ညအချိန်၌ရောက်လာသည့် ဖိတ်ကြားထားခြင်းမရှိသော ဧည့်သည်များ
Vol. 1 Ch. 12
အပေါ်ထပ်မှနေ၍ စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အကယ်၍ ကင်းထောက်ဂူကောင်၏ လုပ်ဆောင်ချက်ကြောင့်မဟုတ်လျှင် လီယွမ်သည် ထိုသို့ရှင်းရှင်းလင်းလင်းကြားနိုင်မည်မဟုတ်ပေ။
"အဲ့ဒါ မြွေတစ်ကောင်ရဲ့အသံလား..."
လီယွမ်က ခန့်မှန်းကြည့်လိုက်သည်။
သူသည် အချိန်အတော်ကြာနားထောင်ခဲ့ပြီးနောက် မြွေတစ်ကောင်က တခုခုကိုဝါးမြိုနေသောအသံကို ကြားနေရပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
"အဲ့လူရဲ့ဂူကောင်က မြွေတစ်ကောင်များလား..."
လီယွမ်၏စိတ်ထဲ၌ မှန်းဆချက်အမျိုးမျိုးထွက်ပေါ်လာသော်လည်း မဖြစ်နိုင်၍ ပယ်ချလိုက်သည်။
"အစ်ကိုကြီးယွမ်...ညနေစာစားချိန်ရောက်ပြီ..."
ထိုအချိန်တွင် အောက်ထပ်မှနေ၍ ကောင်မလေးတစ်ယောက်၏ အသံကထွက်ပေါ်လာခဲ့သည်။
"ငါလာပြီ..."
လီယွမ်သည် သူ၏သိချင်စိတ်ကိုပြန်လည်မျိုသိပ်ထားလိုက်သည်။သူသည် ကန့်သတ်ချက်များကိုကျော်လွန်၍ ဒုက္ခမရှာလိုပေ။သူသည် စတုတ္ထအဆင့်ဂူသခင်ဖြစ်လာမှသာ စတုတ္ထအထပ်သို့ တက်ကြည့်မည်ဖြစ်သည်။
အောက်ထပ်၌...
၀မ်လင်းသည် အရသာရှိသောအစားအစာများကို စားပွဲအပြည့်ပြင်ဆင်ထားပြီး သူတို့အားစောင့်ဆိုင်းနေခဲ့သည်။
"ဒီနေ့ဟင်းပွဲတွေစုံလှချည်လား...လူအိုကြီး၀မ်...မင်းဘယ်တုံးကအဲလောက်သဘောကောင်းသွားရတာလဲ...ဒီဟင်းပွဲတွေပြင်ဆင်ဖို့ မင်းတော်တော်ကုန်ကျခဲ့မှာပဲ..."
လီယွမ်က အံ့ဩတကြီးပြောလိုက်သည်။
"ငါကသေခါနီးအရွယ်တောင်ရောက်နေပြီ...ပိုက်ဆံတွေအများကြီးသိမ်းထားတော့ ဘာကောင်းမှာမလို့လဲ..."
၀မ်လင်းက ပြုံး၍ပြောလိုက်သည်။
"စိတ်ပျက်စရာ စကားတွေမပြောစမ်းပါနဲ့..."
လီယွမ်က လူအိုကြီး၀မ်အားနှစ်သိမ့်ပေးလိုက်သည်။သူသည် စားပွဲတွင်နေရာယူပြီးသည်နှင့် ကလေးမလေးက ကြက်ခြေထောက်တစ်ချောင်းကိုဆွဲယူကာ သူ၏ပန်းကန်ထဲထည့်ပေးလိုက်သည်။
"အစ်ကိုယွမ်...စားပါ..."
ထိုအခိုက်အတန့်တွင် ၀မ်ကျောက်ကျောက်၏မျက်နှာသည်နီရဲနေကော သူမ၏လေသံကလည်း ခြင်တစ်ကောင်ကဲ့သို့ တိုးလျနေခဲ့သည်။
လီယွမ်...
"လူအိုကြီး၀မ်...မင်းသူ့ကိုဒီလိုလုပ်ဖို့ သင်ပေးထားတာလား..."
ရှောင်ကျောက်၏ပုံစံသည် လွန်စွာအရှက်သည်းလှပြီး ယခုလိုတက်ကြွမနေသင့်ပေ။သူမကို ယခုလိုလုပ်ဆောင်ပေးစေရန် ၀မ်လင်းကနောက်ကွယ်မှ လှုံဆော်ပေးနေခြင်းဖြစ်ကြောင်း လီယွမ်ရိပ်စားမိပေသည်။
"ငါကိုယ်တိုင် ရှောင်ကျောက်ကိုဂူကောင်သန့်စင်ခြင်းဆိုင်ရာ ဗဟုသုတတွေသင်ကြားပေးထားတယ်...သူမကိုယ်တိုင်ကလည်း ကောင်းကောင်းသင်ယူနိုင်ပြီး ဂူသခင်စမ်းသပ်မှုကိုအောင်မြင်လိမ့်မယ်..."
"အဲ့ဒါဆိုရင် သူမကို စန်းဂူမျှော်စင်မှာနေနိုင်ဖို့ ငါစီစဉ်ပေးလို့ရပြီ...နောင်လည်းသူမကိုအနီးကပ်ကြည့်ရှုပေးလို့ရပြီလေ..."
၀မ်လင်းက လီယွမ်ကိုကြည့်ကာ ပြုံးပြလိုက်သည်။
"လူအိုကြီး၀မ်က ဘာလို့ဒီနေ့စားသောက်ပွဲကို အကုန်အကျခံပြီး ခမ်းခမ်းနားနားလုပ်ဆောင်ပေးရတာလဲလို့ ငါအံ့ဩနေခဲ့တာ....အကြောင်းရင်းကဒီလိုကိုး..."
"စိတ်မပူပါနဲ့...မင်းဒီလိုမပြောလာရင်တောင်မှ မင်းကငါ့အဖိုးကိုသဂြိုလ်ဖို့ မင်းရဲ့ခေါင်းတလားကိုတောင် ထုတ်ပေးခဲ့တာဆိုတော့ ရှောင်ကျောက်ကို ငါ့ညီမလေးတစ်ယောက်လို ကောင်းကောင်းဂရုစိုက်ပေးသွားမှာပါ..."
လီယွမ်ကခေါင်းညိတ်၍ ပြောလိုက်သည်။
"လာလာ...ဟင်းတွေအေးကုန်မယ်...စားကြရအောင်..."
ထိုအချိန်မှသာ လူအိုကြီး၀မ်က စိတ်သက်သာရာရသွားခဲ့သည်။
လီယွမ်သည် ပါရမီရှင်တစ်ယောက်ဖြစ်ကာ အနာဂတ်တွင် ကြီးကျယ်သောအောင်မြင်မှုများကို ရရှိလိမ့်မည်ဟု သူသိထားပေသည်။
ငါ့မြေးမလေးကို သူစောင့်ရှောက်ပေးမယ်ဆိုတာ ကောင်းချီးတစ်ခုပဲ...
…
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်အချိန်၅ရက်ကုန်ဆုံးသွားခဲ့သည်။
လီယွမ်သည် အပေါ်ထပ်မှလူ၏လှုပ်ရှားမှုများကို ခိုးနားထောင်ရန်အတွက် ကင်းထောက်ဂူကောင်ကို မကြာခဏအသုံးပြုခဲ့သည်။သို့သော်လည်း သူသည် အသက်ရှိနေသောလူတစ်ယောက်၏လှုပ်ရှားမှုကို မည်သည့်အခါမှသတိမထားမိခဲ့ပေ။
ပုရှီခန်းမမှစေလွှတ်လိုက်သော တပည့်များသည်ပင် အပေါ်ထပ်မှလူအား တစ်ခါမှမတွေ့ဖူးကြပေ။
ဂူကောင်ယူဆောင်ရန် ရောက်ရှိလာသောတပည့်များသည် အပေါ်ထပ်ရှိခန်းမတွင်း၌ လူအရိပ်အယောင်ကိုမတွေ့ရဘဲ တစ်ခန်းလုံးပင့်ကူမျှင်များဖြင့် ရှုပ်ပွနေသည့်အတွက် ၀မ်လင်းကိုပင် ထိုကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။
ထိုသို့သောအဖြစ်အပျက်များကြောင့် ထိုလူသည် လွန်ခဲ့သောနှစ်များကပင် သေဆုံးသွားပြီဖြစ်ကြောင်း လီယွမ်ခံစားလာရသည်။
မိမိ၏ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ဂူကောင်တစ်ကောင်အား ပြုစုပျိုးထောင်ရခြင်းသည် လွယ်ကူနေခြင်းမရှိပေ။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း မိမိ၏ခန္ဓာကိုယ်အား အဆိပ်ရှိဂူကောင်များက လုံးလုံးတိုက်စားသွားနိုင်ပေသည်။
ယနေ့သည် ဆွေမျိုးများအတွက် အလည်အပတ်ကုန်ဆုံးရက်ဖြစ်သည်။၀မ်ကျောက်ကျောက်သည် စန်းဂူမျှော်စင်၌နေထိုင်နိုင်ခြင်းမရှိတော့ဘဲ ထွက်ခွာရတော့မည်ဖြစ်သည်။
၀မ်လင်းသည် စိုးရိမ်ပူပန်မှုကိုမဖုံးကွယ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
"အဘိုးစိတ်မပူပါနဲ့...အဆင်ပြေသွားမှာပါ...ငါလုံး၀စစ်ဆေးမှုကိုအောင်မြင်ရမယ်..."
၀မ်ကျောက်ကျောက်သည် သူ၏လက်များတုန်ခါနေသည်ထိ ကြောက်ရွှံနေသော်လည်း လူအိုကြီး၀မ်ကို အားတင်း၍နှစ်သိမ့်ပေးနေဆဲဖြစ်သည်။
"အခြေအနေဘယ်လိုလဲ ရှောင်ကျောက်...မင်းအတွက်အဆင်မပြေဘူးဆိုရင် အပြင်မှာနေထိုင်ဖို့အတွက် အဘိုးကိုယ်တိုင်ဒီထက်ကောင်းတဲ့နေရာရှာပေးမယ်"
၀မ်လင်းက သူ၏မြေးမလေးကို ဖျောင်းဖျလိုက်သည်။
"အဘိုး...ငါလည်းဂူသခင်တစ်ယောက်ဖြစ်ချင်တယ်..."
၀မ်ကျောက်ကျောက်၏ မျက်လုံးများ၌ စိတ်ပိုင်းဖြတ်ထားမှုကို အတိုင်းသားတွေ့မြင်နေရသည်။
အထူးသဖြင့် သူမ၏ရှေ့မှလီယွမ်သည် ဂူသခင်စမ်းသပ်မှုကိုအောင်မြင်ကာ ဂူအသိုက်အမြုံ၏ န၀မနန်းတော်၌ပါ၀င်ရန် အခွင့်အရေးရှိနေခြင်းက သူမအားဂူသခင်ဖြစ်လာရန် ပိုမိုစိတ်အားထက်သန်စေခဲ့သည်။
"ကောင်းပြီလေ..."
သူ၏မြေးမလေးသည် ကျိုးကုန်းတောင်တန်း၌ အလှည့်အပြောင်းကိုကြုံတွေ့ခဲ့ရပြီးနောက် သာမန်ဘ၀သို့ပြန်မသွားနိုင်တော့ကြောင်း ၀မ်လင်းလက်ခံလိုက်ရပြီဖြစ်သည်။
ဤနေရာသည် နတ်ဘုရားဘုံကဲ့သို့ အေးချမ်းသာယာပေသည်။သူခိုးဓားပြများသည် ဤနေရာသို့မလာဝံ့ကြဘဲ နတ်ဆိုးများကလည်း မလာဝံ့ကြပေ။ဤနေရာသည် ပြင်ပကမ္ဘာနှင့်ယှဉ်ပါက သုခဘုံသဖွယ်ဖြစ်ပေသည်။
"လီယွမ်...ငါရှောက်ကျောက်နဲ့အတူလိုက်သွားပြီး စမ်းသပ်မှုပြုလုပ်တဲ့နေရာမှာ ရင်အနည်းငယ်လောက်နေဖို့စီစဉ်ထားတယ်...ရှောင်ကျောက်ရဲ့အကဲဖြတ်မှုပြီးမှ ငါတို့အတူတူပြန်လာခဲ့မယ်"
"ကောင်းပြီ...ညီမလေးရှောင်ကျောက် စမ်းသပ်မှုကိုအောင်မြင်ပြီး ပျော်ပျော်ရွှင်ရွှင်ပြန်လာနိုင်ပါစေ"
လီယွမ်ကခေါင်းညိတ်ကာ ဆုတောင်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်...အစ်ကိုကြီးယွမ်..."
၀မ်ကျောက်ကျောက်က ဦးညွတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ထို့နောက် မြေးအဘိုးနှစ်ယောက်လုံးသည် လီယွမ်၏အကြည့်အောက်၌ပင် ဝါးရုံတောလမ်း၏အဆုံး၌ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
"လူအိုကြီး၀မ်က တော်တော်ခါးကုန်းနေပြီဘဲ...ရှောင်ကျောက်ကတောင် သူ့ထက်အရပ်မြင့်လာပြီ"
…
ညအမှောင်ထုက ဖြည်းညှင်းစွာရောက်ရှိလာခဲ့သည်။
စန်းဂူမျှော်စင်၌ တနေ့တာလုပ်ငန်းစဉ်ပြီးဆုံးသောအခါ လီယွမ်သည် သူ၏အိပ်ဆောင်သို့ပြန်၍ အနားယူခဲ့သည်။
လီယွမ်က သူ၏ကိုယ်ပိုင်အချက်အလက်များကို စစ်ဆေးလိုက်သည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - တတိယအဆင့် ၂၁/၃၀၀)
(အဆင့် - တတိယအဆင့်ဂူသခင်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်)
(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်၊သွေးဆာသောခြင်ဂူကောင်၊အဆိပ်ရှိအနံ့ပြင်းဂူကောင်၊လေလိပ်ပြာဂူကောင်...)
"စတုတ္ထအဆင့်ကိုရောက်ဖို့ အနည်းဆုံးအချိန်တစ်နှစ်ယူရလိမ့်မယ်...ငါ့ရဲ့တိုးတက်မှုကနှေးကွေးပေမဲ့ သေချာတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတာပဲ..."
လီယွမ်သည် မငြိမ်မသက်ဖြစ်နေသော လောကြီးတွင် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် ကြီးမားသည့်အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ထားပြီဖြစ်သည်။
"ရှောင်ကျောက်ရဲ့အကဲဖြတ်စမ်းသပ်မှုက ဘယ်လိုနေမလဲ...ရှောင်ကျောက်အောင်မြင်ဖို့ ငါမျှော်လင့်တယ်"
"အနည်းဆုံးတော့ ငါနဲ့အတူစကားစမြည်ပြောပြီး ငါ့ရဲ့ပျင်းရိငြီးငွေ့မှုတွေကို ပြေပျောက်စေနိုင်တာပဲ..."
လီယွမ်တစ်ယောက် အတွေးများနှင့်အတူ အိပ်မောကျသွားခဲ့သည်။
…
ညဉ့်နက်သန်းခေါင်ယံ၌...
သူ့စိတ်ထဲတွင် စူးရှသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည့်အတွက်ကြောင့် လီယွမ်တစ်ယောက် ရုတ်တရက်လန့်နိုးလာခဲ့သည်။
"တစ်ယောက်ယောက်ရောက်လာတာလား..."
ယခုအခါတွင် စန်းဂူမျှော်စင်တစ်ခုလုံးအား လီယွမ်၏ကိုယ်ပိုင် ကင်းထောက်ဂူကောင်များက ဖြန့်ချထားပြီးဖြစ်သည်။ဤနေရာတွင် မည်သည့်အသေးအမွှားလှုပ်ရှားမှုမျိုးမှမဆို သူ၏မြင်ကွင်းမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။
"မျက်လုံးတွေဖွင့်လိုက်ကြ..."
လီယွမ်က စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးလိုက်သည်။လီယွမ်၏အမိန့်အောက်တွင် ကင်းထောက်ဂူကောင်များသည် ၎င်းတို့၏မျက်နှာ၌ပြည့်ကျပ်နေဿာ မျက်လုံးများစွာကိုဖွင့်လှစ်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် လီယွမ်၏စိတ်အာရုံ၌ မြင်ကွင်းတစ်ခုဖြစ်တည်လာခဲ့သည်။
အနက်ရောင်၀တ်စုံ၀တ်လူတစ်ယောက်သည် စန်းဂူမျှော်စင်၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ထို့နောက်တွင် ကျိုးကုန်းဂူအသိုက်၏အကြီးအကဲများ ကန့်သတ်ထားသောတံခါးနားသို့ချည်းကပ်၍ သော့ဖြင့်အလွယ်တကူဖွင့်လိုက်သည်။
"အဲ့ဒါသူခိုးတစ်ယောက်လား..."
လူအိုကြီး၀မ်၏အဆိုအရ တံခါးဖွင့်ရန်သော့မရှိလျှင် ကန့်သတ်ချက်များအပြည့်ရှိနေသော စန်းဂူမျှော်စင်၏တံခါးကိုဖွင့်လှစ်ရန်အတွက် ပဉ္စမအဆင့်ဂူသခင်ဖြစ်ရန် လိုအပ်ပေသည်။
ယခုရောက်ရှိလာသူသည် အဆင့်၅ဂူသခင်တစ်ယောက်မဟုတ်သည့်အတွက် သော့ကိုင်ဆောင်ထားသော အတွင်းလူဖြစ်ကြောင်း သိသာပေသည်။
"အပေါ်ထပ်က လူကိုလာရှာတာလား..."
လီယွမ်က ခန့်မှန်းလိုက်သည်။
သူသည် စွင်းမန်အား တိတ်တဆိတ်သတ်ဖြတ်မှုကြောင့် ထိုသတ်ဖြတ်မှုအား အပေါ်ထပ်မှလူကိုအပြစ်ပုံချထားခဲ့သည်။သို့ဖြစ်ရာ တစ်စုံတစ်ယောက်က လာရောက်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
"လူအိုကြီး၀မ်ပြောသလိုသာဆိုရင် ဒီအနက်ရောင်၀တ်စုံ၀တ်လူကို မဟာဂူသခင်ဟွမ်ဖူနန်က စေလွှတ်လိုက်တာပဲဖြစ်ရမယ်"
လီယွမ်က သူ့ကိုတားရန်စိတ်ကူးမရှိပေ။ထိုအရာသည် သူ့အတွက်ကောင်းမွန်သောအရာပင်ဖြစ်သည်။အပေါ်ထပ်၌ရှိနေသောလူ၏ ခွန်အားဖြစ်စေ ထိုလူအသက်ရှင်နေသေးသည်လား သေဆုံးသွားပြီလားမသိရသေးသည်ဖြစ်စေ ထိုလူနှင့်ပတ်သက်သည့်အရာရာတိုင်းက သူ့အားစိတ်မသက်မသာဖြစ်စေခဲ့သည်။
ထို့ပြင် သူကိုယ်တိုင်က စတုတ္ထထပ်နှင့်ပဉ္စမထပ်သို့ သွားရောက်လိုခဲ့သည်။
သိပ်မကြာခင် အနက်ရောင်၀တ်စုံ၀တ်လူသည် စန်းဂူမျှော်စင်ရှိရာသို့ ရောက်ရှိလာခဲ့တော့သည်။
"မျက်လုံးတွေဖွင့်ကြ..."
ချက်ချင်းဆိုသလိုပင် လီယွမ်၏အမိန့်အောက်၌ စန်းဂူမျှော်စင်ထဲ၌ရှိနေသော ကင်းထောက်ဂူကောင်များ၏ မျက်လုံးများပွင့်ဟလာခဲ့သည်။
မျက်လုံးဖွင့်ခြင်းနည်းစနစ်က တစ်ခါသုံးနည်းစနစ်တစ်ခုပင်ဖြစ်သည်။ကင်းထောက်ဂူကောင်များသည် ၎င်းကိုအသုံးပြုလိုက်သည့်အခါတိုင်းတွင် သေဆုံးသွားရမည်ဖြစ်သည်။ထို့ပြင် သာမန်ဂူသခင်များသည်လည်း စိတ်ဝိညာဉ်ထိခိုက်စေသောကြောင့် အချိန်တိုအတွင်း အလွန်အကျွံအသုံးမပြုရဲကြပေ။လီယွမ်သည်သာ ခြွင်းချက်တစ်ခုဖြစ်သည်။
အနက်ရောင်၀တ်စုံ၀တ်လူက မရေမတွက်နိုင်သောမျက်လုံးများသည် သူ့အားတိတ်တဆိတ်စိုက်ကြည့်နေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။
လီယွမ်မျှော်လင့်ထားသည့်အတိုင်း အနက်ရောင်၀တ်စုံ၀တ်လူသည် နဂိုကပင်ညွန်ကြားချက်ရရှိထားသကဲ့သို့ စတုတ္ထထပ်သို့ တန်းတန်းမတ်မတ်တက်ရောက်သွားခဲ့သည်။သို့သော်သူသည် တံခါးရှေ့တွင်အချိန်အတော်ကြာတုံ့ဆိုင်းနေခဲ့ကာ တံခါးကိုမဖွင့်ရဲခဲ့ပေ။
"မြန်မြန်၀င်စမ်းပါ..."
လီယွမ်က စိုးရိမ်ပူပန်စွာဖြင့် ရေရွတ်လိုက်မိသည်။
လက်ရှိအချိန်တွင် သူသည်၀တ်စုံနက်အား ထိန်းချုပ်နိုင်ရန် ဆန္ဒရှိနေခဲ့သည်။
နာရီ၀က်ခန့်ကြာပြီးနောက်တွင် အချိန်အတော်ကြာတုံ့ဆိုင်းနေခဲ့သော ၀တ်စုံနက်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ စတုတ္ထထပ်ရှိတံခါးကို တွန်းဖွင့်ရန်အတွက် လက်ကိုရှေ့ထုတ်လိုက်သည်။
ထို့နောက် ၀တ်စုံနက်သည် ခြေတစ်လှမ်းချင်းစီကို ဂရုစိုက်၍ အရှေ့သို့တိုး၀င်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ကြီးမားသောအရာတစ်ခုက ရှေ့သို့လှမ်းဟပ်လိုက်ရာ ၀တ်စုံနက်သည် အော်ဟစ်ရန်ပင်အချိန်မရလိုက်ပေ။သူသည် တတိယမြောက်ခြေလှမ်းကိုပင် တစ်၀က်ခန့်သာရှေ့လှမ်းလိုက်ရပေသည်။
"အဲ့ဒါဘာကြီးလဲ...မြွေလား...စပါးအုံးလား..."
လီယွမ်၏နောက်ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွဲသွားခဲ့သည်။
"ငါအပေါ်ကိုမတက်မိလိုက်တာ ကံကောင်းတာပဲ...မဟုတ်ရင် ၀တ်စုံနက်နေရာမှာငါဖြစ်နေလိမ့်မယ်...ကျေးဇူးပဲအစ်ကိုကြီး မင်းကလူကောင်းတစ်ယောက်ပဲ"
လီယွမ်သည် ၀တ်စုံနက်အတွက် ၃စက္ကန့်ခန့်ငြိမ်သက်ပေးလိုက်ပြီးနောက် အပေါ်ထပ်သို့တက်ရောက်စူးစမ်းမည့်စိတ်ကူးအား လုံး၀လက်လျော့လိုက်တော့သည်။
ထိုသို့သောအခြေအနေတွင် သူ့ထံ၌ရှင်သန်ထမြောက်ခြင်းဂူကောင်ရှိနေမည်ဆိုလျှင်တောင်မှ အပေါ်ထပ်မှအရာ၏လက်ချက်ကြောင့် သေဆုံးရမည်သာဖြစ်သည်။
…
တစ်ချိန်တည်း၌...
တောင်ထပ်ပေါ်တွင် မဟာဂူသခင်ဟွမ်ဖူနန်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ရေရွတ်လိုက်သည်။
"မင်းကခုထိမသေသေးပေမဲ့...ရူးသွပ်သွားခဲ့ပြီ"
လွန်ခဲ့တဲ့၁၀နှစ်ကတော့ မင်းဟာ ကျိုးကုန်းဂူအသိုက်ရဲ့ပြိုင်စံရှားပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အတွင်းစည်းကို၀င်ရောက်ခွင့်ရထားခဲ့တယ်...ဒါပေမဲ့ မင်းရဲ့ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်ကြောင့် တစ်စုံတစ်ယောက်ကိုအပြစ်ပြုမိပြီး ဖယ်ရှားခံခဲ့ရတယ်...မင်းကအဲ့လူကိုဘယ်လိုကြိုးစားကြိုးစားယှဉ်နိုင်မှာမဟုတ်ဘူး...
"ခုတော့ မင်းကရူးသွပ်သွားပုံရတယ်..."
ထိုအရာသည် အလောင်းကောင်ကိုကိုက်စားနေချိန်တွင် ဟွမ်ဖူနန်ကမှုန်ဝါးသောပုံရိပ်ကို တွေ့မြင်လိုက်ရသည်။
သူ၏ရူးသွပ်နေသောစီနီယာအစ်ကိုသည် မြွေတစ်ကောင်လို ဖြစ်သွားပုံရပေသည်။
…