← Chapters

တိုက်ခိုက်သိမ်းပိုက်ခြင်း

Vol. 69 Ch. 689

တိုက်ခိုက်သိမ်းပိုက်ခြင်း

Vol. 69 Ch. 689

ရွှေနက်မြို့။

ဤမြို့သည် သတ်ဖြတ်သူနယ်မြေ၏ အနောက်ဘက်နယ်မြေတွင် တည်ရှိပြီး ရွှေနက်သတ္တုတွင်းများအနီးတွင် တည်ရှိ၍ ထင်ရှားသော မြို့တမြို့ ဖြစ်သည်။

မြို့၏ ကာကွယ်သူများဖြစ်သော မိုးခေါင်ခြင်းတူအသိုက်သည် ၎င်း၏ ဘိုးဘေးများကဲ့သို့ ရဲရင့်ခြင်း မရှိကြတော့။ ရွှေနက်သတ္တုတွင်းမှ ရရှိသော စည်းစိမ်ဥစ္စာများဖြင့် သာယာချမ်းမြေ့စွာသာ နေထိုင်ကြကုန်လေသည်။

သို့သော် ဤယနေ့တွင်တော့ အဆိုပါ နေ့ကောင်းရက်သာများ အဆုံးသတ်သွားခဲ့လေပြီ။

ရွှေနက်မြို့၏ အပြင်ဘက်တွင် ဖြစ်သည်။ ဘာမီတိုသည် ကူဘရစ်အား ဒေါသတကြီးနှင့် စိုက်ကြည့်နေ၏။

"အရှင်ကူဘရစ် မင်း ဘာကိုဆိုလိုတာလဲ"

"ဆိုလိုတာက ရှင်းပါတယ်"

ကူဘရစ်က ပြန်ဖြေလိုက်သည်။

"သားရဲလှိုင်းဟာ ဂေါလန်ရဲတိုက်ကို ဦးတည်နေတယ် ကျုပ်တို့နိုင်ငံဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဘုရင်ကြီးရဲ့အမိန့်အရ အသိုက်အားလုံး ဂေါလန်ရဲတိုက်ကို ကာကွယ်ရမယ် ကျုပ်တို့ကျောက်တုံးပုတ်သင်အသိုက်ဟာလဲ ဒီအမိန့်ကို နာခံတယ် မင်းတို့ မိုးခေါင်ခြင်းတူအသိုက်လဲ ဒီအမိန့်ကို နာခံရမှာပဲ"

"ကျုပ်တို့ကို အမိန့်လာပေးနေရအောင် မင်းတို့က ဘာမို့လို့လဲ"

ဘာမီတို ဒေါသတကြီးနှင့် ပြောလိုက်၏။

ကူဘရစ် ပြုံးလိုက်သည်။ ထို့နောက် သူက လက်တဖက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ထဲမှာ ထူးဆန်းသော အလင်းတန်းတခု ထွက်ပေါ်လာ၏။ အလင်းတန်းမျက်နှာပြင်တွင် သတ်ဖြတ်သူဆေးမင်များ အရောင်တလက်လက်ထလျက် ထူးခြားသော အရှိန်အဝါတမျိုးကို ဖော်ဆောင်လျက်ရှိသည်။

"ဘုရင်ကယ်ဆယ်ရေးအမိန့်မီးတောက်ပါလား"

ဘာမီတို ထိတ်လန့်သွား၏။

"ဘုရင်ကယ်ဆယ်ရေးအမိန့်မီးတောက်ကို မင်း ဘယ်လိုလုပ်ရလာသလဲ"

"ဘယ်က ရရမှာလဲ ကျုပ်တို့ခေါင်းဆောင်ကြီးက ဘုရင်ကြီးဆီကနေ တောင်းခံထားတာပေါ့ကွာ ဒါကြောင့် သားရဲလှိုင်းကို ကာကွယ်ဖို့ သတ်ဖြတ်သူအသိုက်တိုင်းကို ကျုပ်တို့ ဆင့်ခေါ်ခွင့်ရှိသွားပြီ ဒီတော့ မင်းတို့ အသိုက် အမိန့်နာခံတော့မလား"

အသိုက်ခေါင်းဆောင်ကြီး သေဆုံးသွားပြီးနောက် ဒန်ဘာသည် တရားဝင်အသိုက်ခေါင်းဆောင်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အား ခေါင်းဆောင်လေးဟု ခေါ်ဝေါ်၍ မရတော့။

ဘာမီတိုက ကူဘရစ်အား ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။

"လက်စသတ်တော့ ဒီလိုကိုး ဘာလဲ မင်းတို့က အရူးအနူဘီရဲ့ခေါင်းကိုငှားပြီး အသိုက်တိုင်းကို ဝါးမြိုချင်တဲ့ သဘောလား"

ကူဘရစ်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"ဘုရင်ကြီးကို မင်းက စော်ကားဝံ့သလား"

"မင်းတို့ကျတော့ကောကွ ဟေ ကူဘရစ် ပြီးတော့ မင်းသခင်ဒန်ဘာ မင်းတို့ထဲက ဘယ်သူများ ဒီအရူးအနူဘီကို တကယ်ဂရုစိုက်လို့လဲ ကျုပ်တို့ဟာ သတ်ဖြတ်သူမျိုးစိတ်တွေ အကြောက်အလန့်မရှိတဲ့ သတ်ဖြတ်သူမျိုးစိတ်တွေကွ မီးလျံအသိုက်ဟာ ကျုပ်တို့ရဲ့ အုပ်ချုပ်သူအစစ်အမှန် မဟုတ်ဘူး အနူဘီသာ ကျုပ်တို့ကို လုံလောက်တဲ့ လေးစားမှု မပြခဲ့ရင် ကျုပ်တို့က သူ့နောက်လိုက်ခွေး ဘယ်တော့မှ ဖြစ်လာမှမဟုတ်ဘူးကွ အေး အဲဒီလိုပဲ မင်းတို့ရဲ့ နောက်လိုက်ခွေးလဲ ဖြစ်လာစရာအကြောင်းမရှိဘူး"

ဘာမီတိုက ဒေါသတကြီးနှင့် ထအော်လိုက်လေသည်။

ကူဘရစ် ပြုံးလိုက်သည်။

"ခေါင်းဆောင်ကြီးဒန်ဘာက ပြောတယ် ဘာမီတိုဟာ ခေါင်းမာပြီးသုံးစားမရတဲ့ကောင်တဲ့ သူ့ကို စကားလုံးတွေနဲ့ သိမ်းသွင်းဖို့ခက်တယ်တဲ့ ဒါကြောင့် သူ့ကိုယ်တိုင် အချိန်ကုန်ခံပြီးမလာတော့ပဲ ကျုပ်ကို တပ်ဖွဲ့တွေနဲ့အတူ ဒီကို လွှတ်လိုက်တာပဲ"

ဘာမီတို၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။

"ဘာလဲ မင်းက အင်အားသုံးချင်သလား"

"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ကျုပ် ဒီကိုလာတာ ဘုရင့်အမိန့်နဲ့လာတာ ကျုပ်မှာ လုပ်ပိုင်ခွင့်ရော ကျောထောက်နောက်ခံရော ရှိတယ်"

ကူဘရစ်က ခံစားချက်မရှိသော လေသံနှင့် ပြောလိုက်သည်။

"ကျုပ် ဒီကိုလာတာ မင်းကို သိမ်းသွင်းဖို့ မဟုတ်ဘူး မင်း အညံ့မခံရင် သေရမယ်ဆိုတဲ့အကြောင်း ပြောဖို့လာတာ ခု မင်း သေရတော့မယ်"

စကားဆုံးသည်နှင့် ကူဘရစ်က လက်တဖက်ကို လှုပ်ရှားလိုက်ရာ အချက်ပြမြားတစင်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။တချိန်တည်းမှာပင် ကျောက်တုံးပုတ်သင်အသိုက်မှ စစ်သည်များသည် ရှေ့သို့တဟုန်ထိုး ပြေးဝင်လာကြ၏။

ဒန်ဘာအနေနှင့် သူတို့ကို မတိုက်ခိုက်မီ အနည်းငယ်တော့ စဥ်းစားအုံးမည်ဟု ဘာမီတို တွေးထားမိခဲ့၏။ ယခုတော့ ထိုအတွေး မှားယွင်းနေကြောင်း ဘာမီတို သဘောပေါက်သွားလေပြီ။

ကူဘရစ်ပြောခဲ့သလိုပင် ဒန်ဘာတွင် လုပ်ပိုင်ခွင့်ရော၊ ကျောထောက်နောက်ခံပါ ရှိနေ၏။ ဤအနေအထားတွင် သူ ဘာကြောင့် စဥ်းစားနေရအုံးမည်နည်း။

တိုက်ပွဲမှာ ဘာမှမကြာလိုက်။ တနာရီခန့်တွင် အလုံးစုံ အဆုံးသတ်သွား၏။

မိုးခေါင်ခြင်းတူအသိုက်မှ သတ်ဖြတ်သူတထောင်ခန့် အသက်ပျောက်သွားပြီး ကျန်သတ်ဖြတ်သူများမှာ လက်နက်ချလိုက်ကြ၏။ ဘာမီတိုမှာ တိုက်ပွဲအတွင်းမှာပင် သေဆုံးသွားလေသည်။

သတ်ဖြတ်သူမျိုးစိတ်၏ သမိုင်းတလျှောက်တွင် အသိုက်တခုမှ ကျန်အသိုက်တခုကို ဝါးမြိုခြင်းမှာ သာမာန်သာဖြစ်သည်။ ထို့ကြောင့် ဒန်ဘာ၏ လုပ်ရပ်မှာ ဘာမှမထူးဆန်းလှ။

အသက်ရှင်သန်ရပ်တည်ရေးအတွက် အမဲလိုက်ခြင်းနှင့် လုယက်ခြင်းတို့ကိုသာ အဓိကအားထားသော သတ်ဖြတ်သူများအဖို့ လယ်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်ကြသော တခြားမျိုးစိတ်များလောက် ဒေသစွဲမရှိကြချေ။ အသိုက်များ၏ ဖွဲ့စည်းပုံမှာလည်း ပထဝီဝင်အနေအထားအပေါ်တွင် အခြေမခံ။ သြဇာကြီးသော ပုဂ္ဂိုလ်များအပေါ်တွင်သာ အခြေခံကြ၏။ အဆိုပါ ပုဂ္ဂိုလ်များ သြဇာကျဆင်းလာသည်နှင့်အမျှ အသိုက်များ၏ အခြေအနေကလည်း ယိမ်းယိုင်လာတတ်ကြ၏။

ထို့ကြောင့် သတ်ဖြတ်သူမျိုးစိတ်များအကြားဝယ် အသိုက်တခုမှ တခုကို ဝါးမြိုလိုက်ခြင်းမှာ သာမာန်ဖြစ်ရိုးဖြစ်စဥ်သာတည်း။

သို့သော် ထိုကဲ့သို့ ဝါးမြိုခြင်းခံလိုက်ရသော သတ်ဖြတ်သူအသိုက်ဝင်များထဲမှ အရှုံးကို လက်မခံသူများလည်း ရှိကောင်းရှိနေနိုင်သည်သာ။

သို့သော် ဒန်ဘာကတော့ ၎င်းတို့ လက်ခံခြင်း၊ လက်မခံခြင်းကို စိတ်မဝင်စား။ ဂရုလဲမစိုက်။

သူကား လက်ရှိ ပစ္စုပ္ပန်ကာလကိုသာ အာရုံစိုက်၏။

ရွက်ဖျင်တဲကြီးတလုံးတွင် ဒန်ဘာသည် စစ်သုံးမြေပုံကို လေ့လာရင်း စစ်သည်တဦး အစီရင်ခံနေသည်ကို နားထောင်နေ၏။

"ရန်သူ ၁၁၂၄ယောက် သေတယ် ၈၃၄၂ယောက် အညံ့ခံတယ် ကျုပ်တို့ဘက်ကတော့ ၁၁၆ယောက် သေတယ် သုံးရာလောက် ဒဏ်ရာရတယ် ကျုပ်တို့ရလိုက်တာက သားမွေးသေတ္တာ ၆၀ သတ္တုရိုင်းသေတ္တာ ၃၀၀၆...."

"ဘာမီတိုမိသားစုကနေ အရင်းအမြစ်ဘယ်လောက် ရလိုက်သလဲ"

ဒန်ဘာက ဖြတ်ခနဲ မေးခွန်းထုတ်လိုက်၏။

ရှာလွှာက ဝင်ဖြေလိုက်လေသည်။

"ဘာမီတို မိသားစုက ဆင်းရဲတယ် သူ့ဆီက ကျုပ်တို့ ဘာမှမရလိုက်ပါဘူး"

"ဒါဆိုလဲ သူ့မိသားစုကို နည်းနည်းပါးပါး ထောက်ပံ့ပေးလိုက်"

"ကောင်းပါပြီခင်ဗျာ"

"ပြီးတော့ စစ်သည်တွေကို တရက်အနားပေးပြီး အနက်ရောင်မြစ်ကို သွားဖို့ပြင်ထားဖို့ အမိန့်ပေးလိုက်"

"ခေါင်းဆောင်ကြီး အနက်ရောင်ရေအသိုက်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား ဒီကောင်တွေကို နိုင်ဖို့သိပ်မလွယ်ဘူးနော်"

ရှာလွှာက မယုံချင်ယုံချင်ဟန်ပန်ဖြင့် ပြောလိုက်၏။

"စိတ်မပူပါနဲ့ ကျုပ် ဟတ်ချီနဲ့ ညှိုနှိုင်းပြီးပြီ သူ ကျုပ်တို့နဲ့ ပူးပေါင်းပါလိမ့်မယ်"

"ဒါဆို သိပ်ကောင်းတာပေါ့"

ရှာလွှာ ဝမ်းသာသွား၏။ သို့သော် ဒန်ဘာကား အနည်းငယ်မှပင် ဝမ်းသာဟန်မပေါ်။ ပူးပေါင်းခြင်းအတွက် ဟတ်ချီအား တန်ကြေးတစုံတရာ ပေးရလိမ့်မည်ဟု သူ သိထားသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် စစ်သည်တဦး၏ သတင်းပို့သံ ထွက်ပေါ်လာ၏။

"ခေါင်းဆောင်ကြီးခင်ဗျာ ဘူလာ ပြန်ရောက်လာပါပြီ"

"ဘူလာ ဟုတ်လား"

ဒန်ဘာ ဖြတ်ခနဲ ထပ်ရပ်လိုက်၏။

ရှာလွှာလည်း အကြီးအကျယ် အံ့သြသွားလေသည်။

"ဘူလာ ဒီကောင် စုချန်းနဲ့ လိုက်သွားတာ မဟုတ်ဘူးလား ဒီကောင် ဘယ်လိုလုပ်...."

"စုချန်း အောင်မြင်သွားပြီ"

ဒန်ဘာက ဖြတ်ပြောလိုက်၏။

ရှာလွှာ အကြအကျယ် စိတ်လှုပ်ရှားသွားလေသည်။

"ခေါင်းဆောင်ကြီး သေချာလို့လား ဒါမှမဟုတ် စုချန်း ရှုံးနိမ့်သွားတာလဲ ဖြစ်နိုင်တာပဲလေ"

***

All Chapters