အနီရောင်ဧကရာဇ်နန်းတော်
Vol. 68 Ch. 674
ဝုန်း!! ဝုန်း!! ဝုန်း!!
လူငါးယောက်သည် ကောင်းကင်ပေါ်မှနေ၍ မြက်ခင်းပြင်ကျယ်ကြီးပေါ်သို့ ပြုတ်ကျလာ၏။
"အာယာ"
ညတစ္ဆေသည် သူမအပေါ်တွင် မှောက်လျက်သားရှိနေသော စုချန်းအား တွန်းထုတ်ရင်း ငြီးတွားလိုက်သည်။
"ဘယ်လိုဖြစ်လို့ ထွက်ပေါက်က လေပေါ်မှာ ဖြစ်နေရတာလဲ"
ပြောပြောဆိုဆို သူမက ထွက်ပေါက်ရှိရာသို့ မော့ကြည့်လိုက်၏။ ထွက်ပေါက်ကား သူမတို့အပေါ် ပေ၃၀ခန့်အကွာတွင် ပေါလောပေါ်နေပြီး တဖြည်းဖြည်း ပျောက်ကွယ်လျက်ရှိသည်။ ဤမျှသောအမြင့်မှာ ချီစွမ်းအားပညာရှင်များအတွက် ပြောပလောက်သည်မဟုတ်။ သို့သော် လေဟာနယ်အားဖြတ်သန်းရသောအချိန်တွင် မူလစွမ်းအင်များ ကစဥ့်ကလျားဖြစ်သွားတတ်သောကြောင့် သူမတို့အားလုံး အထက်ပါအတိုင်းး ဒလိန့်ကောက်ကွေးနှင့် ပြုတ်ကျလာကြခြင်းပင်။
ထိုအထဲတွင်မှ စုချန်းက ကံအကောင်းဆုံးသူ ဖြစ်နေပုံရသည်။ ညတစ္ဆေအပေါ်ကိုမှ ထပ်လျက်သား ပြုတ်ကျမိနေ၏။
စုချန်းကား ချက်ချင်းပင် ပြန်ထနိုင်စွမ်းရှိသော်လည်း သူ့အောက်မှ အိစက်ညက်ညောသော အထိအတွေ့ကြောင့် မထပဲ ဇိမ်ယူနေလိုက်သေး၏။ ယခုတော့ ညတစ္ဆေက သူ့အား တွန်းထုတ်လိုက်ပေပြီ။ ဘယ်လောက်ပင် ရိုးစင်းစေကာမူ ကိုယ့်ကိုယ်ကို ကာကွယ်ရကောင်းမှန်း ညတစ္ဆေ သိနေသေးသည်ပင်။
အသီးသီး သတိပြန်ဝင်လာပြီးနောက် သူတို့အားလုံး ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်ကြသည်။ သူတို့ပြုတ်ကျလာသည့်နေရာမှာကား မြက်ခင်းပြင်ကျယ်ကြီး ဖြစ်သည်။ အနီးတွင်တော့ စိမ်းလန်းစိုပြေသော သစ်ပင်များ၊ ရှားပါးဆေးဘက်ဝင်သစ်မြစ်သစ်ဖုများစွာ ပေါက်ရောက်နေသည့့် တောအုပ်ငယ် ရှိနေ၏။ တောအုပ်အတွင်းရှိ အပင်တိုင်းလိုလိုသည် တန်ဖိုးကြီးမားကြလေသည်။
ထိုမှခပ်လှမ်းလှမ်းတွင်တော့ နန်းတော်ကြီးတဆောင် ရှိနေ၏။
နန်းတော်ကြီးအား ရဲရဲနီသော ကျောက်တုံးများဖြင့် တည်ဆောက်ထားလေရာ သွေးများနှင့်လိမ်းကျံထားသကဲ့သို့ ထင်ရလေသည်။ နန်းတော်၏ အပေါ်တွင် နီရဲသောကျောက်တိုင်ကြီးသည် မိုးပေါ်သို့ ထောင်တက်လျက်ရှိသည်။ ခပ်လှမ်းလှမ်းမှကြည့်လျင် ၎င်းသည် ဓားကြီးတချောင်း မြေကြီးပေါ်တွင်စိုက်ထားငည်နှင့် တူလှပြီး ထူးခြားသော အရှ်ိန်အဝါတမျိုးကို ဖော်ဆောင်လျက်ရှိ၏။
"ဘယ်လိုနေရာကြီးလဲဟ"
ချီမင်းဖန်နှင့်ဟေးစုတို့နှစ်ယောက်လုံး တအံ့တသြနှင့် ရေရွတ်လိုက်ကြသည်။
စက္ကူဖြူအရုပ်က ပြန်ဖြေလိုက်သည်။
"ဒါ အနီရောင်ဧကရာဇ်နန်းတော်ပဲ"
"အနီရောင်ဧကရာဇ်နန်းတော် ဟုတ်လား"
လူတိုင်း နဝေတိမ်တောင် ဖြစ်နေ၏။
စုချန်းက ထပ်ပြောလိုက်သည်။
"အနီရောင်နှလုံးသားရဲ့နန်းတော်ပဲ ဆိုပါတော့"
"အနီရောင်နှလုံးသား ဟုတ်လား"
ထိုနာမည်ကို ကြားလိုက်သည်နှင့် ချီမင်းဖန် အကြီးအကျယ် မျက်နှာပျက်သွား၏။ ထို့နောက် သူက ကျယ်လောင်သောအသံနှင့် ထအော်လိုက်လေသည်။
"မင်းဆိုလိုတာ အနီရောင်နတ်ဆိုးဧကရာဇ်လား"
"ရှုး"
စုချန်းက တိုးတိုးနေရန် အချက်ပြလိုက်၏။
"တိုးတိုးလုပ်စမ်းပါ မအော်ပါနဲ့ဗျ"
"သေစမ်း မင်း ရူးများနေသလား ဘယ်လိုကြောင့် ကျုပ်တို့ကို ဒီနေရာကြီး ခေါ်လာရတာတုန်း မင်းခေါ်လာတာ နတ်ဆိုးဧကရာဇ်နေတဲ့နေရာနော်"
ချီမင်းဖန် အကြီးအကျယ် ဒေါသထွက်သွားပြီး စုချန်း၏ အင်္ကျီကော်လံအား ကိုင်ဆွဲရင်း ကြိမ်းမောင်းလိုက်သည်။
နတ်ဆိုးဧကရာဇ်!!!
၎င်းသည် မည်သို့သော ဖြစ်တည်မှုမျိုးပေနည်း။
နတ်ဆိုးဧကရာဇ်သားရဲများဟူသည် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်များနှင့် အဆင့်တူ၏။ အနှိုင်းမဲ့ဧကရာဇ်ဟူသောနာမည်သည် ဘယ်ကလာသနည်း။ ရှင်းပါသည်။ ထိုနယ်ပယ်အဆင့်ပညာရှင်သည် နတ်ဆိုးဧကရာဇ်သားရဲနှင့် ရင်ဆိုင်နိုင်ခြင်းကို အစွဲပြုပြီး ထိုနာမည်ကို ပေးထားခြင်းပင်။
မိုးပြာရောင်မြေခွေးနတ်ဆိုးအရှင်သခင်သားရဲနှင့် ရင်ဆိုင်စဥ်က လူသားများဘက်မှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် အယောက်၂၀ထိ အသုံးပြုခဲ့ရ၏။ နတ်ဆိုးဧကရာဇ်အဆင့်သားရဲကား မိုးပြာရောင်မြေခွေးထက် နှစ်ဆင့်ကျော် အဆင့်မြင့်၏။ ထိုသားရဲမျိုးသည် ချီမင်းဖန်လိုလူစားမျိုးအား အသက်တခါရှုစာအချိန်အတွင်း အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိပေသည်။
နတ်ဆိုးဧကရာဇ်အဆင့်သားရဲအား ရင်ဆိုင်ရန် အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ရာဂဏန်းခန့် လိုအပ်ပေလိမ့်မည်။
သို့တိုင်အောင် စုချန်းသည် နတ်ဆိုးဧကရာဇ်နန်းတော်ရှိရာသို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့၏။ ၎င်းမှာ မည်သို့သော လုပ်ရပ်ပေနည်း။ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းပင် မဟုတ်တုံလော။
"စိတ်မပူစမ်းပါနဲ့ဗျာ"
စုချန်းက စိတ်အေးလက်အေးရှိဟန် အမူအရာနှင့် နှစ်သိမ့်လိုက်သည်။
"အနီရောင်နှလုံးသား ခု ဒီမှာ မရှိဘူး"
"ဒီမှာမရှိဘူးဟုတ်လား ဘယ်ကိုသွားလို့တုန်း"
ချီမင်းင်းဖန်က လွှတ်ခနဲ မေးလိုက်သည်။ ပြီးမှ သူက ချက်ချင်း သဘောပေါက်လိုက်၏။
"သားရဲလှိုင်းကြောင့်ပေါ့ ဟုတ်လား"
"မှန်တယ်"
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"သားရဲလှိုင်းက သူ့ကြောင့် ဖြစ်လာတာလေဗျာ"
သားရဲလှိုင်းနိုးထလာခြင်းဟူသည် သားရဲများ စုဝေးလာရုံနှင့်မပြီး။ ပို၍ အဆင့်မြင့်သော သားရဲများက ၎င်းတို့အား ကွပ်ကဲပေးရန် လိုအပ်၏။ သာမာန်အားဖြင့် သားရဲလှိုင်းအသေးစားများအား နတ်ဆိုးအရှင်သခင်များ၊ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်အဆင့်သားရဲများက ကွပ်ကဲလေ့ရှိပြီး အကြီးအစားသားရဲလှိုင်းများကိုတော့ နတ်ဆိုးဧကရာဇ်သားရဲများကိုယ်တိုင် ကွပ်ကဲလေ့ရှိသည်။ အကြီးတကာ့အကြီးဆုံးဟုဆိုရမည့် သားရဲလှိုင်းများတွင်တော့ နတ်ဆိုးဧကရာဇ်သားရဲအများအပြား ပါဝင်လေ့ရှိလေသည်။
နောက်ဆုံးတော့ စုချန်းနှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ကြိုးပမ်းမှုသည် အတိုင်းအတာတခုထိ အရာထင်ခဲ့ဟန်ရှိ၏။ နတ်ဆိုးဧကရာဇ်အဆင့်သားရဲတကောင်ကိုယ်တိုင် ကွပ်ကဲသည့် သားရဲလှိုင်း ပေါ်ပေါက်လာသည်ကိုမြင်လျင် ၎င်းကို မြင်သာပေသည်။
အနီရောင်နှလုံးသားနတ်ဆိုးဧကရာဇ်ဟူသည်ကား နာမည်အားဖြင့် နူးညံ့ဟန်ရှိသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး အင်အားကြီးမားလှသည်။ ၎င်း၏ သက်တမ်းမှာ နှစ်ပေါင်း သုံးထောင်ကျော်သွားခဲ့ပြီဖြစ်သော်လည်း နတ်ဆိုးဧကရာဇ်သားရဲတကောင်အတွက်တော့ အတော်ပင် ငယ်ရွယ်သေးသည်ဟု ဆိုနိုင်ပေသည်။
ချီမင်းဖန်သည် လောင်စန်းနယ်စပ်တွင် နေထိုင်သူဖြစ်၍ အနီရောင်နှလုံးသားအကြောင်းကို ကောင်းကောင်းသိထား၏။ ထို့ကြောင့် အနီရောင်နှလုံးသားနန်းတော်သို့ သူတို့ရောက်လာမှန်း သိသွားသောအခါ သေးထွက်ကျမတတ် ကြောက်လန့့်သွားခြင်းပင်။
သို့တိုင်အောင် ချီမင်းင်းဖန်က အထွန့်တက်လိုက်၏။
"အနီရောင်နှလုံးသား မရှိရင်တောင် သူနေတဲ့နေရာက ဘာအကာအကွယ်မှ မရှိပဲ နေမတဲ့လား သူ့အကာအကွယ်ကို ဖောက်ဝင်နိုင်လောက်အောင်တော့ ကျုပ်တို့ မသန်မာဘူးလေ"
"ဒါ မှန်တယ် ဒါပေမဲ့ ကျုပ်မှာ ဒီအတွက် အစီအစဥ်ရှိပြီးသားပါ"
စကားဆုံးသည်နှင့် စုချန်းက သူ့ကိုယ်သူ ကျားတကောင်အဖြစ် ပုံပြောင်းလိုက်လေသည်။ ဟေးစုကလဲ စပါးကြီးမြွေတကောင်အဖြစ် ပြောင်းလဲလိုက်၏။
"မင်းတို့ကတော့ ဟုတ်တာပေါ့ ကျုပ်နဲ့ညတစ္ဆေကျတော့ ဘယ်လိုလုပ်မလဲ"
ချီမင်းင်းဖန် စိတ်ပူလာပြန်၏။ သူ အမှန်တကယ်လည်း ပုံမပြောင်းနိုင်ရှာ။
"စိတ်မပူစမ်းပါနဲ့လေ ကျုပ်တယောက်လုံး ဒီမှာ ရှိနေတဲ့ဟာကို"
ပြောပြောဆိုဆို စုချန်းက ဆေးပုလင်းငယ်နှစ်လုံးအား ချီမင်းဖန်တို့လက်ထဲသို့ ထည့်ပေးလိုက်၏။
ဟေးစု၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။
"ဒီလောက်ပေါပေါလောလောကြီးတော့ မလုပ်နဲ့လေဗျာ တော်ကြာ ကျုပ်တို့မျိုးနွယ်စုရဲ့ သီးခြားစွမ်းရည်က စျေးပေါကုန်တော့မယ်"
"စိတ်ချစမ်းပါကွာ မိုးသခင်ကြီးချီရဲ့ဆေးက ယာယီပုံပြောင်းဆေးသက်သက်ပါ ညတစ္ဆေရဲ့ဆေးကမှ တကယ့်အမှန်အကန်"
ချီမင်းင်းဖန်၏ မျက်နှာ ရဲခနဲ ဖြစ်သွားလေသည်။ သူ့စိတ်ထဲတွင်လည်း အောက်ပါအတိုင်း တွေးလိုက်မိ၏။
ခွေးမသားလေး...ခွဲခြားခွဲခြားနဲ့...
ညတစ္ဆေကတော့ ဝမ်းသာသွား၏။
"စုချန်း ရှင် သိပ်သဘောကောင်းတာပဲ"
မည်သို့ဆိုစေ ဆေးစွမ်းကြောင့် ညတစ္ဆေသည် အနီရောင်မြေခွေးတကောင်အဖြစ် ပြောင်းလဲသွားပြီး ချီမင်းဖန်မှာကား သင်းခွေချပ်အဖြစ် ပြောင်းလဲသွား၏။
ပုံပြောင်းခြင်းကိစ္စ ပြီးသွားသည်နှင့် စုချန်းသည် ရှေ့ဆုံးမှဦးဆောင်ကာ နန်းတော်ဆီသို့ ဦးတည်လိုက်လေသည်။
ထိုစဥ် ချီမင်းဖန်က လှမ်းမေးလိုက်၏။
"ညီလေးစု မင်းဘယ်လိုဖြစ်လို့ အဲဒီနန်းတော်ထဲ ဒီလောက်ထိ ဝင်ချင်နေရတာလဲ"
"မေးနေစရာလိုသေးလို့လားဗျာ ချမ်းသာချင်လို့ပဲပေါ့"
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
"နတ်ဆိုးဧကရာဇ်ရဲ့နန်းတော်မှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ အများကြီးရှိနေမှာ သေချာတယ် ပြီးတော့ နန်းတော်ထဲ ဝင်မွှေတာက အပြင်မှာ ရှာတာထက် ဒီကောင်တွေကို ရန်စလ်ို့ပိုကောင်းတယ် ဒီလုပ်ရပ်ကြောင့် ဒီကောင်တွေ ပိုပြီးဒေါသထွက်လာလိမ့်မယ် ဒါက သားရဲလှိုင်းကို ပိုပြီးကြာစေလိမ့်မယ်"
စုချန်းကား သားရဲနယ်မြေထဲရောက်နေသည့့်တိုင် မူလရည်ရွယ်ချက်ကို မမေ့လျော့သေးချေ။
"ဒါပေမဲ့ ဒီလိုလုပ်တာက ပိုပြီး အန္တရာယ်များတယ်ကွ ရဲတိုက်ထဲမှာ ထောက်လှမ်းရေးစနစ်တခုခုရှိလို့ကတော့ ကျုပ်တို့ သေပြီ"
"ကျုပ်သိတယ် ဒါကြောင့် ကျုပ်ရဲ့မူလအစီအစဥ်က ဒီကိုလာဖို့မဟုတ်ဘူး ဒါပေမဲ့ ကံမကောင်းချင်တော့ နတ်ဆိုးအရှင်သခင်သားရဲက ကျုပ်နောက်တော့ လိုက်လာတာနဲ့ ဒီလိုတွေ ဖြစ်ကုန်တာပဲ"
စုချန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
သို့သော် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလုပ်ထားလျင် စုချန်းသည် စုချန်း မမည်တော့။ သူသည် ဆေးအများအပြား ဖော်စပ်ထားခဲ့၏။ တဖက်တွင်လည်း ထိုဆေးများနှင့် နတ်ဆိုးအရှင်သခင်သားရဲကို အနိုင်ရရန် မလွယ်လှမှန်း စုချန်း သဘောပေါက်ထားပြီးသားပင်။
ထိုအတွက်ကြောင့်လည်း အနီရောင်ဧကရာဇ်နန်းတော်သည်သာ အနက်ရောင်လေလက်အောက်မှ တခုတည်းသော လွတ်မြောက်လမ်းဟု စုချန်း အရဲစွန့်၍ ဆုံးဖြတ်လိုက်ခြင်းပင်။
ထို့ကြောင့် သူသည် ဒန်ဘာအား အနက်ရောင်လေ ရောက်လာမည့်အချိန်ထိ လှည့်ပတ်ပြောဆိုရင်း အချိန်ဆွဲထားခဲ့၏။ ထို့နောက် အနက်ရောင်လေရောက်လာချိန်တွင် ၎င်းအားရင်ဆိုင်ရန် ဒန်ဘာတို့စစ်တပ်အား ထားရစ်ခဲ့ပြီး လေဟာနယ်မှတဆင့် အနီရောင်နန်းတော်သို့ ထွက်ခွာလာခဲ့ခြင်းပင်။
မည်သို့ဆိုစေ ဒန်ဘာနှင့် စကားမလှယ်လိုက်ရသည်ည်ကြောင့် စုချန်းအတွက်တော့ အကျိုးမယုတ်ခဲ့။ အနာဂတ်တွင် သူ ဖမ်းဆုတ်နိုင်ဖွယ်ရာရှိသည့် အခွင့်အလမ်းတခုအား ထိုအခိုက်အတန့်တွင် စုချန်း မြင်လိုက်ရသည် မဟုတ်ပါလား။ ထို့ကြောင့် အနာဂတ်တွင် သတ်ဖြတ်သူများ၏ အင်အားအား တိုးမြှင့်ပေးနိုင်မည့် နည်းလမ်းတရပ်ကို စုချန်း ရှာဖွေတော့မည် ဖြစ်သည်။
သို့သော် လက်ရှိတွင် စုချန်း၏ အဓိကတာဝန်ကတော့ နတ်ဆိုးဧကရာဇ်နန်းတော်အား ဝင်ရောက်ရှာဖွေရန်ပင်။
သူ မကြာခင် လုပ်ဆောင်တော့မည့် လုပ်ရပ်အား တွေးမိသောအခါ စုချန်း အကြီးအကျယ် စိတ်လှုပ်ရှားလာ၏။
နတ်ဆိုးဧကရာဇ်မက ဘာကြီးပင်ဖြစ်ဖြစ် ၎င်း၏ နေအိမ်အား စုချန်း ဓားပြဝင်တိုက်တော့မည် ဖြစ်သည်။
မည်သည့်အရာမှ ထိပ်ဆုံးတွင် ထာဝရ မရပ်တည်နိုင်။ အချိန်တန်က လျောကျရမည်သာ။
***