အဖိုးတန်သွေးမျက်လုံးဂူ
Vol. 1 Ch. 13
"န၀မနန်းတော်ကနေ ဂူနန်း၁၂ခုကိုနှင်ထုတ်ခံရပြီးတဲ့နောက်မှာ မင်းကိုယ်မင်းမချုပ်တည်းနိုင်ရုံမှမက ပိုပိုဆိုးလာခဲ့တယ်..."
"မင်းကလူလည်းမဟုတ်၊ယောကျာ်းလည်းမဟုတ်၊မိန်းမလည်းမဟုတ်၊ထူးဆန်းတဲ့သတ္တဝါတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တာပဲ..."
ဟွမ်ဖူနန်က တိုးညှင်းသောလေသံဖြင့် ရေရွတ်လိုက်သည်။
ထိုအရူးကိုယ်တိုင်က အောင်မြင်တော့မည်ဟု သူခံစားမိခဲ့သည့်အချိန်တိုင်းလည်း ရှိပေသည်။
ထိုအရာသည် တစ်ဖက်လူ၏အခွင့်အရေးဖြစ်သလို သူကိုယ်တိုင်၏အခွင့်အရေးလည်းဖြစ်ပေသည်။
"တကယ်လို့ ငါသာသူ့ရဲ့အသက်ဂူကောင်ကို ဝါးမြိုနိုင်ခဲ့မယ်ဆိုရင် ငါကအဆင့်၆မဟာဂူသခင်အဖြစ်ကိုတက်လှမ်းနိုင်ဖို့အခွင့်အရေးရလိမ့်မယ်...ဒါကငါ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တယ်"
…
ထိုနေရာတွင် သဲလွန်စတစ်ခုပင် မကျန်ခဲ့ပေ။လီယွမ်ကလည်း မည်သည့်အရာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့သည်။
ဆယ်ရက်ခန့်ကြာပြီးနောက်...
လူအိုကြီး၀မ်ပြန်ရောက်လာပြီး ရှောင်ကျောက်ကလည်း သူနှင့်အတူပြန်လိုက်လာခဲ့သည်။
လွန်ခဲ့သော၁၀ရက်ကနှင့် မတူသောကွာခြားချက်မှာ ရှောင်ကျောက်၏မျက်လုံးများကို အနက်ရောင်ပိတ်စဖြင့် ဖုံးအုပ်ထားခြင်းပင်ဖြစ်သည်။
"ရှောင်ကျောက် ဘာဖြစ်လာတာလဲ..."
လီယွမ်က မေးမြန်းလိုက်သည်။
"ကောင်းတာလား...ဆိုးတာလားတော့မသိဘူး...ရှောင်ကျောက်က ဂူသခင်စမ်းသပ်မှုကိုဖြေဆိုနေတုံး သူမဟာမျက်စိကွယ်သွားခဲ့တယ်...အဲ့ဒီအချိန်သွေးဂူကောင်က သူမရဲ့မျက်လုံးတွေနဲ့မတော်တဆပေါင်းစပ်မိသွားပြီးတော့ အဖိုးတန်တဲ့သွေးမျက်လုံးဂူကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တယ်လေ"
၀မ်လင်းက သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"သွေးမျက်လုံးဂူကောင်..."
လီယွမ်က အံ့ဩသွားခဲ့သည်။
ကမ္ဘာပေါ်၌ ထူးခြားဆန်းကြယ်သောဂူကောင်၃၃ကောင်ရှိပြီး ထိုဂူကောင်အများစုကို ပြုစုပျိုးထောင်နိုင်သော နည်းလမ်းများမှာ ပျောက်ကွယ်နေခဲ့ပြီဖြစ်သည်။
ထိုသို့သောအချိန်မျိုးတွင် လက်ရှိဘ၀၌ ကြီးမားသောကောင်းချီးကိုရရှိထားသူမှသာ ဂူသခင်၏ပင်မဂူကောင်ကို ထူးခြားဆန်းကြယ်သောဂူကောင်နှင့်အစားထိုးနိုင်မည်ဖြစ်သော်လည်း ခြွင်းချက်များလည်းရှိပေသည်။
သွေးမျက်လုံးဂူကောင်သည် ထိုခြွင်းချက်များအနက်တစ်ခုဖြစ်သည်။
"အမှန်ပဲ...သွေးမျက်လုံးဂူကောင်ကို သန့်စင်ဖို့အတွက် ထူးခြားတဲ့အခြေအနေအချို့ရှိနေဖို့လိုအပ်တယ်...အဓိကအချက်ကတော့ ဂူသခင်ကမျက်စိကွယ်နေရမယ်"
"သွေးမျက်လုံးဂူကောင်ဟာ အခြားဂူသခင်တွေရဲ့စွမ်းအားကို ခဏလောက်ကူးယူအသုံးပြုနိုင်ဖို့ ကိုယ်ပိုင်သွေးကိုအသုံးပြုနိုင်တယ်...ရှောင်ကျောက်မှာသာ လုံလောက်တဲ့စွမ်းအားရှိနေရင် ပြဿနာဖြစ်မှာမဟုတ်ဘူး...ဒါပေမဲ့သူမက အတွေ့အကြုံမရှိတဲ့အပြင် ဒီဂူသခင်လောကနဲ့မရင်းနှီးသေးဘူးလေ...သွေးမျက်လုံးဂူကောင်ရဲ့စွမ်းအားတွေကို သူမကျွမ်းကျင်ခင် ဒုက္ခရောက်နိုင်ခြေများတယ်..."
၀မ်လင်းက သက်ပြင်းချလိုက်ပြီး စိုးရိမ်ပူပန်နေသောလေသံဖြင့် ရေရွတ်လိုက်သည်။
လီယွမ်က မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
"ရှောင်ကျောက်ရဲ့ အဖိုးတန်ဂူကောင်အကြောင်း ဂူအသိုက်ကိုတင်ပြပြီးသွားပြီလား..."
"အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူး...ဒီကိစ္စမှာ တချို့လူတွေက အရမ်းကြီးလောဘကြီးမလာပါစေနဲ့လို့ပဲ ငါမျှော်လင့်ပါတယ်"
၀မ်လင်းက ခေါင်းညိတ်ပြလိုက်သည်။
ပြင်ပလောကနှင့်ယှဉ်ပါက ဤနေရာသည်မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။သို့ရာတွင် မြင့်မြတ်မြေသည် အမြဲတမ်းလိုလိုငြိမ်းချမ်းနေခြင်းမရှိပေ။ရံဖန်ရံခါဆိုသလို လှိုင်းလုံးများရှိနေတတ်ပေသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမ၌ ဖြစ်ပျက်ခဲ့သောအရာများနှင့် စန်းဂူမျှော်စင်သို့ခိုး၀င်လာသော လျှို့ဝှက်ဆန်းကြယ်သော၀တ်စုံနက်၏ သေဆုံးမှုတို့က ဤလောကကြီး၏အလုပ်လုပ်ပုံအား လီယွမ်ကိုနားလည်သဘောပေါက်သွားစေခဲ့သည်။
လူအိုကြီး၀မ်ပြောသကဲ့သို့ လူများရှိနေသောနေရာ၌ ယခုလိုဖြစ်ရပ်မျိုး မကြာခဏမြင်တွေ့နေရပေလိမ့်မည်။
"အဘိုး...ကျောက်အာအဆင်ပြေပါတယ်..."
၀မ်ကျောက်ကျောက်၏မျက်နှာသည် ဖြူဖျော့နေကော သူ၏မျက်လုံးများအား အနက်ရောင်ပိတ်စဖြင့် ဖုံးအုပ်ထားပေသည်။သို့သော် သူမ၏မျက်နှာပေါ်၌ ဖျော့တော့သောအပြုံးတစ်ခုဖြစ်ပေါ်လာကာ လူအိုကြီး၀မ်အားနှစ်သိမ့်ပေးခဲ့သည်။
"ခုဆိုရင် ငါကဂူသခင်တစ်ယောက်ဖြစ်နေပြီလေ...နောက်ကျရင် ငါကအစ်ကိုကြီးယွမ်ဆီကနေ ကောင်းကောင်းသင်ယူရမယ်...ပြီးရင်ငါ့ကိုယ်ငါကာကွယ်နိုင်ပြီး အဘိုးကကျောက်အာအတွက် ဂုဏ်ယူနေရလိမ့်မယ်"
"မင်းလုပ်နိုင်မှာပါ..."
လီယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။
လူအိုကြီး၀မ်သည် ၀မ်ကျောက်ကျောက်၏ရှေ့တွင် သူ့အကြောင်းကို မကြာခဏကြွားဝါပြောဆိုတတ်သည့်အတွက်ကြောင့် သူနှင့်ယခုမှစတွေ့ဖူးသောမိန်းကလေးသည် သူ့အားစံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့ပေသည်။
လီယွမ်သည် ညဘက်၌ စန်းဂူမျှော်စင်သို့ ခိုး၀င်လာသော၀တ်စုံနက်၏အကြောင်းကို လူအိုကြီး၀မ်အား မပြောခဲ့ပေ။
ဤကိစ္စသည် လူအိုကြီး၀မ်ဖြေရှင်းနိုင်သော အရာမဟုတ်တော့ပေ။
ထိုအခိုက်အတန့်တွင် လီယွမ်၏နှလုံးသားထဲ၌ သတိပေးခေါင်းလောင်းသံက ဆူညံနေခဲ့သည်။
စန်းဂူမျှော်စင်သို့ ၀တ်စုံနက်များကိုခိုး၀င်ခိုင်းသော နောက်ကွယ်မှအမိန့်ပေးသူသည် လွယ်လွယ်နှင့်အရှုံးပေးမည်မဟုတ်ပေ။ထိုလူသည် နောက်တစ်ကြိမ်လှုပ်ရှားလာနိုင်ပေသည်။
…
ဆောင်းရာသီကုန်ဆုံးခါနီးလာလေလေ နွေဦးကချည်းကပ်လာလေဖြစ်သည်။
နှစ်၀က်ခန့်အချိန်က တိတ်တဆိတ်ကုန်ဆုံးသွားခဲ့ရသည်။
ထိုကာလအတောအတွင်း ၀တ်စုံနက်များသည် စန်းဂူမျှော်စင်၏အပေါ်ထပ်ရှိရာသို့ ၆ကြိမ်တိုင်တိုင်လာရောက်ခဲ့သည်။
လီယွမ်သည် ကင်းထောက်ဂူကောင်များ၏အကူအညီဖြင့် သေချာဂရုစိုက်ကြည့်ရှုနိုင်ခဲ့သည်။
၀တ်စုံနက်များအား မျိုချလိုက်သောအရာသည် စပါးအုံးမြွေတစ်ကောင်ဖြစ်သော်လည်း လူတစ်ယောက်၏ဦးခေါင်းပါရှိနေ၍ လူသားမဟုတ်သားရဲလည်းမဟုတ်သော သတ္တဝါတစ်ကောင်အဖြစ် သတ်မှတ်နိုင်ပေသည်။
ထိုအကြောင်းကိုသိသိချင်း လီယွမ်ကအလွန်ထိတ်လန့်သွားခဲ့သည်။ထိုလူသည် သူ့ကိုယ်သူဂူတစ်ကောင်လို ပြောင်းလဲလိုက်သည်လား။
လီယွမ်သည် ရူးသွပ်သောလုပ်ရပ်များကို မလုပ်ဆောင်ဘဲ အခွင့်အရေးကိုသာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
၀တ်စုံနက်များ၏နောက်ကွယ်မှ အမိန့်ပေးသူသည် အပေါ်ထပ်မှလူမည်မျှအစွမ်းထက်ကြောင်း သိမြင်ထားပေသည်။သို့သော်လည်း သူတို့နှစ်ယောက်၏စွမ်းအားညီမျှနေ၍ အပေါ်ထပ်မှလူအား ဆက်လက်စမ်းသပ်နေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ လီယွမ်က စိတ်သက်သာရာရသွားခဲ့သည်။
"အစ်ကိုကြီးယွမ်...ထမင်းစားချိန်ရောက်ပြီ..."
ထိုအချိန်တွင် အောက်ထပ်မှနေ၍ အသံချိုချိုလေးထွက်ပေါ်လာခဲ့သည်။
"ငါလာပြီဟေ့..."
လီယွမ်သည် အသံပေးလိုက်ကာ အောက်ထပ်သို့ပြေးဆင်းသွားခဲ့သည်။
နှစ်၀က်ခန့်ကြာပြီးနောက် ၀မ်ကျောက်ကျောက်သည် သူမ၏သွေးမျက်လုံးဂူကောင်နှင့် တဖြည်းဖြည်းနေသားကျလာခဲ့သည်။သူမသည် သာမန်လူတစ်ယောက်မဟုတ်တော့ဘဲ ဂူသခင်တစ်ယောက်ဖြစ်လာခဲ့တော့သည်။
လူအိုကြီး၀မ်သည် စန်းဂူမျှော်စင်မှအနားယူကာ လုံး၀အငြိမ်းစားယူလိုက်တော့သည်။
လီယွမ်သည် စန်းဂူမျှော်စင်၏ကိစ္စအရပ်ရပ်ကို တာ၀န်ယူရပြီး ရှောင်ကျောက်က နေ့စဉ်လုပ်ငန်းဆောင်တာ၏ အသေးအဖွဲ့ကိစ္စရပ်များကို တာ၀န်ယူခဲ့သည်။
"အစ်ကိုယွမ်...မင်းကတော်တော်အလုပ်ကြိုးစားတာပဲ...အသီးအရွက်များများစားသင့်တယ်"
သူမတို့နှစ်ဦးကြား ရင်းနှီးမှုတိုးလာသည်နှင့် ရှောင်ကျောက်သည် ယခင်လိုရှက်ရွံ့ကြောက်လန့်နေခြင်းမရှိပေ။သူမသည် ဟင်းသီးဟင်းရွက်များကို တူဖြင့်ညှပ်ကာ စိတ်အားထက်သန်စွာဖြင့် လီယွမ်၏ပန်းကန်ထဲထည့်ပေးလိုက်သည်။ထို့နောက် လီယွမ်၏ဘေးနားရှိခွက်ထဲသို့ ဝိုင်အပြည့်ဖြည့်ပေးလိုက်သည်။
"တအားယဉ်ကျေးမနေပါနဲ့..."
လီယွမ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"အစ်ကိုကြီးယွမ်က ငါနဲ့အဘိုးကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ်...ငါတို့ကအစ်ကိုယွမ်အတွက် ဒီအရာလေးတွေနဲ့ပဲ ကျေးဇူးပြန်ဆပ်နိုင်တာပါ"
၀မ်ကျောက်ကျောက်သည် လီယွမ်အား အလွန်ပင်ကျေးဇူးတင်နေခဲ့သည်။
"မင်းနဲ့တွေ့ရတာ ဒီလူကြီးအတွက်တော့ တကယ့်ကောင်းချီးတစ်ခုပဲ..."
၀မ်လင်းက ထိုစကားကို ၀မ်းသာအားရပြောခဲ့ဖူးသည်။
လီယွမ်သည် ရှောင်ကျောက်အား သဘောကျနေသည်ဟု သူသံသယရှိနေခဲ့သည်။ရှောင်ကျောက်သည် နတ်ဆိုးယင်ချီများ၏ လွှမ်းမိုးမှုကိုခံရမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် လီယွမ်သည် ရှောင်ကျောက်ကို စန်းဂူမျှော်စင်၌အလုပ်လုပ်ရန် ခွင့်မပြုခဲ့ပေ။သူသည် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ခဲ့သည်။
လီယွမ်သည် ရိုးသားကာအလုပ်ကြိုးစားသော လူငယ်လေးဖြစ်သည်။သို့သော် တစ်ခါတရံခေါင်းမာတတ်ကာ ဒေါသကြီးတတ်ပြီး လူအများနှင့်ဆက်ဆံရာတွင် လိမ္မာပါးနပ်မှုမရှိလှပေ။
စားသောက်အပြီးတွင်...
လီယွမ်သည် စန်းဂူမျှော်စင်သို့ပြန်ရောက်လာခဲ့ကာ ဂူများကိုလာရောက်ယူဆောင်သော ပုရှီခန်းမ၏တပည့်များကို တွေ့ဆုံခဲ့သည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - တတိယအဆင့် ၁၉၉/၃၀၀)
(အဆင့် - တတိယအဆင့်ဂူသခင်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်ရှင်သန်ခြင်းဂူကောင်)
(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်၊သွေးဆာသောခြင်ဂူကောင်၊အဆိပ်ရှိအနံ့ပြင်းဂူကောင်၊လေလိပ်ပြာဂူကောင်...)
"စတုတ္ထအဆင့်ကိုရောက်ဖို့ ၃လကျော်ပဲလိုတော့တယ်...အချိန်တော်တော်ကုန်သွားပြီ...ဒါပေမဲ့ရှားပါးဂူကောင်တွေကိုမရသေးဘူး...ဒီဂူကောင်တွေကတော်တော်ရှားတာပဲ..."
လူအိုကြီး၀မ်သည် ရှောင်ကျောက်ကို အဘယ်ကြောင့် ဤမျှစိတ်ပူနေရသည်ကို လီယွမ်ကောင်းကောင်းနားလည်ပေသည်။ဂူသခင်တစ်ယောက်အတွက် အဖိုးတန်ဂူကောင်များက အလွန်ဆွဲဆောင်မှုအားပြင်းလှပေသည်။
"အစ်ကိုယွမ်...ဂူကောင်တွေကိုယူဆောင်ဖို့ ရောက်လာတာပါ..."
ထိုအချိန်တွင် အောက်ထပ်မှနေ၍ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"အထဲ၀င်ခဲ့..."
လီယွမ်သည် ကျိုးကုန်းဂူအသိုက်သို့ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါးရှိနေခဲ့ပြီဖြစ်သည်။နေ့စဉ်နေ့တိုင်း ဂူယူဆောင်ရန်လာရောက်သည့် တပည့်များသည်ပင် နှစ်ခါပြောင်းလဲသွားပြီဖြစ်ကာ သူကိုယ်တိုင်လည်း စီနီယာအစ်ကိုအဖြစ် ရာထူးတိုးခံခဲ့ရပြီဖြစ်သည်။
"စီနီယာအစ်ကို...မင်းကဂူကောင်တွေကိုပျိုးထောင်ဖို့ အလုပ်များနေတာထင်တယ်..."
လှပသောမိန်းကလေးတစ်ယောက်သည် ဂူကောင်ထည့်လာသည့် ပုလင်းများကိုကိုင်ဆောင်ထားပြီး လီယွမ်အားရံဖန်ရံခါခိုးကြည့်နေခဲ့သည်။
"အင်း..."
လီယွမ်က ထိုကောင်မလေးအား မသိကျိုးကျွံပြုကာ ရေရွတ်လိုက်သည်။
"စီနီယာအစ်ကို...ဒီနေ့ပုရှီခန်းမကနေပြီး အဆင့်၁အကြွင်းအကျန်ဂူ ၆၂၁ကောင်၊အဆင့်၂အကြွင်းအကျန်ဂူကောင် ၉၉ကောင်၊အဆင့်၃အကြွင်းအကျန်ဂူကောင် ၁၆ကောင်၊အဆင့်၄အကြွင်းအကျန်ဂူကောင်၃ကောင်နဲ့ အဆင့်၅အကြွင်းအကျန်ဂူကောင်၁ကောင်ကို လာရောက်ပို့ဆောင်ပါတယ်"
"ကျေးဇူးပြုပြီးတော့ စစ်ဆေးပေးပါ..."
ဂျူနီယာညီမလေး လင်းဝေဝေက ပုလင်းကို လီယွမ်၏ဘေးနားတွင် ချထားလိုက်သည်။
လီယွမ်သည် ပုလင်းများကို တခုပြီးတခုဖွင့်ကြည့်လိုက်ပြီးနောက် မှတ်တမ်းတင်စာလိပ်၌ မှန်ကန်ကြောင်း ရေးမှတ်ထားလိုက်သည်။
"ပထမ၃ခုကို ဒီမှာထားခဲ့လို့ရတယ်...အဆင့်၄နဲ့အဆင့်၅ဂူကောင်တွေကိုတော့ အပေါ်ထပ်ကိုပို့ပေးလိုက်ပါ..."
"ဟုတ်ကဲ့ စီနီယာအစ်ကို..."
လင်းဝေဝေက လီယွမ်အားတစ်ချက်ခိုးကြည့်၍ ပြောလိုက်သည်။
"စီနီယာအစ်ကို...မင်းပြုစုပျိုးထောင်ပြီး ပြန်ပို့ဆောင်လိုက်တဲ့ ဂူကောင်တွေဟာ အကောင်းဆုံးအရည်အသွေးမှာရှိတယ်...အဲ့ဂူကောင်တွေကို အကြွင်းအကျန်တွေကထုတ်ယူထားတယ်လို့ လုံး၀မထင်မှတ်ရဘူးလို့ ငါတို့ရဲ့ခန်းမသခင်က ခဏခဏချီးကျူးနေတယ်"
"ကျေးဇူးတင်ပါတယ်..."
လီယွမ်သည် မည်သည့်ထူးခြားသောအမူအရာကိုမှ မပြသခဲ့ပေ။သူသည် ဤဂျူနီယာညီမလေးအား စိတ်၀င်စားခြင်းမရှိပေ။သူသာ စိတ်အားထက်သန်သည့်အမူအရာပြသလိုက်ပါက ထိုကောင်မလေးထွက်သွားမည်မဟုတ်ဘဲ သူ၏အလုပ်ကိုနှောင့်နှေးစေနိုင်ပေသည်။
လီယွမ်သည် သူမ၏စကားကိုဂရုမစိုက်ကြောင်း တွေ့မြင်လိုက်ရ၍ ဂျူနီယာညီမလေးသည် သူမ၏နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ အပေါ်ထပ်သို့တက်သွားခဲ့သည်။
ထို့နောက်သူမသည် စတုတ္ထထပ်တံခါးကို ဂရုတစိုက်တွန်းဖွင့်ကာ ဂူပိုးကောင်များကို ထည့်သွင်းလိုက်သည်။
"အား...ကူညီကြပါ..."
ရုတ်ချည်းဆိုသလိုပင် မြွေတစ်ကောင်၏အမြီးက လင်းဝေဝေ၏လက်ကိုရစ်ပတ်သွားပြီး အထဲသို့ဆွဲခေါ်လိုက်၍ လင်းဝေဝေက ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အောက်ထပ်မှလီယွမ်၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
…