ကြက်ဖကြီး
Vol. 70 Ch. 696
အခန်းတခန်းတွင် ဖြစ်သည်။ မူလသလင်းသည် လေထဲတွင် ချာချာလည်နေ၏။ ၎င်းထံမှ ထွက်ပေါ်လာသော မူလစွမ်းအင်များသည် မူလစွမ်းအင်ငွေပြားကို ဖြတ်သန်းပြီး ကြက်ဖတကောင်၏ ကိုယ်ထဲသို့ စီးဝင်သွား၏။
ကြက်ဖသည် နာကျင်စွာ တွန်သံပြုလိုက်၏။ စုချန်းကသာ ၎င်းအား အသက်ထိန်းဆေး မတိုက်ကျွေးထားလျင် ၎င်းသည် ကနဦးကတည်းကပင် အသက်ပျောက်သွားပြီး ဖြစ်ပေလိမ့်မည်။ သို့သော် တသမတ်တည်းစီးဆင်းနေသော မူလစွမ်းအင်များက ကြက်ဖအား ပြင်းပြစွာ နာကျင်စေဟန်ပေါ်၏။
စုချန်းတွင် မူလစွမ်းအင်စုစည်းရေးကိရိယာမရှိ။ ထို့ကြောင့် သူက မူလသလင်းအား အစားထိုးအသုံးပြုထားခြင်းပင်။
ကြက်ဖတကောင်အား စမ်းသပ်ရန် အလယ်အလတ်အဆင့် မူလသလင်းကို စုချန်း အသုံးပြုထား၏။ သူ၏ ဖြုန်းတီးပုံမှာကား အံ့သြလောက်စရာပင်။
သို့သော် စုချန်း၏ စိတ်ထဲတွင်ကား ၎င်းကို ဘာသဘောမှ ထားဟန်မရှိ။ စမ်းသပ်မှုတိုင်းဟူသည် ငွေဖြုန်းရသည် မဟုတ်တုံလော။
မူလသလင်းအတွင်းရှိ စွမ်းအင်များ ကုန်စင်အောင် သုံးပြီးသွားသည်နှင့် ၎င်းသလင်းသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် စုချန်းက ကြက်ဖကိုကြည့်ရင်း ပြောလိုက်သည်။
"ကြည့်ရတာ ပြီးသွားပြီနဲ့တူတယ်"
"ဒါပဲလား"
ဒန်ဘာက ကြက်ဖကို မယုံသင်္ကာဟန်ဖြင့် ကြည့်ရင်း မေးလိုက်သည်။
စုချန်းကား မူလစွမ်းအင်ကျောင်းတော်၏ နှစ်ခြင်းခံခြင်းပုံစံကို စမ်းသပ်နေခြင်းပင်။ စုချန်း စမ်းသပ်နေသည့် အခြေခံသဘောတရားမှာ ရိုးရှင်းလှ၏။ သူသည် မူလစွမ်းအင်စုစည်းရေးကိရိယာ၏ နေရာတွင် မူလသလင်းအား အစားထိုးလိုက်သည်။ မူလစွမ်းအင်ကျောင်းတော်၏ နေရာတွင် ပြုပြင်ထားသည့် မူလစွမ်းအင်ငွေပြားအား အစားထိုးလိုက်၏။ မူလစွမ်းအင်ကျောင်းတော်တခုလုံးတွင် ရေးထွင်းထားသည့် ဆေးမင်ကွက်များ၊မူလပုံစံကွက်များအား မူလပုံစံငွေပြားတွင် တရက်တည်းနှင့် ထည့်သွင်းနိုင်သည်မှာ မည်သို့သော ပါရမီရှင်မျိုး ဖြစ်နေ၍ပေနည်း။ ဒန်ဘာ မည်သို့မှ နားမလည်နိုင်တော့။
ထို့ပြင် အစမ်းသပ်ခံကလည်း ကြက်ဖကြီးတကောင် ဖြစ်နေပြန်၏။
ကြက်ဖကြီးအား စုချန်း အသုံးပြုရခြင်းမှာ ပို၍ကောင်းမွန်သော အစမ်းသပ်ခံကို မသုံးလို၍ မဟုတ်။ အလယ်အလတ်အဆင့် မူလသလင်းသည် ကြက်ဖတကောင်ကိုသာ သန်မာအောင် စွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ မူလစွမ်းအင်ကျောင်းတော်တွင် သုံးထားသည့် မူလစွမ်းအင်စုစည်းရေးကိရိယာမူကား လေထုထဲမှ မူလစွမ်းအင်များကို တိုက်ရိုက်စုပ်ယူပေးခြင်းဖြစ်၍ များစွာ အကုန်အကျသက်သာပေသည်။
စုချန်းကား ယေဘုယျအားဖြင့် အခြေခံပုံစံတခုကို တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဤပုံစံကို လက်တွေ့အသုံးချ၍ မရသေး။ စမ်းသပ်ရန်အတွက်သာ သုံးနိုင်သေး၏။
"ကြည့်ရတာ ဘာမှမပြောင်းသလိုပါပဲလားကွ"
ဒန်ဘာ မရိုးမရွ ဖြစ်လာ၏။
"ခနစောင့်အုံးလေကွာ မလောပါနဲ့"
ကြည့်နေရင်းနှင့်ပင် ကြက်ဖကြီးသည် ကျယ်လောင်စွာ တွန်လိုက်ပြီး သူ့ရှေ့ရှိ သတ္တုလှောင်အိမ်အား နှုတ်သီးနှင့် ထိုးဆိတ်လိုက်တော့သည်။
လှောင်အိမ်သည် သတ္တုချောင်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေရာ သာမာန်ကြက်ဖတကောင် ချိုးဖျက်ရန် မလွယ်သည်မှာ သေချာနေ၏။ သို့သော် မယုံနိုင်စရာကောင်းသော ဖြစ်ရပ်တခု ဖြစ်ပေါ်လာ၏။ အကြောင်းမှာ ကြက်ဖ၏ ထိုးဆိတ်မှုကြောင့် သတ္တုချောင်းမှာ အက်ကွဲသွားခြင်းပင်။ ထို့နောက် ကြက်ဖသည် လှောင်အိမ်အတွင်းမှ ပီဘိငှက်တကောင်ပမာ ပျံသန်းသွားတော့သည်။
စုချန်းနှင့်ဒန်ဘာတို့ တယောက်က်မျက်နှာတယောက်က်ကြည့်ရင်း ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
"အောင်ပြီကွ"
ကြက်ဖကြီးသည် အမှန်တကယ် ပျံသန်းနိုင်ဟန်တူသော်လည်း ၎င်း၏ မွေးရာပါသဘာဝအရ အတန်ကြာအောင် ပျံသန်းပြီးနောက် ခြံဝင်းအတွင်းသို့ ထိုးဆင်းလာ၏။ ကြည့်နေရင်းနှင့်ပင် ၎င်း၏ နှုတ်သီး၊ ခြေသည်းများမှာ ပို၍ ရှည်လာလေသည်။
ကြက်ဖကြီးကား အဆင့်နိမ့်သားရဲတကောင်အဖြစ် ပြောင်းလဲသွားသည့်ဟန်ပင်။
အလယ်အလတ်အဆင့့် မူလသလင်းကိုသုံးပြီး အဆင့့်နိမ့်သားရဲရိုင်းတကောင် ဖန်တီးခြင်းသည် ဖြုန်းတီးခြင်းသက်သက်ဟု ထင်စရာရှိသည်။ သို့သော် စုချန်း ဂရုမစိုက်။ အကြောင်းမှာ သူသည် ကျောင်းတော်၏ အနှစ်သာရအား ဆုပ်ကိုင်မိခဲ့ပြီ မဟုတ်ပါလား။ ဤအချိန်တွင် သူ့အတွက် အတားအဆီးဖြစ်နေသည့် တခုတည်းသောအရာမှာ အရင်းအမြစ် ရှားပါးနေခြင်းပင် ဖြစ်သည်။
မည်သို့ဆိုစေ အဆိုပါအောင်မြင်မှုသည် စုချန်းနှင့်ဒန်ဘာတို့အား အကြီးအကျယ် စိတ်လှုပ်ရှားသွားစေ၏။ ဒန်ဘာ မည်မျှထိ စိတ်လှုပ်ရှားသွားသနည်းဆိုသော် သူသည် ကီလိုမီတာထောင်ချီဝေးသောနေရာသို့ ရောက်ရှိနေပြီး စုချန်းနှင့် အတူတကွ စမ်းသပ်နေမိခြင်းကိုပင် မေ့လျော့သွားစေ၏။
မှန်၏။ ဒန်ဘာသည် စုချန်း၏ လက်ထောက်အဖြစ် အမှန်တကယ်ပင် လုပ်က်ိုင်မိနေခြင်း ဖြစ်သည်။ ယ
အမှန်တကယ်တော့ ဒန်ဘာအတွက် စုချန်း၏ စကားလုံးတိုင်းသည် ဆန်းကြယ်နေ၏။ ကျယ်ပြောလွန်းနေ၏။ သူကိုယ့်သူလဲ စုချန်းလိုလူစားမျိုး ဖြစ်မလာနိုင်မှန်း ဒန်ဘာ ကောင်းကောင်းသိသည်။ သို့သော် စုချန်းကဲ့သို့ ပါရမီရှင်မျိုးနှင့် အတူတကွ လုပ်ကိုင်ရ၍ သူ့အသိပညာသည်လည်း အတိုင်းအတာတခုထိ မြင့်မားလာနိုင်သည်ဟု ဒန်ဘာက ယူဆထား၏။
ကြက်ဖကြီးကား ပျံရင်းပျံရင်း ပျောက်ကွယ်သွားလေသည်။
သို့သော် စုချန်းနှင့်ဒန်ဘာကား အထူးပင် စိတ်လှုပ်ရှားနေကြလေရာ ကြက်ဖကြီး ဘယ်ရောက်သွားမှန်းပင် သတိမထားမ်ိလိုက်ကြချေ။
_____________×××____________×××_____________
ဟဲလေစျေး။ ၎င်းသည် ဂေါလန်ရဲတိုက်၏ အဓိကစျေးကြီးများအနက်မှ တစျေးဖြစ်သည်။ ဤစျေး၏ အဓိကအရောင်းအဝယ်မှာ နေ့စဥ်သုံးကုန်စည်များ ဖြစ်သည်။ ဤစျေးသို့ အများဆုံး လာရောက်သူများမှာလည်း အဆင့်အနိမ့်ဆုံးသတ်ဖြတ်များ(လယ်သမား၊ အစေခံ) စသည်များ ဖြစ်၏။
ဤယနေ့တွင်လည်း အခြားနေ့များကဲ့သို့ပင် ဟဲလေစျေးသည် အရောင်းအဝယ်ပြုလုပ်သည့် သတ်ဖြတ်သူများနှင့် ရှုပ်ရှက်ခတ်နေ၏။
သတ်ဖြတ်သူများသည် သာမာန်အားဖြင့် တခြားသူများထံတွင် ဓားပြတိုက်လေ့ရှိကြသော်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာရသည့် စည်းမျဥ်းဥပဒေများလည်း ရှိနေ၏။ သို့သော် ဤယနေ့တွင်တော့ သတ်ဖြတ်သူတချို့သည် အရောင်းာင်းအဝယ်ပြုနေရင်း စကားများလာကြဟန်ရှိ၏။ ၎င်းတို့မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ယှက်သန်းလာလေသည်။
"ဒီဓား ဘယ်လောက်လဲ"
"နှစ်ဆယ်"
"များတယ်ကွ ကျုပ် တစ်ဆယ်ပဲပေးမယ်"
"ထွီ"
"မင်း ရိုင်းလှချည်လား သေချင်နေပြီထင်တယ်"
"ဘုန်း"
ပြောရင်းဆိုရင်းနှင့်ပင် သူတို့နှစ်ယောက် ထသတ်ကြကုန်၏။
တချိန်တည်းမှာပင် သတ်ဖြတ်သူတစုသည် စျေးထဲတွင် လမ်းလျှောက်နေကြ၏။ ထိုအခိုက်မှာပင် ကြက်ဖကြီးတကောင်အား သူတို့ တွေ့လိုက်ရလေသည်။
"ကြက်တကောင်ဟေ့"
သတ်ဖြတ်သူတဦးက ပြောပြောဆိုဆိုနှင့် ကြက်ဖကြီးအား လှမ်းဆွဲလိုက်၏။
သူတို့၏ ဥပဒေအရ လှောင်အိမ်ပြင်ပရှိ ကြက်သည် ပိုင်ရှင်မဲ့ပင်။ မည်သူမဆို ယူငင်နိုင်၏။ အကယ်၍ ပိုင်ရှင်ရောက်လာပါကလည်း တိုက်ခိုက်ပြီး အနိုင်အရှုံး ဆုံးဖြတ်ရန်သာ။
သူ့အား ဖမ်းချုပ်လာသည့့် လက်တစုံကို မြင်သောအခါ ကြက်ဖကြီးသည် လန့်ဖျတ်ပြီး တကိုယ်လုံး တုန်ခါသွားလေသည်။ ၎င်းမှာ ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသည့်တုန့်ပြန်မှုပင်။
ထို့နောက် ၎င်းက သတ်ဖြတ်သူအား လက်သည်းနှင့် လှမ်းကုတ်လိုက်လေသည်။
ထိုအခိုက်မှာပင် အံ့သြစရာကောင်းသော မြင်ကွင်းတရပ် ဖြစ်ပေါ်လာ၏။ အကြောင်းမှာ ကြက်ဖ၏ လက်သည်းကုပ်ချက်ကြောင့် သတ်ဖြတ်သူ အဝေးသို့ လွင့်စင်သွားခြင်းပင်။
ထို့နောက် ကြက်ဖကြီးသည် တွန်သံတချက်ပြုပြီး နောက်လှည့်ကာ ထွက်ပြေးသွားတော့၏။
အကယ်၍ လူသားများသာ ဤအနေအထားမျိုးနှင့် ရင်ဆိုင်ရပါက တစုံတခု မှားယွင်းနေကြောင်း သဘောပေါက်သွားကာ အလျင်စလို လုပ်လိမ့်မည်မဟုတ်ချေ။
သို့သော် သတ်ဖြတ်သူများကား စိတ်ထင်ရာလုပ်တတ်ကြသူများ ဖြစ်သည်။ ကြက်ဖကြီး ထွက်ပြေးသည်ကို မြင်သည်နှင့် ၎င်းတို့အားလုံး ကြက်ဖအား ဝိုင်းဖမ်းရန် ကြိုးစားကြတော့၏။
သိပ်မကြာမီ ကြက်ဖကြီးအား သူတို့ လိုက်မှီသွား၏။
"ငါ့ကြက်ဖကွ"
သတ်ဖြတ်သူတဦးက ကြက်ဖကြီးအား လှမ်းဆွဲလိုက်၏။ ရှောင်၍မလွတ်တော့မှန်း သိလိုက်ပုံရသော ကြက်ဖသည် ရုတ်တရက် နောက်လှည့်ကာ သူ့အား ဖမ်းချုပ်ရန်ကြိုးစားသည့် သတ်ဖြတ်သူ၏ မျက်နှာအား ကန်ထည့်လိုက်တော့သည်။ ကန်ချက်ကြောင့် သတ်ဖြတ်သူ အဝေးသို့လွင့်စင်သွား၏။ ထို့နောက် ၎င်းသည် အတောင်တဖြတ်ဖြတ်ခတ်ကာ လေပေါ်သို့ ပျံတက်ပြီး နောက်ထပ်သတ်ဖြတ်သူတဦးအား ကန်ထည့်လိုက်ပြန်သည်။
ထို့နောက် ကြက်ဖကြီးသည် နှစ်ကြိမ်မျှ တွန်သံပြုကာ ဂုဏ်ယူဝင့်ကြွားသည့် ဟန်ပန်ဖြင့် ထွက်ခွာရန်ဟန်ပြင်လိုက်၏။
သို့သော် ပထမအကြိမ် အကန်န်ခံလိုက်ရသည့် သတ်ဖြတ်သူသည် ဝုန်းခနဲ ပြေးဝင်လာပြီး ကြက်ဖကြီး၏ ခြေထောက်အား ဖမ်းဆွဲထားလိုက်၏။
"မင်း ဘယ်လောက်ကန်နိုင်မှာလဲ ကြည့်ရသေးတာပေါ့ကွာ"
ကြက်ဖကြီးသည် ဒေါသထွက်လာဟန်တူပြီး နှုတ်သီးဖြင့် သတ်ဖြတ်သူ၏ လက်အား ပေါက်ချလိုက်၏။ နှုတ်သီးချက်မ်ိသွားသူ သတ်ဖြတ်သူ နာကျင်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ လက်မှာလည်း သွင်သွင်ကျိုးသွားလေသည်။
အဆိုပါမြင်ကွင်းသည် သတ်ဖြတ်သူတိုင်းအား အံ့သြသွားစေ၏။ ကြက်ဖသည်လည်း သာမာန်မဟုတ်မှန်း သဘောပေါက်ကုန်ကြသည်။
သို့သော် ၎င်းမှာ အစမျှသာ ရှိသေးပုံရသည်။ အကြောင်းမှာ ကြက်ဖသည် အကြီးအကျယ် ဒေါသထွက်နေပြီဖြစ်သောကြောင့်ပင်။
ထို့နောက် ကြက်ဖကြီးသည် ထွက်ပြေးရန်မကြိုးစားတော့ပဲ သတ်ဖြတ်သူအုပ်စုအား စတင်တိုက်ခိုက်လာတော့၏။
"ဒီကြက် သေချင်နေပြီထင်တယ်"
သတ်ဖြတ်သူများလည်း အော်ဟစ်ကြိမ်းဝါးပြီး ၎င်းတို့၏ လက်သီးများကို ဝေ့ယမ်းလိုက်ကြသည်။
ထိုအခိုက်မှာပင် ကြက်ဖကြီးသည် လေထဲသို့ ဝုန်းခနဲ ပျံတက်လိုက်၏။ တဆက်တည်းမှာပင် မရေမတွက်နိုင်သော ကြက်မွေးများသည် မြားများပမာ သတ်ဖြတ်သူအုပ်စုအား သွားရောက်ထိမှန်တော့သည်။
ကြက်မွေးများ ထိမှန်သွားသည့် သတ်ဖြတ်သူတချို့မှာ နေရာမှာပင် သတိလစ်ကုန်ကြ၏။
ထို့နောက် ကြက်ဖသည် စျေးဆိုင်တန်းများအား တိုးဝှေ့ကာ တဟုန်ထိုး ထွက်ပြေးတော့သည်။ ကြက်ဖ၏ ပြေးလွှားမှုကြောင့် မရေမတွက်နိုင်သော စျေးဆိုင်များ ပျက်စီးကုန်၏။
၎င်းကိုကြည့်ရင်းစျေးထဲရှိ သတ်ဖြတ်သူတိုင်း ကြောင်တောင်တောင်ဖြစ်ကုန်ကြလေသည်။
ဘယ်လိုကြက်မျိုးလဲဟ...ထူးဆန်းလှချည်လား...
ဤမျ သန်မာနေသည့့် အိမ်မွေးတိရိစ္ဆာန်မျိုးအား သူတို့ တကြိမ်မျှ မမြင်ဖူး။
မည်သို့ပင်ဆိုစေကာမူ တစျေးလုံး ဝိုင်းဖမ်းသည့်နောက်တွင်တော့ ကြက်ဖကြီး အဖမ်းခံလိုက်ရလေသည်။
ထို့နောက် အနည်းငယ်ညဏ်ကောင်းပုံရသည့် သတ်ဖြတ်သူတဦးက အောက်ပါအတိုင်း အကြံပြုလိုက်၏။
"ကျုပ်တို့ ဒီလောက်ထူးဆန်းတဲ့ကြက်ကို အရှင်မင်းကြီးဆီ ဆက်သလိုက်ရင် မကောင်းဘူးလား"
***