ပို၍ခက်ခဲလာသော
Vol. 69 Ch. 690
ရွှေနက်မြို့ပြင်ရှိ စမ်းချောင်းငယ်တခုတွင် စုချန်းတယောက် ငါးထိုင်မျှားလျက်ရှိလေသည်။
မည်သည့် ငါးစာမှမပါသော ငါးမျှားချိတ်သည် ရေပေါ်တွင် ပေါလောပေါ်လျက်ရှိ၏။ သိပ်မကြာမီ ငါးတကောင်သည် ငါးမျှားချိတ်ကို လာဟပ်ပြီး ယက်ကန်ယက်ကန်ဖြစ်လျက်ရှိလေသည်။
သို့သော် စုချန်းသည် ငါးမျှားတံကို ပြန်ရုတ်ခြင်းမရှိပဲ ရုန်းကန်နေသောငါးကိုသာ အတိုင်းသား ငေးကြည့်နေ၏။
"မင်း ငါးမျှားတံကို မဆွဲဘူးဆိုရင် အဲဒီငါး လွတ်သွားလိမ့်မယ်"
တောအုပ်အတွင်းမှ လမ်းလျှောက်ထွက်လာသော ဒန်ဘာက ပြောလိုက်၏။
စုချန်းက ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့ ကျုပ်က ဒီငါးကို ချက်စားဖို့ မျှားနေတာမှ မဟုတ်ပဲ သူ အသက်ရှင်ဖို့အတွက် ရုန်းကန်နေတာကို ကြည့်ချင်လို့ မျှားတာ"
စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ငါးသည် စမ်းချောင်းထဲသို့ ပြန်ရောက်သွားလေသည်။
သို့သော် ထိုငါးသည် အဝေးသို့ ကူးခတ်သွားခြင်းမရှိပဲ ငါးမျှားချိတ်တွင် ဆွဲဆောင်မှုတစုံတရာ ရှိနေသည့်ပမာ ၎င်းကို ဝိုင်းပတ်ကူးခတ်နေ၏။
၎င်းကိုကြည့်ရင်း ဒန်ဘာ ပါးစပ်ပိတ်သွားလေသည်။
အတန်ကြာမှ သူက ပြောလိုက်သည်။
"ဒီတော့ မင်းမျက်လုံးထဲမှာလဲ ကျုပ်က အတုအယောင်ငါးစာနဲ့ အမျှားခံနေရတဲ့ ဒီငါးနဲ့ အတူတူပဲပေါ့လေ"
"မတူဘူး မင်းက ဒီလိုသုံးစားမရတဲ့ငါးထက် အများကြီးသာပါတယ် အနည်းဆုံးတော့ မင်းကိုကျုပ်ပေးတဲ့ငါးစာက အစစ်လေကွာ"
ထို့နောက် သူက ငါးမျှားတံကို ပြန်သိမ်းလိုက်၏။ ထိုအခါကျမှ ငါးလည်း စိတ်ပျက်သွားဟန်ဖြင့် အဝေးသို့ ကူးခတ်သွားတော့၏။
"အမှန်အတိုင်းပြောရရင်တော့ မင်း ပေးတာ မလုံလောက်ဘူးကွ ကျုပ် မင်းရဲ့နည်းစနစ်ကို စစ်ဆေးပြီးသွားပြီ မင်းပေးတဲ့ နည်းစနစ်ဟာ သတ်ဖြတ်သူတွေ မူလစွမ်းအင်ကို အာရုံခံနိုင်လာအောင် ကူညီပေးနိုင်တာတော့ မှန်တယ် ဒါပေမဲ့ သူ့မှာ အားနည်းချက်ကြီးနှစ်ခုရှိတယ် ပထမအားနည်းချက်က ဒီနည်းလမ်းအတွက် ဆေးဝါးအထောက်အပံ့လိုတယ် ဒုတ်ိယအားနည်းချက်ကတော့ ဒီနည်းလမ်းဟာ ဘုရားကျောင်းစစ်သည်တော်တွေအတွက် အသုံးမတည့်တာပဲ ဒါကို မင်း ဘယ်လိုပြောမလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဒီအားနည်းချက်တွေကို မင်း တကယ်ကြီး ဂရုစိုက်လိမ့်မယ်လို့ ကျုပ်တော့ တယ်မထင်လှဘူး သတ်ဖြတ်သူတွေ နှစ်ပေါင်းသောင်းချီအောင် မဖြေရှင်းနိုင်ခဲ့တဲ့ ပြသနာကို ဖြေရှင်းဖို့ဆိုတာ လွယ်မှမလွယ်ပဲကွ ပြီးတော့ ဒီနည်းလမ်းအတွက် ဆေးဝါးအကူအညီကို ယူတာဟာ အရိုးရှင်းဆုံးနည်းလမ်းပဲ မင်းရည်မှန်းတဲ့အရာကို ရပြီဆိုရင် လုံလောက်နေပြီပဲလေ ဘာကြောင့် တခြားဟာတွေကို အာရုံစိုက်နေတာတုန်း ပြီးတော့ ကျုပ် လိုချင်တာကို မင်း ပေးတာနဲ့ ဆေးဖော်စပ်နည်းကို မင်းလက်ထဲ ကျုပ် ထည့်ပေးလိုက်မယ်"
"ဒါဆို ဒုတ်ိယအားနည်းချက်ကိုရော မင်း ဘယ်လိုရှင်းပြမလဲ"
ဒန်ဘာက မေးလိုက်ပြန်၏။ ဒုတိယအားနည်းချက်သည် သူ့အတွက် အလွန်အရေးကြီးနေသည် မဟုတ်ပါလား။
စုချန်းက ပြန်ဖြေလိုက်သည်။
"ဒီနည်းစနစ်ဟာ ဘုရားကျောင်းစစ်သည်တော်တွေအတွက် အသုံးမကျဘူး ဒါ မှန်ပါတယ် တကယ်လို့ ဒီနည်းစနစ်သာ ဘုရားကျောင်းစစ်သည်တော်တွေအတွက် အသုံးကျနေရင်လဲ သူတို့ဟာ ဘုရားကျောင်းကို ခြောက်ကြိမ်ဖြတ်သန်း(နှစ်ခြင်းခံ)တဲ့ အဆင့်ကို ကျော်ကုန်လိမ့်မယ် မင်း စဥ်းစားနေတာကို မေ့လိုက်စမ်းပါ ဒန်ဘာ ကျုပ် ဒါကို လောလောဆယ် မလုပ်ပေးနိုင်ဘူး လုပ်ပေးနိုင်ရင်လဲ ဒီကန့်သတ်ချက်ကို ကျုပ် ဘယ်တော့မှ ချိုးဖျက်မှာ မဟုတ်ဘူး ဒီနည်းစနစ်ဟာ သတ်ဖြတ်သူမျိုးစိတ်ကို ချီစုဆောင်းခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်အောင် ကူညီပေးလိမ့်မယ် ဒါပေမဲ့ ချီစုဆောင်းခြင်းနယ်ပယ်ကို ရောက်ပြီးသူတွေ ဒီနယ်ပယ်ကို ကျော်လွန်ပြီးသူတွေ ဒီနည်းစနစ်ကို ဆက်ပြီးလေ့ကျင့်လို့ မရဘူး ပြီးတော့ တခုရှိသေးတယ်ကွ ဒီနည်းစနစ်ကို သုံးပြီး ချီစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်သွားနိုင်တဲ့ သတ်ဖြတ်သူတယောက်ဟာ ဘုရားကျောင်းကို တကြိမ်ဖြတ်သန်း(နှစ်ခြင်းခံ)ဖူးတဲ့ ဘုရားကျောင်းစစ်သည်တော်တဦးနဲ့ အဆင့်ချင်းသွားတူလိမ့်မယ် ဒါကြောင့် နောက်နောင်မှာ မင်းတို့မျိုးစိတ်ဝင်အများစုဟာ ဘုရားကျောင်းကို ဖြတ်သန်းဖို့ သိပ်မလိုတော့ဘူးပေါ့ကွာ သေချာတာကတော့ သတ်ဖြတ်သူတွေ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ကို ကျော်လွန်သွားနိုင်မဲ့ နည်းလမ်းမျိုးကို ကျုပ် ဘယ်တော့မှ ဖန်တီးဖြစ်မှာ မဟုတ်ဘူး"
"လက်စသတ်တော့ အဲဒီလိုကိုး"
ပြောသာပြောလိုက်သည်။ ဒန်ဘာ၏ ပုံစံမှာ စုချန်း၏ တုံ့ပြန်မှုကို အနည်းငယ်မှ အံ့သြဟန်မတူ။
ဘုရားကျောင်းစစ်သည်တဦးသာ စုချန်း၏ နည်းလမ်းကို အသုံးပြုနိုင်ပါက ၎င်း၏ အင်အားသည် လက်ရှိ အကန့်အသတ်ကို ကျော်လွန်သွားနိုင်၏။ ထိုလုပ်ရပ်မျိုးကို စုချန်း ဘယ်တော့မှ မလုပ်။
"တကယ်လို့ အဲဒီနည်းလမ်းက သတ်ဖြတ်သူတိုင်း သုံးလို့မရတဲ့ နည်းလမ်းမျိုးဆိုရင်ကောကွာ"
ဒန်ဘာ၏ မေးခွန်းကြောင့် စုချန်း အံ့သြသွား၏။
"မင်း ဘာကိုဆိုလိုတာလဲ"
ဒန်ဘာ လမ်းလျှောက်လာပြီး စုချန်း၏ ဘေးနားတွင် ထိုင်ချလိုက်သည်။
"မင်း ဘာကိုလိုချင်နေမှန်း ကျုပ်သိတယ် စုချန်း ဒါပေမဲ့ မင်းလိုချင်တဲ့အရာကို ကျုပ် ဘယ်တော့မှ ရအောင်မစွမ်းဆောင်နိုင်ဘူးဆိုတာကိုကော မင်း တွေးမိရဲ့လား အနည်းဆုံး နောက်ထပ် နှစ်ရာနဲ့ချီရင်တောင် မင်းလိုချင်တဲ့အရာကို ကျုပ် ရအောင်ယူပေးနိုင်မှာ မဟုတ်ဘူး"
"နောက်ထပ် နှစ်ရာနဲ့ချီရင်တောင်"
စုချန်း တီးတိုးရေရွတ်လိုက်သည်။ ပြီမှ တစုံတခုကို စဥ်းစားမိသွားပြီး သူက မေးလိုက်၏။
"မင်း ဆိုလိုတာ"
"အင်အားကွ စုချန်း ကျုပ်ရဲ့အင်အား ခေါင်းဆောင်ကြီးတယောက်ရဲ့ ခွန်အား ဒီကမ္ဘာမှာ အင်အားသာ အခရာကျတယ်ဆိုတာ မင်း နားလည်သင့်တယ် ဦးနှောက် ဘယ်လောက်ကောင်းကောင်း မပြည့်စုံနိုင်ဘူးကွ"
ဒန်ဘာ၏ စကားမှာ အပြည့်အဝ မှန်ကန်ပေ၏။ သင်သည် မည်မျှပင် ဦးနှောက်ကောင်းစေကာမူ လုံလောက်သော အင်အား မရှိပါက အထွတ်အထိပ်သို့ မရောက်နိုင်။
ဒန်ဘာ၏ ပြသနာမှာကား သူသည် အလွန်အမင်း ငယ်ရွယ်နေခြင်းပင်။ ထို့ကြောင့် သူ့အင်အားသည် လုံလောက်ခြင်းမရှိသေး။ ဒန်ဘာတွင် မည်သည့်သတ်ဖြတ်သူများမှ မပိုင်ဆိုင်သည့် ညဏ်ရည်ညဏ်သွေးမျိုး ရှိနေ၏။ သို့သော် ခွန်အားနည်းပါးနေသေးခြင်းက သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်မှာ အမှန်ပင်။
ဤကမ္ဘာသည် အရာရာကို ခွန်အားနှင့် ဖြေရှင်းကြသော ကမ္ဘာ ဖြစ်သည်။ အသိုက်တခုလုံးအား ထောက်ပံ့ပေးနိုင်သည့် လက်တစုံကို မပိုင်ဆိုင်သေးသ၍ ဒန်ဘာ၏ လမ်းသည် ချောမွေ့လိမ့်မည်မဟုတ်။
ထိုအတွက်ကြောင့်လည်း သူ့ခွန်အား တိုးပွားလာစေရန် ဒန်ဘာ အလွန်အမင်း စိတ်ပါနေခြင်းပင်။
"မူလစွမ်းအင်ကျောင်းတော်ဟာ ဂေါလန်ရဲတိုက်မှာ ရှိတယ် ဒါကြောင့်မို့လို့လဲ မီးလျံအသိုက်ဟာ တခြားအသိုက်တွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တာပဲပေါ့ အသိုက်တခုခုက သူတို့ကို တော်လှန်မဲ့ အရိပ်အယောင်ကို မြင်တာနဲ့ မီးလျံအသိုက်ဟာ အဲဒီအသိုက်ရဲ့ စွမ်းအင်ကျောင်းတော်ကို ဖြတ်သန်းခွင့်ပေးမဲ့ အရေအတွက်ကို လျော့ချပစ်နိုင်တယ် ယုတ်စွအဆုံး ကျောင်းတော်ကို လုံးဝ ဖြတ်သန်းခွင့်မပေးတော့တာမျိုးတောင် လုပ်ပစ်နိုင်တယ်"
ဒန်ဘာက စကားဆက်ပြန်၏။
"ကျုပ်ဟာ မူလစွမ်းအင်ကျောင်းတော်ကို နှစ်ကြိမ်တိုင်တိုင် ဖြတ်သန်း(နှစ်ခြင်းခံ)ပြီးသွားပြီ ဒီအတိုင်းသာဆိုရင် ကျုပ်အနေနဲ့ ခွန်အားတိုးပွားလာဖို့ ဒီလမ်းကြောင်းတခုပဲ အားကိုးစရာရှိတယ် မင်းသာ ကျုပ်ခွန်အားကို တိုးပွားလာအောင် မကူညီနိုင်ဘူးဆိုရင် မင်းလိုချင်တာကို ကျုပ် ဘယ်တော့မှ ယူပေးနိုင်တော့မှာ မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ကျုပ်လုပ်ရပ် ပေါ်သွားတာနဲ့ မူလစွမ်းအင်ကျောင်းတော် ဖြတ်သန်းခွင့်ကို ပိတ်ပင်ခံရတော့မှာမို့လို့ပဲ လက်ရှိ ကျုပ်ရဲ့အင်အားအရ အသိုက်ငယ်တွေလောက်ကိုပဲ သိမ်းပိုက်နိုင်မယ် အလယ်အလတ်အဆင့် အသိုက်တွေကိုတောင် ကျုပ် ရင်မဆိုင်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ အဲဒီအသိုက်ခေါင်းဆောင်တွေနဲ့ ကျုပ် တာကူရှာ မလုပ်နိုင်လို့ပဲ တာကူရှာကိုတော့ မင်း သိမှာပါ အဲဒီနည်းလမ်းနဲ့ပဲ မင်း ကျုပ်တို့ကို အနိုင်ယူသွားသေးတယ်မလား"
စုချန်း ကြက်သေသေသွားလေပြီ။ ဒန်ဘာပြောသည့်ကိစ္စကို သူ တခါမှ မစဥ်းစားဖူး။
စုချန်း၏ အမူအရာကို ကြည့်ပြီး ဒန်ဘာ၏ မျက်နှာတွင် ဝင့့်ကြွားသော အပြုံးတရပ် ပေါ်ပေါက်လာသည်။
"ဘာလဲ ကျုပ်ပြောတာ မင်း မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်မလား ဒါက မင်းမျက်နှာပေါ်မှာ အတိုင်းသား ပေါ်လွင်နေတယ်"
"အိုး"
စုချန်း ပုခုံးတွန့်လိုက်သည်။
"ကျုပ် တွက်ချက်တာ ဒီတခါ လွဲသွားတာ ဝန်ခံပါတယ် ဒီတော့ ကျုပ်သာ မကူညီဘူးဆိုရင် မင်းရဲ့ခွန်အား တိုးမလာတော့လို့ မင်းဘက်က သေချာနေပြီပေါ့"
"သေချာတယ် ကျုပ်အနေနဲ့ အလယ်အလတ်အဆင့်အသိုက်ခေါင်းဆောင်တချို့ကို အရှက်မရှိတဲ့ နည်းလမ်းတွေသုံးပြီး အနိုင်ယူလို့ရတယ် ဒါပေမဲ့ ဒါက ကြာကြာမခံဘူးဆိုတာ မင်း သိဖို့ကောင်းတယ် သတ်ဖြတ်သူတွေရဲ့ ကမ္ဘာမှာ ခွန်အားသည်သာ အခရာပဲ ကျုပ်အနေနဲ့ အဲဒီအသိုက်တွေကို ခနတဖြုတ် ထိန်းချုပ်ဖိနှိပ်ထားလို့ရတယ် ဒါပေမဲ့ ကြာကြာတော့ မထိန်းချုပ်နိုင်ဘူး အဲဒီအတောအတွင်း မင်းက ကျုပ်ပြသနာကို ဖြေရှင်းပေးရလိမ့်မယ်"
"ကျုပ်ဘက်က သေချာတယ်ဆိုတာ မင်း တကယ်သေချာလို့လား"
စုချန်းက မေးလိုက်၏။
"ကျုပ် သေချာနေမှန်း မင်း သေချာသိနေသလိုပဲပေါ့ကွာ"
ဒန်ဘာကလည်း ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးသည် မပြုံးကွဲ ဝါးလုံးကွဲ ရယ်မောလိုက်ကြ၏။
အတန်ကြာမှ စုချန်းက ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ ကျုပ်ဟာ ဘဝတလျှောက်လုံး သူများကို ပရိယာယ်တွေ လှည့်ကွက်တွေနဲ့ ထိန်းချုပ်လာတာ ခုကျမှာ တခြားတယောက်ရဲ့ ထိန်းချုပ်မှုကို ပြန်ခံရတော့တယ် ပြီးတော့ ကျုပ်ကို ထိန်းချုပ်သူက သတ်ဖြတ်သူမျိုးစိတ်ဝင်တယောက်က် ဖြစ်နေတယ်"
"ကျုပ်သာ မဟုတ်ဘူးဆိုရင်လဲ မင်း ဒီထိ ဦးနှောက်ခြောက်ခံပြီး စဥ်းစားနေစရာ လိုပါ့မလားကွာ"
"မင်းမှန်တယ် မင်းသာမဟုတ်ရင် ကျုပ် ဒီလောက်ထိ အားထုတ်နေစရာ မလ်ိုဘူး"
"ဒီတော့ ကျုပ် ပြောတာကို မင်း သဘောတူသလား"
စုချန်း ဘာမှပြန်မပြော။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။
"ဘုရားကျောင်းစစ်သည်တော်တွေ ကျုပ်နည်းစနစ်နဲ့ မသင့်တော်တဲ့ ပြသနာကို ဖြေရှင်းဖို့ဆိုရင် ကျုပ်အနေနဲ့ မူလစွမ်းအင်ကျောင်းတော်အကြောင်းကို ဂဃနဏ နားလည်ဖို့လိုတယ်ကွ"
"မူလစွမ်းအင်ကျောင်းတော်အကြောင်းကို နားလည်ရင် ဒီပြသနာကို မင်း ဖြေရှင်းနိုင်ပြီပေါ့ ဟုတ်လား"
"ရာနှုန်းပြည့်မဟုတ်ပေမဲ့ အတိုင်းအတာတခုအထိတော့ သေချာတယ်"
ထိုအခါ ဒန်ဘာက ချက်ချင်းပင် ပြန်ပြောလိုက်၏။
"ဒါဆိုရင် မင်းကို ဂေါလန်ရဲတိုက်ဆီ ကျုပ် ခေါ်သွားမယ်"
"ဂေါလန်ရဲတိုက် ဟုတ်လား"
"ဟုတ်တယ် မင်းဟာ ကျောက်တုံးပုတ်သင်အသိုက်က သတ်ဖြတ်သူစစ်သည်တဦးလို ပုံပြောင်းနိုင်တယ် ကျောက်တုံးပုတ်သင်အသိုက်ခေါင်းဆောင်ကြီးတဦးအနေနဲ့ ကျုပ်ဆီ သံနဲ့သွေးနိုင်ငံက ဖိတ်ခေါ်ချက်တွေ နှစ်တိုင်း ရောက်လာတတ်တယ် စစ်သည်တချို့ကို ကျုပ်နဲ့အတူခေါ်သွားတာ ပြသနာမရှိလှဘူး ဒီနေရာမှာ မေးစရာရှိတာက...မင်း လိုက်ရဲသလားဆိုတာပဲ"
စကားဆုံးသည်နှင့် ဒန်ဘာ၏ မျက်နှာတွင် လှောင်ပြောင်သော အပြုံးတရပ် ပေါ်ပေါက်လာလေသည်။
***