← Chapters

ချီနှင့်သွေးဂူ

Vol. 1 Ch. 3

ချီနှင့်သွေးဂူ

Vol. 1 Ch. 3

ပုံမှန်အားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက်အားနည်းကြပေသည်။

သူမတို့သည် တစ်ယောက်တည်းတိုက်ခိုက်ရန်ပင်အသာထား အများစုနှင့်တစ်ယောက်တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ အမျိုးသားများကို အနိုင်ရရန်ခဲယဉ်းပေသည်။

သူမ၏စိတ်ကူးမှာ အကြီးမားဆုံးခြိမ်းခြောက်မှုကို အရင်ဆုံးရှင်းလင်းရန်ဖြစ်သည်။

လီယွမ်သည် မျက်လုံးမှိတ်ကာတွေးတောနေခဲ့သည်။သူသည် ထိုကောင်မလေး၏အတွေးကို နားလည်လိုက်သည်။သူမသည် ခပ်ပိန်ပိန်လူကိုသတ်ဖြတ်ရန်အတွက် ပထမဆုံးအခွင့်အရေးအားရှာဖွေခဲ့သည်။ထို့နောက်အဘိုးအိုအား သတ်ဖြတ်နိုင်ရန်အခွင့်အလမ်းရှာဖွေကာ အဆုံးသတ်၌မဟာမိတ်ဖွဲ့နိုင်ရန် လှုံဆော်ခဲ့သည်။

"ကောင်မလေး...မင်းကညဏ်ကောင်းသားပဲ...ခက်တာက မင်းတို့အားနည်းတဲ့မိန်းကလေးတွေ အကုန်ပူးပေါင်းလိုက်ရင်တောင်မှ ငါ့ကိုအနိုင်မရနိုင်တာ သနားစရာပဲ"

ခပ်၀၀လူက လှောင်ပြောင်လိုက်သည်။

"ငါတို့မကြိုးစားရင် ‌မအောင်မြင်ဘူးဆိုတာ ဘယ်လိုသိနိုင်မှာလဲ...ငါတို့အချင်းချင်းသတ်ဖြတ်ရတာထက်စာရင် မင်းတို့ညစ်ပတ်တဲ့ယောကျာ်းတွေကို သတ်ဖြတ်ရတာပိုမကောင်းဘူးလား"

ကောင်မလေးက အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

"ဟမ့်...ငါမင်းကိုအခွင့်အရေးပေးမယ်...အဲ့ကောင်ကိုအရင်သွားသတ်ချေ...ငါအဲ့ကောင်ကိုလုံး၀မကူဘူးလို့ကတိပေးတယ်...မင်းဘယ်လိုသဘောရလဲ"

လူ၀ကြီးကပြောလိုက်သည်။

"မင်းဘာမှပြောနေစရာမလိုဘူး..."

ကောင်မလေးက ခေါင်းယမ်းလိုက်ကာ လီယွမ်အား စိုက်ကြည့်လိုက်သည်။

"အစ်ကို...မင်းငါတို့နဲ့အတူပူးပေါင်းပြီး ဒီလူ၀ကြီးကိုအရင်သတ်လိုက်တာ မကောင်းဘူးလား..."

ယခုအချိန်တွင် အချင်းချင်းစိတ်ပိုင်းဆိုင်ရာ‌ကစားနေကြပြီး လူတိုင်းကတံငါသည်ဖြစ်လိုကြသည်။

"သဘောတူတယ်..."

လီယွမ်ကတုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

လီယွမ်၏အပြုအမူကြောင့် လူတိုင်းအံ့ဩသွားခဲ့ကြသည်။လီယွမ်သည် ယခုလိုရိုးဖြောင့်ပွင့်လင်းသူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့မထင်မှတ်ထားကြပေ။

"မင်းရူးနေတာလား...အဲ့မိန်းမတွေက ငါ့ကိုသတ်ပြီးသွားရင် မင်းကိုရောအလွတ်ပေးမယ်ထင်နေတာလား..."

လူ၀ကြီးက ငြိမ်ငြိမ်မနေနိုင်တော့ပေ။

"မင်းထက်စာရင် သူတို့ကယုံကြည်လို့ရနိုင်တယ်..."

လီယွမ်က အပြုံးမပျက်ချေပလိုက်ကာ အဘိုးအို၏အလောင်းရှိရာသို့ လျှောက်လာခဲ့သည်။

"မင်းအရင်သွား..."

ကောင်မလေးသည် လီယွမ်ကိုကြည့်ရင်း တူညီသောလှည့်ကွက်ကို ထပ်မံအသုံးပြုရန် ကြိုးစားလိုက်သည်။

"ကောင်းပြီလေ...ဒါပေမဲ့ မင်းတို့အားလုံးနောက်နည်းနည်းဆုတ်ပေး...ငါ့ရဲ့ခွန်အားကိုဖြည့်တင်းဖို့အတွက် အသားနည်းနည်းစားမှရမယ်...အဆင်ပြေတယ်မလား..."

လီယွမ်ကခေါင်းညိတ်၍ပြောလိုက်သည်။

ကောင်မလေးက မျက်မှောင်ကြုတ်လိုက်သော်လည်း ခဏလောက်စဉ်းစားပြီးနောက်တွင် သဘောတူလိုက်သည်။

"အဆင်ပြေတယ်..."

ယခုအခါ အခြေအနေအရပ်ရပ်က သူမ၏လက်ထဲ၌ ရှိမနေပေ။သူမ၏ရှေ့မှလူငယ်သာ လူ၀ကြီးနှင့်ပူးပေါင်းခြင်းမရှိသရွေ့ သူမအတွက်အဆင်ပြေပေမည်။

ထို့နောက်သူမကဦးဆောင်၍ ‌ခြေ၃လှမ်းခန့်နောက်ပြန်ဆုတ်သွားခဲ့သည်။‌အခြားသောအမျိုးသမီး၅ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုတ်သွားခဲ့သည်။

လီယွမ်သည် အဘိုးအို၏အနားသို့ရောက်ချိန်တွင် ထိုင်ချလိုက်ကာ ခန္ဓာကိုယ်ပေါ်တွားသွားနေသော သွေးပိုးကောင်ကို ဖမ်းဆုပ်လိုက်သည်။

လူ၀ကြီး၏မျက်နှာက အနည်းငယ်ပျက်ယွင်းသွားခဲ့သည်။ထိုအရူးကောင်သည် မိန်းမများပြောသည့်စကားကိုယုံကာ သူ့အားအရင်ဆုံးသတ်ဖြတ်လိုနေသည်လော...

(ပေါင်းစပ်နိုင်သော ဂူကောင်ကိုပထမဆုံးအကြိမ်တွေ့ရှိပါသည်...ထိုဂူကောင်များကိုပေါင်းစည်းလိုပါသလား)

လီယွမ်၏အစစ်အမှန်ရည်ရွယ်ချက်မှာ သွေးဂူကောင်များကို စုစည်းလိုခြင်းဖြစ်ကြောင်း သူနည်းနည်းလေးမှ မရိပ်မိခဲ့ပေ။

"ပေါင်းစပ်မယ်..."

လီယွမ်က တိုးတိုးလေးရေရွတ်လိုက်သည်။

(ဤပေါင်းစပ်မှုအတွက် သာမန်သွေးဂူကောင်၃ကောင်ကို အသုံးပြုထားပါသည်)

(ပေါင်းစပ်နေသည်...)

(ပေါင်းစပ်မှုပြီးမြောက်ပါသည်...သင်သည်ပထမအဆင့် သာမန်ချီနှင့်သွေးဂူကောင်ကို ရရှိသွားပါပြီ)

(ချီနှင့်သွေးဂူကောင်ကို ပင်မအသက်ဂူအဖြစ်သန့်စင်ထားပါက ဂူသခင်အားချီနှင့်သွေးဓာတ်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်...အကယ်၍၎င်းကို လက်အောက်ခံဂူအဖြစ်အသုံးပြုမည်ဆိုပါက အခြားသောသူများ၏ချီနှင့်သွေးများကိုစုပ်ယူခြင်း သို့မဟုတ် မိမိ၏စွမ်းအားကိုဖြည့်တင်းရန်အထောက်အကူအနေနှင့်၎င်း အသုံးပြုနိုင်သည်)

(သင်၏ပင်မအသက်ဂူအဖြစ် ပြုလုပ်လိုပါသလား)

လီယွမ်သည် ဂူသခင်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို သတိရလိုက်သည်။ဂူသခင်များသည် မိမိတို့၏လက်ရှိအဆင့်အရ ပင်မအသက်ဂူ၁ကောင်နှင့်လက်အောက်ခံဂူများကို ‌ထားရှိနိုင်ပေသည်။

"ပြုလုပ်မယ်..."

လီယွမ်သည် သေခြင်းရှင်ခြင်းစမ်းသပ်မှုအားရင်ဆိုင်ရတော့မည့်အချိန်တွင် ရွေးချယ်စရာမရှိခဲ့ပေ။

(သင့်၏ပင်မဂူကောင်အဖြစ် ချီနှင့်သွေးဂူကောင်ကို ရရှိလိုက်ပါပြီ)

ချက်ချင်းဆိုသလိုပင် လီယွမ်၏ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးမှုများက စတင်၀င်ရောက်လာခဲ့သည်။

ထိုခဏတွင် သူခံစားနေရ‌သောပင်ပန်းနွမ်းနယ်မှုများ ပြေလျော့သွားကာ သူ၏ခန္ဓာကိုယ်အား ချီနှင့်သွေးကအားဖြည့်‌ပေးနေကြောင်း လီယွမ်ခံစားမိလိုက်သည်။ထိုအရာက ချီနှင့်သွေးဂူကောင်၏အကျိုးသက်ရောက်မှုအား သူပထမဆုံးအကြိမ်ခံစားမိခြင်းဖြစ်သည်။

သူ၏ခွန်အားကလည်း တဖြည်းဖြည်းတိုးလာခဲ့သည်။လီယွမ်သည် သူ့ရှေ့မှအမျိုးသမီးများကိုကြည့်လိုက်ပြီး လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်နိုင်သလိုခံစားလိုက်ရသည်။

"ဂူသခင်တွေက သိုင်းပညာကိုလေးစားကြတဲ့ ဒီကမ္ဘာကြီးမှာ အဆင့်အတန်းကောင်းကောင်းတစ်ခုရနိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး...သူတို့ရဲ့စွမ်းအားက တကယ်ကောင်းမွန်တာပဲ..."

လီယွမ်သည် သူရှင်သန်လာခဲ့သော၁၆နှစ်တာကာလအတွင်း သူရဲကောင်းများကို အကြိမ်ပေါင်းများစွာ တွေ့မြင်ဖူးပေသည်။

အစွမ်းထက်သောစစ်သည်တော်များသည် သားရဲများကိုလက်ဗလာဖြင့် သတ်ဖြတ်နိုင်ကာ ကောင်းကင်ပေါ်ပျံတက်နိုင်စွမ်းရှိသလို မြေလျှိုးနိုင်စွမ်းလည်းရှိပေသည်။

သူသည် ထိုစစ်သည်တော်များကိုကြည့်ရင်း အလွန်မနာလိုဖြစ်ခဲ့ရသည်။သို့သော်လည်း တော်၀င်သမားတော်၏အဆိုအရ သူ့ထံတွင်ကျင့်ကြံရန်အတွက် သင့်တော်သောအခြေခံအုတ်မြစ်မရှိကြောင်း ဆိုထားပေသည်။

"ငါကမကျင့်ကြံနိုင်ဘူးဆိုရင်တောင် ဂူသခင်တစ်ယောက်ဖြစ်လာရတာ မဆိုးပါဘူး"

လီယွမ်သည် အောင်မြင်မှု၏ချိုမြိန်သောအရသာကို မြည်းစမ်းကြည့်မိပြီးနောက် ပျော်ရွှင်နေခဲ့သည်။သူသည် ကျင့်ကြံရန်အတွက်‌အ‌ခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်လိုပါက ဧကရာဇ်ထိုက်ဇူ၏သွေးစက်နှင့်အစွမ်းထက်သောဆေးကိုပေါင်းစပ်ရမည်ဖြစ်ရာ အလွန်ပင်ခက်ခဲပေသည်။

သို့သော်လည်း စနစ်၏လုပ်ဆောင်ပုံမှာအလွန်ရိုးရှင်းပေသည်။သူသည် အခက်အခဲများကို ခံနိုင်ရည်ရှိရန်အတွက် မိမိကိုယ်ကိုတွန်းအားပေးရန် မလိုအပ်ခဲ့ပေ။

"ဘာလုပ်နေတာလဲ...စတော့လေ"

မိန်းကလေး၏အေးစက်စက်လေသံက လီယွမ်၏အတွေးများကို လွှင့်ပျယ်သွားစေခဲ့သည်။

"ငါမလုပ်ချင်တော့ဘူး..."

လီယွမ်က ထိုမိန်းကလေးအား လှည့်ကြည့်လိုက်သည်။

"မင်း...ငါ့ကိုနောက်နေတာလား..."

ကောင်မလေးက ဒေါသတကြီးရေရွတ်လိုက်သည်။

"ဟုတ်တယ်...ငါမင်းကိုနောက်နေတာပဲ..."

လီယွမ်ကပြုံး၍ပြောလိုက်သည်။

ကောင်မလေး၏ရင်ဘတ်သည် ဒေါသကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်နေကာ လူ၀ကြီးအားလှမ်းပြောလိုက်သည်။

"ဖက်တီး...မင်းနဲ့ငါပူးပေါင်းပြီးတော့ ဒီကောင့်ကိုအရင်သတ်လိုက်ရအောင်...ငါ့ကိုကူညီပေး"

"ငါအရင်ကပြောထားသလိုပဲ...မင်းတို့သတ်ချင်တဲ့သူကိုသတ်...ငါကတော့၀င်ရောက်စွက်ဖက်နေမှာမဟုတ်ဘူး...ငါ့စကားကိုငါပြန်မပြောင်းတော့ဘူး"

"မင်းမလုပ်ရဲရင် မလုပ်နဲ့"

ခပ်၀၀လူက အေးစက်စက်လေသံဖြင့် ချေပလိုက်သည်။

လီယွမ်က ချက်ချင်းတိုက်ခိုက်ခြင်းမပြုပေ။ချီနှင့်သွေးဂူကောင်ကို ရရှိပြီးနောက် ထိုဂူကောင်သည်အနည်းငယ်အားနည်းနေသည်ဖြစ်ရာ ပြန်လည်အားဖြည့်ရန် အချိန်ခဏလိုအပ်ပေသည်။

ထို့ကြောင့် သူအောင်ပွဲရရှိစေရန်အတွက် ခဏလောက်စောင့်ဆိုင်းခြင်းက ပိုမိုလုံခြုံစေမှာဖြစ်သည်။

လီယွမ်သည် သူ၏ချီနှင့်သွေးဂူကောင်ကို အလောင်းပေါ်သို့တင်ထားလိုက်သောလည်း ထိုဂူကောင်သည် မှောင်ရိပ်ထဲတွင်ပျံသန်းကာ အမျိုးသမီးတစ်ယောက်ထံ၌ တိတ်တဆိတ်သွားရောက်တွယ်ကပ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"အိုး...မင်းကအစားအသောက်နဲ့ပတ်သက်လာရင် တော်တော်ဇီဇာကြောင်တာပဲ...လတ်လတ်ဆတ်ဆတ်အစားအစာတွေကို မင်းစုပ်ယူချင်တာပေါ့..."

လီယွမ်က ထိုမြင်ကွင်းကိုကြည့်၍ ပြုံးလိုက်မိသည်။

ချီနှင့်သွေးဂူကောင်သည် ခြင်တစ်ကောင်သဖွယ်ဖြစ်နေရာ မတော်တဆသတိထားခံရမည်ကို စိုးရိမ်စရာမလိုပေ။မည်သို့ပင်ဆိုစေ ဤသည်မှာ ပထမအဆင့်ဂူသခင်တစ်ယောက်၏ နည်းလမ်းဖြစ်ကာ ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ စတင်ခြေချထားသူများနှင့် ညီမျှပေသည်။

သူ၏မှတ်ဉာဏ်ထဲ၌ အရွယ်ရောက်ပြီးသူ သန်မာအားကောင်းသောလူတစ်ဒါဇင်ခန့်ကို ကျင့်ကြံခြင်းနယ်ပယ်သို့ စတင်ခြေချထားသူက လွယ်လွယ်ဖြင့်အနိုင်ယူနိုင်ပေသည်။

လီယွမ်အတွက် ယခုညသည် နာကျင်မှုမရှိတော့ဘဲ စွမ်းအင်များပြည့်၀နေသလို ခံစားနေရသည်။

နောက်တစ်နေ့ရောက်လာလျှင် အခြားသောသူများ၏ခြိမ်း‌ခြောက်မှုများ လုံး၀ကွယ်ပျောက်သွားတော့မည်ဖြစ်သည်။

"ဟမ့်..."

လီယွမ်သည် ထိုအကြောင်းကိုတွေးနေစဉ်တွင် မှောင်ရိပ်ထဲမှနေ၍ အမျိုးသမီးများက သူ့ဆီတဖြေးဖြေးရွေ့လျားလာကြောင်း ခံစားမိလိုက်သည်။

"မင်းတို့တွေက ညဘက်ကြီးငါ့ကိုတိုက်ခိုက်ဖို့ ကြံစည်နေကြတာလား..."

ဒီမိန်းကလေးတွေကြည့်ရတာ နောက်တစ်နေ့နေထွက်တာကို မမြင်ချင်တော့ဘူးထင်တယ်...

"ဒါဆိုလည်း ခပ်စောစောဖြေရှင်းလိုက်ကြတာပေါ့..."

လီယွမ်သည် တည်တည်ငြိမ်ငြိမ်ဖြင့် မတ်တပ်ထရပ်လိုက်ကာ ဤလူအုပ်ထဲ၌ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သော ဒေသခံခပ်၀၀လူအား လှမ်းကြည့်လိုက်သည်။

ထို့နောက် လီယွမ်ကအလွန်ပေါ့ပါးတိတ်ဆိတ်သောခြေလှမ်းများဖြင့် စတင်ရွေ့လျားလိုက်သည်။

လက်ရှိအချိန်၌ လူ၀ကြီးသည် ကျောက်နံရံအားမှီလျက်ရှိကာ ရံဖန်ရံခါ၌ စိတ်ရှုပ်ထွေးနေသည့်အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ဒုံး...ဒုံး...ဒုံး

ရုတ်ချည်းဆိုသလိုပင် နောက်ဘက်မှနေ၍ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။မိန်းကလေး၆ယောက်သည် လီယွမ်နဂိုရပ်နေသောနေရာသို့ ကျောက်တုံးဖြင့်ထုမိလိုက်ကြသည်။

ခပ်၀၀လူက ထိုဖြစ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့သည်။

လီယွမ်သည် အမှောင်ထုထဲမှနေ၍ ခပ်၀၀လူ၏၀မ်းဗိုက်အား ရုတ်ချည်းထိုးနှက်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။

အား....

ထူထဲသောအသားအရည်နှင့် များပြားလှသည့်အဆီကြွက်သားများကြောင့် သန်မာပုံရသည့်လူ၀ကြီးသည် လီယွမ်၏လက်သီးချက်ကြောင့် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။

လီယွမ်သည် မည်သည့်သတ်ဖြတ်မှုမျိုးကိုမှ မလုပ်ဆောင်ခဲ့ပေ။သူပထမဆုံးလုပ်ဆောင်ခဲ့သောအရာမှာ လူ၀ကြီး၏ခန္ဓာကိုယ်မှ သွေးဂူကောင်အား အတင်းအကျပ်စုပ်ယူခြင်းဖြစ်သည်။ထို့နောက်လူ၀ကြီး၏ဆံပင်အားဆုပ်ကိုင်ကာ သူ၏ဦးခေါင်းကို ကျောက်နံရံနင့်အပြင်းအထန်ရိုက်ချလိုက်သည်။

ဘန်း...ဘန်း...ဘန်း...

တစ်ကြိမ်...နှစ်ကြိမ်...သုံးကြိမ်

လူ၀ကြီးသည် အကြိမ်အနည်းငယ်ခန့် ရိုက်နှက်ခံရပြီးနောက်တွင် လှုပ်ရှားခြင်းလုံး၀မရှိတော့ပေ။

"ဒါပြီးရင် မင်းအလှည့်ဘဲ..."

လီယွမ်၏အသံက အ‌မှောင်ဂူထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိန်းကလေး၆ယောက်၏ဆံပင်များက အဆုံးစွန်ထိထောင်မတ်သွား ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းအေးစက်သွားရသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

လီယွမ်သည် လူဝကြီးအားဦးစွာသတ်ဖြတ်လိုက်ကာ သူမတို့အလှည့်သို့မြန်မြန်ဆန်ဆန်ကျရောက်လာမည်ဟု သူမတို့မထင်မှတ်ထားကြပေ။

မင်းကအရမ်းအစွမ်းထက်နေတယ်ဆိုရင် ဘာလို့ခုချိန်ထိ ဘာမှမလုပ်ဘဲစောင့်ဆိုင်းနေရတာလဲ...

လီယွမ်သည် ဆက်လက်ပုန်းအောင်းမနေတော့ဘဲ အကုန်လုံးကိုစတင်သတ်ဖြတ်ခဲ့သည်။သူသည်မှောင်ရိပ်ထံ လျင်မြန်စွာရွေ့လျားရင်း မိန်းကလေးတစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။

ထို့နောက် ၂ယောက်၊၃၊၄၊၅ယောက်...

"ဒါကနောက်ဆုံးတစ်‌ယောက်ပဲ..."

လီယွမ်၏လက်သီးချက်သည် မိန်း‌ကလေး၏ရင်ဘတ်အား ထိမှန်သွားပြီးနောက် သူမ၏ရင်ဘတ်ကအတွင်းဘက်သို့ ချိုင့်၀င်သွားခဲ့သည်။ထို့နောက်သူမ၏ခန္ဓာကိုယ်က အဟုန်ဖြင့်နောက်လွှင့်ထွက်သွားကာ ကျောက်နံရံနှင့်ရိုက်မိ၍ သေဆုံးသွားခဲ့ရသည်။

လီယွမ်သည် ထိုကောင်မလေး၏စိတ်ထားနှင့်ဆုံးဖြတ်နိုင်စွမ်းကို သဘောကျမိပေသည်။သို့သော် သူ၏အဘိုးဖြစ်သူ တော်၀င်သမားတော်က သူ့အားနတ်ဆိုးတစ်ကောင်လိုပြုမူခွင့်မပေးသော်လည်း သတ်ဖြတ်ရာ၌ပြတ်ပြတ်သားသားလုပ်ဆောင်သင့်ကြောင်း ဆုံးမထားခဲ့ပေသည်။

"ဒါက ကြီးမားတဲ့မကောင်းမှုတော့မဟုတ်ပါဘူး..."

လီယွမ်က သွေးဂူကောင်အားလုံးကိုစုဆောင်းကာ သူ့ကိုယ်သူရေရွတ်လိုက်သည်။

(ပေါင်းစပ်နိုင်သော ဂူကောင်ကိုရှာဖွေတွေ့ရှိပါသည်။၎င်းတို့အားပေါင်းစပ်လိုပါသလား...)

စနစ်ကထပ်မံမေးမြန်းလာခဲ့သည်။

"ပေါင်းစပ်မယ်..."

လီယွမ်က ထိုသို့ဖြစ်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပေသည်။

…

All Chapters