လူငယ်တွေက မောက်မာကြတယ်
Vol. 1 Ch. 8
"ငါခုပြောမယ့်ကိစ္စက မင်းရဲ့အနာဂတ်နဲ့သက်ဆိုင်နေတယ်ဆိုရင် မမှားဘူး"
၀မ်လင်းက လေးနက်တည်ကြည်စွာဖြင့် သတိပေးလိုက်သည်။
"လူအိုကြီး၀မ်...မင်းပြောတဲ့စကားတွေကို ငါသေချာမှတ်ထားမှာပါ"
လီယွမ်က အနည်းငယ်ထိတ်လန့်သွားခဲ့သည်။သူသည် ဤအလုပ်ကိုအလွန်ကြိုက်နှစ်သက်ပြီး လက်လွတ်မခံနိုင်ပေ။
သူသာ ဤအလုပ်မှအထုတ်ခံရခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းခံရပါက ဆုံးရှုံးမှုကြီးကြီးမားမားခံစားရမည်ဖြစ်သည်။
"ဂူကောင်တွေကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူးဆိုတာ မင်းသိတာပဲ....ဂူသခင်တစ်ယောက်ဟာ ဒီကိစ္စကိုအလေးအနက်ထားပြီး တင်းကျပ်တဲ့ထိန်းချုပ်နိုင်စွမ်းရှိရမယ်...အခြားနေရာတွေမှာ မပျက်စီးသေးတဲ့ဂူကောင်တွေဟာ ဂူအသိုက်ရဲ့ကိုယ်ပိုင်ဖြစ်ပြီး ဘယ်ကောင်မှသီးသန့်ယူဆောင်ခွင့်မရှိဘူး"
"စန်းဂူမျှော်စင်က ရှားရှားပါးပါးခြွင်းချက်တစ်ခုဖြစ်တယ်..."
"သာမန်ဂူသခင်တစ်ယောက်က ဒီနေရာမှာရှိတဲ့ အကြွင်းအကျန်ဂူကောင်က ဘယ်လိုဒုတိယအကြိမ်အသွင်ပြောင်းနိုင်မလဲဆိုတာ မခန့်မှန်းနိုင်ဘူးလေ...ဒါကြောင့် တခြားလွယ်ကူတဲ့ဖြတ်လမ်းတွေကို အသုံးပြုလာကြတယ်လေ..."
၀မ်လင်း၏စကားကို နားထောင်ပြီးနောက်တွင် လီယွမ်သည် တစ်စုံတစ်ခုအား မှန်းဆမိလိုက်ပြီဖြစ်သည်။
"လူအိုကြီး၀မ်...မင်းပြောချင်တာ တစ်စုံတစ်ယောက်က စည်းမျည်းတွေကိုချိုးဖျက်ပြီးတော့ ဂူကောင်တွေကိုတောင်းဖို့ စန်းဂူမျှော်စင်ကို ရောက်လာမယ်လို့ဆိုချင်တာလား"
"မင်းပြောတာမှန်တယ်...နောင်မှာ မင်းကဒါတွေကို တစ်ယောက်တည်းရင်ဆိုင်ရမှာပဲ...မင်းကဘယ်သူ့ကိုပေးရမယ် ဘယ်သူ့ကိုမပေးရဘူးဆိုတာ အချိန်ယူပြီးတွက်ချက်ရလိမ့်မည်"
၀မ်လင်းက ခေါင်းညိတ်၍ပြောလိုက်သည်။
"အဲလိုမှမဟုတ်ရင် အလုပ်ထုတ်ခံရတာ ဒါမှမဟုတ် ပြောင်းရွှေ့ခံရတယ်ဆိုတာက အသေးအဖွဲ့လောက်ပဲရှိမယ်...အဆိုးဆုံးတော့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်မယ်"
"ငါနားလည်တာပေါ့..."
လီယွမ်က အပေါ်ယံသဘောဖြင့်တုံ့ပြန်လိုက်သည်။သူသည် ထိုသို့ပြုလုပ်ရန် လုံး၀မလိုလားပေ။
ဤနေရာတွင်ရှိသော ဂူကောင်များအားလုံးသည် သူ၏ရတနာများဖြစ်သည်။ဂူအသိုက်၏မစ်ရှင်များအောင်မြင်ခြင်းကြောင့် ထုတ်ယူနိုင်သည့်ဂူကောင်များမှလွဲလျှင် ထိုဂူကောင်များအား ယူဆောင်ဝံ့သူမည်သူမဆို သူ၏အသက်နှင့်ပေးဆပ်ရမည်ဖြစ်သည်။
…
အချိန်များက တဖြည်းဖြည်းကုန်လွန်သွားကာ နောက်ထပ်လ၀က်ကုန်လွန်သွားပြီဖြစ်သည်။
လီယွမ်သည် ရှားပါးကာ ထူးခြားဆန်းပြားသောဂူကောင်အသစ်များကို ပေါင်းစပ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂူကောင်အကြွင်းအကျန်များအား အရူးအမူးပေါင်းစပ်လျက်ရှိပေသည်။
သို့သော်လည်း သူရရှိနိုင်သောကုန်ကြမ်းများမှာ အလွန်အကန့်အသတ်ရှိကာ ကျေနပ်ဖွယ်ကောင်းသော ရလဒ်မရှိပေ။
နဂါးသည် နဂါးကိုသာမွေးပြီး ဖီးနစ်တစ်ကောင်က ဖီးနစ်ကိုသာမွေးပေသည်။ကြွက်တစ်ကောင်သည် တွင်းပေါက်များကိုတူးဖော်မည်ဖြစ်ကာ အဆိပ်မျိုးစုံသည် အဆိပ်များနှင့်သာ တွဲဖက်နိုင်မည်သာဖြစ်ပေသည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - ဒုတိယအဆင့် ၁၄/၁၀၀)
(အဆင့် - ဒုတိယအဆင့်ဂူသခင်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်ရှင်သန်ခြင်းဂူကောင်)
(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်၊သွေးဆာသောခြင်ဂူကောင်၊အဆိပ်ရှိအနံ့ပြင်းဂူကောင်၊လေလိပ်ပြာဂူကောင်...)
"ရှားပါးပြီး ထူးခြားတဲ့ဂူကောင်တွေကို လိုချင်တယ်ဆိုရင် ကံတရားကိုအားကိုးနေရတုံးပဲလား..."
လီယွမ်က ချက်ချင်းပင်ငြိမ်သက်သွားခဲ့သည်။
"လူအိုကြီး၀မ်...လူအိုကြီး၀မ်..."
ထိုအချိန်တွင် မျှော်စင်အပြင်ဘက်မှနေ၍ ကျယ်လောင်သောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
လီယွမ်က အသံလာရာဘက် ခေါင်းလှည့်ကြည့်လိုက်သည်။
သူသည် ဂူကောင်များကိုယူဆောင်ရန် စန်းဂူမျှော်စင်သို့ နေ့တိုင်းလာရောက်နေသော တပည့်အားလုံးကို သိရှိထားသော်လည်း ဤလူကိုတစ်ခါမှ မတွေ့ဖူးပေ။ထိုလူသည် လက်ဗလာဖြင့် ဤနေရာသို့ရောက်လာ၍ ဂူကောင်များကိုတောင်းဆိုရန် ရောက်ရှိလာခြင်းဖြစ်သည်။
"လူအိုကြီး၀မ်ပြောနေတဲ့ လူမျိုးဖြစ်နေမလား..."
ဂူသခင်သည် သူ၏ကိုယ်ပိုင်ပင်မဂူကို ပျိုးထောင်ရန် နည်းလမ်းများစွာပိုင်ဆိုင်ထားပေသည်။
အရိုးရှင်းဆုံးသောနည်းလမ်းမှာ မိမိ၏ပင်မဂူကို အားကောင်းစေရန်အတွက် အခြားသောဂူကောင်များကို ဝါးမြိုစေခြင်း သို့မဟုတ် ရှားပါးသောရတနာများကို ကျွေးမွေးခြင်းတို့ဖြစ်သည်။ထိုနည်းလမ်း၂ခုလုံးက ငွေကြေးအရင်းအနှီးများစွာလိုအပ်ပေသည်။
"ဒီသူတောင်းစားတွေ နောက်ဆုံးတော့ရောက်လာတာပဲ..."
လီယွမ်၏တည်ငြိမ်အေးချမ်းနေသော စိတ်အခြေအနေက ပျက်ယွင်းသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။
လီယွမ်ကို မြင်လိုက်ရချိန်တွင် ထိုလူ၏မျက်လုံးများက စူးရှတောက်ပလာခဲ့သည်။
"ညီလေး...မင်းကစန်းဂူမျှော်စင်ရဲ့ တပည့်အသစ်တစ်ယောက်လား..."
"မှန်တယ်..."
လီယွမ်က ထိုလူအားတစ်ချက်အကဲခတ်လိုက်သည်။ထိုလူသည် ၀တ်ကောင်းစားလှ၀တ်ဆင်ထား၍ သာမန်တပည့်တစ်ယောက်ဖြစ်ဟန်မရပေ။
"ငါက စည်းကမ်းထိန်းသိမ်းရေးခန်းမက စွင်းမန်ပဲ...မင်းရဲ့စီနီယာအစ်ကိုလည်းဖြစ်တယ်...ငါ့ရဲ့ပင်မဂူကောင်ဟာ မကြာသေးခင်က ပျက်စီးမှုအချို့နဲ့ရင်ဆိုင်ခဲ့ရတယ်...ဒါကြောင့် အစာအနေနဲ့ဂူကောင်အချို့ကိုလိုချင်လို့ စန်းဂူမျှော်စင်ကိုရောက်လာခဲ့တာပဲ"
ထိုလူက သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမနှင့်စစ်ပွဲစောင့်ခန်းမတို့သည် သွားရောက်ရန်စမပြုသင့်ကြောင်း လူအိုကြီး၀မ်ပြောဖူးသည်ကို လီယွမ်သတိရလိုက်သည်။
လူအိုကြီး၀မ်က စွင်းမန်၏အမည်ကိုလည်း ပြောခဲ့ဖူးပေသည်။
စွင်းမန်သည် ဒုတိယအဆင့်ဂူသခင်ဖြစ်ကာ အဆင့်မြင့်ဂူသခင်တစ်ယောက်၏ ဆွေမျိုးလည်းဖြစ်ပေသည်။သူသည် သူ၏နောက်ခံကိုအားကိုး၍ တစ်လနှစ်ကြိမ် ဂူကောင်များကိုတောင်းဆိုရန် စန်းဂူမျှော်စင်သို့ရောက်လာလေ့ရှိသည်။ထိုလူကြောင့် လူအိုကြီး၀မ်က သူ၏လစဉ်အကဲဖြတ်ချက်ကို ကျရှုံးလေ့ရှိသည်။
"အိုး...လူအိုကြီး၀မ်က အနားယူသွားပြီလေ...ခုဆိုရင် စန်းဂူမျှော်စင်က ငါ့အပိုင်ပဲ"
လီယွမ်က ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
စွင်းမန်က မျက်ခုံးပင့်လိုက်မိသည်။
ဒီကောင်ဘာဖြစ်နေတာလဲ...ရူးနေတာလား...
"ကောင်းပြီ...ငါ့အတွက်ဂူကောင်တွေ သွားယူခဲ့...ဂျူနီယာညီလေးက ခန့်ညားတဲ့ဟန်ပန်ရှိတယ်...ငါ့ဦးလေးဆီသွားပြီး မင်းအတွက်စကားနည်းနည်းပြောပေးမယ်...မင်းလည်းဒီနေရာက မြန်မြန်ရွေ့ရတာပေါ့..."
"မင်းလိုငယ်ရွယ်တဲ့ပါရမီရှင်တစ်ယောက်က စန်းဂူမျှော်စင်မှာ နစ်မြုပ်နေလို့မရဘူး..."
လီယွမ်က ကြောင်အသွားခဲ့သည်။
ငါ့ကိုကြည့်ရတာ မပျော်တဲ့ပုံစံပေါက်နေလို့လား...
မင်းကငါ့ရဲ့၀င်ငွေရင်းမြစ်ကို ဖြတ်တောက်ချင်နေတာလား...
"ရပါတယ်...စန်းဂူမျှော်စင်က ငါ့အတွက်အဆင်ပြေတယ်...ပြီးတော့ ဂူကောင်တွေမရှိတော့ဘူး"
လီယွမ်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
"မရှိတော့ဘူး...မဖြစ်နိုင်တာ...စန်းဂူမျှော်စင်ရဲ့ လစဉ်သတ်မှတ်ချက်က အတော်လေးမြင့်တယ်ဆိုတာ ငါမှတ်မိတာပေါ့...မျှော်စင်ရဲ့ပထမအဆင့်ဂူကောင်အရေအတွက်က အနည်းဆုံးဒါဇင်ချီရှိတယ်"
စွင်းမန်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ပုံမှန်ဆို လူအိုကြီး၀မ်က ငါ့အတွက်သိမ်းထားပါတယ်...လူအိုကြီး၀မ်ဘယ်မှာလဲ...သူ့ကိုသွားခေါ်လာခဲ့..."
စွင်းမန်သည် တဖြည်းဖြည်းစိတ်မရှည်ဖြစ်လာခဲ့သည်။
"ငါပြောတာနားမလည်ဘူးလား...စန်းဂူမျှော်စင်က ခုဆိုရင်ငါတာ၀န်ယူထားတဲ့နေရာပဲ...လူအိုကြီး၀မ်က ဒီနေရာမှာဆက်ပြီးတော့ တာ၀န်မရှိတော့ဘူး...လာဘ်ပေးလာဘ်ယူလုပ်တာမျိုး ငါမလုပ်ဘူး"
လီယွမ်က ချက်ချင်းပြောလိုက်သည်။
"မင်း..."
စွင်းမန်သည် ဒေါသပေါက်ကွဲသွားကာ အသားများပင် တဆတ်ဆတ်တုန်ရီသွားခဲ့သည်။
ဒီငတုံးက ဘယ်ကရောက်လာတာလဲ...ဒီနေရာရဲ့လုပ်ရိုးလုပ်စဉ်တွေအကြောင်း မသိတာလား...စန်းဂူမျှော်စင်ရဲ့ နတ်ဆိုးဝိညာဉ်တွေက လှည့်စားတာကိုခံလိုက်ရတာလား...
"ညီလေး...မင်းငါ့ကိုဆန့်ကျင်ဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပြီလား..."
"ငါ့ဆီကစကားတစ်ခွန်းထွက်လာတာနဲ့ မင်းစန်းဂူမျှော်စင်မှာပဲ တစ်သက်လုံးအရိုးထုတ်သွားရမယ်ဆိုတာ မင်းယုံလား...မင်းဘယ်နေရာကိုမှ သွားနိုင်မှာမဟုတ်တော့ဘူး"
စွင်းမန်က ခြိမ်းခြောက်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် လီယွမ်၏မျက်လုံးများက တောက်ပလာခဲ့သည်။
ဒီလိုကောင်းတဲ့ကိစ္စမျိုးရှိသေးတာလား...ဒါဆိုရင် ငါကပိုပြီးတော့ရန်စပေးရမှာပေါ့...
"အဲ့ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်..."
လီယွမ်က ရိုးရိုးသားသားပင် ကျေးဇူးတင်လိုက်သည်။
စွင်းမန်က သူ့အားကျေးဇူးတင်နေသောလီယွမ်ကို ကြောင်အစွာကြည့်နေလိုက်သည်။
သူ၏အမြင်အရဆိုလျှင် လီယွမ်ဟူသောတပည့်သစ်သည် သူ့အားမထီမဲ့မြင်ပြုကာ လှောင်ပြောင်သရော်နေကြောင်း သေချာနေခဲ့သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်"
စွင်းမန်က ဒေါသတကြီးရယ်မောလိုက်သည်။
"ငါ့ကိုစောင့်နေလိုက်...မင်းအပြင်ထွက်ရင် တောနက်ထဲမတော်တဆမသေစေဖို့ ငါမျှော်လင့်ပါတယ်"
"ခဏနေပါဦး..."
ထိုအချိန်တွင် စန်းဂူမျှော်စင်ထဲမှနေ၍ ပုံရိပ်တစ်ခုက ရုတ်တရက်ပြေးထွက်လာခဲ့သည်။ထိုပုံရိပ်မှာ လူအိုကြီး၀မ်ပင်ဖြစ်သည်။
မကြာသေးခင်ကပင် သူသည်လီယွမ်အား အထူးပုဂ္လိုလ်များအား မည်သို့ကိုင်တွယ်ဆက်ဆံရမည်ကို သင်ကြားပေးနေခဲ့သည်။
စွင်းမန်သည် လွန်စွာအစွမ်းထက်လှသည်မဟုတ်သော်လည်း စိတ်အနှောင့်အယှက်မပေးသင့်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ထို့ကြောင့် စွင်းမန်ရောက်လာပါက သာမန်ဂူကောင်အချို့ကိုပေးလိုက်လျှင် ပြသနာကဖြေရှင်းပြီးသွားမည်ဖြစ်သည်။
သို့သော်လည်း လီယွမ်က ယခုလိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူပြောခဲ့သမျှအရာအားလုံးက အချည်းနှီးဖြစ်သွားခဲ့သည်။သူသည် ကောင်းမွန်သည့်ဆက်ဆံရေးကို မျှော်မှန်းထားသော်လည်း ယခုလိုကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"ဂျူနီယာညီလေးစွင်း...ငါတို့မှာမကောင်းတဲ့ရည်ရွယ်ချက်တွေဘာမှမရှိပါဘူး...ဒီညီလေးက ခုမှစန်းဂူမျှော်စင်မှာတာ၀န်ကျတဲ့ ညီလေးအသစ်ပါ...ဒီနေရာရဲ့လုပ်ငန်းစဥ်တွေကို သူမသိသေးဘူး...ခွင့်လွှတ်ပေးလိုက်ပါ"
၀မ်လင်းက တောင်းပန်စကားဆိုရင်း စွင်းမန်အနားသို့ရောက်လာခဲ့သည်။
"ဟမ့်..."
စွင်းမန်က အေးစက်စက်လေသံဖြင့် စိုက်ကြည့်လိုက်သည်။
"အစ်ကိုစွင်း...ခဏလောက်ပါ...မင်းအတွက်လိုအပ်တဲ့ဂူကောင်တွေကို ငါပြင်ဆင်ပြီးသွားပါပြီ...ခုချက်ချင်းပေးလိုက်မယ်"
၀မ်လင်းသည် သူ၏လက်ရှိအသက်အရွယ်အရ လက်စားချေခံရမည်ကို မကြောက်တတ်သော်လည်း သူသေဆုံးပြီးနောက်တွင် စွင်းမန်က လီယွမ်အားတမင်တကာ ပစ်မှတ်ထားလာမည်ကို စိုးရိမ်နေပေသည်။
"မေ့လိုက်ပါ...ငါကလူသစ်တွေနဲ့ ငြင်းခုံနေမှာမဟုတ်ဘူး..."
နောက်ဆုံးတွင် စွင်းမန်၏အမူအရာများက စတင်ပြေလျော့လာခဲ့သည်။
"ဒါပေမဲ့...မင်းသူ့ကိုသင်ခန်းစာကောင်းကောင်းပေးရမယ် လူအိုကြီး၀မ်...သူသာခုလိုဆက်ပြီးမောက်မာနေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ကျရှုံးရလိမ့်မယ်...ဒီလိုလူတွေက ကြာကြာအသက်ရှည်မှာမဟုတ်ဘူး..."
"မှန်တာပေါ့...သူ့ကိုသေချာဆုံးမထားလိုက်ပါမယ်"
၀မ်လင်းက အထပ်ထပ်ခေါင်းညိတ်ပြလိုက်သည်။
"ငါအတင်းအကြပ် မလုပ်ပါဘူး...ဂူအသိုက်တွက် တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုမှာ ငါဒဏ်ရာရခဲ့ပြီးတော့ ငါ့ရဲ့ပင်မဂူကောင်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လေ...ဒါကြောင့်ကုသဖို့အတွက် ဂူကောင်နည်းနည်းလောက်တောင်းဆိုတာ မလွန်ဘူးထင်တာပဲ"
စွင်းမန်က တရားမျှတသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ဒါပေါ့...ဒီဂူကောင်တွေက ဂျူနီယာညီလေးစွင်းနဲ့ ထိုက်တန်ပါတယ်..."
၀မ်လင်းသည် အပြင်ပန်းတွင်သဘောတူလိုက်သော်လည်း သူ့စိတ်ထဲတွင်မူ တိတ်တဆိတ်ညည်းညူလိုက်မိသည်။
ပုံမှန်ဆိုရင် ဒဏ်ရာရဂူသခင်တွေအတွင် ပုရှီခန်းမကပဲ လျော်ကြေးစီစဉ်ပေးရတာမဟုတ်ဘူးလား...ဘာကိစ္စစန်းဂူမျှော််စင်ကိုရောက်လာရတာလဲ...မင်းကအချောင်လိုချင်နေတာ မသိသာလွန်းဘူးလား...
"ဂျူနီယာစွင်း ခဏလောက်စောင့်ပါ..."
ထိုသို့ပြောပြီးနောက် ၀မ်လင်းက လီယွမ်အား အခန်းထဲသို့ ချက်ချင်းပင်ဆွဲခေါ်သွားလိုက်သည်။
"လီယွမ်...မင်းဘာလို့သူနဲ့ငြင်းခုံနေတာလဲ...စွင်းမန်ဆိုတဲ့ကောင်က ဘာမှမဟုတ်ဘူးဆိုရင်တောင် သူ့ကိုစော်ကားလို့မရဘူးဆိုတာ ငါပြောဖူးတယ်လေ..."
"ဒီတစ်ခေါက်တော့ထားလိုက်တော့ နည်းနည်းကောင်းမွန်တဲ့ ဂူကောင်အချို့ကိုရွေးချယ်ပြီးတော့ သူ့ကိုပေးလိုက်ပါ...အဲ့ဒါဆိုရင် သူကမင်းကိုဆက်ပြီးတော့ အငြိုးအတေးမထားတော့ဖို့ ငါမျှော်လင့်ပါတယ်"
၀မ်လင်းက လေးနက်သည့်လေသံဖြင့်ပြော၍ သက်ပြင်းချလိုက်သည်။
"ကောင်းပြီ...ခုပဲသွားယူလိုက်မယ်"
လီယွမ်က ခေါင်းညိတ်၍ပြောလိုက်သည်။
ထိုမှသာ ၀မ်လင်းတစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ကံကောင်းစွာဖြင့် လီယွမ်သည် အလွန်ခေါင်းမာသူတစ်ယောက်မဟုတ်ပေ။ထိုသို့မဟုတ်ပါက လီယွမ်သည် နောင်တွင်တစ်ယောက်တည်း ရှင်သန်ရန် ခက်ခဲမှာဖြစ်သည်။
လီယွမ်သည် အိုးတစ်လုံးရှိရာသို့ ချည်းကပ်သွားကာ အဆိပ်ပြင်းသောဂူကောင်များကိုသာ ရွေးချယ်ယူဆောင်လိုက်သည်။
ထိုဂူကောင်များအနက် အဆိပ်ရှိပိုးဂူကောင်များ၊လူသတ်ပျားများ၊နှလုံးတူးဖောက်ဂူကောင်များစသည်တို့ ပါ၀င်ပေသည်။ဤသည်မှာ စွင်းမန်အတွက် သူကိုယ်တိုင်စိတ်ရင်းမှန်ဖြင့် ပြင်ဆင်ထားသော အထူးလက်ဆောင်ထုပ်ဖြစ်သည်။
…