← Chapters

ရည်မှန်းချက်

Vol. 70 Ch. 691

ရည်မှန်းချက်

Vol. 70 Ch. 691

ဆယ်ကောင်ထက်မနည်းသော အဆိပ်ငှက်များသည် အတောင်တဖြတ်ဖြတ်ခတ်ကာ ကောင်းကင်ကို ထွင်းဖောက်ပျံသန်းနေ၏။

စုချန်းနှင့် ဒန်ဘာတို့သည် အကြီးဆုံးသော အဆိပ်ငှက်၏ ကျောပြင်ပေါ်တွင် ထိုင်နေကြလေသည်။ လေတိုက်နှုန်းမှာ ပြင်းထန်လှ၍ စုချန်းတယောက်က် မျက်လုံးပင် မဖွင့်နိုင်ပဲ ဖြစ်နေရှာ၏။ သူ့အနေနှင့် လေတိုက်နှုန်းကို ကာကွယ်ရန် မူလစွမ်းအင်အကာအကွယ်တခုပင် ဖန်တီးထားလိုစိတ်များ ပေါ်ပေါက်လာသည်။

သို့သော် မူလစွမ်းအင်ကျောင်းတော်အား ဖြတ်သန်းခြင်းမပြုရသေးသည့် သတ်ဖြတ်သူမျိုးစိတ်ဝင်သည် ဤအကာအကွယ်မျိုးကို မဖန်တီးနိုင်။

ထို့ကြောင့် စုချန်းအနေနှင့် ပြင်းထန်သော လေတိုက်နှုန်းအား အံကြိတ်ခံရုံသာ ရှိတော့လေသည်။

"ကျုပ်လဲ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကို အတော်အသင့် စီးဖူးပါတယ် ခုကျမှ မင်းတို့ အဆိပ်ငှက် စီးရတာက လွန်းပျံယာဥ် စီးရတာထက် ပိုဆိုးမှန်း သိတော့တယ်"

စုချန်းက ကသိကအေင့်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

"သေချာတာကတော့ မင်းဟာ သတ္တိကောင်းပေမဲ့ရုပ်ပိုင်းဆိုင်ရာကတော့ အားနည်းတယ်ဆိုတာပဲ"

အဆိပ်ငှက်၏ ရှေ့ပိုင်းတွင် စိတ်အေးလက်အေးနှင့် ထိုင်နေသော ဒန်ဘာက ပြန်ပြောလိုက်၏။

စုချန်း ရယ်မောလိုက်သည်။

"ကျုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းပုံကို မင်း လှောင်ပြောင်နေတာလား ဒါမှမဟုတ် ကျုပ်သတ္တိကောင်းတာကို ချီးကျူးနေတာလား"

"နှစ်ခုလုံးပဲကွ ဘာပဲပြောပြော မင်း ကျုပ်နဲ့ လိုက်လာရဲတယ် ကမ္ဘာပေါ်မှာ ကျုပ်ကို လှည့်စားနိုင်မဲ့လူ အများကြီး ရှိနေနိုင်ပေမဲ့ ကျုပ်နဲ့အတူ ဂေါလန်ရဲတိုက်ကို လိုက်ရဲတဲ့လူ များများစားစား မရှိတာကတော့ သေချာတယ် မင်း ကျုပ်နဲ့ လိုက်လာတာ မင်းအပေါ် ကျုပ် အမြင်ပြောင်းသွားပြီ"

စုချန်း ရယ်မောလိုက်ပြန်သည်။

"မင်းက ကျုပ်ကို ကျောထောက်နေခံပေးမယ်ဆိုမှတော့ ကျုပ်က ဘာကြောင့် မလိုက်ရဲရမှာလဲ"

"ဒါမတူဘူးကွ ကျုပ်အသက်က အဖိုးမတန်ဘူး ဒါပေမဲ့ မင်းအသက်ကတော့ အဖိုးတန်တယ် မင်းဟာ လူသားတွေရဲ့ မျှော်လင့်ချက် အနာဂတ်ပဲ ကျုပ်သာ မင်းကို ကျုပ်အသက်နဲ့ အလှဲဲအလှယ်လုပ်လိုက်ရင် သတ်ဖြတ်သူမျိုးစိတ်အနေနဲ့ အများကြီး အကျိုးရှိသွားမယ်"

"ဒါဆိုလဲ လှဲလိုက်လေကွာ"

ဒန်ဘာ နှုတ်ဆိတ်သွား၏။

ဟုတ်သားပဲ...ငါ ဘာလို့ အလှဲဲအလှယ် မလုပ်ရတာလဲ...

ကနဦးတွင် စုချန်းအကြောင်းကို ကြားကတည်းက ဒန်ဘာသည် စုချန်းအား ရန်သူတော်ကြီးဟု သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် စုချန်းအား သတ်ပစ်နိုင်ရန် သူ မီးကုန်ယမ်းကုန် ကြိုးစားခဲ့လေသည်။

ယခုတော့ ကမ္ဘာကြီးသည် ပြောင်းလဲသွားပုံရ၏။ စုချနှင့်သူသည် တလှေတည်းစီးတခရီးတည်းသွားသူများ ဖြစ်နေခဲ့ကြလေပြီ။

အဆိုပါပြောင်းလဲမှုသည် ဒန်ဘာအား အငိုက်မိသွားစေလောက်သည်အထိ မြန်ဆန်လှ၏။

အစောပိုင်းကာလများတွင် ဒန်ဘာသည် စုချန်းအား သတ်နိုင်ရန် အမျိုးမျိုးအဖုံဖုံ ကြိုးစားခဲ့၏။ သို့သော် မည်သည့်အခွင့်အရေးမှ မရခဲ့။ ယခုတော့ စုချန်းအား သတ်ပစ်နိုင်မည့်အခွင့်အရေးက သူ့ လက်တကမ်းတွင် ရောက်ရှိနေခဲ့လေပြီ။ သို့သော် လက်ရှိတွင် စုချန်းကို သူ သတ်မပစ်နိုင်တော့။

အဘယ်ကြောင့် ထိုသို့ ဖြစ်ရလေသနည်း။

ဒန်ဘာသည် ကိုယ့်ကိုယ်ကိုပင် နားမလည်ပဲ ဖြစ်နေ၏။

အတန်ကြာအောင် စဥ်းစားနေပြီးမှ သူက ပြောလိုက်သည်။

"ကျုပ်က မင်းကိုသတ်ဖို့ ယုံကြည်မှုမရှိဘူးတို့ မင်းက ကျုပ်အတွက် အရေးမပါဘူးတို့ ပြောလိုက်ရင်လဲ ကျုပ်ဟာ ကြောင်သူတော်ဖြစ်သွားမယ် ကျုပ်လိုဘအတွက် ကျုပ် လုပ်တယ်လို့ ပြောပြန်ရင်လဲ အပြည့်အဝ မမှန်ှန်ပြန်ဘူး"

"အိုး အဲဒါဆို ဘာကြောင့်ပါလိမ့်ကွာ"

စုချန်းက မေးလိုက်ပြန်သည်။

"ကျုပ် မင်းကို ဘာကြောင့် မသတ်ရဲသလဲ မင်းကော ကျုပ်နောက် ဘာကြောင့် လိုက်လာရဲသလဲ မင်း တကယ်မသိဘူးပေါ့ ဟုတ်လား"

စုချန်းက ​ပြန်ဖြေလိုက်၏။

"ကိုယ်က အကုန်လုံးကို ထိန်းချုပ်ထားနိုင်ရင် သတ္တိဟာ တကယ့်သတ္တိ မဟုတ်တော့ဘူးကွ"

ထိုစကားကို ကြားသောအခါ ဒန်ဘာ ရယ်မောလိုက်၏။

"သိပ်ကောင်းတဲ့စကားပဲ အကုန်လုံးကို ထိန်းချုပ်ထားနိုင်ရင် သတ္တိဟာ သတ္တိမဟုတ်တော့ဘူး ဟုတ်လား ကျုပ်ဟာ ကျုပ်ရဲ့ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် မင်းကို မသတ်တာ မှန်တယ် ဒါပေမဲ့တကယ်အကြောင်းပြချက်ကတော့ မင်း ပြဌာန်းမဲ့ အနာဂတ်ကို ပိုပြီး မြင်တွေ့ချင်နေလို့ပဲကွ"

"ကျုပ် ပြဌာန်းမဲ့ အနာဂတ် ဟုတ်လား"

စုချန်း အံ့သြသွား၏။

"မှန်တယ် သားရဲတွေကို ရှင်းပစ်တာလေကွာ"

ထိုအခါကျမှ ဒန်ဘာ၏ ဆိုလိုရင်းကို စုချန်း နားလည်သွား၏။

ထိုအကြောင်းချင်းရာနှင့် ပတ်သက်၍ ဒန်ဘာကို ကနဦးကတည်းက စုချန်း ပြောခဲ့ဖူး၏။ သားရဲများသည် သူတို့အားလုံး၏ ဘုံရန်သူ ဖြစ်နေ၍သာ သတ်ဖြတ်သူများ မူလစွမ်းအင်အား အာရုံခံနိုင်မည့်နည်းစနစ်အား သူ သင်ကြားပေးခြင်းဖြစ်သည်ဟု စုချန်း ဆိုခဲ့ဖူးသည် မဟုတ်ပါလား။

တကယ်တော့ ၎င်းသည် စုချန်း၏ အကြံအစည်အတွက် အကြောင်းပြချက်သက်သက်မျှသာ ဖြစ်သည်။

သို့သော် ထိုအကြောင်းပြချက်သည် ဒန်ဘာအား တခါမှ မကြုံဖူးသည့် မျှော်လင့်ချက်မျိုးကို ပေးစွမ်းစေ၏။

ညဏ်ရည်မြင့်မျိုးစိတ်များ၏ အန္တိမတ်ရည်မှန်းချက်သည် မူလမျိုးစိတ်များအား အနိုင်ယူရန်ပင် မဟုတ်တုံလော။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အာကင်နာများသည်လည်း စုချန်းနှင့် အလားတူပင် ကြိုးပမ်းခဲ့ဖူး၏။ သို့သော် အာကင်နာများ အရှုံးကြီး ရှုံးသွားခဲ့ရသည်။

ယခုကာလတွင်တော့ သားရဲများသည် အင်အားနည်းသထက် နည်းလာပြီး ညဏ်ရည်မြင့်မျိုးစိတ်များကတော့ သန်မာသည်ထက် သန်မာလာခဲ့လေပြီ။ ဤအနေအထားတွင် ညဏ်ရည်မြင့်မျိုးစိတ်များအနေနှင့် သားရဲများအား အနိုင်ရနိုင်ချေ ရှိလာသည် မဟုတ်ပါလား။

ဒန်ဘာက ပြောလိုက်ပြန်၏။

"ဒီလိုအောင်မြင်မှုမျိုးကို တကြိမ်လောက်ပဲ ကြုံဖူးရင်ကို ထိုက်တန်နေပြီမဟုတ်ဘူးလား သားရဲတွေနဲ့ နှိုင်းယှဥ်ရင် လူတွေနဲ့ သတ်ဖြတ်သူတွေကြားထဲက အမုန်းတရားဟာ ပြောပလောက်စရာမှ မဟုတ်တာပဲ"

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း၏ နားထဲတွင် တကြိမ်က ကျူးချန်း ပြောခဲ့ဖူးသည့် စကားများကို အလိုအလျောက် ကြားယောင်မိလာတော့သည်။

"လူသားတွေအနေနဲ့ အင်အားကြီးမားလာဖို့ အိပ်မက်မမက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်"

"ဒီလို အိပ်မက် တကယ်တမ်း အကောင်အထည်ပေါ်လာရင်လဲ လူသားတွေ ကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

"ညဏ်ရင်မြင့်မျိုးစိတ်တွေအနေနဲ့ သားရဲတွေကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး ကျုပ်တို့ ဒီကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်နိုင်တာ အင်အားကြီးမားလို့ မဟုတ်ဘူး လုံလောက်အောင်အင်အားမရှိလို့ပဲ"

ထိုစကားလုံးများကို စုချန်း ဘယ်တော့မှ မမေ့။ အနှီစကားလုံးများသည် သူ့နှလုံးသားအား အပ်နဲ့ထိုးဆွသည့်နှယ် အစဥ်တစိုက် နာကျင်စေလျက်ရှိသည်။

ယခုတော့ ညဏ်ရည်မြင့်မျိုးစိတ်များမှ သားရဲများအား ရင်ဆိုင်မည့်အကြောင်းကို ဒန်ဘာနှုတ်ဖျားမှ ထွက်လာသည်ကို စုချန်း ကြားနေရပေပြီ။

အတန်ကြာနှုတ်ဆိတ်နေပြီးမှ စုချန်းက ပြောလိုက်၏။

"အဲဒီနေ့ ရောက်လာလို့များ ညဏ်ရည်မြင့်မျိုးစိတ်တွေ ရှုံးနိမ့်သွားရင် သူတို့ ဘယ်လိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မင်း သိရဲ့လား ဒန်ဘာ"

"သိပ်သိတာပေါ့"

ဒန်ဘာက ယဲ့ယဲ့မျှ ပြုံးရင်း ပြောလိုက်သည်။

"အကုန်သေမှာပဲမလား ဒီတော့ ဘာဖြစ်သလဲ မနိုင်လောက်ဘူးဆိုတာနဲ့ ရင်မဆိုင်ရတော့ဘူးလား ဒါ ကျုပ်တို့ရဲ့ စရိုက်မှ မဟုတ်တာပဲ"

စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။

မနိုင်လောက်ဘူးဆိုတာနဲ့ ရင်မဆိုင်ရတော့ဘူးလား...

ဒန်ဘာ၏ စကားလုံးများသည် စုချန်းနားထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။

"မင်း...မင်း..."

ထိုအခိုက်မှာပင် ဒန်ဘာက စုချန်းကို လှည့်ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတရပ် ပေါ်ပေါက်လျက်ရှိသည်။ ထို့နောက် သူက ပြောလိုက်၏။

"ဒီသားရဲတွေ ကျုပ်တို့ကို အနိုင်ကျင့်လာတာ နှစ်ပေါင်းသောင်းချီနေပြီ ခုချိန်ထိ ကမ္ဘာတခြမ်းစာလောက်ကို ဒီကောင်တွေ ထိန်းချုပ်ထားတုန်းပဲ သူတို့ဟာ ကျုပ်တို့ရဲ့ အကြီးမားဆုံး ရန်သူ အသန်မာဆုံး ပြိုင်ဘက်ပဲ သူတို့နဲ့ယှဥ်ရင် မင်းနဲ့ကျုပ်တို့မျိုးစိတ်ကြားက အမုန်းတရားဆိုတာ ဘာမှမဟုတ်ဘူး ဒီကောင်တွေ မရှိတော့ဘူးဆိုရင် ကျုပ်တို့ မြေယာတွေ ပိုရလာမယ် အရင်းအမြစ်တွေ ပိုရလာမယ် အဲဒီအချိန်ရောက်သွားရင် ကျုပ်တို့ကြားက အမုန်းတရားတွေ အလိုလို ပျောက်သွားလိမ့်မယ် ဒီတော့ ကျုပ်တို့ ဘာဖြစ်လို့ ဒီကောင်တွေကို ပြန်ပြီးမတုံ့ပြန်ရမှာလဲ"

စုချန်း လုံးဝဆွံ့အသွားလေပြီ။ မည်သို့ဆိုစေ ဒန်ဘာ၏ စကားကို သူ မငြင်းနိုင်သည်ကတော့ သေချာနေ၏။

ဒန်ဘာက အားရပါးရ ပြုံးရင်း ပြောလိုက်ပြန်သည်။

"ဒီတော့ ကျုပ်ပြောတာကို မင်း မတွေးမိဘူးပေါ့လေ မင်းတို့လူသားတွေဟာ အမြဲတမ်း ဒီအတိုင်းပဲ နှစ်ပေါင်းထောင်သောင်းချီအောင် သားရဲတွေရဲ့ရန်ကို ကြောက်နေခဲ့ရပေမဲ့ မင်းမျက်လုံးထဲမှာ ကျုပ်တို့ကိုပဲ ရန်သူလို့မြင်တယ် ဟုတ်သလားကျုပ်ပြောတာ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ကို အနိုင်ယူနိုင်တယ်လို့ မင်းမှာ ယုံကြည်ချက်ရှိနေလို့ပဲ မင်းတို့ရဲ့ တွေးခေါ်ပုံကိုက အနိုင်ရနိုင်မဲ့ ပြိုင်ဘက်ကိုပဲ တကယ့်ပြိုင်ဘက်လို့ သဘောထားကြတာကိုး"

ဒန်ဘာ၏ စကားများ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ စုချန်းကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေ၏။ တဖက်တွင်လည်း ဒန်ဘာ၏ အတွေးအခေါ်ကို သူ တလေးတနက်ပင် သဘောတူမိလေသည်။

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

"မင်းပြောတာ အကြွင်းမဲ့ မှန်ပါပေတယ် လူသားတွေဟာ သားရဲတွေကို မနိုင်လောက်ဘူးထင်လို့ ပြန်တုံ့ပြန်ဖို့ စိတ်ကူးမရှိပဲ နှစ်ပေါင်းများစွာ ဒီအတိုင်း နေလာခဲ့ကြတာပဲ"

ဒန်ဘာ ပြုံးလိုက်၏။

"ကဲ ခုတော့ မင်း မြင်သွားပြီပေါ့ ဟုတ်လား စုချန်း မင်း ရွှံ့နွံတောမှာ ကျုပ်က်ို ပြောခဲ့တဲ့စကားဟာ မရိုးသားမှန်း ကျုပ် သိတယ် ဒါပေမဲ့ ခုတော့ ကျုပ်​ပြောတာကို မင်း အလေးအနက်ထားပြီး စဥ်းစားဖို့ ကျုပ် မျှော်လင့်တယ် နောင်အနာဂတ်မှာ မင်းရဲ့တီထွင်ဖန်တီးမှုတွေဟာ လူသားမျိုးနွယ် အင်အားကြီးမားလာရုံလောက်သာ မကပဲ..."

"...မင်း ကျုပ်က်ို အများကြီး အထင်ကြီးထားတာပဲကိုး"

စုချန်း ဘာပြောရမှန်းပင် မသိတော့။

"ကျုပ်က မင်းကို စိတ်ဓာတ်တက်ကြွလာအောင် ရည်မှန်းချက်တခု ပေးလိုက်တဲ့ သဘောပါ"

ဒန်ဘာက အားရပါးရ ရယ်မောရင်း ပြောလိုက်၏။

"လောလောဆယ်တော့ လက်ရှိအခြေအနေကို ဂရုစိုက်ကြတာပေါ့ ကဲ အစိမ်းရောင်နတ်ဆိုး ပျံလိုက်စမ်းဟေ့!

***

All Chapters