ဂူပေါင်းစပ်ခြင်းစနစ်
Vol. 1 Ch. 2
"ဂူပေါင်းစပ်ခြင်းစနစ်..."
လီယွမ်က အနည်းငယ်အံ့ဩသွားခဲ့သည်။
သူ၏အတိတ်မှမှတ်ညဏ်များ ပြန်လည်နိုးထလာသောကြောင့် စနစ်ကအသက်၀င်လာသည်လော...
ထိုအရာသည် ယခင်ဘ၀ကလို အသက်၁၈နှစ်ပြည့်မှ ကြည့်ရှုနိုင်သည့်တားမြစ်ချက်များကဲ့သို့ တားမြစ်ချက်တစ်ခု ချမှတ်ထားသည်လော...
ချက်ချင်းဆိုသလိုပင် သူ၏မြင်ကွင်းရှေ့၌ သူတစ်ယောက်သာမြင်တွေ့နိုင်သော မျက်နှာပြင်တစ်ခုထွက်ပေါ်လာခဲ့သည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - ပထမအဆင့် 0-30)
(အဆင့် - ဂူကျင့်ကြံခြင်းအဆင့်၌ မပါ၀င်သေးပါ)
(ပင်မဂူ - မရှိသေး)
(လက်အောက်ခံဂူ - မရှိသေး)
(လုပ်ဆောင်ချက် - အဆင့်တူဂူပိုးကောင်၃ကောင်ကို အနက်ရောင်အိုးထဲထည့်သွင်းလိုက်ပါက ထိုဂူ၃ကောင်သည် အဆင့်မြင့်သောဂူကောင်အဖြစ်သို့ ပေါင်းစပ်ရောက်ရှိသွားမည်ဖြစ်ကာ သခင်ဖြစ်သူအပေါ် လုံး၀သစ္စာစောင့်သိမည်ဖြစ်သည်)
(မှတ်ချက် - ပေါင်းစပ်မည့်ဂူကောင်များ၏ ရှားပါးမှုအပေါ်မူတည်၍ ဂူကောင်များ၏စွမ်းအားက ပိုမိုကြီးထွားလာမည်ဖြစ်သည်)
"၃ခု၁ခုပေါင်းစပ်တဲ့စနစ်လား...ငါနားလည်ပြီ"
လီယွမ်သည် စနစ်၏အလုပ်လုပ်ပုံအား အကြမ်းဖျင်းနားလည်လိုက်သည်။
"ပြောချင်တာက ငါသာဂူကောင်၃ကောင်ကိုပိုင်ဆိုင်ထားမယ်ဆိုရင် ပိုပြီးတော့အစွမ်းထက်တဲ့ဂူကောင်ကို ရရှိလိမ့်မယ်...ပြီးတော့အဲ့ဂူကောင်ကို ငါ့ရဲ့ပင်မအသက်ဂူကောင်အဖြစ် အလွယ်တကူပေါင်းစပ်နိုင်လိမ့်မယ်"
ခုငါမေးချင်တာက ဂူကောင်၃ကောင်ကို ငါဘယ်လိုရနိုင်မှာလဲ...
ခုလက်ရှိသွေးဂူကောင်က ဒီမှာရှိတဲ့လူတိုင်းရဲ့အသက်သွေးကြောဆိုလည်းမမှားဘူး...ပြီးတော့စမ်းသပ်မှုကိုအောင်မြင်နိုင်တဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပဲ...ဘယ်သူကမှသူတို့ရဲ့ဂူကောင်ကို လက်လွှတ်ချင်မှာမဟုတ်ဘူး...
"ငါသာ အင်အားသုံးလုယက်ဖို့ ကြိုးစားမယ်ဆိုရင် ငါကလူအားလုံးရဲ့ပစ်မှတ်ဖြစ်လာမှာ သေချာတယ်"
"စိတ်ကိုအေးအေးထားရမယ်..."
လီယွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး စိတ်ရှည်ရှည်ထားကာ အခွင့်အရေးကိုစောင့်ဆိုင်းရန် မိမိကိုယ်ကိုသတိပေးလိုက်သည်။
အချိန်ကတရွေ့ရွေ့ ကုန်ဆုံးလာပြီးနောက် ညဉ့်ဦးယံသို့ ရောက်ရှိလာခဲ့သည်။
ယခင်ကပင် အလင်းရောင်မရှိသောလှိုဏ်ဂူတွင်းပေါက်သည် ယခုအခါပို၍ပင်မည်းမှောင်လာကာ မိမိ၏လက်ကိုပင်မမြင်ရတော့ပေ။
အမှောင်ထဲ၌ မမြင်တွေ့နိုင်သော အကြောက်တရားက စတင်ပျံ့နှံ့လာခဲ့သည်။
လီယွမ်သည် ကျောက်တုံးတစ်ခုကို ဖြည်းညှင်းစွာကောက်ယူလိုက်သည်။ထို့နောက် လက်ထဲတွင်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ ကျောက်နံရံပေါ်၌ ချွန်ထက်အောင် ပွတ်တိုက်နေခဲ့သည်။
ဤညသည် ကြမ်းတမ်းသောညတစ်ခုဖြစ်လာရန် အားယူနေတော့သည်။
အချိန်မည်မျှကြာသွားကြောင်း မသိရသော်လည်း လီယွမ်တစ်ယောက်အိပ်ငိုက်မှုနှင့်ဆာလောင်မှုအား ခံစားနေရသည့်အချိန်တွင် ဂူပေါက်ထဲသို့ ခပ်ဖျော့ဖျော့အလင်းရောင်က တိုး၀င်လာခဲ့သည်။
နံနက်အလင်းရောင်က ဂူပေါက်ထဲတိုး၀င်လာပြီးနောက် တိုးညှင်းသောအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
"အဲ့ဒါကြွက်တစ်ကောင်ပဲ..."
အချို့သောအချိန်များ၌ပင် ၎င်းအားစားကောင်းသောက်ဖွယ်တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။ယခုလိုလူတိုင်းငတ်ပြတ်နေချိန်တွင်မူ လူတိုင်းကကြွက်ကိုစိုက်ကြည့်နေကြသည်။
လီယွမ်တောင်မှ ကြွက်ကိုကြည့်၍ တံတွေးမြိုချလိုက်မိသည်။
ကြွက်သည် အန္တာရယ်ကို ခံစားသိမြင်လာကာ ထွက်ပြေးရန်အတွက် ကြိုးစားခဲ့သော်လည်း ၎င်းနှင့်အနီးဆုံးတွင်ရှိသော ခပ်ပိန်ပိန်နှင့်လူက ကြွက်ကိုခုန်အုပ်လိုက်သည်။
ကျိ...ကျိ
ရုတ်ချည်းဆိုသလိုပင် အဖမ်းခံလိုက်ရသည့်ကြွက်က စူးရှရှအသံဖြင့် ရုန်းကန်လိုက်သည်။
"ဟားဟား...ငါရပြီကွ"
ခပ်ပိန်ပိန်လူက ၀မ်းသာစွာဖြင့်ရယ်မောလိုက်သည်။
သူသည်အမှောင်ထဲသို့ ပြန်လည်ဆုတ်ခွာတော့မည့်အချိန်တွင် အရိပ်တစ်ခုကသူ၏နောက်သို့ရောက်ရှိလာခဲ့သည်။ထိုအရိပ်၏လက်ထဲတွင် ကျောက်တုံးတစ်ခုရှိနေကာ ခပ်ပိန်ပိန်လူ၏ခေါင်းကို ကျောက်တုံးဖြင့် ဆယ်ကြိမ်ထက်မနည်းရိုက်ချလိုက်သည်။
ဒုံး...ဒုံး...ဒုံး
မကြာမှီ ခပ်ပိန်ပိန်လူက သွေးအိုင်ထဲသို့လဲကျသွားခဲ့သည်။
ထိုလူအားသတ်လိုက်သူမှာ ယခုလူ၁၀ယောက်ထဲ၌ အငယ်ဆုံးမိန်းကလေးဖြစ်နေသောကြောင့် လီယွမ်အံ့ဩသွားခဲ့ရသည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ ဤနေရာ၌ သူမ၏ဩဇာအာဏာကို ထူထောင်လို၍ဖြစ်နိုင်ပေသည်။သူမသည် ခပ်ပိန်ပိန်လူအားသတ်ဖြတ်ပြီးနောက် မှောင်ရိပ်ထဲသို့ဆုတ်ခွာခြင်းမလုပ်ဘဲ ဘေးပတ်ပတ်လည်သို့ ပြင်းထန်သောအကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
ထို့နောက်သူမသည် ကြွက်သေကောင်ကို ဖမ်းဆုပ်လိုက်ကာ ပါးစပ်ဖြင့်အနည်းငယ်ကိုက်၍ ဖြည်းညှင်းစွာဝါးလိုက်ရာ သွေးများစီးကျလာခဲ့သည်။
"ကြမ်းတမ်းသလို ဟန်ဆောင်ချင်တာလား..."
လီယွမ်က အတွင်းစိတ်ထဲ၌ လှောင်ရယ်မိလိုက်သည်။
အကယ်၍ သူမသာအမှန်တကယ်ရက်စက်ကြောင်း ပြသလိုပါက ကြွက်ကိုစားမည့်အစား ခပ်ပိန်ပိန်လူ၏အသားကိုသာ ကိုက်စားသင့်ပေသည်။
ဤနေရာတွင် ဒေသခံခပ်၀၀လူမှလွဲ၍ ဂူတွင်းမှလူတိုင်းလိုလိုပင် ကြွက်ကိုအရှင်လတ်လတ်စားသောက်ဖူးကြပေသည်။
မကြာမှီ နေအလင်းရောင်က တွင်းပေါက်ကိုလင်းထိန်သွားစေခဲ့သည်။
နေရောင်အောက်တွင် ပိန်လှီသောလူ၏အလောင်းက ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့သည်။လီယွမ်ကထိုမြင်ကွင်းကိုကြည့်၍ အနည်းငယ်ကျောချမ်းသွားခဲ့သည်။သူသည် လူသားစားခြင်းကိုမြင်တွေ့ဖူးသော်လည်း ကိုယ်တိုင်တော့မစားသောက်ဖူးပေ။
သူ၏အဘိုးဖြစ်သူ တော်၀င်သမားတော်၏ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် သူသည်ထိုကဲ့သို့အခြေအနေသို့ မကျရောက်ဖူးခဲ့ပေ။
တော်၀င်သမားတော်၏နှလုံးသားထဲတွင် သူသည်အနာဂတ်၏ တော်၀င်ဧကရာဇ်အလောင်းအလျာဖြစ်သည်။သို့ဖြစ်ရာ အနာဂတ်ဒါယန်းပြည်ထောင်၏ဧကရာဇ်အား ယခုလိုဆိုးယုတ်သောအရာများကို ကိုယ်တိုင်ခံစားခွင့်မပေးဟု တထစ်ချဆုံးဖြတ်ထားခဲ့သည်။
လီယွမ်သည် အတတ်နိုင်ဆုံးသူ့ကိုယ်သူထိန်းချုပ်ထားသော်လည်း အခြားသောသူများမှာ လှုပ်ရှားရန်အသင့်ပြင်ထားကြပြီဖြစ်သည်။
သူတို့၏မျက်လုံးများက ဝံပုလွေနှင့်ကျားများသဖွယ် ရက်စက်ကြမ်းကြုတ်ဟန်ဆောင်လာကာ သူတို့၏မူလလူသားဗီဇများပင် တဖြည်းဖြည်းပျောက်ကွယ်သွားလုမတတ် အသိစိတ်ဖုံးလွှမ်းလာခဲ့သည်။
ထိုအချိန်တွင် ခပ်ပိန်ပိန်လူ၏ခန္ဓာကိုယ်ပေါ်၌ အနီရောင်အစက်လေးတစ်ခု ဖြည်းညှင်းစွာတွားသွားနေသည်ကို လီယွမ်တစ်ယောက် တွေ့လိုက်ရသည်။
"သွေးဂူကောင်က မသေသေးတာလား"
အစောပိုင်းတွင် လီယွမ်တစ်ယောက်အံ့ဩနေသော်လည်း အလွန်ပျော်ရွှင်သွားခဲ့သည်။
ဒါကမဟာအခွင့်အရေးပဲ...
လီယွမ်သည် မနေ့ညကသူကိုယ်တိုင်ပြင်ဆင်ထားသော ကျောက်ချွန်ကိုတင်းကျပ်စွာဆုပ်ကိုင်၍ ဖြေးဖြေးချင်းထရပ်လိုက်သည်။ထို့နောက် ခပ်ပိန်ပိန်လူ၏အလောင်းရှိရာသို့ သတိထား၍တိုးကပ်သွားခဲ့သည်။
သူ၏လှုပ်ရှားမှုက ကျန်သူတိုင်းအားသတိကပ်သွားစေခဲ့သည်။
လီယွမ်သည် တည်ငြိမ်ဟန်ဆောင်ကာ သူ၏အကြည့်များကို စူးရှနေစေခဲ့သည်။သူ၏ခန္ဓာကိုယ်သည် သန်မာခြင်းမရှိသော်လည်း ခပ်ပိန်ပိန်လူကဲ့သို့အားမနည်းပေ။
သူ၏လက်ရှိပုံစံအရဆိုလျှင် ဤနေရာတွင်ရှိနေသောလူများအနက် ခပ်၀၀လူမှလွဲ၍ အားအကောင်းဆုံးသော တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပေသည်။
သို့ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမှ လီယွမ်အား စတင်မတိုက်ခိုက်ဝံ့ကြပေ။လူတိုင်းလိုလိုပင် ခုခံရန်အသင့်ပြင်ဆင်ထားကြပြီး လီယွမ်အားစိုက်ကြည့်နေကြသည်။
လီယွမ်သည် ခပ်ပိန်ပိန်လူ၏ခန္ဓာကိုယ်ရှိရာသို့ တိုးကပ်သွားခဲ့ပြီးနောက် သွေးပိုးကောင်ကိုရုတ်တရက်ဖမ်းဆုပ်လိုက်ကာ အမှောင်ထောင့်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
"မင်းကလူသားစားတော့မယ်လို့ ငါထင်နေတာ"
ထိုအချိန်တွင် ခပ်၀၀လူက စကားစလာခဲ့သည်။
"မင်းက ကိုယ့်ကံကြမ္မာကို ပြောင်းလဲနိုင်အောင်အတွက် အခွင့်အရေးတိုးလာဖို့ နောက်ထပ်ဂူကောင်တစ်ကောင်ကို မွေးချင်တာလား..."
"မင်းက တော်တော်တော့ကြိုးစားနေတာပဲ...ဒါပေမဲ့ မင်းဒီနေရာမှာဆက်ရှိနေဖို့ သိပ်တော့မကြာလောက်တော့ပါဘူး"
လီယွမ်သည် ခပ်၀၀လူ၏ပြောစကားများမှတဆင့် ပြင်းထန်သောရန်လိုမှုအား ချက်ချင်းခံစားလိုက်ရသည်။
ဤသည်မှာ သူ့အပေါ်အခြားသူများ ရန်လိုစိတ်ဖြစ်စေရန် တမင်တကာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
"မင်းက ရှင်းကျန်းတောင်ပိုင်းဒေသခံမဟုတ်ဘူးလား...ငါ့ထက်စာရင် ဂူပိုးကောင်အတတ်ကိုပိုသိသင့်တာပဲ...ဘာလို့ငါ့ကိုအခွင့်အရေးတိုးလာနိုင်တယ်လို့ ပြောနေရတာလဲ"
လီယွမ်က လှောင်ရယ်လိုက်သည်။
ခပ်၀၀လူကပြန်ဖြေလိုက်သည်။
"ဟုတ်တယ်...ငါကအဲ့ဂူကောင်ကိုလိုချင်ပေမဲ့ မင်းကငါ့ထက်အရင်ရသွားတာပဲ..."
လီယွမ်က သူ့လက်ညိုးကိုကွေး၍ပြောလိုက်သည်။
"ခုချိန်မှာ မင်းကိုဒီဂူကောင်ပေးလိုက်ရင် မင်းမယူဝံ့ဘူးမဟုတ်လား..."
"ဟီးဟီး..."
ခပ်၀၀လူက လှောင်ရယ်လိုက်ကာ နောက်ထပ်တုံ့ပြန်ခြင်းမရှိတော့ပေ။
ယခုလိုအခြေအနေမျိုးတွင် အရူးတစ်ယောက်သည်သာ သွေးဂူကောင်၂ကောင်ကို ပြုစုမည်ဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းက မိမိ၏သွေးကို ပိုမိုကုန်ဆုံးစေခြင်းမှလွဲ၍ အခြားမဖြစ်နိုင်ပေ။
ထိုအရူးကောင်သေဆုံးသွားပါက သူသည်ဤနေရာ၌အစွမ်းအထက်ဆုံးဖြစ်၍ စစ်ဆေးမှုကိုကျိန်းသေအောင်မြင်မည်ဖြစ်သည်။
လီယွမ်သည် စကားဆက်မပြောတော့ဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် လီယွမ်ကတဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ယခုအချိန်တွင် လူတိုင်းကအလွန်ဆာလောင်နေကြသည်ဖြစ်ရာ နောက်ထပ်တစ်ကြိမ်ပြဿနာဖြစ်ရန် ကျိန်းသေသလောက်ရှိပေသည်။ထိုအချိန်က သူ့အတွက်တတိယမြောက်သွေးဂူကောင်ကို စုဆောင်းရမည့်အချိန်ဖြစ်သည်။
ဤသို့ဖြင့် နောက်ထပ်တစ်ညကုန်ဆုံးသွားပြီးနောက် ၃ရက်မြောက်နေ့သို့ရောက်ချိန်တွင် လူတိုင်း၏သည်းခံနိုင်စွမ်းက ကန့်သတ်ချက်သို့ရောက်ရှိလာခဲ့သည်။
သူတို့၏လူသားဆန်စိတ်ကို အရိုင်းစိတ်များက တဖြည်းဖြည်းဖိနှိပ်လာခဲ့သည်။
"အားလုံးပဲ...အတူတူလက်တွဲကြရအောင်"
တစ်ချိန်လုံးနုတ်ဆိတ်နေသော အဘိုးကြီးကစကားစလာခဲ့သည်။
သူသည် အလွန်ပင်အားနည်းကာ အမျိုးသမီးများကဲ့သို့ ခွန်အားနှင့်ခုခံနိုင်စွမ်း အားနည်းပေသည်။သို့ဖြစ်ရာ သူရှင်သန်နိုင်ရန်အတွက် အခြားသောလူများနှင့်လက်တွဲရန်မှလွဲ၍ အခြားသောရွေးချယ်စရာမရှိခဲ့ပေ။
"ကောင်းပြီလေ..."
အမျိုးသမီးတစ်ယောက်က တုံ့ပြန်လိုက်သည်။
"ငါတို့က အသက်ရှင်သန်နိုင်ဖို့ ခုလိုအတင်းအကြပ်လုပ်ဆောင်ခိုင်းရတာဖြစ်တယ်...ကျေးဇူးပြုပြီးငါတို့ကိုအပြစ်မမြင်ပါနဲ့ နတ်ဘုရားအပေါင်းတို့..."
လူအချို့က မြေပြင်ပေါ်တွင်ဒူးထောက်၍ ကောင်းကင်ကိုမော့ကြည့်ကာ သူတို့ကိုးကွယ်သည့်နတ်ဘုရားများကို ၀မ်းနည်းပူဆွေးစွာ ဆုတောင်းနေကြသည်။
"ကောင်းကင်ဘုံကပြစ်ဒဏ်ချမှတ်မယ်ဆိုရင် ဒါဟာဒါယန်းတော်၀င်မိသားစုရဲ့အရည်အချင်းမပြည့်၀မှုကြောင့်ပဲ...နတ်ဆိုးတွေရဲ့သောင်းကျန်းမှုကြောင့် ငါတို့လိုဆင်းရဲသားတွေ အပြစ်ဒဏ်မခံရပါစေနဲ့"
သူတို့သည် နတ်ဘုရားများထံ ဆုတောင်းနေပုံရသည်။သို့သော်လည်း ဤသို့ပြုလုပ်ခြင်းမှာ မိမိတို့ကိုယ်နှစ်သိမ့်ရန်နှင့်လူသားတို့၏နောက်ဆုံး လက်ကျန်အသိစိတ်ကိုချိုးဖျက်နိုင်ရန်အတွက် မတွေးဝံ့စရာအရာတစ်ခုအား လုပ်ဆောင်ရန် သတ္တိစုဆောင်းသည့်အရာဖြစ်ကြောင်း လူတိုင်း၏နှလုံးသားထဲ၌ ခံစားသိမြင်နေကြသည်။
အဘိုးအိုသည် ပထမဆုံးခြေလှမ်းကိုလှမ်းပြီးနောက် အမျိုးသမီး၆ယောက်က ခပ်ပိန်ပိန်လူ၏ အလောင်းရှိရာသို့ ဖြေးဖြေးချင်းချည်းကပ်လာခဲ့သည်။
ခပ်၀၀လူက မလှုပ်ရှားသလို လီယွမ်ကလည်း မလှုပ်ရှားသေးပေ။
သို့သော်လည်း ကျန်လူများသာအမှန်တကယ် လက်တွဲလိုပါက သူနှင့်ခပ်၀၀လူကိုသတ်ဖြတ်ရန်အတွက် သေချာပေါက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လီယွမ်ကောင်းကောင်းနားလည်ထားသည်။
လေထုအခြေအနေက ပိုမိုတင်းမာလာခဲ့ကာ လူများက ခပ်ပိန်ပိန်လူ၏အလောင်းရှိရာသို့ လျင်မြန်စွာချည်းကပ်လာကြသည်။သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း မည်သူမှရှေ့ဆက်မတိုးဝံ့ကြတော့ပေ။
"အဘိုးကြီး...မင်းကပထမဆုံးအကြံပြုထားတာဆိုတော့ မင်းအရင်သွား..."
ခပ်ပိန်ပိန်လူကိုသတ်လိုက်သည့် မိန်းကလေးက ပြောလိုက်သည်။
"မင်းကသူ့ကိုသတ်လိုက်တာမလား...မင်းအရင်လာလေ..."
လူသားကိုစားသောက်သူများသည် ရူးသွပ်သွားလေ့ရှိကြပြီး နောက်ဆုံးတွင်နတ်ဘုရားများက ပြစ်ဒဏ်ချမှတ်ခြင်းကြောင့် သနားစဖွယ်ကောင်းအောင် သေဆုံးသွားကြရကြောင်း ကြားသိထားပေရာ အဘိုးအိုကစတင်မလုပ်ဆောင်ဝံ့ပေ။
သူလူသားစားလျှင်တောင်မှ ပထမဆုံးလူမဖြစ်လိုပေ။
"မင်းမစားဘူးဆိုရင် ငါတို့မင်းကိုအရင်သတ်မယ်..."
ကောင်မလေးက သူ့လက်ထဲရှိကျောက်တုံးကိုမြှောက်၍ ခြိမ်းခြောက်လိုက်သည်။
အခြားသောအမျိုးသမီးများကလည်း ကျောက်တုံးကို ပြိုင်တူမြှောက်လိုက်ကြသည်။
"ငါ...စား..."
အဘိုးအိုသည် မိန်းကလေးများ၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့ကာ ချက်ချင်းဆိုသလိုပင် အလောင်းရှိရာသို့ချည်းကပ်၍ ထိုင်ချလိုက်သည်။ထိုအချိန်တွင် မိန်းကလေး၏လက်ထဲတွင်ရှိသော ကျောက်တုံးက အဘိုးကြီး၏ဦးခေါင်းရှိရာသို့ အရှိန်အဟုန်ဖြင့်တိုး၀င်သွားခဲ့သည်။
ဒုံး...
အဘိုးအိုက မြေပေါ်သို့ချက်ချင်းလဲကျသွားခဲ့သည်။
အဘိုးအိုကိုသတ်ဖြတ်ပြီးနောက် ထိုမိန်းကလေးက အခြားသောမိန်းကလေးများအား စည်းရုံးလိုက်သည်။
"ညီမတို့...အဲ့ဒီနံစော်နေတဲ့ယောကျာ်းနှစ်ယောက်ကို အရင်ဆုံးသတ်လိုက်ကြရအောင်...မဟုတ်ရင် ငါတို့ထဲကဘယ်သူကမှ နောက်ဆုံးမှာအသက်ရှင်ကျန်ရစ်နိုင်မှာမဟုတ်ဘူး..."
…