လီယွမ်၏နိဗ္ဗာန်ဘုံ
Vol. 1 Ch. 5
"ဒါကဘယ်လောက်ထူးဆန်းနေလို့လဲ..."
"ကိုယ့်ရဲ့ပင်မဂူကို အလောင်းကောင်ဂူအနေနဲ့အသုံးပြုချင်တယ်ဆိုရင် သေချာတဲ့နည်းစနစ်နဲ့ပြုပြင်ဖို့လိုအပ်တယ်...အရည်အချင်းရောကျွမ်းကျင်မှုရော နှစ်ခုလုံးလိုအပ်တယ်ဆိုရင်မမှားဘူး...ဒါကိုလူအများစုက မလုပ်ဆောင်နိုင်ကြဘူး"
၀မ်လင်းက ရှင်းပြလိုက်သည်။
"ကျိုးကုန်းဂူအသိုက်မှာ အလောင်းကောင်ဂူကို သန့်စင်နိုင်တဲ့ဂူသခင်တွေရှိကြတယ်မဟုတ်လား..."
လီယွမ်ကမေးမြန်းလိုက်သည်။
"မရှိသလောက်ရှားတယ်...ဒါကတော်တော်လက်၀င်တဲ့အလုပ်ပဲ...န၀မနန်းတော်တစ်ခုလုံးမှာတောင် လက်ထောက်နန်းတော်သခင်ပဲ ဒီလိုအရာကိုကျွမ်းကျင်တယ်"
၀မ်လင်းက ခေါင်းခါပြလိက်သည်။
"မင်းရဲ့အဘိုးကိုတော့ အလောင်းဂူကောင်အဖြစ် မပြောင်းဘူးမလား"
"ကျနော်အဲလောက်ထိ မရက်စက်ပါဘူး"
လီယွမ်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။
"ဟင်း...ဂူသခင်တွေထဲမှာတောင် ရက်စက်ကြမ်းကြုတ်တဲ့ဂူသခင်တွေက မရေမတွက်နိုင်ဘူးလေ...ကဲကဲ...မင်းရဲ့အဘိုးအလောင်းကို သေသေချာချာမြုပ်နှံပေးလိုက်ပါ...ဒီနေရာက တော်ရုံတန်ရုံစိတ်ချလို့ရပါတယ်...တစ်နေ့ငါသေသွားရင်တောင်မှ မင်းကင့ါအလောင်းကို ဒီမှာမြုပ်ပေးလို့ရတယ်...ဘယ်သူသိမှာလဲ ငါနဲ့မင်းအဘိုးနဲ့တမလွန်မှာ အိမ်နီးချင်းဖြစ်ရင်ဖြစ်နေမှာ..."
လီယွမ်တစ်ယောက် စကားပင်မပြောနိုင်တော့ချေ။
မင်းကတမလွန်မှာပါငါ့အဘိုးရဲ့ အိမ်နီးချင်းဖြစ်ချင်နေသေးတာလား
လီယွမ်သည် တော်၀င်သမားတော်၏ရုပ်အလောင်းကို အနောက်ဘက်တောင်ကုန်းပေါ်သို့ သယ်ဆောင်လာခဲ့သည်။
"အဲ့အခေါင်းကိုတွေ့လား...အဲ့ဒါငါသေရင်သုံးဖို့ ကိုယ်တိုင်လုပ်ထားတာလေ...ခုတော့မင်းအဘိုးအတွက်ပေါ့...ငါသေသွားတဲ့အချိန်ကျ မင်းကငါ့အစားနောက်တစ်ခုလုပ်ပေးလို့ရတယ်"
၀မ်လင်းကပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...လူအိုကြီး၀မ်"
လီယွမ်ကခေါင်းညိတ်ပြလိုက်သည်။
လူအိုကြီး၀မ်၏စကားပြောပုံက အနည်းငယ်ရူးသွပ်ပုံရသော်လည်း သူသည်လူအများနှင့်ပြောဆိုဆက်ဆံလွယ်သူဖြစ်သည်။သူသည် လီယွမ်၏အဘိုးတွက်ပင် အခေါင်းကိုလုပ်ဆောင်ပေးထားသည်။
"ငါ့ကိုလူကောင်းတစ်ယောက်လို့မထင်နဲ့...ငါသေတဲ့အခါကျ ငါ့အလောင်းကိုတောထဲကသားရဲတွေလာမစားစေချင်ရုံပဲ...ငါ့အလောင်းကို တယောက်ယောက်ဂရုစိုက်ပေးမယ်လို့ မျှော်လင့်ပါတယ်"
၀မ်လင်းက လီယွမ်၏အတွေးကိုဖောက်မြင်ရဟန်ဖြင့် စကားစမြည်ပြောနေရင်း လီယွမ်ကအခေါင်းချရန် မြေကျင်းတစ်ခုတူးလိုက်ပြီဖြစ်သည်။
ထို့နောက် အခေါင်းထဲသို့ အလောင်းကိုထည့်သွင်းကာ ချိတ်ပိတ်လိုက်သည်။လီယွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်ကာ အခေါင်းကိုမြေကျင်းထဲချ၍ အပေါ်မှမြေကြီးများဖြင့် ဖုံးအုပ်လိုက်သည်။
ထို့နောက် စကားလုံးများမရေးရသေးသော ၀မ်လင်းအသုံးပြုမည့် ဂူမှတ်တမ်းကို ရေးထိုးကာ စိုက်ထူလိုက်သည်။
"အဘိုး...တော်၀င်သမားတော် ဘေးကင်းတဲ့လမ်းခရီးဖြစ်ပါစေ"
လီယွမ်သည် သချိုင်းဂူရှေ့တွင် ဒူးထောက်ကာ ၃ကြိမ်တိုင်တိုင်ဦးချလိုက်သည်။
"ငါနဲ့ငါ့အမေတွက် ကျိန်းသေပေါက်လက်စားချေသွားမယ်..."
လူကြီးလူကောင်းတစ်ယောက်အတွက် နှစ်ပေါင်း၃၀ကြာတာတောင် လက်စားချေဖို့အတွက် နောက်မကျသေးဘူး...
လီယွမ်သည် ဒေါသကိုနှလုံးသားထဲ၌ အံကြိတ်ကာမြုပ်နှံထားခဲ့သည်။
"မင်းကတော်တော်သန်မာတာပဲ...မင်းရဲ့ပင်မဂူကောင်က ချီနဲ့သွေးဂူကောင်မဟုတ်ဘူးလား"
ဂူသခင်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် စစ်သည်တော်များနှင့်ယှဉ်ပါက များစွာနိမ့်ကျပေသည်။သို့သော်လည်း ပထမအဆင့်ဂူကောင်များအနက် ချီနှင့်သွေးဂူကောင်သည် ဂူသခင်ကိုသွေးနှင့်ချီဓာတ်ကိုထောက်ပံ့ပေးကာ နွားလားတစ်ကောင်ကဲ့သို့ သန်မာသောခွန်အားကိုပိုင်ဆိုင်စေခဲ့သည်။
သို့ဖြစ်ရာ ၀မ်လင်းက သူ၏ဂူကောင်ကိုချက်ချင်းရိပ်မိသွားခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ်..."
လီယွမ်က ငြင်းဆန်ခြင်းမပြုခဲ့ပေ။
"အဲ့ဂူကောင်ကို ပြုပြင်ဖို့အချိန်ဘယ်လောက်ယူခဲ့ရလဲ..."
၀မ်လင်းက ထပ်မံမေးမြန်းလာခဲ့သည်။
"၄ရက်..."
လီယွမ်က အမှန်အတိုင်းဖြေဆိုခဲ့သည်။
၀မ်လင်းသည် အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်ကာ စကားလုံးနှစ်လုံးကိုသာ တိုးတိုးလေးထုတ်ဖော်လိုက်သည်။
"လူမဆန်လိုက်တာ..."
၄ရက်အတွင်း အသက်ပင်မဂူကိုပြုပြင်နိုင်သူသည် အမှန်တကယ်ပင်ပါရမီရှင်ဖြစ်ပေသည်။ထိုကဲ့သို့ပါရမီရှင်က စန်းဂူမျှော်စင်သို့ရောက်လာသည်မှာ နှမြောစဖွယ်ပင်။
"ဂူသခင်တစ်ယောက်ရဲ့ အခြေခံလေ့ကျင့်မှုတွေကို ရှင်းပြမယ်"
မည်သို့ပင်ဆိုစေ ၀မ်လင်းကလူသစ်များအား ကောင်းစွာလေ့ကျင့်ပေးရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။
နောင်တစ်ချိန်တွင် လီယွမ်သည် န၀မနန်းတော်၏အတွင်းစည်းတပည့်ဖြစ်လာပါက သူ၏အနာဂတ်သည်လည်း တောက်ပလာမည်ဖြစ်သည်။အနည်းဆုံးတော့ ယခုထက်သာလွန်ကောင်းမွန်သော အဆင့်အတန်းကိုပိုင်ဆိုင်ကာ ဘ၀ကိုသက်တောင့်သက်သာဖြတ်သန်းနိုင်ပေမည်။
လီယွမ်က ၀မ်လင်း၏စကားကိုဂရုတစိုက်နားထောင်ခဲ့သည်။
"ဂူသခင်တစ်ယောက်ရဲ့နယ်ပယ်ကို အဆင့်၁ကနေ အဆင့်၉ထိပိုင်းခြားထားတယ်...စစ်သည်ဝောာ်အတွက်ဆိုရင် စတင်အဆင့်ကနေ အဆင့်၉ထိပေါ့...အဆင့်၁ကအနိမ့်ဆုံးဖြစ်ပြီး...အဆင့်၉ကအမြင့်ဆုံးပဲ"
"အလားတူပဲ ဂူကောင်တွေရဲ့စွမ်းအားကို အဆင့်၁ကနေ၉ထိ ခွဲခြားထားတယ်"
"အဆင့်၁ကနေ၃ထိ ဂူကောင်တွေက သာမန်ဂူကောင်တွေပဲ...အဆင့်၄ကနေအဆင့်၆ထိကို ဆန်းကြယ်ဂူကောင်...အဆင့်၇က ကောင်းကင်ဂူကောင်...အဆင့်၈ကတော့ မြင့်မြတ်ဂူကောင်...အဆင့်၉ကတော့ နတ်ဘုရားဂူကောင်ဖြစ်တယ်"
"ဂူသခင်တစ်ယောက်စီတိုင်းက ပင်မဂူကောင်တစ်ကောင်ပဲထားရှိရတယ်...ဂူသခင်တစ်ယောက် အဆင့်တက်လာမယ်ဆိုရင် သူ့ရဲ့အဆင့်ကိုလိုက်ပြီးတော့ လက်အောက်ခံဂူကောင်တွေကို ထားရှိနိုင်တယ်"
"ဥပမာဆိုရင် ငါကအဆင့်၃ဂူသခင်ဆိုရင် ပင်မဂူတစ်ကောင်နဲ့ လက်အောက်ခံဂူ၃ကောင်ထားရှိနိုင်တယ်"
၀မ်လင်းက အသေးစိတ်ကိုဂရုတစိုက်ရှင်းပြနေခဲ့သည်။
"ခဏလေး...မေးစရာလေးရှိလို့...လောလောဆယ် ချီနဲ့သွေးဂူကောင်ကို ငါ့ရဲ့ပင်မဂူကောင်အဖြစ်သန့်စင်ထားတယ်...နောင်တစ်ချိန်ဒါကိုပြန်ပြောင်းလို့ရလား"
လီယွမ်က မျက်မှောင်ကြုတ်၍မေးမြန်းခဲ့သည်။
"ရတယ်...အဆင့်၄ဂူသခင်တစ်ယောက်မဖြစ်ခင်ထိ ပင်မဂူကောင်ကိုပြောင်းလဲချင်တယ်ဆိုရင် အခြေအနေတွေကအရမ်းကြီးခက်ခဲတာမျိုးမဟုတ်ဘူး...တကယ်လို့မင်းကသာ အဆင့်၄ဂူသခင်ဖြစ်ပြီးမှပြောင်းလဲချင်တယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုအပြင် ဆင့်ကဲဖြစ်စဉ်အချို့ကိုလည်း ပြုလုပ်ဖို့လိုအပ်တယ်"
"ဒါကြောင့် ဂူသခင်အများစုဟာ တတိယအဆင့်ကိုရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့ပင်မဂူနေရာမှာ ကောင်းမွန်တဲ့အလားအလာရှိပြီး တိုးတက်နိုင်စွမ်းရှိတဲ့ ရှားပါးတဲ့ဂူကောင်တွေကို အစားထိုးလေ့ရှိကြတယ်"
"တကယ်လို့ ထူးခြားဆန်းကြယ်ဂူကောင်မှတ်တမ်းထဲက ဂူတစ်ကောင်ကိုရခဲ့ရင်တော့ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး"
ဂူကောင်ကိုအစားထိုး၍ရကြောင်း သိလိုက်ရမှ လီယွမ်စိတ်သက်သာရာရသွားခဲ့သည်။သူသည် လက်ရှိအခြေအနေအား ကျေနပ်မှုမရှိပေ။
ငါကစနစ်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီးတော့ ဒီလိုအဆင့်မှာပဲ ကန့်သတ်ခံထားရတာ မဖြစ်သင့်ဘူး...
"လာခဲ့...မင်းကိုစန်းဂူမျှော်စင်ထဲခေါ်သွားမယ်..."
၀မ်လင်းက နောက်လှည့်ကာတောင်ပေါ်သို့တက်သွားခဲ့သည်။လီယွမ်ကလည်း သူ့နောက်မှထပ်ကြပ်မကွာလိုက်လာခဲ့ပြီး စန်းဂူမျှော်စင်သို့ ရောက်ရှိလာခဲ့သည်။
စန်းဂူမျှော်စင်ထဲသို့ ၀င်လာသည်နှင့်လီယွမ်၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။
"အေးလိုက်တာ..."
"အေးတယ်မဟုတ်လား...စန်းဂူမျှော်စင်ဟာ နေ့စဉ်လိုလို မရေမတွက်နိုင်တဲ့စွန့်ပစ်ဂူကောင်တွေကို ထိန်းသိမ်းထားရတယ်...ဒါကြောင့် အေးစက်တဲ့ယင်လေထုက ဒီနေရာမှာစုစည်းနေတာဆိုတော့ အေးတာမထူးဆန်းပါဘူး"
၀မ်လင်းက ပြုံး၍ပြောလိုက်သည်။
"ဒါကြောင့် မင်းကိုတခြားနေရာကိုပြောင်းခိုင်းတာလေ...မင်းကငယ်သေးတယ် ခုထိအိမ်ထောင်မပြုရသေးဘူးမလား...ဒီနေရာမှာအကြာကြီးနေတာ ကျန်းမာရေးကိုထိခိုက်စေတယ်...အခန့်မသင့်ရင် နောက်ဆိုမင်းကလေးမရနိုင်ဖြစ်သွားမယ်"
"ခုဒီကိုရောက်လာမှတော့ ရွေးချယ်စရာမရှိတော့ဘူး..."
လီယွမ်သည် လုံး၀ကြောက်ရွှံခြင်းမရှိသည့်အပြင် ဤနေရာကသာ သူ၏နိဗ္ဗာန်ဘုံဖြစ်ကြောင်း အခိုင်အမာယုံကြည်သွားခဲ့သည်။
သူသည် ဂူအင်မော်တယ်တစ်ယောက်ဖြစ်လာရန် ယုံကြည်မှုရှိနေခဲ့သည်။
"စကားမစပ်...ဒီလိုနေရာမျိုးမှာ ဘာလို့အကြာကြီးနေနိုင်ရတာလဲ...လူအိုကြီး၀မ်"
"ငါလား...ငါ့ကံကမဆိုးဘူးလို့ပြောလို့ရတယ်...ငါဒီနေရာကိုရောက်လာတော့ စွန့်ပစ်ထားတဲ့ဂူကောင်တွေထဲကနေ အကောင်းတိုင်းရှိနေတဲ့ ရေခဲပိုးဂူကောင်တစ်ကောင်ကိုရခဲ့တယ်လေ...အဲ့ဒါကိုပြုပြင်ပြီးတဲ့နောက်မှာ ငါ့ရဲ့ပင်မဂူကောင်အဖြစ် လုပ်ဆောင်နိုင်ခဲ့တယ်"
၀မ်လင်းက ပြုံး၍ပြောလိုက်သည်။
လီယွမ်က သူ၏ရင်ဘတ်ကိုပွတ်သပ်ရင်း ပြောလိုက်သည်။
"ငါကချီနဲ့သွေးစွမ်းအားပြည့်၀နေတဲ့ လူငယ်တစ်ယောက်ပါ...ငါဒါကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်"
"မင်းမှာစွမ်းအားပြည့်၀တဲ့သွေးချီတွေရှိနေတာပဲ...ချမ်းသာတဲ့မိန်းမတစ်ယောက်ယောက်ကို သွားရှာလို့တောင်ရတယ်...ဒါဆိုဒီမှာနေရတာထက် အများကြီးပိုကောင်းလိမ့်မယ်"
၀မ်လင်း၏စကားကြောင့် လီယွမ်တစ်ယောက်ဆွံ့အသွားခဲ့ရသည်။
ထိုအချိန်တွင် လီယွမ်သည် စန်းဂူမျှော်စင်၏အတွင်းပိုင်းအား ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။
စန်းဂူမျှော်စင်တွင်း၌ အရွယ်အစားအမျိုးမျိုးနှင့်ပုံစံမျိုးစုံရှိသော အိုးများဖြင့်ပြည့်နှက်နေခဲ့သည်။ထိုအိုးများကို အဖုံးများဖြင့်အလုံပိတ်ထားပုံရပေသည်။အချို့သောအိုးများမှာ ဖောက်ထွင်းတွေ့မြင်နေရကာ အတွင်း၌အဆိပ်ရှိသော ဂူကောင်များကို ကျပ်သိပ်စွာ သိမ်းဆည်းထားကြောင်း တွေ့ရှိရပေသည်။
ကောင်းကင်ဘုံ...ဒါကတကယ့်ကောင်းကင်ဘုံပဲ...
"စန်းဂူမျှော်စင်မှာ အထပ်၅ထပ်ရှိတယ်...အထပ်တစ်ခုစီအလိုက် သက်ဆိုင်ရာအဆင့်ဂူကောင်တွေကို သိမ်းဆည်းထားတယ်"
"ငါတို့ရဲ့တာ၀န်က နေ့တိုင်းဂူအသေကောင်တွေနဲ့ အကြွင်းအကျန်ဂူကောင်တွေကို ရှင်းလင်းပေးဖို့ဖြစ်တယ်...ပြီးတော့အသွင်ပြောင်းသွားတဲ့ ဂူကောင်တွေကိုရွေးထုတ်ပြီးတော့ ပုရှီခန်းမကိုပြန်လည်ပို့ဆောင်ပေးရမယ်"
"ငါတို့အတွက် သတ်မှတ်ထားတဲ့စံနှုန်းရှိတယ်...လစဉ်လတိုင်း အနည်းဆုံးပထမအဆင့်ဂူကောင်၁၀၀၊ဒုတိယအဆင့်ဂူကောင်၃၀နဲ့ တတိယအဆင့်ဂူကောင်၁၀ကို ပြန်လည်အပ်နှံရမယ်"
"အဆင့်၄နဲ့အဆင့်၅ဂူကောင်တွေကို ဂရုမစိုက်နဲ့...အဲ့ကောင်တွေက ငါတို့အတွက်မဟုတ်ဘူး"
၀မ်လင်းက အလုပ်တာ၀န်ခွဲဝေမှုအကြောင်းကို အသေးစိတ်ရှင်းပြပေးခဲ့သည်။
လီယွမ်သည် ဟိုဟိုဒီဒီတချက်ကြည့်ကာ မေးမြန်းလိုက်သည်။
"လူအိုကြီး၀မ်...စန်းဂူမျှော်စင်မှာ ငါတို့နှစ်ယောက်ပဲရှိတာလား"
"နောက်တစ်ယောက်ရှိသေးတယ်...သူကစတုတ္ထနဲ့ပဉ္စမထပ်ကိုတာ၀န်ယူထားတယ်...ငါတို့အဲ့ကိုတက်လို့မရဘူး...ဒါကြောင့်သူနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်စရာမလိုဘူး"
"အင်း..."
လီယွမ်ကိုယ်တိုင်က အခြားသူများ၏ကိစ္စကို ၀င်ရောက်စွက်ဖက်လိုခြင်းမရှိပေ။
ထို့နောက်တွင် ၀မ်လင်းကအဆိပ်ရှိသော အင်းဆက်များကို မွေးမြူရာတွင် သတိထားရမည့် အချက်ပေါင်းများစွာကိုပြောပြခဲ့သည်။ထို့နောက် အဆိပ်ရှိသောအင်းဆက်များကို မွေးမြူသည့်နည်းလမ်းများအကြောင်း ရေးသားထားသည့်စာအုပ်များနှင့် အဆိပ်သခင်နှင့်ဂူသခင်များ၏ လက်ရေးမှုစာအုပ်များကိုလည်း ပေးအပ်ခဲ့သည်။
ထိုစာအုပ်၏အမည်မှာ "အဆိပ်ရှိအင်းဆက်များနှင့်ဂူကောင်များကို ထိန်းချုပ်ခြင်း၏အခြေခံလျှို့ဝှက်ချက်ဖြစ်သည်။"
စာအုပ်အမည်ကပင် ရိုးရှင်းကာမှတ်ရလွယ်ကူပေသည်။
"ဒီနေ့ကစပြီးတော့ ပထမထပ်ကမင်းရဲ့တာ၀န်ပဲ...ငါ၀င်စွက်ဖက်မှာမဟုတ်ဘူး..."
ညဘက်တွင် လူအိုကြီး၀မ်သည် စန်းဂူမျှော်စင်ဘေးနားရှိ အဆောက်အဦးသို့ သွားရောက်ကာအိပ်စက်ခဲ့သည်။
ထိုအချိန်တွင် လီယွမ်၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။
"လစဉ်လတိုင်း အကောင်းအတိုင်းရှိနေသော အသွင်ပြောင်းဂူကောင်၁၀၀ကိုပဲ ပုရှီခန်းမကိုလွဲပေးရမှာမဟုတ်လား...ဒီမှာသောင်းနဲ့ချီတဲ့ဂူကောင်တွေရှိနေတာပဲ...ငါ့အတွက်ပေါင်းစည်းမှုလုပ်နိုင်ဖို့လုံလောက်တယ်"
ထို့နောက် လီယွမ်ကအနက်ရောင်အိုးတစ်ခုထံ ချည်းကပ်သွားခဲ့သည်။ထိုအိုးတွင်း၌ ချိတ်ပိတ်ထားပုံရသော အဝါရောင်ဂူကောင်လေးတစ်ကောင်ရှိနေခဲ့သည်။
အကြွင်းအကျန်ဂူကောင် - အနှစ်သာရပြောင်းလဲခြင်းဂူကောင်
လီယွမ်သည် ပထမအဆင့်ဂူကောင်လက်စွဲစာအုပ်ကို ဖတ်ရှုထားပြီးဖြစ်သည်။
ဤသည်မှာ ဂူသခင်၏စိတ်ဝိညာဉ်ကိုအထူးပြုသော ဂူကောင်တစ်မျိုးဖြစ်ပေသည်။ထိုဂူကောင်သည် အခြားသူများ၏စွမ်းအားကိုစုပ်ယူခြင်း သို့မဟုတ် အိပ်မောကျစေအောင်လုပ်ဆောင်ခြင်းတို့၌ အသုံးပြုနိုင်ပေသည်။
(ပေါင်းစပ်နိုင်သောဂူကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။၎င်းတို့ကိုပေါင်းစပ်လိုပါသလား...)
…