← Chapters

အသက်ကယ်ခြင်း

Vol. 71 Ch. 704

အသက်ကယ်ခြင်း

Vol. 71 Ch. 704

"ဟား ဟား ဟား"

ကျယ်လောင်လှသော ရယ်မောသံကြီးသည် တိတ်ဆိတ်မှုကို ဖောက်ထွင်းကာ ထွက်ပေါ်လာ၏။

ဤသို့သော်အချိန်တွင် ဤသို့ ရယ်မောနိုင်သူမှာ အရူးဘုရင်မှလွဲ၍ တခြားမည်သူ ဖြစ်နိုင်အံ့နည်း။

သူသည် လက်နှစ်ဖက်က်ိုဝေ့ယမ်းကာ အားရပါးရ ရယ်မောနေ၏။

"ဟုတ်တယ်ဟေ့ ဒါကမှကျုပ်မြင်ချင်တဲ့အရာပဲ အထွတ်အထိပ် တကယ့်အထွတ်အထိပ်"

ဗရီဂတ်စ် ကြောင်အမ်းအမ်းဖြစ်သွား၏။ အနူဘီက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

"ခုပဲကြည့်လေ သတ်ဖြတ်သူမျိုးစိတ်ရဲ့ နေမင်းကြီးလို့တင်စားရတဲ့ ဗရီးဂတ်စ် တကွက်ခံလိုက်ရပြီ"

အနူဘီသည် အတောမသတ်နိုင်အောင် ရယ်မောရင်း ပြောလိုက်ပြန်သည်။

"ဒါကမှ ကျုပ် မြင်ချင်တာအစစ်ပဲ ဒီလိုမြင်ရတာ ဟိုသုံးစားမရတဲ့ကောင်တွေ သေသွားတာကို မြင်ရတာထက်တောင် ကျုပ်အတွက် အရသာရှိနေသေးတယ် ကျုပ် မင်းကို သိပ်ပြီးသဘောကျသွားပြီ လွန်တူး မင်းဟာ ကျုပ်ရာစုနှစ်အတော်ကြာအောင် မြင်ခွင့်မရခဲ့တဲ့ ပြကွက်တခုကို ပြသလိုက်တာပဲ ဒီလောက်ကောင်းတဲ့ ပြကွက်မျိုးကို တသက်နဲ့တကိုယ်မမြင်ဖူးဘူးလို့ ကျုပ် ကျိန်ရဲတယ် ကြည့် ကြည့်စမ်းပါအုံး ဗရီဂတ်စ်ရဲ့ မျက်နှာကြီးကို အရူးကြီးကျနေတာပဲ ဗရီဂတ်စ် ဒီလိုနေ့မျိုး ကြုံရလိမ့်မယ်လို့ ခင်ဗျား တသက်နဲ့တကိုယ် တွေးမထားမိဘူးမလား"

ဗရီဂတ်စ်၏ မျက်နှာသည် ကျောက်သားကဲ့သို့ တင်းမာသွား၏။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာရယ်စရာမှ ကျုပ် မတွေ့မိပါလား"

"ခင်ဗျားအတွက်ကတော့ ဟုတ်တာပေါ့"

ပြောရင်းနှင့် အနူဘီသည် ရယ်မောလိုက်ပြန်သည်။ ၎င်းဘေးနားရှိ ကျန်သတ်ဖြတ်သူများကလည်း ရယ်မောလိုက်ကြ၏။

အနူဘီပြောသည်မှာ တခုတော့မှန်သည်။ ဗရီဂတ်စ်၏ ဘဝတသက်တာတွင် ဤသို့ အရှက်ကွဲမှုမျိုးကို တကြိမ်မှ မကြုံဖူး။ ဤတကြိမ်သည် သူ့ဘဝအတွက် ပထမဆုံးအကြိမ် သင်ခန်းစာ ရလိုက်ခြင်းပင်။

သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းချုပ်ရင်း ဗရီဂတ်စ်က ပြောလိုက်သည်။

"ဘာပဲ​ဖြစ်ဖြစ် သက်သေသွားရှာတဲ့စစ်သည်တွေ ခုထိ ပြန်ရောက်မလာသေးဘူး"

အနူဘီက ရုတ်တရက် ပြောလိုက်ပြန်၏။

"ဒါပေမဲ့ လွန်တူး မလိမ်ဘူးဆိုတာ ခင်ဗျားကော ကျုပ်ကော သိတယ် ဟုတ်တယ်မလား တကယ်တော့ သက်သေကို ခင်ဗျား ဖျက်ဆီးပစ်လိုက်လို့ရတယ် ဒါပေမဲ့ ခင်ဗျား ဒီလို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ အမြဲတမ်း မှန်မှန်ကန်ကန်လုပ်တတ်သူ ဖြစ်နေလို့ပဲ ကျုပ် ခင်ဗျားကို နှစ်တွေအကြာကြီး မုန်းလာခဲ့တာလဲ ဒါကြောင့်ပဲ ဒါပေမဲ့ ခုလိုအခြေအနေမျိုးမှာ ခင်ဗျားရဲ့ မှန်မှန်ကန်ကန်လုပ်တတ်တဲ့စိတ်ဓာတ်လေးကပဲ သဘောကျစရာဖြစ်နေပြန်ရော ခု ခင်ဗျား ဘာဆက်လုပ်မလဲ ကျုပ် စောင့်ကြည့်မယ် အံ့သြစရာကောင်းလိုက်တာ ရာစုနှစ်ချီတဲ့ အမုန်းတရားရဲ့နောက်ကွယ်မှာ နှစ်လိုဖွယ်ရာတွေလဲ ရှိနေတတ်တာပဲကိုး ကျုပ် အရင်က ဒါကို သဘောမပေါက်ခဲ့မိဘူး"

ဗရီဂတ်စ်၏ မျက်နှာသည် တင်းသထက် တင်းမာလာ၏။ သို့သော် သူ ဘာမှပြန်မပြော။

ထိုအချိန်တွင် သက်သေသွားရှာသော စစ်သည်များ ပြန်ရောက်လာ၏။

အားလုံးယူဆထားသည့်အတိုင်း အကာအကွယ်အား ပြုပြင်ရန်လိုကြောင်း တင်ပြထားသည့် စုချန်း၏ အစီရင်ခံစာသည် အမှန်တကယ်ပင် ရှိနေ၏။

ဖြစ်စရာရှိသည်တို့က ဖြစ်ပြီးသွားလေပြီ။ စုချန်း၏ စကားအတိုင်း ဤဖြစ်ရပ်သည် မတော်တဆမှုတခု သက်သက်သာတည်း။

အထက်တန်းလွှာအများအပြား သေဆုံးသွား၏။ စစ်နတ်ဘုရားကား အရှက်ကွဲရ၏။ သို့သော် ဧကရာဇ်မှာ များစွာ ပျော်ရွှင်လျက်ရှိသည်။

"နေရာတိုင်းမှာ စည်းမျဥ်းစည်းကမ်းဥပဒေဆိုတာရှိတယ်"

စုချန်းက စကားစလိုက်၏။

"ခုဆိုရင် ဒီဖြစ်ရပ်ကိုကြိုးကိုင်သူ ကျုပ်မဟုတ်ဘူးဆိုတာ ပေါ်လွင်သွားပြီ ကျုပ်ကို လွှတ်ပေးနိုင်ပြီလား စစ်နတ်ဘုရားကြီးခင်ဗျာ"

ဗရီဂတ်စ်သည် စုချန်းအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။ ပြီးမှ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"မင်း သွားနိုင်ပြီ ဒါပေမဲ့ ကျုပ် မင်းကို စောင့်ကြည့်နေမယ်ဆိုတာတော့ သတိချပ်ပါ ကောင်လေး"

ထိုအခါ စုချန်းက ပြန်ပြောလိုက်၏။

"ကျုပ်ကို စောင့်ကြည့်မယ့်အစား ဝိညာဥ်မျိုးစိတ်တွေကို စောင့်ကြည့်နေတာက ပိုပြီး သင့်တော်မယ်ထင်ပါတယ် သူတို့မှာ တပါးသူကို စိတ်ရှုပ်ထွေးသွားအောင် လှည့်စားနိုင်တဲ့စွမ်းရည်ရှိနေတယ်ဆိုတာ ကျုပ်တို့လဲ သိထားပြီးသားပဲလေ သူတို့ထဲက တယောက်ယောက် ဂေါလန်ရဲတိုက်ရဲ့ကာကွယ်ရေးအစီအမံကို ထိုးဖောက်ဝင်ရောက်လာပြီး ပြိုင်ကွင်းတာဝန်ခံကို လှည့်စားထားတာမျိုးလဲ ဖြစ်နိုင်တာပါပဲ"

ဤပြသနာကြီး၏ လက်သည်မှာ စုချန်းမှန်း ဗရီးဂတ်စ် ကောင်းကောင်းသိသည်။ သို့သော် သူ့တွင် သက်သေမရှိ။ ထိုအခါ ဗရီဂတ်စ်သည် အုံကြွလာသော ဒေါသကို ထိန်းချုပ်ပြီး စုချန်းက်ို တချက်ကြည့်ကာ နေရာမှ ထွက်ခွာသွားလေသည်။

ဗရီဂတ်စ်၏ ပုံစံကိုကြည့်ပြီး အနူဘီက ကောက်ချက်ချလိုက်သည်။

"သူ ဒီလိုဖြစ်တာ တခါမှ မမြင်ဖူးဘူး မင်းကတော့ သူ့ကို ကောင်းကောင်းဒုက္ခပေးလိုက်တာပဲကွ"

ချက်ချင်းပင် အနူဘီ၏ လေသံမှာ ပြောင်းလဲသွား၏။

"ဒါပေမဲ့ ကျုပ် ဒါကို သဘောကျတယ်ကွ ဟား ဟား ဟား"

အနူဘီကား နောက်တကြိမ် ရယ်မောလိုက်ပြန်ပြီ ဖြစ်သည်။

စုချန်း ပြုံးလိုက်၏။

"အရှင်မင်းကြီး သဘောကျတယ်ဆိုရင် ကျုပ်လဲ သဘောကျတာပါပဲ"

အနူဘီက ပြောလိုက်၏။

"သိပ်ကောင်းတယ် မင်းဟာ တသက်မမေ့လောက်စရာပြကွက်ကို ပြလိုက်နိုင်တာပဲ ကျုပ်ရဲ့ဆန္ဒ ပြည့်ဝသွားပြီ ဒါကြောင့် ဒီနေ့ကစပြီး မင်းကို နန်းတွင်းအစေခံများစီမံခန့်ခွဲရေးရဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပြီ"

"အရှင်မင်းကြီး"

ကင်ဝူးက ထအော်လိုက်သည်။

နန်းတွင်းအစေခံများစီမံရေးအကြီးအကဲသည် နန်းတော်စီမံခန့်ခွဲရေးအကြီးအကဲထက် ရာထူးအားဖြင့် နိမ့်သော်လည်း ၎င်းသည် အနူဘီနှင့် အနီးကပ်နေရ၏။

သို့သော် ၎င်းမှာ ကင်ဝူး၏ ရာထူးဖြစ်သည်။ အနူဘီ ဒေါသထွက်နေသည့်အချိန်တွင် သူ့ကို တချက်တည်းနှင့် ရိုက်သတ်ပစ်နိုင်သော်လည်း ကင်ဝူးကတော့ ထိုရာထူးကိုသာ လိုလား၏။

မည်သို့ဆိုစေ စုချန်းအား ဒေါသတကြီး လှမ်းကြည့်ရုံမှအပ ကင်ဝူး ဘာမှမတတ်နိုင်တော့။ သူ့စိတ်ထဲတွင်တော့ စုချန်းအား အောက်ပါအတိုင်း ကျိန်ဆဲနေလေသည်။

နက်ဖြန် မင်း အသတ်ခံချင်ခံရမှာပဲ...ဘယ်သူသိနိုင်တာကျလို့...

အနူဘီကား ကင်ဝူး၏ ခံစားချက်ကို သတိထားမိဟန်ပင် မရှိ။

"ခုနကပြောတော့ နောက်ထပ်ပြိုင်ပွဲတပွဲ ရှိသေးတယ်ဆို စလိုက်ကြစို့လား"

အခြေအနေတခုလုံး ဤမျှ ကသောင်းကနင်းဖြစ်ကုန်သည့်တိုင် ပြိုင်ပွဲကို ဆက်ကြည့်ချင်နေသေးသည့်အတွက် ရှာမှရှား အရူးဘုရင်ဟုပင် ဆိုရတော့မည်။

"ကောင်းပါပြီ အရှင်မင်းကြီး"

ကင်ဝူးက အရိုုအသေပြုပြီး လက်တဖက်ကို ဝေ့ယမ်းလိုက်သည်။ ပထမတပွဲတွင် စုချန်းအား သူ ရှုံးနိမ့်သွားပြီ ဖြစ်သည်။ သို့သော် သူ့အနေနှင့် လုပ်စရာရှိသည်ကိုတော့ အကောင်းဆုံး လုပ်ဆောင်ရလိမ့်မည်သာ။

သိပ်မကြာမီ ပြိုင်ကွင်းအတွင်းသို့ စစ်သူရဲကောင်းများ လှမ်းဝင်လာ၏။ ၎င်းတို့ကို မြင်သည်နှင့် စုချန်း မျက်လုံးပြူးသွားလေသည်။

လူသားတွေပါလား...

အရေအတွက်အားဖြင့် စုစုပေါင်း အယောက်၂၀ခန့်ရှိမည့် လူသားများပင်။

"လူတွေပါလားဟ"

အနူဘီကလည်း ထအော်လိုက်သည်။

"မှန်ပါတယ်အရှင်မင်းကြီး လူသားတွေပါပဲ ကျုပ်တို့နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ လူသားတွေပါ ဒီကနေ့ ဒီကောင်တွေကို သွေးမြေကျစေပြီး အရှင်မင်းကြီးကို ကျေနပ်နှစ်သိမ့်စေပါမယ်"

"အိုး"

အနူဘီ ခေါင်းညိတ်လိုက်သည်။ သူသည် မည်မျှပင် ရူးသွပ်စေကာမူ တခြားသတ်ဖြတ်သူများကဲ့သို့ပင် လူသားများအား မုန်းတီးသည်သာ။ လူသားများသေဆုံးသည်က်ို ကြည့်ရလျင် သူ သဘောကျသည်သာ။

လူသားများကို မြင်လိုက်သည်နှင့် စုချန်း၏ နှလုံးသားသည် တဒိန်းဒိန်းနှင့် တုန်ခါလာ၏။ ထိုခနမှာပင် ဤလူများအား သူ ရအောင်ကယ်တင်မည်ဟု စုချန်း ဆုံးဖြတ်လိုက်လေသည်။ ထိုအခိုက်အတန့်ဝယ် စုချန်း၏ ထက်မြက်လှသောဦးနှောက်သည် လျင်မြန်စွာ လှုပ်ရှားနေခဲ့လေပြီ။

ထိုအခါ စုချန်းက မေးလိုက်၏။

"ဒီတော့ ဒါဟာ အစုလိုက်အပြုံလိုက် သတ်ပွဲကြီးပဲပေါ့ ဟုတ်လား"

အခြေအနေမှာ ရုတ်တရက်အေးခဲသွား၏။ အနူဘီနှင့် ကင်ဝူးတို့ စုချန်းကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

ကင်ဝူး၏ မျက်နှာမှာလည်း မဲခနဲ ဖြစ်သွား၏။

"ဒီတော့ ဘာဖြစ်သလဲ"

ပြိုင်ကွင်း၏ တဖက်ခြမ်းတွင်လည်း လူသားများ၏ ပြိုင်ဘက်များ ထွက်ပေါ်လာပြီ ဖြစ်သည်။ ၎င်းတို့မှာ ဓားသွားဝံပုလွေများပေတည်း။ ဓားသွားဝံပုလွေများသည် အလယ်အလတ်အဆင့်သားရဲရိုင်းများသာ ဖြစ်သော်လည်း လူသားစစ်သည်နှစ်ဆယ်အား ရင်ဆိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ ပို၍ အရေးကြီးသည်မှာ ဝံပုလွေများ၏ နောက်တွင် နောက်ထပ် သားရဲများ အသင့်ရှိနေ၏။

ထို့ကြောင့် အစုလိုက်အပြုံလိုက်သတ်ပွဲကြီးဟု စုချန်းက ဆိုလိုက်ခြင်းပင်။

လူသားစစ်သည်များကား ၎င်းတို့၏ အသွေးအသားများဖြင့် သတ်ဖြတ်သူအထက်တန်းလွှာများအား ဖျော်ဖြေရပေတော့မည်။

စုချန်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။

"ဒါ ဖြုန်းတီးမှု ရှက်စရာကောင်းတဲ့ ဖြုန်းတီးမှုပဲဗျ"

ကင်ဝူး မျက်နှာပျက်သွား၏။ အနူဘီက မေးလိုက်ပြန်သည်။

"မင်း ဘာကိုဆိုလိုတာလဲ"

"အရှင်မင်းကြီးရဲ့ မေးခွန်းကို မဖြေခင် တိုက်ပွဲကို ရပ်တန့်ပေးဖို့ တောင်းဆိုပါရစေ ကျုပ်အနေနဲ့ ဒီလိုအကျိုးမဲ့ ဖြုန်းတီးမှုမျိုးကို မြင်ရတာ နှမြောလှပါတယ်"

အနူဘီက ချက်ချင်းပင် လက်တဖက်ထောင်ပြပြီး အချက်ပေးလိုက်သည်။ တိုက်ပွဲမှာ ချက်ချင်းပင် ရပ်တန့်သွား၏။

စုချန်းက ဦးခေါင်းညွတ်ရင်း ရှင်းပြလိုက်သည်။

"ဒီလိုပါ အရှင်မင်းကြီး ဒီပြိုင်ကွင်းကြီးဟာ အစားအသောက်တွေ တည်ခင်းဧည့်ခံတဲ့ စားပွဲကြီးနဲ့ တူပါတယ် စစ်သည်တော်တဦးစီတိုင်းကတော့ ဟင်းပွဲတွေနဲ့ တူပါတယ် ဒီဟင်းပွဲတွေကို ဘယ်လိုတွဲစပ်မလဲဆိုတာကတော့ ကျုပ်တို့ရဲ့တာဝန်ပါပဲ ကောင်းမွန်တဲ့လက်ရာနဲ့ချက်ပြုတ်ထားတဲ့ဟင်းပွဲတွေကို မှန်မှန်ကန်ကန်တွဲစပ်နိုင်မှသာ အင်မတန်ကြီးမြတ်တဲ့ စားသောက်ပွဲကြီးကို ကျင်းပနိုင်ပါလိမ့်မယ် ဒီလူသားတွေဟာ တန်ဖိုးကြီးမားတဲ့ ဟင်းပွဲတွေနဲ့ မတူပေဘူးလားအရှင်မင်းကြီး ကျုပ်အထင်ပြောရရင် ဒီလိုစစ်သူရဲကောင်းတွေ သံနဲ့သွေးနိုင်ငံမှာတောင် တွေ့ဖို့ အင်မတန်ခဲယဥ်းပါလိမ့်မယ်"

အနူဘီ ခေါင်းညိတ်လိုက်သည်။

"ဒီလိုကောင်တွေ ရှားတာတော့ အမှန်ပဲ"

စုချန်းက စကားဆက်ပြန်သည်။

"ဒီလိုရှားပါးဟင်းလျာတေတွေကို အကောင်းဆုံးနည်းလမ်းနဲ့ ပြုပြင်လိုက်ရင် တသက်က်မမေ့နိင်စရာ ဟင်းလျာတွေ ဖြစ်လာနိုင်ပါတယ် ဒါပေမဲ့ ဆရာကင်ဝူးကတော့ သူတို့ကို အချည်းနှီး ဖြုန်းတီးပစ်ဖို့ ကြံစည်နေတယ် သူတို့အကုန်လုံးကို ကျုပ်လက်ထဲသာ ထည့်ပေးလိုက်ရင် သိပ်ကောင်းတဲ့ ပြကွက်ကြီး ကျုပ် ဖန်တီးပြနိုင်ပါတယ်"

ကင်ဝူးက ကန့်ကွက်လိုက်၏။

"အရှင်မင်းကြီး သူ့စကားကို နားမထောင်...."

အနူဘီ တဟဲဟဲ ရယ်မောလိုက်သည်။

"သူပြောတာ အဓိပ္ပာယ်ရှိတယ်ကွ ဒီကောင်တွေ ဒီကိုရောက်လာဖို့ အင်မတန်ခဲယဥ်းတာ အမှန်ပဲ သူတို့ကို အချည်းနှီး ဖြုန်းတီးပစ်ရမှာ နှမြောစရာကောင်းနေတယ် ဒီလိုဆိုလဲ ကင်ဝူး မင်းလက်ထဲက လူသားတွေ လွန်တူးလက်ထဲ ထည့်ပေးလိုက်ကွာ"

"စိတ်ချပါအရှင်မင်းကြီး... အရှင်မင်းကြီးရဲ့မွေးနေ့ရက်မြတ်မှာ ဒီလူသားစစ်သည်တွေနဲ့ သိပ်ကောင်းတဲ့ပြကွက်မျိုး ကျုပ် ဖန်တီးဖို့ အာမခံပါတယ်"

အနူဘီ၏ မွေးနေ့မှာ နှစ်လခန့်လိုသေး၏။ စုချန်း၏ စကားကြောင့် လူသားစစ်သည်များ နှစ်လခန့် ရှင်သန်ခွင့်ရလိုက်ပြီ ဖြစ်သည်။

အနူဘီ ခေါင်းညိတ်ပြပြီး နန်းတော်သို့ ထွက်ခွာသွားလေသည်။

ထိုအခါ စုချန်းက ပြုံးရင်း ကင်ဝူးအား ပြောလိုက်၏။

"ဒီတော့ ဆရာကင်ဝူး ဒီလူသားတွေ ကျုပ်အပိုင်ဖြစ်သွားပြီနော်"

ကင်ဝူး မဲ့လိုက်၏။

"မင်း သိပ်လဲအပျော်လွန်မနေပါနဲ့လေ...ဟေ့ ဒီလူနှစ်ဆယ်ကို သူ့ဆီလွှဲပေးလိုက်"

စကားဆုံးသည်နှင့် ကင်ဝူး ထွက်ခွာသွား၏။

စုချန်းက နောက်မှလှမ်းအော်လိုက်လေသည်။

"ဆရာကင်ဝူး အမှတ်မှားနေပြီထင်တယ် အရှင်မင်းကြီးက ခင်ဗျားလက်ထဲရှိသမျှလူတွေ ကျုပ်ဆီလွှဲပေးဖို့ မိန့်ခဲ့တာနော် ခင်ဗျားလက်ထဲ လူ ဘယ်နှစ်ယောက်လောက် ရှိသလဲ"

ကင်ဝူး ဒေါသထွက်လာ၏။

"မင်း ဘာလုပ်ဖို့ကြံစည်နေတာလဲ"

စုချန်းက ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီး မွေးနေ့မှာ ခန်းနားတဲ့ပြကွက်ကြီး ဖန်တီးဖို့ ကြံစည်နေတာလေဗျာ"

***

All Chapters