← Chapters

လိုက်လံဖမ်းဆီးခြင်း

Vol. 68 Ch. 680

လိုက်လံဖမ်းဆီးခြင်း

Vol. 68 Ch. 680

နတ်ဆိုးအရှင်သခင်အဆင့်သားရဲဖြစ်သည့့် ကြံ့ကြီးအား ရှေးနည်းအတိုင်း အသက်ပျောက်သွားရှာလေပြီ။ ၎င်းကို မြင်သောအခါ လူတိုင်း နဝေတိမ်တောင် ဖြစ်ကုန်၏။

"ရှင်..ရှင်..ဒီကောင်ကြီးကို တကယ်ပဲ သတ်ပစ်လိုက်တာပေါ့"

မည်မျှပင်နမော်နမဲ့နိုင်စေကာမူ စုချန်းတယောက် သားရဲအရှင်သခင်ကြံ့ကြီးအား သတ်ပစ်နိုင်လိုက်သည်ကိုတော့ ကောင်းစွာ နားလည်ထားသေး၏။

"ဒီကောင် ကိုယ့်သေတွင်း ကိုယ်တူးတာကိုး"

စုချန်းက ခံစားချက်မရှိသည့်လေသံနှင့် ဖြေလိုက်သည်။ သူ့လေသံမှာ ၎င်းကို ဂုဏ်ယူစရာဟု ယူဆဟန်မပေါ်။

"ဝေါင်း"

ထိုအခိုက်မှာပင် ကျယ်လောင်လှသော ဟိန်းသံကြီး လေထဲသို့ ပျံ့လွင့်လာ၏။

သင်းခွေချပ်အိုကြီး၏ အသံပင်။

နန်းတော်နှင့် အတော်လေး ဝေးကွာသည့်နေရာသို့ ရောက်နေသည့်တိုင် နန်းတော်ဆီမှ အဝါရောင်အလင်းတန်းများ တိုးထွက်လာကြောင်း စုချန်းတို့ မြင်လိုက်ရ၏။ ထိုအလင်းတန်းသည် စုချန်းတို့ဆီသို့ တည့်တည့်မတ်မတ်ပင် ဦးတည်နေလေသည်။

"သေစမ်း ဒီကောင်တွေ ကျုပ်တို့ကို ရှာတွေ့သွားပြီ"

ချီမင်းဖန် ထိတ်လန့့်တကြားနှင့် ရေရွတ်လိုက်သည်။

အမှန်တကယ်လည်း သူတို့၏ ဆုံမှတ်နေရာသည် နန်းတော်နှင့် အရမ်းကြီး ကွာဝေးသည်ဟု မဆိုနိုင်။ ထိုမျှသာမကသေး ကြံ့ကြီး၏ လုပ်ရပ်ကလည်း သူတို့ရှိနေသည့်နေရာအား ညွှန်ပြသလို ဖြစ်သွားခဲ့ပေပြီ။

သို့သော် စုချန်းကား စိတ်ပူဟန်မတူ။ သူက စိတ်အေးလက်အေးနှင့်ပင် လမင်းစန္ဒာလွန်းပျံယာဥ်အား ဆွဲထုတ်လိုက်သည်။

"ဟာ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ပဲ"

ထိုအခါကျမှ စုချန်းတယောက် အဘယ်ကြောင့် စိတ်အေးလက်အေးရှိနေမှန်း ချီမင်းဖန် သဘောပေါက်သွားတော့သည်။

ထိုအခိုက်မှာပင် စုချန်းက ပြောလိုက်၏။

"သယ်ယူပို့ဆောင်ရေးစရိတ်က မူလကျောက်တုံး၆၀မီလျံကျသင့်မယ်"

"မင်း လာနောက်နေတာလား"

ချီမင်းဖန် ထိတ်လန့်သွား၏။ တဆက်တည်းမှာပင် ဒေါသထွက်လာ၏။

"ကျုပ် နောက်နေတာ မဟုတ်ဘူး"

စုချန်း၏ အသံမှာ အေးစက်တင်းမာနေ၏။

စုချန်း၏ အသံကို နားထောင်သည်နှင့် အခြေအနေကို ချီမင်းင်းဖန် နားလည်သဘောပေါက်သွားလေသည်။

သစ္စာဖောက်သူ မည်သူမဆို တန်ရာတန်ကြေးတော့ ပေးရမည်သာ။ ဟေးစုသည် သူ့သစ္စာဖောက်မှုအတွက် တန်ရာတန်ကြေးအဖြစ် အသက်ကို ပေးခဲ့ရ၏။ လျှို့ဝှက်ခန်းအတွင်း ချီမင်းဖန်အပေါ် စုချန်းး၏ လုပ်ရပ်သည် သတိပေးရုံမျှသာ ဖြစ်သည်။ ယခုတော့ ထိုတန်ရာတန်ကြေးကို သူ မဖြစ်မနေ ပေးရပေတော့မည်။

"ကောင်းပြီလေ ကျုပ် ပေးနိုင်ပါတယ်"

ထိုအခါကျမှ ချီမင်းဖန်အား လွန်းပျံယာဥ်ပေါ်သို့ စုချန်း တက်ခွင့်ပြုလိုက်၏။

မူလကျောက်တုံး၆၀မီလျံလောက်ကို ချီမင်းဖန် ဂရုမစိုက်နိုင်တော့။ သူသည် အမှားလုပ်မိပြီဖြစ်၍ ပြန်ပေးဆပ်ရတော့မည်သာ။ သို့တိုင်အောင် သူ့ပြစ်ဒဏ်မှာ အတော်လေး ပေါ့လျော့နေသေးသည်ဟု ချီမင်းင်းဖန်က ခံယူထား၏။ စုချန်းသာ တကယ်တမ်း သူ့ကို သတ်ချင်ပါက သူ သေသွားနိုင်ဟု သူ ယုံကြည်ထားသည် မဟုတ်ပါလား။

ထိုအချိန်တွင် အဝေးဆီမှ အဝါရောင်ပုံရိပ်သည် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်၍ သင်းခွေချပ်အိုကြီး၏ ပုံသဏ္ဍာန် ပို၍ ပေါ်လွင်လာ၏။ စုချန်းတို့ကို မြင်သည်နှင့် ၎င်းက ပါးစပ်ကိုဟလိုက်ရာ ကြမ်းတမ်းသောအေးစက်စက် လေစီးကြောင်းတခု ကောင်းကင်ဆီသို့ တိုးထွက်သွားတော့သည်။

စုချန်းတို့၏ လွန်းပျံယာဥ်သည်လည်း ထိုခနမှာပင် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး လေထဲသို့ စွေ့ခနဲ ပျံတက်ကာ အဝေးသို့ ရောက်ရှိသွားတော့သည်။

"မင်းတို့ ပြေးမလွတ်စေရဘူး"

သင်းခွေချပ်ကြီး၏ အော်သံသည် ဝန်းကျင်တခုလုံး လေပြင်းများ တိုက်ခတ်ကုန်၏။

အော်သံနှင့်အတူ မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါကုန်ပြီး အမျိုးမျိုးသော ကျောက်သားကျောက်စိုင်များ မိုးပေါ်သို့ ပျံတက်လာကုန်သည်။ အနီးအနားရှိ တောင်ပူစာငယ်များသည်ပင် အက်ကွဲကုန်ပြီး ကျောက်တုံးကျောက်သားများ မိုးပေါ်တွင် ပလူပျံကုန်တော့၏။ တချို့ကျောက်တုံးများမှာ အိမ်တလုံးစားခန့်ပင် ကြီးမားပြီး ကောင်းကင်တခွင်လုံး ကျောက်တုံးများနှင့်သာ ပြည့်နှက်ကုန်တော့သည်။

တနည်းအားဖြင့် ၎င်းသည် ဥက္ကခဲများ ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး ဥက္ကမိုးများ ပြန်လည်ရွာချလိုက်သည်နှင့်ပင် တူနေသေးတော့၏။

ထိုအခါ စုချန်းတို့၏ လွန်းပျံယာဥ်သည် အဆိုပါ ဥက္ကမိုးအား ဖြတ်သန်းမောင်းနှင်ရသည့် အနေအထားသို့ ဆိုက်ရောက်သွားတော့သည်။

"အောက်မှာ အောက်မှာ သတိထား"

ညတစ္ဆေနှင့် ချီမင်းင်းဖန်တို့ ပြိုင်တူ ထအော်လိုက်ကြသည်။

"စိတ်မပူစမ်းပါနဲ့လေ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။ လွန်းပျံယာဥ်သည်လည်း ၉၀ဒီဂရီအနေအထားသို့ ပြောင်းလဲသွားပြီး ကျောက်တုံးကြီးနှစ်တုံးကြားမှ ဖြတ်သန်းမောင်းနှင်သွား၏။ ထိုအခါ ကျောက်တုံးနှစ်တုံးသည် အချင်းချင်း ပြန်တိုက်မိပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တော့သည်။

သိပ်မကြာမီ နောက်ထပ် ကျောက်တုံးအုပ်ကြီးတအုပ် ပြန်ပေါ်လာပြန်၏။ ဤတကြိမ်ကား စုချန်းတို့၏ ရှေ့မှောက်တွင် ဖြစ်သည်။

စုချန်းလည်း ယာဥ်ပျံကို အပေါ်သို့ ထောင်တက်ပြီး ကျောက်တုံးကြီးများအား ရှောင်တိမ်းလိုက်၏။ သို့တိုင်အောင် ကျောက်တုံးတတုံးနှင့် အဖျားခတ်မိသွားပြီး ယာဥ်ပျံသည် လေထဲတွင် ချာချာလည်နေတော့သည်။

"သွားပြီ ပျက်ကြတော့မယ်"

ညတစ္ဆေတို့နှစ်ယောက်လည်း ပြိုင်တူ အော်လိုက်ကြပြန်၏။

"စိတ်မပူစမ်းပါလဲလေ ဒီယာဥ်က ဒီလောက်လွယ်လွယ်နဲ့ ပျက်မကျပါဘူး"

စုချန်း၏ စကားအတိုင်းသည် ယာဥ်ပျံသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိသွား၏။

သိပ်မကြာမီ ပို၍များပြားသော ကျောက်သားကျောက်စိုင်များ ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြန်၏။ စုချန်း၏ လွန်းပျံယာဥ်သည်ကား ကျောက်တုံးမုန်တိုင်းအတွင်း ထိုးဖောက်ပျံသန်းနေလေသည်။ စုချန်းသည် ရှောင်နိုင်ဖွယ်ရာအနေအထားရှိသော ကျောက်တုံးဆိုလျင် ရှောင်လိုက်၏။ မရှောင်နိုင်လျင်တော့ အဆိုပါ ကျောက်တုံးကို ယာဥ်ပျံဦးနှင့် ထိုးခွဲလိုက်လေသည်။

တကယ်တော့ လမင်းစန္ဒာလွန်းပျံယာဥ်သည် အလွန်မြန်သည့်တိုင်အောင် ခံနိုင်ရည်ကတော့ သိပ်ရှိလှသည်မဟုတ်။ ၎င်းတွင် ကာကွယ်ရေးစနစ်များ ပါဝင်နေသည့်တိုင် ကျောက်တုံးများ၏ အကြိမ်ကြိမ်ရိုက်ခတ်မှုကြောင့် ယာဥ်ပျံမှာ ပျက်စီးစပြုလာတော့သည်။

သင်းခွေချပ်ကြီးသည် စုချန်းတို့နောက်သို့ မြေပြင်မှပင် လိုက်ပါလာ၏။ ထိုသို့ပြေးလိုက်နေရခြင်းမှာ သူ မပျံနိုင်၍ မဟုတ်။ သူ၏ ပျံသန်းနှုန်းက အတော်လေး နှေးကွေးနေသောကြောင့်ပင်။ ထို့ပြင် မြေပြင်မှ လိုက်ခြင်းဖြင့် ပထဝီမူလစွမ်းအင်ကို သူ အလွယ်တကူ ထုတ်သုံးနိုင်သည် မဟုတ်ပါလား။

သင်းခွေးချပ်ကြီး ပြေးလိုက်လာသည်နှင့်အမျှ သူ့ရှေ့မှ ကျောက်သား​ကျောက်စိုင်များ ကောင်းကင်ပေါ်သို့ တဝုန်းဝုန်းနှင့် ပျံတက်ကုန်ကြလေသည်။

ထိုအခါ ကောင်းကင်နှင့်မြေကြီးသည် အပေါ်အောက် ရိုက်ခတ်နေသည်နှင့် တူနေ၏။ ကျောက်တုံးကြီးများသည် ကောင်းကင်ပေါ်သို့ တဖွဲဖွဲ ပျံတက်ကုန်ပြီး တဝုန်းဝုန်းနှင့် ပြန်လည်ပြုတ်ကျလာကြလေသည်။ လမင်းစန္ဒာယာဥ်သည်ကား သမုုဒ္ဒရာ၏ အလယ်တွင်ရောက်ရှိနေသော လှေငယ်နှင့် တူနေ၏။ လှိုင်းကြမ်းများ ပုတ်ခတ်ခြင်းခံနေရသည့်တိုင် ယခုတိုင် နစ်မြုပ်ခြင်းမရှိသေး။

"သူ ကျွန်မတို့ကို မှီတော့မယ်"

ညတစ္ဆေ ကြောက်အားလန့်အားနှင့် ထအော်လိုက်သည်။

စုချန်း နောက်သို့လှည့်ကြည့်လိုက်၏။ အမှန်တကယ်လည်း သင်းခွေချပ်ကြီးကား နီးသထက် နီးလာခဲ့ပေပြီ။

"မဆိုးဘူး လိုက်တာတော်သားပဲ"

စုချန်းက အေးတိအေးစက်နိုင်သော လေသံနှင့် ရေရွတ်လိုက်သည်။

ထို့နောက် သူက ယာဥ်ပျံကို လမ်းကြောင်းပြောင်းလိုက်၏။ ယာဥ်ပျံသည် စုချန်းဦးတည်ရာအရပ်ဆီသို့ အရှိန်နှင့် တိုးထွက်သွားလေသည်။

စုချန်းတို့၏ ရှေ့တွင်ကား တောင်ကြောကြီးသည် အတားအဆီးတခုပမာ ပိတ်ဆို့နေ၏။

သင်းခွေချပ်ကြီးသည် ခေါင်းမော့ကာ စူးရှသောအသံနှင့် အော်ဟစ်လိုက်ပြန်၏။ အော်သံကြောင့် တောင်ကြော၏ အပေါ်ယံအလွှာများ အက်ကွဲကုန်ပြီး အတွင်းရှိ သတ္တုရိုင်းအလွှာ ဘွားခနဲ ပေါ်လာလေသည်။ ​ထူထည်းလှသော သတ္တုလွှာကြီးကိုတော့ သင်းခွေချပ်ကြီး လေပေါ်မြောက်တက်အောင် မစွမ်းဆောင်နိုင်ဆောင်နိုင်ရှာ။ ထိုအခါ သူသည် အရှိန်မသတ်နိုင်တော့ပဲ သတ္တုလွှာကို ဦးခေါင်းနှင့် ဝင်ဆောင့်မိတော့၏။

ပြင်းထန်သော အရှိန်ကြောင့် သင်းခွေချပ်ကြီး၏ တကိုယ်လုံး သတ္တုလွှာအတွင်းသို့ နစ်မြုပ်သွားတော့သည်။

သင်းခွေချပ်ကြီး၏ အဖြစ်ကိုကြည့်ရင်း စုချန်း ရေရွတ်လိုက်သည်။

"နုံအလိုက်တဲ့ကောင်"

ထိုအချိန်သည် စုချန်းသည် လွန်းပျံယာဥ်အား လမ်းကြောင်းပြောင်းကာ မောင်းနှင်လိုက်ပြန်၏။

သတ္တာလွှာအတွင်းမှ သင်းခွေချပ်ကြီး ခုန်ထွက်လာချိန်တွင် လွန်းပျံယာဥ်၏ အစအနကိုပင် မတွေ့ရတော့။ သင်းခွေချပ်ကြီး သွေးများ ပွက်ခနဲ အန်ထုတ်လိုက်သည်။ ထိုအခါ သွေးများထဲတွင် မျက်လုံးတလုံး၏ ပုံရိပ်ထင်ဟပ်လာ၏။ မျက်လုံးထဲတွင် စုချန်းတို့၏ယာဥ်ပျံ လမ်းကြောင်းပြောင်းသွားကြောင်း အတိုင်းသား မြင်နေရလေသည်။

"ခွေးမသား ပြေးလို့လွတ်မယ် ထင်နေတယ်ပေါ့"

သင်းခွေချပ်ကြီး အံကြိတ်ရင်း ကျုံးဝါးလိုက်သည်။

ထို့နောက် သူသည် တောင်ထိပ်ပေါ်သို့ ပြေးတက်ပြီး ကောင်းကင်ကိုမော့ကာ အော်လိုက်၏။

"ရွှေတောင်ပံမျိုးစိတ် အနီရောင်နှလုံးသားရဲ့တော်ဝင်ကျေးကျွန်ဖြစ်တဲ့ကျုပ် မင်းကို ဆင့်ခေါ်တယ်"

အော်သံနှင့် မရှေးမနှောင်းမှာပင် စူးရှသောအသံများ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းများ နိမ့်ကျလာ၏။ ရွှေတောင်ပံသိမ်းငှက်များပေတည်း။

"သစ္စာဖောက်တကောင်ဟာ အရှင်မင်းကြီးရဲ့ ရတနာတွေကို ခိုးယူသွားတယ် လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက အရှင်မင်းကြီးအပေါ် မင်းတို့ရဲ့ကျမ်းကျိန်ချက်အတိုင်း ဒီသစ္စာဖောက်နောက်က်ိုလိုက်ပြီး သူ့လက်ထဲက ရတနာမှန်သမျှကို မင်းတို့အနေနဲ့ ပြန်ယူလာစေချင်တယ် ဒါပြီးရင် မင်းတို့ လွတ်လပ်စေရမယ်လို့ ကျုပ် ကတိပေးတယ်"

ကြီးမားလှသော ရွှေရောင်သိမ်းငှက်ကြီးက အတောင်တဖြတ်ဖြတ်ခတ်ရင်း ပြန်ပြောလိုက်သည်။

"မင်းဟာ အနီရောင်နှလုံးသားမဟုတ်ဘူး ဒါကြောင့် ကျုပ်တို့ကို အမိန့်ပေးခွင့်မရှိဘူး ကျမ်းကျိန်ချက်အတိုင်း ဖြစ်စေရမယ်လို့လဲ ကတိပေးခွင့်မရှိဘူး"

"ကျုပ်အသက်နဲ့ရင်းပြီး ကျိန်...."

"မဟုတ်ဘူး ခုချိန်က မင်းအသက်အကြောင်းကို ပြောရမဲ့အချိန်မဟုတ်ဘူး သေခြင်းအကြောင်းကို ပြောရမဲ့အချိန် ဘာတွေဖြစ်ကုန်သလဲ ကျုပ် မသိဘူးလို့များ မင်း ထင်နေသလား မင်းဟာ မင်းသခင်ရဲ့ ရတနာတွေကို ဆုံးရှုံးလိုက်ရပြီ မင်း သေလိုက်တာဟာ မင်းသခင်ကို အကောင်းဆုံး တောင်းပန်ခြင်းပဲ မင်း ကိုယ့်အသက်ကိုတောင် မပိုင်တော့ဘူး ကိုယ့်အသက်ကိုယ်တောင်မပိုင်တဲ့ကောင်က ကျုပ်တို့ရဲ့လွတ်လပ်ခွင့်ကို ပြောနေစရာလား အနီရောင်နှလုံးသားက ကျုပ်တို့ကို တကြိမ် လှည့်စားသွားပြီးပြီ ကျုပ်တို့ ထပ်ပြီးလှည့်စားမခံတော့ဘူး"

စကားဆုံးသည်နှင့် ရွှေတောင်ပံသိမ်းငှက်ခေါင်းဆောင်သည် သူ့လက်အောက်ငယ်သားများနှင့်အတူ ကောင်းကင်ဆီသို့ ပျံသန်းပျောက်ကွယ်သွား၏။

"မဟုတ်ဘူး"

သင်းခွေချပ်ကြီး စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်လိုက်သည်။

ထို့နောက် သနားစရာ သင်းခွေချပ်အိုကြီးသည် အရှေ့အရပ်ဆီသို့ မျက်နှာပြုကာ ဒူးထောက်ရင်း အောက်ပါအတိုင်း ရေရွတ်လိုက်၏။

"အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကြောင့် ရတနာတွေကို ဆုံးရှုံးလိုက်ရပါပြီ ဒီပြစ်မှုအတွက် ကျွန်တော်မျိုး သေသင့်ပါတယ်"

ထို့နောက် ၎င်း၏ စိတ်ဝိညာဥ်စွမ်းအားများအားလုံးသည် အချက်ပေးလှိုင်းတခုအဖြစ် လေထဲသို့ ပျံ့လွင့်သွားတော့သည်။ သတင်းစကားသည် သတ်ဖြတ်သူနယ်မြေတွင် တိုက်ပွဲဝင်နေသော အနီရောင်နှလုံးသားဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်သွားပေလိမ့်မည်။

ပြုဖွယ်ရှိသည်တို့ကို ပြုပြီးသည်နှင့် သင်းခွေချပ်အိုကြီးသည် မြေကြီးပေါ်သို့ ခွေခနဲ လဲကျအသက်ပျောက်သွားတော့၏။

***

All Chapters