အုပ်စုလိုက်အဆင့်မြှင့်တင်ခြင်း ၂
Vol. 71 Ch. 707
"ကြာဖြူ ပြဒါးနီ ခက်မလေးဖြာချယ်ရီ......"
စုချန်း၏ အသံသည် အထက်ပါအတိုင်း ဖြေးဖြေးနှင့်မှန်မှန် ပေါ်ထွက်နေ၏။ လက်ထောက်သစ်ဖြစ်သော လီဖန်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် စုချန်း၏ ညွှန်ကြားချက်အတိုင်း ပါဝင်ပစ္စည်းများကို ထည့်သွင်းလျက်ရှိသည်။
သိပ်မကြာမီ ဆေးဖော်စပ်ခြင်းကိစ္စ ပြီးစီးသွားလေသည်။
စုချန်းက ဆေးပုလင်းငယ်အား လီဖန်းထက်ထဲသို ထည့်ပေးရင်း ပြောလိုက်၏။
"တယောက်က်ကို ဆေးရည်တစက်စီပဲ မပိုစေနဲ့"
စုချန်း၏ အသံမှာ လေးနက်နေသည်။
"ပိုသွားတာနဲ့ မူလစွမ်းအင်တွေ ပိတ်ဆို့ကုန်လိမ့်မယ် ဂရုမစိုက်ရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ"
"ကျုပ် နားလည်ပါပြီ"
လီဖန်းးသည် သက်ပြင်းချရင်း စုချန်း ကမ်းပေးလာသော ဆေးပုလင်းကို စိုက်ကြည့်နေလေသည်။
ထိပ်ဆုံးအဆင့် မူလစွမ်းအင်ဆေးရည်။
မှန်၏။ စုချန်း ဖော်စပ်လိုက်သောဆေးမှာ အလွန်အားကောင်းသည့် ထိပ်ဆုံးအဆင့် မူလစွမ်းအင်ဆေးရည်ပင် ဖြစ်သည်။ ဆေးထဲတွင် ပါဝင်နေသည့့်း မူလစွမ်းအင်များမှာ များပြားလွန်း၍ အဆင့်နိမ့်ချီစွမ်းအားပညာရှင်များ အလွယ်တကူ မသုံးနိုင်။ အသုံးမတော်ပါက တကိုယ်လုံး ပေါက်ကွဲပြီး သေဆုံးသွားနိုင်၏။
တကယ်တော့ ဤဆေးမျိုးသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသာလျင် သုံးနိုင်သော ဆေးဖြစ်သည်။ သို့သော် စျေးကြီးလွန်း၍ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များပင် အသုံးပြုရန် မလွယ်လှ။
ယခုတော့ ထိုဆေးမျိုးကို စုချန်းက လူတိုင်းလက်ထဲသို့ အလွယ်တကူပင် ထည့်ပေးလိုက်၏။
ရက်ရောလှချေသည်တကား။ လက်ဖွာလှချေသည်တကား။
သို့သော် ထိုအတွေးမျိုးမှာ စုချန်းအတွက် ဘာအကူအညီမှ မဖြစ်။
အမှန်တော့ စုချန်းလက်ထဲတွင် အသုံးမဝင်သော အရင်းအမြစ်ဟူ၍ မရှိ။ သူသည် သတ်ဖြတ်သူနယ်မြေတလျှောက် လှည့်ပတ်သွားလာကာ အရင်းအမြစ်များစွာကို စုဆောင်းနေခဲ့သည် မဟုတ်ပါလား။ ထိုသို့စုဆောင်းရာတွင်လည်း သူသည် တန်ဖိုးအကြီးဆုံးဟု ဆိုရမည့် အရင်းအမြစ်များကိုသာ ရွေးချယ်စုဆောင်းခဲ့၏။ ထို့ကြောင့် စုချန်း၏ မူလလက်စွပ်ထဲတွင် တန်ဖိုးအကြီးဆုံးဟုဆိုရမည့် အရင်းအမြစ်များ၊ ကုန်ကြမ်းများနှင့်သာ ပြည့်နှက်နေခဲ့လေသည်။
ဤအနေအထားတွင် ဤကုန်ကြမ်းများကိုသုံး၍ ဖော်စပ်ပါက တန်ဖိုးအကြီးဆုံး ထိပ်တန်းဆေးဝါးများကိုသာ စုချန်း ဖော်စပ်ဖို့ရှိသည်။ မဟုတ်ပါက မည်သည့်ဆေးဝါးမှ မဖော်စပ်ပဲ ငုပ်တုတ်ထိုင်နေရုံသာ ရှိ၏။
ရလဒ်မှာကား လူသားစစ်သည်များအားလုံးသည် အကောင်းဆုံးဟုဆိုရမည့် ဆေးဝါးများအား မှီဝဲခွင့်ရလာခြင်းပင်။ ကံမကောင်းသည်မှာ စုချန်း ဖော်စပ်ပေးနိုင်သမျှ ဆေးဝါးတိုင်းကို အသုံးပြုရန် ၎င်းတို့ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိ။ ထို့ကြောင့် ထိပ်ဆုံးအဆင့် မူလစွမ်းအင်ဆေးရည်တပုလင်းကိုသာ အချင်းချင်း မျှဝေသုံးစွဲကြရလေသည်။
လီဖန်းးလက်ထဲသို့ ဆေးပုလင်းအား ထည့်ပေးပြီးနောက် စုချန်း သက်ပြင်းချလိုက်၏။ စစ်သားများ၏ ခံနိုင်ရည်အား သူ အားမရပဲဖြစ်နေသည်မဟုတ်ပါလား။
မည်သို့ဆိုစေ စုချန်း၏ ပြုပြင်ပေးမှုအောက်ဝယ် စစ်သားများ၏ အင်အားမှာ တဟုန်ထိုး တိုးပွားလာကြလေသည်။
ကျန်းလျူကား သွေးဆူပွက်ခြင်းနယ်ပယ်သို့ ပထမဆုံး ဝင်ရောက်နိုင်သူ ဖြစ်သည်။ သို့သော် ၎င်းမှာ အစမျှသာ ရှိသေး၏။ ဒုတိယမြောက်နေ့တွင် သုံးယောက်၊ တတိယမြောက်နေ့တွင် ဆယ်ယောက်ကျော် စသဖြင့် တဆင့်မြင့်နယ်ပယ်အသီးသီးသို့ တက်လှမ်းနိုင်ကုန်ကြလေသည်။
စုချန်း၏ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် တိုးတက်မှုနှုန်းကို မြန်ဆန်စေသည်သာမက မူလစွမ်းအင်ထိန်းချုပ်နိုင်စွမ်းကိုပါ တိုးပွားလာစေ၍ စစ်သားများသည် တနေ့တခြား ပိုမိုသန်မာလာကြကုန်၏။ ထိုမျှသာမကသေး စုချန်း၏နည်းလမ်းကြောင့် ၎င်းတို့ စုဆောင်းရရှိမိသော မူလစွမ်းအင်သည် သွေးဗီဇမှရရှိသော စွမ်းအင်ထက် များစွာ သန့့်စင်နေ၏။ ထိုသန့်စင်သော စွမ်းအင်သည် ၎င်းတို့အား တဆင့်မြင့်နယ်ပယ်အတွင်း ဝင်ရောက်ခြင်းကို ပို၍ လွယ်ကူစေပြီး ၎င်းတို့အင်အားကိုလည်း သိသိသာသာပင် တိုးပွားလာစေတော့သည်။
ထို့ပြင် စုချန်း၏ ဆေးဝါးများကလည်း စစ်သားများအား သိသိသာသာပင် အကူအညီ ဖြစ်စေ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းနယ်ပယ်အသီးသီးတွင် ကနဦးအဆင့်သာရှိသေးသည့် စစ်သားများပင် နှစ်လမပြည့်ခင် နောက်တဆင့်သို့ရောက်သွားသည်ကိုကြည့်လျင် ၎င်းကို မြင်သာပေသည်။
ထို့ကြောင့် ယေဘုယျအားဖြင့် နှစ်လအတွင်း စစ်သားတိုင်း တဆင့်မြင့်အနေအထားသို့ တက်လှမ်းသွားသည်ဟု ဆိုနိုင်၏။
၎င်းမှာ အတော်ပင် ကြီးမားလှသည့် တိုးတက်မှုကြီးဟု သတ်မှတ်၍ ရပေသည်။ အကြောင်းမှာ ထိုအထဲတွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သုံးဦးလည်း ပါဝင်နေသောကြောင့်ပင်။
လီဖန်းနှင့် ကျန်နှစ်ဦးသည် ယခင်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အစောပိုင်းအလွှာတွင်သာ ရှိသေးသော်လည်း စုချန်း၏ ဆေးစွမ်းကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်မည့် တံခါးဝဆီသို့ ချည်းကပ်လာနိုင်၏။ အကယ်၍ စစ်သားတိုင်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များ ဖြစ်နေပါက ၎င်းတို့အားလုံး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ထိပ်ဆုံးအလွှာသို့ရောက်ရှိရန်မှာ စုချန်းဖို့ ကူညီရန် အတော်ပင်ခက်ခဲမည့် အနေအထား ဖြစ်သည်။ ယခုတော့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဟူ၍ စစ်သားအားလုံးထဲတွင် ၃ယောက်သာရှိသောကြောင့် ၎င်းတို့အား ကူညီရန် စုချန်းအတွက် လွယ်ကူသွား၏။
ထင်သည့်အတိုုင်းပင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သုံးဦးသည် နယ်ပယ်၏ ထိပ်ဆုံးအလွှာအတွင်းသို့ အချိန်တိုအတွင်းမှာပင် ရောက်ရှိသွား၏။ ယခုအချိန်တွင် သူတို့အတွက် လိုအပ်နေသည်မှာ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်မည့်နည်းလမ်းသာတည်း။
တကယ်တော့ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်မည့်နည်းလမ်းကို စုချန်း ပြီးပြည့်စုံအောင် မဖန်တီးနိုင်သေး။ သို့သော် သူကိုယ်တိုင်အတွက်တော့ မူလစွမ်းအင်ကျောင်းတော်၏ စွမ်းအားကို အသုံးချကာ အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း စုချန်း ဝင်ရောက်နိုင်ခဲ့၏။
သူကိုယ်တိုင် မဖြေရှင်းနိုင်သေးသည့်ပြသနာတရပ်ကို တခြားလူများအတွက် စုချန်း မည်သို့ ကူညီနိုင်ပါအံ့နည်း။
သို့သော် စုချန်းတွင် ထိုပြသနာအတွက် စိတ်ကူးတခုတော့ ရှိ၏။ ထိုစိတ်ကူးမှာ မူလစွမ်းအင်ကျောင်းတော်၏ နေရာတွင် ကျင့်ကြံသူတဦးအား အစားထိုးအသုံးပြုရန်ပင်။ ထိုသို့ မူလစွမ်းအင်ကျောင်းတော်၏ လုပ်ငန်းတာဝန်နေရာတွင် ကျင့့်ကြံသူတဦးနှင့် အစားထိုရန်မှာ အဆိုပါပုဂ္ဂိုလ်သည် အနည်းဆုံး ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ထိ ရောက်ရှိနေရန် လိုအပ်၏။
၎င်းမှာ စုချန်းအတွက် ပြသနာကြီးတရပ်တော့ မဟုတ်။ လက်ရှိ သူ့အဆင့်အတန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်၏ ထိပ်ဆုံးအလွှာသို့တိုင် ရောက်ရှိနေပြီဖြစ်၍ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်နှင့် သိပ်မကွာလှတော့။ သူ့တွင်ရှိနေသည့်ထိပ်တန်းဆေးဝါးများနှင့်ဆိုလျင် စုချန်း၏ လုပ်ဆောင်နိုင်စွမ်းသည် လိုအပ်သည်ထက်ပင် ပိုလာသေး၏။
အကယ်၍ အထက်တွင် ဖော်ပြခဲ့သည့်နည်းလမ်း အဆင်မပြေပါကလည်း ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ထားသူများ၏ စုပေါင်းအင်အားကို စုချန်းက အစားထိုးအသုံးပြုနိုင်သေး၏။ အကြောင်းမှာ ၎င်းတို့အားလုံး၏ ကျင့်ကြံခြင်းအုတ်မြစ်မှာ တူညီနေသောကြောင့်ပင်။
နောက်ဆုံးတွင်တော့ စုချန်းသည် ဒုတိယနည်းလမ်းကို မူလစွမ်းအင်ပုံစံနှင့် ပေါင်းစပ်ပြီး လီဖန်းတို့သုံးဦးအား အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ခဲ့လေသည်။
လီဖန်းတို့သုံးဦးအား အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်နှင့် တပြိုင်တည်း စုချန်း၏ လက်ထဲတွင်လည်း သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းနှစ်ရပ် လက်ဝယ်ပိုင်ပိုင် ရရှိလာခဲ့ပြီတည်း။ ထိုနည်းလမ်းနှစ်ရပ်လုံးသည် ကန့်သတ်ချက်ကိုယ်စီ ရှိနေကြ၏။ သို့သော် လက်တွေ့အသုံးဝင်သော ဖြေရှင်းမှုဟုတော့ ဆိုနိုင်သည်။
မည်သို့ဆိုစေ နှစ်လဟူသော အချိန်လေးအတွင်း စစ်သားတိုင်း သိသိသာသာ တိုးတက်လာသည်ဟု ဆိုနိုင်၏။
ထို့အထဲတွင်မှ ကျန်းလျူသည်ကား ကံအကောင်းဆုံးလူများထဲမှ တဦးပင်။
၁၅ရက်မတိုင်မီက သူသည် ချီစုဆောင်းခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ ယခုတော့ ၃ရက်အတွင်း သူ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားနိုင်ခဲ့လေပြီ။ စုချန်း၏ ဆေးစွမ်းကောင်းများနှင့် ထပ်မံပေါင်းစပ်လိုက်သောအခါ ရက်ပေါင်း၄၀အတွင်း သူ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်သွားနိုင်ခဲ့၏။
တိုးတက်မှုမှာ မြန်ဆန်လှသောကြောင့် ကျန်းလျူ၏ အနေအထားသည် အခြေမခိုင်သေးဟု ဆိုနိုင်သည်။ သို့သော် သူကိုယ်တွင်းဝယ် တိုးပွားလာသောအင်အားကတော့ အစစ်အမှန်ပင်။
"မဆိုးဘူး မင်း တော်တယ်"
စုချန်းက ကျန်းလျူအား ပုခုံးပုတ်ရင်း ချီးကျူးလိုက်သည်။ ထို့နောက် သူက ၎င်းလက်ထဲသို့ ဓားတလက်ထည့့်ပေးရင်း ပြောလိုက်၏။
"ရော့ ဒါ မင်းအတွက်"
"ဒါပေမဲ့ ခေါင်းဆောင် ကျုပ်မှာ ဓားတလက်ရှိပြီးသားလေ"
"ဒီဓားက မတူဘူးကွ စမ်းကြည့်ပါအုံး"
ကျန်းလျူ အံ့သြသွား၏။ သို့သော် သူ ဓားကို လက်ခံလိုက်၏။ ထိုခနမှာပင် ဓားနှင့်သူ့အကြား ဆက်နွယ်မှုတခု ရှိနေသကဲ့သို့ ကျန်းလျူ ခံစားလိုက်ရသည်။
ထိုအခါ သူက ဓားကို သုံးလေးချက်ခန့် ဝေ့ယမ်းလိုက်သည်။ အဆိုပါ ဓားသည် သူ နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့သကဲ့သို့ သူ့လက်ထဲတွင် သက်တောင့်သက်သာပင် လှုပ်ရှားလျက်ရှိ၏။
"ဟင် ဒီဓားမှာ အသိညဏ်ရှိနေသလိုပါပဲလား"
ကျန်းလျူ ပို၍ အံ့သြလာလေသည်။
"ဓားမှာ အသိညဏ်ရှိတယ် ဟုတ်လား"
လူတိုင်း ဟားတိုက်ရယ်မောလိုက်ကြ၏။
"ကျုပ် တကယ်ပြောနေတာဗျ သူ့မှာ အသိညဏ်ရှိသလို ကျုပ် ခံစားနေရတယ် ဟော...သူ ...သူ ပျံချင်နေတာပဲဗျ"
ကျန်းလျူ ထအော်လိုက်ပြန်သည်။ ထိုအခါ ရယ်မောလှောင်ပြောင်သံများမှာ ပို၍ ကျယ်လောင်လာ၏။
ထိုစဥ် စုချန်းက ဝင်ပြောလိုက်သည်။
"သူ ပျံချင်တယ်ဆိုလဲ ပေးပျံလိုက်လေကွာ"
စုချန်း၏ စကားကိုကြားသည်နှင့် ကျန်းလျူ ဓားကိုင်လက်က်ို ဖြေလျော့ပေးလိုက်သည်။ ထိုခနမှာပင် ကျန်းလျူလက်ထဲရှိဓားသည် လေပေါ်သို့ ပျံတက်သွားပြီး စက်ဝိုင်းပုံအတိုင်း လှည့်ပတ်ပျံသန်းလျက်ရှိ၏။
"ဘာကြီးလဲဟ"
လူတိုင်း မျက်လုံးပြူးကုန်လေပြီ။ ထိုစဥ် ကျန်းလျုက ထအော်လိုက်ပြန်သည်။
"တွေ့လား သူ တကယ်ပျံနေပြီ ဟော သူ ကျုပ် စကားကို နားထောင်သလိုပဲဗျ တွေ့လား"
အမှန်တကယ်လည်း ထိုဓားသည် ကျန်းလျူလက်ညိုးညွှန်သည့်အတိုင်း လှည့်ပတ်ပျံသန်းလျက်ရှိသည်။
စုချန်းက ပြောလိုက်ပြန်၏။
"ဒီထက်ပိုပြီး စိတ်လှုပ်ရှားချင်သေးလား"
ကျန်းလျူ အံ့သြသွားပြန်သည်။
"ဘာများလဲ ခေါင်းဆောင်စု"
"မင်း မခံစားမိဘူးလား"
စုချန်း ပြုံးစေ့စေ့နှင့် မေးလိုက်သည်။ ကျန်းလျူ တွေခနဲ ဖြစ်သွား၏။ ထိုအချိန်တွင် ဓားမှ သူ့ထံသို့ ဆက်သွယ်မှုပြုလုပ်နေကြောင်း သူ သိလိုက်ရသည်ည်။ ကျန်းလျူ ထအော်လိုက်၏။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"မင်း မကြိုးစားကြည့်ပဲ ဘယ်လိုလုပ်သိနိုင်မလဲ"
"ဘာများလဲ"
"ဘာများလဲဟေ့ ကျန်းလျူ"
လူတိုင်း အကြီးအကျယ် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။
ကျန်းလျူ ထစ်ထစ်အအနှင့် ပြန်ဖြေလိုက်သည်။
"သူ...ကျုပ်...ကျုပ်ကို သူနဲ့အတူ လိုက်ပျံစေချင်တာ"
ထိုအချိန်မှာပင် ဓားသည် လေထဲတွင် ကွေ့ပတ်ပျံသန်းလာပြီး ကျန်းလျူ၏ခြေဖဝါးရှေ့တွင် ရပ်တန့့်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ကျန်းလျူကား ဓားပေါ်တွင် ခြေစုံရပ်လျက် ခြေကားယားလက်ကားယားနှင့် ပါသွားပြီ ဖြစ်သည်။
"ဘုရားသခင် ကယ်တော်မူပါ ကျုပ် ပျံနေပြီ ကျုပ် တကယ် ပျံနေပြီဗျို့"
မြင်ကွင်းကိုကြည့်ရင်း လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။
အချိန်အနည်းငယ်ကြာသော် ဓားသည် နှေးသည်ထက် နှေးလာ၏။
ထိုအခါ ကျန်းလျူက ထအော်ပြန်သည်။
"ခေါင်းဆောင်စု သူ စွမ်းအင်ကုန်တော့မှာမို့ မပျံနိုင်တော့ဘူး ပြောနေတယ်ဗျ"
စုချန်းက ပျင်းရိလေးတွဲ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"သူ့မှာ စွမ်းအင်မရှိတော့ကော ဘာဖြစ်သလဲ မင်းမှာ စွမ်းအင်ရှိနေတာပဲလေကွာ"
ကျန်းလျူ ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ ထိုအခါ သူက သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များအား ဓားအတွင်းသို့ ဖြည့့်သွင်းပေးလိုက်လေသည်။ ထိုအခါ ဓားသည် သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတခုသဖွယ် ဘယ်လှည့်၊ညာလှည့်နှင့် ကျန်းလျူ အလိုရှိသကဲ့သို့ ပျံသန်းနေတော့သည်။
ကျန်းလျူ စိတ်လှုပ်ရှားခြင်းကြီးစွာနှင့် ထအော်လိုက်ပြန်၏။
"လက်စသတ်တော့ ဒီလိုသုံးရတာကိုး သူက ချီစွမ်းအားပညာရှင်တွေလို မူလစွမ်းအင်တွေ ဖြည့်သွင်းပေးရတာပဲ"
စုချန်းက ပြန်ပြောလိုက်၏။
"ဒီလိုသုံးတယ်ပြောရအောင် မင်းက ဒီဓားကို တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များ မှတ်နေတာလားကွ ဒါ ဘာမှတ်နေလဲ အသိညဏ်ရှိတဲ့ ဝိညာဥ်လက်နက်က သူ့ရဲ့တကယ့့်ရည်ရွယ်ချက်က ပျံသန်းဖို့ မဟုတ်ဘူး လှည့်ကွက်တွေသုံးပြီး တိုက်ခိုက်ဖို့ ရန်သူကို အဝေးကနေ တိုက်ခိုက်ဖို့ပဲ"
စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ဓားတချောင်း လေပေါ်သ်ို့ ပျံတက်သွား၏။ ထို့နောက် ဓားဖျားမှထွက်ပေါ်လာသော ချီအားလှိုင်းများက ခပ်လှမ်းလှမ်းမှ သစ်ပင်များအား ထက်ပိုင်းပြတ်သွားစေလေသည်။
စစ်သားတိုင်းသည် ဝိညာဥ်လက်နက်၏ အသုံးဝင်ပုံကိုကြည့်ရင်း အားကျလာ၏။ လိုချင်တပ်မက်စိတ်များ ပေါ်ပေါက်လာကြ၏။
သို့သော် သူတို့သည် စစ်သားများဖြစ်၍ မာနကြီးကြ၏။ မည်မျှပင် လိုချင်တပ်မက်နေစေကာမူ ပါးစပ်ကတော့ ထုတ်ပြောလိမ့်မည်မဟုတ်။
ထိုအခါ စုချန်းက စစ်သားများအား တချက်ဝေ့ကြည့်ရင်း မေးလိုက်သည်။
"ဘယ့်နှယ်လဲ မင်းတို့ သဘောကျကြရဲ့လား"
စစ်သားတိုင်း ပြိုင်တူဖြေလိုက်ကြ၏။
"ကျတာပေါ့ဗျာ"
"ဒါဆို ဘာလို့ကျုပ်ဆီ မတောင်းကြတာလဲ"
စစ်သားတိုင်း ကြောင်အမ်းအမ်းဖြစ်သွား၏။
"ဟင် ကျုပ်တို့ တောင်းလို့ရသလား"
"သိပ်ရတာပေါ့ လူတိုင်း တယောက်က်တခုစီ ရမယ်"
စစ်သားတိုင်း ဝမ်းသာကုန်၏။
ထိုအခိုက်မှာပင် အုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာသည်။
ကျန်းလျူတယောက်က် စွမ်းအင်များကုန်ခန်း၍ မြေကြီးပေါ်သို့ ပြုတ်ကျလာခြင်းပင်။
***