← Chapters

ရွှေအရိပ်တောင်

Vol. 70 Ch. 692

ရွှေအရိပ်တောင်

Vol. 70 Ch. 692

ဆယ်ရက်ခန့်ကြာအောင် မနားတမ်းပျံသန်းပြီးနောက် စုချန်းတို့ စီးနင်းလာသော အဆိပ်ငှက်သည် ဂေါလန်ရဲတိုက်သို့ ရောက်ရှိလာ၏။

နှစ်ပေါင်းနှစ်သောင်းခန့် စဥ်ဆက်မပြတ် တိုးတက်လာပြီးနောက် ဂေါလန်ရဲတိုက်သည် ဆန်းကြယ်တင့်မောစရာကောင်းသော နိဗ္ဗာန်ဘုံ မဟုတ်တော့။ ၎င်းသည် သတ္တုမြို့တော် ဖြစ်နေခဲ့ပြီးလေပြီ။

ဂေါလန်ရဲတိုက်သို့ ရောက်ရှိပြီးသည်နှင့် သူတို့၏ အမြင်အာရုံအတွင်း ပထမဆုံး တိုးဝင်လာသော မြင်ကွင်းမှာ သတ္တုများနှင့် ပြုလုပ်ထားသည့်တောင်ထွတ်တခုပင် ဖြစ်သည်။ အဆိုပါတောင်ထွတ်သည် ကောင်းကင်မှ မြေကြီးဆီသို့ ထိုးထိုးထောင်ထောင်နှင့် မြင့်တက်လျက်ရှိသည်။

ဂေါလန်ရဲတိုက်၏ နာမည်ကျော် ရွှေအရိပ်တောင်ပေတည်း။

ရွှေအရိပ်တောင်သည် ညဏ်ရည်မြင့်မျိုးစိတ်များ၏ သမိုင်းတွင် အံ့ချီးဖွယ်ရာအကောင်းဆုံး ဗိသုကာလက်ရာ ဖြစ်သည်။ ဟားပီးစ်(လူပျံတော်)များ၏ ကောင်းကင်မြို့တော်မှ လွဲ၍ ၎င်းအား တုဖက်ပြိုင်နိုင်သော ဗိသုကာလက်ရာ သိပ်များများစားစား မရှိလှ။

အဆိုပါ လက်ရာနှစ်မျိုးတွင် တခုတည်းသော ကွဲပြားခြားနားချက်မှာ ကောင်းကင်မြိို့တော်သည် ညဏ်ရည်မြင့်မျိုးစိတ်များ၏ ညဏ်ရည်ညဏ်သွေး ထက်မြက်ပုံကို ဖော်ကျူးနေခြင်း ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ညဏ်ရည်မြင့်မျိုးစိတ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုနေ၏။

တဖက်မှ ရွှေအရိပ်တောင်သည်ကား ထိုသို့မဟုတ်တော့ပဲ သတ်ဖြတ်သူများ၏ ရူးမိုက်ပုံကို ဖော်ကျူးနေလေသည်။

ထိုစကားမှာ အမှန်ပင် ဖြစ်သည်။ အကြောင်းမှာ ရွှေအရိပ်တောင်သည် သတ်ဖြတ်သူများ၏ ညဏ်ရည်၊ အသိညဏ်ကြောင့် ဖြစ်ပေါ်လာရခြင်းမဟုတ်ပဲ ၎င်းတို့၏ ရူးသွပ်မိုက်မဲမှုကြောင့် ဖြစ်တည်လာရသောကြောင့်ပင်။

ရှေးဟောင်းသစ်ခွနယ်မြေကို ရှာတွေ့ခဲ့စဥ်က သတ်ဖြတ်သူများသည် အနှီနယ်မြေအား နတ်ဘုံနတ်နန်းသဖွယ် သဘောထားပြီး နှစ်ပေါင်း ၁၈၀၀တိုင်တိုင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏။

သို့သော် တည်ဆောက်ရေးပြီးစီးသွားသည့်နောက်တွင်တော့ ဂေါလန်ရဲတိုက်၏ မြေနေရာသည် လုံလောက်ခြင်းမရှိဟု သတ်ဖြတ်သူများ ခံစားလာမိတော့သည်။

အကြောင်းမှာ ဂေါလန်ရဲတိုက်သည် ချိုင့်ဝှမ်းအတွင်းတွင် တည်ရှိနေသောကြောင့်ပင်။ ထို့ကြောင့် စိုက်ပျိုးမြေချဲ့ထွင်ရာတွင် အဓိကလိုအပ်သော တူးမြောင်းများ ဖောက်လုပ်ရန် အဆင်မပြေလှ။ ထိုအခိုက်မှာပင် ရူးသွပ်သော အဆိုပြုချက်တခု ထွက်ပေါ်လာ၏။ ထိုအဆိုပြုချက်မှာ ဂေါလန်ရဲတိုက်အား ဝန်းရံထားသည့် တောင်ကြီးနှစ်လုံးအား ဖြိုချပစ်ရန်ပင်တည်း။

မည်မျှပင် ထူးဆန်းသည့် စိတ်ကူးစိတ်သန်းမျိုးပေနည်း။ လူသားများအဖို့တော့ ထိုစိတ်ကူးမျိုးက ရယ်ချင်စရာပင်။

သင့်အနေနှင့် သာမာန်လူများ ရယ်မောဖွယ်ရာ စိတ်ကူးစိတ်သန်းမျိုးကို ပြောဆိုမိပါက ညဏ်ရည်နိမ့်ပါးသူအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

သို့သော် ညဏ်ရည်နိမ့်ပါးသူ အုပ်လိုက်ကြီး စုပေါင်းမိသောအခါ အလွန်ထူးဆန်းသော ရလဒ်များ ပေါ်ထွက်လာတတ်လေ့ရှိ၏။

မှန်၏။ အကြောင်းမှာ အထက်တွင် ဖော်ပြခဲ့သည့်အဆိုပြုချက်ကို သတ်ဖြတ်သူတိုင်း ထောက်ခံခဲ့ကြသောကြောင့်ပင်။

တကယ်တော့ သတ်ဖြတ်သူများအတွက် ထိုလုပ်ရပ်မျိူးမှာ သိပ်မဆန်းလှ။ အာကင်င်နာနယ်မြေမှ မူလစွမ်းအင်ကျောင်းတော်အား ဂေါလန်ရဲတိုက်သို့ ပြောင်းရွှေ့ခဲ့ခြင်းကို ကြည့်လျင် ၎င်းကို မြင်သာပေသည်။

အရူးသည် တမိပေါက် တယောက်ထွန်းမျိုးသာ ဖြစ်တတ်၏။ သို့သော် သတ်ဖြတ်သူများကား မျိုးစိတ်တစိတ်လုံး ရူးသွပ်နေသည်ဟု ဆိုနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းသုံးရာအကြာတွင်တော့ ဂေါလန်ရဲတိုက်အား ဝန်းရံထားသော တောင်ကြီးနှစ်လုံးမှာ ပြားပြားဝပ်သွားတော့၏။ ထို့နောက်တွင်တော့ ဂေါလန်ရဲတိုက်သည်လည်း တောင်ကြားအတွင်းမှ ထူးဆန်းသောနေရာတခု မဟုတ်တော့။ ကွင်းပြင်ကျယ်ကြီးအတွင်းမှ ကြီးမားသော မြို့တော်ကြီး ဖြစ်လာတော့သည်။

သို့သော် သတ်ဖြတ်သူများသည် သူတို့၏ ရူးသွပ်မိုက်မဲမှုအတွက် တန်ရာတန်ကြေးကို ခပ်မြန်မြန်ပင် ပြန်ပေးဆပ်ရလိုက်ကြ၏။

တောင်ကြီးနှစ်လုံးအား ဖြိုချလိုက်ခြင်းကြောင့် ဂေါလန်ရဲတိုက်၏ ပတ်ဝန်းကျင်သည် မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲလာ၏။ တခါက သစ်ပင်ပန်းမံများနှင့် စိမ်းလန်းစိုပြေခဲ့သော ပတ်ဝန်းကျင်သည် တမုဟုတ်ချင်းမှာပင် ကျတ်တီးမြေအဖြစ် ပြောင်းလဲလာလေသည်။ မြောက်ပိုင်းမှ ပြင်းထန်စွာ တိုက်ခတ်လာသော လေအေးစီးကြောင်းများသည် ဂေါလန်ရဲတိုက်၏ ဂေဟစနစ်အား မြန်မြန်ဆန်ဆန်ပင် ဖျက်ဆီးပစ်လိုက်၏။ ထာဝရရေကန်သာ မရှိခဲ့လျင် ဂေါလန်ရဲတိုက်သည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားဖွယ်ရာ ရှိလေသည်။

ထိုအခြေအနေသည် သတ်ဖြတ်သူများအား အကြီးအကျယ် ထိတ်လန့့်သွားစေ၏။ ထိုအခါ အနှီပြသနာကို ဖြေရှင်းရန် သူတို့ နောက်တကြိမ် ပြန်လည်စုဝေးကြရပြန်သည်။

ထိုအခါ နောက်ထပ် ထူးဆန်းသော အဆိုပြုချက်တခု ပေါ်ထွန်းလာပြန်၏။

ထိုအဆိုပြုချက်မှာကား သူတို့ ဖြိုချပစ်လိုက်သည် တောင်ကြီးနှစ်လုံးနေရာတွင် ကြီးမားသော တောင်ကြီးတလုံး တည်ဆောက်ရန်ပင်တည်း။

ထိုအဆိုပြုချက်ကိုလည်း သတ်ဖြတ်သူတိုင်း သဘောတူလိုက်ကြပြန်၏။

သတ်ဖြတ်သူများ၏ စဥ်းစားတွေးခေါ်ပုံမှာကား ဤနည်းအတိုင်းသာတည်း။ ၎င်းတို့၏ စဥ်းစားပုံသည် ရိုးရှင်း၏။ ဒဲ့ဒိုးဆန်၏။ ကြမ်းတမ်း၏။ တောင်ကို သူတို့ ဖြိုချနိုင်လျင် အဘယ်ကြောင့် ပြန်လည်မတည်ဆောက်နိုင်ရမည်နည်းဟု သူတို့ တွေးကြလေသည်။

တောင်ကြီးနှစ်လုံးကို ဖြိုချရန် သတ်ဖြတ်သူများ နှစ်ပေါင်းသုံးရာတိုင် အချိန်ယူခဲ့ရ၏။ ပြန်လည်တည်ဆောက်ရန်အတွက် ထိုထက် နှစ်ဆသောအချိန်ကို ယူရမည်မှာ ယုံမှားသံသယဖြစ်နေစရာမလို။

နောက်ထပ် နှစ်ပေါင်းခြောက်ရာအကြာတွင်တော့ ဤယနေ့ခေတ်တွင် မြင်တွေ့နေရသည့် ရွှေအရိပ်တောင်အား သတ်ဖြတ်သူများ တည်ဆောက်ပြီးစီးသွားလေသည်။

မည်သို့ပင်ဆိုစေကာမူ ရွှေအရိပ်တောင်သည် ညဏ်ရည်မြင့်မျိုးစိတ်များ၏ ဂုဏ်သရေအကြီးမြတ်ဆုံး ဗိသုကာလက်ရာတခု ဖြစ်လာသည်မှာ အမှန်ပင်။ ဤကဲ့သို့သော တည်ဆောက်မှုမျိုး နောင်တွင် အလားတူ မရှိနိုင်တော့။

ရွှေအရိပ်တောင်သည် ပေပေါင်းသောင်းနှင့်ချီ မြင့်မားပြီး မိုးသို့ထိုးနေ၏။ ၎င်းသည် ကမ္ဘာပေါ်တွင် အမာကျောဆုံး ခံတပ်လည်း ဖြစ်ပေသည်။ မည်သည့်သက်ရှိမှ ၎င်းကို ဖျက်ဆီး၍မရ။

မြေအောက်ရေထွက်ပေါက်အပြင် ရွှေအရိပ်တောင်တွင် တံခါးပေါက် ဆယ့်နှစ်ပေါက်ထိ ရှိ၏။ တံခါးပေါက် တပေါက်ချင်းစီ၏ အဝင်လမ်းသည်လည်း ကီလိုမီတာပေါင်းများစွာ ရှည်လျားပေသည်။

တောင်ထိပ်တွင် မြို့ငယ်လေးတမြို့သဖွယ် တည်ဆောက်ထားသော ခံတပ်ရှိ၏။ ခံတပ်ထဲတွင် သတ်ဖြတ်သူစစ်သည်အများအပြား စောင့်ကြပ်လျက်ရှိကြလေသည်။ ငှက်တကောင်ပင် တောင်ကို ဖြတ်သန်းပျံသန်းရန် ၎င်းတို့၏ ခွင့်ပြုချက် လိုအပ်ပေသည်။

ထို့ကြောင့်လည်း ဂေါလန်ရဲတိုက်သည် ဘယ်သောအခါမှ မကျရှုံးနိုင်သည့် မြို့တမြို့အဖြစ် တင်စားခံရခြင်း ဖြစ်သည်။

သို့သော် လူသားများအတွက်တော့ ဤခံတပ်မျိုးမှာ အချည်းနှီး ဖြုန်းတီးခြင်းမျှသာ ဖြစ်၏။

အကြောင်းမှာ ဂေါလန်ရဲတိုက်လို နေရာမျိုးကို သတ်ဖြတ်သူအချင်းချင်းမှအပ တခြားမည်သူမှ တိုက်ခိုက်ရန် စိတ်ဝင်စားလိမ့်မည်မဟုတ်။ သတ်ဖြတ်သူများအနေနှင့်လည်း မိမိတို့၏ မြို့တော်အား အဘယ်ကြောင့် ပြန်လည်တိုက်ခိုက်နေမည်နည်း။

စုချန်းတို့ စီးနင်းလာသော အဆိပ်ငှက်သည် ရွှေအရိပ်တောင်၏တံတိုင်းများပေါ်သို့ ဆင်းသက်လိုက်၏။ ထိုအခါ ဒန်ဘာက လှမ်းအော်လိုက်သည်။

"ကျုပ်ဟာ ကျောက်တုံးပုတ်သင်အသိုက်ရဲ့ ခေါင်းဆောင်ကြီးဒန်ဘာပဲ ဒါ ကျုပ်ရဲ့ ခေါင်းဆောင်သက်သေခံတံဆိပ်"

ဒန်ဘာ၏ လက်ထဲရှိ အရိုးနှင့်ပြုလုပ်ထားသည့့် တံဆိပ်သည် ရှေးဟောင်းအရှိန်အဝါတခုကို ထုတ်လွှတ်လျက်ရှိ၏။

၎င်းမှာ မူလလက်ဟောင်းကျောက်တုံးပုတ်သင်အသိုက်ခေါင်းဆောင် ရရှိထားဖူးသည့် နတ်ဆိုးအရိုးအဆီအနှစ်နှင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတံဆိပ်သည် ခေါင်းဆောင်၏ အထိန်းအမှတ်တံဆိပ်ဖြစ်ရုံမက အားကောင်းသော မူလကိရိယာတခုလည်း ဖြစ်ပေသည်။

ဒန်ဘာသည် တံဆိပ်အတွင်းသို့ မူလစွမ်းအင်များ ဖြည့်သွင်းလိုက်ရာ သူ့ဦးခေါင်းပေါ်တွင် ကြီးမားသော ကျောက်တုံးပုတ်သင်ပုံရိပ်တခု ပေါ်ပေါက်လာ၏။ ၎င်းမှာ လူသားများ၏ သွေးဗီဇပုံရိပ်နှင့် ခပ်ဆင်ဆင်ပင်။

၎င်းကိုမြင်သည်နှင့် သတ်ဖြတ်သူစစ်သည်များသည် ၎င်းတို့လက်များကို ရင်ဘတ်ပေါ်တင်ပြီး ဒန်ဘာအား အရိုအသေပြုလိုက်ကြ၏။

"နှုတ်ခွန်းဆက်သပါတယ် အကြီးအကဲခင်ဗျာ ဂေါလန်ရဲတိုက်က ကြိုဆိုပါတယ်"

"ဂေါလန်ရဲတိုက် ထာဝရရှင်သန်ပါစေ"

စစ်သည်များအား ပြန်လည်နှုတ်ဆက်ပြီးသည်နှင့် ဒန်ဘာသည် အဆိပ်ငှက်ကို မြို့တော်ဆီသို့ ဦးတည်ပျံသန်းစေလိုက်၏။

"ဟင် ဒါပဲလား"

စုချန်း အံ့သြသွား၏။

"မင်းက ဘယ်လိုထင်လို့လဲ"

"နည်းနည်းပါးပါးတော့ မေးရမြန်းရမှာ မဟုတ်ဘူးလား"

ဒန်ဘာ ပြုံးလိုက်၏။

"အသိုက်ကြီးတွေက ခေါင်းဆောင်တွေ ဒီကို ဘာဆင့်ခေါ်မှုမှ မရှိပဲ ရောက်လာရင် အကြောင်းပြချက်က တခုပဲ ရှိတယ်...အဲဒါ ဘာလဲဆိုတော့ မူလစွမ်းအင်ကျောင်းတော်ပဲ"

***

All Chapters