အရေခြုံ
Vol. 70 Ch. 695
တံခါးပိတ်သွားသည်နှင့် သတ်ဖြတ်သူစစ်သည်က စုချန်းအား မေးလိုက်သည်။
"ခေါင်းဆောင်ကြီးရဲ့အမိန့်အတိုင်း ကျုပ် မိုလေး မင်းရဲ့စကားကို နားထောင်ပါမယ်"
စုချန်း ခေါင်းညိတ်လိုက်သည်။
"ကျုပ် မင်းကို လုပ်စေချင်တာက ရှင်းပါတယ် မင်းအနေနဲ့ နှစ်ခြင်းခံတာကိုသာ အာရုံစိုက်လုပ်ပါ အဲဒီအချိန်အတွင်းမှာတော့ မင်းရဲ့အကူအညီကို ကျုပ် လိုအပ်တယ် မင်း ကျုပ်စကားကို နားထောင်ဖို့ မျှော်လင့်တယ် ကျုပ်ဘက်ကလဲ မင်း နှစ်ခြင်းခံတာကို အောင်မြင်အောင် အတတ်နိုင်ဆုံး ကူညီပေးမယ်"
သတ်ဖြတ်သူစစ်သည်က ခေါင်းညိတ်ပြီး ကျောင်းတော်၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်၏။
ကျောင်းတော်၏ အလယ်ဗဟိုတွင်တော့ နို့ကဲ့သို့အဖြူရောင်အရည်များ ပြည့်နှက်နေသည့် ကြီးမားသော သတ္တုကန်ကြီးတကန် ရှိနေလေသည်။
အဆိုပါ သတ္တုကန်၏ ပတ်ပတ်လည်၊ အလယ်ဗဟိုနှင့် ဆက်စပ်နံရံများတလျှောက်တွင် များပြားလှသော မူလပုံစံကွက်များ ရေးထိုးထားကြောင်း စုချန်း မြင်တွေ့နေရ၏။
သတ်ဖြတ်သူစစ်သည်သည် အဝတ်အစားများကို ချွတ်ချပြီး သတ္တုကန်အတွင်းသို့ ဝင်လိုက်၏။ အဖြူရောင်အရည်များသည် သူ့ဝမ်းဗိုက်တိုင် ဖုံးအုပ်သွားလေသည်။
ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ့ရှေ့ရှိ သတ္တုချောင်းအား ဆုပ်ကိုင်ထားလိုက်၏။ တချိန်တည်းမှာပင် ထူထည်းးသောချိန်းကြိုးကြီးက သူ့ကိုယ်ခန္ဓာအား တင်းကြပ်စွာ ရစ်ပတ်ထားလိုက်လေသည်။
ထိုခနမှာပင် ကျောင်းတော်၏ ထိပ်တည့်တည့်ရှိ မူလစွမ်းအင်စုစည်းရေးကိရိယာသည် ချာချာလည်လာပြီး များပြားလှသော မူလစွမ်းအင်များသည် ပုံစံကွက်များတလျောက် စီးဆင်းလာ၏။ ကျောင်းတော်သည်လည်း လင်းလင်းထိန်လာ၏။ ထို့နောက် အဆိုပါ မူလစွမ်းအင်များသည် ကွန်ယက်သဖွယ် ဖြစ်နေသည့် ပုံစံကွက်များတလျောက် နိမ့်ဆင်းလာပြီး မိုလေး၏ ကိုယ်ခန္ဓာအား အုန်းခနဲ ထိမှန်သွားတော့သည်။
"အား"
မိုလေးသည် ခေါင်းကိုမော့ပြီး ပြင်းပြနာကျင်လှသည့်အသံနှင့် အော်ဟစ်လိုက်၏။
၎င်း၏ ကိုယ်ခန္ဓာအား ထိမှန်သော မူလစွမ်းအင်များသည် ကိုယ်တွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွား၏။ ထိုခနမှာပင် ၎င်း၏ တကိုယ်လုံးတွင် တလက်မစီခန့် အက်ကွဲရာများ ထင်ကုန်ပြီး သွေးများ တလဟောစီးကျလာတော့သည်။
ကြောက်စရာကောင်းသည့် မူလစွမ်းအင်လှိုင်းများကြောင့် မိုလေး၏ သက်စောင့်အားသည် မြန်မြန်ဆန်ဆန်ပင် ယုတ်လျော့နေကြောင်း သူ့ပရမတ်အမြင်ထဲတွင် စုချန်း တွေ့မြင်နေ၏။
ဤနှုန်းထားအတိုင်းသာဆိုလျင် မိုလေး မကြာခင် အသက်ပျောက်ပေတော့မည်။
သို့သော် စုချန်း ကြည့်နေရင်းမှာပင် နို့ကဲ့သို့ အဖြူရောင်အရည်များသည် မိုလေးကိုယ်တွင်းသို့ စိမ့်ဝင်လာ၏။ မိုလေး၏ သက်စောင့်အားမှာလည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည်ပြည့်ဖြိုးလာလေသည်။
လက်စသတ်တော့ သက်စောင့်အားဖြည့်ဆေးရည်ကိုး...
မဆိုးဘူး အတော်လေးတော့ အဆင့်အတန်းမြင့်သားပဲ...
တကယ်တော့ အဆိုပါ သက်စောင့်အားဖြည့်ဆေးရည်သည် စုချန်း ဖော်စပ်ထားသည် ဒဏ်ရာပျောက်ကင်းဆေးနှင့် အာန်ိသင်ချင်း အတူတူသာ။ တခုတည်းသော ကွာခြားချက်ဟူ၍ သက်စောင့်အားဖြည့်ဆေးရည်သည် သက်စောင့်အားကိုသာ ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး အနာကျက်အောင်တော့ စွမ်းဆောင်နိုင်ခြင်းမရှိခြင်းပင်။
မူလစွမ်းအင်လှိုင်းများသည် မိုလေး၏ ကိုယ်တွင်းသို့ ဒလဟောစီးဝင်နေပြီး ၎င်းအား အပြင်းအထန် ထိခိုက်စေလေသည်။ သို့သော် သက်စောင့်အားဖြည့်ဆေးရည်သည် မိုလေး၏ သက်စောင့်အားကို အဆက်မပြတ် ပြန်လည်ဖြည့်တင်းပေးနေပြီး ၎င်းအား အသက်မသေစေရန် ကာကွယ်ပေးထား၏။ ထိုအခိုက်အတန့်တွင် မိုလေးသည် သေခြင်းနှင့်ရှင်ခြင်းအား တလှည့်စီ ခံစားနေရသကဲ့သို့ ရှိလေသည်။
၎င်းကိုမြင်သည်နှင့် စုချန်းသည် မူလစွမ်းအင်ကျောင်းတော်၏ အလုပ်လုပ်ပုံကို ချက်ချင်းပင် နားလည်သွားတော့သည်။
ကျောင်းတော်သည် အပြင်ပန်းမှကြည့်လျင် လျှို့ဝှက်ဆန်းကြယ်ဟန်ရှိ၏။ သို့သော် အတွင်းပိုင်း အလုပ်လုပ်ပုံမှာကား ရိုးရှင်းပြီး ကြမ်းတမ်းလှချေသည်တကား။
မူလစွမ်းအင်အား တစုံတဦး၏ ကိုယ်တွင်းသို့ အထက်ပါနည်းလမ်းအတိုင်း အတင်းသွပ်သွင်းခြင်းသည် ထိုသူအား မူလစွမ်းအင်မုန်တိုင်းအတွင်း ကျရောက်နေသလို ခံစားရစေ၏။ ၎င်းဖြစ်ရပ်သည် ထိုသူအား မူလစွမ်းအင်၏ အင်အားနှင့် အကျွမ်းတဝင်ရှိသွားစေပြီး မူလစွမ်းအင်ကို စုပ်ယူလာနိုင်စေရန် တွန်းအားပေးလေသည်။
သတ်ဖြတ်သူများ၏ ရုပ်ပိုင်းဆိုင်ရာသည် မည်မျှပင် ကန့်သတ်ချက်များ ရှိနေစေကာမူ သူ့ကိုယ်တွင်းသို့ မူလစွမ်းအင်များ တလဟောစီးဆင်းနေချိန်တွင် ထိုစွမ်းအားကို စုပ်ယူထားရန်မှာ သိပ်မခက်လှ။
မူလစွမ်းအင်ကျောင်းတော်သည် ထိုနည်းလမ်းကိုသုံးပြီး မူလစွမ်းအင်ပုံစံကွက်များနှင့် ပေါင်းစပ်ကာ နှစ်ခြင်းခံသူ၏ ကိုယ်တွင်းဝယ် မူလစွမ်းအင်ပင်လယ်ပြင်ကို ဖန်တီးပေးခြင်းပင် ဖြစ်သည်။
ဤမျှ ရိုးရှင်းပြီး ကြမ်းတမ်းသောနည်းလမ်းကို မြင်တွေ့ရသောအခါ စုချန်း မျက်လုံးပင်ပြူးသွားမိ၏။
သို့သော် မူလစွမ်းအင်ကျောင်းတော်၏ လုပ်ဆောင်ချက်ကို နားလည်ရုံမျှနှင့် မလုံလောက်သေး။ စုချန်းအနေနှင့် ၎င်းသည် သတ်ဖြတ်သူ၏ ကိုယ်ခန္ဓာအား မည်သို့မည်ပုံ သက်ရောက်မည်ကိုပါ နားလည်ရန် လိုသေး၏။
ထိုအခါ စုချန်းသည် ပရမတ်မျက်လုံးကို အသုံးပြုကာ မိုလေး၏ ကိုယ်ခန္ဓာအား စေ့စေ့စပ်စပ် လေ့လာလိုက်ပြန်၏။
"လက်စသတ်တော့ ဒီလိုကိုး ဒီလို ဖိအားပေးနည်းလမ်းနဲ့ မူလစွမ်းအင်ပင်လယ်ပြင်ကို ဖန်တီးတာဟာ ကိုယ်ခန္ဓာကိုတော့ အတော်လေး ပျက်စီးစေတာပဲ ပြီးတော့ ပတ်ဝန်းကျင် မသန့်ရှင်းတာကလဲ မူလစွမ်းအင်ပင်လယ်ပြင်ရဲ့ သန့်စင်မှုကို လျော့ကျသွားစေတာပဲ ဒါ့အပြင် ဒီနည်းလမ်းက နှစ်ခြင်းခံသူရဲ့ စိတ်ဝိညာဥ်စွမ်းအင်က်ိုပါ ထိခိုက်စေတာကိုး...တချို့တလေ ရူးကုန်တာ သိပ်အံ့သြစရာမရှိဘူးပဲ ဆိုရမယ် သတ်ဖြတ်သူတွေမှအပ တခြားမျိုးစိတ်တွေ ဒီနည်းလမ်းအတိုင်း သွားလုပ်ရင်တော့ သေကုန်မှာပဲ"
စုချန်းက အထက်ပါအတိုင်း ရေရွတ်လိုက်လေသည်။
မူလစွမ်းအင်ကျောင်းတော်သည် မြေပြင်တွင် အပေါက်ပေါင်းများစွာနှင့် ကွန်ယက်သဖွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ပြုပြင်မွန်းမံရန် မလွယ်လှ။
ထို့ကြောင့်လည်း မူလစွမ်းအင်ကျောင်းတော်မှ မွေးထုတ်လိုက်သည့် ဘုရားကျောင်းစစ်သည်တော်များသည် ၎င်းတို့ပိုမိုသန်မာလာစေရန် ကျောင်းတော်တခုတည်းကိုသာ အမှီသဟဲ ပြုကြရခြင်းပင်။ ၎င်းတို့၏ ကိုယ်ခန္ဓာသည် ကျောင်းတော်၏ မူလစွမ်းအင်ပင်လယ်ပြင်ကို ဖန်တီးပေးသော နည်းလမ်းကြောင့် တလမ်းသွားသဖွယ် ဖြစ်သွားသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် မိုလေး၏ မူလစွမ်းအင်ပင်လယ်ပြင်သည် ကျောင်းတော်၏ မူလစွမ်းအင်သွတ်သွင်းပေးမှုကြောင့် စတင်ပွင့်လှစ်လာတော့၏။ ၎င်း၏ ကိုယ်တွင်းမှ စီးထွက်လာသော သွေးများကြောင့်လည်း သတ္တုကန်အတွင်းရှိ အဖြူရောင်အရည်များသည် ရဲရဲနီလာလေသည်။
ကန်ထဲတွင် သွေးများ ပိုမ်ိုပြည့်နှက်လာသည်နှင့်အမျှ ဆေးစွမ်းမှာလည်း လျော့ကျလာလေသည်။
လွန်ခဲ့သော ရှေးအတီတေကာလတုန်းက သတ်ဖြတ်သူများသည် နှစ်ပေါင်းထောင်ချီတိုင်အောင် အသက်ရှည်ကြ၏။ သို့သော် မူလစွမ်းအင်ကျောင်းတော်ကို ရရှိပြီးသွားသည့်နောက်ပိုင်း ၎င်းတို့၏ အသက်သည် လေးရာတန်းထိ ရောက်သွားခဲ့လေသည်။ ယခု မိုလေး၏ အဖြစ်ကိုကြည့်မှ ထ်ိုအချက်ကို စုချန်း သဘောပေါက်လာ၏။
မူလစွမ်းအင်ကျောင်းတော်တွင် နှစ်ခြင်းခံခြင်းသည် ၎င်းတို့၏ သက်စောင့်အားကို ယုတ်လျော့သွားစေသည်တကား။
စုချန်း စောင့်ကြည့်နေရင်းမှာပင် နှစ်ခြင်းခံခြင်းလုပ်ငန်းစဥ်သည် အဆုံးသတ်ပိုင်းသို့ ရောက်လာပုံရ၏။
မိုလေး၏ အော်သံမှာလည်း အားနည်းသည်ထက် အားနည်းလာလေသည်။
သူသည် သတ္တုလက်ရန်းကိုကိုင်ပြီး ငြီးတွားလျက်ရှိသည်။ သူ့ပုံစံမှာလည်း အတော်ပင် အိုမင်းသွားဟန်ရှိ၏။
၎င်းကိုမြင်သောအခါ စုချန်းက သက်ပြင်းတချက်ချပြီး သူ ဖော်စပ်ထားသည့် ဒဏ်ရာပျောက်ကင်းစေသောဆေးအား ထုတ်ပေးလိုက်သည်။
"ရော့ သောက်လိုက်"
မိုလေးက စုချန်းအား ကျေးဇူးတင်ဟန်ဖြင့် လှမ်းကြည့်ပြီး ဆေးပုလင်းအား ဂွပ်ခနဲ မော့ချလိုက်လေသည်။ ထိုအခါကျမှ သူ့ပုံစံသည် ခွန်အားပြည့်ဖြိုးလာပုံရ၏။
ထိုအခါ မိုလေးသည် ကန်ထဲမှ ပြန်ထွက်ပြီး အဝတ်အစားများ ပြန်ဝတ်ကာ ပြောလိုက်သည်။
"ကိစ္စတော့ ပြီးသွားပြီ"
"အင်း"
စုချန်း ခေါင်းညိတ်ပြလိုက်၏။
ကိစ္စဝိစ္စများ ပြီးသွားပြီဖြစ်၍ ထွက်ခွာရန် အချိန်ရောက်ခဲ့လေပြီ။
ထိုအခါ စုချန်းသည် မိုလေး၏ မျက်နှာကို တချက်ကြည့်ပြီး အခန်းထောင့်သို့ လျှောက်သွားလိုက်၏။ ချက်ချင်းဆိုသလိုပင် စုချန်း၏ ကိုယ်ခန္ဓာမှာ အမှောင်ရိပ်အတွင်း ပျောက်ကွယ်သွားလေသည်။
ထိုအခိုက်မှာပင် ကျောင်းတော်၏ တံခါးသည် ကျွီခနဲ ပွင့်သွားပြီး အစေခံများ ဝင်လာကာ သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်ကြ၏။
အစေခံတဦးသည် အခန်းထောင့်သို့ လျှောက်သွားပြီး သန့်ရှင်းရေးလုပ်ရန် ဟန်ပြင်လိုက်၏။ ထိုအခါ အခန်းထောင့် အမှောင်ရိပ်ဝယ် တစုံတဦး မတ်တပ်ရပ်နေကြောင်း သူ မြင်လိုက်ရသည်ည်။ အစေခံသည် အထိတ်တ်တလန့်နှင့် ထအော်ရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအစေခံ အော်ချိန်မရမှီမှာပင် မိုလေးက ၎င်းအား ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။ မိုလေး၏ လက်ဝါးသည် အစေခံ၏ ကိုယ်ခန္ဓာအား ပြင်းထန်စွာ ထိမှန်သွား၏။
မိုလေး၏ တိုက်ခိုက်မှုမှာ မြန်ဆန်လွန်း၍ အစေခံမှာ ဘာဖြစ်မှန်းပင်မသိလိုက်။ နေရာမှာပင် အသက်ပျောက်သွားလေသည်။
ဖြစ်ပျက်ပုံမှာ မြန်ဆန်လွန်း၍ ကျန်အစေခံများမှာလည်း ဘာဖြစ်သွားမှန်းပင်မသိလိုက်။ မိုလေးအား အံ့သြတကြီးနှင့် ဝိုင်းကြည့်နေကြလေသည်။
မိုလေးသည် သွေးစွန်းနေသောလက်က်ို ပြန်ရုတ်သိမ်းပြီး ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။
"ဟား ဟား ဟား ခံစားလို့ကောင်းလိုက်တာကွာ"
စကားဆုံးသည်နှင့် သူသည် ရိပ်ခနဲလှုပ်ရှားလိုက်ရာ နောက်ထပ်အစေခံတဦး၏ ဘေးနားသို့ ရောက်သွားပြန်၏။ ဤတကြိမ်တွင်တော့ သူ့လက်သီးချက်သည် အစေခံ၏ ကျောပြင်အား အုန်းခနဲ ထိမှန်သွားလေသည်။ လက်သီးချက်မှာ ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်လှပေရာ အစေခံ၏ တကိုယ်လုံး ပွင့်ထွက်သွား၏။
သူ့လက်သီးကိုပြန်ကြည့်ရင်း မိုလေး တဟားဟား ရယ်မောလိုက်သည်။
"မဆိုးဘူးဟေ့ မဆိုးဘူး တော်တော် နေလို့ထိုင်လို့ကောင်းတာပဲ လက်သီးနဲ့လက်ဝါးတော့ စမ်းပြီးပြီ ဒီတခါတော့ ခြေထောက်တွေကို စမ်းကြည့်ရမယ်"
ထို့နောက် မိုလေးသည် သွေးဆာနေသည့် မျက်လုံးအစုံနှင့် ကျန်အစေခံများအား လှမ်းကြည့်လိုက်၏။
အစေခံများကား သွေးပျက်ကုန်လေပြီ။ ၎င်းတို့သည် လက်ထဲရှိ သန့်ရှင်းရေးပစ္စည်းများအား လွှင့်ပစ်ကာ သွေးရူးသွေးတန်းနှင့် ထွက်ပြေးကြကုန်၏။ ထိုအခိုက်မှာပင် ရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူကာ အစေခံတဦးအဖြစ် ဟန်ဆောင်ထားသော စုချန်းသည် ကျန်အစေခံများနှင့် ဝင်ရောက်ရောနှောလိုက်လေသည်။ အသက်ဘေးကြောင့် ထိတ်လန့်တုန်လှုပ်နေသော အစေခံများကား စုချန်း၏ လုပ်ရပ်ကို အဘယ်မှာ သတိထားမိနိုင်အံ့နည်း။
ထို့နောက် စုချန်းသည် ကျန်အစေခံများနှင့် ရောနှောကာ အပြင်သို့ ထွက်လာခဲ့လိုက်လေသည်။
ထိုအချိန်တွင် အစောင့်တချို့ ကျောင်းတော်အတွင်း ဝင်ရောက်လာပြီ ဖြစ်သည်။ ကြမ်းပြင်တွင် လဲကျသေဆုံးနေသော အစေခံများကို မြင်သောအခါ သူတို့ ကြက်သေသေသွား၏။
"ဘာတွေဖြစ်နေတာလဲဟ"
မိုလေးက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။
"အဆင့်နိမ့်အစေခံနှစ်ကောင်နဲ့ လက်သွေးကြည့်လိုက်တဲ့ သဘောပါကွာ"
"တယ်သတ္တိကောင်းပါလား"
အစောင့်များနောက်မှ ကပ်လျက်လိုက်ပါသောအကြီးအကဲသည် မြင်ကွင်းကြောင့် ဒေါသထွက်သွား၏။
"ကျောင်းတော်အစေခံတွေကို သတ်ရလောက်အောင် မင်း တယ်သတ္တိကောင်းပါလား ဒီကောင့်ကို ဖမ်းလိုက်စမ်းဟေ့"
"ငါ့ကို ဘယ်သူဖမ်းရဲသလဲကွ"
မိုလေးက ဒေါသတကြီးနှင့် ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့ကို အစောင့်များက အလွယ်တကူပင် ဖမ်းချုပ်ပြီး ကျောင်းတော်အပြင်သို့ ဆွဲထုတ်သွားလေသည်။
ကျောင်းတော်အပြင်သို့ ရောက်သည်နှင့် ဒန်ဘာက အောက်ပါအတိုင်း အကြီးအကဲအား တောင်းပန်လိုက်၏။
"အကြီးအကဲဟန်ဒူးခင်ဗျာ မိုလေးဟာ သူရလိုက်တဲ့ စွမ်းအားသစ်တွေကြောင့် စိတ်လွတ်သွားတဲ့သဘောပါ သူ နောက်ထပ် ဒါမျိုးမလုပ်စေရဘူး ငဲ့ညှာပေးပါအုံးခင်ဗျာ"
ဟန်ဒူး ပုခုံးတွန့်လိုက်၏။
"သူ ကျောင်းတော်အစေခံတွေကို သတ်ပစ်လိုက်တယ် သူ့ကိုလွှတ်ပေးလိုက်ရင် ကျောင်းတော်ကို ကျုပ် ဘယ်လိုရှင်းပြရမှာလဲ"
"ကျောင်းတော်ထဲမှာ နှစ်ခြင်းခံပြီးတိုင်း ခနတဖြုတ်တော့ စိတ်ဖောက်တတ်ကြတာပဲလေ ကြည့်ရတာ မိုလေးလဲ အဲလိုဖြစ်သွားဟန်ပဲ"
"ခုကျတော့လဲ ဒီကောင့်ကိုကြည့်ရတာ အကောင်းတိုင်းပါပဲလားကွ"
ထိုအခိုက်မှာပင် ဒန်ဘာက ဟန်ဒူး၏ လက်ထဲသို့ မူလလက်စွပ်တကွင်း ထည့်ပေးလိုက်သည်။ ထို့နောက် သူက ငြင်သာသော လေသံနှင့် ပြောလိုက်၏။
"အကြီးအကဲ သေချာလေး ကြည့်ပေးပါအုံး ဒီကောင် တကယ်စိတ်ဖောက်သွားတာပါ"
မူလလက်စွပ်အတွင်းရှိ ပစ္စည်းများကို ဖြတ်ခနဲ ငုံ့ကြည့်ပြီး မိုလေးကို ပြန်ကြည့်ကာ ဟန်ဒူးက ပြောလိုက်၏။
"ကြည့်တာပဲကွ ရူးဟန်မပေါ်ပါဘူး"
ဒန်ဘာလည်း သက်ပြင်းချကာ နောက်ထပ် မူလလက်စွပ်တကွင်းအား ဟန်ဒူးလက်ထဲသို့ ထည့့်ပေးလိုက်ပြန်သည်။
ဟန်ဒူး၏ မျက်နှာ ပြုံးဖြဲဖြဲ ဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"အေးကွ ကြည့်ရတာ မင်းကောင် တကယ်စိတ်ဖောက်သွားတာနဲ့ တူပါတယ် ကဲ ပြန်လွှတ်ပေးလိုက်မယ်ကွာ ပြန်ရောက်ရင် မင်းကောင်ကို နည်းနည်းပါးပါး ဆုံးမလိုက် ပြီးရင် သေဆုံးသွားတဲ့ အစေခံတွေအတွက် လျော်ကြေးလေးဘာလေး ပေးလိုက်"
***