စေ့စပ်ကြောင်းလမ်းမှုတွင် ချောင် ပိတ်မိသည်
Vol. 2 Ch. 19
မဖြစ်နိုင်ဘူး!!!
(ငါ သူနဲ့ လက်မထပ်နိုင်ဘူး)
သူမနဲ့လက်ထပ်လိုက်ခြင်းသည် တခြားဇာတ်ဆောင်တွေထက် သူ့ကို ပိုမြန်မြန်သတ်နိုင်သည်။ တကယ်လို့ သူအသက်ရှင်နေရင်တောင် သူ့ဘဝက သနားစရာပင်
ပိုင်ထျန်းဟမ်သည် သူ့ကို တည်ငြိမ်စွာ စောင့်ကြည့်ရင်း သူ့တုံ့ပြန်မှုကို စောင့်နေ၏
ပိုင်ကျီဟန်သည် သူ့မေးရိုးကို တင်းတင်းစိထားပြီး ချူကျီယန်၏ အာဏာဆန်သောအပြုအမူများကို စိတ်ထဲတွင် အမှတ်ရနေတာကြောင့် သူ့လက်ချောင်းတွေ တဆတ်ဆတ်တုန်နေခဲ့သည်။
(အခုတော့… အဖေက ကျွန်တော့်ကို အဲဒီနတ်ဆိုးမိန်းမနဲ့ လက်ထပ်စေချင်တာလား)
အသက်ပြင်းပြင်းရှူရင်း သူ့ဘာသာ တည်ငြိမ်အောင် ထိန်းထားရသည်။
ထို့နောက် အက်ကွဲသော ရယ်မောသံဖြင့် သူ့အဖေကို မော့ကြည့်လိုက်သည်။
"ဟား...အဖေ တစ်ခုခုတော့ မှားနေပြီထင်တယ်"
ပိုင်ထျန်းဟမ်သည် မျက်ခုံးပင့်လိုက်သည်။
"ဘာအမှားလဲ?"
ပိုင်ကျီဟန်သည် ထုံးစံအတိုင်း ပျင်းပျင်းရိရိနဲ့ လက်ဟန်ပြသည်။
"ကျွန်တော်က စေ့စပ်ရမှာလား။အဲ့တာကလည်း ချူကျီယန်နဲ့?"
သူက နောက်သို့ ကိုင်းကာ ပြက်ရယ်ပြုသည်။
"အဖေ ..ကျွန်တော်က ပြသနာတွေရှာတာ သိပါတယ်၊ ဒါပေမယ့် ဒီပြစ်ဒဏ်လောက်အထိ ကျွန်တော် တကယ် ခံရဖို့လား"
ပိုင်ထျန်းဟမ်၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားသော်လည်း ပိုင်ကျီဟန်၏ အပြုအမူကို သူ မတုံ့ပြန်ခဲ့ပေ။
အဲဒီအစား သူက တည်ငြိမ်စွာနဲ့ "ဘာပြစ်ဒဏ်လဲ။ ဒါက မင်းအတွက် ကောင်းချီးပဲ၊ မင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ အရည်အချင်းနဲ့ဆို ချူကျီယန်လို မိန်းကလေးမျိုး မင်းဘယ်လိုရှာနိုင်မှာလဲ"
ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။
"ကောင်းချီးလားအဖေ၊ ဒီလိုကောင်းချီးမျိုးကို ကျွန်တော် ငြင်းပယ်လို့ရမလား"
“ မင်းလုပ်နိုင်မယ်ထင်လား။"
ပိုင်ကျီဟန်သည် လှောင်ပြောင်လိုက်သည်။
သူ့အဖေကိုကြည့်လိုက်တော့ သူ့မှာငြင်းပိုင်ခွင့်မရှိဘူးဆိုတာ သိလိုက်သည်။
"ချူကျီယန်က သူ့မျိုးဆက်မှာ အသန်မာဆုံး ပါရမီရှင်တွေထဲက တစ်ယောက်။ သူ့အရည်အချင်းက ပိုင်ရွှယ်ချင်းနဲ့ တန်းတူနီးပါး.. ပြီးတော့ ချူမျိုးနွယ်ရဲ့အမွေဆက်ခံသူ။ ဒီအိမ်ထောင်ရေးက ချူမျိုးနွယ်နဲ့ ငါတို့ဆက်ဆံရေးကို ခိုင်မာစေပြီး မင်းရဲ့ အမွေဆက်ခံသူ ရာထူးကို မပြောင်းလဲစေနိုင်တော့ဘူး”
ပိုင်ထျန်းဟမ်က ရှင်းပြသည်။
ပိုင်ကျီဟန်သည် မျက်မှောင်ကျုံ့လိုက်သည် ။
(ဒီမျိုးနွယ်ရဲ့ အဆုံးသတ် သေခြင်းကို မြင်ထားရတာဆိုတော့ အမွေဆက်ခံသူဖြစ်ရတော့ရော ဘာထူးမလဲ။)
အမွေဆက်ခံသူသာ မဖြစ်ပါက သူ့မျိုးရိုးနှင့်အတူ အသတ်ခံရမည်မဟုတ်ကြောင်း အာမခံနိုင်ပေမည်။
သို့သော် ပိုင်မျိုးနွယ်စုမှ ထွက်သွားခြင်းသည်လည်း ရွေးချယ်စရာမဟုတ်မှန်းတော့ သူသိသည်။
“အဖေ၊ အမွေဆက်ခံသူဖြစ်ဖို့ အိမ်ထောင်ပြုဖို့ မလိုပါဘူး။”
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူဖြစ်လာနိုင်ဖို့ အချိန်ခြောက်လ သို့မဟုတ် ထိုထက်ပိုပြီး အချိန်ပေးလျှင် လုံလောက်သည်ဟု ယုံကြည်မိသည်။
သူ့၏ အမှတ်ရစရာတွေနဲ့ စနစ်ကြောင့် တစ်စုံတစ်ယောက်ကို သူ့နေရာ၌ အစားထိုးမည်ကို စိုးရိမ်စရာမလိုပေ။
သို့သော် အရည်အချင်းမှာ ပြသနာရှိနေသည့် သူ့သားကို ပိုင်ထျန်းဟမ်က ယုံမည်လား။
အဖြေက သိသာသည်။
"မင်းလုပ်ရမှာပဲ”
ပိုင်ထျန်းဟမ်သည် ယုံကြည်မှုအပြည့်နဲ့ ဖြေလိုက်သည်။
ပိုင်ကျီဟန်သာ ချူကျီယန်ကိုလက်မထပ်လျှင် ပိုင်မျိုးနွယ်တွင် သူ၏နေရာသည် အလင်းထက်ပိုမို မြန်ဆန်စွာ ကွယ်ပျောက်သွားမည်ကို သေချာပေါက်သိသည်။
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူ့အတိတ်အပေါ် ငြင်းခုံစရာ အထောက်အထား များများစားစား မရှိပေမယ့် သူကတော့ ပြောင်းလဲသွားတဲ့လူတစ်ယောက်ပင်။ အနည်းဆုံးတော့ အရင်ကလို အမှိုက်မဟုတ်တော့ဘူးဟု သူယုံကြည်သည်။
ပိုင်ထျန်းဟမ်သည် ရှေ့သို့ အနည်းငယ် ငုံ့ကာ စူးရှစွာ ကြည့်လိုက်သည်။
“ အကြီးအကဲတွေက မင်းနေရာကိုအစားထိုးဖို့ လုပ်နေပြီ။ ပိုင်ကျန့်က တနေ့ထက်တနေ့ ပိုအားကောင်းလာနေတာ၊ ခိုင်မာတဲ့ ပံ့ပိုးကူညီမှုမရှိဘဲ မင်းရဲ့ရပ်တည်ချက်ကို အာမမခံနိုင်ဘူး။"
ပိုင်ကျီဟန်သည် သူ့လျှာကိုသပ်လိုက်သည်။
"ဟင် ..အဲ့လိုဆိုတောင် ဘာလို့သူမလဲ။ လူအားလုံးထဲကမှ ဘာလို့ ချူကျီယန်လဲ။ တခြားဘယ်သူမှ မရှိနိုင်ဘူးလား"
“ သူ့ထက် ဘယ်သူကမှ ပိုကောင်းတာ မဟုတ်ဘူး။ ချူမျိုးနွယ်က ဒါကို သဘောတူတာကိုပဲ ကျေးဇူးတင်ရမယ်။"
ပိုင်ကျီဟန်သည် ကြီးမားသော အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရသည်။
သူဘာပဲပြောပြော သူ့အဖေသည် စိတ်ပြောင်းမည် မဟုတ်မှန်း သိသည်။
(ဒါက ငါ့ရဲ့အတိတ်က အပြုအမူတွေကြောင့်ပါပဲလေ)
သူ့သာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ကောင်းကောင်းနေလျှင် သူ့အဖေသည် သူ့စကားကို နားထောင်မည့် အခွင့်အရေး ရှိကောင်းရှိလာမည်ပင်။
သို့တိုင် သူလုပ်ခဲ့သမျှတွေသည် သူ့အဖေစိတ်ကို ပြောင်းလဲဖို့ ဘာမှပြောလို့မရပေ။
(ဟူး… အခု ဘာလုပ်ရမလဲ။)
သူ့မိသားစုမှ သေခြင်းအလံတွေအားလုံးအပေါ် သူစိုးရိမ်နေခဲ့ရပြီး အခု ချူကျီယန်နဲ့လက်ထပ်ရတော့မည်ပင်။
ပိုင်ကျီဟန်အဖို့ သူ့အနာဂတ်သည် ဒုက္ခတွေနဲ့ ပြည့်နှက်နေသည်ဟု ထင်နေသည်။
ခဏလေး
ထို့နောက်
အတွေးတစ်ခုက သူ့ရင်ထဲတိုးသွားသည်။
(ငါ့စကားတွေက အဖေ့ရဲ့စိတ်ကို မပြောင်းလဲနိုင်တော့ဘူး ။ ဒါပေမယ့် ချူကျီယန်ဆိုရင်ကော၊ သူမကိုလည်း သူ့မိသားစုက အတင်းအကြပ်ခိုင်းစေတာ ဖြစ်နိုင်တယ်။)
သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
(တကယ်လို့ ငါသာ သေချာလုပ်ရင် ချူကျီယန်လည်း ဒီအိမ်ထောင်ရေးကို ကန့်ကွက်ဖို့ အခွင့်အလမ်း များတယ်။ ငါနဲ့ မတူတာက သူက ချူမျိုးနွယ်ရဲ့ ပါရမီရှင် ချစ်စဖွယ် ကောင်မလေး ။ သူတို့က သူ့စကားကို သေချာနားထောင်ပါလိမ့်မယ်။ ဟီးဟီး… ငါက ဉာဏ်ကြီးရှင်ပဲ)
ပြဿနာရှာပြီး လူတွေ သူ့အား မုန်းတီးအောင်လုပ်နိုင်ခြင်းသည် သူ့၏ထူးခြားချက်ဖြစ်ပြီး ထိုအရည်အချင်းတွေကို စမ်းသပ်ဖို့ အချိန်တန်ပြီဟု ခံစားရသည်။
"ကျွန်တော်သဘောတော့ တူပါတယ်၊ ဒါပေမယ့် စေ့စပ်ပွဲမစခင်မှာ သူနဲ့ အရင်တွေ့ရမယ်။"
ပိုင်ကျီဟန်က ပြောလိုက်သည်။
ပိုင်ထျန်းဟမ်သည် မျက်ခုံးပင့်သွားသည်။
"အိုး?"
သူ့သား ဘာအစီအစဉ်တွေ ဆွဲနေမှန်း မသိသည့်တိုင် ပိုင်ကျီဟန် ဘာပဲလုပ်လုပ် ရလဒ်က ပြောင်းလဲမှာမဟုတ်ဟု သူယုံကြည်သည်။
"ဘာလို့လဲ?"
"ကျွန်တော် ချူကျီယန်ကို မတွေ့ရတာ နှစ်အတော်ကြာပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပဲတွေ့ဖူးတာ။ စေ့စပ်ပွဲ မတိုင်ခင်မှာ သူနဲ့ ပထမဆုံး တွေ့ချင်တယ်"
ပိုင်ထျန်းဟမ်သည် မျက်ခုံးပင့်လိုက်သည်။
"သူမကို တွေ့ဖို့လား? ဘာလုပ်ဖို့လဲ"
ပိုင်ကျီဟန်က ပြုံးလိုက်သည်။
"ဟုတ်တယ်လေ။ သူစိမ်းတွေ အချင်းချင်း စေ့စပ်လို့ မရဘူးမလား၊စေ့စပ်ပွဲမတိုင်ခင် ဆုံကြရင် ဆက်ဆံရေးအတွက် ပိုကောင်းမယ်လေ ။ ဒီလိုမထင်ဘူးလား”
ပိုင်ထျန်းဟမ်လက်ချောင်းတွေသည် လက်မောင်းတင်သည့်ခုံကို ပုတ်လိုက်သည် ။
ခဏလောက်တော့ သူ ငြိမ်သွားသည်။
ထို့နောက်
"ကောင်းပြီ”
ပိုင်ထျန်းဟမ်သည် ထိုတောင်းဆိုမှုကို ဘာမှမဖြစ်သလို သဘောတူလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပိုင်ကျီဟန်သည် ချူကျီယန်နှင့် သူ၏လက်ထပ်ခြင်းကို မကန့်ကွက်မဲ့ပုံဖြစ်နေသည်။
ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်သည်။
(အဲ့တာက ငါမျှော်လင့်ထားတာထက် ပိုလွယ်သား…)
ပိုင်ထျန်းဟမ်သည် ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။
"မင်း ချူကျီယန်နဲ့ တွေ့ရလိမ့်မယ်။ ဒါပေမယ့် ဘာပြသနာမှမဖြစ်အောင်လုပ် ဒီစေ့စပ်ပွဲကဖြစ်ရမှာ”
ပိုင်ကျီဟန်သည် သူ့လက်နှစ်ဖက်ကို ကုတ်ကာ တုန်လှုပ်သွားသည်။
ပိုင်ထျန်းဟမ်သည် ပြုံးလိုက်သည်။
"ငါမင်းကို သတိပေးပါရစေ။ ချူကျီယန်ကို တစ်ခုခုလုပ်ရင် ငါကိုယ်တိုင်ပဲမင်းကိုသတ်မယ် ။ မင်းရဲ့ အပြုအမူတွေကို ကောင်းကောင်းလုပ်နော်။ ပြောတာ ကြားလား။"
"ဟုတ်ကဲ့ပါ အဖေ”
ပိုင်ကျီဟန်သည် ခြေထောင့်ကို လှည့်ကာ ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။
(ကောင်းပြီ၊ အဆင့်တစ် ပြီးသွားပြီ။ အခု သူ ငါ့ကို ငြင်းပယ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို တွေးကြည့်ဖို့ပဲ လိုတယ်။ အဲဒါက လွယ်တယ်မလား။)