တိုင်းပြည်အတွက် အသက်ပေးသူ
Vol. 69 Ch. 686
ဝုန်း!!! ဝုန်း !!! ဝုန်း!!!
ကြမ်းတမ်းသော အားလှိုင်းများ မြေကြီးကို အတွဲလိုက်ရိုက်ခတ်သွားပြီး မဟာပထဝီမြေကြီးသည် ပင့်ကူအိမ်ပမာ အက်ကွဲကုန်၏။
အားကောင်းလှသော ဓားချက်သည် မြန်ဆန်လှသည့်အရှိန်အဟုန်နှင့် ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာပြီး မြေပြင်တွင် အက်ကွဲရာများ ထင်ကုန်တော့သည်။
အဆိုပါ အက်ကွဲရာများသည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလိမ့်မည်သာ။ သို့သော် အဆိုပါ ဓားကွက်များသည် ကြောက်စရာကောင်းလှပြီး အင်အားပြင်းထန်သည်မှာတော့ ယုံမှားသံသယဖြစ်စရာမရှိချေ။
မြင်မြင်သမျှနေရာတိုင်းတွင်တော့ နတ်ဆိုးသားရဲများသည် အရှိန်ပြင်းပြင်းနှင့် ရွေ့လျားနေပြီး တွေ့သမျှအရာတိုင်းအား ပါးစပ်ထဲသို့ ကောက်ထည့်နေကြလေသည်။
၎င်းတို့၏ ရှေ့တူရူ တောင်ထိပ်ပေါ်တွင်တော့ ကြီးမားသော အနက်ရောင်ရဲတိုက်ကြီးတဆောင် တည်နေ၏။
သတ်ဖြတ်သူစစ်သည်အများအပြားသည်လည်း တောင်ထိပ်တွင် စုဝေးကာ သားရဲများ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား ခေါင်းကြောမာမာနှင့် ခုခံလျက်ရှိကြသည်။
ရှေးက ကောင်းကင်ဘုံလက်သီးတပ်ရင်း ရင်ဆိုင်ခဲ့ရသည့် သတ်ဖြတ်သူစစ်သည်များနှင့် မတူသည်မှာကား ယခု စစ်သည်များသည် ပို၍ အားကောင်းကြ၏။ ပို၍ ထိပ်တန်းကျနေ၏။ ၎င်းတို့အားလုံးလိုလိုသည် တူညီသော စစ်သုံးဝတ်စုံများအား ဝတ်ဆင်ထားကြပြီး ၎င်းတို့လက်ထဲတွင်တော့ သံမဏိသစ်နှင့် ပြုလုပ်ထားသည့် လေးကြီးများ၊ အဆိပ်သုတ်လိမ်းထားသည့် သတ္တုမြားတံများအား ကိုင်ဆောင်ထားကြလေသည်။
ရံတိုက်တံတိုင်းများပေါ်တွင်တော့ နတ်ဘုရားကျောင်းတော်၏ ဘုန်းတော်ကြီးများ ရှိနေပြီး တစုံတရာကို ထူးဆန်းသော အသံနေအသံထားနှင့် ရွတ်ဖတ်နေကြလေသည်။ ရွတ်ဖတ်သံထွက်ပေါ်လာတိုင်း သတ်ဖြတ်သူစစ်သည်များ၏ စိတ်ဓာတ်သည် ပိုမိုတက်ကြွလာပုံရ၏။ အင်အားမှာလည်း တိုးပွားလာပုံရ၏။
တံတိုင်းများပေါ်တွင် အနက်နှင့်အနီရောင် ဝတ်စုံများအား ဝတ်ဆင်ထားသည့် သတ်ဖြတ်သူတချို့လဲ ရှိနေ၏။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သတ်ဖြတ်သူများသည် ဓားမောက်ကြီးများအား ကိုင်ဆောင်ထားပြီး ရဲတိုက်တံတိုင်းပေါ်သို့ တက်ရန်ကြိုးစားနေသည့် သားရဲများအား ခုတ်ချပစ်နေလေသည်။ အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် သတ်ဖြတ်သူများကတော့ မိုးကြိုးနှင့်မီးလျံစွမ်းအားလှိုင်းများအား အဆက်မပြတ် ဖော်ထုတ်နေကြ၏။
အနက်ရောင်သတ်ဖြတ်သူများကား ဝိညာဥ်မဲ့များ ဖြစ်ကြပြီး အနီရောင်သတ်ဖြတ်သူများကတော့ ကာကွယ်သူများ ဖြစ်လေသည်။ ၎င်းတို့သည် သတ်ဖြတ်သူမျိုးစိတ်တွင် အထူးရှားပါးပြီး နတ်ဘုရားကျောင်းတော်မှ နှစ်ရှည်လများ ပြုစုပျိုးထောင်ပေးထားကြသူများပင်။
တချီတွင်တော့ အရိုးနတ်ဆရာတဦးသည် အရိုးများအား မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ အရိုးများ ပြုတ်ကျနေသည့်ပုံစံကို ကြည့်ပြီးသည်နှင့် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရန်သူတွေ နောက်က တက်လာပြီ"
ထိုအခါ သတ်ဖြတ်သူခေါင်းဆောင်တဦးသည် သူ့လက်ထဲရှိ ကျွဲချိုအား ကျယ်လောင်စွာ မှုတ်လိုက်၏။ ကျွဲချိုသံ ထွက်ပေါ်လာသည်နှင့် သတ်ဖြတ်သူစစ်သည်များ တညီတညာပင် နောက်သို့ဆုတ်သွားကြသည်။
ထိုအချိန်မှာပင် ရဲတိုက်နောက်ကျော ကောင်းကင်ယံတွင် အဆိပ်ငှက်များ အုပ်လိုက်ကြီး ပေါ်ပေါက်လာလေသည်။ ၎င်းတို့သည် စူးရှသောအသံများဖြင့် အော်ဟစ်ပြီး အောက်သို့ထိုးဆင်းကာ အဆိပ်ရည်များဖြင့် တိုက်ခိုက်လိုက်ကြ၏။ ထိုအချိန်တွင် ရဲတိုက်၏ အကာအကွယ်မှာ ပျက်စီးသွားပြီးဖြစ်၍ အဆိပ်များ ရဲတိုက်ပေါ်သို့ အတားအဆီးမရှိ ကျရောက်လာတော့သည်။
အဆိပ်ရည်ထိမှန်ခံရသည့် သတ်ဖြတ်သူများအဖို့ကား အသားများ ပုတ်ဆွေးကုန်ပြီး ပြင်းထန်လှသော နာကျင်မှုကို ခံစားကြရကုန်၏။
အရိုးနတ်ဆရာဘိုးဘေးသည် ထ်ိုအခြေအနေကို သိ၍ အနာကျက်စေသော အငွေ့များ ပြန်လည်ထုတ်လွှတ်လိုက်သည်။ သို့သော် သူ့လုပ်ရပ်မှာ မီးပုံကြီးအား ရေတခွက်နှင့် ငြိမ်းသတ်ရန် ကြိုးစားသည့်သဖွယ်သာ။ အဆိပ်ရည်ထိမှန်ခြင်းခံရသော စစ်သည်များသည် မြန်မြန်ဆန်ဆန်ပင် အသက်ပျောက်ကုန်ကြ၏။
"မိုးကြိုးမီးလျံဒူးလေးတွေ ပစ်"
အမိန့်သံနှင့်အတူ ကောင်းကင်တွင် မြားများ ပလူပျံသွားတော့၏။
ဤတချီတွင်တော့ အဆိပ်ငှက်များ အထိနာကုန်လေသည်။ မြားထိမှန်ခြင်းခံရသည့် အဆိပ်ငှက်များ တကောင်ပြီးတကောင် ကောင်းကင်ပေါ်မှ ပြုတ်ကျကုန်လေသည်။ နောက်ဆုံးတွင် ကောင်ကင်ပေါ်၌ အဆိပ်ငှက်အနည်းငယ်သာ ကျန်ရစ်လေသည်။
"ဘုရားကျောင်းစစ်သည်အဖွဲ့ တိုက်"
အမိန့်သံထွက်ပေါ်လာသည်နှင့် ကောင်းကင်ဆီသို့ အရိပ်များ တရိပ်ပြီးတရိပ် ထ်ိုးတက်သွား၏။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ဆေးမင်များနှင့် ပြည့်နှက်နေပြီး မူလစွမ်းအင်များ လှုပ်ရှားနေလေသည်။ ဘုရားကျောင်းစစ်သည်များပင်တည်း။
ဘုရားကျောင်းစစ်သည်တော်များ၏ လက်ချက်ကြောင့် နောက်ဆုံးကျန်ရစ်သော အဆိပ်ငှက်များ တကောင်ပြီးတကောင် အတောင်များဆွဲဖြဲခံရကာ အသက်ပျောက်ကုန်ကြ၏။
သို့သော် သတ်ဖြတ်သူများကား အနည်းငယ်မျှပင် ဝမ်းမြောက်ဟန်မပေါ်။ တိုက်ပွဲပြီးဖို့ အဝေးကြီးလိုသေးကြောင်း သူတို့ကောင်းကောင်းသဘောပေါက်ထားသည် မဟုတ်ပါလား။
ထိုအခိုက်မှာပင် အဝေးဆီမှာ စစ်ဗုံသံများပေါ်လာ၏။ ဗုံသံများနှင့်အတူ သွေးကဲ့သို့ ရဲရဲနီနေပြီး ကြီးမားသော ဖဲကြိုးကြီးများသည် ရှေ့သို့တိုးထွက်လာတော့၏။
သားရဲများကား ရဲတိုက်ကို မရမချင်း ရပ်တန့်မည့်ပုံမပေါ်။ လှိုင်းများသဖွယ် အဆက်မပြတ်ပင် ချီတက်လာကြ၏။
"သူတို့ ရူးကုန်တာလား"
သတ်ဖြတ်သူဗိုလ်ချုပ်ငယ်တဦးက ၎င်းကိုကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်သည်။
"ဟုတ်တယ် သူတို့ ရူးကုန်ပြီ"
အသံရှင်မှာ အရပ်ရှည်ရှည်နှင့် သတ်ဖြတ်သူတဦး ဖြစ်သည်။ ၎င်းသည် ရှည်လျားသော အဖြူရောင်ဆံပင်များကို ပိုင်ဆိုင်ထားပြီး မျက်နှာတွင် အဖြူရောင်ပါးသိုင်းမွှေးများဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် အသက်ကြီးသူတဦးမှန်း မြင်ရုံနှင့် သိသာနေလေသည်။
၎င်း၏ အမည်မှာ ဆာချာမီးလျံ ဖြစ်ပြီး ဘုရင်ကြီး အနူဘီမီးလျံ၏ ဦးလေးပင် ဖြစ်သည်။ ထို့ပြင် သူသည် မီးလျံအသိုက်၏ စစ်နတ်ဘုရားသုံးပါးအနက် တဦးအပါအဝင်လည်း ဖြစ်သည်။ ထို့ကြောင့် သူသည် အိုမင်းနေသည့်တိုင် အင်အားကတော့ မနိိမ့်လှ။
တကယ်တော့ ၎င်းသည် နတ်ဘုရားကျောင်းတော်အား ခြောက်ကြိမ်တိုင်တိုင် ဖြတ်သန်းထားပြီးဖြစ်သည့့် ထိပ်ဆုံးအဆင့် ဆေးမင်ထိုးစစ်သည်တော်တဦးပင်။
ထို့ကြောင့် သူ့အင်အားသည် လူသားများ၏ ကျင့်ကြံခြင်းနယ်ပယ်အရ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်နှင့် အဆင့်တူပြီး နတ်ဆိုးဧကရာဇ်သားရဲကိုပင် ယှဥ်ပြိုင်နိုင်လောက်၏။ ထ်ိုမျှသာမကသေး သူသည် သတ်ဖြတ်သူများအနက် ရှားရှားပါးပါး စဥ်းစားတွေးခေါ်တတ်သူတဦးလည်း ဖြစ်နေပြန်သည်။
ထို့ကြောင့် သူသည် ဒန်ဘာနှင့် အတူတူပင်။ ကွာခြားချက်ဟူ၍ သူသည် ဒန်ဘာထက် အတွေ့အကြုံများနေခြင်းသာ ရှိ၏။
ဆာချာသည် သူ့ဘဝသက်တမ်းတလျောက် မရေမတွက်နိုင်သော တိုက်ပွဲများစွာနှင့် ရင်ဆိုင်ထားဖူးပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် တိုက်ပွဲနှင့်ပတ်သက်၍ မည်သို့သော လှည့်ကွက်မျိုး၊ အခြေအနေမျိုးကိုမဆို စောကြောမိနိုင်သော အတွေ့အကြုံမျိုးကို ပိုင်ဆိုင်ထား၏။ ထိုအတွက်ကြောင့်လည်း ဆာချာအား မီးလျံများ၏ ဒိုင်းကာ၊ သံနှင့်သွေး၏ အုတ်တံတိုင်းဟု တင်စားခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။
ဆာချာ ရှိနေသ၍ မီးလျံအသိုက်၏ တော်ဝင်မကိုဋ်သည် ဘယ်သောအခါမှ ပြုတ်ကျဖွယ်မရှိဟု သတ်ဖြတ်သူတိုင်း ယုံကြည်ထားကြလေသည်။
သို့တိုင်အောင် ယခု ရင်ဆိုင်နေရသော သားရဲလှိုင်းကြောင့် စစ်နတ်ဘုရားအိုကြီး ချာကာသည်ပင် စိုးရိမ်မကင်း ဖြစ်လာဟန်ပေါ်၏။
တဖက်မှ ဦးဆောင်နေသူသည်လည်း နတ်ဆိုးဧကရာဇ်သားရဲကြီး ဖြစ်နေသည် မဟုတ်ပါလား။
ထိုအခိုက်မှာပင် သတ်ဖြတ်သူဗိုလ်ချုပ်တဦးက မှတ်ချက်ပြုလိုက်သည်။
"ကျုပ်တို့ တောင့်ခံနိုင်ရင် တအားကြီး စိတ်ပူနေစရာတော့ မလိုဘူး အနီရောင်နှလုံးသားရဲ့ တိုက်စစ်မျက်နှာစာက ကျယ်ပြန့်လွန်းအားကြီးတယ် သူဟာ သတ်ဖြတ်သူအသိုက်ပေါင်းများစွာနဲ့ တကြိမ်တည်းရင်ဆိုင်နေတာပဲ ဒီအတိုင်းဆိုရင် သူ အနှေးနဲ့အမြန် ရှုံးမှာ"
အံ့သြစရာကောင်းလောက်အောင်ပင် ၎င်း၏ စကားမှာ အကြောင်းအကျိုး ခိုင်လုံနေ၏။
ဒန်ဘာနှင့် မတူသည်မှာ ဆာချာသည် သတ်ဖြတ်သူများအား နှစ်ပေါင်းများစွာ ဦးဆောင်လာသူ ဖြစ်သည်။ ထို့ကြောင့် သူ့လက်အောက်ရှိ ဗိုလ်ချုပ်များမှာ သာမာန်အဆင့်လောက်ထိ စဥ်းစားတွေးခေါ်တတ်သည့် လက်ရွေးစင်များချည်းသာ ဖြစ်နေ၏။
အမှန်တကယ်လည်း သတ်ဖြတ်သူဗိုလ်ချုပ်၏ တွေးခေါ်ပုံသည် မှန်ကန်နေ၏။
သားရဲများကား ခြေကုန်လက်ပန်းကျနေလေပြီ။ မြို့ကြီးများကို သိမ်းပိုက်နိုင်သည့်တိုင် တိုက်ပွဲကြာရှည်လာသောအနေအထားက ၎င်းတို့အား ဒဏ်ရာရရှိသူ ပိုမိုများပြားလာစေသည် မဟုတ်ပါလား။
"ဒါပေမဲ့ တောင်ပ်ိုင်းရဲတိုက်ကတော့ ဒီအတိုင်းဆို အခြေအနေ မကောင်းလှတော့ဘူး"
ကျန်သတ်ဖြတ်သူဗိုလ်ချုပ်တဦးက ဒေါသတကြီးနှင့် ပြောလိုက်ပြန်သည်။
တောင်ပိုင်းရဲတိုက်ဟူသည် သတ်ဖြတ်သူနယ်မြေ မြောက်ပိုင်းနှင့် တောင်ပိုင်းအကြားတွင် တည်ရှိပြီး အလွန်အရေးကြီးသော စစ်ဗျူဟာမြောက်ရဲတိုက် ဖြစ်သည်။ ၎င်းသည် သားရဲလှိုင်းများအား ကာကွယ်ရန် အရေးပါသလို တောင်ပိုင်းရှိ အသိုက်များ၏ ပုန်ကန်မှုကို နှိမ်နှင်းရာတွင်လည်း အသုံးဝင်၏။
ယခုတော့ ဤတောင်ပ်ိုင်းရဲတိုက်သည် အခြေအနေမဟန်လှတော့။
"ဟုတ်တယ် ကျုပ်တို့ ရဲတိုက်ကို လက်လွှတ်ရတော့မယ်"
စစ်နတ်ဘုရားအိုကြီးက တီးတိုးရေရွတ်လိုက်သည်။ ထိုအခါ ကျန်သတ်ဖြတ်သူစစ်သားများသည် အလိုလို ဝမ်းနည်းလာကြ၏။
ထိုအခါ သတ်ဖြတ်သူဗိုလ်ချုပ်တဦးက အစီအရင်င် ခံလိုက်၏။
"ဦးရီးတော်ခင်ဗျာ ကျုပ်တို့ ဆုတ်ခွာဖို့သင့်ပါပြီ"
သတ်ဖြတ်သူများသည် အရှုံးကို လက်ခံတတ်သူများ မဟုတ်။ သို့သော် ယခုအချိန်မှ မဆုတ်ခွာလျင် စစ်သည်များအားလုံး အသက်ပေးရပေတော့မည်။
"ကောင်းပြီ ကျုပ်တို့ဆုတ်ကြတာပေါ့ ကဲ ဘာတို လူတိုင်းကို ဂရုတစိုက်နဲ့ ခွာစစ်ဆင်ဖို့ ပြင်လိုက်တော့"
ဘာတိုအမည်ရှိ သတ်ဖြတ်သူဗိုလ်ချုပ် အံ့သြသွား၏။
"ကျုပ် ဟုတ်လား ဒါဆို ဦးရီးတော်ကကော"
"ကျုပ်ကတော့ နောက်ဆုံးအချိန်ထိ ဒီမှာ ကျန်နေရစ်ခဲ့မယ်လို့ စိတ်ကူးထားတယ်"
ဆာချာ၏ စကားလုံးများသည် သတ်ဖြတ်သူဗိုလ်ချုပ်တိုင်း၏ နှလုံးသားအား ဓားထက်ထက်နှင့် ထိုးလိုက်သည့်သဖွယ် ထိုးဖောက်ဝင်ရောက်သွား၏။
"ဦးရီးတော်"
သတ်ဖြတ်သူဗိုလ်ချုပ်တိုင်း၏ ပြိုင်တူအော်ဟစ်သံ ထွက်ပေါ်လာလေသည်။
"သွားတော့ ဘာတို သွားတော့"
ဘာတိုကား ဆာချာ၏ အမိန့်ကို မလွန်ဆန်ရဲ။ နှေးတုံ့လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားရှာ၏။
ဆာချာက စကားဆက်လိုက်ပြန်သည်။
"မင်းတို့စိတ်ထဲမှာတော့ ကျုပ်ကို ရူးမိုက်တယ် ထင်နေမှာပဲ ကျုပ် ရှင်းပြမယ် ရဲတိုက်က သိပ်မကြာခင် ကျဆုံးတော့မယ် စစ်သည်တွေဟာ ရဲတိုက်ကို ကာကွယ်ဖို့ အားကုန်ထုတ်သုံးနေရတယ် သူတို့ တပ်ဆုတ်ဖို့ဆိုရင် အချိန်လိုတယ် ဒါကြောင့် ကျုပ် နောက်မှာ နေရစ်ခဲ့မယ်လို့ ဆိုရတာပဲ"
ထိုအခါ သတ်ဖြတ်သူစစ်သည်တိုင်း ဒူးထောက်ပြီး ပြိုင်တူအော်လိုက်ကြ၏။
"ဦးရီးတော် ဆုတ်လို့ရအောင် ကျုပ်တို့ အချိန်ဆွဲပေးပါမယ်"
ဆာချာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းတို့ဟာ သတ်ဖြတ်သူမျိုးစိတ်ရဲ့ အနာဂတ်ပဲ မင်းတို့သေသွားရင် သတ်ဖြတ်သူမျိုးစိတ် ဘယ်လိုအခြေအနေကို ဆိုက်သွားမလဲ ကျုပ်ကတော့ မတူဘူး ကျုပ်ဟာ အိုမင်းနေပြီ ဒီလိုအခြေအနေမှာ အသက်ပေးရမဲ့သူက ကျုပ်ပဲ ဖြစ်သင့်တယ် ကျုပ်မှာ ကျုပ်နိုင်ငံအတွက် အသက်ပေးရမဲ့တာဝန်ရှိတယ်"
"ဦးရီးတော်"
"ဦးရီးတော်"
"ဦးရီးတော်"
သတ်ဖြတ်သူစစ်သည်တ်ိုင်းလည်း အထက်ပါအတိုင်း အော်ဟစ်ငိုယိုကာ သူတို့သာ အချိန်ဆွဲလိုသည့်အကြောင်း ဆာချာအား တောင်းပန်နေကြ၏။
"တိတ်စမ်း" မင်းတို့က သားရဲလှိုင်းကို ရင်ဆိုင်ပြီး အချိန်ဆွဲထားမယ်ပေါ့ ဟုတ်လား မင်းတို့ ဘယ်လောက် အစွမ်းအစရှိနေလို့လဲ မင်းတို့ထဲမှာ ကျုပ်ထက် သန်မာတဲ့ကောင် ဘယ်သူရှိသလဲ ရှိရင် ထွက်စမ်း"
သတ်ဖြတ်သူစစ်သည်များအားလုံး တိတ်ဆိတ်ကုန်၏။
"မရှိဘူးမလား မရှိရင် ပါးစပ်ပိတ်ပြီး ဒီကနေ အမြန်ဆုံး ထွက်သွားကြတော့ ကျုပ်ရဲ့သေဆုံးမှု အချည်းနှီး မဖြစ်စေချင်ရင် မင်းတို့ မြန်နိုင်သမျှ မြန်အောင်ပြေးတာ အကောင်းဆုံးပဲ"
စကားဆုံးသည်နှင့် ဆာချာသည် လေပေါ်သို့ ခုန်တက်သွားတော့၏။ တဆက်တည်းမှာပင် ကျွဲချိုသံ ပေါ်လာပြီး သတ်ဖြတ်သူများ စတင်ဆုတ်ခွာကြလေသည်။
ထိုအချိန်တွင် သတ်ဖြတ်သူအုပ်စုငယ်တစုသည် ရှေ့သို့တိုးလာပြီး သားရဲများအား ရင်ဆိုင်လိုက်၏။ ဆာချာ၏ ကိုယ်ရံတော်များပေတည်း။
တိုက်ပွဲမှာ ပြင်းထန်လှသည်။ နောက်ဆုံးတွင် ဆာချာ၏ ကိုယ်ရံတော်စစ်သည်၃၀၀၀သည် တယောက်မက်မကျန်ပင် အသက်ပျောက်ကုန်၏။ သားရဲများဖက်မှလည်း အထိအခိုက်မှာ မနည်းလှ။ ဆာချာ၏ လက်ချက်ဖြင့် အရှင်သခင်အဆင့်သားရဲ၁၇ကောင်နှင့် ဘုရင်အဆင့်သားရဲသုံးကောင် အသက်ပျောက်သွားလေသည်။
သားရဲများသည် ဆာချာအား ထိတ်လန့်တကြားနှင့် စိုက်ကြည့်နေကြ၏။
၎င်းကိုကြည့်ရင်း ဆာချာ ပြုံးလိုက်သည်။
ထိုအခိုက်မှာပင် အဝေးရှိ လေပေါ်နန်းတော်ဆီမှ အလင်းရောင်များ တောက်ပလာကြောင်း ဆာချာ မြင်တွေ့လိုက်ရသည်။ အလင်းတန်းသည် ဆာချာဆီသို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။
သာမာန်ဆိုလျင်တော့ ထိုအလင်းတန်းကို ဆာချာ ခုခံရဲသည်။ သို့သော် လက်ရှိတွင်တော့ သူ အလွန်မောပန်းနေခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တခုလုံး လင်းထိန်သွားပြီး အလင်းတန်းသည် ဆာချာ၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ ထိုခနမှာပင် သူ့တကိုယ်လုံး ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲမှုအပြီးတွင် ထူးဆန်းသောအလင်းရောင်များ တောက်ပနေသည့် ပုလဲတလုံး လေပေါ်တွင် ပေါ်လာ၏။
တချိန်တည်းမှာပင် မဲနက်သော လက်ကြီးတဖက် ဝုန်းခနဲ ပေါ်လာပြီး ပုလဲအား ယူငင်သွားတော့သည်။
"အနည်းဆုံးတော့ ငါဆုံးရှုံးသွားတာရဲ့ ခြောက်ပုံတပုံလောက် ပြန်ရသွားပြီ မဆိုးလှပါဘူးလေ"
***