← Chapters

အုပ်စုလိုက်အဆင့်မြှင့်တင်ခြင်း ၁

Vol. 71 Ch. 706

အုပ်စုလိုက်အဆင့်မြှင့်တင်ခြင်း ၁

Vol. 71 Ch. 706

"ခေါင်းဆောင်စု ကျုပ်တို့သိထားသမျှသတင်းက ဒါအကုန်ပါပဲ"

လီဖန်းးက သူ့လက်ထံရှိ စာရွက်တချို့အား စုချန်းလက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။

စုချန်းလည်း လီဖန်း ပေးသော စာရွက်များအား ဂရုတစိုက်နှင့်ပင် ဖတ်ရှုလိုက်၏။ ထိုအခိုက်ဝယ် လီဖန်းး၏ အမူအရာသည် စုချန်းအား တစုံတရာမေးမြန်လိုဟန် ပေါ်နေ၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။

"ခင်ဗျား ပြောစရာရှိတာ ပြောလေဗျာ"

"ခေါင်းဆောင်စု မင်း အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့ပြီပေါ့ ဟုတ်လား"

စုချန်း ခေါင်းညိတ်ပြလိုက်၏။

လီဖန်းး စိတ်လှုပ်ရှားသွားလေသည်။

"ဒါကြောင့် ခေါင်းဆောင်စု လေပေါ်ပျံနိုင်တာကိုး သိပ်ကောင်းတာပဲ"

"ဘာများ ထူးပြီးကောင်းစရာရှိမှာလဲဗျာ"

စုချန်းက ခေါင်းပင်မမော့ပဲ ပြောလိုက်သည်။

"သတ်ဖြတ်သူနယ်မြေမှာ အင်အားက အရေးမပါဘူး ခင်ဗျားကိုခင်ဗျား လုံခြုံအောင် ဘယ်လိုဖုံးကွယ်ထားမလဲဆိုတာကပဲ အရေးပါတာလေ"

"ဒါလဲမှန်တာပဲ ဒါဆိုလဲ ခေါင်းဆောင်စုအနေနဲ့ အကုန်လုံးရှေ့မှာ ကိုယ့်ကိုယ်ကို ဖော်ထုတ်နေစရာမလိုပဲ စစ်ဆေးပြီးတာနဲ့ တယောက်က်နှစ်ယောက်လောက်ကိုပဲ တိုးတိုးတိတ်တိတ် ပြောလိုက်လို့ရတာပဲလေ"

စုချန်း ခေါင်းမော့ကြည့်လိုက်သည်။

"ကျုပ် ဒီလိုမလုပ်ချင်ဘူးလို့ ခင်ဗျားတကယ်ပဲ ထင်နေတာလား ဒီလိုဖြစ်ရတာ ခင်ဗျား ကျုပ်ကို တောင်အောက်တွန်းချလို့လေဗျာ"

လီဖန်းး စိတ်မကောင်းဖြစ်သွား၏။

"ဒါ ကျုပ်အပြစ်ပါ ကျုပ် အ​ပြစ်ပေးခံသင့်ပါတယ်"

စုချန်း ရယ်မောလိုက်သည်။

"ထားလိုက်ပါလေ ခင်ဗျား သတ္တိကောင်းတယ် ရန်သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရဲတယ် ဒီလိုလူစားမျိုးကို အပြစ်ပေးလို့ ဘယ်ဖြစ်မလဲဗျ ခင်ဗျားကို လျှော့တွက်မိတဲ့အတွက် ကျုပ်ကိုကျုပ်ပဲ အပြစ်တင်သင့်တယ် ဒါပေမဲ့ ဒီလိုသိသွားတာလဲ တမျိုးတော့ကောင်းပါတယ်လေ ခု ခင်ဗျားတို့အားလုံး ကျုပ် ဘယ်သူဆိုတာသိသွားတော့ နောင်ပူးပေါင်းဆောင်ရွက်ရမဲ့ကိစ္စတွေမှာ ချီတုံချတုံ မဖြစ်တော့ဘူးပေါ့"

"ခေါင်းဆောင်စု နောက်ထပ်အစီအစဥ်က ဘာလဲ"

"အနူဘီရဲ့ မွေးနေ့က လာမဲ့နှစ်လအကြာမှာ ကျရောက်မယ် အဲဒီနေ့မှာ ကြီးကြီးမားမားတခု ဆောင်ရွက်ဖို့ ကျုပ် စီစဥ်နေတယ် အဲဒီအတွက် ခင်ဗျားတို့ရဲ့ အကူအညီကို ကျုပ် လိုအပ်တယ်"

လီဖန်းး စိတ်လှုပ်ရှားသွား၏။

"ခေါင်းဆောင်စု အနူဘီကို လုပ်ကြံဖို့ ကြံစည်နေတာလား"

"လုပ်ကြံဖို့ ဟုတ်လား"

စုချန်း မျက်လုံးပြူးသွား၏။

"သူ့အရာရှိတိုင်းကို ခွေးကလေး ကြောင်ကလေးသတ်သလို သတ်ပစ်နေတဲ့ အရူးကို ကျုပ်က ဘာကြောင့် လုပ်ကြံရမှာတုန်း ကာတောင်ကာကွယ်ပေးရအုံးမှာ"

လီဖန်း ပါးစပ်ပြဲသွား၏။

"ကျုပ်တို့ဘက်က ထိပ်တန်းဗိုလ်ချုပ်ဆယ်ယောက်တောင် ဒီလိုအရူးတကောင်ကို မယှဥ်နိုင်ဘူး ကျုပ်တို့က ဒီလိုရန်သူမျိုးကို မသေအောင်တောင် ကာကွယ်ပေးရအုံးမှာ"

မသေအောင်တောင် ကာကွယ်ပေးရအုံးမှာဟူသော စကားသည် လီဖန်းး၏ ဦးနှောက်အတွင်းသို့ စူးနစ်ဝင်ရောက်သွား၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"မီးလျံအသိုက်ဟာ သိပ်ပြီး အခြေခိုင်တယ် ဒါပေမဲ့ အရူးဘုရင်ကြောင့် ဒီအသိုက်ရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲစပြုလာပြီ ကျုပ် သူ့ကို မြှောက်ပေးလေလေ အသိုက်တွင်း ပုန်ကန်မှုတွေ ပေါ်ပေါက်လာဖို့ အခွင့်အလန်း များလေလေပဲ ဒါ ကျုပ်တို့လူသားတွေအတွက် ကောင်းတာပဲမဟုတ်ဘူးလား"

လီဖန်းး မှတ်ချက်ပြုလိုက်၏။

"ခေါင်းဆောင်စု တကယ် အမျှော်အမြင်ကြီးတာပဲ"

တကယ်တော့ လီဖန်းအနေနှင့် စုချန်း ပြောသမျှကို နားလည်သည်တော့ မဟုတ်။ သူ့အနေနှင့်အထက်လူကြီးအား မြှောက်ပင့်ပေးလိုက်သည့်သဘောမျှသာ။

စုချန်းက စကားဆက်လိုက်ပြန်၏။

"လာမဲ့နှစ်လမှာ ကျုပ် ဘာလုပ်မယ်ဆိုတာ ခင်ဗျား စိတ်ပူနေစရာမလိုဘူး ခု အရေးကြီးတာက ခင်ဗျားတို့ရဲ့အင်အားကို အမြန်ဆုံး တိုးပွားလာအောင် လုပ်ဖို့ပဲ"

လီဖန်းး ကြောင်အမ်းအမ်းဖြစ်သွား၏။

"အင်အားတိုးပွားလာအောင်လုပ်ဖို့ ဟုတ်လား ဒီနှစ်လအတွင်းမှာ ဘယ်လို.."

စစ်သည်၆၈ယောက်အနက် သုံးယောက်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိ၏။ အယောက်၂၀မှာ သွေးဆူပွက်ခြင်းနယ်ပယ်တွင် ရှိသည်။ ကျန်စစ်သည်များအားလုံးမှာ ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင်များသာ ဖြစ်ကြသည်။ ဤအင်အားလောက်နှင့် သတ်ဖြတ်သူမြို့တော်တွင် ဘာမှလုပ်၍မရ။

သို့သော် စုချန်းက အောက်ပါအတိုင်း ပြောလိုက်၏။

"နှစ်လဆိုတာ အချိန်အများကြီးရတယ် အရင်င်ဆုံး ခင်ဗျားတို့အားလုံး ကျုပ်ရဲ့ ခြောက်ပစ်ကင်းကျင့့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ရမယ်"

_________

ထိုကနေ့မှစ၍ လူသားစစ်သည်၆၈ယောက်လုံး စုချန်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလေသည်။

အနူဘီ၏ မွေးနေ့ရက်မြတ်တွင် ထူးခြားသောပြကွက်ကြီး ဖန်တီးရန် လူသားများ ကျန်းမာနေဖို့လိုအပ်သည်ဟူသော စုချန်း၏ အကြောင်းပြချက်ကြောင့် အစားအသောက်အများအပြား ရောက်ရှိလာ၏။ အဟာရပြည့်ဝသော အစားအသောက်များကြောင့် စစ်သည်များအားလုံး မြန်မြန်ဆန်ဆန်ပင် နလန်ထူလာကြလေသည်။

နောက်တဆင့်မှာကား စစ်သည်များအားလုံး ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်အား လေ့ကျင့်ကြခြင်းပင်။

ထိုနေ့မှစ၍ လူသားစစ်သည်တော်အုပ်စုသည် တောင်ထိပ်တွင် နေမင်းကြီးကို မျက်နှာပြုထိုင်ပြီး တရားထိုင်နေကြကြောင်း သတ်ဖြတ်သူများ မြင်တွေ့ရ၏။

သတ်ဖြတ်သူများအဖို့ အဆိုပါကျင့်ကြံခြင်းမျိုးမှာ လက်တွေ့မဆန်လှ။ ထို့ကြောင့် ရယ်မောလှောင်ပြောင်ရုံမှအပ ဂရုပင်မစိုက်ကြချေ။ အနှီ ရိုးစင်းလှသော နည်းလမ်းသည် လူသားများ၏ အင်အားကို ခုန်ပျံကျော်လွှားတိုးတက်သွားစေမည်ဖြစ်ကြောင်း သိသွားပါက သူတို့ လှောင်ဝံ့တော့မည် မဟုတ်ချေ။

ဤယနေ့တွင်လည်း ကျန်းလျူသည် ခါတိုင်းကဲ့သို့ပင် နေထွက်ချိန်မှစကာ လေ့ကျင့်လျက်ရှိသည်။

သူသည် နွေးထွေးသောနေရောင်ခြည်ကို အာရုံခံပြီး မူလစွမ်းအင်များကို စုပ်ယူကာ ကိုယ်တွင်းတွင် လှည့်ပတ်စေလိုက်၏။ တဆက်တည်းမှာပင် သူသည် မူလစွမ်းအင်အား ကိုယ်တွင်းဝယ် ပြန့်ကားလာစေလိုက်သည်။ အဆိုပါဖြစ်စဥ်သံသရာတခုပြီးသွားတိုင်း သူ စုဆောင်းမိသော မူလစွမ်းအင်ပမာဏသည် ပိုမိုများပြားလာ၏။

အသက်ရှုခြင်းသံသရာသုံးကြိမ်ပြီးနောက် သူ့ကိုယ်တွင်းဝယ် မူလစွမ်းအင်များ ထပ်မံမတိုးပွားလာတော့ကြောင်း ကျန်းလျူ သိလိုက်ရသည်။ ထိုအခါ လေ့ကျင့်မှု ပြီးဆုံးသွားပြီမှန်း သူ သဘောပေါက်လိုက်၏။ တကယ်တော့ သူသည် ချီစုဆောင်းခြင်းနယ်ပယ်ထိပ်ဆုံးအလွှာသို့ရောက်ရှိရန် ခြေတလှမ်းမျှသာ ကျန်တော့သူ ဖြစ်သည်။ သို့သော် ရက်အနည်းငယ်အတွင်း ဤအဆင့်ကို ရောက်လိမ့်မည်ဟုတော့ သူ လုံးဝ ထင်မထားခဲ့။

ကျန်းလျူ လေ့ကျင့်မှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ဆက်လေ့ကျင့်ပါက မည်သို့သော အခြေအနေများ ကြုံတွေ့ရမည်ကို သူ သိလိုလာပြန်သည်။ ထိုအခါ ကျန်းလျူသည် ဆက်လက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်၏။

နောက်ထပ် အကြိမ်ရေတချိို့တိုင်အောင် အသက်ရှုပြီးသော်လည်း မည်သည့်ထူးခြားမှုကိုမှ ကျန်းလျူ မခံစားရသေး။

သို့သော် ဘာကြောင့်မှန်းမသ်ိပဲ သူ့နှလုံးအိမ်အတွင်းဝယ် ထူးဆန်းသော အထိအတွေ့တခုကို ကျန်းလျူ စတင်ခံစားလာမိ၏။

တဆက်တည်းမှာပင် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်၏ အသက်ရှုနည်းလမ်းသည် သူ့အား သွေးဆူပွက်ခြင်းနယ်ပယ်တံခါးဝအား ဖြတ်သန်းစေရန် ကူညီပေးလိမ့်မည်ဟု သူ ခံစားမိလာ၏။

ကျန်းလျူ အကြီးအကျယ် စိတ်ဝင်စားလာ၏။ ထို့နောက် သူသည် ကျင့်ကြံခြင်းနည်းစနစ်အတိုင်း မူလစွမ်းအင်များအား စတင်လှည့်ပတ်လိုက်တော့သည်။

လေ့ကျင့်မှုသည် ဘယ်လောက်ကြာမည်မှန်း ကျန်းလျူမသိ။ သိပ်မကြာမီ တနေကုန်သွား၏။ ကျန်းလျူကား မူလစွမ်းအင်များအား လှည့်ပတ်နေဆဲပင်။

ထူးဆန်းသော ခံစားချက်သည် ကျန်းလျူ၏ နှလုံးသားထဲတွင် အဆက်မပြတ် ပေါ်ပေါက်နေ၏။ ထိုခံစားချက်မှာ တခြားမဟုတ်။ သူ သိပ်မကြာမီ သွေးဆူပွက်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်တော့မည်ဟူသော ခံစားချက်ပင်။

စုချန်းကား သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ရှေးဦးမဆွကတည်းက ဖန်တီးထားပြီး ဖြစ်သည်။ ချီစုဆောင်းခြင်းနယ်ပယ်ထိပ်ဆုံးအလွှာသို့ ရောက်ရှိပြီးသူ မည်သူမဆို ငွေကြေးဖြုန်းသည်ဖြစ်စေ မဖြုန်းသည်ဖြစ်စေ သွေးဆူပွက်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်ရန် ကိုယ့်ဟာကိုယ် သင်ယူနိုင်စွမ်းရှိလာမည် ဖြစ်သည်။

သို့သော် သွေးဗီဇမလိုသော နည်းလမ်းဖြစ်သည့့်အလျောက် အောင်မြင်နိုင်ချေပိုမိုမြင့်မားလာစေရန် ကြိုတင်ပြင်ဆင်ရန် လိုအပ်၏။ ဆေးဝါးများနှင့် အားဖြည့်ပေးရန် လိုအပ်၏။ သို့တိုင်အောင် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းလမ်းသည် အောင်မြင်နိုင်ချေ ၄၀ရာခိုင်နှုန်းသာ ရှိပေသည်။ ယခု ကျန်းလျူကဲ့သို့ အလောသုံးဆယ်ဆုံးဖြတ်ပါက အောင်မြင်နိုင်ချေမှာ ၂၀ရာခိုင်နှုန်းထိ လျော့နည်းသွားပေလိမ့်မည်။

သို့သော် ကျန်းလျူသည် ဆက်လက်ကြိုးပမ်းရန် ဆုံးဖြတ်လိုက်၏။

ထူးဆန်းသော ခံစားချက်တခုကြောင့် ယခုတကြိမ်ကြိုးစားရုံနှင့်ပင် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သူ ခံစားမိနေသည် မဟုတ်ပါလား။ ယ

၎င်းသည် ခံစားချက်မျှသာ ဖြစ်သည်။ တိကျသေချာသောအရာမဟုတ်။ သ်ို့သော် ကျန်းလျူးကား ဆုံးဖြတ်ချက် ပြတ်သားနေခဲ့လေပြီ။

သူသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ စစ်သားတဦး ဖြစ်ရုံမက သတ်ဖြတ်သူများ၏ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူူ ဖြစ်သည်။ ထိုအတွေ့အကြုံမျိုးရှိသူ မည်သူမဆို ဘယ်အချိန်တွင် အခွင့်အရေးကို အမိအရ ရယူရမည်မှန်း သိလာတတ်သည် မဟုတ်ပါလား။

လူတယောက်သည် အကြောက်အလန့်မရှိသော စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်သွားသောအခါ ကျန်အကြောင်းပြချက်များမှာ အဓိပ္ပယ်မဲ့ကုန်တတ်ကြ၏။

မူလစွမ်းအင်များသည် လှိုင်းတံပိုးများပမာ မူလစွမ်းအင်ပင်လယ်ပြင်တွင် စုဝေးလာ၏။ မူလစွမ်းအင်တိမ်ထုမှာလည်း ငွေ့ရည်ဖွဲ့စပြုလာပြီ ဖြစ်သည်။

အဆိုပါ တိမ်ထုသည် ထူထဲသည်ထက် ထူထဲလာ၏။

သိပ်မကြာမီ တိမ်ထုကြီးသည် အုန်းခနဲ ပေါက်ကွဲသွားပြီး မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လာတော့သည်။ ထို့နောက် မရေမတွက်နိုင်သော မူလစွမ်းအင်လှိုင်းများသည် သူ့ကိုယ်တွင်း ချက္ကရတိုင်းကို ဖြတ်သန်းစီးဆင်းသွား၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သည့့်နည်းလမ်း၏ လမ်းညွှန်မှုအောက်ဝယ် သူ့ကိုယ်တွင်းအစိတ်အပိုင်းတိုင်း ပုံစံပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအခိုက်အတန့်ဝယ် သူ့ကိုယ်ခန္ဓာ၏ ကလပ်စည်းတခုစီတိုင်းသည် ထခုန်နေသကဲ့သို့ ကျန်းလျူ ခံစားနေရ၏။

အဆိုပါခံစားမှုသည် နှစ်လိုဖွယ်ရာကောင်းကြောင်း ကျန်းလျူ ကောင်းကောင်းကြီး သိနေ၏။

တချိန်တည်းမှာပင် သူ၏ ဝိညာဥ်သည်လည်း အင်အားတိုးပွားလျက်ရှိသည်။

လေ့ကျင့်မှုကား အဆုံးသတ်ခါနီးလေပြီ။

သိပ်မကြာမီ သူ့ဦးခေါင်းထဲတွင် အုန်းခနဲ အသံကြီးကို ကျန်းလျူကြားလိုက်ရပြီး သူ့ကျောရိုးတလျှောက်မှာလည်း စိမ့်ခနဲ ဖြစ်သွား၏။

နောက်ဆုံးတော့ သူ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားနိုင်ခဲ့လေပြီတကား။

"မင်း အောင်မြင်သွားပြီ"

နူးညံသော အသံတသံံ ကျန်းလျူ၏ နားထဲသို့ တိုးဝင်လာ၏။ ခေါင်းဆောင်စု၏ အသံပေတည်း။

"အောင်မြင်သွားပြီပေါ့"

စိတ်လှုပ်ရှားဟန်ရှိသော အသံတသံံ ထပ်မံထွက်ပေါ်လာပြန်သည်။ ဗိုလ်ချုပ်လီဖန်းး၏ အသံပင် ဖြစ်သည်။

"အောင်ပြီဟေ့ အောင်ပြီ"

ပြိုင်တူကြွေးကြော်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ရဲဘော်ရဲဘက်များ၏ အသံပေတည်း။

ကျန်းလျူမျက်လုံးဖွင့်ကြည့်လိုက်သည်။ လီဖန်းးက ကျန်းလျူအား ဆွဲထူရင်း ပြောလိုက်၏။

"သိပ်ကောင်းတယ်ကောင်လေး မင်း အောင်မြင်သွားပြီ လေ့ကျင့်နေတုန်း မင်းသူငယ်ချင်းတွေ နှောင့်ယှက်မှာ မင်းမကြောက်ဘူးလား တော်သေးတယ် ခေါင်းဆောင်စုက မင်းကို မနှောင့်ယှက်ကြဖို့ လူတိုင်းကို သတိပေးထားလို့သာပေါ့ အချိန်ကိုလဲ ကြည့်ပါအုံးကွ"

ကျန်းလျူ ခေါင်းမော့ကြည့်လိုက်၏။ ကောင်းကင်မှာ မှောင်မဲနေလေသည်။

ကျန်းလျူ ရှက်ကိုးရှက်ကန်းအမူအရာနှင့် တောင်းပန်လိုက်သည်။

"ကျုပ် စိတ်လောကြီးသွားပြီး အချိန်ကို မကြည့်လိုက်မိဘူး ကျုပ် အမှားကြီးလုပ်မိတာပါပဲဗျာ"

"မင်း မမှားပါဘူး ကျန်းလျူ ဒါနဲ့ ကျုပ်ကို ရှင်းပြစမ်းပါအုံး မင်း ဘာကြောင့် ဆက်ပြီးလေ့ကျင့်ခဲ့တာလဲ အကြောင်းပြချက်တခုခုကြောင့်လား"

စုချန်းက မေးလိုက်၏။

ကျန်းလျူ ခေတ္တစဥ်းစားလိုက်၏။ ပြီးမှ သူက ပြန်ဖြေလိုက်သည်။

"ကျုပ် မပြောတတ်ဘူးဗျ ချီစုဆောင်းခြင်းနယ်ပယ်ထိပ်ဆုံးအလွှာထဲရောက်သွားတော့ ကျုပ် ဆက်ပြီး လေ့ကျင့်ချင်လာတယ် ဘာသက်ရောက်မှုမှ မရှိတာတောင် ကျုပ် ဆက်ပြီးလေ့ကျင့်ချင်နေတုန်းပဲ ဒီတော့ ကျုပ် ဆက်ပြီးလေ့ကျင့်တယ် ဒီလိုနဲ့ အောင်မြင်သွားတာပဲ"

စုချန်းက မေးလိုက်ပြန်သည်။

"လေ့ကျင့်နေရင်းနဲ့ပဲ အောင်မြင်နိုင်ချေရှိတယ်ဆိုတဲ့ ခံစားချက်မျိုး မင်း ရလာတယ်မလား"

ကျန်းလျူ အံ့သြသွား၏။

"ခေါင်းဆောင်စု ဘယ်လိုလုပ်သိနေတာလဲ"

စုချန်း ရယ်မောလိုက်သည်။

"ကျုပ် တွေးကြည့်တာပါကွာ"

တကယ်တော့ ကျန်းလျူ၏ အခြေအနေအား ပရမတ်မျက်လုံးနှင့် ကြည့်ရုံဖြင့် စုချန်း သိရှိထားပြီး ဖြစ်သည်။ တဆက်တည်းမှာပင် သူ၏ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် စွမ်းအင်နယ်ပယ်များသို့ ဝင်ရောက်ရာတွင် အောင်မြင်နိုင်ချေရာနှုန်းကို ပိုမိုမြင့်မားသွားစေပြီမှန်း စုချန်း သဘောပေါက်လိုက်၏။

သူ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာလည်း ထိုအကြောင်းပြချက်ကြောင့်ပင် မဟုတ်ပါလား။

နောက်ဆုံးတော့ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် အရာအားလုံး၏ အုတ်မြစ် ဖြစ်နေခဲ့လေပြီ။

***

All Chapters