← Chapters

အခန်း ၄၄၈-၄၅၀

Vol. 30 Ch. 448-450

အခန်း ၄၄၈-၄၅၀

Vol. 30 Ch. 448-450

အခန်း (၄၄၈)

ရှက်ရွံ့သွားသော ရွှမ်ယွမ်ယွမ်ချီ (၂)

ရွှမ်ယွမ်ယွမ်ချီလည်း အားကြီးသူများကို အားကျတတ်သူဖြစ်သည့်အတွက် လုချန်းအပေါ် သဘောထားအနည်းငယ် ပြောင်းလဲလာခဲ့သော်လည်း အနည်းငယ်မျှသာဖြစ်သည်။ လူသားဧကရာဇ်၏ တဏှာကြီးမှုကိုမူ ပြုပြင်သင့်သည်ဟု သူမ ခံစားနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူသားဧကရာဇ်ဆိုသည်မှာ လူသားဧကရာဇ်ပင်ဖြစ်ပြီး ကမ္ဘာကြီးကို အုပ်ချုပ်ရန်ဆိုသည့် အရေးကြီးသော တာဝန်ကို ဦးစားပေးသင့်သည်။ အဘယ်ကြောင့် အမျိုးသမီးများအပေါ်တွင် စွမ်းအားအားလုံးကို သုံးစွဲနေရမည်နည်း။ ကာမဂုဏ်အာရုံကို ရှောင်ကြဉ်ခြင်းမရှိသော သိုင်းပညာရှင်တစ်ဦးသည် မည်သို့ဆက်လက်၍ သိုင်းပညာကို လေ့ကျင့်နိုင်မည်နည်း။

မနေ့က လုချန်း အဆင့်လွန်ပညာရှင်ဖြစ်ကြောင်း သူမ သိရှိခဲ့သော်လည်း သူမ၏အမြင်ကို မပြောင်းလဲခဲ့ပေ။

သူမ၏ အမြင်တွင် လူသားဧကရာဇ်သည် မြင့်မြတ်သော ခေါင်းဆောင်၊ ကမ္ဘာ၏ အရှင်သခင်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးကဲ့သို့သာ ပြုမူရမည်ဖြစ်ပြီး မိမိ၏ အပြုအမူကို ဂရုပြုရမည်ဖြစ်သည်။

လုချန်းတွင် မိဖုရားတစ်ဦးသာရှိရမည်ဟု သူမမယုံကြည်သော်လည်း လုချန်းဘေးတွင် အမျိုးသမီးများ အလွန်များပြားလှသည်ဟု သူမထင်မြင်သည်။

ရွှမ်ယွမ်ယွမ်ချီသည် အရူးမတစ်ယောက် မဟုတ်ပေ။ သူမ၏ဖခင်က မြောက်ပိုင်းနယ်စားမင်းသားကို လမ်းညွှန်ပေးရန် သူမအား တာဝန်ပေးသည်ကိုကြားသောအခါ ဖခင်က သူမကို ‘ရောင်းစားရန်’ ကြံစည်နေသည်ဟု သူမအနည်းငယ်သိလိုက်ရသည်။

သူမ၏အစ်ကိုတစ်ဦးလည်းရှိပြီး လမ်းညွှန်ဖို့ လူလိုပါက ထိုအစ်ကိုကိုသာ တာဝန်ပေးသင့်သည်။ သို့သော် သမီးဖြစ်သူအား မြောက်ပိုင်းနယ်စားမင်းသားကို လမ်းညွှန်ရန် တာဝန်ပေးနေ၏။ ဖခင်၏ ရည်ရွယ်ချက်ကို မှန်းဆရန်ပင် မလိုအပ်ပေ။

ရွှမ်ယွမ်ယွမ်ချီ ညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမကို လာခေါ်သော အစေခံကို

“လမ်းပြပေးပါ”

ဟုပြောလိုက်သည်။

မကြာမီ အစေခံမိန်းကလေးသည် ရွှမ်ယွမ်ယွမ်ချီကို လုချန်းထံခေါ်ဆောင်သွားခဲ့သည်။ လုချန်းကိုမြင်သောအခါ ရွှမ်ယွမ်ယွမ်ချီက ချက်ချင်းရိုသေစွာ ဦးညွှတ်ကာ

“မင်းသားကို ဂါရဝပြုပါတယ်။”

အနက်နှင့်ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ရွှမ်ယွမ်ယွမ်ချီကိုမြင်သော ရွှမ်ယွမ်ချောင်ကဲ တုန်လှုပ်သွားပြီး ချက်ချင်းပြောလိုက်သည်။

“ယွမ်ချီ။ မင်းရဲ့ စစ်ရေးတာဝန်တွေကို မင်းအစ်ကိုကို လွှဲပေးလိုက်တော့။ ဒီနေ့ မင်း တာဝန်မရှိဘူး။ အရင် အဝတ်အစား သွားလဲလိုက်ဦး။”

ရွှမ်ယွမ်ယွမ်ချီက လုချန်းဘက်သို့ လှမ်းကြည့်ကာ မောက်မာမှု နှိမ့်ချမှုမရှိပဲ ပြောလိုက်သည်။

“ဖခင်။ ကျွန်မက မင်းသားကိုလမ်းညွှန်ပေးရနေသူအနေနဲ့ မင်းသားရဲ့လုံခြုံရေးကို တာဝန်ယူထားပါတယ်။ သံချပ်ကာတွေဘယ်လိုချွတ်နိုင်မလဲ။”

ဒါက...

ရွှမ်ယွမ်ချောင်ကဲ အနည်းငယ်စိတ်ဆိုးသွားခဲ့သည်။ လုချန်းအဆင့်လွန်ပညာရှင် ဆိုတာကို သူ၏သမီး မသိဟု သူမယုံကြည်နိုင်‌ပေ။ သူတို့၏ သခင်သည် အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ အဆင့်နိမ့်သော သိုင်းပညာရှင်တစ်ဦး၏ ကာကွယ်မှု မလိုအပ်ပေ။

ထို့အပြင် ယူမြို့တော်နေပြည်သူများသည် မင်းသား၏လက်အောက်ငယ်သားများသာဖြစ်သည်။ မင်းသားအား မကောင်းကြံလိုသူမည်သူရှိမည်နည်း။ ထို့ပြင် ဤနေရာသည် အလွန်ဝေးလံသဖြင့် သာမန်ရန်သူများ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ရွှမ်ယွမ်ယွမ်ချီ၏ အကြောင်းပြချက်က ဆင်ခြေသက်သက်သာ ဖြစ်ကြောင်း ရှင်းနေသည်။

ရွှမ်ယွမ်ချောင်ကဲ အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ရွှမ်ယွမ်ယွမ်ချီ၏ စကားများမှတစ်ဆင့် သူ၏သမီးသည် သူတို့၏ဧကရာဇ်အပေါ် စိတ်ဝင်စားမှုမရှိဟု သူနားလည်လိုက်သည်။

ဒီလိုဖြစ်လို့ မရပါ။ ရွှမ်ယွမ်ယွမ်ချီ လုချန်းနှင့်လက်ထပ်ပြီး သားသမီးမွေးဖွားနိုင်ရန် သူမျှော်လင့်ထားသည်။

ရွှမ်ယွမ်ချောင်ကဲ ဆက်လက်ပြောဆိုရန် ပြင်ဆင်နေစဉ် လုချန်းက ပြုံးရယ်ကာ

“ယွမ်ချီပြောတာ မှန်ပါတယ် ရွှမ်ယွမ် သခင်ကြီး။ သူ့ကို သံချပ်ကာတွေဝတ်ခွင့်ပြုလိုက်ပါ။ နောက်ပြီး ဒီသံချပ်ကာတွေက ယွမ်ချီနဲ့ အလွန်လိုက်ဖက်ပါတယ်။ သူ့ကို ရဲရင့်တည်ကြည်ပြီး အထင်ကြီးစရာကောင်းတဲ့ ပုံစံ ပေးတယ်။ တခြား ဝတ်စုံကို ပြောင်းဝတ်ရင် ဒီလို ပုံစံမျိုး ရနိုင်မှာ မဟုတ်ဘူး”

လုချန်း၏စကားကိုကြားသော ရွှမ်ယွမ်ယွမ်ချီ၏ စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး ရိုသေစွာဖြင့် တုန့်ပြန်လိုက်သည်။

“မင်းသားရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“ကောင်းပြီလေ။ ယွမ်ချီလည်း ရောက်လာပြီဆိုတော့ သွားကြရအောင်”

ဟု ပြောလိုက်သည်။

ရွှမ်ယွမ်ယွမ်ချီက

“ဟုတ်ကဲ့ မင်းသား”

ဟု တုန့်ပြန်လိုက်သည်။

ထို့နောက် ရွှမ်ယွမ်ယွမ်ချီသည် လုချန်းနှင့်အဖွဲ့ကို ယူမြို့တော်၏ မွေးမြူရေးခြံများဆီသို့ ဦးဆောင်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ရွှမ်ယွမ်ယွမ်ချီနှင့် လုချန်းတို့ အပြန်အလှန် စကားပြောဆိုမှု များများစားစား မရှိခဲ့ပေ။ ရွှမ်ယွမ်ယွမ်ချီ၏ မျက်နှာသည် မည်သည့် ခံစားချက်မှ မပြပဲ တည်ငြိမ်နေပြီး အလွန် သတိရှိပုံရကာ သူမ၏ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို သတိထားနေသည်။ သူမ လုချန်းကို အမှန်တကယ် ကာကွယ်နေသကဲ့သို့ ဖြစ်သည်။

လုချန်းက သူမကို အနည်းငယ်ကြည့်ပြီးနောက် သူမ၏ သူ့အပေါ် နှစ်သက်မှုအဆင့်ကို ကြည့်လိုက်သည်။

နှစ်သက်မှု ၆၃မှတ် ရှိသည်။ မနေ့ကထက် ၃ မှတ် တိုးလာသည်။

ထိုအချိန်တွင် မြင်းစီးနေရင်း လုချန်းက မေးလိုက်သည်။

“ဗိုလ်ချုပ် ရွှမ်ယွမ်ရဲ့ ဖခင်က ခင်ဗျားရဲ့ သိုင်းပညာအားလုံးကို သင်ပေးခဲ့သလား။”

လုချန်းက သူမကို ဗိုလ်ချုပ်ရွှမ်ယွမ်ဟု ခေါ်သည်ကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ ခဏမျှ အံ့သြသွားသည်။ သူမ၏ သူ့အပေါ် နှစ်သက်မှုလည်း ထပ်မံ မြင့်တက်လာသည်။

သူမ သတိပြန်ဝင်လာသည်နှင့် ချက်ချင်းဖြေလိုက်သည်။

“ဟုတ်ပါတယ် မင်းသား။”

လုချန်းက ပြုံးပြီး

“ဗိုလ်ချုပ်ရွှမ်ယွမ်ကို အတော်လေး ပုဂ္ဂိုလ်ရေးဆန်တဲ့ မေးခွန်းတစ်ခု မေးခွင့်ပြုပါလား။ အဆင်ပြေမယ်ဆိုရင်ပေါ့။”

ဟု မေးလိုက်သည်။

ရွှမ်ယွမ်ယွမ်ချီက

“မေးပါ မင်းသား။”

ထို့နောက် လုချန်းက

“ဗိုလ်ချုပ်ရွှမ်ယွမ်က တစ်သက်လုံး ယူမြို့တော်မှာပဲ နေထိုင်ပြီး အချိန်တန်တဲ့အခါ သင့်တော်တဲ့ မိသားစုကို ရှာဖွေ လက်ထပ်လိုတာလား။ ဒါမှမဟုတ် စစ်မြေပြင်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိပြီး ထောင်ပေါင်းများစွာသော လူ‌တွေ လေးစားရတဲ့ အမျိုးသမီး ဗိုလ်ချုပ်တစ်ဦး ဖြစ်လိုတာလား”

ဟု မေးလိုက်သည်။

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ရွှမ်ယွမ်ယွမ်ချီ၏ စိတ်ထဲ ဗလာဖြစ်သွားသည်။ လုချန်းထံမှ ထိုကဲ့သို့သော မေးခွန်းကို သူမ မျှော်လင့်မထားခဲ့ပေ။

ထိုအချိန်တွင် သူမသည် စစ်သည်များ ပြည့်နှက်နေသော စစ်မြေပြင်တစ်ခုကို မရည်ရွယ်ပဲ မြင်ယောင်လာသည်။ ဆူညံသံများဖြင့် ပြည့်နှက်နေသော တိုက်ပွဲအတွင်းတွင် သူမသည် စစ်မြင်းတစ်စီးကို စီးကာ တိုက်ပွဲထဲသို့ ချီတက်နေသည်။

သူမ၏ အိပ်မက်သည် ထောင်ပေါင်းများစွာသောသူများ လေးစားသော ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်လာရန်ဖြစ်သည်။ သို့သော် ဒါက လက်တွေ့တွင် မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည်ကိုလည်း သူမသိသည်။ သူမ ပြင်ပကမ္ဘာအကြောင်း စူးစမ်းမေးမြန်းဖူးသည်။ ရှနိုင်ငံတော်တစ်ခုတည်းသာမက အခြားသော နိုင်ငံကြီးများတွင်ပါ လူမှုအဖွဲ့အစည်းများသည် အမျိုးသားများကိုသာ ဦးစားပေးပြီး စစ်တပ်ထဲတွင် အမျိုးသမီးများ ပါဝင်မှုမှာ နည်းပါးလှသည်။

ပြင်ပအခြေအနေကို ထားဦး ယူမြို့တော်တွင်ပင် ထိုအတိုင်းဖြစ်သည်။ သူမ၏ ဖခင်သာ ယူမြို့တော်၏ မြို့တော်ဝန် မဟုတ်ခဲ့ပါက သူမ စစ်တပ်ထဲသို့ပင် ဝင်ခွင့်ရနိုင်မည် မဟုတ်ပေ။ တပ်ခွဲတစ်ခုကို ကွပ်ကဲခွင့်ဆိုသည်မှာ ဝေလာဝေးပင်။

ရွှမ်ယွမ်ယွမ်ချီ အဖြေမပေးပဲ ကြာမြင့်စွာ တိတ်ဆိတ်နေသည်ကို မြင်သော လုချန်းက

“ဗိုလ်ချုပ် ရွှမ်ယွမ် စဉ်းစားပြီးပြီလား။”

လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ သတိပြန်ဝင်လာပြီး ချက်ချင်း “မင်းသားရဲ့ မေးခွန်းကို ဖြေရရင်တော့ ကျွန်မ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လိုပါတယ်။”

ရွှမ်ယွမ်ယွမ်ချီ၏ အဖြေကို ကြားလိုက်ရသည့်အခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြှင့်တက်လာသည်။ သူက ရွှမ်ယွမ်ယွမ်ချီ၏ နှစ်သက်မှုအဆင့်ကို ထပ်ကြည့်လိုက်သည်။ သူမ၏ နှစ်သက်မှုမှာ ၇၅ အထိ တက်သွားပြီဖြစ်သည်။

.........

အခန်း (၄၄၉)

ရှက်ရွံ့သွားသော ရွှမ်ယွမ်ယွမ်ချီ (၃)

ထို့နောက် လုချန်းက

“ခင်ဗျားကို ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ကျွန်‌တော်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်နောက်ကိုလိုက်ပြီး ရန်ခရိုင်ကို လိုက်ခဲ့ရမယ်။ ခင်ဗျားမှာ ဆန္ဒရှိရဲ့လား။”

ဒါကတော့...

တစ်ခုခုမှားယွင်းနေသည်ဟု ရွှမ်ယွမ်ယွမ်ချီ ရုတ်တရက် ခံစားလိုက်ရသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူမကို သူ၏ အမျိုးသမီး ဖြစ်စေရန် ရန်ခရိုင်သို့ သွေးဆောင်ရန် ကြိုးစားနေသည်ဟု သူမ အဘယ်ကြောင့် ခံစားနေရသနည်း။

စိုးရိမ်ပူပန်မှုများရှိသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ အဆိုပါကမ်းလှမ်းချက် မရှိပါက သူမ ဗိုလ်ချုပ်ကြီးဖြစ်နိုင်မည့် အလားအလာ လုံးဝမရှိကြောင်း တွေးမိသည်။ ဤအခွင့်အရေးကို မဆုပ်ကိုင်ပါက နောက်ထပ် အခွင့်အရေး ဘယ်သောအခါမှ ရှိလာမည် မဟုတ်ပေ။

ထိုအတွေးဖြင့် ရွှမ်ယွမ်ယွမ်ချီက

“ကျွန်မ မင်းသား နောက်ကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်။”

လုချန်းက ပြောသည်။

“ကောင်းပြီ။ ဒီနေ့ကစပြီး ဗိုလ်ချုပ်ရွှမ်ယွမ် ကျွန်တော့်ဘေးမှာ နေရမယ်။”

ရွှမ်ယွမ်ယွမ်ချီ ဇဝေဇဝါဖြစ်သွားသည်။ သူ့ဘေးတွင် နေခြင်းက ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာခြင်းနှင့် မတူပေ။ မြောက်ပိုင်းနယ်စားမင်းသားဘေးတွင် ရှိနေပါက သူမ တပ်များကို မည်သို့ ဦးဆောင် တိုက်ခိုက်နိုင်မည်နည်း။

မြောက်ပိုင်းနယ်စားမင်းသားသည် အနာဂါတ် လူသားဧကရာဇ်ဖြစ်သည်။ သူသည် ယခင်က တပ်များကို ဦးဆောင် တိုက်ခိုက်ခဲ့သော်လည်း လုချန်း၏ ပတ်ဝန်းကျင်တွင် ဗိုလ်ချုပ်များ ပိုမို စုရုံးလာသည်နှင့်အမျှ နောင်တွင် သူကိုယ်တိုင် တပ်များကို ဦးဆောင်မည် မဟုတ်သည်မှာ သေချာသည်။

သူမ သူ့ဘေးတွင် နေပါက စစ်မြေပြင်ပေါ်တောင် ခြေချနိုင်မည် မဟုတ်ဟု စိုးရိမ်မိသည်။

ရွှမ်ယွမ်ယွမ်ချီသည် လန့်သွားပြီး သူမ လှည့်စားခံရပြီဟု သိလိုက်ရသည်။

ဒါက ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာရေးနှင့် လုံးဝ မသက်ဆိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို ရန်ခရိုင်သို့ ခေါ်ဆောင်သွားရန် လှည့်စားလိုသည်မှာ ထင်ရှားသည်။

ရွှမ်ယွမ်ယွမ်ချီ၏ စိတ်နှလုံးထဲတွင် ခါးသီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ လုချန်းသည် အနာဂါတ် လူသားဧကရာဇ်ဖြစ်သောကြောင့် သူမ နောက်ထပ် ဘာမှ မပြောရဲပေ။

ရွှမ်ယွမ်ယွမ်ချီ၏ စိတ်သောကရောက်နေသော အမူအရာကို မြင်သောအခါ သူမ ဘာတွေးနေသည်ကို လုချန်းရိပ်မိသွားပြီး ဆက်ပြောလိုက်သည်။

“စစ်မြေပြင်မှာ ဘယ်သူမဆို တပ်တွေကို ဦးဆောင်နိုင်တာ မဟုတ်ဘူး ဗိုလ်ချုပ်ရွှမ်ယွမ်။ ခင်ဗျားဟာ စစ်သည် တစ်သောင်း လောက်ကို အုပ်ချုပ်ရင် အုပ်ချုပ်နိုင်မယ်။ ဒါပေမဲ့ တစ်သိန်း၊ တစ်သန်း အထိဖြစ်လာပြီ ဆိုရင်ကော။ ခင်ဗျား တပ်တစ်ခုလုံးကို ကွပ်ကဲနိုင်မှာလား။”

“တကယ့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာဖို့က လေ့လာသင်ယူမှုတွေ မဖြစ်မနေလိုအပ်တယ်။ ရန်ခရိုင်မှာ စစ်ချုပ် ဗိုလ်များစွာရှိပြီး ခင်ဗျားရဲ့ အစ်ကိုလည်း ရှိနေတယ်။ ကျွန်ုပ်တို့ဟာ စစ်ရေးကိစ္စတွေကို အတူတကွ ဆွေးနွေးလေ့ရှိတယ်။ ခင်ဗျား ကျွန်တော့်ဘေးမှာ နေရင် ခင်ဗျား မသိသေးတဲ့ စစ်ရေးဗျူဟာတွေနဲ့ အသိပညာတွေကို အများကြီး လေ့လာနိုင်လိမ့်မယ်။ ဒါက နောင်မှာ ခင်ဗျား ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။”

လုချန်း၏စကားကိုကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ၏စိတ်ထဲ ခဏမျှ ဗလာဖြစ်သွားခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားက သူမကိုလှည့်စားနေသည်ဟု သူမသံသယဝင်ခဲ့သည်။ အနာဂတ်လူသားဧကရာဇ်ကို မည်သို့သံသယဝင်နိုင်မည်နည်း။ မြောက်ပိုင်းနယ်စားမင်းသားသည် အမှန်တကယ်ပင် ကာမဂုဏ်အာရုံကို အနည်းငယ်စွဲလမ်းသူဖြစ်သော်လည်း သူသည် အနာဂတ်လူသားဧကရာဇ်ဖြစ်ပြီး သူ၏စကားတစ်ခွန်းသည် တည်မြဲသောကတိဖြစ်သည်။ သူကတိပေးထားသည့်အရာမှန်သမျှကို ပြီးမြောက်အောင်ဆောင်ရွက်မည့်သူဖြစ်သည်။ သူမကို ဘာလို့လှည့်စားရမှာလဲ။

ထို့နောက် ရွှမ်ယွမ်ယွမ်ချီက

“အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။”

လုချန်းက ပြုံးလိုက်ပြီး ရွှမ်ယွမ်ယွမ်ချီ၏ နှစ်သက်မှုကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ ရှစ်ဆယ်အထိ မြင့်တက်သွားခဲ့သည်။

မျှော်လင့်ချက်ရှိသေးသည်။

တစ်နေ့တွင် သူသည် နဂါးဖီးနစ်လက်ဖက်ရည်ကို အားမကိုးပဲ ရွှမ်ယွမ်ယွမ်ချီ၏ နှစ်သက်မှုကို တစ်ရာအထိ ရောက်ရှိအောင် လုပ်နိုင်လိမ့်မည်။

ဟုတ်ပါသည်။ သူပြုခဲ့သော ကတိများကို တည်ရမည်ဖြစ်သည်။ ရွှမ်ယွမ်ယွမ်ချီသည် အမျိုးသမီး ဗိုလ်ချုပ်တစ်ဦး ဖြစ်လိုသောကြောင့် သူမအား ထိုအခွင့်အရေးကို ပေးရလိမ့်မည်။

လုချန်း၏ အမြင်တွင် ရွှမ်ယွမ်ယွမ်ချီသည် သံချပ်ကာ ဝတ်ဆင်ထားသောအခါ ပို၍ပင် လှပသော အမျိုးသမီးတစ်ဦးဖြစ်နေသည်။

အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင် ထူးခြားမှုများ ရှိပြီး သူတို့ တစ်ဦးချင်းစီ၏ လက္ခဏာများကို ဖျောက်ဖျက်ရန် လုချန်း ရည်ရွယ်ထားခြင်း မရှိပေ။ အမျိုးသမီးအားလုံး တူညီလာပါက ထူးခြားမှုမရှိပဲ လှပရုံသက်သက်ဆိုလျှင် သူတို့နှင့် လေထိုးအရုပ်များကြား ဘာကွာခြားမည်နည်း။

ထို့နောက် ရွှမ်ယွမ်ယွမ်ချီလည်း လုချန်းနှင့်အဖွဲ့ကို မွေးမြူရေးခြံသို့ ခေါ်ဆောင်သွား၏။ ထို့နောက် ယူမြို့တော်၏ အကြီးဆုံး လက်မှုပညာဌာနဖြစ်သော မိုးဟစ်အလုပ်ရုံသို့ ခေါ်ဆောင်သွားခဲ့သည်။

ကျန်တစ်နေ့တာလုံးကို လုချန်းသည် မိုးဟစ်အလုပ်ရုံတွင် ကုန်ဆုံးခဲ့ပြီး ရေနွေးငွေ့အင်ဂျင်များနှင့် ရထားများ တည်ဆောက်ခြင်းအကြောင်းများ၊ရေနွေးငွေ့အင်ဂျင်၏ အခြေခံသဘောတရားများ၊ ထို့နောက် ရေနွေးငွေ့အင်ဂျင်ကို မည်သည့်စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်သည်ဆိုသည်များကိုပါ လက်မှုပညာရှင်များနှင့် ဆွေးနွေးခဲ့သည်။

မြို့တော်မှ လက်မှုပညာရှင်များသည် သူတို့၏ အရှင်သခင် မိုးဟစ်အလုပ်ရုံသို့ ရောက်ရှိနေကြောင်း ကြားသောအခါ ကြည့်ရှုရန် တစ်ဦးပြီးတစ်ဦး တဖြည်းဖြည်း ရောက်ရှိလာကြပြီး မကြာမီ အလုပ်ရုံ၏ အတွင်းရောအပြင်ပါ စပ်စုလိုသော ပရိသတ်များနှင့် ပြည့်နှက်သွားသည်။

မိုးဟစ်အလုပ်ရုံရှိ လက်မှုပညာရှင်များနှင့် လုချန်း၏ ဆွေးနွေးမှုများသည် သူတို့အတွက် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပေးခဲ့ပြီး ယူမြို့တော်၏ ပြည်သူများအား သူ လက်မှုပညာရှင်များကို မည်မျှ တန်ဖိုးထားကြောင်း ပြသခဲ့သည်။ ထို့ပြင် နောင်လာမည့် စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအတွေးအခေါ်အုတ်မြစ်ကိုလည်း ချမှတ်ခဲ့သည်။

လုချန်း လက်မှုပညာရှင်များနှင့် အမည်မသိ စက်တစ်ခုအကြောင်း အလွန် ရင်းနှီးဖော်ရွေစွာ ဆွေးနွေးနေသည်ကို မြင်သောအခါ ရွှမ်ယွမ်ယွမ်ချီ ရုတ်တရက် အလွန် ရှက်သွားခဲ့သည်။

အနာဂတ်လူသားဧကရာဇ်သည် ကာမဂုဏ်အာရုံကို အနည်းငယ်စွဲလမ်းသူဖြစ်နေလျှင်တောင် ပြဿနာမရှိဟု သူမရုတ်တရက် တွေးမိသည်။ သူသည် သာမန်ပြည်သူများနှင့် အလွန်ရင်းနှီးဖော်ရွေစွာဆက်ဆံပြီးသူ၏လက်အောက်ငယ်သားများကို ကောင်းစွာစောင့်ရှောက်တတ်သူဖြစ်သည်။

လူသားဧကရာဇ်သည် အလှအပကို နှစ်သက်ပြီး မိဖုရားများနှင့် သားသမီးများစွာမွေးဖွားပါက မင်းမျိုးမင်းနွယ်များ ပိုမိုတိုးပွားလာကာ တစ်ကမ္ဘာလုံး၏ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုရှိနိုင်သည်။

ညနေပိုင်းတွင် လုချန်းနှင့် အဖွဲ့ မြို့တော်ဝန်၏ စံအိမ်သို့ ပြန်ရောက်သောအခါ ရွှမ်ယွမ်ယွမ်ချီ၏ နှစ်သက်မှု ကိုးဆယ်အထိ ရောက်ရှိနေသည်ကို တွေ့ရ၍ သူ အံ့အားသင့်သွားသည်။

ရွှမ်ယွမ်ယွမ်ချီကို တစ်ရက်လောက်အတူခေါ်သွားရုံဖြင့် သူမ၏သဘောကျမှုအဆင့် ရာနှုန်းပြည့်နီးပါး ရောက်သွားမည်ဟု သူမျှော်လင့်မထားခဲ့ပါ။

သို့သော် အမှတ်၁၀၀ပြည့်ရန် ၁၀မှတ်လိုနေသေးသည်။

ထို့ပြင် ရွှမ်ယွမ်ယွမ်ချီ၏ အခြေအနေကထူးခြားသည်။ သူမ၏ နှစ်သက်မှု တစ်ရာပြည့်သွားလျှင်ပင် သူမကို ချက်ချင်း သားသမီး မရစေနိုင်ပေ။ သူမကို ဗိုလ်ချုပ်တစ်ဦး ဖြစ်စေမည်ဟု သူ ကတိပေးထားပြီး သူမကို အလွန်လျင်မြန်စွာ ကိုယ်ဝန်ရစေပါက သူ၏ ကတိကို ချိုးဖောက်ရာ ရောက်လိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ၏ ကတိကို ချိုးဖောက်ရန် လုချန်းရည်ရွယ်ထားခြင်း မရှိပေ။

လုချန်းနှင့် သူ၏ အဖွဲ့ မြို့တော်ဝန် စံအိမ်သို့ ရောက်သောအခါ ရွှမ်ယွမ်သခင်ကြီးက တံခါးဝတွင် စောင့်နေနှင့်ပြီးဖြစ်သည်။ လုချန်း ပြန်လာသည်ကို မြင်သောအခါ ရွှမ်ယွမ်သခင်ကြီးက ချက်ချင်း ချဉ်းကပ်လာပြီး

“ ကျွန်တော့်သမီးကြောင့် မင်းသား စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။”

လုချန်းက ပြုံး၍

“ရွှမ်ယွမ်သခင်ကြီးက ရယ်စရာ ပြောနေတာပဲ။ ဗိုလ်ချုပ်ရွှမ်ယွမ်က လုံ့လဝီရိယရှိပြီး တာဝန်ယူတတ်တဲ့သူပါ။ သူ ကျွန်တော့်ကို ဘာမှ ဒုက္ခမပေးပါဘူး”

“နောက်ပြီး ဗိုလ်ချုပ်ရွှမ်ယွမ်နဲ့ ကျွန်တော် သဘောတူထားတာက ဒီနေ့ကစပြီး သူ ကျွန်တော့်နောက်ကို လိုက်မယ်။ ကျွန်တော် ရန်ခရိုင်ကို ပြန်တဲ့အခါ သူလည်း ကျွန်တော့်နဲ့အတူ လိုက်လိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ရွှမ်ယွမ် ချောင်ကဲ အံ့အားသင့်သွား၏။ သို့သော် စိတ်အတွင်း၌ အလွန် ဝမ်းသာသွားကာ ချက်ချင်းပင်

“ကျွန်တော့်သမီးကို တန်ဖိုးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။”

ရွှမ်ယွမ်‌ချောင်ကဲ၏ စိတ်ထဲတွင် လုချန်းအား ရွှမ်ယွမ်ယွမ်ချီနှင့် လက်ထပ်စေလိုသော ဆန္ဒရှိသည်။ သို့သော်ရွှမ်ယွမ်ယွမ်ချီ၏ လုချန်းအပေါ်ထားရှိသော သဘောထားကို စိုးရိမ်နေပြီး သူမ ငြင်းဆန်မည်ကို ကြောက်ရွံ့နေခဲ့သည်။ အံ့ဩစရာကောင်းစွာပင် တစ်ခေါက် အပြင်ထွက်ပြီးနောက် အရာအားလုံး အဆင်ပြေသွားပုံရသည်။

ကံကြမ္မာ၏ သားတော်၊ လူသားဧကရာဇ်၏ ဆွဲဆောင်မှုကို မည်သည့် အမျိုးသမီးမှ မခံနိုင်ပေ။

သူမ၏ ဖခင် အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ရွှမ်ယွမ်ယွမ်ချီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ သူမ၏ ဖခင်၏ အတွေးများကို သူမ ချက်ချင်း နားလည်လိုက်သည်။

သို့သော် သူမသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ရန် မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ လိုက်ပါခြင်းဖြစ်၏။ သူနှင့် အိမ်ထောင်ပြုရန် မဟုတ်ပေ။ ထိုအချက်က သူမ၏ ဖခင်ကို စိတ်ပျက်စေလိမ့်သည်။

.......

အခန်း (၄၅၀)

ဇာတိမြေကို ဘယ်တော့ ပြန်ရောက်မလဲ (၁)

ဝူနိုင်ငံတော်။

စိမ်းလန်းသော မိုးတိမ်ခန်းမ။

အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ဝူကျန်းဝမ်သည် ကုလားထိုင်ကြီးတစ်ခုပေါ်တွင် အနားယူလျက်ရှိသည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သူမဟန်ပန်သည် ပို၍ပို၍ ခမ်းနားထည်ဝါလာသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် သူမဝတ်ဆင်ထားသော အနီရောင် ဖီးနစ်ဝတ်ရုံကို ကြည့်ရင်း ယွဲ့ဧကရာဇ်၏ ဖီးနစ်ဝတ်ရုံကို စိတ်ကူးယဉ်မိသည်။ ထိုဖီးနစ်ရုံကို သူမကိုယ်ပေါ် လွှမ်းခြုံရုံဖြင့်ပင် သူမ အတိုင်းမသိ ကျေနပ်မှုကို ခံစားရသည်။

သို့သော်လည်း သူထိုကဲ့သို့သော ဖီးနစ်ရုံကို ယခုအချိန်တွင် မဝတ်ဆင်နိုင်သေးပေ။အနည်းဆုံးတော့ လွန်ခဲ့သည့် နှစ်ငါးဆယ်အတွင်း အမျိုးသမီးတစ်ဦးအတွက် ထိုသို့ ဝတ်ဆင်ရန် အခွင့်အရေး မရှိသေးပေ။

ထိုစဉ် အစေခံမလေးတစ်ဦး ခန်းမဆောင်ကြီးထဲသို့ ဝင်လာပြီး

“ချိုင်လူကြီးမင်းတွေ့ခွင့်တောင်းခံပါတယ်မင်းသမီးကျန်းဝမ်။”

ဟု လျှောက်တင်လိုက်သည်။

ဝူကျန်းဝမ်က ကုလားထိုင်ပေါ်မှ မထပဲ ပျင်းရိစွာဖြင့်

“ဝင်ခွင့်ပြုလိုက်ပါ။”

ခဏအကြာတွင် အစေခံမလေးသည် ချိုင်ကျိလျှံကို စိမ်းလန်းသော မိုးတိမ်ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ခန်းမထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စိမ်းလန်းသော မိုးတိမ်ခန်းမ များစွာ ပြောင်းလဲသွားသည်ဟု ချိုင်ကျိလျှံ ခံစားလိုက်ရသည်။ ခန်းမဆောင်တွင် နီရဲသော ကန့်လန့်ကာများ ထပ်တပ်ထားသောကြောင့် အတွင်းမှ လူရိပ်များကို အနည်းငယ်သာ မြင်တွေ့နိုင်သည်။

စိမ်းလန်းသော မိုးတိမ်ခန်းမတွင် အရင်က

ကန့်လန့်ကာများ မရှိပါ။ သူလာတိုင်း ဝူကျန်းဝမ်ကို တိုက်ရိုက် မြင်တွေ့နိုင်သည်။

ချိုင်ကျိလျှံ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ဝူကျန်းဝမ် စိမ်းလန်းသော မိုးတိမ်ခန်းမကို အဘယ့်ကြောင့် ဤကဲ့သို့ ပြောင်းလဲပစ်လိုက်သနည်း။ ထိုပြောင်းလဲခြင်း၏ အဓိပ္ပာယ်က ဘာလဲ။

ထိုနောက်ကွယ်မှ အကြောင်းရင်းကို ချိုင်ကျိလျှံ နားမလည်နိုင်သော်လည်း ယခု စိမ်းလန်းသော မိုးတိမ်ခန်းမထဲတွင် ကျူးနိုင်ငံတော်မှ အရာရှိတစ်ဦး ရှိနေပါက ယခု ဤအပြင်အဆင်သည် ယွဲ့ဧကရာဇ်၏ အိပ်ဆောင်ကို ပုံစံတူ ပြုလုပ်ထားကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။

ထို့နောက် ဝူကျန်းဝမ်၏ ပျင်းရိသောအသံကို ကန့်လန့်ကာနောက်မှ ကြားလာသည်။

“ မတွေ့ရတာ အချိန်အတော်ကြာပြီ ချိုင်လူကြီးမင်း။ ဘာကြောင့်များ ချိုင်လူကြီးမင်းက ကျွန်မကို နေပြည်တော်ကို အမြန်ပြန်စေချင်နေတာလဲဆိုတာ တော်တော် သိချင်မိတယ်။”

“ဖခင်က နန်းတွင်းအာဏာ ချိန်ခွင်လျှာညှိဖို့ ရည်ရွယ်နေတာကို ရှင်မသိနိုင်ဘူးလို့ ကျွန်မမယုံဘူး။”

ချိုင်ကျိလျှံက

“ဧကရာဇ်ရဲ့ အတွေးကို ကျွန်တော်သဘောပေါက်ပါတယ် မင်းသမီးကျန်းဝမ်။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော်ကို ပိုင်းခြားဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ ဧကရာဇ်ရဲ့ မနှစ်သက်မှုကို ဖြစ်စေနိုင်ပေမဲ့ ဒီအောင်မြင်မှုကို တခြားသူတွေ ရယူသွားတာကို ကျွန်တော်တို့ ခွင့်ပြုလို့ မဖြစ်ဘူးလို့ ယုံကြည်ပါတယ်။”

“ဧကရာဇ်ဟာ အမြဲတမ်း နယ်မြေချဲ့ထွင်ဖို့ အာရုံစိုက်ထားပါတယ်။ ရှနိုင်ငံတော် ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဝူနိုင်ငံတော်အတွက် နယ်မြေချဲ့ထွင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဧကရာဇ်ဟာ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဝူနိုင်ငံတော်ရဲ့ နယ်မြေဟာ ကျယ်ပြန့်လာပါလိမ့်မယ်။”

“ဝူနိုင်ငံတော်အတွက် နယ်မြေချဲ့ထွင်ရာမှာ စစ်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသားတွေဟာ နောက်ဆုံးမှာ ထီးနန်းအတွက် အင်အားကြီးတဲ့ ပြိုင်ဘက်တွေ ဖြစ်လာမယ်ဆိုတာကို မင်းသမီး အနေနှင့်ကောင်းကောင်း သိထားရပါလိမ့်မယ်။”

“မင်းသမီးဟာ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဝူနိုင်ငံတော်မှာ အမျိုးသမီးတစ်ယောက် ဧကရာဇ်ရာထူးကို ရယူခဲ့တဲ့ သာဓက တစ်ခါမှ မရှိခဲ့ဘူးဆိုတာကို အသိအမှတ်ပြုရပါလိမ့်မယ်။ မင်းသမီး အဲဒီရာထူးကို လိုချင်တယ်ဆိုရင် သာမန်မင်းသားတွေထက် အများကြီး ပိုတဲ့ အောင်မြင်မှုတွေ ရရှိထားရပါလိမ့်မယ်။ အကယ်၍ မင်းသမီးဟာ ဒီလို အရေးကြီးတဲ့ အောင်မြင်မှုတွေကို တခြားသူတွေကို ရယူခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီရာထူးကို ရယူနိုင်ဖို့ မျှော်လင့်နိုင်သေးတယ်လို့ မင်းသမီး တကယ်ယုံကြည်ပါလား။”

“နောက်ပြီး ကျူးကဲ့ကျုံကောင်းဟာ ကောင်းကင်လူသားအဆင့်ကို ရောက်ရှိပြီးပါတယ်။ သတင်းက အတည်မပြုရသေးပေမဲ့ အရင်းမြစ်အမျိုးမျိုးက ထောက်လှမ်း အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရင် ဒါဟာ အမှန်ဖြစ်နိုင်ခြေ အလွန်များပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်မှန်းချက်နဲ့ဆိုရင် သူဟာ ဆင်းရဲတဲ့ မြောက်ပိုင်းပြည်နယ်လို နေရာမှာပဲ ဆက်နေချင်မှာ မဟုတ်ပါဘူး။ မြောက်ပိုင်းပြည်နယ်ဟာ ဘယ်အချိန်မဆို ရှနိုင်ငံတော်ကို စစ်ကြေညာနိုင်ပါတယ်။ ဆိုလိုတာက မြောက်ပိုင်းပြည်နယ်နဲ့ ရှနိုင်ငံတော်ကြား စစ်ပွဲဖြစ်ဖို့ လှုံဆော်နိုင်တဲ့သူဟာ ကြီးမားတဲ့ ဂုဏ်ပြုမှုကို ရရှိမှာပါ။ ဒါဟာ ရေတိုအတွင်း ရယူနိုင်တဲ့ အောင်မြင်မှုတစ်ခုပါ။”

“မင်းသမီး ဒီအခွင့်အရေးကို မယူချင်ဘူးလား “

ချိုင်ကျိလျှံ၏ စကားများကို ကြားပြီးနောက် ဝူကျန်းဝမ် အံ့အားသင့်သွားပြီး သူမ၏ မျက်ခုံးများသည် ခဏခန့် တွန့်သွားသည်။

ချိုင်ကျိလျှံပြောသော စကားများ အလွန်အဓိပ္ပာယ်ရှိသည်ဟု ဝူကျန်းဝမ် ရုတ်တရက် ခံစားလိုက်ရသည်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တကယ်ရောက်သွားပြီလားဆိုတာကို အတည်မပြုရသေးသော်လည်း ချီပြည်နယ် နယ်စပ်တွင် မြောက်ပိုင်းပြည်နယ်က တပ်အင်အား တစ်သိန်းဖြင့် ရန်စမှုများ ပြုလုပ်ခဲ့ခြင်းက မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်နှင့် စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း ဖော်ပြနေသည်။

မြောက်ပိုင်းပြည်နယ်၏ သူတို့ကိုယ်သူတို့ ယုံကြည်မှုကို ကြည့်ခြင်းဖြင့် သူတို့တွင် အမှန်တကယ်ပင် ကောင်းကင်လူသား စစ်သည်တစ်ဦး ရှိနေနိုင်ကြောင်း ညွှန်ပြနေ၏။ ထိုအချက်က မြောက်ပိုင်းမင်းသားအား ယခုလို ရဲရင့်စွာ ပြုမူရန် သတ္တိပေးနေခြင်းဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ အပြုအမူအရ သူ၏ လက်ရှိရာထူး၌ ကျေနပ်မှုမရှိတော့ကြောင်း ဖော်ပြနေသည်။ သူသည် ဆွမ်ဧကရာဇ်၏ ထီးနန်းကို ရည်ရွယ်နေပုံရပြီး စစ်ပွဲကို လှုံ့ဆော်ရန် ကြံစည်နေပုံရသည်။

ယခုအချိန်တွင် ဝူနိုင်ငံတော်မှ သံတမန်တစ်ဦးကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်နိုင်ပါက ဆွမ်ဧကရာဇ်ကို ရန်စနိုင်မည်ဖြစ်သည်။ သို့မဟုတ် မြောက်ပိုင်းပြည်နယ်အား ရှနိုင်ငံတော်ကို တိုက်ရိုက်တိုက်ခိုက်ရန် လှုံ့ဆော်နိုင်မည်ဆိုလျှင် ရှနိုင်ငံတော် ကွဲထွက်ခြင်းက လက်တကမ်းအလိုသို့ ရောက်ရှိလာမည်ဖြစ်သည်။

ရှနိုင်ငံတော် ကွဲသွားသည်နှင့်တစ်ပြိုင်နက် မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်သော ဝူနိုင်ငံတော်၏ သံတမန်အပေါ် ကြီးမားသော ဂုဏ်ပြုမှုက ချက်ချင်း ကျရောက်လာမည်ဖြစ်၏။ ယင်းသည် ရေတိုအတွင်း ရိတ်သိမ်းနိုင်သော ဆုလာဘ်ဖြစ်သည်။ ထိုအခွင့်အရေးကို သူမ၏ အစ်ကိုတော်များအား ရယူခွင့် မပေးသင့်ပေ။

ထိုအတွေးဖြင့် ဝူကျန်းဝမ်က

“ချိုင်လူကြီးမင်း ပြောသလောက်တော့ မလွယ်ပါဘူး။ ကျွန်မဖခင်က ကျွန်မကို မြောက်ပိုင်းပြည်နယ် ကိုယ်စားလှယ်အဖြစ် စေလွှတ်မယ်လို့ မထင်ဘူး။”

ချိုင်ကျိလျှံက အေးဆေးစွာဖြင့်

“ စိတ်မပူပါနဲ့ မင်းသမီး။ မင်းသမီးကို မြောက်ပိုင်းပြည်နယ် စေလွှတ်မယ့် တာဝန်ပေးအပ်ဖို့ ဧကရာဇ်ကို စည်းရုံးနိုင်မယ့် နည်းလမ်း ကျွန်‌တော်ရှာပါ့မယ်။”

ဝူကျန်းဝမ်သည် မကြာသေးမီက ဝူနိုင်ငံတော်၏ အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို အဆုံးသတ်ခဲ့သည်။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ဝူဧကရာဇ် သူမကို အလွန်တန်ဖိုးထားကြောင်း မည်သူမဆို သိမြင်နိုင်သည်။ ထို့ကြောင့် ချိုင်ကျိလျှံ ယင်းအချက်ကို အသုံးပြုနိုင်သည်။

မြောက်ပိုင်းပြည်နယ်သို့ သံတမန်စေလွှတ်ရနာ၌ ဝူနိုင်ငံတော်၏ စစ်မှန်သော ရည်ရွယ်ချက်ကို ပြသရမည်ဖြစ်၏။ ထို့ကြောင့် အရေးပါ အရာရောက် သူတစ်ဦးကို စေလွှတ်ရမည်ဖြစ်သည်။

ဧကရာဇ်၏ သားတော်များသည် အရည်အချင်းနည်းပါပြီး အသုံးမကျသူများသာ ဖြစ်ကြသည်။ နန်းတွင်း၏ အထူးတပ်ဖွဲ့များဖြင့်ပင် အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို မနှိမ်နင်းနိုင်ခဲ့ကြပေ။ ထိုသို့သော သူများကို မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် စေလွှတ်ခြင်းက စော်ကားမှုတစ်ရပ် ဖြစ်သွားပေလိမ့်မည်။

ဝူကျန်းဝမ်မှာမူ ကွဲပြားခြားနားသည်။ သူမသည် အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပြီး ဝူနိုင်ငံတော်၏ မင်းသမီးကျန်းဝမ်အဖြစ် သူမ၏ အရေးပါမှုမှာ ထင်ရှားသည်။

သူမကဲ့သို့ ဝူနိုင်ငံတော်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကိုသာ မြောက်ပိုင်းပြည်နယ် သံတမန်အဖြစ် ရွေးချယ်သင့်သည်။ ဤနည်းဖြင့်သာ ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်နှင့် မိတ်ဖွဲ့ရာတွင် အလေးအနက်ထားကြောင်း ပြသနိုင်မည်ဖြစ်သည်။

........

All Chapters