← Chapters

အခန်း ၄၄၂-၄၄၄

Vol. 30 Ch. 442-444

အခန်း ၄၄၂-၄၄၄

Vol. 30 Ch. 442-444

အခန်း (၄၄၂ )

လုရှုယွမ် ထွက်ပြေးလိုခြင်း(၂)

သို့သော် လုရှုယွမ် ထိုသို့ တကယ် တွေးနေခြင်း မဟုတ်ပေ။

သူသည် အိမ်ရှေ့မင်းသား ဖြစ်သည်။ သူက အဘယ့်ကြောင့် ဤအာဏာရှိ မိသားစုများနှင့်အတူ သေဆုံးရမည်နည်း။ သူသာ ဖမ်းဆီးခံရပါက သူ၏ဖခင် ဧကရာဇ်က သူ့အား မင်းသားဖြစ်သောကြောင့် ချမ်းသာပေးမည်မဟုတ်ကြောင်း သူကြိုတင်သိမြင်ထားပြီးဖြစ်သည်။ ယင်းအစား သူ့အား အဆိပ်ပါသော ဝိုင်တိုက်ခြင်း သို့မဟုတ် အဆုံးစီရင်ရန် ပိုးကြိုးပေးခြင်း ခံရလိမ့်မည်မှာ သေချာသည်။

ထို့ကြောင့် သူ အသက်ရှင်လိုပါက မြို့ပြင်ရှိ နန်းတွင်းစစ်တပ်၏ လက်ထဲရောက်သွားလို့ မဖြစ်ပေ။ သူ ဆူဖုန်းမြို့မှ ထွက်ခွာရန် နည်းလမ်းရှာရမည်ဖြစ်သည်။

ချူးဟုန်ဖေးသည်လည်း ထွက်ပြေးရန် ကြံစည်နေသူဖြစ်သည့်အတွက် သူ့ကို အသုံးချနိုင်သည်။

ချူးဟုန်ဖေးသည် တောင်ပိုင်းချူးမိသားစုမှ ဆင်းသက်လာပြီး ဆူဖုန်းမြို့တွင် ကြီးပြင်းလာသူဖြစ်၏။ နှစ်ပေါင်းများစွာ ဆူဖုန်းမြို့တွင် နေထိုင်ခဲ့သည့်အတွက် မြို့ကို ကောင်းစွာရင်းနှီးကျွမ်းဝင်လိမ့်မည်။ မြို့မှ ထွက်ခွာရန် သူနည်းလမ်းရှာနိုင်မည် ဖြစ်သည်။

တကယ်တော့ ဒါမျိုးက လူသိရှင်ကြား ပြောဆိုနိုင်သော ကိစ္စမျိုး မဟုတ်ပေ။

ထိုအချိန်၌ လုရှုယွမ်က ဆက်လက်၍

“မြို့က ထိတ်လန့်တုန်လှုပ်စရာ အခြေအနေမှာ ရှိနေတော့ ဒီနေရာ၌ ထိုင်နေပြီး ဘယ်မိသားစု ခေါင်းဆောင်မှ ကောင်းမွန်တဲ့ ဖြေရှင်းနည်းကို စဉ်းစားနိုင်မည်မဟုတ်ပါဘူး။ ဒါ့ကြောင့် အခု အားလုံး အိမ်ပြန်ပြီး ဆွေမျိုးသားချင်းတွေကို စိတ်ငြိမ်သက်စေတာ အကောင်းဆုံးဖြစ်မှာပါ။ ခေါင်းအေးအေးထားနိုင်မှ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက် ရှိနိုင်မှာပါ။”

ထိုစကားကို ကြားသောအခါ အာဏာရှိ မိသားစုများ၏ အကြီးအကဲများလည်း စဉ်းစားမိသွားကြ၏။ သူတို့သည် အမှန်ပင် ထိုင်နေရုံသာဖြစ်ပြီး မည်သည့်ကောင်းမွန်သော အကြံကိုမှ မထုတ်နိုင်ကြ ပေ။ အဆင့်လွန် ပညာရှင်များ၏ တိုက်ပွဲအဖြေကို စောင့်ဆိုင်းပြီးမှသာ နန်းတွင်းစစ်တပ်ကို အနိုင်ယူနိုင်ခြင်း ရှိမရှိ သိရှိနိုင်ကြမည်ဖြစ်သည်။

ထိုအချိန်၌ ချင်မိသားစု၏ အကြီးအကဲသည် ထရပ်၍

“အိမ်ရှေ့မင်းသား ပြောတာ မှန်ပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ ဒီမှာ ထိုင်နေရင်လည်း အကျိုးမရှိပါဘူး။ စိုးရိမ်ပူပန်နေရုံပဲ ရှိမှာပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေဆီ ပြန်ပြီး ဆွေမျိုးသားချင်းတွေကို နှစ်သိမ့်တာ ပိုကောင်းပါတယ်။”

ချင်မိသားစု၏ ခေါင်းဆောင် ထိုသို့ပြောသည်ကို မြင်သောအခါ ဝမ်မိသားစု ခေါင်းဆောင်ကလည်း သက်ပြင်းချကာ

“ကောင်းပြီလေ။ ဒီနေ့တော့ အားလုံး ပြန်သင့်ပြီ။”

အကယ်၍ ဆူဖုန်းမြို့ကို နန်းတွင်းစစ်တပ်များ တကယ်ဝင်ရောက်လာပါက ဝမ်မိသားစုနေရာတွင် သေရန်စောင့်နေရမည့်အစား မိမိတို့မိသားစုဝင်များနှင့်အတူ နောက်ဆုံးတိုက်ပွဲဝင်ရန် ပြင်ဆင်ထားသင့်သည်ဟု မိသားစုခေါင်းဆောင်များစဉ်းစားမိသည်။။

ထို့ပြင် နန်းတွင်းစစ်တပ်များ မြို့တွင်းသို့ဝင်ရောက်လာပါက သူတို့အင်အားကို ခွဲဝေသုံးစွဲသွားမည်မှာ သေချာသည်။ မိသားစုကြီးများသည် ဆူဖုန်းမြို့တစ်ဝှမ်းတွင် နေထိုင်ကြပြီး နန်းတွင်းစစ်တပ်များ အင်အားခွဲပါက ရှုပ်ထွေးနေသော အခြေအနေတွင် မိသားစုအချို့သည် သူတို့၏ ဆွေမျိုးသားချင်းများကို ခေါ်ဆောင်ကာ ဆူဖုန်းမြို့မှ ထွက်ခွာရန် အခွင့်အရေး ရနိုင်ခြေရှိသည်။

လူတိုင်း စည်းလုံးညီညွတ်ရေးအကြောင်း ပြောဆိုကြသော်လည်း သူတို့၏ စိတ်ထဲ၌မူ အဆိုးဆုံးသော အရေးပေါ်အခြေအနေအတွက် အစီအစဉ်များကို ရေးဆွဲထားပြီးဖြစ်သည်။ အများစုမှာ သူတို့ အနိုင်ရနိုင်သည်ဟု မယုံကြည်ကြတော့ပေ။ အကယ်၍ အနိုင်ရနိုင်သည့် အလားအလာရှိခဲ့ပါက သူတို့သည် ယခုအချိန်အထိ ထိုမျှလောက် ညံ့ဖျင်းစွာ ရှုံးနိမ့်ခဲ့မည်မဟုတ်ပေ။

ထို့နောက် မိသားစုအကြီးအကဲများ ဝမ်မိသားစုအိမ်‌တော်မှ ထွက်ခွာကာ မိမိတို့၏ သက်ဆိုင်ရာ မိသားစုများဆီသို့ ပြန်သွားကြသည်။

အားလုံး ထွက်ခွာသွားပြီးနောက် လုရှုယွမ်သည် ဆူဖုန်းမြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ သွားကာ ချူးဟုန်ဖေးအား လျှို့ဝှက်စွာ ခေါ်ယူ၍ တွေ့ဆုံခဲ့သည်။

အိမ်ရှေ့မင်းသားက သူ့ကို နှစ်ယောက်တည်း တွေ့လိုကြောင်း ချူးဟုန်ဖေး ကြားသောအခါ သူအလွန်ဝမ်းမြောက်သွားသည်။ အကယ်၍ အိမ်ရှေ့မင်းသားနှင့် န‌စ်ယောက်တည်း တွေ့ဆုံနိုင်ပါက အတူတကွ ထွက်ပြေးဖို့ သူ့ကိုနားချနိုင်မည့် အခွင့်အလမ်းရှိသည်။

ဆူဖုန်းမြို့မှ တစ်ယောက်တည်း ထွက်ပြေးရန်လည်း ချူးဟုန်ဖေး စဉ်းစားခဲ့သော်လည်း သူ့၌ စွမ်းအား အမှန်တကယ် မရှိသည့်အပြင် ချူးမိသားစု၌ စွမ်းအားကြီးသော လက်အောက်ငယ်သားများလည်း မရှိကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် သူတစ်ယောက်တည်း ထွက်ပြေးရန် ကြိုးစားရင်း မြို့ပြင်ရှိ နန်းတွင်းစစ်တပ်မှ တွေ့ရှိသွားပါက ချက်ချင်းဖမ်းဆီးခံရနိုင်သည်။

သို့သော် သူ့ဘေးတွင် သိုင်းပညာအဆင့်မြင့်သူများ ရှိပါက အခြေအနေ ကွဲပြားသွားလိမ့်မည်ဖြစ်သည်။ သူတို့သည် သူ ထွက်ပြေးနေစဉ် နန်းတွင်းစစ်သည်များကို တားဆီးထားနိုင်လိမ့်မည်။

လုရှုယွမ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်သည်။ လုရှုယွမ်၏ ဘေးတွင် အဆင့်မြင့် ပညာရှင်များ ရှိသည်။ သူတို့ အတူတကွ ထွက်ပြေးပါက နန်းတွင်းစစ်သည်များ မတော်တဆ တွေ့ရှိခဲ့လျှင်ပင် သူတို့၏ ဆုတ်ခွာမှုကို ကာကွယ်ပေးမည့် အဆင့်မြင့် ပညာရှင်များ ရှိနေမည်ဖြစ်ပြီး ဆူဖုန်းမြို့မှ အောင်မြင်စွာ ထွက်ခွာနိုင်မည့် အခွင့်အလမ်း ပိုမိုများပြားလာမည်။

မကြာမီ ချူးဟုန်ဖေး လုရှုယွမ်၏ အခန်းသို့ ရောက်ရှိလာသည်။ လုရှုယွမ်ကို မြင်သည်နှင့် ချက်ချင်းပင် အရိုအသေပြုလိုက်ကာ

“အိမ်ရှေ့မင်းသားကို ဂါရဝ ပြုပါတယ်။”

လုရှုယွမ်သည် ပြုံးရွှင်စွာဖြင့်

“ဒီလို ရိုသေမှုမျိုး မလိုအပ်ပါဘူး ချူးအစ်ကိုတော်။”

လုရှုယွမ်သည် ထိုမျှ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်ကို မြင်သောအခါ ချူးဟုန်ဖေး အားတက်သွားပြီး

“ကျွန်တော့်ကို အဘယ်ကြောင့် ခေါ်ယူရတယ် ဆိုတာကို သိပါရစေ အိမ်ရှေ့မင်းသား။”

လုရှုယွမ်က သက်ပြင်းချကာ

“အင်ဏာရှိ မိသားစုတွေဟာသည် သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား‌တွေကို စွဲကိုင်ထားခဲ့ကြတာကြောင့် နောက်ဆုံးတော့ ဒီစစ်ပွဲမှာ ကျွန်တော်တို့ အရှုံးနိမ့်ဘက်ကို ဦးတည်သွားခဲ့ရတယ်။ နန်းတွင်းစစ်တပ်ဟာ အခုလောလောဆယ်အထိ ဆူဖုန်းမြို့ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးပေမဲ့ မြို့ကျဆုံး‌သွားမှာကို‌တော့ ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။”

“လွန်ခဲ့သော ရက်အနည်းငယ်က ချီပြည်နယ်က စာတစ်စောင် ရောက်ရှိလာတာကို ကျွန်တော် မှတ်မိသေးတယ်။ အဲ့ဒီစာအရ ကျွန်တော် ချီပြည်နယ်သွားရင် ကျွန်တော့်ဦးလေးက ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် နည်းလမ်းရှာပေးမယ်လို့ ဆိုထားတယ်။ ကျွန်တော့်ဖခင် ဧကရာဇ် ကွယ်လွန်တဲ့အခါ ကျွန်တော့်ဦးလေးက ကျွန်တော် နန်းတက်ဖို့အတွက် အစွမ်းကုန် ထောက်ပံ့လိမ့်မယ်။”

ထိုအရာကို ကြားသောအခါ ချူးဟုန်ဖေး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံသွားသည်။ လုရှုယွမ်၏ ပြောကြားချက်အရ လုရှုယွမ်သည်လည်း ဆူဖုန်းမြို့မှ လျှို့ဝှက်စွာ ထွက်ပြေးရန် စီစဉ်နေ၏။ ထို့ပြင် မြောက်ဘက်သို့ ဦးတည်လိုပုံလည်းရသည်။

ဤသည်မှာ သူတို့နှစ်ဦး စိတ်တူကိုယ်တူများ ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်ပါလား။

ချူးဟုန်ဖေးက ချက်ချင်းပင်

“အိမ်ရှေ့မင်းသား။ မင်းသား အလိုရှိတာ တစ်ခုခု ရှိရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ကူညီနိုင်မယ်ဆိုရင် အသက်ပေးရမယ် ဆိုရင်တောင် ဝန်လေးမှာမဟုတ်ပါဘူး။”

လုရှုယွမ်က ပြုံးမြဲပြုံးလျက်

“အသက်စွန့်ဖို့ မလိုပါဘူး။ ခင်ဗျားက ဆူဖုန်းမြို့မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တော့ မြို့ကို တော်တော်ကျွမ်းကျင်မှာပဲ မဟုတ်လား။ ‌ဒါ့ကြောင့် မြို့ကထွက်ခွာနိုင်မယ့် လမ်းကြောင်းအချို့ သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

“အကယ်၍ ကျွန်တော် ချီပြည်နယ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိခဲ့ရင် ခင်ဗျားက ပထမဆုံး ဂုဏ်ပြုခံရမယ့်သူပဲ။ အဲ့ဒီရာထူးသို့ ကျွန်ုပ် တက်လှမ်းတဲ့အခါကျရင်လည်း ခင်ဗျားကို မြို့စားခန့်မယ်။”

လုရှုယွမ် ကမ်းလှမ်းချက်ကို ကြားသောအခါ ချူးဟုန်ဖေး၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် လုရှုယွမ်တွင် အခြေအနေကို ပြန်လည်ပြောင်းလဲနိုင်မည့် မျှော်လင့်ချက် ရှိသေးသည်ဟု သူခံစားလိုက်ရသည်။

အခန်း (၄၄၃ )

လုရှုယွမ် ထွက်ပြေးလိုခြင်း(၃)

ချီပြည်နယ်သည် အင်အားနည်းသော ပြည်နယ်တစ်ခု မဟုတ်ပေ။ ချီမင်းသားသာ လုရှုယွမ်ကို ကူညီထောက်ပံ့မည် လုရှုယွမ်သည်လည်း ချီပြည်နယ်တွင် ကိုယ့်ကိုယ်ကို နှိမ့်ချ၍ နေထိုင်မည်ဆိုပါက ဆွမ်ဧကရာဇ် ကွယ်လွန်သောအခါ ချီမင်းသားက

လုရှုယွမ် ထီးနန်းရရှိရန် အမှန်တကယ်ပင် ကူညီနိုင်သည်။ လုရှုယွမ်၏ အသက်ကို ကယ်တင်ခဲ့သူဖြစ်သောကြောင့် သူသည် ထိုအချိန်တွင် ဂုဏ်ပြုခံရမည်မှာ သေချာ၏။ မြို့စားရာထူးလည်း ရမှာသေချာသည်။

ထိုသို့တွေးတောပြီးနောက် ချူးဟုန်ဖေးက ချက်ချင်း ပြောလိုက်သည်။

“စိတ်ချပါ အိမ်‌ရှေ့မင်းသား။ မင်းသား အန္တရာယ်ကင်းစွာ ထွက်ခွာနိုင်အောင်ကျွန်တော် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပါမယ်။”

ချူးဟုန်ဖေး၏ တုံ့ပြန်မှုကို ကြားသောအခါ လုရှုယွမ်က ပြုံးလျက်

“ကျွန်တော်တို့ ဆူဖုန်းမြို့က‌နေ ဘယ်သူမှ မသိစေပဲ ထွက်သွားနိုင်မယ့် လမ်း‌ကြောင်းတစ်ခုကို သိပါသလား ချူးအစ်ကို။”

ချူးဟုန်ဖေးက ပြုံး၍ ပြန်ပြောသည်။

“သိပါတယ် မင်းသား။ မင်းသား အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ ဒီညပဲ ဆူဖုန်းမြို့က ထွက်ခွာနိုင်ပါတယ်။”

လုရှုယွမ်က

“ကောင်းပါပြီ။ ဒီကိစ္စအတွက် ချူးအစ်ကိုကိုပဲ အားကိုးပါမယ်။ ကျွန်တော်တို့ ညရဲ့အကာအကွယ်ကိုယူပြီး ဆူဖုန်းမြို့က ထွက်ခွာကြမယ်။”

ထိုအချိန်တွင် လုရှုယွမ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ဆက်ပြောလိုက်သည်။

“နောက်တစ်ခုက ကျေးဇူးပြုပြီး ဒီအကြောင်းကို ချူးမိသားစုထဲက အခြားဘယ်သူ့ကိုမှမပြောပါနှင့်။ လူများလွန်းရင် အလွယ်တကူ လူမိသွားနိုင်ပါတယ်။ ဆူဖုန်းမြို့က လွတ်မြောက်ခဲ့ရင်တောင် နန်းတွင်းစစ်သည်တွေ တွေ့သွားနိုင်‌ပါ‌သေးတယ်။”

ချူးဟုန်ဖေးက ရယ်မော၍ ပြောလိုက်သည်။

“ စိတ်မပူပါနဲ့ မင်းသား။ ကျွန်တော် အစေခံ နှစ်ယောက် သုံး‌ယောက်လောက်ကိုပဲ ခေါ်သွားမှာပါ။ ချူးမိသားစုထဲက အခြားဘယ်သူ့ကိုမှလည်း ပြောမှာမဟုတ်ပါဘူး။”

လုရှုယွမ်က

“ကောင်းပြီ။ ဒါဆိုရင် ချက်ချင်း ပြင်ဆင်ပါ။ ဒီညစားသောက်ဆိုင်မှာ ကျွန်‌ တော့်ကို လာရှာပါ။”

“ဟုတ်ကဲ့ မင်းသား။”

သူ၏ စကားသံအဆုံးတွင် ချူးဟုန်ဖေးလည်း ပျော်ရွှင်သော မျက်နှာဖြင့် စားသောက်ဆိုင်မှ ထွက်သွားလေသည်။

ချူးဟုန်ဖေး၏ နောက်ကျောကို ကြည့်နေသော လုရှုယွမ်၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ လျှပ်တပြက် ယှက်သန်းသွားသည်။ ဆူဖုန်းမြို့ပြင်သို့ ရောက်သည်နှင့် တုံးအသော ချူးဟုန်ဖေးကို ရှင်းလင်းရန် သူ ကြံစည်ထားပြီးဖြစ်သည်။

နန်းတွင်းစစ်တပ် ဆူဖုန်းမြို့ကို ချိုးဖျက်ဝင်ရောက်ပြီး ချူးမိသားစု ပျက်စီးသွားသော အချိန်တွင် ချူးဟုန်ဖေးသည် မည်သည့်အသုံးဝင်မှုမှ မရှိတော့ပေ။

ယနေ့ည လှုပ်ရှားမှု အဆင်ပြေချောမွေ့စွာ ပြီးဆုံးပါစေဟု လုရှုယွမ် တစ်ယောက်တည်း တွေးနေမိသည်။ သူတို့၏ လှုပ်ရှားမှုကို မြို့တွင်းရှိ အာဏာရှိမိသားစုများ သို့မဟုတ် မြို့ပြင်ရှိ နန်းတွင်းစစ်သားများက တွေ့ရှိသွားပါက လွတ်မြောက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

ပထမဆုံးကြိုးပမ်းမှုတွင်ပင် အောင်မြင်ရန် အလွန်အရေးကြီးသည်။

.....

ထိုအချိန်၌။

ဆူဖုန်းမြို့ပြင်။

နန်းတွင်းတပ်ဖွဲ့သည် မြို့ရိုးကို တက်ရန် ပြင်ဆင်နေစဉ် မြို့ရိုးပေါ်ရှိ နန်းတွင်းစစ်သားများသည် မမြင်နိုင်သော အင်အားတစ်ခု၏ ရိုက်ခတ်ခြင်းကို ရုတ်တရက်ခံလိုက်ရပြီး လွင့်စင်သွားကြသည်။ ထို့နောက် နန်းတွင်းတပ်ဖွဲ့၏ လှေကားများလည်း ပျက်စီးသွားသည်။

နောက်တစ်ခဏတွင် အဆင့်လွန်ပညာရှင် သုံးဦး မြို့ရိုးထိပ်တွင် ပေါ်လာသည်။

ထိုအရာကို မြင်သောအခါ ဆူဖုန်းမြို့ရှိ သူပုန်စစ်သားများ၏ စိတ်ဓာတ်သည် တဟုန်ထိုး မြင့်တက်သွားသည်။ သူတို့၏ အဆင့်လွန်ပညာရှင်များ နောက်ဆုံးတွင် လှုပ်ရှားလာကြပြီဖြစ်သည်။ အဆင့်လွန်ပညာရှင်များ၏ အကူအညီဖြင့် နန်းတွင်းတပ်ဖွဲ့ မည်မျှပင် အင်အားကြီးမားစေကာမူ မြို့ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် စစ်သားများသည် သူတို့၏ ခေါင်းဆောင်ဖြစ်သူ လုရှုယွမ် ထွက်ပြေးရန် စီစဉ်နေကြောင်းကို မသိရှိကြသေးပေ။

မြို့ရိုး၏ မျှော်စင်ထိပ်တွင်ရှိသော အဆင့်လွန်ပညာရှင် သုံးဦးကို မြင်သောအခါ နန်းတွင်းတပ်မှ ဗိုလ်ချုပ် ကျောင်းကွမ်းက သူ၏ စစ်သားများအား ချက်ချင်းပင်

“ဆုတ်”

ဟု အမိန့်ပေးလိုက်သည်။

သူ၏ အသံအဆုံးတွင် စစ်ခရာသံများ ညံသွားပြီး နန်းတွင်းတပ်ဖွဲ့ ချက်ချင်း ဆုတ်ခွာ တော့သွားသည်။

နန်းတွင်းတပ်ဖွဲ့ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ဆူဖုန်းမြို့မှ စစ်သားများလည်း သူတို့ အောင်ပွဲရလိုက်ပြီဟု ယူဆကာ ဝမ်းသာအားရ အော်ဟစ်ကြသည်။ နန်းတွင်းတပ်ဖွဲ့က သူတို့ဘက်မှ အဆင့်လွန်ပညာရှင်များကို ကြောက်ရွံ့သွားခြင်းဖြစ်သည်ဟု ထင်မှတ်နေကြသည်။

သို့သော် နန်းတွင်းစစ်သားများကို ဆုတ်ခွာရန် အမိန့်ပေးပြီးနောက် ကျောင်းကွမ်း၏ မျက်နှာတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်ကို သူတို့ မသိလိုက်ကြပေ။

သူတို့ အမှန်တကယ် ဆုတ်ခွာသွားခြင်း မဟုတ်ပေ။ အမှန်မှာ စစ်ဆင်ရေး၏ ဒုတိယအဆင့် စတင်နေပြီဖြစ်သည်။ ယင်းမှာ အဆင့်လွန်ပညာရှင်များအကြား စစ်ပွဲဖြစ်၏။ အဆင့်လွန်ပညာရှင်များကြား တိုက်ပွဲဖြစ်ပွားပါက အနီးအနားရှိသူများကို မလွဲမသွေ ထိခိုက်စေသောကြောင့် သူက နန်းတွင်းစစ်သားများအား ချက်ချင်း ဆုတ်ခွာရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ဆူဖုန်းမြို့မှ စစ်သားများ သူတို့၏ စိတ်ကူးယဉ်အိပ်မက်များတွင် ပျော်မွေ့နေစဉ် ဆုတ်ခွာသွားသော နန်းတွင်းတပ်ဖွဲ့မှ သက်ကြီးရွယ်အို သုံးဦး မြင်းစီးလျက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ထိုသက်ကြီးရွယ်အို သုံးဦးကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဆူဖုန်းမြို့မှ စစ်သားများ ချက်ချင်း ခံစားလိုက်ရသည်။

နန်းတွင်းတပ်ဖွဲ့ ရှင်းရှင်းလင်းလင်း ဆုတ်ခွာသွားသည့် အချိန်တွင် အဘယ့်ကြောင့် သက်ကြီးရွယ်အို သုံးဦးကို စေလွှတ်ရသနည်း။

ဒါက... ဖြစ်နိုင်မပါ့လား။

ထိုသက်ကြီးရွယ်အို သုံးဦးသည်လည်း အဆင့်လွန်ပညာရှင်များ ဖြစ်နေနိုင်သလား။

လူများ စဉ်းစား၍ မရသေးခင် ထိုသက်ကြီးရွယ်အို သုံးဦးသည် မြင်းများကို မြို့တံခါးဆီသို့ ဦးတည်စီးနင်းသွားကြသည်။

ထိုမြင်ကွင်းကို တွေ့မြင်သောအခါ အာဏာရှိမိသားစုမှ အဆင့်လွန်ပညာရှင် သုံးဦးလည်း လက်ပိုက်ကြည့်မနေတော့ပဲ မြို့ရိုးပေါ်မှ ခုန်ဆင်းလိုက်ကြသည်။

ထို့နောက် ဆူဖုန်းမြို့၏ ဒုတိယတိုက်ပွဲ စတင်ခဲ့သည်။

နန်းတွင်းစစ်တပ်မှ အဆင့်လွန်ပညာရှင်သုံးဦးသည် မိသားစုကြီးများမှ အဆင့်လွန်ပညာရှင်များထက် သာလွန်ကြောင်း ထင်ရှားစွာ မြင်တွေ့ရသည်။ မိသားစုကြီးများမှ အဆင့်လွန်ပညာရှင်များသည် တဖြည်းဖြည်း နောက်ဆုတ်လာခဲ့ရပြီး ထိုအချက်ကို သူတို့ ယုံကြည်ရန် ခက်ခဲနေသည်။

ဤမျှ အားကောင်းသော အဆင့်လွန်ပညာရှင်များကို ဆွမ်ဧကရာဇ် မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သနည်း။

သူတို့ မှတ်မိသလောက်ဆိုလျှင် သူတို့ကိုယ်တိုင် မိသားစုအကြီးအကဲများ ဖြစ်ခဲ့စဉ်က ရှနိုင်ငံတော်၏ အဆင့်လွန်ပညာရှင်များသည် ကောင်းကင်လူသား အဆင့်တစ်ဦး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးသည်။ ထိုဖြစ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် ရှတော်ဝင်မိသားစုတွင် ထိုကဲ့သို့ အင်အားကြီးမားသော အဆင့်လွန်ပညာရှင်များ ရှိတော့မည်မဟုတ်ပေ။

နိုင်ငံတော်၏ ပညာရှိ စစ်တူစီ အဆင့်လွန်ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည်ပင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ယခုအခါ တော်ဝင်မိသားစုတွင် အဆင့်လွန်ပညာရှင် သုံးဦး ထပ်မံပေါ်ပေါက်လာပြီး သူတို့၏ အင်အားမှာလည်း အလွန် ကောင်းလှသည်။

ထိုအဆင့်လွန်ပညာရှင် သုံးဦးသည် ကောင်းကင်လူသား၏ လိုက်လံဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ခဲ့သော တော်ဝင်မိသားစုမှ ပုဂ္ဂိုလ်များ ဖြစ်နိုင်သလား။

သူတို့ အံ့အားသင့်နေသော်လည်း ယခုအချိန်တွင် ဤအတွေးများသည် အသုံးမဝင်တော့ပေ။ မကြာမီပင် အာဏာရှိမိသားစုများမှ အဆင့်လွန်ပညာရှင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သုံးဦးစလုံး ယာယီဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

တောင်ပိုင်း အာဏာရှိမိသားစု၏ အဆင့်လွန်ပညာရှင် သုံးဦး ဆုတ်ခွာသွားသည်ကို မြင်ပြီးနောက် နန်းတွင်းတပ်မှ အဆင့်လွန်ပညာရှင် သုံးဦးလည်း တိုက်ပွဲထဲသို့ မဝင်ဘဲ ထွက်ခွာသွားကြသည်။

နန်းတွင်းတပ်သည် သာမန်ခြေလျင်စစ်သားများကို တိုက်ခိုက်ရန် အဆင့်လွန်ပညာရှင်များကို အသုံးပြုရလောက်သည့် အနေအထား မဟုတ်သေးပေ။ အခြားအကြောင်းပြချက်တစ်ခုမှာ နန်းတွင်းတပ်မှ အဆင့်လွန်ပညာရှင် သုံးဦးသည်လည်း သူတို့၏ အင်အားအများအပြားကို သုံးစွဲခဲ့ပြီးဖြစ်သည်။ ဆူဖုန်းမြို့မှ စစ်သားများနှင့် တိုက်ခိုက်ရာခြင်းဖြင့် သူတို့၏ အင်အားအားလုံးကို ကုန်ဆုံးစေပါက ရန်သူဘက်မှ အဆင့်လွန်ပညာရှင် သုံးဦး ပြန်ပေါ်လာလျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိနိုင်တော့ပေ။

ထို့ကြောင့် ပုံမှန်အားဖြင့် နိုင်ငံအဆင့် စစ်ပွဲများတွင် အဆင့်လွန်ပညာရှင်သည် အဆင့်လွန်ပညာရှင်များနှင့်သာ တိုက်ခိုက်တတ်ကြပြီး သာမန် တိုက်ပွဲများတွင် ပါဝင်လေ့မရှိပေ။ ဤစစ်ပွဲသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

ထိုအချိန်တွင် ဗိုလ်ချုပ် ကျောင်းကွမ်းက “ထပ်တိုက်ကြ။”

ဟု အမိန့်ပေးလိုက်သည်။

သူ၏ အသံအဆုံးတွင် ခရာသံများ တစ်ဖန် ပြန်ညံလာပြီး နန်းတွင်းတပ်သည် မြို့ကို နောက်တစ်ကြိမ် ဝိုင်းရံတိုက်ခိုက်လေတော့သည်။

သို့သော် တစ်နေ့ကုန်သည်အထိ နန်းတွင်းတပ်သည် ဆူဖုန်းမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ ဆူဖုန်းမြို့ကို ခုခံနေသော သူပုန်များသည် အလွန်ပြင်းထန်စွာ ခုခံနေဆဲ ဖြစ်သည်။

.....

ညအချိန်ရောက်သောအခါ။

ဆူဖုန်းမြို့ရှိ စားသောက်ဆိုင်တစ်ခု၏ အနောက်ခြံဝန်းထဲ တွင် လူအရိပ် ဆယ်ဂဏန်းခန့်သည် ရေတွင်းတစ်ခုကို ဝိုင်းရံ၍ စုရုံးနေကြသည်။

အမျိုးသားတစ်ဦး၏ အသံက

“ဒီရေတွင်းကနေ ဆူဖုန်းမြို့က ထွက်သွားလို့ ရနိုင်မလား”

ဟု မေးလိုက်သည်။

အခြားအမျိုးသားတစ်ဦးက

“ရပါတယ်။ ဒီရေတွင်းက ပင်လယ်ကမ်းစပ်ကို ဆက်သွယ်ထားတယ်။ ဒီရေတွင်းကနေ သွားမယ်ဆိုရင် ပင်လယ်ကို တိုက်ရိုက်ရောက်နိုင်တယ်”

ဟု ပြန်ဖြေသည်။

ထိုအမျိုးသားက

“ဒါဆိုရင် အချိန်မဖြုန်းကြရအောင်။ ချူးအစ်ကို‌တော်က ရှေ့ကနေ လမ်းပြပေးပါ”

ဟု ပြောသည်။

ချူးဟုန်ဖေးက ပြုံးလျက်

“ဟုတ်ကဲ့။ ကျွန်တော် အိမ်ရှေ့မင်းသားကို ဆူဖုန်းမြို့ကနေ ခေါ်ဆောင်သွားပါမယ်။”

ထိုစကားများအဆုံးတွင် ချူးဟုန်ဖေးသည် ကြိုးကိုတွယ်၍ ဖြည်းညှင်းစွာ ရေတွင်းထဲသို့ ဆင်းသွားပြီး လုရှုယွမ်နှင့် ကျန်လူများကတော့ ရေတွင်းအဝတွင် စောင့်နေခဲ့ကြသည်။

..........

အခန်း( ၄၄၄)

အသက် သုံးရာ အဘိုးအို (၁)

ချူးဟုန်ဖေးနှင့် လုရှုယွမ်တို့သည် နောက်လိုက် အနည်းငယ်တို့နှင့်အတူ နှစ်နာရီကျော် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ဂူပေါက်ဝသို့ ရောက်ရှိသွားကြသည်။

ဂူအထွက်နားသို့ ရောက်သောအခါ ပင်လယ်မှလာသော လှိုင်းသံများကို စတင်ကြားလာရသည်။ လုရှုယွမ် အလွန်ဝမ်းသာသွားသည်။ ချူးဟုန်ဖေး သူတို့အား အမှန်တကယ် လွတ်မြောက်အောင် ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူအလွန်ကံကောင်းသည်။

ချီပြည်နယ်သို့ ရောက်ရှိပါက သူ့တွင် ပြန်လည်ထူထောင်ရန် အခွင့်အလမ်းရှိလာမည်။

မကြာမီ သူတို့ လှိုင်ဂူလမ်းမှ ထွက်လာကြပြီး အပြင်သို့ရောက်သောအခါ မိုးလင်းခါနီးလာပြီဖြစ်သည်။

သူ့ရှေ့မှ ကျယ်ပြောလှသော ပင်လယ်ကြီးကို ကြည့်ရင်း လုရှုယွမ်၏ ရည်မှန်းချက်များ သူ၏စိတ်နှလုံးထဲတွင် ပြန်လည်တောက်လောင်လာခဲ့သည်။

ထိုအချိန်တွင် ချူးဟုန်ဖေးက စကားစပြောလိုက်သည်။

“ကျွန်တော်တို့ မြန်မြန်သွားသင့်ပါတယ်အိမ်ရှေ့မင်းသား။ ကျွန်တော်တို့ ဆူဖုန်းမြို့နဲ့ မဝေး‌သေးပါဘူး။ နန်းတွင်းတပ်က မင်းသား ထွက်ပြေးသွားတာကို သိသွားရင် ဒီနေရာကို လိုက်ရှာခိုင်းနိုင်ပါတယ်။”

ချူးဟုန်ဖေး၏ အသံကို ကြားပြီးနောက် လုရှုယွမ် သတိပြန်ဝင်လာပြီး ချက်ချင်းပင် ဘေးနားရှိ သိုင်းသမားတစ်ဦးကို မျက်ရိပ်ပြလိုက်သည်။

ယခု သူတို့ လွတ်မြောက်သွားပြီဖြစ်သောကြောင့် ချူးဟုန်ဖေးသည် အသုံးမဝင်တော့ပေ။

ထိုသိုင်းသမားလည်း လုရှုယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး ဓားကို ဆွဲထုတ်ကာ ချူးဟုန်ဖေး၏ ရင်ဘတ်ထဲကို ထိုးသွင်းလိုက်သည်။

ရုတ်တရက် သူ၏ကျောပြင်တွင် အေးစိမ့်သွားသည်ကို ချူးဟုန်ဖေး ခံစားလိုက်ရပြီးနောက် ပြင်းထန်သော နာကျင်မှုများ လှိုင်းထလာသကဲ့သို့ ဝင်ရောက်လာသည်။ သွေးတစ်ချက်ကို အန်ထုတ်လိုက်ပြီးနောက် သူ့ရင်ဘတ်မှ ထိုးထွက်နေသော ဓားသွားကို ချူးဟုန်ဖေး မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်သည်။

မကြာမီ သူက အလွန်မကျေနပ်သော မျက်လုံးများဖြင့် လုရှုယွမ်ကို စိုက်ကြည့်ကာ

“မင်းသား... မင်း..”

ချူးဟုန်ဖေး စကားမဆုံးခင် လုရှုယွမ်ကို ကာကွယ်ပေးနေသော ထိပ်သီးပညာရှင်က သူ့ကို ချောက်ကမ်းပါးမှတစ်ဆင့် ပင်လယ်ထဲသို့ ကန်ချလိုက်သည်။

ချူးဟုန်ဖေးကို ရှင်းလင်းပြီးနောက်

လုရှုယွမ် ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုတ်တရက် သူ့နောက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“အိမ်ရှေ့မင်းသား။ ချူးဟုန်ဖေးက နောက်ဆုံးတော့ ကျွန်တော်တို့ကို လွတ်မြောက်အောင် ကူညီခဲ့တာပဲ။ သူ့ကို ဒီလိုမျိုး သတ်ပစ်တာ တကယ်ပဲ သင့်တော်ရဲ့လား”

“ဒါဟာ ကျေးဇူးကန်းတာ မဟုတ်ဘူးလား”

“မင်းသားက ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေကို ဒီလိုမျိုး ဆက်ဆံမယ်ဆိုရင်၊ထမင်းကျွေးတဲ့လက်ကို အမြဲကိုက်နေမယ်ဆိုရင် နောင်မှာ မင်းသားနောက်ကို ဘယ်သူ လိုက်ရဲတော့မှာလဲ။ “

ထိုအသံကို ကြားလိုက်ရသောအခါ လုရှုယွမ်သည် ခဏမျှ ကြောင်အသွားသည်။ ဘယ်သူမှ သူ့ကို ဒီလို စကားပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ သူ၏ နောက်လိုက်များက တစ်စုံတစ်ယောက်ကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။

သူတို့ ဝိုင်းရံထားသောသူသည် အခြားသူမဟုတ်ပေ။ သူ့အား အမြဲတစေ ဥစ္စာဓနများ စုဆောင်းရာတွင် ကူညီခဲ့သော လျှံဇွန်းဖြစ်‌နေသည်။

လုရှုယွမ် ချီပြည်နယ်သို့ ရောက်သောအခါ အရာရှိများကို လာဘ်ပေးရန်အတွက် ငွေအနည်းငယ် စုဆောင်းရန် လိုအပ်မည်ဖြစ်သည်။ သူ၏ ဦးလေးကိုသာ အားကိုး၍ မရနိုင်ဟု သူတွေးထား၏။ ထို့ကြောင့် လျှံဇွန်းကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု မမျှော်လင့်ပဲ လျှံဇွန်းဆိုသော ကျွန်က သူ့သခင်ကို ထိုကဲ့သို့ ရိုင်းပြစွာ ပြောရဲနေသည်။

လုရှုယွမ်က အေးစက်စွာ မေးလိုက်သည်။

“ မင်း ဘယ်သူ့ကို ပြောနေတယ်ဆိုတာ သိရဲ့လား လျှံဇွန်း။”

ထိုအသံကို ကြားသောအခါ လျှံဇွန်းက ရိုးရိုးလေး ပြုံးလိုက်ပြီးနောက်

“ဟုတ်ပါတယ်။ ကျွန်တော် အခု သူပုန်ခေါင်းဆောင်တစ်ယောက်ကို ပြောနေတာပါ။”

လျှံဇွန်းက သူ့အား သူပုန်ခေါင်းဆောင်ဟု ရည်ညွှန်းနေသည်ကို မြင်သောအခါ လုရှုယွမ် ချက်ချင်း ဒေါသထွက်ကာ

“မင်း သေချင်နေမှတော့ ငါ သေခွင့်ပေးမယ်။”

ဟု ကြေညာလိုက်သည်။

ထိုစကားနှင့်အတူ လုရှုယွမ်က အနီးရှိ သိုင်းပညာရှင်တစ်ဦးကို

“သူ့ကို သတ်လိုက်”

ဟု အမိန့်ပေးလိုက်သည်။

လုရှုယွမ်၏ အမြင်တွင် လျှံဇွန်းသည် ပိုက်ဆံရှာဖွေရာတွင်သာ ကျွမ်းကျင်သော သာမန်လူတစ်ဦးမျှသာဖြစ်ပြီး သူအားရှင်းလင်းခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ပွတ်ချေခြင်းနှင့် မခြားပေ။

လုရှုယွမ်၏ အမိန့်ကို ကြားသောအခါ ဘေးနားရှိ ထိပ်သီးပညာရှင်က ချက်ချင်း လှုပ်ရှားလိုက်ပြီး ဓားကို လျှံဇွန်း၏ ဦးခေါင်းဆီသို့ လွှဲလိုက်သည်။

လျှံဇွန်း၏၏ ဦးခေါင်း ပြတ်ကျတော့မည်ဟု လူတိုင်း ထင်နေစဉ် ရုတ်တရက် လျှံဇွန်းက သူ၏ ခါးတွင် ပတ်ထားသော ဓားပျော့ကို ဆွဲထုတ်ကာ သူ့ကို တိုက်ခိုက်ခဲ့သူ၏ ဦးခေါင်းကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ပစ်လိုက်သည်။

သူ့ရှေ့တွင် သွေးသံရဲရဲ မြင်ကွင်းကို မြင်သောအခါ လုရှုယွမ် ကြက်သေသေသွားသည်။ သူ့ကို ကာကွယ်ပေးနေသည့် ထိပ်သီးပညာရှင် အလွယ်တကူပင် သေဆုံးသွားခဲ့သည်။

ဒါ ဘယ်လို ဖြစ်သွားတာလဲ....

လုရှုယွမ်က မယုံကြည်နိုင်စွာဖြင့် လျှံဇွန်းကို ကြည့်ကာ

“မင်း... မင်းက တကယ်တော့ သိုင်းပညာ တတ်တာကိုး”

လုရှုယွမ်သည် လျှံဇွန်းကို အမြဲတစေ သာမန်လူတစ်ဦးဟုသာ ထင်မှတ်ခဲ့သည်။ သိုင်းပညာရှင် တစ်ဦးကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုကဲ့သို့ လျင်မြန်စွာဖြင့် တစ်ဖက်လူ တုံ့ပြန်ချိန်မရအောင် တိုက်ခိုက်နိုင်ခြင်းကို ကြည့်ခြင်းဖြင့် လျှံဇွန်း၏ အင်အားသည် အနည်းဆုံး ထိပ်သီးအဆင့် သို့မဟုတ် ထို့ထက်ပိုရမည်။

အကြောက်တရားက ချက်ချင်းပင် လုရှုယွမ်၏ စိတ်နှလုံးကို လွှမ်းခြုံသွားသည်။

နှစ်ပေါင်းများစွာ သူ့ဘေးတွင် ရှိနေသော ‘သာမန်’ လူတစ်ဦးသည် ယခုအခါ ထိပ်သီးအဆင့် အင်အားကို ပြသနေခြင်းက ဘာကို ဆိုလိုသနည်း။

ထိုလူသည် အကြောင်းတစ်ခုခုကြောင့် သူ့ဘေးတွင် အမြဲတစေ ဟန်ဆောင်နေခဲ့ပြီး ယခု သူ၏ သူပုန်ထမှု မအောင်မြင်တော့ပဲ နောက်လိုက် အနည်းငယ်သာ ကျန်တော့သောအခါတွင် ရုတ်တရက် အင်အားပြလိုက်ခြင်းက သူ့ကို တိုက်ခိုက်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအချိန်တွင် လျှံဇွန်းက ပြုံးလျက် “ကျွန်တော် သိုင်းမတတ်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး အိမ်ရှေ့မင်းသား။ မင်းသားဘာသာ ယူဆနေတာပါ။”

လုရှုယွမ် အလိုလို နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး

“မင်း... မင်းက ဘယ်သူလဲ။”

ဟု မေးလိုက်သည်။

လျှံဇွန်းက ပြုံး၍

“အိမ်ရှေ့မင်းသားရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးမယ့်သူပါ။”

ထိုစကားကို ကြားသောအခါ လုရှုယွမ်က သူ၏ နောက်လိုက်များအား

“သူ့ကို သတ်ကြ။ ငါ့အတွက် သူ့ကို သတ်‌ ပေးကြ။”

လုရှုယွမ်၏ အမိန့်ကျသည်နှင့် လူအုပ်စတင် လှုပ်ရှားလာကြသည်။

သို့သော် လျှံဇွန်း၏ ဓားပျော့ တစ်ချက်ခါလိုက်သည်နှင့် တချွင်ချွင် မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်သူများကို လျင်မြန်စွာ ရှင်းလင်းလိုက်သည်။

ထိုအချင်းအရာကို မြင်သောအခါ သူ၏ နောက်လိုက်များသည် လျှံဇွန်းကို ယှဉ်နိုင်မည်မဟုတ်ကြောင်း လုရှုယွမ် နားလည်လိုက်သည်။ ထို့နောက် ကျန်ရှိသော နောက်လိုက်များအား လျှံဇွန်းကို ခဏမျှ အချိန်ဆွဲထားနိုင်ရန် မျှော်လင့်ရင်း သူချက်ချင်း လှည့်ပြေးလေတော့သည်။

ကံမကောင်းစွာဖြင့် သူ၏ နောက်လိုက်များသည် လုရှုယွမ်အတွက် အချိန်အများကြီး မပေးနိုင်ခဲ့ပေ။ လုရှုယွမ် ဝေးဝေးမရောက်သေးခင် လျှံဇွန်းက သူ၏ နောက်လိုက်အားလုံးကို သတ်ပစ်ပြီးဖြစ်သည်။

လုရှုယွမ် ထွက်ပြေးနေသည်ကို မြင်သောအခါ လျှံဇွန်း အနည်းငယ် ပြုံးလိုက်ပြီး အနားရှိ ကျောက်တုံးတစ်ခုကို ကန်လိုက်၏။ ထိုကျောက်တုံးသည် လုရှုယွမ်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားပြီး သူ့ကို မြေပေါ်သို့ လဲကျသွားစေခဲ့သည်။

..........

All Chapters