← Chapters

အကျိူးအမြတ်အတွက် သစ္စာတရားကို မေ့လျော့ခြင်း

Vol. 68 Ch. 678

အကျိူးအမြတ်အတွက် သစ္စာတရားကို မေ့လျော့ခြင်း

Vol. 68 Ch. 678

အနီရောင်နှလုံးသားဟူသည် မူလပုံစံကွက်များအား ကျွမ်းကျင်သည့် နတ်ဆိုးဧကရာဇ် မဟုတ်ချေ။ တကယ်တော့ သားရဲတိုင်းလိုလိုသည် မူလပုံစံကွက်များအား နားမလည်ကြ။ မူလသားရဲကြီးများမှစ၍ သားရဲရိုင်းများတိုင်အောင် အသိညဏ်ရှိကြသော်လည်း တီထွင်ဖန်တီးမှုအရာတွင်တော့ ၎င်းတို့သည် ညဏ်ရည်မြင့်မျိုးစိတ်တိုင်းထက် နိမ့်ပါးကြ၏။

ထို့ပြင် မူလပုံစက်ကွက်များဟူသည် ညဏ်ရည်ကွန့်မြူးမှုအပေါ်တွင် အခြေခံထားသော အရာဖြစ်သည်။

ထို့ကြောင့် အတွင်းခန်းထဲရှိ ရတနာများအား မူလပုံစံများနှင့် ကာရံထားသည့်တိုင် သားရဲများထက် မူလပုံစံကွက်အရာတွင် ပို၍ နားလည်နေသော စုချန်းအတွက် ပြသနာမဟုတ်ဟု ဆိုနိုင်၏။

အတွင်းခန်းမှ ရတနာများအား ယူငင်ပြီးသည်နှင့် စုချန်းတယောက် အပြင်ဘက်သိုလှောင်ခန်းသို့ ပြန်ထွက်လာခဲ့သည်။

ထိုအခိုက်ဝယ် လူတိုင်းသည် စိတ်လှုပ်တရှားနှင့် ရတနာများအား ယူငင်နေကြ၏။

အပြင်ခန်းတွင်းရှိ ရတနာများမှာ အတွင်းခန်းမှ ရတနာများလောက် တန်ဖိုးတော့မကြီး။ သို့သော် အရေအတွက်အားဖြင့်ကား များပြားလှပေသည်။ နတ်ဆိုးဘုရင်အဆင့်မူလသလင်းများပင်လျင် ခုနှစ်မျိုးတိတိ ရှိနေကြောင်း တွေ့မြင်နေရ၏။

"သွေးဝဋာနှလုံးသား၊ နတ်ဆိုးသွား၊ သမုုဒ္ဒရာအကျဥ်းချကြိုး၊ အဓမ္မမြူခိုး...မြတ်စွာဘုရား များလိုက်တဲ့ရတနာတွေပါလား"

စုချန်းက သတိပေးထားသည့့်တိုင် ဟေးစုမှာ ထိုင်မရထမရဖြစ်လောက်အောင် စိတ်လှုပ်ရှားနေ၏။ အဆ်ိုပါရတနာများထဲမှာ တမျိုးတလေလောက်အတွက်ပင် လူပေါင်းသောင်းနှင့်ချီ အသက်စွန့်၍ လုယက်နေကြသည်။ ဤအခန်းထဲတွင်တော့ အဆိုပါရတနာများ ဖောချင်းသောချင်း ဖြစ်နေပေသည်။ မည်သူ စိတ်မလှုပ်ရှားပဲ နေနိုင်အံ့နည်း။

ထိုအခါ စုချန်းသည် အပြင်ခန်းအတွင်းရှိ မူလပုံစံများအား ဖျက်ဆီးလိုက်ပြီး ရတနာများအား သိမ်းကျုံးယူငင်တော့သည်။

မူလပုံစံများနှင့် ကာကွယ်ခြင်းခံထားရသည့် အပြင်ခန်းအတွင်းရှိ ရတနာတချို့မှာလည်း ထိပ်တန်းပင် ဖြစ်သည်။

ယခုတော့ ထိုရတနာများအားလုံး စုချန်းလက်ထဲသို့ ရောက်ရှိသွားပေပြီ။ ရတနာများအား ကုန်စင်အောင် သိမ်းဆည်းပြီးသည်နှင့် စုချန်းက ပြောလိုက်သည်။

"ကဲ ခင်ဗျားတို့လက်ထဲက ရတနာအားလုံး ကျုပ်ဆီ လွှဲပေးလိုက်ပါ ကျန်တဲ့နှစ်ယောက် သုံးခုစီရမယ် မိုးသခင်ကြီးချီက ခြောက်ခုရမယ်"

မည်သည့်တုံ့ပြန်သံမှ မကြားရ၍ စုချန်း နောက်လှည့်လိုက်သည်။ ထိုအခါ ဟေးစုတယောက် သူ့အား စူးစိုက်ကြည့်ရှုနေကြောင်း စုချန်း တွေ့လိုက်ရ၏။

"ဘာလဲကွ"

စုချန်းက မေးလိုက်သည်။

ဟေးစု ပုခုံးတွန့်ပြလိုက်၏။

"စုချန်း မင်းလဲ အတော်ကြီး အကျိုးအမြတ်ရနေပြီပဲ အတွင်းခန်းထဲမှာရှိတဲ့ ရတနာအကုန်လုံးကိုလဲ မင်း ယူတယ်ယ် အပြင်ခန်းထဲက ရတနာတွေကျတော့လဲ ကျုပ်တို့အတွက် တယောက် သုံးခုစီပဲပေးပြီး ကျန်တာအကုန်လုံး မင်း ယူအုံးမယ် ကျုပ်တို့အတွက် မင်း ပေးတာ မနည်းလွန်းဘူးလားကွ"

စုချန်း မျက်မှောင်ကုတ်လိုက်သည်။

"မင်း ဆိုလိုတာ"

ဟေးစုက ပြန်ပြောလိုက်၏။

"ဒီအပြင်ခန်းထဲမှာရှိတဲ့ ရတနာတွေကို ကျုပ်တို့အကုန်လုံး အညီအမျှ ခွဲယူလိုက်တော့ မရဘူးလား စက္ကဖြူအရုပ်ဟာ မင်းရဲ့တပည့်ဖြစ်တဲ့အတွက် သူ့အတွက် ဝေစုကိုလဲ မင်းကရအုံးမယ်"

စုချန်း ဘာမှပြန်မပြော။ ထိုအစား သူက ချီမင်းင်းဖန်နှင့် ညတစ္ဆေကိုသာ လှမ်းကြည့်လိုက်သည်။

ချီမင်းဖန် မျက်မှောင်ကုတ်ရုံသာ ကုတ်လိုက်၏။ ထောက်ခံခြင်းမရှိသလို ကန့်ကွက်ခြင်းလည်း မရှိ။ သူ့ပုံစံကို ကြည့်ရုံနှင့် ဟေးစုအား သူ တိုက်တွန်းလိုက်ခြင်းမဟုတ်သော်လည်း ထိုစကားက သူ့ကို စိတ်လှုပ်ရှားသွားစေမှန်းတော့ သိသာနေ၏။ ဟေးစုနှင့် စုချန်းတို့၏ အငြင်းပွားမှုတွင် သူ ကြားနေလိုက်ခြင်းသည် သူ့အတွက် ဘာအကျိုးယုတ်စရာမှမရှိ။

ထိုအခိုက်အတန့်ဝယ် ညတစ္ဆေသည် သူမလက်ထဲရှိ အပြာရောင်သလင်းကိုသာ သဲကြီးမဲကြီး ကြည့်ရှုနေ၏။ တဆက်တည်းမှာပင် နောက်ထပ် ယူငင်ရမည့် ပစ္စည်းနှစ်မျိုးအကြောင်းကို သူမ အသည်းအသန် တွေးတောနေလေသည်။ ထို့ကြောင့် ဟေးစု ဘာပြောလိုက်မှန်းပင် သူမ မသိလိုက်။

စုချန်း ရယ်မောလိုက်၏။

"ကျုပ်က သဘောမတူဘူးဆိုရင်ကောကွာ မင်း ဘာဆက်လုပ်မလဲ"

ဟေးစု ချီမင်းဖန်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ခေါင်းဆောင်ချီ ဒါ ကြီးမားတဲ့အခွင့်အရေးပဲ ခင်ဗျား ကျုပ်ဘက်က ရှိနေလိမ့်မယ်လို့ ကျုပ် ထင်တယ် ဟုတ်သလား"

ချီမင်းဖန်က ခေတ္တစဥ်းစားရင်း ဖြေလိုက်၏။

"စုချန်း လူတိုင်းက ခွဲဝေယူသင့်တယ်လို့ ထင်နေတယ် ကျုပ်တို့ ခုထိတောင် ပူးပေါင်းဆောင်ရွက်ပြီးသွားပြီပဲ နည်းနည်းပါးပါး ပိုပေးလိုက်လို့ ဘာမှဖြစ်မသွားပါဘူးလေ ဘယ်လိုခွဲကြခြမ်းမယ်ဆိုတာ ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်"

ချီမင်းဖန်ကား ဗျူဟာကြွယ်သူ ဖြစ်သည်။ စုချန်းကို သူ အတိုက်အခံမလုပ်။ ထိုနည်းတူ ဟေးစု၏ အကြံပြုချက်ကို မကန့်ကွက်။

"ဒါဆိုလဲ ပစ္စည်းတွေ ကျုပ်လက်ထဲ အရင်ထည့်လိုက်ပါလေ ကျန်တာ နောက်မှ ဆွေးနွေးကြတာပေါ့"

ပြောပြောဆိုဆို စုချန်းက လက်ဖြန့်လိုက်သည်။

ဟေးစုက သူ့မူလလက်စွပ်ကို ပြန်သိမ်းရင်း ပြောလိုက်၏။

"ဒါကို အရင်ဆုံး ဆွေးနွေးသင့်တယ်လို့ ကျုပ် ထင်တယ်"

"ကျုပ်က ခုချက်ချင်း ပေးပါလို့ ပြောရင်ကောကွာ"

ဟေးစု ရယ်မောလိုက်သည်။

"စုချန်း ကျုပ်ဟာ မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ကျုပ် ကောင်းကောင်းသိတယ် ဒါပေမဲ့ မင်းရဲ့တိုက်ကွက် တကွက်တလေကိုတော့ ကျုပ် ကောင်းကောင်းခုခံနိုင်ပါတယ် ဒီအခန်းထဲမှာ စကားတောင်ကျယ်ကျယ်ပြောလို့မရတာ ကျုပ်တို့အားလုံးသိတယ် ကျုပ်တို့သာ တိုက်ခိုက်လိုက်ရင်"

စုချန်း မျက်မှောင်ကုတ်လိုက်၏။

"လက်စသတ်တော့ မင်းရဲ့ယုံကြည်မှုက ဒီကနေလာတာကိုး ကျုပ် မင်းကို မတိုက်ခိုက်ရဲဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား အပြင်က အစောင့်ခွေးနိုးသွားမှာ ကျုပ် ကြောက်တယ်များ မင်း ထင်နေသလား"

"မင်း လုပ်ရဲသလား"

စုချန်း ဘာမှပြန်မပြော။ ဟေးစုကိုသာ အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။

အချိန်အတော်ကြာမှ သူက ပြောလိုက်သည်။

"အနောက်လိုင်နာရဲတိုက်တုန်းက မင်းကို ဆာ့ခ် ရှာတွေ့သွားတယ် လူတိုင်း မင်းကို လက်လျှော့လိုက်ကြတဲ့အချိန်မှာ မင်းအသက်ကို ဝင်ကယ်ခဲ့တာ ဘယ်သူတုန်း ကျုပ်ပဲမလား"

"မှန်တယ်"

ဟေးစုက ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ မင်းနဲ့ဆာ့ခ် တိုက်ခိုက်နေတုန်း သူ့ကို ဒဏ်ရာရစေပြီး မင်းအသက်ကို ကျုပ် ပြန်ကယ်ခဲ့တယ် ဒါကြောင့် မင်းအပေါ်မှာ ကျုပ် ဘာကျေးဇူးကြွေးမှ မရှိတော့ဘူး"

စုချန်း ပြုံးလိုက်သည်။

"ကျေးဇူးကန်းတတ်တဲ့လူတွေဟာ သူ့တို့ရဲ့အပြစ်ကိုကာကွယ်ဖို့ အကြောင်းပြချက် ရှာထားတတ်တယ် မင်း ဒီလိုပြောလာတာ ကျုပ် မအံ့သြပါဘူးလေ"

ဟေးစု၏ မျက်နှာသည် မြင်မကောင်းလောက်အောင် ပျက်ယွင်းသွား၏။

"ကျေးဇူးကန်းတယ် ဟုတ်လား မင်းဟာ ကျုပ်ရဲ့သွေးဗီဇစွမ်းရည်ကိုသုံးပြီး ပုံပြောင်းနိုင်ခဲ့တယ် မင်း ဒါကို ဘာလို့ထည့်မပြောတာလဲ ဒါတင်မကသေးဘူး မင်းဟာ ကျုပ်ရဲ့သွေးဗီဇစွမ်းရည်ကို ကိုယ်ကျိုးအတွက် သုံးရုံသာမက သူများတွေကိုပါ ပေးပစ်သေးတယ် ဒါကိုကျ မင်း မေ့သွားတာလား ကျုပ်တို့ကတော့ မင်းကို မိတ်ဆွေတယောက်က်လို သဘောထားတယ် ဒီလိုသဘောထားလို့ နောက်ဆုံးမှာ ကျုပ်တို့ ဘာရလိုက်သလဲ မင်း နတ်ဆိုးဧကရာဇ်နန်းတော်ထဲဝင်ပြီး ရှိသမျှပစ္စည်း သိမ်းကျုံးယူငင်နေချိန်မှာ ကျုပ်တို့ကတော့ သူတောင်းစားတွေလို ဆက်ဆံခံရတယ် ဒါ ဖြစ်သင့်သလား"

စုချန်း ခေါင်းကိုဖြည်းငြင်းစွာ ခါယမ်းလိုက်သည်။

"ကျုပ် မင်းကို ရှည်ရှည်ဝေးဝေး မပြောချင်ဘူး ဒါပေမဲ့ နည်းနည်းတော့ ပြောလိုက်မယ် ကျုပ်သာမရှိရင် မင်းရဲ့သွေးဗီဇဆိုတာ အလကားပဲ ပြီးတော့ ဒီနန်းတော်ထဲဝင်ခိုးဖို့ဆိုတာ အ​စောကြီးကတည်းက ကြိုတင်စီစဥ်ထားပြီးသား ဒါကို မင်းမပါလဲ ကျုပ် လုပ်နိုင်တယ် ခက်တာက မင်းကိုယ်ကျုပ် ဘာမှမလုပ်ရဲဘူးလို့ မင်း ထင်နေတာပဲ"

ထိုအခိုက်ဝယ် ညတစ္ဆေသည် တွေဝေငေးမောနေရာမှာ ပြန်သတိရလာပြီ ဖြစ်သည်။ ဟေးစုနှင့်စုချန်း အငြင်းအခုန်ကို ကြားလိုက်သောအခါ သူမ တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် ချီမင်းင်းဖန်က သူမအား ဖမ်းဆွဲရင်း နောက်သို့ပို့ထားလိုက်တော့သည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ ညတစ္ဆေတယောက်ဓားစာခံဖြစ်မသွားစေရန် ချီမင်းင်းဖန် ရည်ရွယ်၏။

ထိုအခိုက်အတန့်တွင် ချီမင်းဖန်ကိုယ်တိုင် အတော်လေး စိတ်ရှုပ်ထွေးနေခဲ့လေသည်။

သို့သော် သူသည် ရှင်သန်ခြင်းကျောင်းတော်အတွက် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရှင်သန်ခြင်းကျောင်းတော်၏ အဓိကဦးတည်ချက်မှာ အကျိုးအမြတ်ရရှိရန်သာ။

တဖက်မှ စုချန်းဟူသည် ချီမင်းင်းဖန်အတွက် အမြတ်အစွန်း အများအပြားရရှိနိုင်သည့့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်နေခဲ့သည်မှာလည်း အချိန်အတော်ကြာခဲ့ပြီဟု ဆိုနိုင်သည်။ သို့သော် ၎င်းမှာ နတ်ဆိုးဧကရာဇ်၏ ရတနာများနှင့် နှိုင်းယှဥ်၍တော့မရ။ မည်သို့ဆိုစေ တတ်နိုင်သမျှ စုချန်းနှင့် သူ ရန်သူမဖြစ်လိုသည်ကတော့ အမှန်ပင်။

သို့သော် ရှေးအတီအတေကာလကပင် မိတ်ဆွေအချင်းချင်း ငွေကြေးအတွက် သစ္စာဖောက်ခဲ့ကြ၏။

ထိုသို့ သစ္စာဖောက်ရန်မှာ ကိုယ့်ကိုယ်ကို အတိုင်းအတာတခုထိ ယုံကြည်မှုရှိရန်တော့ လိုအပ်ပေသည်။

ချီမင်းဖန်သည် စုချန်း၏ အကြောင်းကို ကောင်းစွာ သိရှိထား၏။ ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်နေသည့်တိုင် စုချန်းနှင့် သူ ရန်သူ မဖြစ်ချင်။

စုချန်းကိုထားအုံး၊ စက္ကူဖြူအရုပ်သည်ပင် ရင်ဆိုင်ရန် လွယ်လှသည်မဟုတ်။

ထို့ကြောင့် ညတစ္ဆေကို ခေတ္တထိမ်းသိမ်းထားပြီး ဘာတွေဖြစ်လာမည်ကို သူ စောင့်ကြည့်မည်။ ၎င်းမှာ ချီမင်းဖန်၏ အစီအစဥ် ဖြစ်သည်။

ထိုစဥ် ဟေးစုက ပြန်ပြောလိုက်သည်။

"လုပ်ရဲရင်လုပ်လေကွာ ဒီနေရာကို နတ်ဆိုးအရှင်သခင်သားရဲ စောင့်ကြပ်နေတယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာပဲ မင်းတခုခုလုပ်ရင် အကုန်သေမှာပဲ"

စုချန်း သက်ပြင်းချလိုက်သည်။

"ဒါကိုအကြောင်းပြပြီး ကျုပ်ကို ခြိမ်းခြောက် ရတနာလေးပုံတပုံကိုယူပြီး ဒီကနေထွက်သွားနိုင်တယ်လို့ မင်းယုံကြည်နေမှန်း ကျုပ် နားလည်ပါတယ် ပြီးတော့ မိုးသခင်ကြီးချီအနေနဲ့လဲ ဒီအပေါ်ကနေ အကျိုးအမြတ် ရနိုင်မယ် မင်းမှာ ညတစ္ဆေရှိတဲ့အတွက် ကျုပ် နောက်ကလိုက်လာမှာလဲ စိတ်ပူစရာမလိုဘူး ဒီအရင်းအမြစ်တွေနဲ့ဆို မင်း ဝိညာဥ်လောက်ကျွမ်းခြင်းနယ်ပယ်ထိရောက်အောင် ကျင့်ကြံသွားနိုင်မယ် ဒါဆို ရှင်သန်ခြင်းကျောင်းတော်က ထွက်လိုက်ရင်လဲ ဘာမှမဖြစ်တော့ဘူး ဒီအနေအထားထိ ရောက်သွားရင် မင်း ကျုပ်ကို စိတ်ပူစရာမလိုတော့ဘူး ဒီတော့ သူငယ်ချင်းဆိုတာ ဘာလဲ ဒီလိုပဲ သစ္စာဖောက်လို့ရသလား ဟေးစု မင်း တွေးနေတာ အဲလိုလားကွ"

"ဒီတော့ ဘာဖြစ်သလဲ ဒါမျိုး မင်း မကြုံဖူးဘူးလား အရင်ကတည်းက လူတွေဟာ အကျိုးအမြတ်အတွက် သူငယ်ချင်းတွေအပေါ် သစ္စာဖောက်ကြတာပဲလေ မင်းမိသားစုတောင် မင်းမျက်စိကန်းသွားတော့ မင်းကိုစွန့်ပစ်ခဲ့တာပဲ မဟုတ်ဘူးလား ပြီးတော့ ကျုပ်တောင်းတာ လေးပုံတပုံတည်းပါလေ"

စုချန်း ခေါင်းညိတ်လိုက်သည်။

"မင်းတောင်းတာ သိပ်မများပါဘူး ဒါပေမဲ့ အဲဒါကလဲ ဒီမှာ လူတွေအများကြီးရှိနေတော့ မင်းမှာ ရွေးချယ်စရာမရှိလို့ပါလေ သူတို့နဲ့ ခွဲဝေယူမှပဲ သူတို့ မင်းကို ထောက်ခံကြမှာမလား"

"ကျွန်မ မထောက်ခံ"

ညတစ္ဆေ ဝင်ရောက်ကန့့်ကွက်လိုက်သည်။ သို့သော် ချီမင်းဖန်၏ တားဆီးမှုကြောင့် သူမခမျာ စကားကိုပင် ဆုံးအောင် မပြောလိုက်ရရှာ။

စုချန်းက ၎င်းကို မသိဟန်ပြု၍ စကားဆက်လိုက်သည်။

"မင်း စဥ်းစားတာကောင်းတယ် ဒါပေမဲ့ အမှားနှစ်ခု မင်း ကျူးလွန်လိုက်မိတယ်"

"မင်း ရှင်းပြတာတွေ ကျုပ် မသိချင်ဘူး လောလောဆယ် ကျုပ် သိချင်တာ ဒီလက်စွပ်နဲ့အတူ ကျုပ်ကို မင်း သွားခွင့်ပေးမလား မပေးဘူးလား ဒါပဲ"

ဟေးစုအနေနှင့် စုချန်းနှင့် စကားဖလှယ်နေရခြင်းကို စိတ်မရှည်တော့။

သို့သော် စုချန်းက အောက်ပါအတိုင်း ပြောလိုက်ပြန်၏။

"မင်း ကျုပ်ရှင်းပြတာကို အေးအေးဆေးဆေး နားထောင်ရင် ကောင်းလိမ့်မယ် ကျုပ် မင်းတောင်းဆိုမှုကို ခွင့်မပြုနိုင်ဘူးလို့ အစကတည်းက ပြောထားပြီးသားပဲလေ မင်းလုပ်မိတဲ့ ပထမဆုံးအမှားက နန်းတော်အစောင့်တွေ သိသွားမှာ ကျုပ် ကြောက်လိမ့်မယ်လို့ မင်း ထင်နေတာပဲ တကယ်တော့ သူတို့ သိကုန်မှာ ကျုပ်မကြောက်ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ မသိရင်တောင် သိသွားအောင် ဒီနေရာမှာ ရုတ်ရုတ်သည်းသည်း လုပ်သွားဖို့ ကျုပ် စီစဥ်ထားလို့ပဲ"

စုချန်း၏ စကားကြောင့် ဟေးစု ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဟေးစုသာမက ချီမင်းဖန်နှင့် ညတစ္ဆေတို့ပါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သို့သော် ချီမင်းဖန်သည် စုချန်းတယောက် အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွား၏။ အကြောင်းမှာ စုချန်း၏ မူလရည်ရွယ်ချက်ကို သူ သတိရလာခြင်းကြောင့်ပင်။

စုချန်း၏ မူလရည်ရွယ်ချက်မှာ သားရဲလှိုင်းကို ပိုမိုကြီးထွားလာစေရန်၊ သားရဲများအား ရန်စရန်ပင် မဟုတ်ပါလား။ လျှို့ဝှက်ခန်းအတွင်းဝယ် ရုတ်ရုတ်သည်းသည်း ဖြစ်မှ အထဲမှ ရတနာများ ခိုးယူခံရကြောင်း သင်းချွေချပ်ကြီး သိသွားပေလိမ့်မည်။ ထိုသတင်းသည်လည်း သိပ်မကြာခင် အနီရောင်နှလုံးသားထံသို့ ရောက်ရှိသွားပေလိမ့်မည်။

စုချန်းက စကားဆက်လိုက်ပြန်၏။

"ဒုတိယအမှားကတော့ မင်း ကျုပ်အင်အားကို လျှော့တွက်ထားတာပဲကွ တကယ်တော့ ကျုပ်ရဲ့ ဓားတချက်ကိုတောင် မင်း မခုခံနိုင်ဘူး"

စကားဆုံးသည်နှင့် စုချန်းက တောင်ခွဲဓားကို ဆွဲထုတ်လိုက်၏။

***

All Chapters