မျိုးစေ့
Vol. 69 Ch. 685
"ဒီတော့ စုချန်း ပြန်လာပြီပေါ့ ဟုတ်လား"
ပင်မတဲကြီးအတွင်းဝယ် အစီရင်ခံစာများ ဖတ်ရှုနေသော ရှီကိုင်းဟွမ်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"သတ်ဖြတ်သူတွေအတွက် မူလစွမ်းအင် ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတရပ်ကို သုတေသနလုပ်နေတယ် ဟုတ်လား ဒီကောင် ဘာတွေလုပ်နေတာတုန်း"
"သူ့ပုံစံအရဆိုရင် အလှဲဲအလှယ်လုပ်တာပဲ နေမှာပါကွာ"
လီကုံးရှန်က တဟဲဟဲရယ်မောရင်း ပြောလိုက်သည်။
"ခင်ဗျားရဲ့တပည့်ဟာ တကယ်ကို စိတ်ကူးစိတ်သန်းကောင်းပါပေတယ်"
"ဒီတခါတော့ ဘယ်လိုစိတ်ကူးမျိုးတုန်းဟ"
ရှီကိုင်းဟွမ်က မကျေမနပ်နှင့် ပြောလိုက်သည်။
"သတ်ဖြတ်သူတွေအတွက် မူလစွမ်းအင် ထိန်းချုပ်နိုင်မဲ့ နည်းလမ်း တီထွင်ပေးရင် ရန်သူကို အင်အားကြီးမားလာအောင် လုပ်ပေးသလို ဖြစ်သွားမှာပေါ့ ဒါ အတော်ဆိုးတဲ့ စိတ်ကူးပဲကွ"
"စုချန်းရဲ့ စိတ်ကူးစိတ်သန်းကို မင်း မမြင်ဘူးလို့တော့ ဗြောင်မလိမ်နဲ့လေကွာ"
လီကုံးရှန်က ရွဲ့လိုက်လေသည်။
"ခုဆိုရင် မျိုးစိတ်ကြီးငါးစိတ်ဟာ သားရဲတွေနဲ့ ရင်ဆိုင်နေရတယ် ဒီလိုအခြေအနေမှာ သတ်ဖြတ်သူတွေ အင်အားတိုးလာတာဟာ အကျိုးရှိတာပဲကွ ပြီးတော့ ဒီ အလှဲဲအလှယ်သေးသေးလေးက ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက်လဲ အခွင့်အရေး ရလာနိုင်တယ်"
"ဒါဆို ဆိုးကျိုးကော မရှိဘူးလား"
ရှီကိုင်းဟွမ်က မေးလိုက်ပြန်သည်။
"ရှိတယ် လောင်စန်းနိုင်ငံအနေနဲ့ကတော့ ဒါ အကျိုးမရှိနိုင်ဘူး"
လီကုံးရှန်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
မှန်၏။ မျိုးစိတ်ကြီးငါးစိတ်၏ ကံကြမ္မအတွက်ပင် ဖြစ်စေ၊ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အကျိုးအတွင်ပင် ဖြစ်စေ သတ်ဖြတ်သူများနှင့် အလှဲဲအလှယ်လုပ်လိုက်ရခြင်းမှာ ဘာမှ အကျိုးယုတ်စရာမရှိ။
သို့သော် သားရဲကပ်ဆိုးကြီး မလာခင်ကတည်းက မျိုးစိတ်ကြီးငါးစိတ်အကြားတွင် စစ်ပွဲဖြစ်ပွားနေလေရာ လောင်စန်းနိုင်ငံအနေနှင့် ပြင်းထန်သော ဖိအားကို ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။
တနည်းအားဖြင့် စုချန်း၏ အလှဲဲအလှယ်တွင် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် လူသားမျိုးစိတ်သာလျင် အကျိုးရှိမည် ဖြစ်ပြီး လောင်စန်းနိုင်ငံအတွက်တော့ ဘာအကျိုးမှမရှိ။
"ဒါကို ဧကရာဇ်ကြီးသာ သိသွားရင် သူ ဘယ်လိုတွေးမယ်ထင်သလဲ"
ရှီကိုင်းဟွမ်၏ မေးခွန်းပင် ဖြစ်သည်။
"သူ ဘယ်လိုတွေးမလဲတော့ ကျုပ် မသ်ိဘူး ကျုပ်သိတာက စုချန်းသာ မရှိရင် ကျုပ်တို့အားလုံး မြေသြဇာဖြစ်ကုန်ပြီဆိုတာပဲ ပြီးတော့ ဖြည့်စွက်ပြောရရင် ခုဆောင်ရွက်နေတဲ့သုတေသနကို စုချန်းအနေနဲ့ အရင်ကတည်းက ကြိုတွေးထားပြီးသား ဖြစ်ဖို့များတယ် သူ့မှာ အရန်အစီအစဥ် သေချာပေါက်ရှိနေလိမ့်မယ်"
လီကုံးရှန်သည် စုချန်းအား လပိုင်းခန့်သာ တွေ့ရသေး၏။ သို့သော် စုချန်း ဘယ်လ်ိုလူစားမှန်း သူ ကောင်းကောင်းသိထားပြီးလေပြီ။ စုချန်းသည် ခြေတလှမ်းကို မလှမ်းခင် သုံးလှမ်းစာခန့် ကြိုတွေးတတ်သူ ဖြစ်သည်။ သူ့အစီအစဥ်တိုင်းတွင်လည်း အရန်အစီအစဥ်များ ပြုလုပ်ထားတတ်၏။
လီကုံးရှန်၏ စကားကို ကြားသည်နှင့် ရှီကိုင်းဟွမ် သက်ပြင်းချလိုက်သည်။
"ဒါက ကျုပ်တပည့်ရဲ့ တခုတည်းသော မကောင်းတဲ့အမူအကျင့်ပဲ ဒီကောင်ဟာ ညဏ်ကောင်းပြီး လှည့်ကွက်တွေများလွန်းတယ်"
"ဒီလိုကသမ်းကရမ်းကာလကြီးမှာ များများတွေးနိုင်လေ ကောင်းလေပဲဗျ ဒီလိုမှမဟုတ်ရင် ရှေးလူတွေ နှစ်ပေါင်းထောင်ချီအောင် မဖြေရှင်းနိုင်ခဲ့တဲ့ပြသနာတွေကို ကျုပ်တို့ ဘယ်လိုလုပ်ဖြေရှင်းနိုင်မှာလဲ မဟုတ်ဘူးလား"
လီကုံးရှန်က အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားဟာ တော်တော်ကို ပွင့်လင်းပါပေတယ်"
လီကုံးရှန် ရယ်မောရင်း ပြောလိုက်၏။
"ဒီအတိုင်းဆို ကျုပ်တို့ ဟိုကိုပြန်ရောက်ရင် ပြသနာတက်မှာတောင် ကြောက်နေရတယ်"
လီကုံးရှန်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"ခုနေ ပြန်သွားရင်ကော ပြသနာမတက်ဘူးလို့ ခင်ဗျား ထင်နေတာလား"
ထိုစကားကိုကြားသည်နှင့် လီကုံးရှန် နှုတ်ဆိတ်သွားတော့၏။ အချိန်အတော်လေးကြာသွားမှ သူက ပြောလိုက်သည်။
"ကျုပ်ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း ဒီလိုဒုက္ခရောက်ရတာပါ"
မှန်၏။ မီးဟူသည် လောင်စာမရှိလျင် လောင်စရာအကြောင်းမရှိ။ ရှီကိုင်းဟွမ်သည် သွေးဗီဇမလိုသော သွေးဆူပွက်ခြင်းနယ်ပယ်၊ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်များကို ဝင်ရောက်နိုင်သည့် နည်းစနစ်များ တီထွင်ရန် အစပျိုးပေးခဲ့သူ ဖြစ်သည်။ ထိုလုပ်ရပ်သည် လူတချို့အား မခံမရပ်နိုင်အောင် သွေးထိုးသလို ဖြစ်သွားခဲ့ပုံရ၏။ ထိုအကျိုးဆက်ကြောင့်ပင် သူသည် နဂါးကျောင်းတော်မှ ရွှေရေခံတပ်သို့ ပြောင်းရွှေ့ခြင်းခံလိုက်ရ၏။ ထိုအကျိူးဆက်ကြောင့်ပင် သူ တာဝန်ထမ်းဆောင်နေသော ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် သတ်ဖြတ်သူနယ်မြေအတွင်းသို့ဝင်ပြီး ထိုးစစ်ဆင်နွှဲရန် တာဝန်ပေးအပ်ခြင်းခံရ၏။
တနည်းအားဖြင့် ရှီကိုင်းဟွမ်ကား မီးတောက်လောင်ရန် လောင်စာပုံပေးသူ ဖြစ်သည်။ ယခုတော့ သူ့ကြောင့် ရဲဘော်ရဲဘက်များအားလုံး သတ်ဖြတ်သူနယ်မြေထံတွင် ဒုက္ခရောက်နေခဲ့ရလေပြီ။
ထိုအခါ လီကုံးရှန်က ဖြောင်းဖြလိုက်လေသည်။
"ခင်ဗျား ဒီလိုပြောစရာမလ်ိုပါဘူး ခင်ဗျားမှာ ဘာအမှားမှ မရှိဘူး ခုလိုဖြစ်ရတာ လာမဲ့ခေတ်သစ်က်ို မကြိုဆိုချင်တဲ့ လူတချို့ကြောင့်ပါလေ"
"ခေတ်သစ် ဟုတ်လား"
ရှီကိုင်းဟွမ် အံ့သြသွား၏။
"ဟုတ်တယ် မျိုးစေ့က ကြဲပြီးပြီ အပင်ပေါက်ဖို့ပဲ ကျန်တော့တယ် တော်လှန်ရေးကာလက သိပ်မလိုလှတော့ဘူး"
မည်သူ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ခေတ်သစ်တခု၏ နိဒါန်းကား အစပျိုးနေခဲ့လေပြီတည်း။
_________×××______________×××_______________
ဟာရီကိန်းတောင်ကြားတွင် ဖြစ်သည်။
"အသက်ကိုဝအောင်ရှု...နှလုံးသားကိုသုံးပြီး အဲဒါကို ခံစားကြည့် စိတ်ကို ငြိမ်ငြိမ်ထား...မင်းရဲ့ မူလစွမ်းအင်ကို မူလစွမ်းအင်ပင်လယ်ပြင်ထဲ စီးဆင်းသွားပါစေ...မလောနဲ့ မလောနဲ့ ဖြည်းဖြည်းပဲလုပ်"
သံမဏိ၏ အသံသည် ဖြည်းဖြည်းနှင့်မှန်မှန် ထွက်ပေါ်နေ၏။ သူ့အသံမှာ အထူးပင် နွေးထွေးနေလေသည်။ သံမဏိ၏ ဘဝတသက်တာတွင် ယခုလောက် တကြိမ်မှ စကားကို ငြင်သာစွာ မပြောဖူးကြောင်း ကောင်းကင်ဘုံပင် သက်သေခံရလောက်၏။
တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်ကလေးများနှင့် ကြုံတွေ့ချိန်ဝယ် တတ်နိုင်သမျှ နွေးထွေးကြင်နာစွာ ဆက်ဆံခြင်းသည် ၎င်းတို့အား ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းပင် မဟုတ်တုံလော။
"ဦးလေး သံမဏိ အဖေကပြောတယ် ကျွန်တော်တို့ရဲ့ရှိသမျှအင်အားကို မူလစွမ်းအင်ပင်လယ်ပြင် ကျယ်ပြန့်လာအောင် သုံးဖို့လိုသတဲ့"
ဆယ့်နှစ်နှစ်အရွယ်ခန့့် ကလေးတယောက်က်က အထွန့်တက်လိုက်၏။
ထိုကလေး၏ အမည်မှာ မီယေး ဖြစ်သည်။ ဟာရီကိန်းတောင်ကြား မျိုးစိတ်ခေါင်းဆောင် ဟာ့ဒ်လေ၏ သားလေးပင်။
"မင်းအဖေပြောတာ မှားနေတယ်ကွ ကျုပ် ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ မင်း ဒီထက်ပ်ိုပြီး မြန်မြန်ကျင့်ကြံနိုင်လာလိမ့်မယ်"
သံမဏိက ပြုံးရင်း ရှင်းပြလ်ိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် ကြိုးစားကြည့်မယ်"
မီယေးက ခေါင်းညိတ်ရင်း ပြောလိုက်၏။
သိပ်မကြာမီ မီယေး၏ နဖူးပေါ်တွင် ချွေးများသီးလာ၏။ သူ့တကိုယ်လုံးမှာလည်း ယိမ်းယိုင်လာလေသည်။
"ကျွန်တော် ခေါင်းမူးလာပြီဗျ"
"တောင့်ခံထားစမ်းပါ မီယေး ဒီအဆင့်ကို မကျော်လို့မရဘူး မင်း ကျော်ဖြတ်မှကို ရမယ်"
သံမဏိက နှစ်သိမ့်လိုက်၏။
"ကျန်တဲ့သူတွေလဲ မင်းလိုပဲ ခံစားနေကြရတာပဲကွ"
ကလေးတိုင်းသည်လည်း သံမဏ်ိိပြောသည့်အတိုင်း ချွေးများဖြင်ါ ရွှဲရွှဲစိုနေကြ၏။ ၎င်းတို့၏ ကိုယ်ခန္ဓာများမှာလည်း ယိမ်းယိုင်နေကြလေသည်။ သို့သော် ကလေးတိုင်းသည် ခေါင်းမာမာနှင့်ပင် ဆက်လက်လေ့ကျင့်နေကြ၏။
သံမဏိသည် ကလေးများအား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေလေသည်။
ထိုစဥ်...
"ရပ်စမ်း မင်း ဘာလုပ်နေတာလဲ"
အပြင်ဘက်ဆီမှ ဒေါသတကြီး ဟိန်းဟောက်သံတသံံ ထွက်ပေါ်လာ၏။
ဟ့ဒ်လေပေတည်း။
"ကျုပ် သူတို့ကို မူလစွမ်းအင် ဘယ်လိုထိန်းချုပ်ရမလဲ သင်ပေးနေတာလေ ဘာမှားလို့လဲ"
သံမဏိက မတ်တပ်ရပ်ရင်း ပြန်ဖြေလိုက်၏။
"မင်း သင်ပေးတာက မှားနေတယ်ကွ ဒီကလေးတွေ လမ်းမှားရောက်သွားအောင် မင်း ကြံစည်နေတာလား"
"ခင်ဗျားနားလည်မှုလွဲနေပြီ အကြီးအကဲဟာ့ဒ်လေ"
သံမဏိက ရှင်းပြရန် ကြိုးစားလိုက်လေသည်။
"ခင်ဗျားလဲ သိပါတယ် ကျုပ်တို့မျိုးစိတ်ရဲ့ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းက ဘယ်လောက်ထိ နည်းသလဲဆိုတာ ဒီနည်းစနစ်က ကျုပ်သခင် အထူးဖန်တီးထားတဲ့ နည်းစနစ် ဒါနဲ့ဆိုရင် ကျုပ်တို့ရဲ့ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းကို မြင့်မားလာလိမ့်မယ်"
"ဒါဆို ဒီနည်းစနစ်က ကျုပ်တို့ကို အလင်းတုန်ခါခြင်းနယ်ပယ်ထဲရောက်သွားအောင် ကူညီပေးနိုင်သလား"
"ဒီလိုတော့လဲမကူညီနိုင်ဘူး ဒါပေမဲ့ ဒီနည်းစနစ်ကြောင့် ကျုပ်တို့ ပိုပြီးမြန်မြန်ကျင့်ကြံလာနိုင်မယ် အုတ်မြစ်ခိုင်လာမယ် ဒါဆိုရင် အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ နည်းစနစ်တွေကို လေ့ကျင့်ဖို့ လွယ်ကူသွားလိမ့်မယ်"
ဟာ့ဒ်လေ ရယ်မောလိုက်၏။
"ဒါဆိုလဲ ကျုပ်တို့အချိန်တွေက်ို လာမဖြုန်းနဲ့လေကွာ ကျုပ် မင်းပြောတာ နည်းနည်းမှမယုံဘူး ဒီမယ် သံမဏိ ဒီမှာနေရင် ပြသနာမရှာဖို့ ကျုပ် သတိပေးထားတယ် ဒါပေမဲ့ မင်းကိုကြည့်ရတာ ကျုပ်စကားကို နည်းနည်းမှ အလေးအနက်ထားပုံမပေါ်ဘူး"
သံမဏိက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်မေးလိုက်သည်။
"ကျုပ် ဘာတွေများ အမှားလုပ်မိနေလို့လဲ ကျုပ် သူတို့ကို မုန့်ကျွေးတယ် လေ့ကျင့်တဲ့နေရာမှာ မြန်ဆန်အောင် ကူညီပေးတယ် ဒါ ဘာများမှားနေလို့လဲ"
"အကုန်မှားနေတယ်ကွ"
ဟာ့ဒ်လေသည် ပြောရင်းနှင့် ပိုမိုဒေါသထွက်လာ၏။
"မင်းဟာ ကျုပ်တို့ရဲ့ သာယာချမ်းမြေ့တဲ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ ကျုပ်ကိုယ်က မှားသွားတယ် မင်းကို တောင်ကြားထဲ ဝင်ခွင့်မပေးလိုက်သင့်ဘူး မင်းဟာ လူတွေအပေါ် သစ္စာခံထားတဲ့ကောင် မင်းဟာ လာကတည်းကိုက ရည်ရွယ်ချက်မကောင်းဘူး အကြံအစည်တွေနဲ့ ခုလဲ ကျုပ်ကလေးတွေကို မင်း အဆိပ်ခတ်ဖို့ ကြိုးစားနေပြန်ပြီ မရဘူးကွ မရဘူး ဒါမျိုး တွေးတောင်မတွေးမိလေနဲ့ ကဲ ကလေးတွေ လေ့ကျင့်နေတာကိုရပ်ပြီး အကုန်မတ်တပ်ရပ်စမ်း"
ဟာ့ဒ်လေက ကလေးများ လေ့ကျင့်နေသည်ကို ချက်ချင်းပင် ရပ်ခိုင်းလိုက်၏။ သံမဏိ၏ နည်းလမ်းက အလွန်သိမ်မွေ့နေ၍သာ တော်သေးသည်။ သို့မဟုတ်ပါက ကလေးတိုင်း ဒဏ်ရာရကုန်ပေလိမ့်မည်။
ဟာ့ဒ်လေ၏ အမူအရာကို မြင်လိုက်သည့်ခနမှာပင် စုချန်း၏ စကားအား သံမဏိ ပြန်လည်ကြားယောက်လာလေသည်။
"အကြိမ်ရေအတော်များများမှာ မျိုးစိတ်တွေဟာ ကောင်းမှန်းမသိ ဆိုးမှန်းမသိ ဖြစ်နေလေ့ရှိတတ်တယ် ဒါ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ ညဏ်ရည် မရှိကြလို့ပဲ ဒီလိုကောင်တွေနဲ့ တွေ့ရင် မင်း သူတို့ကို အလိုလိုက်နေလို့ လမ်းမှန်ရောက်မှာမဟုတ်ဘူး နည်းနည်းပါးပါး ဖိအားပေးပြီး ခိုင်းသင့်ရင်ခိုင်းရမယ်"
"လူကြီးတယောက်က်က ကလေးတယောက်ကို ဆက်ဆံသလိုမျိုးလား သခင်"
"မှန်တယ် လူကြီးက ကလေးကို ဆက်ဆံသလိုမျိုး"
မတတ်နိုင်။ ယခုလည်း သံမဏ်ိိအနေနှင့် ဖိအားပေးသည့်နည်းလမ်းကို သုံးရပေတော့မည်။
ထိုအခါ သံမဏိက ပြောလိုက်၏။
"ခင်ဗျားပြောတာ မှန်တယ် ကျုပ်ဟာ လူသားတွေရဲ့ ကျေးကျွန်ပဲ ခု ဒီကိုလာတာလဲ ကျုပ်သခင်က ကျုပ်ကို တာဝန်ပေးလိုက်လို့ ကျုပ် လုပ်တဲ့လုပ်ရပ်တိုင်းမှာ ရည်ရွယ်ချက်ရှိတယ်"
ထိုစကားကိုကြားသည်နှင့် ဟာ့ဒ်လေ၏ မျက်နှာ ပြုံးယောင်သန်းသွားသည်။
"မင်း ခုတော့ ဝန်ခံလိုက်ပြီပေါ့ ကျုပ် အစကတည်းက တွေးမိထားပြီးသားပဲ"
သံမဏိ ခေါင်းခါရင်း ပြောလိုက်ပြန်၏။
"ဒါပေမဲ့ ခင်ဗျား မှားနေတာတခုတော့ရှိတယ် ကျုပ်မှာ ဒီအတွက် နည်းလမ်းခုတည်းပဲ ရှိနေတာတော့ မဟုတ်ဘူး"
"ဘာကွ"
ဟာ့ဒ်လေ၏ မျက်နှာသည် ဒေါသယောင်သန်းလာပြန်၏။
သံမဏိကအလွန်အေးဆေးသောအသံနှင့် ပြောလိုက်ပြန်သည်။
"တောင်ရိုးကမ်းပါးတွေဟာ အားနည်းတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျုပ်တို့ဟာ အသက်ရှင်သန်ဖို့ လူသားတွေရဲ့အကာအကွယ်ကို ယူခဲ့ရတယ် ဒါကို မင်း မသ်ိတာတော့ မဖြစ်နိုင်ဘူး လူသားတွေ ကျုပ်တို့ကို အနိုင်ကျင့်တာ မှန်တယ် ဒါပေမဲ့ သူတို့တွေ ကျုပ်တို့ကို ကာကွယ်ပေးခဲ့တာလဲ အမှန်ပဲ ဒီထက်မှန်တာတခုရှိသေးတယ် အဲဒါကဘာလဲဆိုတော့ ကျုပ်တို့မှာ လူသားတွေကို ရင်ဆိုင်နိုင်မဲ့ အင်အားမရှိဘူးဆိုတာပဲ ပြီးတော့ ခင်ဗျား သိထားဖို့က လူသားတွေသာ ကျုပ်တို့ကို ကျွန်ပြုချင်ရင် ကျုပ်တို့ရဲ့ခွင့်ပြူချက်ကို တောင်းနေစရာမလိုဘူးဗျ"
ဟာ့ဒ်လေ၏ မျက်နှာသည် မဲခနဲ ဖြစ်သွား၏။
သံမဏိက စကားဆက်ပြန်သည်။
"ကျုပ်သခင်က ကောင်းကင်မြစ်ရှေးဟောင်းလမ်းကို သုံးချင်တယ် ဒါပေမဲ့ ဒီလိုသုံးလို့ ခင်ဗျားတို့ ဒီလမ်းကို မသုံးရတော့ဘူးလို့ မဆိုလိုဘူး ပြီးတော့ ကျုပ်သခင်သာ ဆန္ဒရှိရင် ခင်ဗျားတို့က်ို ခုလို နူးနူးညံ့ညံ့ ကိုင်တွယ်နေစရာတောင် မလိုလှဘူး"
"ဒီတော့ မင်းက မင်းရဲ့မျိုးစိတ်ဝင်တွေကို အနိုင်ကျင့်ဖို့ လူသားတွေကို ဒီခေါ်လာမယ်ပေါ့ ဟုတ်လား"
သံမဏိ ခေါင်းခါလိုက်သည်။
"ဒီလိုမလုပ်ပါဘူး လုပ်စရာလဲမလိုဘူး ဒီမယ် အကြီးအကဲဟာ့ဒ်လေ ကျုပ် ခင်ဗျားရဲ့ရာထူးကို လေးစားပါတယ် လေးစားလို့လဲ ခုလို သိမ်မွေ့တဲ့နည်းလမ်းကို သုံးဖို့ကြိုးစားနေတာပေါ့ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ခင်ဗျားဟာ ကျုပ် ပြိုင်ဘက် မဟုတ်ဘူးဗျ"
"ဘာကွ"
"ကျုပ် အမှန်အတိုင်းပြောလိုက်တာပဲ ဒါကို ခင်ဗျားလက်မခံရင် ကျုပ်တို့ နည်းလမ်းဟောင်းကြီးအတိုင်း သွားကြတာပေါ့ ကဲ ဟာ့ဒ်လေ ကျုပ် ခင်ဗျားကို အကြီးအကဲနေရာအတွက် စိန်ခေါ်တယ်ဗျာ"
သိပ်မကြာမီ မျိုးစိတ်ဝင်များအား ဆင့်ခေါ်သည့်အချက်ပေးမောင်းသံ ထွက်ပေါ်လာ၏။
လှိုဏ်ဂူအပြင်သို့ မထွက်ခင် သံမဏိက မီယေးကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
"ဆက်ပြီး လေ့ကျင့်ထား ကျုပ်ပြန်လာတော့ ကြည့်ပေးမယ်"
"ဟုတ်ကဲ့"
မီယေး တရိုတသေပင် အမိန့်နာခံလိုက်လေသည်။
အပြင်ဘက်ဆီမှ ဆူဆူညံညံအသံများ ထွက်ပေါ်နေ၏။ သို့သော် မီယေး၏ စိတ်အာရုံမှာကား တည်ငြိမ်လျက်ရှိပြီး မူလစွမ်းအင်အပေါ်တွင်သာ အာရုံစူးစိုက်လျက်ရှိသည်။
သိပ်မကြာမီ သံမဏိ ဆိုလိုသည့်အရာအား မီယေး အာရုံခံမိလာ၏။ ထိုအရာသည် အလင်းတန်းတခုသဖွယ် မီယေး၏ ကိုယ်တွင်းဝယ် လှည့်ပတ်လျက်ရှိသည်။
မူလစွမ်းအင်ဆိုတာ ဒါပဲလား...
နောက်ဆုံးတွင် ဖယောင်းတိုင်အား မီးညှိုလိုက်သည့်သဖွယ် မူလစွမ်းအင်ပင်လယ်ပြင်သည် လင်းခနဲ ဖြစ်သွား၏။
"အောင်ပြီကွ"
မီယေး ဝမ်းသာအားရ ထအော်လိုက်သည်။
နောက်ဆုံးတော့ ဦးလေးသံမဏိ မှန်တာပဲ..
ထိုစဥ် အပြင်ဘက်ဆီမှ အသံများ တိတ်ဆိတ်သွား၍ မီယေး ဂူဝသို့ လှမ်းကြည့်လိုက်သည်။
လှိုဏ်ဂူအဝတွင်တော့ သံမဏိတယောက် မတ်တပ်ရပ်လျက် ရှိလေ၏။
***