အခန်း ၄၃၉-၄၄၁
Vol. 30 Ch. 439-441
အခန်း (၄၃၉)
ရှနိုင်ငံတော် နေပြည်တော်မှ ကောလာဟလများ (အပိုင်း ၂)
တောင်ပိုင်းမှ အာဏာရှိမိသားစုများ အမြစ်ပြုတ်သွားသည်နှင့် တစ်ပြိုင်နက် ရှနိုင်ငံတော်၏ နယ်မြေအတွင်းရှိ အခြားသော အာဏာရှိမိသားစုများတွင် မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ မရှိတော့ပေ။ အမှန်တော့ ထိုမိသားစုများသည် နည်းလမ်းအမျိုးမျိုးဖြင့် တောင်ပိုင်းရှိ အာဏာရှိမိသားစုများကို ကူညီရန် ကြိုးစားခဲ့ကြသော်လည်း တောင်ပိုင်းသူပုန်များ အကြီးအကျယ် ရှုံးနိမ့်ခဲ့ကြသည်။ ယခုအခါ သူတို့သည် ဆူဖုန်းမြို့အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြပြီးကာ သူတို့၏ ကံကြမ္မာကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
ဤသည်ကား ရှနိုင်ငံတော်၏ အာဏာရှိ မိသားစုများ၏ ခေတ် အဆုံးသတ်တော့မည်ဟူသော ရှင်းလင်းသည့် လက္ခဏာပင် ဖြစ်သည်။
ရှနိုင်ငံတော်၏ တော်ဝင်မိသားစုမှ အဆင့်လွန်ပညာရှင်သည် ဆူဖန်းမြို့အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီဖြစ်သည်။ နောက်ဆုံးတိုက်ပွဲသည် တော်ဝင်မိသားစု၏ အဆင့်လွန်ပညာရှင်နှင့် အဓိက အာဏာရှိမိသားစုများ၏ အဆင့်လွန်ပညာရှင်အကြား ဖြစ်ပွားမည်ဖြစ်သည်။ တော်ဝင်အဆင့်လွန်ပညာရှင်က တောင်ပိုင်းအာဏာရှိမိသားစုမှ အဆင့်လွန်ပညာရှင်ကို အနိုင်ရသည်နှင့် တစ်ပြိုင်နက် စစ်ပွဲသည် လုံးဝ အဆုံးသတ်သွားမည်ဖြစ်သည်။
တောင်ပိုင်းအာဏာရှိမိသားစုမှဘက်မှ အဆင့်လွန်ပညာရှင် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် မည်သူမှ နန်းတွင်းစစ်တပ်ကို ခုခံနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် တောင်ပိုင်းအာဏာရှိမိသားစုများ ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ဆွမ်ဧကရာဇ်သည် သူလက်ထဲရှိ စစ်ပွဲအစီရင်ခံစာကို ဖတ်ရှုနေစဉ် တောင်ပိုင်းအာဏာရှိမိသားစုကို ရှင်းလင်းပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံအသီးသီးမှ အဆင့်လွန်ပညာရှင်များနှင့် ပူးပေါင်းကာ ကျူးကဲ့ကျုံကောင်းကို နှိမ်နင်းရန် စဉ်းစားနေမိသည်။ ကျူးကဲ့ကျုံကောင်း မရှိလျှင် မြောက်ပိုင်းနယ်စားမင်းသားတွင် အလွန်ထူးချွန်သော အရည်အချင်းများ ရှိနေသော်လည်း မည်သည့်ပြဿနာကိုမှ ဖန်တီးနိုင်တော့မည် မဟုတ်ပေ။
ဆွမ်ဧကရာဇ် ထိုအကြောင်းအရာကို စဉ်းစားနေစဉ် ရုတ်တရက် အရိပ်မည်းတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ အရိပ်ကိုယ်ရံတော် တစ်ဦး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် စာတစ်စောင်ကို မြှောက်ကိုင်ကာ
“မင်းကြီး။ ရန်ခရိုင်မှ အရေးပေါ်အစီရင်ခံစာပါ။”
ရန်ခရိုင်မှ ထောက်လှမ်းရေး အစီရင်ခံစာဖြစ်ကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် ဆွမ်ဧကရာဇ်လည်း မဆိုင်းမတွပင် စာအိတ်ကို ယူကာ အစီရင်ခံစာထဲမှ အကြောင်းအရာကို ဖွင့်ဖတ်ကြည့်လိုက်သည်။
စာပါ အကြောင်းအရာများကို ကြည့်ရှုပြီးနောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဆွမ်ဧကရာဇ် လုံးဝ ကြောင်အသွားသည်။
အစီရင်ခံစာ၏ အကြောင်းအရာမှာ ရိုးရှင်းလှသည်။ စာကြောင်းတစ်ကြောင်းသာ ပါဝင်သည် ။
“ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းသွားပြီ။”
ဒါ...
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းခြင်းက ဘယ်အချိန်ကတည်းက ဒီလောက် လွယ်ကူသွားတာလဲ။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တိုးတက်တော့မည်ဟု လူတွေ အမြဲပြောဆိုခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အမှန်တကယ် အောင်မြင်ခဲ့သည်ဟူသော လက္ခဏာ မတွေ့ရဖူးပေ။
အခု ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး မကြာခင်မှာပင် အဆင့်တက်သွားခဲ့ပြီလား။
ဆွမ်ဧကရာဇ် ထိုသတင်းကို လက်မခံနိုင်ပေ။
ကျူးကဲ့ကျုံကောင်းသည် ရှနိုင်ငံတော်၏ နန်းတွင်းအရာရှိတစ်ဦး သို့မဟုတ် သူ၏လူယုံတစ်ဦးဖြစ်ခဲ့လျှင် ကိစ္စမရှိပေ။ သို့သော် သူသည် မြောက်ပိုင်းပြည်နယ်သားဖြစ်နေပြီး မိမိ၏သားအစစ်မဟုတ်နိုင်သူ၏ လူဖြစ်နေသည်။
ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦးရှိသော နယ်စားပြည်နယ်တစ်ခု နောက်ထပ်ဘာလုပ်မည်ဆိုသည်မှာ များစွာတွက်ဆစရာမလိုပေ။
ဆွမ်ဧကရာဇ် သူ၏လက်ထဲရှိ စာကိုကြာမြင့်စွာ ငေးကြည့်နေသည်ကို မြင်ရသော အခါ အနီးရှိ စစ်တူစီလည်း တစ်စုံတစ်ခု ဖြစ်နေပြီဟု နားလည်သွားသည်။
ဖြစ်ပျက်နေသည့် ကိစ္စကို သူမသိသော်လည်း ဆွမ်ဧကရာဇ်၏ မျက်နှာအမူအယာကို ကြည့်ပါက မြောက်ပိုင်းပြည်နယ်တွင် ဖြစ်နေသည့်အရာက သေးငယ်သော အရာမဟုတ်ဟု သူသိသည်။
အတန်ကြာပြီးနောက် ဆွမ်ဧကရာဇ် သတိပြန်ဝင်လာကာ
“စုံစမ်းပါ။ ရန်ခရိုင်က အရိပ်ကိုယ်ရံတော် တွေကို အမြန်စုံစမ်းခိုင်းပါ။ ကျုပ် တိကျတဲ့ သတင်းကို သိလိုတယ်။”
ကောင်းကင်လူသားနယ်ပယ်သည် သိုင်းပညာ၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး တန်ခိုးရှင်တို့၏ နယ်ပယ်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ရှိလာပါက ဆွမ်ဧကရာဇ်၏ ထီးနန်းပင် မတည်မြဲနိုင်တော့ပေ။ ယခု သူ၏အမူအယာ ပျက်နေသည်ကိုပင် ဆွမ်ဧကရာဇ် ဂရုမစိုက်နိုင်တော့ပေ။
သူအကြောက်ဆုံးအရာမှာ သူငယ်စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ ပြန်ဖြစ်လာမည်ကိုပင် ဖြစ်သည်။ ထိုအချိန်က လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်သည် အဆင့်လွန်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး ယခုထိတိုင် အဆင့်လွန်ပညာရှင်အချို့ တောတောင်များတွင် ပုန်းအောင်းနေကြဆဲဖြစ်သည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ဖြစ်လာပါက နန်းတွင်းရှိ အဆင့်လွန်ပညာရှင်တွေ ထပ်သတ်ခံရဦးမှာလား။ အဓိကပြဿနာမှာ သူကိုယ်တိုင် အဆင့်လွန်ပညာရှင်ဖြစ်နေခြင်းပင်ဖြစ်သည်။ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များက အဆင့်လွန်ပညာရှင်များကို သတ်ဖြတ်တတ်ပါက ဧကရာဇ်ဖြစ်သူ သူကိုယ်တိုင်ပင် ကောင်းကင်လူသား စွမ်းအားရှင်၏လက်ချက်ဖြင့် သေဆုံးနိုင်သည်။
အခု ပထမဆုံးအကြိမ်အဖြစ် ဆွမ်ဧကရာဇ် သေခြင်းကို ကြောက်ရွံ့လာပြီး အတိတ်က ထိတ်လန့်ဖွယ် မှတ်ဉာဏ်များ သူ၏စိတ်ကို တစ်ဖန် လွှမ်းခြုံလာခဲ့သည်။
ဆွမ်ဧကရာဇ် အလွန်စိတ်ဆင်းရဲနေသည်ကို မြင်သောအခါ စစ်တူစီ နောက်ထပ် မနေနိုင်တော့ပဲ
“ဘာဖြစ်ခဲ့တယ်ဆိုတာကို သိပါရစေ မင်းကြီး”
ဟု မေးလိုက်သည်။
ဆွမ်ဧကရာဇ်က တုံ့ပြန်ခြင်းမရှိပဲ စာကို စစ်တူစီထံ ပစ်ပေးလိုက်သည်။ စစ်တူစီလည်း စာကို ဖမ်းယူကာ အကြောင်းအရာကို တစ်ချက်ကြည့်လိုက်သည်။
ထိုစာသားများကို မြင်သောအခါ စစ်တူစီသည်လည်း အံ့အားသင့်သွားတော့သည်။
ကောင်းကင်လူသားအဆင့်...
ထိုအဆင့်သည် အဆင့်လွန်ပညာရှင်များ တစ်သက်လုံး တောင့်တခဲ့သော အဆင့်ဖြစ်ပြီး အများစုအတွက် သေသည်အထိပင် မရောက်ရှိနိုင်သော အတားအဆီးတစ်ခုဖြစ်သည်။ သူ မွေးဖွားလာကတည်းက ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသည်ဟု သိရသော တစ်ဦးတည်းသောသူမှာ လျှို့ဝှက်လဝန်းနန်းတော်မှ ထိုပုဂ္ဂိလ်တစ်ဦးသာ ဖြစ်သည်။
ကျူးကဲ့ကျုံကောင်းကိုပါ ထည့်တွက်လျှင် ယခုဆို နှစ်ဦးဖြစ်သွားပြီ။
သို့သော်...
ကျူးကဲ့ကျုံကောင်း တကယ်ပဲ ကောင်းကင်လူသားနယ်ပယ်ကို ရောက်ရှိနိုင်ခဲ့ပြီလား။
ထိုအချိန်တွင် စစ်သည်တစ်ဦး အလျင်အမြန် ဆွမ်ဧကရာဇ်ထံ ချဉ်းကပ်လာကာ
“မြောက်ပိုင်းပြည်နယ်မှာ လှုပ်ရှားမှုရှိနေပါတယ် မင်းကြီး။”
ဟု အစီရင်ခံလိုက်သည်။
ဆွမ်ဧကရာဇ်နှင့် စစ်တူစီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
ဆွမ်ဧကရာဇ်က ချက်ချင်းပင်
“ဘာဖြစ်နေတာလဲ”
ဟု မေးလိုက်သည်။
စစ်သည်က
“မြောက်ပိုင်းပြည်နယ်ဟာ ချီပြည်နယ်နှင့် နယ်စပ်မှာ တပ်အင်အား တစ်သိန်း ချထားပြီး နန်းတွင်းက တောင်ပိုင်းသူပုန်တွေကို ကိုင်တွယ်ဖို့ အခက်အခဲရှိမယ်ဆိုရင် သူတို့ အချိန်မရွေး တောင်ဘက်ကို ချီလာပြီး သူပုန်နှိမ်နင်းရာမှာ ကူညီနိုင်တယ်လို့ ကြေညာထားပါတယ်။”
ထိုသတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ဆွမ်ဧကရာဇ်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
ယခု တောင်ပိုင်းသူပုန်များသည် လုံးဝနီးပါး ချေမှုန်းခံရလုပြီးပါး ဖြစ်နေပြီး ဆူဖုန်းမြို့အတွင်း၌ ကြောက်လန့်တကြား ပုန်းအောင်းနေချိန်တွင် မြောက်ပိုင်းပြည်နယ်က တောင်ဘက်သို့ တပ်များ စေလွှတ်ရန် ပြောဆိုနေသည်။ မြောက်ပိုင်းပြည်နယ်မှာ
ဘာရည်ရွယ်ချက် ရှိနေလဲဆိုတာက မှန်းရခက်သော ကိစ္စမဟုတ်ပါ။
ကျူးကဲ့ကျုံကောင်း တကယ်ပဲ ကောင်းကင်လူသားအဆင့်သို့ တက်သွားပြီလားဟု ဆွမ်ဧကရာဇ် မတွေးပဲ မနေနိုင်ပေ။ မဟုတ်ပါက ဒီလူငယ်လေးက အဘယ်ကြောင့် တောင်ဘက်သို့ သူ့တပ်တွေစေလွှတ်ဖို့ အလျင်စလို ဖြစ်နေရမှာလဲ။
ဒီလူငယ်က သူ၏ ရာဇပလ္လင်ကို လုယူရန် မျှော်လင့်နေသည်မှာ ထင်ရှားနေပြီ။
ဆွမ်ဧကရာဇ် စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး နောက်ခဏတွင် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာသည်။
“ဟွတ် ဟွတ် ဟွတ်.....”
သူချောင်းဆိုးလိုက်သည်နှင့် တစ်ပြိုင်နက် လတ်ဆတ်သော သွေးများ ပါးစပ်မှ ရုတ်တရက် ပန်းထွက်လာသည်။ ထိုအရာကို မြင်သောအခါ စစ်တူစီလည်း အဆောင်ငယ်ထဲမှ အလျင်အမြန် ထွက်လာပြီး ဆွမ်ဧကရာဇ်၏ ကျောပြင်ကို အမြန်ကိုင်၍ အသက်ရှူမှန်စေရန် ကူညီပေးလိုက်သည်။
................
အခန်း (၄၄၀)
ရှနိုင်ငံတော်၏ မြို့တော်ရှိ ကောလာဟလများ(၃)
“ကျေးဇူးပြုပြီး အမျက်မထွက်ပါနှင့် မင်းကြီး။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။”
အမျက်ထွက်နေပါက အတွင်းအားလှ့ည်ပတ်မှု မူမမှန်ဖြစ်ကာ ကျန်းမာရေးထိခိုက်နိုင်သည်ကို သတိရသွားပြီး ဆွမ်ဧကရာဇ်လည်း အသက်ရှူမှန်အောင်ထိန်းပြီး စိတ်ကိုငြိမ်သက်စေလိုက်သည်။
ခဏအကြာတွင် ဆွမ်ဧကရာဇ်၏ စိတ်နှလုံး အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် အရိပ်ကိုယ်ရံတော်တစ်ဦး ထပ်မံရောက်ရှိလာပြီး သတင်းအချက်အလက်များ လျှောက်ထားရန် ပြင်လိုက်သည်။ စစ်တူစီက မျက်ခုံးကျုံ့ကာ ထိုအရိပ်ကိုယ်ရံတော်၏ သတင်းသည်လည်း ဆွမ်ဧကရာဇ်ကို ဒေါသထွက်စေမည့် သတင်းဖြစ်နိုင်မည်ကို စိုးရိမ်သဖြင့်
“မင်းကြီး အခုအချိန်မှာ ကျန်းမာရေး မကောင်းဘူး။ ဘာကိစ္စရှိရှိ မနက်ဖြန်မှ လျှောက်တင်ပါ။”
ဟု အမြန်ပြောလိုက်သည်။
နိုင်ငံတော် ပညာရှိ၏ စကားကိုကြားလိုက်ရသော အရိပ်ကိုယ်ရံတော်လည်း သူပြောမည့်စကားကို ပြန်လည်မျိုချလိုက်သည်။ ထိုအချိန်တွင် စိတ်ငြိမ်သက်နေပြီဖြစ်သော ဆွမ်ဧကရာဇ်က
“မလိုအပ်ပါဘူး။ ပြောပါ။”
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသည့်သတင်းထက် ပို၍ဆိုးရွားသော သတင်းမရှိတော့ဟု သူယုံကြည်နေသည်။
ဆွမ်ဧကရာဇ်က တိုက်ရိုက်ပြောခွင့်ပြုသည်ကို မြင်သောအခါ အရိပ်ကိုယ်ရံတော်လည်း မတုံ့ဆိုင်းတော့ပဲ
“မင်းကြီး။ မက်မွန်တောင်ကြား သခင်မက တံခါးပိတ်ပြီး ကျင့်စဉ်အားထုတ်တော့မယ်လို့ သတင်းပို့ထားပါတယ်။ ဆယ်နှစ်ခန့် ကြာမှာဖြစ်ပါတယ်။ ဘာကိစ္စရှိရှိ ဆယ်နှစ်အကြာမှ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားပါတယ်။”
ထိုအရာကို ကြားလိုက်ရသော ဆွမ်ဧကရာဇ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောတော့ပေ။
ရှင်းနေပါသည်။ မက်မွန် တောင်ကြားသခင်မလည်း ကျူးကဲ့ကျုံကောင်း၏ အောင်မြင်မှုသတင်းကိုကြားပြီး ကြောက်လန့်ကာ ပုန်းအောင်းသွားခြင်းဖြစ်သည်။
ဘာအဓိပ္ပာယ်မှ မရှိသော တံခါးပိတ်လေ့ကျင့်ခြင်းဖြစ်သည်။ သူတို့သည် သေရမှာကို ကြောက်သော လူအိုများသက်သက်သာဖြစ်သည်။
ထို့နောက် ဆွမ်ဧကရာဇ်က
“အမိန့်ထုတ်ပြန်လိုက်ပါ။ ကျောင်းကွမ်းကို တောင်ပိုင်း သူပုန်တွေကို အမြန်ဆုံးနှိမ်နင်းပြီး ရှုယွမ်ကို ဖမ်းဆီးခိုင်းပါ။”
ကျူးကဲ့ကျုံကောင်း တန်ခိုးရှင်အဆင့်သို့ တိုးတက်ရောက်ရှိသွားသည်ဟု ဆွမ်ဧကရာဇ်သည် အနည်းငယ် မယုံကြည်နိုင်သေးသော်လည်း ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားရမည်ကို သူသိသည်။
မြောက်ပိုင်းပြည်နယ်သည် ချီနိုင်ငံနှင့် နယ်စပ်တွင် တပ်အင်အား တစ်သိန်းကို နေရာချထားပြီးဖြစ်ကာ ထိုတိရစ္ဆာန်လေးက တစ်စုံတစ်ခုကို မျက်စိကျနေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ သူ၏ ထီးနန်းကို လုံခြုံစွာ ထိန်းသိမ်းလိုပါက တောင်ပိုင်းရှိ အရေးအခင်းကို အမြန်ဆုံး နှိမ်နင်းပြီး စစ်အင်အား အားလုံးကို မြောက်ပိုင်းသို့ ရွှေ့ပြောင်းရမည်။
အချိန်အနည်းငယ်ကြာပြီးနောက်...
ရှနိုင်ငံတော်၏ မြို့တော်ရှိ လမ်းမများနှင့် လမ်းကြားများတွင် ကောလာဟလတစ်ခု ပျံ့နှံ့သွားခဲ့သည်။ အချို့က ရှနိုင်ငံတော် တော်ဝင်မိသားစုသည် လျှို့ဝှက်လဝန်းနန်းတော်မှ မြင့်မြတ်သော ပစ္စည်းတစ်ခုရရှိပြီး ထိုပစ္စည်းသည် လူတစ်ဦး၏ စွမ်းအားကို ကောင်းကင်လူသားအဆင့်အထိ ယာယီမြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။
ထိုကောလာဟလ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ပြည်သူလုထုအကြား အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ မယုံကြည်သောသူများလည်း များစွာရှိကြသည်။ အကယ်၍ ထိုကဲ့သို့အရာမျိုး အမှန်တကယ်ရှိခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်က ရှတော်ဝင်မိသားစုအား အဘယ်ကြောင့် ပေးအပ်မည်နည်း။
လျှို့ဝှက်လဝန်းနန်းတော်၏ နတ်သမီးသည် ဆွမ်ဧကရာဇ်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သူတို့၏ အဆုံးသတ်သည် ပျော်ရွှင်စရာ မ ကောင်းခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်သည် ရှတော်ဝင်မိသားစုနှင့် ကာလကြာရှည်စွာ အဆင်မပြေဖြစ်ခဲ့၏။ ထို့ကြောင့်ဧကရာဇ်အား တန်ဖိုးရှိသောအရာများကို ပေးအပ်မည်မဟုတ်ပေ။ သူတို့၏ မြင့်မြတ်သော ပစ္စည်းကို ပေးသည်က ပို၍ပင် မဖြစ်နိုင်ပေ။
.....
တစ်ဖက်၌...
မြောက်ပိုင်းပြည်နယ်။
လုချန်း၏ ယူမြို့တော် ခရီးစဉ်ကို စတင်ခဲ့ပြီဖြစ်သည်။ မြောက်ပိုင်းသို့သွားသော ဤခရီးစဉ်သည် အတော်လေး သက်သောင့်သက်သာရှိပြီး အန္တရာယ်များစွာ မရှိသောကြောင့် ရှောင်ဝမ်ယောင်ကိုပါ သူနှင့်အတူ ခေါ်သွားခဲ့သည်။
ရှောင်ဝမ်ယောင်သည် မြက်ခင်းလွင်ပြင်များတစ်လျှောက် မြင်းစီးကာ လျှောက်သွားလိုခဲ့သည် မဟုတ်ပါလား။ မြောက်ပိုင်း ခရီးစဉ်အတွင်း အဆုံးမရှိသော မြက်ခင်းလွင်ပြင်များသည် သူမအား အကောင်းဆုံး အခွင့်အရေးကို ပေးခဲ့သည်။ နေ့ဘက်တွင် ရှောင်ဝမ်ယောင်သည် လွင်ပြင်တွင် လွတ်လပ်စွာ မြင်းစီးလေ့ရှိပြီး ညဘက်တွင် မြင်းပေါ်၌ အပန်းဖြေရန်က လုချန်း၏ အလှည့်ဖြစ်သည်။
လုချန်း မြောက်ဘက်သို့ ခရီးထွက်ခဲ့သော်လည်း သူတို့၏ ယာဉ်တန်းသည် အထူးတလည် မြန်ဆန်ခြင်းမရှိပဲ အထူးကိုယ်ရံတော်များထံမှ မည်သည့်သတင်းမဆို လုချန်း၏ ယာဉ်တန်းကို လိုက်မီနိုင်သေးသည်။
ညနေပိုင်းတွင် လုချန်း၏ ယာဉ်တန်း စခန်းချထားပြီးဖြစ်သည်။ သူက ရှောင်ဝမ်ယောင်အား လူလွှတ်၍ ခေါ်ခိုင်းရန် ပြင်လိုက်စဉ် အထူးကိုယ်ရံတော်တစ်ဦး သူထံ ချဉ်းကပ်လာပြီး
“မင်းသား... နေပြည်တော်က ထောက်လှမ်းရေးသတင်း ရောက်ရှိလာပါတယ်။”
ထိုစကားကို ကြားသည်နှင့် လုချန်းက ချက်ချင်းပင် အထူးကိုယ်ရံတော်၏ လက်ထဲမှ ထောက်လှမ်းရေးသတင်းကို ယူ၍ အမြန်ဖတ်လိုက်သည်။
ရှနိုင်ငံတော်၏ နေပြည်တော်မှ ထွက်ပေါ်လာသော ကောလာဟလကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။ လျှို့ဝှက်လဝန်းနန်းတော်၏ မြင့်မြတ်သောပစ္စည်းတစ်ခုကို ဆွမ်ဧကရာဇ် ပိုင်ဆိုင်ထားကြောင်း ချန်ဝမ်ရွန်ထံမှ သူသိရှိထားပြီးဖြစ်သည်။
သို့သော် ထိုသတင်း ပျံ့နှံ့သွားပြီး ရှနိုင်ငံတော်၏ နေပြည်တော်အနှံ့ အပြောများနေကြခြင်းက အတော်လေး စဉ်းစားစရာကောင်းလှသည်။
ထိုသတင်းကို လျှို့ဝှက်လဝန်းနန်းတော်မှ ထုတ်ပြန်ခြင်း မဖြစ်နိုင်ပေ။ သူတို့၏ မြင့်မြတ်သောပစ္စည်း ဆွမ်ဧကရာဇ်၏ လက်ထဲတွင် ရှိနေသည်ကို လူများအား သိစေလိုမည် မဟုတ်ပေ။
လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု အနေနှင့် သူတို့၏ မြင့်မြတ်သောပစ္စည်းတစ်ခု ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးတွင် လောကီနယ်ပယ်မှ ဘုရင်မိသားစု တစ်ခု၏ လက်ထဲသို့ရောက်ရှိသွားခြင်းက ဂုဏ်သိက္ခာကျစေမည့်ကိစ္စဖြစ်သည်။
ထို့ပြင် ထိုမြင့်မြတ်သောပစ္စည်းသည် လျှို့ဝှက်လဝန်းနန်းတော်အတွက် အရေးပါမှုအချို့ ရှိရမည်ဖြစ်သည်။ ရှတော်ဝင်မိသားစု၏ လက်ထဲတွင် ထိုကဲ့သို့ ရတနာပစ္စည်းမျိုး ရှိနေကြောင်း သတင်းပြန့်သွားပါက ထိုအရာကို လိုချင်တက်မက်သောသူများ ရှိလာနိုင်သည် မဟုတ်ပါလား။
ဤသတင်းကို လျှို့ဝှက်လဝန်းနန်းတော်က လွှင့်ခဲ့တာ မဟုတ်ရင် ဘယ်သူက ဖြန့်ခဲ့တာလဲ။
ဤသတင်းကို ဘယ်သူထုတ်လိုက်တာလဲဆိုတာကို ခန့်မှန်းရန် ပထမဦးစွာ ရှနိုင်ငံတော် ဧကရာဇ်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်းရှိကြောင်း သိသူများများစားစား မရှိနိုင်ကြောင်းကို သတိပြုရမည်။ ဒုတိယအနေဖြင့် ထိုသတင်း ပျံ့နှံ့ခြင်းဖြင့် ဘယ်သူအကျိုးရအမြတ် ရှိမလဲ ဆိုတာကိုဖြစ်သည်။
လုချန်း၏စိတ်ထဲတွင် ဆွမ်ဧကရာဇ်၏ပုံရိပ်ချက်ချင်း ပေါ်လာသည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ရောက်ရှိသွားကြောင်းသတင်းသည် နိုင်ငံအားလုံးသို့ ပျံ့နှံ့သွားပြီး ထိုသတင်းကို ပိုမိုယုံကြည်စေရန် လုချန်းက ဝေစုယွမ်၏ စစ်သည်တစ်သိန်းကို ချီပြည်နယ်နှင့်နယ်စပ်တွင် တပ်စွဲထားစေခဲ့ကာ တောင်ဘက်သို့ ချီတက်ရန် အသင့်အနေအထားကို ပြသခဲ့ပြီး ရှနိုင်ငံတော်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ဆွမ်ဧကရာဇ်လည်း မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပေ။
ကောင်းကင်လူသားအဆင့် စွမ်းအားရှင်ကိုအသုံးပြု၍ မြောက်ပိုင်းပြည်နယ် ပုန်ကန်မည်ကို ဆွမ်ဧကရာဇ် အမှန်တကယ်စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းပြည်နယ်အမှန်တကယ်ပုန်ကန်ခြင်းမှကာကွယ်ရန် လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်း သူပိုင်ဆိုင်ထားကြောင်း သတင်းထုတ်ပြန်ရန် မဖြစ်မ နေ လိုအပ်လာခဲ့သည်။ ဤသို့ဖြင့် ရှနိုင်ငံတော်ဧကရာဇ်တွင် ကောင်းကင်လူသားအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည့် လျှို့ဝှက်လက်နက်ရှိသည်ဟူသော အထင်အမြင်ကို ဖန်တီးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုသို့ဖြင့် မြောက်ပိုင်းပြည်နယ်ဘက်က ပုန်ကန်ရန် သို့မဟုတ် တောင်ဘက်သို့ ချီတက်၍ နေပြည်တော်ကို တိုက်ခိုက်ရန် စဉ်းစားပါက ရှတော်ဝင်မိသားစုတွင် လူတစ်ဦးကို ကောင်းကင်လူသားအဆင့်သို့ မြှင့်တင်ပေးနိုင်သော ရတနာပစ္စည်းတစ်ခု အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ရှိမရှိကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
အခြေခံအားဖြင့် ဤသည်မှာ မြောက်ပိုင်းပြည်နယ်ကို ဟန့်တားရန် နည်းလမ်းတစ်ခုဖြစ်သည်။
ထောက်လှမ်းရေးသတင်းကို ဖတ်ပြီးနောက် လုချန်းသည် သူ၏ရှေ့မှ အထူးကိုယ်ရံတော်အား
“ချီပြည်နယ် နယ်စပ်နားမှာ ပိုပြီး သိသာထင်ရှားတဲ့ လှုပ်ရှားမှူတွေ လုပ်ပြဖို့
ဗိုလ်ချုပ်ဝေကို သွားပြောလိုက်ပါ။”
“ဟုတ်ကဲ့ မင်းသား။”
လုချန်းက ဆက်၍
“ကောင်းပါပြီ... ခင်ဗျား သွားနိုင်ပြီ။”
“ခွင့်ပြုပါ မင်းသား။”
ထိုအထူးကိုယ်ရံတော် ထွက်သွားပြီး မကြာမီ တစ်နေ့လုံး မြင်းစီးနေခဲ့သော ရှောင်ဝမ်ယောင် ပြန်ရောက်လာသည်။ သူမ အလွန်ပျော်ရွှင်နေ၏။ ယခုကဲ့သို့ ပျော်ရွှင်ခဲ့ရခြင်း မရှိတာ ကြာပြီဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ပြုံးလျက် ရှောင်ဝမ်ယောင်အား
“ဘယ်လိုလဲ .... ယောင်ယောင်။”
ရှောင်ဝမ်ယောင်က ကျေးဇူးတင်စွာဖြင့်
“မြောက်ပိုင်းကို လိုက်ပါခွင့်ပြုတဲ့ အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် လုချန်းက
“တစ်နေ့လုံး မြင်းစီးခဲ့ရလို့ ပင်ပန်းနေရမှာပဲ။ လာ... ကိုယ့်တဲထဲ လာခဲ့။ မင်းရဲ့ပင်ပန်းနွမ်းနယ်မှုကို သက်သာအောင် ကူညီပေးမယ်” ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားသောအခါ ရှောင်ဝမ်ယောင်၏ မျက်နှာတွင် အနီရောင် သန်းသွားသည်။ အမှန်တကယ်တော့ သူမ လုချန်းအား ယနေ့အတွက် လုံလောက်အောင် ‘မြင်းစီး’ခွင့်ပေးခဲ့ပြီးဖြစ်သည်။
ရှောင်ဝမ်ယောင်က ဖြည်းညင်းစွာပြောလိုက်သည်။
“ကျွန်မ ချက်ချင်းပဲ လိုက်ခဲ့ပါမယ်။”
..............
အခန်း( ၄၄၁ )
လုရှုယွမ် ထွက်ပြေးလိုခြင်း (၁)
ရှနိုင်ငံတော်။
ဆူဖုန်းမြို့။
မြို့ပြင်တွင် ရှနိုင်ငံတော်၏ နန်းတွင်းစစ်တပ်များ စုရုံးနေပြီး မရေမတွက်နိုင်သော ကျောက်မောင်းလက်နက်ကြီးများ တန်းစီထားသည်။ လေးသမားများလည်း ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေသည်။
ဆူဖုန်းမြို့အတွင်း၌ အလွန်ရှုပ်ထွေးနေ၏။နန်းတွင်းစစ်တပ်များ အဏာရှိ မိသားစုများ၏ ပူးပေါင်းတပ်များကို ဤမျှမြန်ဆန်စွာ အနိုင်ရကာ ဆူဖုန်းမြို့ကို ဝိုင်းရံလိမ့်နိုင်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။
ယခုအခါတွင် သူတို့၏ နောက်ဆုံးအခွင့်အရေးမှာ မိသားစုကြီးများမှ အဆင့်လွန်ပညာရှင်များ ပူးပေါင်းကာ နန်းတွင်းစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရန်သာ ဖြစ်သည်။
သို့သော် နန်းတွင်းစစ်တပ်တွင်လည်း နန်းတွင်းအဆင့်လွန်ပညာရှင်များ ရှိနေမည်ဟု သူတို့ မျှော်လင့်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အာဏာရှိ မိသားစုကြီးများ၏ အဆင့်လွန်ပညာရှင်များနှင့် နန်းတွင်းအဆင့်လွန်ပညာရှင်များတို့၏ ပြိုင်ပွဲဖြစ်လာမည်။ အကယ်၍ မိသားစုကြီးများ၏ အဆင့်လွန်ပညာရှင်များက နန်းတွင်းအဆင့်လွန်ပညာရှင်များကို အနိုင်ရပါက တောင်ပိုင်းသားများအတွက် မျှော်လင့်ချက် အလင်းရောင်အနည်းငယ် ရှိဦးမည် ဖြစ်သည်။
သို့သော် သူတို့၏ အဆင့်လွန်ပညာရှင်များ ရှုံးနိမ့်ပါက နန်းတွင်းစစ်တပ်များ မြို့တွင်းသို့ ဝင်ရောက်နိုင်ရန် အချိန်များစွာ မလိုတော့ပေ။
နန်းတွင်းစစ်တပ်၏ ရှေ့တန်းတွင် ဗိုလ်ချုပ် ကျောင်းကွမ်းသည် မြင်းပေါ်မှနေ၍ ဆူဖုန်းမြို့၏ တံခါးများကို စစ်ဆေးကြည့်ရှုပြီးနောက်
“တိုက်ခိုက်ကြ”
ဟု အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
နောက်တစ်ခဏတွင် ဆူဖုန်းမြို့အပေါ်မှ ခရာသံများ မြည်ဟီးလာပြီး နန်းတွင်းစစ်တပ်များလည်း တပြိုင်နက် ချီတက်လာသည်။ ထိုစဉ် မရေမတွက်နိုင်သော ကျောက်မောင်းကြီးများမှ ကျောက်တုံးများကို ပစ်လွှတ်ကာ မြို့ရိုးများပေါ်သို့ ပြင်းထန်စွာ ကျရောက်စေပြီး နေရာအနှံ့ အက်ကွဲ ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ဆူဖုန်းမြို့ဘက်မှလည်း ကျောက်မောင်းကြီးများဖြင့် ပြန်လည်တိုက်ခိုက်ပြီး ကျောက်တုံးကြီးများ နန်းတွင်းစစ်တပ်များ၏ အလယ်ဗဟိုသို့ တိုက်ရိုက်ကျရောက်ခဲ့သည်။
သို့သော် ထိုကျောက်တုံးကြီးများသည် နန်းတွင်း၏ လက်ရွေးစင် စစ်သည်များအတွက် အနည်းငယ်မျှသာ အသုံးဝင်သည်။ သာမန်လက်ရွေးစင် စစ်သည်တစ်ဦးသည် ကျောက်တုံးကြီးများနှင့် မြားများကို အလွယ်တကူ ရှောင်တိမ်းနိုင်သည်။
.....
ထိုအတောအတွင်း...
ဝမ်မိသားစုတွင်..
တောင်ပိုင်း အာဏာရှိ မိသားစုကြီးများ၏ ခေါင်းဆောင်များသည် ဝမ်မိသားစု၏ ဧည့်ခန်းမတွင် စုရုံးနေကြသည်။ အိမ်ရှေ့မင်းသား လုရှုယွမ်သည် မိသားစုခေါင်းဆောင်၏ နေရာတွင် ထိုင်နေပြီး သူ၏မျက်နှာ အလွန်မှောင်မည်းနေသည်။
သူ၏အနာဂတ်ကို လုရှုယွမ် မြင်ယောင်နေပြီဖြစ်သည်။ ဝိုင်ထဲ အဆိပ်ခတ်ခံရပြီး သေဆုံးသွားမည့် အနာဂတ်ကိုဖြစ်သည်။
ဆူဖုန်းမြို့အပေါ်မှ ခရာသံများ မြည်ဟီးလာသည်ကို ကြားပြီးနောက် နန်းတွင်းစစ်တပ်များ စတင်တိုက်ခိုက်လာပြီဟု လူတိုင်းနားလည်လိုက်သည်။ ယခုအခါတွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့မိသားစုများမှ အဆင့်လွန်ပညာရှင်များအပေါ်တွင် ရှိနေသည်။
အကယ်၍ သူတို့၏ အဆင့်လွန်ပညာရှင်များ ရှုံးနိမ့်ပါက သူတို့အတွက် လွတ်မြောက်ရန် နည်းလမ်းမရှိတော့ပဲ သေခြင်းဆီသို့သာ ဦးတည်သွားရလိမ့်မည်။
ဧည့်ခန်းမသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး လူတိုင်း၏မျက်နှာများလည်း မှောင်မည်းနေကြသည်။ တစ်ဦးတစ်ယောက်မှ စကားမပြောကြပေ။
ထိုအချိန်၌ ချူးဟုန်ဖေး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူသည် တိုက်ရိုက်ပင် ပြောလိုက်သည်
“ကျွန်တော်တို့ ထွက်ပြေးဖို့ ကြိုးစားသင့်ပါတယ် အိမ်ရှေ့မင်းသား။ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ မျှော်လင့်ချက် ရှိနိုင်ပါတယ်။ အခု ကျွန်တော်တို့ သေဆုံးသွားခဲ့ရင် ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး။”
ဤနေရာတွင် သေဆုံးရန် ချူးဟုန်ဖေး မလိုလားပေ။ သူသည် ငယ်ရွယ်နေသေးပြီး မပြီးဆုံးသေးသော အိပ်မက်များစွာ အကောင်အထည်ဖော်ရန် ရှိနေသေးသည်။ သူ၏စိတ်အာရုံက အင်ပါယာကြီးများကိုပင် လှုပ်ခတ်နိုင်စွမ်းရှိသော ချူးယုချင်ထံ၌သာ ရောက်ရှိနေသည်။
ချူးဟုန်ဖေး၏စိတ်ထဲ၌ တွေးတောနေ၏။ သူ၏ဖခင်သည် မြောက်ပိုင်းပြည်နယ်၌ အခြေစိုက်စခန်းတစ်ခုကို ရရှိထားပြီးဖြစ်သဖြင့် သူဆူဖုန်းမြို့မှ လွတ်မြောက်ကာ တိတ်တဆိတ် မြောက်ပိုင်းပြည်နယ်သို့ ဝင်ရောက်နိုင်ခဲ့ပါက သူသည် နောက်တစ်ကြိမ် သူရဲကောင်းတစ်ဦးဖြစ်လာနိုင်မည်။
ထို့ပြင် သူသည် သူ့ဖခင်၏ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။ အကယ်၍ သူ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခဲ့ပါက ထိုဒေသ၌ သူသည် ချူးမိသားစု၏ သခင်လေးပင် ဖြစ်နေဦးမည်။ နောက်ဆုံး၌ သူ ချူးမိသားစု၏ သခင် ဖြစ်လာလိမ့်မည်။
သို့သော် ထိုအရာအားလုံးထက် ပို၍အရေးကြီးသည်မှာ မြောက်ပိုင်းပြည်နယ်တွင် ချူးယုချင်ကို လိုက်လံရှာဖွေနိုင်မည့် အခွင့်အလမ်းပင်ဖြစ်သည်။
ချူးယုချင်၏ တောင့်တင်းသော ကိုယ်ခန္ဓာကို တွေးတောရုံဖြင့်ပင် ချူးဟုန်ဖေး၏ သေခြင်းကို ကြောက်ရွံ့သောစိတ်များ အနည်းငယ် လျော့ပါးသွားခဲ့သည်။
ချူးဟုန်ဖေး၏ စကားများကို ကြားသော ချူးလျှံက ချက်ချင်း ဆူပူကန့်ကွက်လိုက်သည်
“မဆင်မခြင် မပြောနဲ့ ဟုန်ဖေး။ တို့မိသားစု တွေရဲ့ အဆင့်လွန်ပညာရှင်တွေ မထွက်ရသေးဘူး။ တို့တတွေ နန်းတွင်းစစ်တပ်နှင့် မယှဉ်နိုင်ဘူးလို့ ပြောလို့မရဘူး။”
ချူးလျံ၏ စကားများကို ကြားသောအခါ ချူးဟုန်ဖေး အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားသည်။ သူ၏ ဦးလေးနှစ်ဦးနှင့်အတူ ရပ်တည်ခဲ့ခြင်းမှာ ချူးမိသားစုအတွင်း၌ ပိုမိုအာဏာရရှိရန်နှင့် သူ့ဖခင်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ဖခင်ကို သစ္စာဖောက်ခဲ့ရသည်။
ယခုအခါ နန်းတွင်းစစ်တပ် မြို့တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့ မြို့တွင်းသို့ ဝင်ရောက်သည်အထိ စောင့်ဆိုင်းနေပါက ချူးမိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင် ကျရောက်လိမ့်မည်။ သူ၏ဖခင်သည် မြောက်ပိုင်းပြည်နယ်၌ ကောင်းမွန်သော ထွက်ပေါက်ဗျူဟာကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ဆူဖုန်းမြို့၌ ကျန်ရှိသူများနှင့်အတူ သေဆုံးရန် ချူးဟုန်ဖေး ရည်ရွယ်ထားခြင်းမရှိပေ။
မကျေမနပ် ဖြစ်နေသော်လည်း ဦးလေးဖြစ်သူ ချူးလျှံကို ရိုသေသောအားဖြင့်လည်းကောင်း အိမ်ရှေ့မင်းသားနှင့် အာဏာရှိ မိသားစုများ၏ အကြီးအကဲများစွာ တက်ရောက်နေသည်ကို ထည့်သွင်းစဉ်းစားသောအားဖြင့်လည်းကောင်း ချူးဟုန်ဖေး သူ၏လျှာကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် သူ၏ပါးစပ်ကိုပိတ်၍ စကားမပြောတော့သော်လည်း သူ၏စိတ်ထဲ၌မူ ဆူဖုန်းမြို့မှ လွတ်မြောက်ရန်အတွက် အစီအစဉ်များကို ရေးဆွဲနေပြီဖြစ်သည်။
ထိုအချိန်၌ လုရှုယွမ်က
“ကျွန်တော်က ဒီလမ်းကို ရွေးချယ်ခဲ့ပြီးပြီဆိုတော့ အဆုံးထိ ခင်ဗျားတို့အားလုံးနဲ့အတူ ရပ်တည်သွားမှာပါ။ ဒီလိုအချိန်မျိုးမှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ။”
အာဏာရှိ မိသားစုများ၏ အကြီးအကဲများ အလွန်စိုးရိမ်နေသောအရာမှာ သူ ထွက်ပြေးသွားနိုင်ခြေဖြစ်ကြောင်း လုရှုယွမ် ကောင်းစွာ နားလည်သည်။ နန်းတွင်းစစ်တပ်သည် မြို့ကို ဝိုင်းရံထားပြီးဖြစ်ကာ မြို့တွင်းရှိလူများလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။ အကယ်၍ အိမ်ရှေ့မင်းသားဖြစ်သူပါ ထွက်ပြေးသွားပါက ဆူဖန်းမြို့နေ ပြည်သူလူထု၏ စိတ်ဓာတ် ချက်ချင်းပင် ပြိုလဲသွားနိုင်ဖွယ်ရှိသည်။
အမှန်စင်စစ်အားဖြင့် လုရှုယွမ်သည် အလွယ်ကူဆုံး ထွက်ပြေးနိုင်သူဖြစ်သည်။ အကြောင်းမှာ ဆူဖုန်းမြို့၌ သူပိုင်ဆိုင်သော မြေယာမရှိပေ။ သူသည် လက်ဗလာဖြင့် ရောက်ရှိလာခဲ့ပြီး မည်သည့်ဝန်ထုပ်ဝန်ပိုးမျှမပါပဲ အလွယ်တကူ ထွက်ခွာသွားနိုင်သည်။
သို့သော် အာဏာရှိ မိသားစုများမှာမူ ကွဲပြားသည်။ သူတို့၏ မိသားစုအမွေအနှစ်များသည် ဆူဖုန်းမြို့တွင် မျိုးဆက်ပေါင်းများစွာ တည်ရှိနေခဲ့သဖြင့် ဆုတ်ခွာရန် အကြောင်းမရှိပေ။ ထွက်ပြေးပါက မျိုးဆက်ပေါင်းများစွာ၏ လုပ်ဆောင်ချက်များ ဆုံးရှုံးသွားမည်ဖြစ်သည်။
အမှန်စင်စစ် ထိုအချက်တစ်ခုတည်းကြောင့်လည်း မဟုတ်ပေ။ လုရှုယွမ်သည် လူလွတ်တစ်ဦးဖြစ်ပြီး အစေခံအနည်းငယ်သာရှိ၏။ သို့သော် အာဏာရှိ မိသားစုတစ်ခုစီ၌ ထောင်နှင့်ချီသော ဆွေမျိုးသားချင်းများ ရှိနေကြသည် မဟုတ်ပါလော။ သူတို့အားလုံး မည်သို့ ထွက်ပြေးနိုင်မည်နည်း။
လုရှုယွမ်သည် အစေခံအနည်းငယ်ဖြင့် အခြေအနေ ရှုပ်ထွေးနေချိန်တွင် တိတ်တဆိတ် ထွက်ပြေးသွားနိုင်သော်လည်း မိသားစုကြီးများအတွက်မူ မဖြစ်နိုင်ပေ။ လူအများကြီးဖြင့် ထွက်ပြေးရန် ကြိုးစားပါက သေချာပေါက် သတိပြုမိသွားမည်ဖြစ်သည်။
ထို့ကြောင့် လုရှုယွမ် ထွက်ပြေးမည် မဟုတ်ကြောင်း ကြေညာခြင်းဖြင့် အာဏာရှိ မိသားစုကြီးများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးကာ ထိုကိစ္စနှင့်ပတ်သက်၍ အခြားအတွေးများ မဝင်စေရန်လည်း တားဆီး ပေးသည်။
............