သူ့အကြိုက် ၁
Vol. 71 Ch. 701
ဒုတိယမြောက်နေ့၏ ညနေခင်းတွင် တိုက်ပွဲစတင်၏။
ပြိုင်ကွင်းတခုလုံးသည်ကား အထက်တန်းလွှာသတ်ဖြတ်သူများနှင့် ပြည့်နှက်နေလေသည်။
အနူဘီသည် ပြိုင်ကွင်း၏မြင်ကွင်းအကောင်းဆုံးနေရာတွင် နေရာယူထား၏။ ၎င်း၏ ပတ်ပတ်လည်တွင်တော့ သတ်ဖြတ်သူမှုးကြီးမတ်ရာများ၊ ချောမောလှပသော မိန်းမပျိုများနှင့် ပြည့်နှက်နေလေသည်။
ထိုအခါကျမှ သတ်ဖြတ်သူမျိုးစိတ်တွင် မိန်းမချောများလည်း ရှိနေကြောင်း စုချန်း သိလိုက်ရတော့၏။
သူတို့အားလုံးသည် ပြိုင်ကွင်းအတွင်းဝယ် အသက်နှင့်ရင်းလျက် တိုက်ခိုက်ကာ ဖျော်ဖြေပေးနေရသော စစ်သည်တော်များ၏ တိုက်ပွဲအား ကြည့်ရှုရန် စောင့်စားနေကြလေသည်။
ပြိုင်ကွင်းအတွင်းရှိ တိုက်ပွဲမှာလည်း အစပြုလျက် ရှိချေပြီတည်း။
ပထမဆုံး ရှေ့သို့တိုးလာသူမှာ အရပ်ရှည်ပြီး ထွားကျိုင်းသော သတ်ဖြတ်သူ ဖြစ်သည်။ ၎င်းသည် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခရင်းခွတခုကို ကိုင်ဆောင်ထား၏။ သူ့တကိုယ်လုံးမှာ ဆေးမင်များနှင့် ပြည့်နှက်လျက်ရှိပြီး လက်ဖျံတွင် ကျောက်သားပုဆိန်ပုံကို ဆေးမင်ထိုးထားလေသည်။ ၎င်းကိုကြည့်လျင် အနှီသတ်ဖြတ်သူသည် ရှေးဟောင်းကျောက်သားပုဆိန်အသိုက်ကမှန်း သိသာနေ၏။
၎င်းနှင့် မျက်နှာချင်းဆိုင်တွင်တော့ အဆင့်မြင့်သားရဲရိုင်းတကောင်ဖြစ်သည့် အမြီးရှည်အဖြူရောင်ခြင်သေ့တကောင် ရှိနေသည်။ ၎င်း၏ ဝါးကဲ့သို့သော အမြည်းသည် ရန်သူ့၏အမြင်အာရုံအား ဖမ်းစားရာတွင် အလွန်အသုံးဝင်လေသည်။ သတ်ဖြတ်သူစစ်သားဆီသို့ လျှောက်လာချိန်ဝယ် ၎င်း၏ ကြီးမားသော ကိုယ်ခန္ဓာမှာ အားကောင်းသော ဖိအားများ ထွက်ပေါ်နေ၏။
သတ်ဖြတ်သူစစ်သားသည် ဘေးသို့လှစ်ခနဲ ခုန်ထွက်လိုက်ပြီး ခြင်သေ့အား ခရင်းခွဖြင့် လှမ်းထိုးလိုက်သည်။ ၎င်း၏ ရွေ့လျားမှုသည် သွက်လက်၏။ တုံ့ပြန်မှုမှာလည်း မြန်ဆန်၏။
သို့သော် ၎င်းသည် အဆင့်မြင့်သားရဲရိုင်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အင်အားမှာ လုံလောက်ပုံမရချေ။
ခြင်သေ့သည် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာအင်အားဖြင့် သတ်ဖြတ်သူစစ်သားအား တုံ့ပြန်လာလေသည်။ ၎င်းသည် ရှေ့သို့ဝုန်းခနဲ ခုန်ထွက်လိုက်ပြီး သတ်ဖြတ်သူစစ်သား၏ လက်မောင်းအား ကိုက်ခဲလိုက်၏။
သတ်ဖြတ်သူစစ်သားလည်း မတိုးသာမလှုပ်သာသော အနေအထားကြောင့် သတ်ဖြတ်သူဆေးမင်အား နှိုးဆွပြီး ခြင်သေ့အား လက်သီးနှင့် ပြန်ထိုးလိုက်လေသည်။
၎င်း၏ လက်သီးချက်သည် ခြင်သေ့အား ထိမှန်သွားသည့် ဘာသက်ရောက်မှုမှ ရှိပုံမရ။ ခြင်သေ့၏ တိုက်ခိုက်မှုကြောင့်သာ ၎င်း၏ တကိုယ်လုံး သွေးများဖြင့် ရဲခနဲ ဖြစ်သွားလေသည်။
သူ့ အမြင်အာရုံတခုလုံးသည် အမှောင်ထုများ ဖုံးလွှမ်းသွား၏။ သူ၏ အင်အားသည်လည်း ယုတ်လျော့သထက် ယုတ်လျော့လာ၏။ ခြင်သေ့၏ အော်သံမှာကား ကျယ်သည်ထက် ကျယ်လောင်လာလေသည်။
အရာအားလုံး ပြီးဆုံးသွားပြီမှန်း သတ်ဖြတ်သူစစ်သား သဘောပေါက်လိုက်၏။
ထို့နောက် ၎င်းသည် ပြိုင်ကွင်းပတ်ပတ်လည်တ်ပတ်လည်တွင် အော်ဟစ်အားပေးနေကြသော သတ်ဖြတ်သူများကို လှမ်းကြည့်ပြီး အားကုန်ထုတ် အော်ဟစ်လိုက်လေသည်။
"မီးလျံအသိုက် မင်းတို့ကို့ ငါ မကျေဘူးကွ"
သို့သော် ၎င်း၏ အော်သံသည် ခြင်သေ့၏ ဟိန်းဟောက်သံအောက်မှာပင် တိမ်ဝင်ပျောက်ကွယ်သွားရရှာ၏။
သတ်ဖြတ်သူစစ်သား သေဆုံးသွားပြီးနောက် နတ်ဆိုးသားရဲနှစ်ကောင်၏ တိုက်ပွဲ စတင်ပြန်သည်။
အဆိုပါနတ်ဆိုးသားရဲနှစ်ကောင်မှာ သားရဲလှိုင်းအတွင်းမှ ဖမ်းဆီးရမိထားခြင်း ဖြစ်သည်။ ထိုနှစ်ကောင်ကို အရှင်ဖမ်းမိရန် သတ်ဖြတ်သူများဖက်မှ များစွာ ပေးဆပ်ခဲ့ရ၏။ ယခုတော့ အဆိုပါသားရဲနှစ်ကောင်ကို သတ်ဖြတ်သူများ ဘာမဟုတ်သည့်ဖျော်ဖြေမှုအတွက် အသုံးပြုနေခဲ့လေပြီ။
လှောင်ချိုင့်အတွင်းမှ နတ်ဆိုးသားရဲနှစ်ကောင်သည် ကျယ်လောင်စွာ အော်ဟစ်နေကြ၏။ ၎င်းတို့အနေနှင့် အသိညဏ်ရှိသည်ဖြစ်၍ အဆင့်နိမ့်သတ်ဖြတ်သူများအတွက် ဖျော်ဖြေရေးအလို့ငှာ တကောင်နှင့်တကောင် မတိုက်ခိုက်လိုကြ။
သို့သော် ထိုအခြေအနေအတွက် သတ်ဖြတ်သူများ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
၎င်းတို့သည် အသင့့်ပြင်ဆင်ထားသည့် ဆေးတမျိုးအား နတ်ဆိုးသားရဲနှစ်ကောင်၏ ကိုယ်တွင်းသို့ ထိုးထည့်လိုက်ကြ၏။ သိပ်မကြာမီ သားရဲနှစ်ကောင်လုံး ရူးသွပ်ကုန်ကြတော့သည်။ ၎င်းတို့၏ မျက်လုံးများသည် ရဲရဲနီလာ၏။ ထို့နောက် ၎င်းတို့၏ အသိညဏ်များ အလုံးစုံ ပျောက်ဆုံးသွားတော့သည်။
ထို့နောက် ပြိုင်ကွင်းတာဝန်ခံသည် လှောင်ချိုင့်တံခါးများအား ဖွင့်ပေးလိုက်လေရာ သားရဲနှစ်ကောင်သည် ဝုန်းခနဲ ခုန်ထွက်လာပြီး တကောင်နှင့်တကောင် သွေးသံရဲရဲနှင့် တိုက်ခိုက်ကြတော့၏။
နတ်ဆိုးသားရဲများ ဖြစ်နေခြင်းကြောင့် ၎င်းတို့၏ တိုက်ခိုက်ပုံမှာ ကြမ်းတမ်းလှ၏။ မြင်ကွင်းတခုလုံးမှာလည်း သွေးအတိနှင့်သာ ပြည့်နှက်နေ၏။
အော်ဟစ်သံများသည် ဘဝဂ်သို့တိုင် ညံနေ၏။ သွေးများ၊ အသားစများမှာ နေရာအနှံ့တွင် ဖုံးလွှမ်းကုန်၏။ နတ်ဆိုးသားရဲများဟူသည်ကား လွယ်လင့်တကူ သေနိုင်ကြသည်မဟုတ်။ ထို့ကြောင့် ၎င်းတို့၏ တိုက်ပွဲသည် အချိန်ပိုကြာပြီး ပို၍ ရက်စက်ကြမ်းကြုတ်လေသည်။
၎င်းတို့၏ ခြေလက်များမှာ ပြတ်တောက်ကုန်ပြီ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရားများနှင့်သာ ပြည့်နှက်ကုန်၏။သို့သော် ၎င်းတို့ကား အားကုန်ထုတ် ဆက်လက်တိုက်ခိုက်နေကြလေသည်။
သိပ်မကြာမီ နတ်ဆိုးသားရဲနှစ်ကောင်လုံးသည် အားအင်ကုန်ခန်းကာ ဖင်ထိုင်ကျတော့၏။ အရှုံးအနိုင်မပေါ်သော အခြေအနေကြောင့် အော်ဟစ်အားပေးနေသော သတ်ဖြတ်သူများ ဒေါသထွက်ကာ ဆဲဆိုကုန်ကြတော့၏။ တချို့မှာခည်း မချင့်မရဲ ဖြစ်ကုန်ကြလေသည်။
၎င်းကို လုံးဝ ဂရုမစိုက်ိုက်သူမှာကား အရူးဘုရင် အနူဘီပေတည်း။ ၎င်းက ကျယ်လောင်သောအသံဖြင့် ထအော်လိုက်၏။
"ထွီ ပျင်းစရာကောင်းလိုက်တဲ့ပွဲကွာ ဟေ့ကောင်တွေ ဒီထက် စိတ်ဝင်စားဖို့ကောင်းမဲ့ပွဲမျိုး လုပ်ကြစမ်းပါ"
ထိုအခါ အနူဘီ၏ ဘေးနားရှိအရာရှိက ကပျာကယာပင် ဝင်ပြောလိုက်သည်။
"အဆင်သင့်စီစဥ်ထားပါတယ် အရှင်မင်းင်းကြီးခင်ဗျာ"
ထို့နောက် ၎င်းက လက်ထဲတွင်ကိုင်ထားသော အလံကို ဝေ့ယမ်းလိုက်၏။ အချက်ပြမှုထွက်ပေါ်လာသည်နှင့် ပြိုင်ကွင်းအတွင်း သတ်ဖြတ်သူစစ်သားနှစ်စု လှမ်းဝင်လာလေသည်။
ထို့နောက် ဗုံသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်သူစစ်သားနှစ်စု အချင်းချင်း တိုက်ခိုက်ကြတော့၏။
အနူဘီ၏ စိတ်ဝင်စားမှုသည်လည်း အထွတ်အထိပ်သို့ ရောက်လာ၏။ သူသည် ပြူးကျယ်သောမျက်လုံးအစုံဖြင့် သွေးစိမ်းရှင်ရှင်ထွက်နေသော ကြောက်ဖွယ်ရာသတ်ပွဲကြီးကို မြိန်ရေရှက်ရေပင် ကြည့်နေ၏။
သိပ်မကြာမီ ဗုံသံများ ပျောက်ကွယ်သွားပြီး တိုက်ပွဲ အဆုံးသတ်သွားလေသည်။
စစ်သားအုပ်စုနှစ်စုအနက် အနီရောင်ဝတ်ဆင်ထားသောအခြမ်းမှ အနိုင်ရသွား၏။ သို့သော် ၎င်းတို့ထဲမှ သုံးယောက်သာလျင် ကောင်းကောင်းမတ်တပ်ရပ်နိုင်တော့သည်။
ခြေပြတ်လက်ပြတ်များ၊ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေ၏။ သွေးများ တကွင်းလုံး ဖုံးလွှမ်းနေလေသည်။
ကြည့်ရှုနေသူများသည် ဝမ်းသာအားရနှင့် အနိုင်ရသူများအား ဂုဏ်ပြုကြ၏။ သို့သော် အနိုင်ရသူများမှာကား ကြေကွဲသော မျက်လုံးအစုံဖြင့် ၎င်းတို့၏ ရဲဘော်ရဲဘက်များအား စိုက်ကြည့်နေကြလေသည်။
"ဘာမှသုံးစားမရတဲ့ ကောင်တွေပါလား"
အော်ဟစ်အားပေးနေကြသော အထက်တန်းလွှာများကိုကြည့်ရင်း အနူဘီ မနှစ်မြို့ဟန်ဖြင့် ရေရွတ်လိုက်၏။ သူ့မျက်လုံးထဲတွင် အဆိုပါ တိုက်ပွဲသည် သာမာန်မျှသာ ဖြစ်နေသည် မဟုတ်ပါလား။
နောက်ထပ်တိုက်ပွဲမှာ အတော်လေးဆွဲဆောင်မှုရှိသည့် သတ်ဖြတ်သူအမျိုးသမီးနှစ်ဦး၏ တိုက်ပွဲ ဖြစ်သည်။ အမျိုးသမီးများ၏ တိုက်ပွဲသည် အင်တိုက်အားတိုက် မရှိလှသော်လည်း ကြည့်ကောင်းသည်ကတော့ အမှန်ပင်။ အနူဘီကိုယ်တိုင်ပင် ၎င်းတို့အား ပြစ်တင်ဝေဖန်ခြင်းမရှိပဲ တိတ်ဆိတ်စွာပင် စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် အမျိုးသမီးတဦး အနိုင်ရသွား၏။ ထိုအခါ အနူဘီက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
"အသက်ရှင်တဲ့တယောက်က်ို ကျုပ်အိပ်ယာပေါ် ပို့လိုက် သူ့အောင်ပွဲအတွက် ဂုဏ်ပြုပေးရမှာပေါ့"
စကားဆုံးသည်နှင့် အနူဘီ ပြိုင်ကွင်းအတွင်းမှ ထွက်ခွာသွားလေသည်။
ရိုင်းစိုင်းတယ်..ရက်စက်ကြမ်းကြုတ်တယ်...တဏှာစိတ်ကြီးလွန်းတယ်...သွေးဆာလွန်းတယ်
အနူဘီ၏ အပြုအမူများကို ကြည့်ရင်း စုချန်း အထက်ပါအတိုင်း တီးတိုးရေရွတ်မိလေသည်။
ထိုအချိန်တွင် ဟမ်းဘူးက စုချန်းဆီသို့ လျှောက်လာရင်း မေးလိုက်၏။
"ဘယ်လိုခံစားရသလဲ"
"သိပ်ကိုခမ်းနားတဲ့ တိုက်ပွဲပဲဗျ"
"ဒါပေမဲ့ အရှင်မင်းကြီးရဲ့မျက်လုံးထဲမှာ ဒါ သာမာန်လောက်ပဲ မြင်ပုံရတယ် အနည်းဆုံးတော့ သူ စိတ်ဆိုးမသွားဘူးပေါ့လေ"
"သူ စိတ်ကျေနပ်အောင် လုပ်ဖို့ တော်တော်ခက်တာ အမှန်ပဲ"
"ဒါပေမဲ့ မင်းကတော့ သူ စိတ်ကျေနပ်အောင် လုပ်ပေးရလိမ့်မယ်"
စုချန်းရယ်မောလိုက်၏။
"မှန်တာပေါ့ဗျာ"
ထိုအခါ ဟမ်းဘူးက စုချန်းအား နက်ရှိုင်းသောအကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါဆိုလဲ မင်း ကံကောင်းပါစေ"
ထို့နောက် သူ ထွက်ခွာသွားလေ၏။ စုချန်းလည်း ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် သူ့နောက်ကျောဆီမှ အသံတသံံ ထွက်ပေါ်လာ၏။
"အရှင်မင်းကြီး စိတ်ကျေနပ်အောင်လုပ်ဖို့ ဒီအတိုင်းဆိုရင် မလွယ်ဘူးနဲ့တူတယ်"
လှည့်ကြည့်စရာမလိုပဲ ထိုစကားကို ပြောသူ မည်သူမည်ဝါမှန်း စုချန်း သိလိုက်၏။
စုချန်း ရယ်မောလိုက်၏။
"မင်း ရောက်နေတာ ကျုပ် မသ်ိလိုက်ပါလားကွ"
ထို့နောက် သူက နောက်သို့လှည့်ကြည့်လိုက်သည်။ ဒန်ဘာသည် စုချန်းအား ပြုံးလျက် စိုက်ကြည့်နေ၏။
"အရှင်မင်းကြီးကို တောင်းဆိုချက်ကို လုပ်ပေးဖို့ ဒီနေ့ပွဲကို မင်း သေချာပေါက်လာကြည့်မယ်ဆိုတာ ကျုပ် သိတယ်လေ ဒါကြောင့် ကျုပ်လဲ လာခဲ့လိုက်တာ"
"အလကားသက်သက်လာတာတော့ မဟုတ်ဘူးထင်တယ်"
"ကျုပ် မင်းကို ပြောစရာရှိတယ်"
"ဘာများလဲ"
"ကျုပ် ပြန်တော့မယ်"
စုချန်း နှုတ်ဆိတ်သွား၏။ ဒန်ဘာက စကားဆက်ပြန်သည်။
"ကျုပ်အတွက် မင်းလုပ်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ် ခုဆိုရင် ကျုပ် မူလစွမ်းအင်ကို အာရုံခံနိုင်သွားပြီ သိပ်မကြာခင် ကျုပ် နောက်တဆင့်ကို တက်လှမ်းနိုင်သွားလိမ့်မယ် ကျုပ် မင်းကို ဆက်ပြီးကူညီချင်ပါတယ် ဒါပေမဲ့ ကျောက်တုံးပုတ်သင်အသိုက်က ကျုပ်ကို လိုအပ်နေပြီ ကျုပ် ဒီမှာဆက်နေလို့ မရတော့ဘူး"
"ဒီတော့ မင်း ကျုပ်ကို လာနှုတ်ဆက်တာပေါ့"
"ကျုပ် လုပ်ရမဲ့ ကိစ္စလေးတချို့လဲ ရှိနေသေးတယ်"
"အဲဒါ ကျုပ် ဘယ်အသိုက်ဝင်ဆိုတာနဲ့ သက်ဆိုင်နေသလား"
ဒန်ဘာ ခေါင်းညိတ်လိုက်၏။
စုချန်းသည် ကျောက်တုံးပုတ်သင်အသိုက်ဝင်တဦးအဖြစ် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ ဘုရင့်နန်းတော်အတွင်းဝယ် စုချန်းသာ ပြသနာတစုံတရာရှာခဲ့ပါက ဒန်ဘာနှင့် ကျောက်တုံးပုတ်သင်အသိုက်အဖို့ များစွာ ပြသနာတက်သွားဖွယ်ရာ ရှိနေပေ၏။
"မင်း ဘယ်လိုလုပ်ဖို့ စဥ်းစားထားသလဲ"
ဒန်ဘာ ပြုံးလိုက်သည်။
"လွယ်ပါတယ် မင်းကို ကျုပ် ထိုးပစ်ခဲ့ရုံပဲပေါ့"
စကားဆုံးသည်နှင့် ဒန်ဘာ၏ လက်သီးသည် စုချန်း မျက်နှာပေါ်သို့ ကျရောက်လာ၏။ စုချန်း နောက်သို့ လွင့်စင်သွားလေသည်။
_____________×××____________×××__________
"ဒီတော့ အကြီးအကဲဒန်ဘာက မင်းကို သစ္စာဖောက်လို့သတ်မှတ်ပြီး ကျောက်တုံးပုတ်သင်အသိုက်က နှင်ထုတ်လိုက်ပြီပေါ့ ဟုတ်လား"
ဟမ်းဘူးက စုချန်း၏ ဒဏ်ရာပေါ် ဆေးလိမ်းပေးရင်း မေးလိုက်သည်။
"ကျုပ် တကယ်နားမလည်ဘူး ဆရာဟမ်းဘူး ကျုပ်တို့ဟာ သံနဲ့သွေးနိုင်ငံရဲ့ နိုင်ငံသားတွေပဲ မဟုတ်ဘူးလား ဘုရင်အပေါ် သစ္စာစောင့်ရာမှာပေါ့ ကျုပ် အရှင်မင်းကြီးအတွက် အမှုတော်ထမ်းတာ သူတို့အတွက် ဂုဏ်ယူစရာပဲ မဟုတ်ဘူးလား သူတို့ ကျုပ်ကို ဘာကြောင့် ဒီလို ဆက်ဆံရတာလဲ"
"ကျုပ် မင်းရဲ့ညဏ်ရည်ညဏ်သွေးနဲ့ ဆုံးဖြတ်နိုင်စွမ်းကို တကယ်ချီးကျူးပါတယ် လွန်တူး ဒါပေမဲ့ မင်းရဲ့လုပ်ရပ်ကိုတော့ ကျုပ် မချီးမွမ်းဝံ့ဘူး မလေးစားရာရောက်နေမှာ စိုးလို့"
စုချန်း ရယ်မောလိုက်သည်။
"ခင်ဗျား တကယ်လေးစားစရာကောင်းတာပဲ ဆရာဟမ်းဘူး"
"လောလောဆယ် အရှင်မင်းကြီးရဲ့ကိစ္စကိုသာ မင်း အာရုံစိုက်သင့်တယ် သူ စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုရင် မင်း ကျုပ်အပေါ် ဘယ်လိုသဘောထားထား အရေးမကြီးတော့ဘူး"
စုချန်း ဘာမှပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်၏။ ၎င်းကိုကြည့်ရင်း ဟမ်းဘူး အံ့သြသွားလေသည်။ အတန်ကြာမှ သူက ပြောလိုက်၏။
"မင်းကိုကြည့်ရတာ အစီအစဥ် ရှိပြီးဟန်တူတယ်"
စုချန်း အားရပါးရ ပြုံးလိုက်၏။
"ကျုပ် ခင်ဗျားရဲ့အကူအညီကို လိုတယ် ပြီးတော့ ဒါကို လျှို့ဝှက်ထားစေချင်တယ်"
"ကျုပ်ကို ပြောပြပါလေ အရှင်မင်းကြီးက မင်းကိုကူညီဖို့ ကျုပ်ကို ဒီလွှတ်ထားတာပဲ"
စုချန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဟမ်းဘူးနားသို့တိုးပြီး သူ့အစီအစဥ်ကို ပြောပြလိုက်လေသည်။ ၎င်းအစီအစဥ်ကို ကြားသည်နှင့် ဟမ်းဘူးသည် သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။
"ကောင်းလိုက်တဲ့ စိတ်ကူး ဒီအတိုင်းဆိုရင် အရှင်မင်းကြီး သဘောကျမယ်နဲ့ တူတယ်"
"ဒီတော့ ခင်ဗျား သဘောတူတယ်ပေါ့"
ဟမ်းဘူး ဘာမှပြန်မပြော။ စုချန်းကိုသာ အတိုင်းသား ငေးကြည့်နေလေသည်။
***
း