ကံကြမ္မာ၏လမ်းညွန်ချက်
Vol. 1 Ch. 11
လီယွမ်သည် ဓားသမားတစ်ယောက်မဟုတ်သော်လည်း ဓားကိုနှစ်သက်ပေသည်။
သူ၏အတိတ်ဘ၀က ဖတ်ခဲ့ဖူးသော၀တ္ထုများတွင် သွေးကြောခြောက်ခုဓားသိုင်းအား သူလွန်စွာမှသဘောကျခဲ့ရာ ယခုလိုအချိန်မျိုးတွင် ပိုမိုစိတ်အားထက်သန်နေခဲ့သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင်မူ သူ့အတွက် ပိုမိုကောင်းမွန်သောအရာများက စောင့်ကြိုနေခဲ့သည်။
(ပေါင်းစပ်ရန် ဂူကောင်များကိုရွေးချယ်ပါ...)
(အကြွင်းအကျန်ဂူကောင်များဖြစ်သော တတိယအဆင့် လေဖမ်းလိပ်ပြာဂူကောင်၊တတိယအဆင့် နွေဦးပုစဉ်းရင်ကွဲဂူကောင်၊တတိယအဆင့် အရိပ်အင်းဆက်ဂူကောင်)
"ပေါင်းစပ်လိုက်..."
(ပေါင်းစပ်...)
(သင်သည် တတိယအဆင့်သေမျိုးဂူကောင်ဖြစ်သော အရိပ်မဲ့ပုစဥ်းဂူကောင်ကို ရရှိခဲ့ပါသည်။)
(အရိပ်မဲ့ပုစဉ်းဂူကောင် - ၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်ပြီးပါက ဂူသခင်၏အရှိန်နှုန်းကို လွန်စွာတိုးမြင့်ပေးခဲ့သည်...အကယ်၍ လက်အောက်ခံဂူကောင်အဖြစ်ပြောင်းလဲလိုက်ပါက ထိုဂူကောင်သည် ရန်သူအားစိတ်ရှုပ်ထွေးစေရန် အရိပ်တစ်ခုကိုထုတ်ဖော် အသုံးပြုနိုင်သည်)
(သင်၏ပင်မဂူကောင်အဖြစ် သန့်စင်လိုပါသလား...)
"နည်းနည်းတော့ လိုနေသေးတယ်..."
လီယွမ်သည် ကျေနပ်ခြင်းမရှိသေးပေ။
သူသည် ထူးဆန်းသောဂူကောင်စာရင်း၌ပါရှိသော ဂူကောင်များအနက်မှ တစ်ကောင်ကိုရရှိကာ သန့်စင်လိုခြင်းဖြစ်သည်။
သို့သော်လည်း ပေါင်းစပ်နိုင်သည့်ဂူကောင်များက အမှိုက်များသဖွယ်ဖြစ်နေကော ထူးဆန်းသောဂူကောင်များကို ရရှိရန်မဖြစ်နိုင်သလောက်ရှိကြောင်း သူနားလည်နေခဲ့သည်။
"ဆက်ပြီးတော့ ပေါင်းစပ်ကြတာပေါ့..."
…
တစ်လခွဲကြာပြီးနောက်...
လီယွမ်သည် တတိယထပ်ရှိ အကြွင်းအကျန်ဂူကောင်များကို အတတ်နိုင်ဆုံးသန့်စင်ကာ ပေါင်းစပ်ရန်ကြိုးစားနေခဲ့သော်လည်း သူလိုချင်သည့်ပန်းတိုင်အား မရရှိသေးပေ။
ကျရှုံးမှုဟူသည် ဂူသခင်တစ်ယောက်၏ ဘ၀တလျှောက်လုံး၌ အမြဲလိုလိုရှိနေမည်သာဖြစ်သည်။
"ခဏတော့ စောင့်ရဦးမယ်..."
သူ့အတွက် အချိန်များစွာ ကျန်ရှိနေပေသေးသည်။
"လီယွမ်ရေ...လီယွမ်..."
ထိုအချိန်တွင် စန်းဂူမျှော်စင်အပြင်ဘက် ဝါးရုံလမ်းပေါ်မှနေ၍ ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လူအိုကြီး၀မ် ပြန်ရောက်လာပြီလား..."
လီယွမ်က ထိုအသံကိုကြားချိန်၌ ၀မ်းသာသွားခဲ့သည်။
ရိုးရိုးသားသားပြောရမည်ဆိုလျှင် ဂူပိုးကောင်များအား နေ့စဉ်ပေါင်းစပ်ခြင်း၌ သူ၏စိတ်အာရုံကို နှစ်မြုပ်ထားသော်လည်း အတွင်းစိတ်ထဲ၌ လူအိုကြီး၀မ်အားလွမ်းဆွတ်နေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လီယွမ်သည် အပြင်သို့ထွက်၍ နှုတ်ဆက်ရန်ပြင်ဆင်ခဲ့သည်။
အဘိုးအိုတစ်ဦးနှင့်လူငယ်တစ်ယောက်သည် ဝါးရုံအပြင်ဘက်မှနေ၍ လမ်းလျှောက်လာသည်ကို လီယွမ်တွေ့လိုက်ရသည်။
လူအိုကြီး၀မ်သည် ပြန်ရောက်လာရုံတင်မက သူနှင့်သက်တူရွယ်တူခန့်ရှိမည့် ကလေးမလေးတစ်ယောက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။
"လီယွမ်...ငါမင်းကိုမိတ်ဆက်ပေးမယ်...ဒါကငါ့ရဲ့မြေးပဲ...သူ့ကို၀မ်ကျောက်ကျောက်လို့ခေါ်တယ်..."
"မြေးမ...လူအိုကြီး၀မ် မင်းကကံတရားရဲ့မျက်နှာသာပေးမှုကို တကယ်ရခဲ့တာပဲ"
လီယွမ်က အံ့ဩသွားခဲ့သည်။
၀မ်လင်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဟားဟား...ကြည့်ရတာနတ်ဘုရားတွေက ငါ့ကိုအရမ်းကြီးမရက်စက်သေးဘူးထင်တာပဲ..."
"ဂုဏ်ပြုပါတယ်..."
လီယွမ်သည် လူအိုကြီး၀မ်အတွက် စိတ်ရင်းဖြင့်ဂုဏ်ပြုပေးလိုက်သည်။
ယခုလို ကပ်ဘေးကာလမျိုးတွင် လူသားတို့၏ဘ၀သည် ခက်ခဲကြမ်းတမ်းနေခဲ့ကာ တန်ဖိုးမရှိလှပေ။လူတိုင်းလိုလို အသက်ရှင်နေထိုင်ရေးအတွက် ရုန်းကန်နေရချိန်တွင် ယခုလိုအချိန်တော်ကြာခွဲခွာနေခဲ့ရသော ဆွေမျိုးအချင်းချင်း ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့သည်မှာ နတ်ဘုရားများ၏ကောင်းချီးပင်ဖြစ်သည်။
လူအိုကြီး၀မ်၏လက်ရှိဖြစ်ရပ်က အိပ်မက်တစ်ခုသဖွယ် သူခံစားနေရပေသည်။
"ရှောင်ကျောက်...သူကမင်းကိုပြောဖူးတဲ့လီယွမ်ဆိုတာပဲ...ခုချိန်ကစပြီးတော့ သူ့ကိုအစ်ကိုလီလို့ခေါ်လို့ရတယ်"
"တွေ့ရတာ၀မ်းသာပါတယ်...အစ်ကိုလီ"
ကလေးမလေးက မဝံ့မရဲနုတ်ဆက်လိုက်သည်။
၀မ်ကျောက်ကျောက်သည် ဖျော့တော့သောအသားအရေရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။သူမ၏ပါးပြင်၌ ၀က်ခြံအနည်းငယ်ရှိနေသော်လည်း သူမ၏အလှကိုမထိခိုက်စေပေ။သူမသည် လိမ္မာရေးခြားရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်ပေသည်။
"တွေ့ရတာ၀မ်းသာပါတယ်...ဒါနဲ့လူအိုကြီး၀မ် ရှောင်ကျောက်က ငါတို့နဲ့အတူနေမှာလား"
လီယွမ်က ပြုံးပြလိုက်ကာ ၀မ်လင်းကိုမေးလိုက်သည်။
"ငါလည်း အတူတူထားချင်တာပေါ့...ဒါပေမဲ့စည်းမျည်းစည်းကမ်းတွေအရ ကျိုးကုန်းဂူအသိုက်ထဲ၀င်ချင်ရင် ဂူသခင်စမ်းသပ်မှုကို သူအောင်မြင်မှရမယ်...ခုလောလောဆယ်တော့ အလည်သဘောမျိုးနဲ့ ရက်အနည်းငယ်လောက်ပဲနေခွင့်ရှိတယ်"
၀မ်လင်းက သက်ပြင်းချလိုက်မိသည်။
"ဟူး..."
ဂူသခင်စမ်းသပ်မှုသည် မည်မျှထိရက်စက်ကြောင်း သိရှိထားသောလီယွမ်အဖို့ ထိုကလေးမလေး အသက်ရှင်သန်နိုင်ခြေ အလွန်နည်းပါးကြောင်း သိရှိထားပေသည်။
"သူက ငါ့ရဲ့မြေးမလေးလေ...ငါသူမကိုတွေ့တဲ့ချိန် မိဘနှစ်ပါးလုံးမရှိကြတော့ဘူး...သူမရဲ့လည်ပင်းမှာဆွဲထားတဲ့ ငါတို့ဘိုးဘေးတွေလက်ဆင့်ကမ်းလာတဲ့ ကျောက်စိမ်းဆွဲပြားတစ်၀က်ကပဲ သူမကိုင့ါရဲ့ဆွေမျိုးအဖြစ် အသိအမှတ်ပြုပေးနိုင်ခဲ့တယ်"
"ကျနော်ကတော့ ရှောင်ကျောက်ကို ဂူသခင်စမ်းသပ်မှုမှာ မပါ၀င်စေချင်ဘူး...ဒါပေမဲ့ အပြင်လောကက အရမ်းကိုရှုပ်ထွေးလွန်းတယ်...ရှောင်ကျောက်သာ ဒီမှာနေခွင့်မရရင် နတ်ဆိုးတွေတိုက်ခိုက်တာ ခံရလိမ့်မယ်"
လီယွမ်သည် ကလေးမလေးကို စာနာထောက်ထားသော်လည်း အမှန်တရားကိုငြင်းပယ်မရပေ။
သို့ဖြစ်ရာ အခြားရွေးချယ်စရာမရှိတော့သည့်အဆုံး ဂူသခင်စမ်းသပ်မှု၌သာ ပါ၀င်ခိုင်းရတော့မည်ဖြစ်သည်။
"ရှောင်ကျောက်က ဆွေမျိုးတွေဆီအလည်လာတာကို အကြောင်းပြပြီးတော့ ဒီမှာရက်အနည်းငယ်လောက်တော့နေနိုင်လိမ့်မယ်...အဲလိုအချိန်လေးမှာ သူမကိုဂူကောင်ထိန်းချုပ်နည်းသင်ပေးဖို့ ငါအတတ်နိုင်ဆုံးကြိုးစားရမယ်...ဒါမှမျှော်လင့်ချက်ထားနိုင်မှာပဲ..."
၀မ်လင်းထံတွင် ထိုသို့လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
ရှောင်ကျောက်သည် ဤရက်အနည်းငယ်အတွင်း ဂူသခင်တစ်ယောက်ဖြစ်လာနိုင်သော်လည်း မျှော်လင့်ချက်နည်းပါးလှပေသည်။
လီယွမ်က နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"လူအိုကြီး၀မ်...ရှောင်ကျောက်ကိုသင်ပေးတာပဲအာရုံစိုက်လိုက်ပါ...စန်းဂူမျှော်စင်အတွက်စိတ်မပူပါနဲ့...ငါသေချာဂရုစိုက်လိုက်ပါမယ်..."
"ငါဒီမှာမရှိတုံး ဘယ်သူကမှလာပြီးမနှောင့်ယှက်ဘူးမလား..."
၀မ်လင်းက မေးမြန်းလိုက်သည်။
"အဲလိုတွေမရှိပါဘူး..."
လီယွမ်က ခေါင်းခါပြလိုက်သည်။
"အဲ့ဒါပဲကောင်းတယ်...စန်းဂူမျှော်စင်အပေါ်ထပ်ကလူကော ဘာလှုပ်ရှားမှုတွေရှိလဲ..."
၀မ်လင်းက နောက်ထပ်မေးခွန်းထုတ်လိုက်သည်။
"မရှိပါဘူး...ဘာလို့မေးတာလဲ..."
ယခုတစ်ကြိမ်တွင်မူ လီယွမ်အံ့ဩသွားခဲ့ရသည်။
"ပြီးခဲ့တဲ့အခေါက်က ငါ့ကိုစည်းကမ်းထိန်းသိမ်းရေးခန်းမက ဖမ်းခေါ်သွားတာလေ...အဲ့ဒီတုံးကအကြောင်းကိုပြန်တွေးမိတိုင်း တစ်ခုခုမှားနေသလိုမျိုးငါခံစားနေရတယ်...ဒီရက်ပိုင်းတစ်ခုခုတော့ ဖြစ်လာတော့မယ်ထင်တယ်..."
"စွင်းမန်ကိုသတ်တဲ့သူက အပေါ်ထပ်ကလူဖြစ်ဖို့များတယ်..."
"သူက ဂူကောင်တွေကိုအတွေးတစ်ချက်နဲ့ထိန်းချုပ်နိုင်တဲ့ လူတယောက်ပဲ..."
၀မ်လင်းက ရှင်းပြလိုက်သည်။
လီယွမ်သည် ၀မ်လင်း၏စကားကြောင့် တိတ်ဆိတ်သွားခဲ့ရသည်။
"သေချာလို့လား..."
"ငါကြားဖူးတဲ့ကောလဟာလတွေရှိတယ်...အပေါ်ထပ်ကလူဟာ တချိန်ကန၀မနန်းတော်ကလူပဲ...သူကမဟာဂူသခင်ရဲ့စီနီယာအစ်ကိုလို့တောင်ပြောကြတယ်...သူတို့ကြားထဲ ပြဿနာတွေရှိကောင်းရှိနိုင်တယ်"
"သူတို့နှစ်ယောက်ကြားရန်ပွဲမှာ ငါကမတော်တဆကြားညှပ်ခဲ့မိလို့ ဒုက္ခရောက်ရတာလို့ငါထင်တယ်..."
၀မ်လင်း၏သုံးသပ်ချက်သည် ဖြစ်နိုင်ခြေများကို ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ထားထားခြင်းဖြစ်ပေသည်။
လီယွမ်ကိုယ်တိုင်တောင်မှ အမှန်တရားကိုမသိရှိထားလျှင် ယုံကြည်နေမိမှာဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည်အပေါ်ထပ်မှလူ၏အကြောင်းကို အနည်းငယ်သိချင်လာမိသည်။ထိုလူသည် စန်းဂူမျှော်စင်တွင် မတည်မငြိမ်ဖြစ်စေရန်အတွက် အကြောင်းရင်းဖြစ်နေမည်ဆိုပါက လီယွမ်ကိုယ်တိုင်ပင် မလိုလားအပ်ပေ။
ထို့ပြင် အနာဂတ်၌ ပိုမိုအဆင့်မြင့်သောဂူကောင်များကို လိုအပ်လာမည်ဆိုပါက သူသည်စန်းဂူမျှော်စင်၏ စတုတ္ထထပ်နှင့်ပဉ္စမထပ်သို့ သွားရောက်ရမည်သာဖြစ်သည်။
"သူကဘာလို့ အပေါ်ထပ်မှာ တစ်ယောက်တည်းရှိနေရတာလဲ..."
လီယွမ်က သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
၀မ်လင်းက လီယွမ်အနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"ငါကြားဖူးတာတစ်ခုရှိတယ်...အပေါ်ထပ်ကလူက ထူးဆန်းတဲ့ဂူကောင်တစ်ကောင်ကို ပြုစုပျိုးထောင်နေတာတဲ့...အဲ့ဂူကောင်ကိုပျိုးထောင်ဖို့ သူ့ခန္ဓာကိုယ်ကို စတေးထားရတယ်"
"ထူးဆန်းတဲ့ဂူကောင်...မင်းကိုဘယ်သူကပြောတာလဲ လူအိုကြီး၀မ်..."
လီယွမ်က မယုံကြည်နိုင်ခဲ့ပေ။
သူ၏နားလည်ထားမှုအရဆိုလျှင် ထူးဆန်းသောဂူကောင်သည် အလွန်ရှားပါးပေသည်။န၀မနန်းတော်၏ နန်းတော်သခင်များသည်ပင် ထူးဆန်းသောဂူကောင်များကို ပိုင်ဆိုင်ထားခြင်းမရှိကြပေ။
ထိုသို့ဂူကောင်မျိုး ပြုစုပျိုးထောင်နေသည်ဆိုပါက သတင်းပေါက်ကြားရန်မဖြစ်နိုင်ပေ။လူအိုကြီး၀မ်ကဲ့သို့ လူမျိုးက အဘယ်ကြောင့်သိနေရသနည်း။
"အဲ့အကြောင်းကို မင်းကိုဂူသခင်စမ်းသပ်မှုထဲခေါ်သွားတဲ့ ဘဏ္ဍာထိန်းချီလင်းကပြောခဲ့တာပဲ..."
၀မ်လင်းကပြန်ဖြေလိုက်သည်။
"အဲ့အကြောင်းကို အရင်ကကြားဖူးလား"
လီယွမ်က ထပ်မေးလိုက်သည်။
"မကြားဖူးဘူး..."
၀မ်လင်းကခေါင်းခါပြလိုက်သည်။
"ကြည့်ရတာ တယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ကောလဟာလတွေကိုဖြန့်နေတယ်ထင်တယ်"
လီယွမ်က တိုးတိုးလေးပြောလိုက်သည်။
လီယွမ်၏စကားကြောင့် လူအိုကြီး၀မ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
"မင်းပြောချင်တာက တစ်စုံတစ်ယောက်က ကောလဟာလတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေတယ်ပေါ့...သူကအပေါ်ထပ်ကလူကိုပစ်မှတ်ထားနေတာလား..."
"ငါထင်တာက အဲလိုပဲ"
ထိုသို့ပြောပြီးနောက် လီယွမ်ကဆက်မပြောတော့ပေ။
ထိုစကားကိုကြားချိန်၌ ၀မ်လင်း၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။
"မေ့လိုက်တော့...ဒါကငါတို့လက်လှမ်းမှီနိုင်တဲ့ကိစ္စတွေမဟုတ်ဘူး...နတ်ဘုရားတွေတိုက်ခိုက်ကြတဲ့အခါ လူသားတွေဒုက္ခရောက်ကြရတယ်...မင်းပိုပြီးသိထားလေလေ မင်းသေတာပိုမြန်လေပဲ..."
"ငါရှောင်ကျောက်အတွက် အိပ်ဖို့နေရာ သွားစီစဉ်လိုက်ဦးမယ်..."
"သွားသွား...ညစာစားတော့မယ့်အချိန်ကျမှ မင်းကိုလှမ်းခေါ်လိုက်မယ်"
ထိုသို့ပြောပြီးနောက် ၀မ်လင်းသည် သူ၏မြေးမလေးရှောင်ကျောက်ကိုခေါ်ကာ ထွက်ခွာသွားခဲ့သည်။
လီယွမ်သည်လည်း စန်းဂူမျှော်စင်သို့ ပြန်လာခဲ့သည်။
"အဲ့လူက အပေါ်ထပ်မှာရှိနေတာ ဆယ်စုနှစ်နဲ့ချီ ကြာနေပြီမဟုတ်လား..."
"သူကထူးဆန်းတဲ့ဂူကောင်ကို ပြုစုဖို့ကြိုးစားနေတယ်ဆိုတာ ဟုတ်ကောဟုတ်လို့လား..."
ဂူသခင်လက်စွဲစာအုပ်တွင် ထူးဆန်းသောဂူကောင်ကို ပြုစုပျိုးထောင်ရာ၌ ကြုံတွေ့ရမည့်အခက်အခဲကို ရေးသားဖော်ပြထားပေသည်။ထူးဆန်းသောဂူကောင်ကိုပျိုးထောင်ရန် အချိန်ကာလ၊နေရာအနေအထားနှင့်အဓိကကျသောဂူသခင်ကိုယ်တိုင်က အမှားအယွင်းမရှိရပေ။
လီယွမ်၏ဒုတိယမြောက်ဂူကောင်ဖြစ်သော ပြန်လည်ရှင်သန်ခြင်းဂူကောင်ကဲ့သို့ ဖြစ်သည်။
ထိုဂူကောင်သည် နှလုံးအတွင်းမှသွေးကို တချိန်လုံးစုပ်ယူနေပေရာ ဆယ်စုနှစ်နှင့်ချီအသက်ရှင်နေစဉ်၌ သေသည်ထက်ပိုမိုဆိုးဝါးသောဝေဒနာကိုခံစားရမည်ဖြစ်သည်။ထိုသို့သောအခြေအနေ၌ သာမန်လူများအသက်ရှင်သန်ရန် မဖြစ်နိုင်ပေ။
ထူးဆန်းသောဂူကောင်စာရင်း၀င် ဂူကောင်တိုင်းက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်လှပေသည်။
"သူသေသွားတာလည်း ဖြစ်နိုင်တာပဲလေ..."
လီယွမ်သည် ဖြစ်နိုင်ခြေရှိသောအတွေးမျိုး၀င်လာပြီးနောက် စူးစမ်းကြည့်လိုစိတ်ဖြင့်ကင်းထောက်ဂူကောင်ကို တတိယအထပ်သို့စေလွှတ်၍ ဂရုတစိုက်စစ်ဆေးခဲ့သည်။
ကင်းထောက်ဂူကောင်၏ တုံ့ပြန်ချက်ကို သူကြားလိုက်ရသည့်အချိန်တွင် အသက်ရှင်သန်နေသော တစ်စုံတစ်ယောက်၏ အရိပ်အယောင်ကို မတွေ့ရပေ။
ဤနေရာတွင် ဖြစ်နိုင်ခြေနှစ်ခုရှိသည်။သူ၏အဆင့်နယ်ပယ် နိမ့်ကျလွန်းခြင်း သို့မဟုတ် ထိုလူကိုယ်တိုင်က အချိန်ကြာမြင့်စွာကတည်းက သေဆုံးသွားခြင်းတို့ဖြစ်သည်။
လီယွမ်သည် စိတ်ရှည်သည်းခံစွာဖြင့် ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် မျက်လုံးမှိတ်ထားသောလီယွမ်သည် အသံမျိုးစုံကိုကြားလိုက်ရသည်။