်ပြီး ဖြစ်သောကြောင့် စစ်ရေးအာဏာကို လွှဲပြောင်းရန်နှင့် အစီရင်ခံစာ တင်ပြရန် နေပြည်တော်သို့ ပြန်သွားရမည်ဖြစ်သည်။ နေပြည်တော်သို့ ပြန်ရောက်ပြီး ချိုင်ကျိလျှံနှင့် တွေ့ဆုံပြီးမှသာ ချိုင်ကျိလျှံ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို သူမ သိလိမ့်မည်။

...

ရက်အနည်းငယ်ကြာပြီးနောက်။

မြောက်ပိုင်းပြည်နယ်။

ရန်ခရိုင်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မီးပုံးများဖြင့် အလှဆင်ထား၏။ နေရာတိုင်းတွင် အနီရောင် မီးပုံးကြီးများ ချိတ်ဆွဲထားကာ ပွဲတော်တစ်ခုအတွက် ပြင်ဆင်နေသည့်ပုံရသည်။

သို့သော် ‌ဒါက ပွဲတော်တစ်ခုအတွက် မဟုတ်ပါ။ လုချန်း၏ မင်္ဂလာဆောင် ရှိနေသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုချန်းသည် မြောက်ပိုင်းပြည်နယ်ရှိ ပြည်သူများ၏ သဘောထားကို စောင့်ကြည့်စေခဲ့ပြီး သူ ချူးယုချင်နှင့် ချူးချင်လီတို့ကို လက်ထပ်မည့်ကိစ္စနှင့် ပတ်သက်၍ လူအများ မည်သို့တွေးထင်သည်ကို လေ့လာခဲ့သည်။

အထူးကိုယ်ရံတော်များ၏ အစီရင်ခံစာအရ ပြည်သူများသည် သူ၏လက်ထပ်ပွဲ ကိစ္စကို လုံးဝဂရုမစိုက်ကြဟု သိရသည်။ သူတို့အများစုအတွက် လုချန်းသည် မူလကတည်းက ကာမဂုဏ် နှစ်သက်သည့် မင်းသားဖြစ်နေသည့်အတွက် သူမိန်းမဘယ်နှစ်ယောက်နှင့် လက်ထပ်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။

ချူးယုချင်နှင့် ပတ်သက်၍လည်း ပြည်သူများက စိတ်မဝင်စားကြပေ။ ယခုအခါတွင် တောင်ပိုင်းမှ ချူးမိသားစုနှင့် ဝမ်မိသားစုတို့သည် ဆူဖုန်းမြို့တွင် နန်းတွင်းစစ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံနေရပြီး မည်သည့်ဝင်ရောက်စွက်ဖက်မှုမှ မပြုနိုင်တော့ချေ။ ချူးယုချင် ယခင်က လက်ထပ်ဖူးသည်ဖြစ်စေ လက်မထပ်ဖူးသည်ဖြစ်စေ ဘယ်သူမှ ဂရုမစိုက်ကြတော့ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားကိုပင် လက်ထပ်ခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် ရှနိုင်ငံတော်မှ မုဆိုးမတစ်ဦးကို လက်ထပ်ခြင်းက ဘာမှထူးခြားမှု မရှိပေ။ ထို့ကြောင့် ပြည်သူများက လုံးဝဂရုမစိုက်ကြခြင်းဖြစ်သည်။

ပြည်သူများ၏ သဘောထားကို လုချန်း ဤမျှဂရုစိုက်ရခြင်းမှာ သူ၏ကိုယ်ပိုင်ဂုဏ်သတင်းအတွက် မဟုတ်ပဲ ချူးယုချင်၏ စိတ်ပိုင်းဆိုင်ရာ လက်ခံနိုင်မှုကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ အမျိုးသမီးများသည် ဂုဏ်ဒြပ်နှင့် ပတ်သက်၍ ပိုမိုအာရုံစိုက်တတ်ကြသဖြင့် ပြည်သူ့သဘောထားများက ချူးယုချင်၏ ဆုံးဖြတ်ချက်ကို ထိခိုက်စေနိုင် သောကြောင့်ဖြစ်သည်။

ယခုလို အရေးကြီးသော အချိန်ကာလတွင် မည်သည့်ပြဿနာမျှ မဖြစ်ပွားရန် အလွန်လိုအပ်သည်။ သူနှင့်ချူးယုချင် လက်ထပ်ပြီးသည့်နောက်ပိုင်းတွင် ပြည်သူများ ဘာပြောပြော ဆန်က ထမင်းဖြစ်သွားပြီး ဖြစ်သည့်အတွက် ချူးယုချင်အနေနှင့် လုချန်းနှင့် နေထိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် လက်ရှိအချိန်တွင်တော့ ပြဿနာ နည်းနည်းမှ မရှိရပါ။

ကံကောင်းထောက်မစွာပင် အရာရာက ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး ချူးယုချင်နှင့် ချူးချင်လီတို့ မင်္ဂလာဆောင်မည့်နေ့သို့ရောက်ရှိလာခဲ့သည်။

ထိုခေတ်ကာလတွင် သာမန်ပြည်သူများ၏ လက်ထပ်ပွဲဖြစ်ဖြစ်၊ မင်းသားတစ်ပါး၏ လက်ထပ်ပွဲ ဖြစ်ဖြစ် မင်္ဂလာ‌ဝေါယဉ်ကို ပင်မတံခါးမကြီးမှ ဝင်ခွင့်မပြုပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာမူ ကွဲပြားခြားနားသည်။

မုကျိရွှမ်းသည် ချူးယုချင်နှင့် ချူးချင်လီတို့၏ မင်္ဂလာ ဝေါယဉ်များကို တံခါးမကြီးမှ တိုက်ရိုက်ဝင်ရောက်ခွင့်ပြုခဲ့သည်။ သူတို့နှစ်ဦးသည် အနီရောင် မင်္ဂလာဆောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ပုံမှန်မင်္ဂလာဆောင်တစ်ခုနှင့် မည်သို့မှ ကွာခြားမှုမရှိပေ။

သို့ရာတွင် အိမ်ရှင်မ မုကျိရွှမ်းကိုယ်တိုင် ထိုစီစဉ်မှုများကို ကန့်ကွက်ခြင်းမရှိသည့်အတွက် အခြားသူများလည်း ဘာမှ မပြောဝံ့ကြပေ။ မြောက်ပိုင်းပြည်နယ်မှ အချို့အရာရှိများကတော့ ဤသို့လက်ထပ်ခြင်းမှာ ဓလေ့ထုံးတမ်းနှင့်မညီကြောင်း လုချန်းအား သီးသန့်သတိပေးခဲ့ကြသည်။

မင်္ဂလာဆောင်အခမ်းအနား ပြီးဆုံးသွားသောအခါ ချူးယုချင်နှင့် ချူးချင်လီတို့သည် သူတို့၏ မင်္ဂလာအခန်းသို့ ပြန်သွားကြသည်။ ထိုနေရာမှာ သူတို့ အမြဲနေထိုင်ခဲ့ကြသည့် တောင်ပိုင်းအဆောင်ပင်ဖြစ်သည်။

ထိုအချိန်တွင် ချူးယုချင်သည် မင်္ဂလာအိပ်ရာပေါ်၌ ထိုင်နေရင်း သူမစိတ်များ လုံးဝရှုပ်ထွေးနေကာ နှလုံးခုန်သံများ အလွန်ပြင်းထန်နေသည်ကို ခံစားရသည်။ လုချန်းနှင့် လက်ထပ်ရမည့်နေ့ တကယ်ရောက်လာလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ဖူးပေ။

........

All Chapters