ချောက်တွန်းခြင်း ၁
Vol. 71 Ch. 710
တိတ်ဆိတ်သွား၏။
ဝန်းကျင်တခုလုံး ထူးထူးခြားခြား တိတ်ဆိတ်သွားခြင်းမျိုး ဖြစ်သည်။
အတန်ကြာမှာ ဗရီဂတ်စ်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
"မင်း သိပ်ထူးချွန်တယ် လွန်တူး ကျုပ် မှန်းထားတာထက်တောင် ထူးချွန်နေသေးတယ် ကံမကောင်းတာက မင်းက မင်းရဲ့ပါရမီကို တလွဲနေရာမှာ အသုံးချမိနေတာပဲ"
"သူ့ဘုရင်ကို စိတ်ချမ်းသာအောင် ကြိုးစားပေးနေတာ မှားနေတယ်လို့ ပြောနေတာလား ဗိုလ်ချုပ်"
အနူဘီက ကောက်ခါငင်ခါနှင့် ဝင်မေးလိုက်၏။
ဗရီဂတ်စ် ပြန်ဖြေလိုက်သည်။
"ဒီကောင် သူ့ပါရမီကို ပိုပြီးကောင်းတဲ့နေရာမှာ သုံးသင့်တယ်လို့ ခံစားမိရုံပါ အရှင်မင်းင်းကြီး"
ဗရီဂတ်စ်က ပြန်ဖြေလိုက်၏။ ထို့နောက် သူက စုချန်းကို လှမ်းကြည့်ရင်း စကားဆက်လိုက်ပြန်သည်။
"မင်း ကျုပ်အောက်ကို လာဖို့ စိတ်ဝင်စားသလား လွန်တူး ကျုပ် မင်းလေ့ကျင့်ပေးနိုင်ဖို့ စစ်သားတချို့ ပေးမယ် ဒါကို မင်း လုပ်နိုင်ရင် ကျုပ်စစ်သားအားလုံးကို လေ့ကျင့်စေမယ်"
စုချန်းက ပြန်ဖြေလိုက်၏။
"အရှင်ဗရီဂတ်စ်အနေနဲ့ တခုတော့ နားလည်မှုလွဲနေပြီလို့ ထင်ပါတယ်ခင်ဗျာ တကယ်တော့ ဒီတပ်ဖွဲ့ကြီးဟာ အရှင့်ပိုင် မဟုတ်ပါဘူး အရှင်မင်းကြီး ပိုင်တာပါ အရှင့်အနေနဲ့ အရှင်မင်းကြီးကိုယ်စား သူတို့ကို စီမံခန့်ခွဲဖို့ပဲ တာဝန်ရှိတာပါ"
စုချန်း၏ စကားကြောင့် ဗရီဂတ်စ်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။
အနူဘီ ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား မင်းပြောတာ သိပ်မှန်တယ် လွန်တူး"
ဗရီဂတ်စ်သည် စုချန်းအား နက်ရှိုင်းစွာ စိုက်ကြည့်နေ၏။ ပြီးမှ သူက ပြောလိုက်သည်။
"လွန်တူး မင်း ဘယ်လောက်ညဏ်ကောင်းသလဲဆိုတာ ယုံမှားသံသယဖြစ်စရာမလိုဘူး ဒါပေမဲ့ သင့်လျော်တဲ့လမ်းကို လျှောက်ဖို့ကျတော့ မင်း ငြင်းပယ်လိုက်တယ်"
ထို့နောက် သူသည် ခေါင်းတခါခါ လည်တခါခါနှင့် ထွက်ခွာသွားလေသည်။
၎င်းကိုကြည့်ရင်း စုချန်း ရေရွတ်လိုက်၏။
"အရှင်ဗရီဂတ်စ်ရဲ့ အမူအရာကိုကြည့်ရတာ ကျုပ်မှာ မသ်ိနားမလည်ပဲ မိလ္လာကန်ထဲ ပြုတ်ကျသွားတာ ကျနေတာပဲ"
စုချန်း၏ စကားမှာ တကယ်ပင် ထိရောက်လှ၏။ အကြောင်းမှာ အနူဘီ၏ မျက်နှာ မဲခနဲ ဖြစ်သွားသောကြောင့်ပင်။
ထို့နောက် သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ပြောလိုက်သည်။
"ဒီကောင် တကယ် စိတ်တိုဖို့ကောင်းတယ် ဆာချာပြီးရင် ကျုပ်အမုန်းဆုံးဟာ သူပဲ"
ထိုစဥ် အထက်တန်းလွှာတဦးက ဝင်ရောက်မှတ်ချက်ပြုလိုက်၏။
"အရှင်ဗရီဂတ်စ်ဟာ တော်ဝင်မျိုးနွယ်တွေရဲ့ သစ္စာအရှိဆုံး သူရဲကောင်းပဲ"
အနူဘီ ပို၍ ဒေါသထွက်လာ၏။
"ဒါကြောင့်မို့ ဒီကောင် ကျုပ်ကို မထီမဲ့မြင်ပြုနေတာလား ထပ်ခါထပ်ခါ ရန်စနေတာလား သစ္စာတရားနဲ့ တရားမျှတမှုကို လက်ကိုင်တုတ်လိုသုံးပြီး ကျုပ်ကို ရိုက်ချမယ်ပေါ့လေ ဟုတ်လား ကျုပ်ရဲ့အဆင့်အတန်း ဂုဏ်သိက္ခာကို လစ်လျူရှုတဲ့ကောင် ဒါ ဘယ်လို သစ္စာတရားမျိုးလဲကွ"
ကနဦးက ဝင်ပြောသူ ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။
ဤအခြေအနေတွင် ဘုကလန့့်တိုက်မိပါက အဆုံးသတ်လှမည်မဟုတ်မှန်း သူတို့ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။
ထိုစဥ် စုချန်းက ဝင်ပြောလိုက်ပြန်၏။
"အရှင်မင်းကြီးရဲ့ စကားအတိုင်းဆိုရင် ဗိုလ်ချုပ်ဟာ သစ္စာရှိယောင်ပြထားပေမဲ့ လေးစားမှုမရှိပဲ ဖြစ်နေတာပေါ့ အတိတ်ကာလမှာ သူ ဘယ်လိုပဲ စွမ်းဆောင်ခဲ့ပါစေ လက်ရှိ သက်ဦးဆံပိုင်ဖြစ်တဲ့ အရှင်မင်းကြီးကို ဒီလို ဆက်ဆံတာကတော့ မလုပ်သင့်ဘူးပေါ့"
စုချန်း၏ စကားကြောင့် အနူဘီ၏ မျက်နှာမှာ အနည်းငယ် ပျော့ပြောင်းသွား၏။
"မင်းကမှ တကယ်သစ္စာရှိတာ လွန်တူး မင်းပြောတာမှန်တယ် သစ္စာတရားဟာ ဘုရင်အတွက်ပဲ ဖြစ်ရမှာပေါ့ သူ့အနေနဲ့ တခြားနေရာမှာ ဘယ်လိုပဲသစ္စာရှိရှိ အုပ်ချုပ်သူကို ဒီလိုဆက်ဆံတာကတော့ မှားနေပြီ ကျုပ် ဘုရင်တပါး ဖြစ်လာကတည်းက ကျုပ်ဟာ ဒီမျိုးစိတ်တခုလုံးရဲ့ အုပ်ချုပ်သူပဲ သူတို့အားလုံး ကျုပ်စကားကို နားထောင်ရမှာပေါ့"
အနူဘီ၏ အသံမှာ ကျယ်လောင်လာ၏။
"မှန်ပါတယ် အရှင်မင်းကြီး..အရှင်မင်းကြီးအပေါ် သစ္စာမရှိတဲ့သူတိုင်းကို အပြစ်ပေးသင့်တယ်"
စုချန်းက ခပ်တည်တည်နှင့်ပင် ရန်တိုက်ပေးလိုက်လေသည်။
အတန်ကြာသော် အနူဘီက ကန့်ကွက်လိုက်ပြန်၏။
"ဘာပဲဖြစ်ဖြစ် ဗရီဂတ်စ်ကိုတော့ အဲဒီလို သွားလုပ်လို့မရဘူးကွ ကျုပ်အနေနဲ့ ကျုပ် သတ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်လို့ရတယ် ဒါပေမဲ့ ဗရီဂတ်စ်ကိုတော့ ကျုပ် သတ်လို့မရဘူး အပြစ်ပေးလို့လဲ မရဘူး"
"ဘာကြောင့်လဲ သူဟာ အနောာက်ဘက်နယ်မြေကို ကာကွယ်သူ ဖြစ်နေလို့လား ဒါမှမဟုတ် စစ်တပ်ကို ထိန်းချုပ်ထားသူ မို့လို့လား"
စုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်၏။
"နှစ်ခုလုံးပဲ"
"ဒါဆိုလဲ သူ့ဆီက တပ်ကို ပြန်ယူလိုက်လေ အရှင်မင်းကြီး"
ထိုစကားကို စုချန်းက လေသံမျှဖြင့် အနူဘီကြားသာရုံသာ ပြောလိုက်ခြင်း ဖြစ်သည်။
"ဘာကွ မင်း ဘာပြောလိုက်တယ်"
"အရှင်းမင်းကြီး ကြားပါတယ်လေ"
အနူဘီ ခေါင်းခါလိုက်၏။
"မဖြစ်နိုင်ဘူး ဗရီဂတ်စ်မရှိရင် အနောက်ဘက်နယ်မြေတခုလုံး ဟောင်းလောင်းပွင့်သွားလိမ့်မယ်"
စုချန်းက ထပ်မံ အကြံပေးလိုက်ပြန်သည်။
"ဒါကို ကျုပ်သိပါတယ် အရှင်မင်းကြီး ကျုပ်ပြောတာ ခုချက်ချင်းလုပ်ဖို့ မဟုတ်ပါဘူး တဆင့်ချင်းဆီ သွားလို့ရပါတယ်"
အနူဘီက ပြန်မေးလိုက်ပြန်၏။
"ကျုပ်က ဘယ်လို တဆင့်ချင်းစီ လုပ်ရမှာလဲ"
"သူ့ဆီက တပ်အင်အားကို ဘုရင့်အမိန့်နဲ့ ပေါ်တင်သိမ်းယူလိုက်တာ အရှင်မင်းကြီးအတွက် ဘာအကျိုးမှ မရှိဘူး ဒါပေမဲ့ အရှင်မင်းကြီးက ကိုယ့်ဂုဏ်ကျက်သရေကို မြင့်မားအောင်လုပ်မယ် ဒီနည်းအားဖြင့် သူ့ဂုဏ်သတင်းဟာ အရှင်မင်းကြီးထက် အလိုလို နိမ့်ကျသွားမယ် ပြီးမှ ကိုယ့်တပ်အင်အားကို ကိုယ်တိုင်ပြန်တည်ဆောက်မယ်ဆိုရင် ဘယ်သူမှ ဘာမှပြောတော့မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား"
အနူဘီ မျက်လုံးပြူးသွား၏။
"မင်း ဘာကိုဆိုလိုချင်တာလဲ"
စုချန်း ထူးဆန်းစွာ ပြုံးလိုက်၏။
"သားရဲတွေကိုတော့ အရှင်မင်းကြီး မှတ်မိသေးတယ်မလား"
အနူဘီ ပို၍ စိတ်ရှုပ်သွား၏။
"သားရဲ ကျုပ်တို့ကို ခု တိုက်ခိုက်နေတဲ့ သားရဲတွေကို ပြောနေတာလား သူတို့နဲ့ ဘာဆိုင်သလဲ"
"သားရဲလှိုင်းဟာ အဆုံးသတ်ရောက်နေပြီ အရှင်မင်းကြီး"
စုချန်းက ရှင်းပြလိုက်သည်။
"မနေ့ တိုက်ပွဲအစီရင်ခံစာတွေရဲ့အဆိုအရ သားရဲတွေဟာ တောင်သုံးလုံးရဲတိုက်ကို သိမ်းပိုက်ဖို့ တရက်လုံး အချိန်ယူခဲ့ရတယ်လို့ ဆိုထားတယ် အရှင်မင်းကြီးလဲ သိတဲ့အတိုင်း တောင်သုံးလုံးရဲတိုက်ဟာ အတော်ကို အခြေအနေဆိုးနေတာပါ စစ်သည်တွေမှာ လက်နက်မရှိဘူး ဆေးဝါးတွေ ပြတ်လပ်နေတယ် ဒါတောင်မှ တနေကုန်အောင် သူတို့ တောင့်ခံနိုင်ခဲ့ကြတယ် ဒါတင်မကသေးဘူး စစ်သည်အားလုံးရဲ့ သုံးပုံနှစ်ပုံ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာလာနိုင်ခဲ့တယ် ကြည့်ရတာ တိုက်ပွဲအဆုံးသတ်မှာ အနီရောင်နှလုံးသားကိုယ်တိုင် ဝင်ပါလာတာကြောင့်သာ ရဲတိုက်ကျသွားပုံရတယ်"
အနူဘီ တစုံတရာကို နားလည်သဘောပေါက်လာ၏။
"ဒီတော့ မင်းပြောချင်တာ သားရဲတွေ အားကုန်နေပြီ ဆက်မတိုက်နိုင်တော့ဘူးပေါ့ ဟုတ်လား ဒါ အမှန်ပဲလေ ဒီအကြောင်းကို ကျုပ်လက်ရုံးတွေနဲ့ ဆွေးနွေးပြီးသွားပြီ နောက်ထပ် သားရဲဧကရာဇ်နှစ်ကောင်သာ ပေါ်မလာရင် သားရဲတွေ ရှုံးပြီး ပြေးရတာ ကြာလှပေါ့ ဒါပေမဲ့ မင်းပြောနေတာ ဒါနဲ့ ဘာဆိုင်သလဲ"
"ဒါ ကျုပ်တို့ အလွယ်တကူ ရရှိနိုင်တဲ့ အောင်ပွဲပဲ အရှင်မင်းကြီး ဒီအောင်ပွဲကြောင့် အရှင်မင်းကြီးရဲ့ ဂုဏ်ကျက်သရေ တိုးလာမယ် ထင်ရှားကျော်ကြားလာမယ် သတ်ဖြတ်သူတွေရဲ့ နှလုံးသားက််ို သိမ်းသွင်းနိုင်မယ်"
အနူဘီ အံ့သြသွားပြန်သည်။
"မင်း ဆိုလိုတာ"
"တိုက်စစ်ဆင်ရမှာပေါ့ တန်ပြန်တိုက်စစ်ဆင်ရမှာပေါ့ အရှင်မင်းကြီး"
စုချန်း စိတ်မရှည်နိုင်တော့ပဲ ထအော်လိုက်သည်။
"ဒါ ကျုပ်တို့အတွက် အကောင်းဆုံး အခွင့်အရေးပဲလေ သားရဲတွေဟာ ကျုပ်တို့နယ်စပ်လိုင်းတွေကို ကျော်ဖြတ်လာတယ် ကျုပ်တို့မြို့ကြီးတွေကို ဖျက်ဆီးပစ်တယ် အရှင်မင်းကြီးက ကျုပ်တို့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ဒီကောင်တွေကို အနိုင်ယူမယ် ကျုပ်တို့မြို့ကြီးတွေကို ပြန်သိမ်းယူမယ် ကဲ ဒီလောက်ကောင်းတဲ့အခွင့်အရေး ရှိပါအုံးမလား သားရဲတွေကို အနိုင်ယူလိုက်တာနဲ့ အရှင်မင်းကြီးရဲ့ ဂုဏ်ကျက်သရေဟာ ကောင်းကင်က နေမင်းကြီးလို ထွန်းလင်းတောက်ပလာလိမ့်မယ် ဒါဆိုရင် တိုင်းသူပြည်သားတိုင်း အရှင်မင်းကြီးခြေတော်ရင်းမှာ ဒူးထောက်ကြလိမ့်မယ် ယုတ်စွအဆုံး ဗရီဂတ်စ်ကိုယ်တိုင်တောင်...."
အနူဘီ မျက်မှောင်ကုတ်သွား၏။
"မင်း ပြောတာ ယုတ္တ်ိရှိတယ် အရင်တုန်းကဆို ကျုပ်မျိုးစိတ်ဝင်တွေဟာ ကျုပ်ကို အမြဲတမ်း ကျိန်ဆဲနေကြတာ ဒါပေမဲ့ သူတို့ကျိန်ဆဲတာကို ကျုပ် ဂရုမစိုက်လှပါဘူးလေ ယုတ်စွအဆုံး သားရဲလှိုင်းကိုတောင် ကျုပ်က ဂရုစိုက်တာမဟုတ်ဘူး ဒါပေမဲ့ ကျုပ်သာ တပ်ဖွဲ့တွေက်ို ဦးဆောင်ပြီး သားရဲတွေကို အနိုင်ယူလိုက်ရင်တော့ ကျုပ် ဂုဏ်သတင်းမွှေးလာမှာ အမှန်ပဲ ဒီသားရဲတွေကို အနိုင်ယူရမှာကိုလဲ ကျုပ်က စိတ်မဝင်စားလှဘူးဆိုပေမဲ့ ဘာမှမလုပ်တာထက်စာရင်တော့ တော်သေးတာပေါ့လေ တခုတည်းသော ပြသနာက..."
"ဘာပြသနာများလဲ အရှင်မင်းကြီး ဘာပြသနာများလဲ"
စုချန်း မရိုးမရွ ဖြစ်လာ၏။
"ဘာပြသနာရမှာလဲကွ နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာက ဘယ်လောက်တောင် ပျင်းစရာကောင်းမလဲ မင်း တွေးကြည့်လေကွာ"
"ဒါ ပြသနာကြီးမဟုတ်ပါဘူး အရှင်မင်းကြီး စိတ်ဝင်စားစရာပါ ဒီလိုပျင်းစရာကောင်းတဲ့နေရာမှာ နေ့တိုင်း နေရတာ အရှင်မင်းကြီး မပျင်းဘူးလား သတ်ဖြတ်သူတွေဟာ ကျယ်ပြောလှတဲ့ နယ်မြေကြီးကို ပိုင်ဆိုင်ထားတယ် အရှင်မင်းကြီး ဒီနယ်မြေတွေကို တခါမှ မမြင်ဖူးဘူးမလား ဒါတင်မကသေးဘူး အလွန်လှတဲ့ အမျိုးသမီးတွေလဲ ရှိနေသေးတယ် ဒါ့အပြင် အရှင်မင်းကြီးသာ စစ်ထွက်မယ်ဆိုရင် ခုလိုပျင်းစရာကောင်းတဲ့ပြကွက်မျိုးမဟုတ်ပဲ သွေးတွေပွက်ပွက်ဆူနေတဲ့ တကယ့်တိုက်ပွဲကြီးကို မြင်တွေ့ခွင့်ရပါလိမ့်မယ်"
အနူဘီ၏ မျက်လုံးအစုံသည် အရောင်တဖြတ်ဖြတ်တောက်လာ၏။
"မင်း ပြောနေတာ စိတ်ဝင်စားစရာပဲကွ"
စုချန်းက မီးပုံကို လောင်စာထပ်ထည့်လိုက်ပြန်သည်။
"ပြီးတော့ ဗရီဂတ်စ်ရဲ့ ဂုဏ်သတင်း ဘယ်လောက်ကြီးကြီး အရှင်မင်းကြီးကိုယ်တိုင် စစ်မြေပြင်မှာ အောင်ပွဲရယူတာနဲ့တော့ တခြားစီပါပဲ"
"မှန်တယ် သိပ်ကိုမှန်တယ် အဲဒီအတိုင်း အတိအကျပဲ"
ထို့နောက် အနူဘီက မတ်တပ်ရပ်ကာ အောက်ပါအတိုင်း ကျူးရင့်လိုက်လေသည်။
"ဒီတိုက်ပွဲ အောင်မြင်ရင် ကျုပ်ဟာ ကြီးမြတ်တဲ့ အနူဘီ ဖြစ်လာလိမ့်မယ် တိုင်းသူပြည်သားတွေက သူတို့ရဲ့ လှပတဲ့သမီးပျိုတွေကို ကျုပ်ဆီ ဆက်သကြလိမ့်မယ်"
"သေချာတာပေါ့ အရှင်မင်းကြီး"
"ဒါပေမဲ့ အဲဒီအတိုင်း မဖြစ်ခဲ့ရင်ကောကွာ"
"သေချာပေါက် ဖြစ်ရမှာပါခင်ဗျာ အရှင်မင်းကြီးဟာ သားရဲတွေကို အနိုင်ယူပြီး အနီရောင်နှလုံးသားက်ို သုတ်သင်မဲ့သူပဲလေ"
"အနီရောင်နှလုံးသားကို သတ်မယ် ဟုတ်လား သူက အင်အားကြီးလွန်းတယ် သူ့ကိုသတ်ဖို့ မဖြစ်နိုင်ဘူးကွ"
စုချန်း ခေါင်းခါလိုက်သည်။
"မဟုတ်သေးဘူးအရှင်မင်းင်းကြီး ဒီတခေါက် သားရဲလှိုင်း ဘာကြောင့် စတင်ခဲ့မှန်း အရှင်မင်းကြီး သိတယ်မလား"
"သိတယ်လေကွ လူသားသူခိုးတွေ အနီရောင်နှလုံးသားရဲ့ နန်းတော်ထဲဝင်ပြီး ရတနာတွေ ခိုးသွားကြလို့ပေါ့"
"မှန်ပါတယ်အရှင်မင်းကြီး အနီရောင်နှလုံးသားဟာ သူ ဆုံးရှုံးသွားတဲ့ ရတနာတွေကို အစားပြန်ကာမိအောင် လုပ်နေတာ ဒါပေမဲ့ ဆာချာနဲ့တခြားဗိုလ်ချုပ်တချို့ရဲ့ မူလစွမ်းအင်သလင်းအဆီအနှစ်ကလွဲလ်ို့ သူ ဘာမှမရသေးဘူး ဒီလောက်နဲ့ သူ ကျေနပ်မယ်ထင်သလား"
"ကျုပ်သာဆိုရင်တော့ ကျေနပ်မှာ မဟုတ်ဘူး"
"မှန်ပါတယ် အရှင်မင်းကြီး ဒါကြောင့်မို့ အနီရောင်နှလုံးသားကို သတ်ဖို့သိပ်မခက်တာပေါ့ သူ့ကို ရတနာတွေနဲ့သာ မျှားလိုက် သူ အရူးလို အငမ်းမရလိုက်လုမှာပဲ ဒီအချိန်မှာ ကျုပ်တို့က သူ့ကို အငိုက်ဖမ်းပြီး သတ်ပစ်ရုံပဲ"
"ဘယ်လိုရတနာမျိုးဆို သင့်တော်မလဲကွ"
စုချန်း ပုခုံးတွန့်လိုက်၏။
"မူလအရိုးတောင်ဝှေးလို ဆေးမင်သုံးမျိုးလို တန်ဖိုးကြီးတာတွေပေါ့ အရှင်မင်းကြီး"
နောက်ဆုံးတော့ စုချန်းသည် သူ၏ ဝှက်ထားသော ကြောင်လက်သည်းကို ထုတ်ပြလိုက်ပြီ ဖြစ်သည်။
မည်သို့ဆိုစေ စုချန်း၏ အကြံအစည်မှာ အောင်မြင်သွားပြီဟု ဆိုနိုင်သည်။
အကြောင်းမှာ မီးလျံအသိုက်မှ စစ်သည်နှစ်သိန်းကို ကိုယ်တိုင်ဦးဆောင်ပြီး သားရဲများအား တိုက်ခိုက်ရန် ထိုကနေ့ညမှာပင် အနူဘီ ဆုံးဖြတ်ချက်ချလိုက်သောကြောင့်ပင်တည်း။
***