အခန်း ၄၃၆-၄၃၈
Vol. 30 Ch. 436-438
အခန်း (၄၃၆ )
ကျူးကဲ့ကျုံကောင်း၏ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း (၂)
“လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသားနယ်ပယ် ရောက်သွားတဲ့သူ ဒီကမ္ဘာက အဆင့်လွန်ပညာရှင်တွေကို သတ်ရတဲ့ အဓိကအကြောင်းအရင်းက သူ့ရဲ့ အဆင့်တက်လှမ်းနိုင်ဖို့လို့ ကျွန်တော်သံသယရှိတယ်။”
“သူက ကောင်းကင်လူသားတစ်ယောက်ရဲ့ တန်ခိုးအာဏာကို ပြသဖို့ အဆင့်လွန်ပညာရှင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ပဲ လူတွေက ယုံကြည်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ ကောင်းကင်လူသားနယ်ပယ်ကို တက်လှမ်းဖို့ လိုအပ်တာကြောင့် အဆင့်လွန်ပညာရှင်များစွာကို သတ်ခဲ့ရတာပါ။”
ကျူးကဲ့ကျုံကောင်း၏ စကားများကို ကြားပြီးနောက် လုချန်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုသို့ဆိုလျှင် ကျူးကဲ့ကျုံကောင်းသည် မကြာမီကာလအတွင်း ကောင်းကင်လူသားနယ်ပယ်သို့ တက်လှမ်းရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းလား။
ဒါက ပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်။ အကယ်၍ ကျူးကဲ့ကျုံကောင်းသာ ကောင်းကင်လူသားနယ်ပယ်သို့ မတက်နိုင်ပါက အဆင့်လွန်ပညာရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို သူခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သူကိုယ်တိုင်လည်း အဆင့်လွန်ပညာရှင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သဖြင့် ကျူးကဲ့ကျုံကောင်းကို ဘေးမှကူညီနိုင်သော်လည်း သူ၏ဖခင် ဧကရာဇ်က အဆင့်လွန်ပညာရှင် ဘယ်လောက်များများကို စုစည်းခေါ်ယူနိုင်မည်ဆိုတာကို မည်သူသိနိုင်မည်နည်း။
အကယ်၍ အဆင့်လွန်ပညာရှင် တစ်ဦး နှစ်ဦးသာဆိုပါက စိုးရိမ်စရာ မဟုတ်သော်လည်း ငါးဦး ခြောက်ဦးလောက် ဖြစ်လာပါက သူနှင့် ကျူးကဲ့ကျုံကောင်းတို့ ပူးပေါင်းလည်း ခုခံနိုင်မည်မဟုတ်ပေ။
မြောက်ပိုင်းပြည်နယ်သည် ယမ်းလက်နက်ခေတ်သို့ ရောက်ရှိခဲ့သော်လည်း သေနတ်များသည် အဆင့်လွန်ပညာရှင်များကို ဖိအားပေးရန်သာ အထောက်အကူဖြစ်နိုင်ပြီး အမှန်တကယ် သတ်ဖြတ်ရန်အတွက်မူ သေနတ်များက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက် စနစ်နယ်ပယ်မှ စွမ်းအားတိုးဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျူးကဲ့ကျုံကောင်းအား
“ဒါက စွမ်းအားတိုးဆေးလုံးပဲ။ အတွင်းအင်္ဂါလမ်းကြောင်းတွေကို သန့်စင်ပေးနိုင်တဲ့ ထာဝရတန်ခိုးရှင် ဆေးတစ်မျိုးပဲ။ ဒါကို သောက်ကြည့်ပါ ပညာရှိကြိီး။ ပညာရှိကြီးကို ကောင်းကင်လူသားနယ်ပယ် ရောက်နိုင်ဖို့ ကူညီနိုင်မလားဆိုတာ ကြည့်ရအောင်။”
ထိုစကားကို ကြားသည်နှင့် ကျူးကဲ့ကျုံကောင်း အံ့အားသင့်သွားသည်။ သတိပြန်ဝင်လာပြီးနောက် ချက်ချင်းပင်
“ ဒါမဖြစ်သင့်ပါဘူးမင်းသား။ ဒီလို အဖိုးတန်တဲ့ ဆေးလုံးကို ကျွန်တော့်အတွက် မသုံးသင့်ပါဘူး။”
စွမ်းအားတိုးဆေးဆိုသည်ကို ကျူးကဲ့ကျုံကောင်းသည် မသိမကြားဖူးသော်လည်း လုချန်းက ထာဝရတန်ခိုးရှင် ဆေးလုံးဖြစ်သည်ဟု ပြောသဖြင့် ထိုဆေးလုံး၏ တန်ဖိုးကို သူချက်ချင်းသိသွားသည်။
ထာဝရ တန်ခိုးရှင်များနှင့် ဆက်စပ်သော မည်သည့်အရာမဆို အလွန်တန်ဖိုးရှိသည်။
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“ကျွန်တော့်မှာ ဆေးလုံး အများကြီးရှိသေးတယ်။ တစ်လုံးယူပြီး သုံးလိုက်ပါ။ မြောက်ပိုင်းပြည်နယ်အတွက် ကောင်းကင်လူသားတစ်ယောက်ဟာ ဒီထာဝရတန်ခိုးရှင် ဆေးလုံးရဲ့ တန်ဖိုးထက် အများကြီး ပိုကြီးပါတယ်။”
လုချန်း၏ တောင်းဆိုမှုကို မြင်သောအခါ ကျူးကဲ့ကျုံကောင်းလည်း ဆက်လက်ငြင်းဆန်ရန် မသင့်လျော်တော့ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက လုချန်း၏ လက်ထဲမှ ဆေးလုံးကို ယူလိုက်ပြီးနောက်
“ဒါဆိုရင်လည်း မင်းသားကို အထူးကျေးဇူးတင်ပါတယ်။”
ဆေးလုံးကို ယူပြီးနောက် မည်သည့်စကားမှ ထပ်မပြောတော့ပဲ ချက်ချင်းပင် ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။ စွမ်းအားတိုးဆေးလုံးကို သောက်သုံးပြီးနောက် ကျူးကဲ့ကျုံကောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖော်ပြ၍မရနိုင်သော ပေါ့ပါးမှုတစ်မျိုးကို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဝါးပြားများ သူ၏ မျက်စိရှေ့တွင် လျင်မြန်စွာ ဖြတ်သွားသကဲ့သို့ ထင်မြင်လာသည်။
လုချန်း၏ မြင်ကွင်းတွင်မူ ကျူးကဲ့ကျုံကောင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းအချို့ ထွက်ပေါ်နေပြီး ထူးဆန်းသော ဖြစ်စဉ်တစ်ခုဖြစ်ပေါ်နေသည်ဟု ထင်ရသည်။ မကြာမီ ကျူးကဲ့ကျုံကောင်း၏ ရွှေရောင်အလင်းတန်းများ စုစည်းလာပြီး နောက်ဆုံးတွင် ကောင်းကင်အထိ ထိုးဖောက်သော ရွှေရောင်အလင်းတန်းကြီးတစ်ခု ဖြစ်သွားကာ လုချန်း၏စာကြည့်ခန်း ခေါင်မိုးကိုလည်း ဖောက်ထွက်သွားခဲ့သည်။
စာကြည့်ခန်းအတွင်းရှိ ထိုအဖြစ်အပျက်သည် ရန်ခရိုင်ရှိ ပြည်သူများအားလုံး၏ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။ ထို့ပြင် မင်းသားစံအိမ်ရှိ လူများ၏ အာရုံကိုလည်း အသေအချာ ဖမ်းစားနိုင်ခဲ့သည်။
လုချန်း၏ ဇနီးမယားများလည်း စာကြည့်ခန်းမှ ထွက်ပေါ်လာသော အလင်းတန်းကို မြင်သောအခါ လန့်သွားကြပြီး လုချန်း တစ်စုံတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်ကာ စာကြည့်ခန်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
မကြာမီ စာကြည့်ခန်း အဆောင်တွင် လူများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအချိန်တွင် မုကျိရွှမ်းလည်း စာကြည့်ခန်းအဆောင်အပြင်သို့ ရောက်ရှိလာခဲ့သည်။ တံခါးဝတွင် ချူးယုချင်နှင့် အခြားသူများကို တွေ့သောအခါ စာကြည့်ခန်းထဲသို့ မဝင်ပဲ
“အထဲမှာ ဘာဖြစ်နေတာလဲဒေါ်လေးချူး။”
ချူးယုချင်က
“ဒေါ်လေးလည်း မသိဘူး။ မင်းသားနဲ့ ပညာရှိကြီးတို့ အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးနေကြလို့ ဒေါ်လေးတို့ကို ဝင်မလာဖို့ ရှောင်ဟွမ်က ပြောတယ်။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်း အံ့အားသင့်သွားသည်။ လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့သည် စာကြည့်ခန်းတွင် မည်သည့်အရာကို ဆွေးနွေးနေကြသနည်း။ ထိုသို့သော အဖြစ်အပျက်မျိုးကို အဘယ့်ကြောင့် ဖြစ်ပေါ်စေရသနည်း။
ထိုအချိန်တွင် ရန်ခရိုင်၏ အထက်ကောင်းကင်၌ မည်းမှောင်သော တိမ်တိုက်များ စုရုံးလာပြီး မိုးပြိုတော့မည့်အလား သိပ်သည်းထူထပ်လာသည်။ ရွှေရောင်အလင်းတန်းသည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး ထိုအလင်းတန်း၏ အလယ်၌ မိုးကြိုးများ ဆက်တိုက်မြည်ဟိန်း နေကာ လျှပ်စီးများ လက်နေသည်။
တိမ်တိုက်အတွင်းမှ မိုးကြိုးသံများသည် နဂါးဟိန်းသံကဲ့သို့ ဖြစ်နေသည်။ ရန်ခရိုင်သားများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းကြီးနှင့် “နဂါး”ပေါ်ထွန်းမှုကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်များကိုမြင်သောအခါ မိုးနတ်မင်းက မြောက်ပိုင်းနယ်စားမင်းသားအား ကောင်းချီးပေးနေသည်ဟု ယုံကြည်ကာ တစ်မြို့လုံးရှိလူများ မင်းသားစံအိမ်ဘက်သို့မျက်နှာမူ၍ ဒူးထောက်လိုက်ကြသည်။
ထိုအချိန်တွင် စာကြည့်ခန်းအတွင်းရှိ လုချန်းလည်း ရွှေရောင်အလင်းတန်းကြီး ပျောက်ကွယ်မည့်လက္ခဏာ မတွေ့ရသဖြင့် အလွန်အံ့အားသင့်သွားခဲ့သည်။
ဤဖြစ်စဉ်သည် အနည်းငယ် လွန်ကဲနေပြီဟု ထင်ရသည်။
ဤမျှထင်ရှားသော အလင်းတန်းကြီးတစ်ခု မင်းသားစံအိမ်မှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြို့သူမြို့သားအားလုံး မြင်တွေ့ပြီးဖြစ်သည်။ ထိုအချင်းအရာကို မည်သို့ရှင်းပြရမည်နည်း။
လုချန်း သက်ပြင်းချကာ စိတ်ထဲတွင် တွေးမိသည်။
“ ကောင်းပြီ။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကြည့်မယ်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်နိုင်မလား ကြည့်ရမယ်။”
ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းသည် မျက်လုံးများမှိတ်ထားပြီး တစ်နေရာတည်းတွင် ရပ်နေကာ တရားအားထုတ်နေသည့်အလား ဖြစ်နေသည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် မရေမတွက်နိုင်သော ရွှေရောင်ဝါပြားများ ကျူးကဲ့ကျုံကောင်းရှေ့တွင် ပေါ်လာသည်။ အစတွင် ထိုရွှေရောင်ဝါးပြားများသည် ကျူးကဲ့ကျုံကောင်း၏စိတ်ထဲတွင်သာ ပေါ်နေပြီး သူတစ်ဦးတည်းသာမြင်နိုင်သော်လည်း ယခု လုချန်းပါ မြင်တွေ့နိုင်နေပြီဖြစ်သည်။
ထိုရွှေရောင်ဝါးပြားများကို မြင်သောအခါ လုချန်းလည်း အံ့အားမသင့်ပဲ မနေနိုင်တော့ပေ။ ဤကမ္ဘာသည် သူထင်ထားသည်ထက် များစွာ ပို၍ မှော်ဆန်ပုံရသည်။ သူ၏ နားလည်မှုသည် တစ် ရာခိုင်နှုန်းပင် မရှိနိုင်သေးပေ။
ရွှေရောင်ဝါးပြားများသည် ကျူးကဲ့ကျုံကောင်း၏ ခန္ဓာကိုယ်ကို ခဏတာမျှ လှည့်ပတ်ပြီးနောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ကျူးကဲ့ကျုံကောင်းလည်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
...........
အခန်း (၄၃၇ )
ကျူးကဲ့ကျုံကောင်း၏ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း (၃)
ထို့နောက် ကျူးကဲ့ကျုံကောင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရွှေရောင်အလင်းတန်းအားလုံး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။ တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းကြီးလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ကျူးကဲ့ကျုံကောင်း၏ အသက်ရှူမှု ပုံမှန်ဖြစ်သွားသောအခါ လုချန်းက ချက်ချင်းပင် စနစ်ကို အသုံးပြု၍ ကျူးကဲ့ကျုံကောင်း၏ အခြေအနေကို စစ်ဆေးလိုက်သည်။
[အမည် - ကျူးကဲ့ကျုံကောင်း]
[အဆင့်အတန်း - ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ ကျောင်းအုပ်။မြောက်ပိုင်းပြည်နယ်၏ ပညာရှိကြီး]
[အင်အား - အဆင့်လွန်ပညာရှင် (အထွတ်အထိပ်)]
[သစ္စာစောင့်သိမှု - ၁၀၀]
ကျူးကဲ့ကျုံကောင်း၏ ကိုယ်ရေးအချက်အလက်ကို မြင်သောအခါ လုချန်း အံ့အားသင့်သွားသည်။
အဆင့်လွန် ပညာရှင် အထွတ်အထိပ်အဆင့်တဲ့လား။
သူ့လိုပဲလား။
ကောင်းကင်လူသားအဆင့် မဟုတ်ဘူးလား။
လုချန်းက ချက်ချင်း မေးလိုက်သည်။
“ပညာရှိကြီးအခု ဘယ်လိုခံစားရပါလဲ။”
လုချန်း၏ မေးခွန်းကို ကြားသောအခါ ကျူးကဲ့ကျုံကောင်းက သက်ပြင်းချလိုက်ကာ
“ကျွန်တော် မင်းသားကို စိတ်ပျက်စေမိပြီထင်ပါတယ်။ အဲ့ဒီအဆင့်ကို ကျွန်တော် မတက်နိုင်သေးပါဘူး”
ဒါက...
လုချန်းသည် အတော်လေး စကားမပြောနိုင် ဖြစ်သွားသည်။ ယခုလေးတင် ဖြစ်ပျက်သွားသော အခြေအနေသည် အဆင့်လွန် ပညာရှင်တစ်ဦး ဖန်တီးနိုင်သောအရာ မဟုတ်သည်မှာ ထင်ရှား၏။ ကျူးကဲ့ကျုံကောင်း အဆင့်လွန် ပညာရှင်နယ်ပယ်ကို သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူထင်ခဲ့၏။
ပြဿနာက ဘာလဲ။
ဘာကြောင့် သူ မတက်လှမ်းနိုင်ရတာလဲ။
ကျူးကဲ့ကျုံကောင်း ပြောသည့်အတိုင်း အဆင့်လွန် ပညာရှင်တစ်ဦးသည် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် ဤကမ္ဘာ၏ အထူးစည်းမျဉ်းအချို့ကို ကျော်ဖြတ်ရဦးမှာလား။
လုချန်း အတွေးထဲ နစ်မြောနေစဉ် ကျူးကဲ့ကျုံကောင်းက
“မင်းသား။ ကျွန်တော် ကောင်းကင်လူသားအဆင့်ကို မတက်နိုင်သေးပေမဲ့ အဲ့ဒီ အဆင့်သို့ တက်စေနိုင်မယ့် လမ်းကြောင်းကို အခု သိပါပြီ။”
လုချန်းသည် တိုက်ရိုက်ပင် မေးလိုက်သည်။ “ဘယ်လို အခွင့်အရေးလဲ”
ကျူးကဲ့ကျုံကောင်းက
“မြောက်ပိုင်းပြည်နယ်မှာ ပညာတတ်တွေ ပိုများလာပြီး ပါရမီရှင်တွေ ထွက်ပေါ်လာရင် ကျွန်တော်ဟာ စာပေစွမ်းအားကို လုံလောက်အောင် စုပ်ယူနိုင်ပြီး ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်မှာပါ။”
“ယခုလေးတင် တရားထိုင်နေတုန်း အမှောင်ထဲမှ အသံတစ်ခုက ကျွန်တော့်ကို လမ်းညွှန်ခဲ့ပါတယ်။”
“ဒါက ကျွန်တော့်ရဲ့ အရင်က ခန့်မှန်းချက်နဲ့ သိပ်မကွာပါဘူး။ ကောင်းကင်လူသားအဆင့်ကို တက်ဖို့အတွက် လူတိုင်းဟာ ထူးခြားတဲ့ စည်းမျဉ်းတချို့ကို ဖြတ်သန်းပြီး ဒီကမ္ဘာရဲ့ အသိအမှတ်ပြုမှုကို ရယူရပါမယ်။”
“အခု ပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက အဆင့်လွန် ပညာရှင်အများအပြားကို သတ်ခဲ့တဲ့ လျှို့ဝှက်လဝန်းနန်းတော်က ပုဂ္ဂိုလ်ဟာ သူ့ရဲ့လမ်းကြောင်းကို အတည်ပြုပြီး ကောင်းကင်လူသားအဆင့်ကို တက်ဖို့အတွက် အဆင့်လွန် ပညာရှင် အရေအတွက်တစ်ခုကို သတ်ခဲ့ရဖို့ အလားအလာ အလွန်များပါတယ်။”
စဉ်းစားပြီးနောက် လုချန်းက
“ဒါဆို ကျွန်တော် ပညာရေးဝန်ကြီးဌာနကို နောက်အပတ်ကစပြီး အမိန့်ထုတ်ပြန်ခိုင်းမယ်။ အသက် ၆ နှစ်ကနေ ၁၆ နှစ်အထိ ကလေးတိုင်း ကျောင်းတက်ရမယ်။”
အစကတည်းကပင် အားလုံးပါဝင်နိုင်သော ပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် လုချန်း ရည်ရွယ်ထားခဲ့သည်။ အတော်စောစောကတည်းကပင် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များအား မြောက်ပိုင်းပြည်နယ်ရှိ သာမန်လူများအား စာရေးစာဖတ် သင်ကြားပေးစေခဲ့သည်။ သို့သော် ထိုအချိန်က ဆန္ဒရှိသူများကိုသာ သင်ကြားပေးခြင်းဖြစ်ပြီး သာမန်ပြည်သူတို့၏ ကလေးများအတွက် စာမသင်မနေရစနစ် မဟုတ်ပေ။
ထို့ကြောင့် လူအများစုက စာတတ်မြောက်ရန် မလိုအပ်ဟု ဆက်လက်ယူဆနေကြသည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်ရေက်နိုင်ရန် အခွင့်အလမ်းသည် မြောက်ပိုင်းပြည်နယ်တွင် ပညာတတ်များ ပိုမိုများပြားလာခြင်းနှင့် ဆက်စပ်နေသောကြောင့် ပညာရေးကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
လုချန်း၏စကားကိုကြားသောအခါ ကျူးကဲ့ကျုံကောင်းက
“ ဒါမဖြစ်နိုင်ဘူးလို့ထင်ပါတယ် မင်းသား။ သာမန်ပြည်သူအများစုက စာဖတ်တတ်ဖို့ သင်ယူခြင်းဟာ အစိုးရအမှုထမ်းဖြစ်မှသာ အကျိုးရှိတယ်လို့ ယုံကြည်နေကြတုန်းပါ။ အဲ့ဒီအတွက် မဟုတ်ရင် စာသင်တာက အချိန်နှင့်ငွေကြေးဖြုန်းတီးရာသာ ရောက်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ မိသားစု အများ စုက သူတို့ရဲ့ ကလေးတွေကို အလုပ်ခိုင်းလိုကြပါတယ်။ သူတို့ရဲ့ ကလေးတွေကို ကျောင်းပို့ခိုင်းမယ်ဆိုရင် ပြည်သူတွေ မကျေမနပ် ဖြစ်ကြမှာ သေချာပါတယ်။”
လုချန်းက အေးဆေးစွာဖြင့်
“ဘယ်မူဝါဒ အကောင်အထည်ဖော်ဖော် ကန့်ကွက်မှုတွေနဲ့ ကြုံရမှာပါပဲ။ ပြည်သူတွေကန့်ကွက်တယ်ဆိုပြီး ဘာမှမလုပ်ရင် မြေယာပိုင်ဆိုင်ခွင့်တွေကိုလည်း ပြန်လည်ရယူနိုင်မည်မဟုတ်သလို မြောက်ပိုင်းပြည်နယ်လည်း အခုလို တိုးတက်မှုတွေ ရှိလာမှာ မဟုတ်ပါဘူး။”
လုချန်း၏ ခိုင်မာသောရပ်တည်မှုကိုမြင်သောအခါ ကျူးကဲ့ကျုံကောင်းလည်း နောက်ထပ်မပြောတော့ပေ။ ထို့နောက် လုချန်းက ဆက်လက်ပြောလိုက်သည်။
“နှစ်စဉ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ပညာသင်ဆုအတွက် ရန်ပုံငွေတစ်ရပ်ကို သီးသန့်ထားရှိပါမယ်။ အကျင့်စာရိတ္တနှင့် ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသားတွေ လျှောက်ထားနိုင်မယ်။ အရွေးချယ် ခံရရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ပညာသင်ဆု ချီးမြှင့်ပါမယ်။”
“နောက်ပြီး နှစ်ပေါင်း ၅၀ အတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တည်ထောင်ထဲ့ အဆင့်မြင့် အကယ်ဒမီကို ဝင်ခွင့်ရတဲ့ ကျောင်းသားတွေဟာ ကျောင်းပြီးတာနဲ့ အလုပ်အကိုင် အာမခံချက် ရရှိပါမယ်။”
ထိုစကားများ ကိုကြားသောအခါ ကျူးကဲ့ကျုံကောင်းလည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။ ပြည်သူများ၏ ကလေးများကို ကျောင်းများသို့ ပို့စေရန် မျိုးစုံသောနည်းလမ်းများဖြင့် အားပေးရန် လုချန်းတွင် အစီအစဉ်ရှိသည်။
ထိုအချိန်တွင် လုချန်းက သက်ပြင်းချကာ
“အမှန်တရားကို ပြောရရင် အခုမှစရင် အချိန်မီပါ့မလားဆိုတာ ကျွန်တော်လည်း မသေချာပါဘူး။”
ဆွမ်ဧကရာဇ်သည် ကျူးကဲ့ကျုံကောင်းကို ကိုင်တွယ်ဖြေရှင်းရန် အချိန်အတော်ကြာကတည်းက ပြင်ဆင်နေခဲ့ပြီးဖြစ်သည်။ သူတို့ကတော့ ပညာရေးကို အရှိန်မြှင့်ဖို့ အခုမှစတင်နေခြင်းဖြစ်သည်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မတက်လှမ်းမီ အဆင့်လွန်ပညာရှင်များ လာရောက်လုပ်ကြံနိုင်ခြေမှာ အလွန်မြင့်မားနေသည်။
ကျူးကဲ့ကျုံကောင်းက
“ စိတ်မပူပါနဲ့ မင်းသား။ ဧကရာဇ်က ကျွန်တော့်ကို ဖယ်ရှားဖို့ အချိန်ယူ ပြင်ဆင်နေခဲ့တယ် ဆိုပေမဲ့ ကျွန်တော်ဟာ ကောင်းကင်လူသားအဆင့်သို့ ရောက်ဖို့ အလွန်နီးကပ်နေတဲ့ အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြပါတယ်။”
“စောနက ရန်ခရိုင်က ပြည်သူတွေ မြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ် ပျံ့နှံ့သွားရင် အချို့ အဆင့်လွန်ပညာရှင်တွေက ကျွန်တော် ကောင်းကင်လူသားအဆင့်သို့ ရောက်ပြီလို့ ယုံကြည်သွားပြီး ဧကရာဇ်ရဲ့ အမိန့်ကို ငြင်းဆန်နိုင်ခြေရှိပါတယ်။”
ထိုစကားကိုကြားသောအခါ လုချန်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။
မှန်ပါသည်။ ဖြစ်စဉ်သည် အလွန်ထင်ရှားလွန်းသဖြင့် ရန်ခရိုင်ရှိ သူလျှိုများ မြင်တွေ့ပြီးဖြစ်လိမ့်မှာ သေချာသည်။ ထိုအချက်ကို အသုံးချကာ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် ရောက်ပြီးပြီဟု လူအများကို ထင်မြင်ယူဆစေနိုင်ပါက ဆွမ်ဧကရာဇ် နောက်ဆုတ်သွားနိုင်သည်။
သူတို့နှစ်ဦးသာ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မရောက်သေးကြောင်း သိခြင်းဖြစ်သည်။ ထို့ပြင် ကောင်းကင်လူသားအဆင့်ကို အမှန်တကယ်မြင်ဖူးသူများမှာ ရှားပါးလွန်းသဖြင့် ကောင်းကင်လူသားအဆင့်ဆိုသည်မှာ မည်သို့သောအရာမှန်း မည်သူမှတကယ် မသိကြပေ။
ထိုအတွေးဖြင့် လုချန်းက ပြုံးရယ်ကာ
“ပညာရှိကြီးရဲ့ သဘောကို နားလည်ပါတယ်။”
“ဒီနေ့ကစပြီး ပညာရှိကြီးကို ကောင်းကင်လူသားအဖြစ် လူတွေသိစေမယ်။ ပညာရှိကြီးအနေနဲ့လည်း ကိုယ်ရဲ့စွမ်းအားအစစ်အမှန်ကို အလွယ်တကူ မပြသသင့်ပါဘူး။”
ကျူးကဲ့ကျုံကောင်းလည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး
“ဟုတ်ကဲ့ပါ မင်းသား။”
လုချန်းသည် ပြုံးရယ်ကာ
“ကောင်းပါပြီ။ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲရပ်လိုက်ကြရအောင်။ အခုလိုအသံကျယ်ကျယ်လောင်လောင် ဖြစ်သွားတဲ့အတွက် အပြင်မှာမှာ ကောလာဟလတွေ အများကြီး ထွက်နေလောက်ပြီ။ ။ ကျွန်တော်လည်း အဲ့ဒါကိုဖြေရှင်းဖို့ လူရှာရဦးမယ်။”
ကျူးကဲ့ကျုံကောင်းက ဦးညွှတ်ကာ “ကျွန်တော်ကို ခွင့်ပြုပါဦး”
ဟု ပြောပြီး ထွက်ခွာသွားသည်။
............
အခန်း (၄၃၈)
ရှနိုင်ငံတော် နေပြည်တော်ရှိ ကောလာဟလများ (၁)
လုချန်း၏ ဇနီးများသည် စာကြည့်ခန်းတံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် လုချန်း စာကြည့်ခန်းအတွင်း တစ်စုံတစ်ရာ ဖြစ်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်၏။ သူတို့ကိုယ်တိုင်လည်း ထိုကဲ့သို့ထူးဆန်းသောဖြစ်ရပ်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။
ထိုအမျိုးသမီးများ စိတ်ပူပန်နေစဉ် စာကြည့်ခန်းတံခါး ပွင့်သွားပြီး ကျူးကဲ့ကျုံကောင်းနှင့် လုချန်းတို့ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။
ထိုအချိန်တွင် မုကျိရွှမ်းက အလျင်အမြန် ချဉ်းကပ်လာပြီး စိုးရိမ်တကြီးဖြင့်
“အဆင်ပြေရဲ့လား မင်းသား”
ဟု မေးလိုက်သည်။
စာကြည့်ခန်းအပြင်ဘက်တွင် လူအများအပြား ရပ်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“တောင်းပန်ပါတယ်။ ပညာရှိကြီးက အခုလေးတင် ဉာဏ်အလင်းပွင့်ပြီး အဆင့်တက်သွားတာပါ။ အသံတွေ နည်းနည်း ကျယ်သွားတော့ အားလုံးကို စိတ်ပူစေမိသွားတယ်။”
ကျူးကဲ့ကျုံကောင်းသည် မည်သည့်အဆင့်သို့ ရောက်ရှိသွားသည်ကို လုချန်းက ထုတ်ဖော်ပြောကြားခြင်းမရှိပဲ အဆင့်တက်သွားသည်ဟုသာ ရိုးရိုးရှင်းရှင်း ပြောခဲ့သည်။ သူ၏ စကားများသည် လိမ်လည်ခြင်းဟု မဆိုနိုင်ပေ။ အမှန်တကယ်လည်း ကျူးကဲ့ကျုံကောင်းသည် အဆင့်လွန် အဆင့်မှ အဆင့်လွန်၏ အထွတ်အထိပ်အဆင့်သို့ တိုးတက်သွားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုးတက်မှုတစ်ခုပင် ဖြစ်သည်။
သို့သော် လုချန်း၏ စကားကို ကြားသောအခါ စာကြည့်ခန်းတံခါးဝတွင် စုရုံးနေသော လူအုပ် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။
အဆင့်တက်သွားတယ်။
ကျူးကဲ့ကျုံကောင်း အဆင့်တက်သွားတယ်။
ကျူးကဲ့ကျုံကောင်းက အဆင့်လွန် ပညာရှင် မဟုတ်ဘူးလား။ သူ ထပ်ပြီး အဆင့်တက်သွားမယ်ဆိုရင် ဒါက...
ကောင်းကင်... ကောင်းကင်လူသားအဆင့်လား...
ထိုအတွေးက လူတိုင်းကို စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။
မြောက်ပိုင်းပြည်နယ်မှ စွမ်းအားကြီးသောသူတစ်ဦး ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားပြီလား။
ဒါက ဘယ်သူမှ မြောက်ပိုင်းပြည်နယ်ကို နောက်ထပ် မစော်ကားရဲတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။
တံခါးဝရှိ လူတိုင်း အံ့အားသင့်နေသည်ကို မြင်သောအခါ လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့ အချင်းချင်း ပြုံးပြလိုက်ကြသည်။ ကျူးကဲ့ကျုံကောင်းက အလျင်အမြန်ပင်
“ကျွန်တော့်မှာ နိုင်ငံရေးကိစ္စတွေ ရှိသေးလို့ သွားခွင့်ပြုပါဦး မင်းသား။”
လုချန်းက ပြုံးလျက်
“ကောင်းပါပြီ။ ဂရုစိုက်သွားပါ ပညရှိကြီး”
ဟု ပြန်ပြောလိုက်သည်။
ကျူးကဲ့ကျုံကောင်း ထွက်သွားပြီးနောက် အမျိုးသမီးများ သတိပြန်ဝင်လာကြသည်။ ထို့နောက် မုကျိရွှမ်းက မယုံကြည်နိုင်ဟန်ဖြင့်
“မင်း.. မင်းသား။ ပညာရှိကြီး တကယ်ပဲ အဆင့်... တက်သွားတာလား။”
ဟု မေးလိုက်သည်။
မုကျိရွှမ်းသည် သာမန်အရပ်သူတစ်ဦး ဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့်ရှိသူ တစ်ဦးတည်ရှိခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာ သိရှိထားသည်။ ထိုသတင်းသည် အမှန်ပင် အလွန်တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည်။
လုချန်းက
“ခုနက ကောင်းကင်ကို ထိုးတက်သွားတဲ့ အလင်းတန်းကြီးကို မမြင်လိုက်ဘူးလား။ အဲဒီလောက် ကြီးကျယ်တဲ့ ကိစ္စဖြစ်သွားတာလေ။ သူ အဆင့်တက်သွားတာကို ဘာလို့ မယုံကြည်နိုင်သေးတာလဲ။”
“သာမန် အဆင့်လွန် ပညာရှင်တစ်ယောက်က ဒီလောက် လုပ်နိုင်မယ်လို့ ထင်လို့လား။”
လုချန်း၏ စကားကို ကြားသောအခါ အဓိပ္ပါယ်ရှိသည်ဟု အမျိုးသမီးများ ခံစားမိကြသည်။ အဆင့်လွန် ပညာရှင်တစ်ဦးက ထိုကဲ့သို့ အခြေအနေကို မဖြစ်စေနိုင်ပေ။ ကောင်းကင်သည် မှောင်မိုက်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး ပြိုကျတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
လူအများက “ထာဝရ တန်ခိုးရှင်လောင်း” ဟု ရည်ညွှန်းကြသည့် ကောင်းကင်လူသားနယ်ပယ်သာလျှင် ထိုကဲ့သို့သော နက္ခတ်တာရာ အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်သည်။
သူ၏ ဇနီးများ စိတ်လှုပ်ရှား နေသည်ကို မြင်သောအခါ လုချန်း ကြိတ်ပြုံးလိုက်သည်။ ကျူးကဲ့ကျုံကောင်းသာ အမှန်တကယ် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ကောင်းမည်ဖြစ်သည်။
...
နေ့လယ်ပိုင်းရောက်သော် ကျူးကဲ့ကျုံကောင်း၏ အောင်မြင်မှုသတင်းသည် ရန်ခရိုင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အရပ်သားများကို ချက်ချင်း လှုပ်လှုပ်ရွရွ ဖြစ်သွားစေကာ ရန်ခရိုင်မှ သူလျှိုများလည်း အံ့အားသင့်သွားကြသည်။
သာမန်အရပ်သားများပင် ကောင်းကင်လူသားအဆင့်၏ အဓိပ္ပာယ်ကို သိကြသည်။ ကောင်းကင်လူသားအဆင့်ကို ထာဝရ တန်ခိုးရှင်လောင်းအဆင့်ဟုလည်း ခေါ်ကြသည်။ တန်ခိုးရှင် အစစ်များကို မမြင်တွေ့မီ ကောင်းကင်လူသားအဆင့် စွမ်းအားကို ပိုင်ဆိုင်သူများကို တန်ခိုးရှင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခုအခါ သာမန်လူအများစုသည် ကျူးကဲ့ကျုံကောင်း တန်ခိုးရှင် ဖြစ်လာသည့်အကြောင်း ပြောဆိုနေကြပြီး နေ့လည်က သူတို့မြင်ခဲ့ရသည့် အလင်းတန်း ပေါ်သည့် အချိန်သည် ကျူးကဲ့ကျုံကောင်း တန်ခိုးရှင် ဖြစ်သွားသည့် အခိုက်အတန့်ဟု ပြောဆိုနေကြသည်။
နိုင်ငံအသီးသီးမှ သူလျှိုများလည်း ထိုသတင်းကြောင့် အံ့အားသင့်သွားကြပြီး အမှန်ဟုတ်မဟုတ် အတည်ပြုရန် သူတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။
နိုင်ငံအသီးသီးမှ သူလျှိုများ၏ စုံစမ်းစစ်ဆေးမှုများအရ မြောက်ပိုင်းပြည်နယ်၏ တရားဝင် သတင်းထုတ်ပြန်မှုတွင် ကျူးကဲ့ကျုံကောင်း၏ အဆင့်တက်မှုအကြောင်း ဖော်ပြထားခြင်း မရှိပေ။ တရားဝင် သတင်းများတွင် တစ်ပြည်နယ်လုံး၏ ပညာရေးစနစ် ပြောင်းလဲမှုအကြောင်းသာ ဖော်ပြပြီး အရှေ့ဘက် သတင်းစာတိုက်၏ အစီရင်ခံစာများတွင်မူ ကျူးကဲ့ကျုံကောင်း၏ အဆင့်တက်မှု သတင်းကို ဖော်ပြထားသည်။
အရှေ့ဘက် သတင်းစာတိုက်၏ သတင်းစာများတွင်လည်း ကျူးကဲ့ကျံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားခြင်းကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။
သို့သော် ကျူးကဲ့ကျုံကောင်းသည် အဆင့်လွန် ပညာရှင်ဖြစ်နေပြီး ဖြစ်သောကြောင့် လူတို့၏ နားလည်မှုအရ အဆင့်လွန်၏ အထက်တွင် ကောင်းကင်လူသားအဆင့်သာ ရှိသည်။ အဆင့်လွန် အဆင့်နှင့် ကောင်းကင်လူသား အဆင့်အကြား အခြားအဆင့်များ မရှိပေ။
အရှေ့ဘက် သတင်းစာတိုက်က ကျူးကဲ့ကျုံကောင်း၏ အဆင့်တက်မှုအကြောင်း ဖော်ပြခဲ့သောကြောင့် ကျူးကဲ့ကျုံကောင်းသည် အမှန်တကယ် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ဖြစ်လာသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
မြောက်ပိုင်းပြည်နယ်တွင် တန်ခိုးရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီ....
နိုင်ငံအသီးသီးမှ သူလျှိုများနှင့် ကုန်သည်အဖွဲ့များသည် ကမ္ဘာကြီး၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ရန် နီးကပ်နေပြီဟု ခံစားမိကြသည်။
ကောင်းကင်လူသားနယ်ပယ်အောက်တွင် လူသားအားလုံးသည် သာမန်လူသားများသာဖြစ်သည်။ ကောင်းကင်လူသားနယ်ပယ်မှလူတစ်ဦးသည် လူသိန်းပေါင်းများစွာကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။ ယခုအခါ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် တစ်ယောက် ရှိနေပြီဖြစ်သဖြင့် သူတို့အနေနှင့် နယ်စားပြည်နယ်တစ်ခု အနေဖြင့်သာ ရောင့်ရဲနေဦးမှာလားဆိုသည်က မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။
ကျောက်ခဲတစ်ခုသည် လှိုင်းထောင်ပေါင်းများစွာကို လှုပ်ခတ်စေနိုင်သည်။
တစ်ပတ်မပြည့်မီ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသည့် သတင်းသည် နိုင်ငံကြီးများ အားလုံးသို့ ပျံ့နှံ့သွားပြီး တုန်လှုပ်သွားစေကြသည်။
ကောင်းကင်လူသားအဆင့်.....
ယနေ့အထိ မည်သည့်နိုင်ငံတွင်မှ ကောင်းကင်လူသားအဆင့်ရှိ သူတစ်ဦးကို ပွင့်ပွင့်လင်းလင်း မမြင်ဖူးကြပေ။ အင်အားအကြီးဆုံးဟု သိထားကြသူများသည် အဆင့်လွန် ပညာရှင်များသာဖြစ်ပြီး ရှနိုင်ငံတော်၏ တန်ခိုးရှင်ဟု ကောလာဟလထွက်ပေါ်နေသူမှာ လျှို့ဝှက်လဝန်းနန်းတော်မှဖြစ်၏။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်သည် လောကီ၏ အရေးကိစ္စများတွင် မပါဝင်သော ဘာသာရေး ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ရှနိုင်ငံတော်၏ တန်ခိုးရှင်အဖြစ် တိတိကျကျ သတ်မှတ်၍တော့ မရနိုင်ပေ။
မကြာမီပင် နိုင်ငံအများအပြား မြောက်ပိုင်းပြည်နယ်နှင့် မည်သို့ ဆက်ဆံရမည်ကို စဉ်းစားလာကြသည်။
ဟုတ်ပါသည်။ သူတို့အနေနှင့် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်သွားသည်ဆိုသည့် အချက်မှန်ကို မှန်မမှန် စစ်ဆေးရမည်ဖြစ်သည်။ ထို့ကြောင့် လောလောဆယ်အချိန်တွင်တော့ မြောက်ပိုင်းပြည်နယ်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားရန် လိုအပ်နေသေးသည်။
ရန်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် နက္ခတ်တာရာ အပြောင်းအလဲများကို နိုင်ငံအသီးသီးမှ သူလျှိုများ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသည့်အတွက် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားနယ်ပယ်သို့ တက်လှမ်းသွားပြီဟူသောသတင်းမှာ အမှန်ဖြစ်နိုင်ခြေရှိသည်ဟု လူအများက ယုံကြည်လာကြသည်။
ထိုသတင်းသည် အဓိက နိုင်ငံကြီးအားလုံးသို့ ပျံ့နှံ့သွားသကဲ့သို့ ဆွမ်ဧကရာဇ်၏ နားထဲသို့လည်း လျင်မြန်စွာ ရောက်ရှိသွားသည်။
.......
ရှနိုင်ငံတော်။
နန်းတော်အတွင်း။
တော်ဝင်ဥယျာဉ်။
တောင်ပိုင်းမှ အနီရောင် ဖဲကြိုးတပ် သတင်းပို့သူ ပေးပို့သော စစ်ရေးအစီရင်ခံစာကို ဖတ်ရှုပြီးနောက် ဆွမ်ဧကရာဇ် စိတ်ကျေနပ်မှု ရသွား၏။ တောင်ပိုင်းရှိ အာဏာရှိမိသားစုများ၏ လေးလံသော ဝန်ထုပ်သည် သူ၏စိတ်ကို တစ်ချိန်လုံး ဖိစီးနေခဲ့ရာမှ နောက်ဆုံးတွင် သူ၏လက်ဖြင့် ချေမှုန်းရန် အချိန်တန်ပြီဟု ခံစားရသည်။
............