← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 70 Ch. 694

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 70 Ch. 694

အလွန်နူးညံ့သည့် အဝတ်စအား ကိုင်ထားသော သူ့လက်ချောင်းများသည် သွက်လက်မြန်ဆန်စွာ လှုပ်ရှားနေ၏။ သတ္တုများအကြား ဟနေသည့် အကွဲကြောင်းအား ပွတ်သတ်လိုက်သည့်ခနမှာပင် အဝတ်စပေါ်၌ အလွန်သေးငယ်သော အစင်းရာတချို့ ထင်သွား၏။ ထိုအခါ သူက အဝတ်စအား အောက်ချပြီး နောက်ထပ်အဝတ်စတခုအား လှမ်းယူလိုက်ပြန်သည်။

သတ်ဖြတ်သူများသည် မူလစွမ်းအင်ကျောင်းတော်၏ သန့်ရှင်းရေးအား လွန်စွာ ဂရုစိုက်ကြသည်။ လတချို့ကြာတိုင်း ကျောင်းတော်တခုလုံးအား ရေဆေးချလေ့ရှိပြီး ကျန်အချိန်များတွင်တော့ သစ်လွင်သည့် အဖြူရောင်အဝတ်စများနှင့် ကျောင်းတော်တခုလုံးအား သန့်ရှင်းရေးလုပ်ကြလေသည်။

ထိုမျှလောက်ထိ ကျောင်းတော်၏ သန့်ရှင်းရေးကို သတ်ဖြတ်သူများ ဂရုစိုက်ကြသည်မှာ နတ်ဘုရားများ၏ အမိန့်ကြောင့် မဟုတ်။ မူလစွမ်းအင်ကျောင်းတော်၏ သဘောသဘာဝကြောင့်ပင် ဖြစ်သည်။

မူလစွမ်းအင်ကျောင်းတော်အား လည်ပတ်ရန် မြူတစမျှပင် မရှိသည်အထိ သန့်ရှင်းသော ပတ်ဝန်းကျင်မျိုး လိုအပ်၏။ အကြောင်းမှာ နှစ်ခြင်းခံမည့်သတ်ဖြတ်သူ မူလစွမ်းအင်ကို ပိုင်ဆိုင်သွားစေရန် ရှုပ်ထွေးသော မူလပုံစံကွက်များကို သုံးပြီး မူလစွမ်းအင်စုစည်းရေးကိရိယာမှ စုစည်းပေးသည့် မူလစွမ်းအင်များအား ထည့်သွင်းပေးရသောကြောင့်ပင်။

ထိုလုပ်ငန်းစဥ်တလျှောက်တွင် ကျောင်းတော်အတွင်း မသန့်ရှင်းသည့်အရာများ ဝင်လာပါက မူလစွမ်းအင်၏ သန့်စင်မှုကို ထိခိုက်သွားနိုင်ပေသည်။ ထိုအခါ နှစ်ခြင်းခံနေသည့် သတ်ဖြတ်သူပေါ်တွင်လည်း ထိခိုက်မှုများ ရှိလာနိုင်၏။ ထို့ကြောင့်လည်း မူလစွမ်းအင်ကျောင်းတော်သည် အများဆုံး ခြောက်ကြိမ်သာ နှစ်ခြင်းခံနိုင်ခြင်း ဖြစ်သည်။ အကြိမ်ရေတချို့ နှစ်ခြင်းခံပြီးသည်နှင့် အထက်တွင် ဖော်ပြခဲ့သည့် မသန့်ရှင်းသည့်အရာများ တဖြည်းဖြည်း စုပုံလာတတ်ပြီး နှစ်ခြင်းခံသူသတ်ဖြတ်သူ၏ ရုပ်ပိုင်းဆိုင်ရာအပေါ် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာစေတော့၏။

သို့တိုင်အောင် မူလစွမ်းအင်ကျောင်းတော်၏ သန့်ရှင်းရေးစနစ်မှာ လုံလောက်လှသည်မဟုတ်ချေ။

"မင်းတို့ရဲ့ သန့်ရှင်းရေးစနစ်ဟာ တော်တော်ဆိုးတာပဲကွ မင်းတို့အမြင်မှာတော့ ကျောင်းတော်ဟာ အလွန်သန့်ရှင်းတယ်လို့ ထင်ကောင်းထင်နေလိမ့်မယ် ကျုပ်အမြင်အရတော့ အတော်က်ို အခြေအနေဆိုးဆိုးပဲ"

တနေ့တာ အလုပ်လုပ်ပြီး အခန်းသို့ပြန်ရောက်သည်နှင့် စုချန်းက အထက်ပါအတိုင်း ရေရွတ်လိုက်လေသည်။

"တရက်တည်းမှာပဲ ပြသနာကို မင်း တွေ့သွားပြီပေါ့လေ"

အခန်းထဲတွင် အသင့်စောင့်ဆိုင်းနေသည့် ဒန်ဘာက တအံ့တသြနှင့် မေးလိုက်သည်။

စုချန်း မျက်မှောင်ကုတ်လိုက်သည်။

"ကျောင်းတော်ထဲက ဆေးမင်ပုံစံတွေကို မှတ်ရတာ ကျုပ်အတွက် သိပ်မခက်လှဘူးလေကွ ဒီလိုပြောလို့ မင်းတို့မျိုးစိတ်ကို ကျုပ် နှိမ့်ချဆက်ဆံတာတော့ မဟုတ်ဘူး ပြီးတော့ မင်းကိုယ်တိုင်လဲ ညဏ်ကောင်းတာပဲလေ ပြသနာကို မတွေ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"

ဒန်ဘာ ဘာပြောရမှန်းမသိ ဖြစ်သွား၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ပြီးတော့ မင်းလေသံကို နားထောင်ရတာ မင်းလဲ ကျောင်းတော်ရဲ့သန့်ရှင်းရေးစနစ်ပြသနာကို အစောကြီးကတည်းက ကြိုမြင်ထားပုံရတယ် ဟုတ်သလား ကျုပ်ပြောတာ"

ဒန်ဘာ သက်ပြင်းချလိုက်သည်။

"အမှန်တိုင်းပြောရရင် ဒါကြီးက လျှို့ဝှက်ချက်မဟုတ်တော့ဘူးကွ ဟိုးအရင်ကတည်းက ကျုပ်တို့ရှေးလူကြီးတချို့ ဒီပြသနာအကြောင်းကို အစဥ်တစိုက် ပြောလာဖူးကြတာ ရှိတယ် ဒါပေမဲ့ ဒီပြသနာက ကျုပ်တို့မျိုးစိတ်ဝင်တွေအတွက် ရိုးရိုးလေးနဲ့ ခက်နေပုံရတယ် ကျုပ်တို့ ဒီပုံစံအတိုင်း ကျောင်းတော်ကို သန့်ရှင်းရေးလုပ်လာကြတာ နှစ်ပေါင်းများစွာ ကြာပြီ ဒါ ကျုပ်တို့လုပ်နိုင်သမျှ မိုင်ကုန်ပဲ ကျောင်းတော်က ဒီအပေါ် ဘယ်လောက်ပဲတွန်းအားပေးပေး ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ကြတော့ဘူး"

"မင်းတို့ ဧရာမတောင်ကြီးတတောင်ကိုတော့ တည်ဆောက်နိုင်တယ် ကျောင်းတော်သန့်ရှင်းရေးစနစ်ကိုတော့ ဒီထက် ပိုကောင်းအောင် မလုပ်နိုင်ဘူးပေါ့ ဟုတ်လား"

စုချန်း တအံ့တသြနှင့် မေးလိုက်သည်။

ဒန်ဘာ ပုခုံးတွန့်လိုက်သည်။

"ဒါကိုက ကျုပ်တို့ရဲ့စရိုက်ပဲလေကွာ"

စုချန်း ဘာပြောရမှန်းပင် မသိတော့။

မည်သို့ဆိုစေ လက်ရှိတွင် စုချန်းသည် ရေခဲတုံး၏ ထိပ်ပိုင်းကိုမျှသာ မြင်နိုင်သေး၏။ သူ့အနေနှင့် မူလစွမ်းအင်ကျောင်းတော်နှင့် ပတ်သက်၍ ပိုမိုနားလည်လာရန် များစွာ လေ့လာသင်ယူရပေအုံးမည်။

ထိုနေ့မှစ၍ စုချန်းသည် မူလစွမ်းအင်ကျောင်းတော်သန့်ရှင်းရေးလုပ်ငန်းများအား အားသွန်ခွန်စိုက်နှင့် ဝင်ရောက်လုပ်ကိုင်တော့သည်။

နေ့စဥ်နေ့တိုင်းလိုလိုပင် စုချန်းနှင့် ကျန်သတ်ဖြတ်သူအစေခံများသည် ကျောင်းတော်အား ထိပ်ဖျားမှစ၍ အောက်ခြေတိုင် သန့်ရှင်းရေးလုပ်ကြ၏။ သန့်ရှင်းရေးလုပ်နေရင်းနှင့်ပင် စုချန်းသည် ကျောင်းတော်တခုလုံးတွင် ရေးထိုးထားသော ဆေးမင်များအား မှတ်သား၏။ ၎င်းတို့၏ အလုပ်လုပ်ပုံကို လေ့လာ၏။

ထိုသို့ မှတ်သားရခြင်းမှာ စုချန်းအဖို့ လွယ်ကူလှ၏။ သူ၏ အတုမရှိသော ခွဲခြမ်းစိတ်ဖြာခြင်းစွမ်းရည်နှင့် ပေါင်းစပ်လာသောအခါ စုချန်းတယောက် မူလစွမ်းအင်ကျောင်းတော်၏ အလုပ်လုပ်ပုံက်ို ခွဲခြားသိမြင်လာတော့သည်။

လဝက်မျှသော အချိန်အတွင်းမှာပင် စုချန်းတယောက် မူလစွမ်းအင်ကျောင်းတော်ကြီးတခုလုံး၏ အနေအထားအား အကြမ်းဖျင်းလေ့လာဆန်းစစ်မိသွားလေပြီ။ ထို့နောက် သူသည် ကျောင်းတော်အတွင်းရှိ မူလပုံစံများ၊ ဆေးမင်ကွက်များအား မှတ်သားပြီး စာရွက်ပေါ်တွင် မှတ်တမ်းတင်ထားလိုက်၏။ ထိုလုပ်ငန်းစဥ်မှာ ရိုးရှင်းလွယ်ကူလွန်းနေ၍ စုချန်းတယောက် ကိုယ့်ကိုယ်ကိုပင် မယုံနိုင်ပဲ ဖြစ်နေလေသည်။

ဤယနေ့တွင်လည်း သန့်ရှင်းရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စုချန်းတယောက် ခါတိုင်းကဲ့သို့ပင် အခန်းဆီသို့ ပြန်လာ၏။ ထိုအခါ သူ မှတ်တမ်းတင်ထားသော စာရွက်များအား ဒန်ဘာ လေ့လာဖတ်ရှုနေကြောင်း စုချန်း တွေ့လိုက်ရသည်။

စုချန်း ရောက်လာသည်ကို မြင်သည်နှင့် ဒန်ဘာက မေးလိုက်သည်။

"ဒီနေ့တော့ နောက်ဆုံးအပိုင်းအစတခုပဲ မှတ်တမ်းတင်ဖို့ကျန်တော့မယ် ကျုပ် ပြောတာ ဟုတ်သလား"

စုချန်း ခေါင်းညိတ်လိုက်၏။

"မှန်တယ်"

စကားဆုံးသည်နှင့် စုချန်းသည် သူ စိတ်နှင့်မှတ်လာသော မူလပုံစံကွက်အား စုချန်း စာရွက်ပေါ်တွင် ရေးချလိုက်၏။

"မင်းရဲ့မှတ်ညဏ်ကတော့ တကယ်ကို အံ့သြလောက်စရာပါပဲကွာ"

စုချန်းကိုကြည့်ရင်း ဒန်ဘာ တအံ့တသြနှင့် ရေရွတ်လိုက်လေသည်။

အဆိုပါ ပုံစံကွက်များသည် ရှုပ်ထွေးသည်နှင့်အမျှ အတိအကျ မှတ်မိရန်လည်း လိုအပ်နေသေး၏။ ထို့ပြင် စုချန်းတွင် ဘာအထောက်အကူပစ္စည်းမှ မရှိ။ အရာတိုင်းအား မှတ်ညဏ်နှင့်သာ မှတ်သားနေရခြင်း ဖြစ်သည်။ သူကိုယ်တိုင် လက်တွေ့မြင်နေရ၍သာ ဒန်ဘာအဖို့ စုချန်း၏ စွမ်းရည်အား ယုံကြည်လိုက်ရခြင်းဖြစ်သည်။ ကိုယ်တိုင်မြင်တွေ့ခြင်းမဟုတ်ပါက ယုံနိုင်ဖို့မလွယ်လှ။

စုချန်း ပုခုံးတွန့်လိုက်သည်။

"တစုံတယောက်အနေနဲ့ တနေရာရာမှာ အောင်မြင်ချင်ရင် သူ့မှာ ထူးချွန်တာတခုခုတော့ ရှိမှဖြစ်မယ်လေကွာ"

စိတ်ဝိညာဥ်သလင်းအား ရရှိပြီးကတည်းက စုချန်း၏ တွက်ချက်နိုင်စွမ်းနှင့် မှတ်ညဏ်မှာ တဟုန်ထိုးမြင့်တက်လာခဲ့၏။ ဒန်ဘာတယောက်က် သူ့လျှို့ဝှက်ချက်ကို မသိစေလို၍သာ စုချန်းအနေနှင့် ဤမျှ အချိန်ယူနေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ကျောင်းတော်တခုလုံးရှိ ဆေးမင်ကွက်များ၊ပုံစံများကို တရက်တာအချိန်အတွင်းမှာပင် စုချန်း မှတ်သားနိုင်စွမ်းရှိ၏။ လဝက်မျှ အချိန်ယူထားသည့်တိုင် စုချန်း၏ မှတ်ညဏ်မှာ ဒန်ဘာအဖို့ အံ့သြစရာဖြစ်နေဆဲပင်။

"မင်း အံ့သြစရာကောင်းတဲ့အရာတွေကို ဖန်တီးနိုင်တာ ဒီအတိုင်းဆိုရင် ဘာမှအံ့သြစရာမရှိဘူးပဲ"

အဖြေကို ရှာတွေ့သွားဟန်ဖြင့် ဒန်ဘာ ရေရွတ်လိုက်၏။

"ခု မင်းလိုချင်တာတွေရပြီဆိုတော့ ကျုပ်တို့ ဒီကထွက်လို့ရပြီမလား"

ဒန်ဘာက စုချန်းအား မေးလိုက်သည်။ သူ့တွင် ကျောက်တုံးပုတ်သင်အသိုက်၌ လုပ်စရာအများကြီး ရှိနေ၏။ ဂေါလန်ရဲတိုက်တွင် အချိန်ဖြုန်းနေ၍ မရ။

စုချန်း ခေါင်းခါလိုက်၏။

"ကျုပ်တို့လိုတာ မူလစွမ်းအင်ကျောင်းတော်သစ်တခု တည်ဆောက်ဖို့ မဟုတ်ဘူး ဒီကျောင်းတော် ဘယ်လိုလည်ပတ်သလဲဆိုတာ နားလည်အောင်လုပ်ဖို့ပဲ အဲဒီကျတော့မှ ကျုပ်ဖန်တီးတဲ့ နည်းလမ်းနဲ့ ပေါင်းစပ်ဖို့ ကြိုးစားရမယ်"

ဒန်ဘာ ဒေါသထွက်လာ၏။

"ဒီတော့ မလုံလောက်သေးဘူးပေါ့ မင်း ဘာလိုချင်သေးတာလဲ ကျောင်းတော်ကြီးတခုလုံးကို ဖြိုချပေးရမှာလား"

စုချန်း ရယ်မောလိုက်သည်။

"ဒီလောက်တော့လဲ မလိုပါဘူးကွာ ကျုပ်အနေနဲ့ နည်းနည်းပါးပါး ခွဲခြမ်းစိတ်ဖြာလို့ လိုနေရုံလောက်ပါ ဒီအတွက် သတင်းအချက်အလက်နည်းနည်းပါးပါး ထပ်လိုချင်သေးတယ်"

"မင်း ဘာလိုချင်တာလဲ"

"ကျုပ် နှစ်ခြင်းခံတဲ့လုပ်ငန်းစဥ်ကို ကြည့်ချင်တယ်"

"နှစ်ခြင်းခံတဲ့လုပ်ငန်းစဥ်ကို ကိုယ်တိုင်ကြည့်ချင်တာလား"

စုချန်း ထိုသို့ပြောလာမည်မှန်း ဒန်ဘာ ကြိုတင်မျှော်လင့်သွားသည့်တိုင် ရင်ခုန်သွား၏။

ထို့နောက် ဒန်ဘာ ခေါင်းညိတ်ပြလိုက်၏။

စုချန်း၏ တောင်းဆိုချက်သည် ခက်ခဲသည်မှာ အမှန်ပင်။ သို့သော် ဒန်ဘာအနေနှင့် နောက်ပြန်လှည့်၍ မရတော့။ မဖြစ်ဖြစ်အောင် လုပ်ပေးရတော့မည်သာ။

___________×××___________×××_____________

နေထွက်သည်နှင့် အနည်းငယ် မူးယစ်နေဟန်ရှိသည့့် သတ်ဖြတ်သူတချို့ ကျောင်းတော်ရှေ့မှောက်သို့ ရောက်လာ၏။

"ဟေ့ ဒါ မူလစွမ်းအင်ကျောင်းတော်နော် မလေးမစားမလုပ်နဲ့"

အစောင့်က လှမ်းအော်သတိပေးလိုက်သည်။

"ဟေ့ ဟေ့ စကားကိုကြည့်ပြောကွ ကျုပ်တို့ဒီကို နှစ်ခြင်းခံဖို့လာတာ"

သတ်ဖြတ်သူတဦးက အရိုးနှင့်ပြုလုပ်ထားသည့့် အဆောင်တခုကို ဆွဲထုတ်ပြီး ပြန်အော်လိုက်၏။

အဆောင်အား စစ်ဆေးပြီးသည်နှင့် အစောင့်နှစ်ဦးအနက် တဦးက ပြောလိုက်သည်။

"ရပြီ မင်း ဝင်လို့ရပြီ ကျန်တဲ့သူတွေ ဒီက ချက်ချင်းထွက်သွားပေးပါ"

"ခနနေပါအုံး ကျုပ်ရဲ့ ရဲဘော်ရဲဘက်ဟာ သူ့ဘဝမှာ အရေးအကြီးဆုံးအခိုက်အတန့်နဲ့ ကြုံရတော့မယ် သူ ဘယ်လောက်ကံကောင်းသလဲဆိုတာ ကျုပ်တို့ ဒီကနေစောင့်ပြီး ကြည့်ချင်တယ်"

ဘေးနားရှိ သတ်ဖြတ်သူတဦးက ပြောလိုက်၏။ ထိုသို့ ပြောလိုက်သူမှာကား ဒန်ဘာပင်။

ထို့နောက် ဒန်ဘာသည် အစောင့်လက်ထဲသို့ မူလကျောက်တုံးတချို့အား ထည့့်ပေးလိုက်ပြီး ပြောလိုက်ပြန်သည်။

"ကျုပ်တို့ ဘယ်မှမသွားဘူး ဒီမှာပဲနေမယ်"

သတ်ဖြတ်သူများသည် ရူးသွပ်မ်ိုက်မဲသော်လည်း လောဘမရှိဟုတော့ မဆိုလိုပေ။

အစောင့်နှစ်ဦး တယောက်က်မျက်နှာကို တယောက်က်စိုက်ကြည့်ရင်း မူလကျောက်တုံးအား လက်ခံထားလိုက်လေသည်။

"ကောင်းပြီ မင်းတို့ ဒီမှာပဲနေ ဘယ်မှ မသွားနဲ့"

သူတို့ အထက်ပါအတိုင်း စကားပြောနေကြစဥ်မှာပင် သန့်ရှင်းရေးလုပ်နေသည့့် အစေခံများသည် ကျောင်းတော်အတွင်းမှ စတင်ထွက်ခွာလာကြလေသည်။

"ဟေး မွန့် ကျုပ်တို့ သွားဖို့အချိန်ကျပြီ"

အစေခံတဦးက အထက်ပါအတိုင်း စုချန်းအား လောဆော်လိုက်သည်။ မွန့်ဟူသည်မှာကား စုချန်း၏ သတ်ဖြတ်သူနာမည်ပင် ဖြစ်သည်။

စုချန်းကလည်း အစေခံအား ပြန်ပြောလိုက်၏။

"ကောင်းပြီလေ ကျုပ်တို့သွားကြတာပေါ့"

ထိုအချိန်မှာပင် ကျောင်းတော်အပြင်ဘက်ရှိ အနက်ရောင်အရိပ်တခုသည် ကျောင်းတော်ဆီသို့ တိုးဝင်လာလေသည်။

"သတိထား"

ဒန်ဘာက ကျယ်လောင်စွာ အော်ဟစ်ပြီး လက်တဖက်ကို လှုပ်ရှားလိုက်ရာ အလင်းတန်းတခု အနက်ရောင်အရိပ်ဆီသို့ ပြေးဝင်သွားတော့၏။

"မလုပ်နဲ့"

အစောင့်နှစ်ဦး၏ ပြိုင်တူအော်ဟစ်သံ ထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပင် အနက်ရောင်အရိပ်သည် ဒန်ဘာ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းကာ ဒန်ဘာအား ပြန်လှည့်တိုက်ခိုက်တော့သည်။

"မူလစွမ်းအင်ကျောင်းတော်ကို ဘယ်သူစော်ကားရဲတာလဲ...ဟာ ဝိညာဥ်....ဝိညာဥ်မဲ့ပဲကိုး"

အလွန်အင်အားကြီးသူတဦးနှင့် ရင်ဆိုင်နေရသည့်ပမာ ဒန်ဘာ၏ လေသံမှာ ကြောက်ရွံ့ဟန်ပေါ်နေ၏။ သူသည် ရန်သူအား ပြန်လည်တိုက်ခိုက်ခြင်းမပြုပဲ နောက်သို့ တလစပ်ဆုတ်ပေးလျက်ရှိသည်။

အဆိုပါအနက်ရောင်အရိပ်ကား မူလစွမ်းအင်ကျောင်းတော်၏ ကာကွယ်သူဖြစ်သည့် ဝိညာဥ်မဲ့ပေတည်း။ သတ်ဖြတ်သူများ၏ မူလစွမ်းအင်ကျောင်းတော်သည် အလွန်အရေးကြီးသော နေရာဖြစ်၍ စစ်သည်များအပြင် စိတ်ဝိညာဥ်နည်းစနစ်များအား ကျွမ်းကျင်သော ဝိညာဥ်မဲ့များပါ စောင့်ကြပ်လျက်ရှိပေသည်။

စုချန်းကဲ့သို့ ပုံဖျက်ခြင်းနည်းစနစ် သုံးထားသူများအတွက် ဝိညာဥ်မဲ့များမှာ အကြီးမားဆုံး ပြသနာတရပ်ပင်။

ဒန်ဘာ၏ အဓိကရည်ရွယ်ချက်မှာ ဝိညာဥ်မဲ့အား တားဆီးထားရန်ပင် ဖြစ်သည်။ ဝိညာဥ်မဲ့များသည် စိတ်ဝိညာဥ်အားလှိုင်းများကို အာရုံခံရာတွင် အလွန်အားကောင်းကြသော်လည်း ခွဲခြမ်းစိတ်ဖြာနိင်ခြင်းကား မရှိ။ သူတို့အား တိုက်ခိုက်ကြသည့် မည်သူ့ကိုမဆို ရန်သူအဖြစ် သဘောထားပြီး ချက်ချင်း ပြန်လည်တိုက်ခိုက်တတ်ကြလေသည်။

ဒန်ဘာသည် ၎င်းကို အခွင့်အရေးယူပြီး ဝိညာဥ်မဲ့ သူ့ထံသို့ အာရုံစိုက်လာရန် ဆောင်ရွက်လိုက်ခြင်းပင်။

ချက်ချင်းဆိုသလိုပင် ဝိညာဥ်မဲ့၏ လမ်းကြောင်းအား အစောင့်နှစ်ဦး ကြားဝင်ပိတ်ဆို့ထားလိုက်လေသည်။

ဒန်ဘာ ဆက်လက်မတိုက်ခိုက်သည်ကို မြင်သည်နှင့် ဝိညာဥ်မဲ့သည် ချက်ချင်းလမ်းကြောင်းပြောင်းပြီး ကျောင်းတော်ဆီသို့ ဦးတည်သွားပြန်၏။ သို့သော် ကနဦးက သူ အာရုံခံမိသည့် စိတ်ဝိညာဥ်လှိုင်းအားကား အလုံးစုံ ပျောက်ကွယ်သွားခဲ့လေပြီ။

သိပ်မကြာမီ ဝိညာဥ်မဲ့၏ မျက်လုံးသည် ကျောင်းတော်ထဲမှ ထွက်လာသော သန့်ရှင်းရေးအစေခံတဦးအပေါ်သို့ ကျရောက်သွား၏။ ထိုခနမှာပင် သူ့ကိုယ်ခန္ဓာသည် ရိပ်ခနဲ လှုပ်ရှားသွားပြီး အစေခံ၏ ဦးခေါင်းအား ကုပ်ဆွဲလိုက်လေသည်။ အစေခံသည် နေရာမှာပင် အသက်ပျောက်သွားရှာ၏။ အစေခံ၏ အိပ်ကပ်အတွင်းမှ ကျောက်စိမ်းဆွဲသီးတခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ရုတ်ရုတ်သဲသဲဲဖြစ်မှုကြောင့် ကျောင်းတော်အကြီးအကဲတဦး အခင်းဖြစ်ပွားရာ နေရာဆီသို့ ချက်ချင်းပင် ရောက်ချလာ၏။ ကြမ်းပြင်ပေါ်မှ ကျောက်စိမ်းဆွဲသီးကို မြင်သည်နှင့် ဘာတွေဖြစ်နေမှန်း အကြီးအကဲ ချက်ချင်းသဘောပေါက်သွား၏။ ထို့နောက် သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ဒါ ကျောက်စိမ်းမျက်လုံးနတ်ဆိုးရဲ့ ဝိညာဥ်အကြွင်းအကျန်ရှိနေတဲ့ မူလကိရိယာအပျက်ပဲ ဝိညာဥ်မဲ့ သူ့ကို တိုက်ခိုက်တာ ဘာမှ အံ့သြစရာမရှိဘူး ကဲ ကဲ အားလုံးလုပ်စရာရှိတာ လုပ်ကြတော့ နားလည်မှုလွဲသွားတာ"

အကြီးအကဲကား အရိုးခံအတိုင်း မှတ်ချက်ပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် အားလုံးသည် စုချန်းနှင့်ဒန်ဘာတို့၏ အကြံအစည်ဖြစ်မှန်း သူ ဘယ်တော့မှ မသိနိုင်တော့။

ထိုအခိုက်မှာပင် နှစ်ခြင်းခံမည့် သတ်ဖြတ်သူစစ်သည် ဝင်ရောက်သွားသည့် မူလစွမ်းအင်ကျောင်းတော်၏ တံခါးပေါက်သည် ဂျိုင်းခနဲ ပိတ်သွားတော့သည်။

အစီအစဥ်ကား တဝက်ခန့် အောင်မြင်သွားလေပြီ။

***

All Chapters