ရတနာခြောက်မျိုး
Vol. 68 Ch. 677
စုချန်းတို့ခြောက်ဦးလည်း နန်းတော်မှ အမြန်ဆုံးထွက်ခွာပြီး အနီးအနားရှိ တောအုပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြ၏။ နန်းတော်၏ မမြင်ကွယ်ရာဆီသို့ရောက်မှ သူတို့အားလုံး သက်ပြင်းကိုယ်စီ ချမိကြလေသည်။
ဟေးစုသည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချရင်း ငြီးတွားလိုက်၏။
"ဟူး ကြောက်လိုက်တာ သေတော့မယ် စုချန်း နောက်တခါ ဒီလိုလုပ်မယ်ဆိုရင် ညတစ္ဆေကို ထားခဲ့မှရမယ်ကွ သူ ဒီလိုအလုပ်မျိုးနဲ့ မသင့်တော်လှဘူး"
စုချန်း ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာမှန်တယ် သူ ဒီအလုပ်မျိုးနဲ့ မသင့်တော်ဘူး"
ညတစ္ဆေ နှုတ်ခမ်းစူလိုက်၏။
"တောင်းပန်ပါတယ်နော် ကျွန်မ ခနတဖြုတ် စိတ်လှုပ်ရှားသွားလို့ပါရှင့်"
နဖူးပေါ်တွင်သီးနေသော ချွေးများကိုသုတ်ရင်း ချီမင်းဖန်က ပြောလိုက်ပြန်သည်။
"ခနတဖြုတ် ဟုတ်လား မင်း တချိန်လုံး ပေါက်ကရလုပ်နေတာလေ"
စုချန်း ရယ်မောလိုက်သည်။
"ကဲ ကဲ စိတ်လျော့ကြစမ်းပါ ခုလဲ ဘာမှဖြစ်သွားတာမှမဟုတ်ပဲ ကျုပ်တို့ ဘာဆက်လုပ်မလဲ တိုင်ပင်ကြရအောင်"
ထိုသို့ ပြောလိုက်သော်လည်း အလားတူလုပ်ငန်းမျိုးတွင် ညတစ္ဆေအား စုချန်း ဝင်ပါခိုင်းတော့မည်မဟုတ်။
သို့သော် ချီမင်းင်းဖန်ကား ယခုတိုင် ဒေါသမပြယ်သေးချေ။
"စိတ်လျော့စမ်းပါ ဟုတ်လား စုချန်း မင်း ဒီနေ့ တော်တော်သဘောကောင်းနေတယ်နော်"
စုချန်းက နှစ်သိမ့်လိုက်ပြန်သည်။
"အနီရောင်နှလုံးသားရဲ့ ရတနာတချို့ကို ခင်ဗျားရမယ်ဗျာ ဒီလောက်ဆို ကျေနပ်ပြီလား"
စုချန်း၏ စကားကြောင့် ချီမင်းဖန် ချက်ချင်းပင် နားရွက်ထောင်လာ၏။
"မင်းဘက်က စပြီးကမ်းလှမ်းတာနော် ကျုပ် မဟုတ်ဘူး"
စုချန်း ခေါင်းညိတ်လိုက်သည်။
"လူတိုင်း အပြင်ခန်းထဲက ရတနာသုံးမျိုးစီရမယ် ခင်ဗျားကတော့ ခြောက်မျိုးရမယ် ဘယ့်နှယ်လဲ"
"ကောင်းပြီ"
ချီမင်းဖန် ဝမ်းသာအားရနှင့် ပြောလိုက်၏။
တကယ်တော့ ဤအစီအစဥ်ကို ခေါင်းဆောင်သူမှာ စုချန်း ဖြစ်သည်။ ချီမင်းဖန်တို့ကတော့ အကူသဘောမျှသာ။ ဤအနေအထားတွင် ရတနာခြောက်မျိုး ရသည့်အတွက် ချီမင်းဖန် အဘယ်မှာ မကျေနပ်နိုင်ပဲ ရှိအံ့နည်း။
ထိုအခါ ဟေးစုက မေးလိုက်ပြန်၏။
"ကဲ ဒါဆို ကျုပ်တို့ ဘယ်အချိန် စပြီးလှုပ်ရှားကြမလဲ"
"ခုပဲစကြတာပေါ့"
ပြောပြောဆိုဆို စုချန်းသည် သူ့အိပ်ကပ်အတွင်းမှ မူလစွမ်းအင်ငွေပြားကို ဆွဲထုတ်လိုက်၏။
ထိုငွေပြားသည် လေဟာနယ်အမျိုးအစားငွေပြားဖြစ်ပြီး ခရီးတိုကို ပို့ဆောင်ပေးနိုင်စွမ်းရှိ၏။ သို့သော် အသုံးပြုသူသည် ဆိုက်ရောက်မှတ်ကို ကြိုတင်သတ်မှတ်ထားရန် လိုအပ်၏။ စုချန်းသည် သတ်ဖြတ်သူနယ်မြေအတွင်း ဝင်လာကတည်းက တတ်နိုင်သလောက် ပြင်ဆင်လာခဲ့ပေသည်။ မူလစွမ်းအင်ငွေပြားကား ထိုပြင်ဆင်မှုများထဲမှ တခုဟု ဆိုရပေလိမ့မည်။
သို့သော် ဧကရာဇ်နန်းတော်ဟူသည်ကား လုံခြုံရေးတင်းကျပ်လှပြီး လုံခြုံရေးစနစ်များစွာ ရှိနေ၏။ ဤနေရာမျိုးအား မူလစွမ်းအင်ငွေပြားလောက်နှင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခြင်းမှာ ရယ်ဖွယ်ရာပင်။
သာမာန်အခြေအနေမျိုးတွင် ထိုကိစ္စမျိုးမှာ ဖြစ်နိုင်ဖွယ်ရာမရှိဟု ဆိုနိုင်ပေသည်။
သို့သော် လျို့ဝှက်ခန်းထဲတွင် စုချန်းတယောက်ကျီးနက်ဘုရင်၏ သက်စောင့်မွှေးအား ထားရစ်ခဲ့၏။
ကျီးနက်ဘုရင်၏ သက်စောင့်မွှေးဟူသည်ကား အလွန်ထူးခြားဆန်းကြယ်လှသော လေဟာနယ်ရတနာတပါး ဖြစ်သည်။ ကျီးနက်ဘုရင်၏ အမွှေးအား အနီရောင်နှလုံးသားကိုယ်တိုင် တန်ဖိုးထားသည်ကိုကြည့်လျင် ၎င်းကို မြင်သာ၏။ သက်စောင့်မွှေး၏ အစွမ်းနှင့်သာဆိုလျင် နန်းတော်၏ စနစ်များအား ကျော်ဖြတ်ရန် ဘာမှခဲယဥ်းတော့မည်မဟုတ်။
ဤအစီအစဥ်၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းမှာ စုချန်းသည် ဆိုက်ရောက်မှတ်အား သင်းခွေချပ်အိုကြီး၏ မျက်စေ့ရှေ့မှောက်ဝယ် ချထားခဲ့ခြင်းပင်။ သို့သော် သင်းခွေချပ်အိုကြီးကား စုချန်း ဘာလုပ်နေမှန်းပင် မရိပ်စားမိလိုက်ရှာ။
ထိုသို့ စုချန်း ဆောင်ရွက်ရဲခြင်းမှာလည်း စက္ကူဖြူအရုပ်ထံမှာ သတင်းအချက်အလက်များစွာ ရရှိထားခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက စုချန်းတယောက်က် ထိုသို့ လုပ်ရဲလိမ့်မည် မဟုတ်။
သိပ်မကြာမီ မူလစွမ်းအင်ငွေပြားသည် နိုးထလာ၏။ စုချန်းတို့၏ မျက်စေ့ရှေ့မှောက်မှာပင် ငွေပြားထံမှ အလင်းရောင်များတောက်ပလာပြီး လေဟာနယ်ဝဲဂယက်တခု ပေါ်ပေါက်လာလေသည်။ ဝဲဂယက်၏ တဖက်ခြမ်းတွင် လျှို့ဝှက်ခန်း၏ အတွင်းပိုင်းအား တွေ့မြင်နေရ၏။
"သွားကြမယ်"
စုချန်းကပင် စတင်ဦးဆောင်ပြီး ဝဲဂယက်အတွင်းသို့ ခုန်ဝင်လိုက်လေသည်။
ထိုအချိန်တွင် ကျီးနက်ဘုရင်အမွေးတောင်အား ဖုံးအုပ်ထားသည့့် ငွေရည်သည် အလုံစုံပျောက်ကွယ်ပြီး အမွေးတောင်သည် လေဟာနယ်စွမ်းအင်များ စတင်ထုတ်လွှတ်နေပြီ ဖြစ်သည်။ ထိုစွမ်းအင်သည် မူလစွမ်းအင်ငွေပြား၏ လေဟာနယ်ဝဲဂယက်နှင့် ဆက်သွယ်သွားပြီး စုချန်းအား လျှို့ဝှက်အခန်းတွင်းသို့ ပို့ဆောင်ပေးလိုက်တော့၏။
သိပ်မကြာမီ ချီမင်းင်းဖန်အပါအဝင်ကျန်လူများသည်လည်း အခန်းတွင်းသို့ ရောက်ရှိလာကြလေသည်။
"ဟာ ဒီနေရာ..."
ညတစ္ဆေစကားပြော၍ မဆုံးခင်မှာပင် စုချန်းက သူမပါးစပ်အား လက်ဝါးဖြင့် လျင်မြန်စွာ ပိတ်လိုက်၏။ ထို့နောက် သူက တီးတိုးလေသံနှင့် ပြောလိုက်သည်။
"တိုးတိုးပြော အခန်းပြင်မှာ နတ်ဆိုးအရှင်သခင်သားရဲတကောင် စောင့်နေတယ် ဆူနေရင် သူ သိသွားလိမ့်မယ် ပြီးတော့ တွေ့ကရာပစ္စည်းကောက်မယူကြနဲ့ ကျုပ် ပြောမှယူ"
ညတစ္ဆေလည်း နားလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်၏။ ထိုအခါကျမှ စုချန်းက သူ့လက်ကို လျော့ပေးလိုက်လေသည်။ ထို့နောက် သူသည် အခန်းထောင့်သို့လျှောက်သွားပြီး နံရံတနေရာကို အကြိမ်အနည်းငယ်ခန့်ခေါက်လိုက်ရာ လျှို့ဝှက်အခန်းငယ်၏ တံခါ ကျွီခနဲ ပွင့်လာလေသည်။
တဖန် စုချန်းသည် မူလလက်စွပ်အား နှိုးဆွလိုက်ပြန်ရာ လက်စွပ်မှ အလင်းရောင်တချို့ အပြင်ခန်းတွင်းရှိ ရတနာများပေါ်သို့ ထိုးကျလာ၏။ ထိုအခါ စုချန်းက ရတနာများအား လက်ညိုးထိုးရင်း ပြောလိုက်သည်။
"အဲဒါတွေကို သွားမယူကြနဲ့ အချက်ပေးစနစ်တွေ တပ်ထားတယ် ကျန်တာတွေကိုပဲ လက်သင့်သလို ယူကြ ကျုပ်တို့ မြန်မြန်လုပ်မှရမယ် အချိန်သိပ်မရတော့ဘူး"
ကျီးနက်ဘုရင်အမွေးတောင်၏ ကန့်သတ်ချက်အား ဖျက်ဆီးပစ်လိုက်ခြင်းသည် အလကားတော့မရ။ တန်ကြေးတခုတော့ ပေးရသည်သာ။ လက်ရှိတွင် ၎င်း၏ လေဟာနယ်စွမ်းအင်များသည် တရွေ့ရွေ့ကုန်ဆုံးနေပြီး ကျီးနက်ဘုရင်အမွေးတောင်သည် တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့အနေနှင့် အချိန်ဖြုန်းနေ၍ မရ။ ရဲတိုက်အတွင်းမှ အမြန်ဆုံးပြန်လည်ထွက်ခွာရပေလိမ့်မည်။
ပြောပြောဆိုဆို စုချန်းသည် အတွင်းဘက်လျှို့ဝှက်ခန်းဆီသို့ ဦးတည်လိုက်၏။ အတွင်းခန်းရှိ ပစ္စည်းများသည် ပို၍ တန်ဖိုးကြီးမည်ဟု သူ ယူဆထားသည် မဟုတ်ပါလား။ အတွင်းခန်းထဲတွင် ကျီးနက်ဘုရင်၏ အမွေးတောင်ကို ဖယ်လိုက်လျင် ပစ္စည်းခြောက်မျိုး ရှိနေ၏။
ပထမဆုံးပစ္စည်းမှာ သလင်းသဲနာရီတခုဖြစ်ပြီး ၎င်းထံမှ ထူးခြားသော အလင်းရောင်များ ထွက်ပေါ်နေသည်။
အဆိုပါသလင်းသဲနာရီသည် အမျိုးအမည်မသိရသော အရာတမျိုးနှင့် ပြုလုပ်ထားဟန်တူ၏။ ငွေ၊ ရွှေ၊ ကြေးမဟုတ်ပဲ သတ္တုပို၍ ဆန်နေပေသည်။ ၎င်း၏ ပုံစံမှာ ရိုးရှင်းသော်လည်း အကန့်အသတ်မရှိသော အရှိန်အဝါတမျိုးကို သယ်ဆောင်ထားသည်ကတော့ အမှန်ပင်။ အထဲတွင်တော့ ရွှေရောင်သဲမှုန်များ အောက်မှအပေါ်သို့ ဆန်တက်နေလေရာ ကြည့်ရသည်မှာ တမျိုးဆန်းကြယ်နေ၏။
အဆိုပါသဲမှုန်များသည် မိုးသောက်ပန်းမြို့တွင် ချူးယင်ဝမ်ထုတ်သုံးခဲ့သည့် သဲမှုန်များနှင့် တူညီနေသည်။ ထို့ကြောင့် ၎င်းသဲနာရီမှာ အချိန်သဲနာရီပင် ဖြစ်ပေလိမ့်မည်။
အချိန်သဲနာရီဟူသည် သတ်ဖြတ်သူများ၏ တန်ဖိုးကြီး ရတနာတပါးပင်။ ၎င်း၏ သက်တမ်းမှာ အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်းရှစ်ထောင်ခန့်ရှိသည်ဟု ဆိုကြသော်လည်း မည်သူမှတော့ အတိအကျ မပြောနိုင်ချေ။ သားရဲများ သတ်ဖြတ်သူနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ကြစဥ် အဆိုပါ အချိန်သဲနာရီ ပျောက်ဆုံးသွားသည်ဟု အများက သိရှိထားကြ၏။
အချိန်သဲနာရီ၏ အစွမ်းမှာ အချိန်သဲမှုန်များ ထုတ်လုပ်နိုင်ခြင်းပင်။ ထို့ကြောင့် အချိန်သဲနာရီရှိလျင် အကန့်အသတ်မရှိသော အချိန်သဲမှုန်များအား ပိုင်ဆိုင်ခွင့်ရပေလိမ့်မည်။
အနီရောင်နှလုံးသားသည် ၎င်းနှင့်အဆင့်တူ နတ်ဆိုးဧကရာဇ်တပါးအား သတ်ဖြတ်ပြီး အချိန်သဲနာရီကို လုယူထားခြင်း ဖြစ်သည်။ ယခုတော့ ထိုနာရီ စုချန်းလက်သို့ အလွယ်တကူ ရောက်ရှိလာခဲ့ပေပြီ။
ဒုတိယပစ္စည်းမှာကား နတ်ဆိုးဧကရာဇ်မူလသလင်းဖြစ်သည်။ အချိန်သဲနာရီပိုင်ရှင် နတ်ဆိုးဧကရာဇ်၏ မူလသလင်းတော့ မဟုတ်။ အခြားနတ်ဆိုးဧကရာဇ်တပါး၏ မူလသလင်းပင်။ တကယ်တော့ နတ်ဆိုးဧကရာဇ်မူလသလင်းအား ပိုင်ဆိုင်ရန်မှာ သိပ်မခက်။ သို့သော် အထဲရှိစွမ်းအင်များ မပျက်စီး မဆုံးရှုံးစေပဲ သိုလှောင်ထားရန်မှာသာ အလွန်ခက်၏။ ထိုမူလသလင်းမျိုး ရရှိရန် နည်းလမ်းတခုသာ ရှိသည်။ ထိုနည်းလမ်းမှာ သလင်းပိုင်ရှင်နတ်ဆိုးဧကရာဇ်အား တချက်တည်းနှင့် သတ်ပစ်ရန်ပင်။
ထို့ကြောင့် ဖော်ပြပါ နတ်ဆိုးဧကရာဇ်သလင်မျိုးအား ရရှိရန် အနီရောင်နှလုံးသား မည်မျှအားစိုက်ထားသည်ကို သိသာနိုင်၏။
တတိယပစ္စည်းမှာ မိုးကြိုးဝိညာဥ်ဆေးမင်ပင် ဖြစ်သည်။ မိုးကြိုးဝိညာဥ်ဆေးမင်သည် သတ်ဖြတ်သူမျိုးစိတ်ထံမှ ဆင်းသက်လာ၏။ မျိုးစိတ်တိုင်းလိုလိုသည် ကိုယ်ပိုင်ယဥ်ကျေးမှုနှင့် သမိုင်းကြောင်းများကို ပိုင်ဆိုင်ထားကြ၏။ ထိုနည်းတူစွာ သတ်ဖြတ်သူများ၏ သမိုင်းကြောင်းတွင်လည်း ထူးခြားသော ဖန်တီးမှုတချို့ ရှိခဲ့သည်မှာ အမှန်ပင်။ အနှီ မိုးကြိုးဝိညာဥ်ဆေးမင်သည်လည်း ထိုဖန်တီးမှုများထဲမှ တခုပင် ဖြစ်သည်။ ထို့ကြောင့် ဤဆေးမင်တွင် ရှေးကျပြီး အထင်းကြီးလောက်စရာ စွမ်းအားများ ပါဝင်နေ၏။
စတုတ္ထပစ္စည်းမှာ မြစ်ရင်းမြစ်မြက်ပင်တချို့ပင် ဖြစ်သည်။ မြစ်ရင်းမြစ်မြက်ဟူသည် သားရဲနယ်မြေကောင်းကင်တောင်ကြောတွင် ပေါက်ရောက်၏။ သာမာန်အားဖြင့် မြစ်ရင်းမြစ်မြက်ပင်ဟူသည် တိုက်ပွဲများတွင် အသုံးမတည့်။ သို့သော် ၎င်း၏ သီးသန့်တန်ဖိုးမှာကား ကျန်ပစ္စည်းများထက် အနည်းငယ်မှ တန်ဖိုးမနိိမ့်ချေ။
အကြောင်းမှာ မြစ်ရင်းမြစ်မြက်ပင်သည် မြေကြီးအား မြေဆီသြဇာကြွယ်ဝလာစေရန် စွမ်းဆောင်နိုင်သောကြောင့်ပင်တည်း။ မြစ်ရင်းမြစ်မြက်ပင်အား ကန္တရတွင်ပင် စိုက်ပျိူးစေကာမူ တနှစ်အတွင်း မိုးရွာသွန်းစေပြီး ဝန်းကျင်တခုလုံးအား သစ်ပင်ပန်းမန်များနှင့် စိုပြေလာစေနိုင်သည် ဟူ၏။ အကယ်၍ မြစ်ရင်းမြစ်မြက်ပင်ကို မြေဆီသြဇာကြွယ်ဝပြီးဒေသတွင် စိုက်ပျိုးလိုက်ပါက ဒေသတခုလုံး မူလစွမ်းအင်များနှင့် ဖုံးလွှမ်းလာစေသည် ဟူ၏။ မည်မျှ အံ့သြစရာကောင်းလိုက်သည့့် မြက်ပင်ပေနည်း။
ပဥ္စမမြောက်ပစ္စည်းမှာကား ဘဲငန်းဖြူတကောင် တေးသီနေဟန် ကျောက်ရုပ်တရုပ်ပင် ဖြစ်သည်။ သို့သော် ထူးခြားသည်မှာ အဆိုပါ ဘဲငန်းဖြူသည် ထုဆစ်ထားဟန်မပေါ်ကဲ တကယ့်ဘဲငန်းတကောင်နှင့် တူနေခြင်းပင်။ ကြည့်ရသည်မှာ အဆိုပါဘဲငန်းသည် ထူးခြားသော သက်ရှိပုံစံတမျိုး ဖြစ်ပုံရ၏။ ၎င်းသည် တနှစ်လျင်တကြိမ်စီ နိုးထလာတတ်ပြီး ၎င်းနိုးထချိန် ရေထဲတွင် ရောက်နေပါက ထိုရေများအား စုပ်ယူကာ ကောင်းကင်သို့ မှုတ်ထုတ်ပြီး တေးသီတတ်၏။ ထိုတေးသံတွင် အလွန်ဆန်းကြယ်သော သဘာဝစွမ်းအင်များ ပါဝင်နေပြီး တေးဆိုသံ ကြားရသူများအနေနှင့် ညဏ်အလင်းပွင့်သွားတတ်သည်ဟု အဆိုရှိလေသည်။ ထိုမျှသာမကာသေး တေးသံသည် နားဆင်သူ၏ ကျင့်ကြံခြင်းအဆင့်အတန်း၊ အင်အားနှင့် စိတ်ဝိညာဥ်စွမ်းအားတို့ကိုပါ တိုးပွားလာစေတတ်၏။
ဆဌမမြောက်ပစ္စည်းမှာကား တခြားမဟုတ်။ ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ သွေးရည်ပါ ပုလင်းငယ်တလုံးပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်များဟူသည် နတ်ဆိုးသားရဲနယ်ပယ်၏ အထွတ်အထိပ် ဖြစ်သည်။ သို့သော် ၎င်းတို့သည် သားရဲမျိုးစိတ်၏ အထွပ်အထိပ် မဟုတ်သည်မှာတော့ သေချာနေ၏။ တောင်တတောင်ထက်မြင့်သော နောက်ထပ်တောင်တတောင်ဟူသည် အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလား။
ထို့ကြောင့် သင့်အနေနှင့် လက်ရှိနေရာထက် အမြင့်ကိုရောက်လိုပါက သင့်ထက် မြင့်မားသော ဖြစ်တည်မှုများအား စူးစမ်းလေ့လာရပေလိမ့်မည်။
ထို့အတွက်ကြောင့်လည်း အနီရောင်နှလုံးသားသည် ကမ္ဘာဦးမတိုင်မီ သားရဲကြီး၏ သွေးရည်အား မရမက စုဆောင်းထားခြင်းပင်။
မည်သို့ဆိုစေ လျှို့ဝှက်အခန်းငယ်အတွင်းရှိ ရတနာခြောက်မျိုးလုံးသည် အနီရောင်နှလုံးသားအတွက် လွန်စွာ တန်ဖိုးကြီးမားမည်မှာ သေချာနေ၏။ ဤရတနာများအား စုဆောင်းမိရန် ၎င်းအနေနှင့် အလွန် အားစိုက်ခဲ့ရပေလိမ့်မည်။
ယခုတော့ ဤရတနာများအားလုံး စုချန်းလက်တွင်းသို့ အလွယ်တကူပင် ရောက်ရှိလာခဲ့လေပြီတည်း။
***