သရုပ်ဆောင်သည်
Vol. 71 Ch. 705
ပြိုင်ကွင်းအထဲတွင် စစ်သူရဲကောင်းများနေထိုင်ရာ အခန်းများ ရှိနေ၏။
လူသားစစ်သူရဲကောင်းများအား ကျဥ်းမြောင်းပြီး ခြေချစရာနေရာပင်မရှိသည့် အခန်းထဲတွင် သော့ခတ်ထား၏။ အခန်းဆီမှ ပုပ်ဟောင်နံစော်သော အငွေ့အသက်များ ပျံ့လွင့်လျက်ရှိသည်။
လူသားအကျဥ်းသားများ၏ အခြေအနေကိုကြည့်ပြီး စုချန်း မျက်မှောင်ကုတ်လိုက်၏။
အကျဥ်းသားတိုင်း၏ မျက်လုံးများသည် ရှင်သန်လိုစိတ်ပျောက်ဆုံးလျက်ရှိပြီး စိတ်ပျက်အားငယ်ခြင်းများဖြင့်သာ အတိပြီးနေ၏။
ထိုအခါ စုချန်းက မေးလိုက်သည်။
"သူတို့ကို ဒီလိုနေရာမျိုးမှာ ထားရသလား"
ဘော့က ပြန်ဖြေလိုက်သည်။
"ဒီကောင်တွေ ဘယ်လိုဖြစ်ဖြစ် သေမှာပဲ ပြီးတော့ လူသားတွေလေ ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ လိုလို့လား"
ဘော့၏ တုံ့ပြန်မှုမှာ ရိုးစိုင်းနေ၏။ ၎င်းမှာ အံ့သြစရာတော့ မရှိ။
ပြိုင်ကွင်း၏ ဦးစီးဖြစ်သော ၎င်းသည် ဖွတ်ကြီး ထွက်ပြေးမှုအတွက် အဓိက တာဝန်ရှိနေသောကြောင့်ပင်။ စုချန်းကား အနူဘီထံမှ ဆုလာဘ် ရရှိခဲ့သော်လည်း ထိုအတွက် ဘော့ အပြစ်ပေးခံခဲ့ရသည်ည် မဟုတ်ပါလား။ ထိုအနေအထားတွင် ဘော့အနေနှင့် စုချန်းကို အဘယ်မှာ စိတ်ကြည်အံ့နည်း။
တနည်းအားဖြင့် ကင်ဝူး၏ အတွေးအခေါ်မှာ မှန်ကန်သည်ဟု ဆိုနိုင်သည်။ စုချန်း၏ နည်းလမ်းများသည် သူကိုယ်တိုင်ကို အမြန်ဆုံး တိုးတက်စေနိုင်ခဲ့သော်လည်း ကျန်သတ်ဖြတ်သူများကို ဒုက္ခပေးမိနေခဲ့သည် မဟုတ်ပါလား။
သို့သော် ဘော့၏ တုံ့ပြန်မှုကို စုချန်း စိတ်ထဲတွင်မထား။
"ကျန်းမာပြီးသန်စွမ်းတဲ့ကျွန်တွေကမှ အံ့သြစရာပြကွက်မျိုးကို ဖန်တီးနိုင်မှာပေါ့ကွ သူတို့ကို ကျုပ်နဲ့အတူ ခေါ်သွားမယ် မင်းမှာ ကန့်ကွက်စရာများ ရှိသလား"
ဘော့ ပုခုံးတွန့်လိုက်သည်။
"ပြသနာမရှိပါဘူး သူတို့အားလုံး မင်းအပိုင်ပဲကို စုစုပေါင်း ၆၈ယောက်ရှိတယ် လက်မှတ်ထိုးပြီးရင် ခေါ်သွားလို့ရပြီ"
စုချန်းအား မုန်းတီးနေသည့်တိုင် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တော့ ဘော့ မလုပ်။ မည်သို့ဆိုစေ စုချန်းသည် သူ့အထက်အရာရှိ ဖြစ်နေသည် မဟုတ်ပါလား။
သူ့အနေနှင့် သွေးကြွေးပြန်ဆပ်နိုင်မည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေမည် ဖြစ်သည်။ ထိုအချိန် ဘယ်သောအခါမှာ ရောက်လာလိမ့်မည်မဟုတ်ကြောင်းကိုတော့ သူ မသိနိုင်ခဲ့ချေ။
စုချန်းလည်း ဝမ်းမြောက်ဝမ်းသာပင် လက်မှတ်ထိုးပေးလိုက်ပြီး အကျဥ်းသား၆၈ယောက်ကိုခေါ်ကာ ထွက်ခွာလာခဲ့၏။ ထို့နောက် စုချန်းသည် အကျဥ်းသားများအား ရထားလုံးပေါ်တင်ပြီး မြိုပြင်သို့ ဦးတည်ရန် အမိန့်ပေးလိုက်သည်။
ထိုအခါ ဘော့က စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
"ဆရာလွန်တူး သူတို့ကို ဘယ်များခေါ်သွားမလို့ပါလိမ့်"
စုချန်းက ပြန်ဖြေလိုက်သည်။
"သူတို့ကို လေ့ကျင့်ပေးဖို့ သင့်တော်မဲ့နေရာကိုပေါ့ဗျာ ဘာလဲ မင်းက ကျုပ် သူတို့ကို လွှတ်ပေးမှာ စိတ်ပူလို့လား"
ဘော့က ပြန်ဖြေလိုက်၏။
"မထင်ပါဘူးဗျာ ဒါပေမဲ့ ကျုပ်က ဆရာလွန်တူးကို အဲလိုလုပ်စေချင်တာ"
စုချန်း ရယ်မောလိုက်သည်။
"မင်းကို စိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူးကွာ"
ဘော့ကလည်း ခပ်တည်တည်ပင် ပြန်ပြောလိုက်၏။
"ကျုပ်ကို စိတ်ပျက်စေတာက အရေးမကြီးပါဘူး အရှင်မင်းကြီးကို စိတ်မပျက်စေဖို့ကသာ ပိုအရေးကြီးတာပါလေ"
စုချန်း ဘာမှပြန်မပြော။ ဘော့အား တချက်စိုက်ကြည့်ပြီး ရထားလုံးအား ထွက်ခွာရန် အချက်ပြလိုက်လေသည်။
ရထားလုံးသည် ဂေါလန်ရဲတိုက်၏ မိန်းလမ်းမကြီးအတိုင်း မောင်းနှင်ပြီး မြို့ပြင်သို့ ရောက်ရှိလာ၏။ တောအုပ်တခုကို ဖြတ်သန်းပြီး တောင်ကုန်းငယ်တလုံး၏ ရှေ့မှောက်တွင် ရထားလုံး ရပ်တန့့်သွားလေသည်။
ရထားလုံးရပ်တန့်သွားသည်နှင့် စုချန်းက သတ်ဖြတ်သူစစ်သည်များအား အမိန့်ပေးလိုက်၏။
"မင်းတို့အားလုံး ဒီမှာနေခဲ့ လူသားတွေကတော့ ကျုပ်နဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့"
"ဆရာလွန်တူး"
သတ်ဖြတ်သူစစ်သည်တဦးက စိုးရိမ်ပူပန်ဟန်ဖြင့် ထအော်လိုက်သည်။
စုချန်းက ၎င်းအား လှမ်းကြည့်ရင်း ပြောလ်ိုက်၏။
"ဘာလဲ မင်းက ကျုပ်က်ို စိတ်ပူလို့လား ဒီလူသားတွေအကုန်လုံးဟာ အချုပ်အနှောင်တွေနဲ့ ဒီအချုပ်အနှောင်တွေ မရှိရင်တောင် သူတို့ ကျုပ်ကို သတ်နိုင်မယ်ထင်သလား"
စကားဆုံးသည်နှင့် စုချန်းက သူ့ဘေးနားရှိ ကျောက်တုံးကြီးအား လက်သီးနှင့် လှမ်းထိုးလိုက်၏။ လက်သီးချက်ကြောင့် ကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။
ကျောက်တုံးအား ကွဲကြေစေခြင်းမှာ ထူးဆန်းသောအရာမဟုတ်။ သို့သော် အမှုန့်ကြေသွားသည်အထိ စွမ်းဆောင်နိုင်ဖို့ကတော့ မလွယ်လှ။ အင်အားကြီးမားပြီး မူလစွမ်းအင်ကို ထိန်းချုပ်နိုင်သူသာလျင် စွမ်းဆောင်နိုင်သောအရာ ဖြစ်သည်။ သတ်ဖြတ်သူတဦးအဖို့ ထိုစွမ်းဆောင်ရည်မျိုးကို ပြသရန် အနည်းဆုံး သုံးကြိမ် နှစ်ခြင်းခံထားရန် လိုအပ်၏။
လူသားစစ်သည်တော်များ၏ လက်ရှိအခြေအနေအရ ၆၈ယောက်လုံး ပေါင်းတိုက်လျက်ပင် စုချန်းအား ထိခိုက်နိုင်လိမ့်မည်မဟုတ်။
ထိုအခါကျမှ သတ်ဖြတ်သူစစ်သားလည်း စိတ်အေးသွားဟန်တူသည်။
"ကောင်းပါပြီ ဆရာ"
ထို့နောက် စုချန်းသည် လူသားများအား တောင်ထိပ်ဆီသို့ ဦးတည်ခေါ်ဆောင်လာခဲ့လေသည်။
တောင်ထိပ်သို့ရောက်သည်နှင့် စုချန်းသည် လူသားများအား အလွန်အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေ၏။ စကားတော့တခွန်းမှမပြော။ စုချန်း၏ အမူအရာကိုကြည့်ရင်း လူသားစစ်သည်များ စိတ်ရှုပ်ထွေးကုန်ကြလေသည်။
လူသားစစ်သည်တဦးက မနေနိုင်ဟန်ဖြင့် ထအော်လိုက်၏။
"ဟေ့ကောင် မင်း ငါ့ကို သတ်ချင်သတ်လိုက် မင်းကို ငါ မကြောက်ဘူးကွ"
စုချန်းက အေးစက်သောလေသံနှင့် ပြန်ပြောလိုက်၏။
"မင်းတို့ကို ဒီခေါ်လာတာ သတ်ဖို့မဟုတ်ဘူး နှိပ်စက်ဖို့ ကဲ အားလုံး ငါ့ရှေ့မှာဒူးထောက်ပြီး လူသားတွေ အရှက်မရှိကြောင်း ကြွေးကြော်ကြ သတ်ဖြတ်သူတွေရဲ့ကြီးမြတ်မှုကို ကျူးရင့်ကြ"
"စဥ်းတောင်မစဥ်းစားနဲ့"
"အိပ်မက်မက်မနေနဲ့ကွ"
"မင်း ငါတို့ကို သတ်ပစ်လို့ရတယ် အရှက်ခွဲလို့တော့မရဘူးကွ"
စစ်သည်များအားလုံး ပြိုင်တူအော်ဟစ်လ်ိုက်ကြသည်။
"မင်းတို့က ဒီလိုလား ဒါဆိုလဲ မင်းတို့ပြောတဲ့အတိုင်း သတ်ပေးရတာပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်းက အနီးရှိ စစ်သည်တဦး၏ ရင်ဝအား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
အနှီစစ်သည်သည် သွေးများပွက်ခနဲအန်ထုတ်ပြီး မြေကြီးပေါ် ပစ်လဲသွား၏။ အသက်လည်း မရှုတော့။
"ကဲ ဒူးထောက်ကြစမ်း ဒူးထောက်တဲ့ကောင် အသက်ရှင်မယ် မထောက်တဲ့ကောင် သေရမယ်"
စုချန်းက ထပ်မံခြိမ်းခြောက်လိုက်၏။
"စဥ်းတောင်မစဥ်းစားနဲ့ကွ"
စစ်သည်များ၏ ပြိုင်တူအော်ဟစ်သံ ထွက်ပေါ်လာပြန်သည်။
စုချန်း၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ လှုပ်ရှားသွား၏။ လူသားစစ်သည်တချို့ မြေကြီးပေါ်သို့ ဘိုင်းခနဲ ပစ်လဲကုန်လေသည်။
စုချန်းက ထပ်မံသွေးဆောင်လိုက်ပြန်၏။
"ဒူးထောက်ကြစမ်း မင်းတို့မျိုးစိတ်နဲ့မင်းတို့နိုင်ငံကို စွန့်ခွာလိုက်တာနဲ့ မင်းတို့ အသက်ရှင်နိုင်ပြီ ဒါတင်မကသေးဘူး အကျဥ်းသားဘဝကနေ လွတ်မြောက်အောင်ပါ ငါ လုပ်ပေးနိုင်တယ် မင်းတို့ ကျေးကျွန်အဖြစ် အမှုထမ်းပြီး အသက်ရှင်သွားနိုင်တယ်"
နောက်ဆုံးတွင် စစ်သည်တချို့မှာ ကြောက်ရွံ့လာ၏။
စစ်သည်တဦးက ကပျာကယာ ဒူးထောက်ရင်း တောင်းပန်လိုက်လေသည်။
"ကျုပ်ကို မသတ်ပါနဲ့ ကျုပ် အညံ့ခံပါမယ် လူသားတွေအရှက်မရှိဘူး သတ်ဖြတ်သူတွေ ကြီးမြတ်ပါတယ်"
"ခွေးမသား"
"ဟေ့ အညံ့မခံနဲ့လေကွာ"
"ဟေ့ ချက်ချင်းပြန်ထစမ်း လူသားတွေရဲ့ သိက္ခာကို မကျစေနဲ့"
ဒူးထောက်အညံ့ခံသူစစ်သည်အား ဘေးနားမှတချို့က ဆဲဆိုကြ၏။ တချို့ကလဲ ဆွဲထူရန် ကြိုးပမ်းနေကြလေသည်။ သို့သော် စုချန်းက ၎င်းတို့အား လက်ဝါးရိုက်ချက်တချက်တည်းနှင့် ရှင်းပစ်လိုက်၏။
သိပ်မကြာမီ နောက်ထပ်စစ်သည်နှစ်ဦး ဒူးထောက်လိုက်ပြန်သည်။ ကျန်စစ်သည်များလည်း ဆဲဆိုကြိမ်းမောင်းရင် သူ့တို့အား စွန့်ခွာသွားသော အညံ့ခံသူများနှင့် ဝေးရာသို့ ဆုတ်ကုန်ကြ၏။
သူတို့မျက်လုံးများထဲတွင်တော့ အမုန်းများနှင့် ပြည့်နှက်နေလေသည်။ သူတို့အဖို့ကား အညံ့ခံမည့်အစား အသက်သာ အသေခံသွားပေလိမ့်မည်။
"တော်တော်နည်းတာပဲ"
စုချန်း စိတ်ပျက်ဟန်ဖြင့် ရေရွတ်လိုက်၏။
"အစေခံသုံးယောက်နဲ့တော့ အဆင်မပြေဘူးကွ ဒီအတိုင်းဆိုရင်တော့"
စုချန်း၏ ကိုယ်ခန္ဓာသည် နောက်တကြိမ် ရိပ်ခနဲ လှုပ်ရှားသွားပြန်၏။ လူသားစစ်သည်များ တယောက်ပြီးတယောက်က် မြေကြီးပေါ် လဲကျကုန်ပြန်သည်။
"နေပါအုံး ကျုပ် အညံ့ခံပါ့မယ်"
လူသားစစ်သည်တဦး ကပျာကသီ ဒူးထောက်လာပြန်၏။
"ဗိုလ်ချုပ်ယွဲ့"
"ဗိုလ်ချုပ် ဒီလိုမလုပ်ပါနဲ့"
လူသားစစ်သည်များ၏ ငိုသံပါသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။
အဆိုပါ စစ်သည်သည် စုချန်းရှိရာသို့ ဒူးထောက်တွားလာရင်း တောင်းပန်လိုက်သည်။
"မင်း ကျုပ်ကို ဘာပဲလုပ်ခိုင်းခိုင်း လုပ်ပါမယ် တကယ်လို့ မင်းသာ....."
"မင်း ဘာပြောချင်တာလဲ ပြောစမ်း"
သို့သော် ဗိုလ်ချုပ်ယွဲ့၏ အသံသည် မသဲကွဲပဲ ဖြစ်နေ၏။ စုချန်းက ခေါင်းငုံ့ရင်း နားထောင်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်မှာပင် ဗိုလ်ချုပ်ယွဲ့သည် စုချန်းဆီသို့ ဝုန်းခနဲ ခုန်ဝင်လာပြီး စုချန်း၏ လည်မြိုကို လက်နှစ်ဖက်ဖြင့် အားကုန်ညှစ်လိုက်တော့သည်။
"သေပေတော့"
စုချန်း ဘာမှတုံ့ပြန်ချိန်ပင် မရလိုက်။ ဗိုလ်ချုပ်ယွဲ့နှင့်အတူ တောင်အောက်သို့ ပြုတ်ကျသွားတော့သည်။
"ဗိုလ်ချုပ်"
လူသားများအားလုံး တောင်ကမ်းပါးဆီသို့ ဝုန်းခနဲ ပြေးတက်လာကြ၏။
ထိုအခိုက်မှာပင် အံ့သြစရာကောင်းလှသော မြင်ကွင်းတရပ်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
အကြောင်းမှာ သူတို့အား ခြိမ်းခြောက်နှိပ်စက်နေသော သတ်ဖြတ်သူသည် ဗိုလ်ချုပ်ယွဲ့အား ချုပ်က်ိုင်ကာ လေပေါ်သို့ ပျံတက်သွားသောကြောင့်ပင်။
ဟာ...ဒီကောင် ပျံနိုင်ပါလားဟ
သတ်ဖြတ်သူများအဖို့ ပျံသန်းနိုင်စွမ်းဟူသည် အင်မတန် ခက်ခဲသောအရာ ဖြစ်သည်။ အနည်းဆုံး ငါးကြိမ် နှစ်ခြင်းခံထားသူများသာလျင် ထိုသို့ စွမ်းဆောင်နိုင်ကြ၏။
ဤသတ်ဖြတ်သူသည် အဘယ်ကြောင့် ဤမျှ အင်အားကြီးမားနေရသနည်း။
၎င်းကိုကြည့်ရင်း လူတိုင်း စိတ်ဓာတ်ကျကုန်၏။
"သူ့ကို လေပေါ်ပျံမတက်စေနဲ့"
လူသားစစ်သည်တဦး၏ အော်သံ ထွက်ပေါ်လာ၏။
"ဟုတ်တယ်ဟေ့"
ထို့နောက် လူသားများသည် ကမ်းပါးစောက်မှနေ၍ တဦးပြီးတဦး စုချန်းဆီသို့ ခုန်ချလိုက်ကြလေသည်။
"လူမိုက်တွေ ငါက အမြင့်ကြီးရောက်နေပြီကွ"
တောင်စောင်းမှ ပြုတ်ကျကုန်သော လူသားများကို ကြည့်ရင်း စုချန်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ တချိန်တည်းမှာပင် သူ့ဆီမှ များပြားလှသော လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာတော့၏။ စုချန်း၏ လက်ရှိအဆင့်အတန်းအရ အသက်တရှုစာအချိန်အတွင်းဝယ် ဒါဇင်မကသော လက်တံများ ထုတ်လွှတ်နိုင်ပြီ ဖြစ်သည်။
စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများသည် ပြုတ်ကျနေသော စစ်သည်များအား တောင်ကမ်းပါးယံဆီသို့ ပြန်လည်ပို့ဆောင်နိင်လိုက်၏။
စုချန်းနှင့် ဗိုလ်ချုပ်ယွဲ့သည်လည်း တောင်ကမ်းပါးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဗိုလ်ချုပ်ယွဲ့သည် စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်နေ၏။
"ခွေးမသား မင်း မင်း"
"ရပြီ ရပြီ ဗိုလ်ချုပ်လီဖန်းး ဒါတွေအားလုံး ကျုပ်အပြစ်တွေပါလေ"
ဗိုလ်ချုပ်ယွဲ့ မျက်လုံးပြူးသွား၏။
"မင်း မင်း ကျုပ်ကို သိနေတယ် နေပါအုံး ဒီအသံကို ကျုပ် သိနေပါတယ်..မင်း လူသားစကားကို ဘာကြောင့် ပြောနေနိုင်တာလဲ"
စုချန်း ဘာမှပြန်ပြောမနေတော့ပဲ သူ့မူလပုံစံကို ပြန်ပြောင်းလိုက်လေသည်။
"ဒုခေါင်းဆောင်စု"
စစ်သည်တချို့ ကျယ်လောင်စွာ ထအော်လိုက်ကြ၏။
တချို့ကလဲ စုချန်းကို မြင်ဖူးကြ၏။ မမြင်ဖူးသည့်တိုင် အနည်းဆုံး နာမည်တော့ ကြားဖူးကြသည်သာ။
"ဒုတိယခေါင်းဆောင်စု...မင်း ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ...မဖြစ်နိုင်ဘူး မင်း အတုပဲ ဖြစ်ရမယ်"
ဗိုလ်ချုပ်ယွဲ့ကား မယုံနိုင်သေးဟန်ဖြင့် ရေရွတ်လိုက်သည်။
စုချန်း သက်ပြင်းချလိုက်၏။
"သတ်ဖြတ်သူတွေ ပုံပြောင်းနိုင်တယ်လို့များ ကြားဖူးသလားဗျ ပြီးတော့ ခရမ်းရောင်တောင်တိုက်ပွဲမှာ ခင်ဗျားရဲ့အသက်ကို ကယ်ခဲ့တဲ့ကျေးဇူးကိုမှမထောက် ကျုပ်ကို တောင်အောက် တွန်းချရသလား"
လီဖန်းး အကြီးအကျယ် ဝမ်းသာသွား၏။
"ဒါ တကယ် ဒုခေါင်းဆောင်စုပဲ..ဒုခေါင်းဆောင်စု ကျုပ်တို့ကို လာကယ်ပြီကွ"
လူတိုင်း ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။
"ရှုး တိုးတိုးနေကြစမ်း တောင်ခြေမှာ စစ်သားတစု ရှိနေသေးတယ်"
"ခေါင်းဆောင်စု ဒီကိုရောက်နေလိမ့်မယ်လို့ ကျုပ်တို့ တကယ်ကို ထင်မထားဘူး ဒါနဲ့လေ ခေါင်းဆောင်စု ဘာလို့ဒီလိုလုပ်ရတာလဲ"
စစ်သည်တဦးက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ စုချန်းက ရှင်းပြလိုက်၏။
"လူသားတွေဆိုတာနဲ့ပဲ ကျုပ်ရဲ့ပင်က်ိုယ်ရုပ်ရည်ကို ပြလိုက်ရင် ကျုပ် အရူးဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား ကျုပ်အနေနဲ့ ဘယ်သူ့ကို ယုံလို့ရမရ သိဖို့လိုသေးတယ်လေ"
စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ကနဦး အသက်ပျောက်နေသည်ဟု ထင်ရသော စစ်သည်များအားလုံး ပကတိအခြေအနေအတိုင်း ပြန်လည်ရောက်ရှိလာလေသည်။
ထိုအခါကျမှ စုချန်း၏ လုပ်ရပ်သည် စမ်းသပ်မှုမှန်း သူတို့ နားလည်ကုန်ကြ၏။
ထိုအခါ သူတို့၏ အကြည့်သည် ဒူးထောက်နေသာ စစ်သည်သုံးယောက်ထံသို့ ကျရောက်ကုန်၏။
ထိုသုံးယောက်ကား စုချန်း၏ စမ်းသပ်မှုကို မအောင်မြင်သူများ ဖြစ်နေကြသည် မဟုတ်ပါလား။
စစ်သည်သုံးယောက်၏ မျက်နှာ ဖွေးဖွေးဖြူသွား၏။
"ခေါင်းဆောင် ကျုပ်တို့...."
စုချန်း လက်ကာပြလိုက်သည်။
"ကိစ္စမရှိဘူး မင်းတို့ရဲ့အခြေအနေကို ကျုပ် ကောင်းကောင်းနားလည်တယ် ကံဆိုးစွာနဲ့ ကျုပ်အခြေအနေကိုလဲ မင်းတို့နားလည်ဖို့ မျှော်လင့်တယ်"
စစ်သည်သုံးယောက် တယောက်မျက်နှာကိုတယောက်က် စိုက်ကြည့်လိုက်ကြ၏။
"ကျုပ်တို့ ပေးသမျှအပြစ်ကို ကျေနပ်စွာ ခံယူပါမယ် ကျုပ်တို့ တခုပဲ မျှော်လင့်ပါတယ် အဲဒါကတော့ ကျုပ်တို့ရဲ့သေဆုံးမှုဟာ အချည်းနှီး မဖြစ်စေဖို့ပါပဲ"
စုချန်း ခေါင်းညိတ်လိုက်၏။
"စိတ်ချ မင်းတို့ ဒီကနေ့ သွေးမြေကျရတာ အချည်းနှီး မဖြစ်စေရဘူး"
စကားဆုံးသည်နှင့် စုချန်းက လက်ဝါးမြှောက်လိုက်၏။
ဤတကြိမ် သူ့ရိုက်ချက်က အတုအယောင် မဟုတ်။
***