အခန်း ၄၅၄-၄၅၆
Vol. 31 Ch. 454-456
အခန်း (၄၅၄ )
သူက နင့်အစ်မရဲ့ကလေးဆိုတာ သိသေးတယ်လား (၂)
ချန်ဝမ်ရွန်၏ ကိစ္စနှင့် ပတ်သက်၍ လျှို့ဝှက်လဝန်းနန်းတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ အဆင်မပြေဖြစ်ကာ လုချန်းက သူ့တပ်များဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက နန်းတော်၏ အဆုံးသတ်ရလဒ်သည် သေချာပေါက် ကောင်းမွန်မည်မဟုတ်ပေ။
လင်ဝမ်ရွန် လုချန်းကို အလွန်လေးစားသည်။ သူမ၏ အမြင်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအခြေအနေတစ်ခုတွင် ရပ်တန့်နေပြီး မြောက်ပိုင်းပြည်နယ်သည် အလွန်လျင်မြန်စွာ တိုးတက်နေ၏။အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏ အင်အားတိုးတက်မှုနှုန်းမှာ အလွန်မြန်ဆန်လှသည်။ အနာဂတ်တွင် မြောက်ပိုင်းပြည်နယ်မှ နောက်ထပ် ကောင်းကင်လူသားအဆင့်ရှိသူတစ်ဦး ပေါ်ထွန်းလာဦးမည်လားဆိုသည်ကို မည်သူမှကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
လင်ဝမ်ရွန်၏ ကိုယ်ပိုင်အမြင်အရ အင်အားကြီးနှစ်ခုကြား ပဋိပက္ခမဖြစ်ပွားစေလိုပေ။
လင်ဝမ်ရွန် အတွေးထဲ နစ်မြောနေစဉ် လုချန်းက
“ရွန်ရွန်ရဲ့ ဆရာက သူ့ကို မထိခိုက်သရွေ့ ကိစ္စမရှိပါဘူး။ သူ့ဆရာက သူ့ကို ချုပ်နှောင်ထားပြီး တောင်ပေါ်က ဆင်းခွင့်မပြုဘူးဆိုရင် မြောက်ပိုင်းပြည်နယ် တည်ငြိမ်သွားတာနဲ့ ကျွန်တော်ကိုယ်တိုင် သွားခေါ်ပါ့မယ်။”
ထိုစကားကို ကြားသောအခါ လင်ဝမ်ရွန်က “စိတ်မမြန်ပါနဲ့ ချန်းလေး။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ရှိနိုင်ပါသေးတယ်”
ဟု အလျင်အမြန် ပြောလိုက်သည်။
လုချန်းက ပြုံးလိုက်ပြီး
“ဒေါ်လေးလင်မှာ တခြားအကြံဉာဏ်များ ရှိသေးလား”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်က
“ရွန်ရွန်ရဲ့ ဆရာက သူ့အပေါ်အရမ်း ကောင်းတယ်။ ရွန်ရွန်က မင်းရဲ့ မိန်းမဖြစ်ဖို့ တောင်းဆိုနေမယ်ဆိုရင် ဆရာက နောက်ဆုံးမှာ မင်းကို ရှာဖို့ တောင်ပေါ်က ဆင်းခွင့်ပေးလိမ့်မယ်လို့ ဒေါ်လေး ယုံကြည်တယ်။”
လုချန်းက
“အဲဒါက ဖြစ်နိုင်ခြေ မရှိဘူး။”
လုချန်း၏ စကားမဆုံးသေးခင် အပြင်ဘက်မှ အစေခံမလေး၏ အသံထွက်လာသည်။ “မင်းသားကို တပ်မှူး ချင် ရှာနေပါတယ်။ သူ့မှာ သတင်းကောင်းတစ်ခုရှိတယ်လို့ ပြောပြီး စာကြည့်ခန်းကို ချက်ချင်းသွားဖို့ တိုက်တွန်းနေပါတယ်။”
လုချန်းအံ့အားသင့်သွားသည်။
သတင်းကောင်း....
ဘယ်လို သတင်းကောင်းလဲ။
လုချန်း ချက်ချင်း ထရပ်လိုက်ပြီး လင်ဝမ်ရွန်ကို
“ရွန်ရွန်အကြောင်း ဘာသတင်းရရ ကျွန်တော့်ကို ချက်ချင်းပြောပါ ဒေါ်လေးလင်။”
လင်ဝမ်ရွန်က
“ကောင်းပါပြီ”
ဟု ပြန်ဖြေသည်။
ထို့နောက် လုချန်းလည်း စာကြည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ချင်ယူရှန်က သတင်းကောင်းပါသည်ဟု အလေးအနက် ပြောဆိုခဲ့လျှင် ယခုတစ်ကြိမ် သူယူလာသော သတင်းအချက်အလက်က အလွန်တန်ဖိုးရှိရမည်။
ခဏအကြာတွင် လုချန်း စာကြည့်ခန်းအဆောင်သို့ ရောက်လာသည်။ ထိုအချိန်တွင် ချင်ယူရှန်သည် လုချန်းရောက်လာသည်ကို မြင်သောအခါ တစ်ခုခုပြောရန် ချဉ်းကပ်လာရမည့်အစား ထိုကိစ္စသည် အပြင်တွင်ဆွေးနွေးရန် မသင့်ကြောင်း သတိရလိုက်သဖြင့် ရိုးရိုးလေးပင် ဦးညွတ်ကာ
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်း ခေါင်းညိတ်ပြီး
“အင်း။ ဘာသတင်းလဲ တပ်မှုးချင်”
ဟု မေးလိုက်သည်။
ချင်ယူရှန်က
“တခြားနေရာမှာ သွားပြောကြရအောင် မင်းသား “
ဟု အကြံပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ထောက်လှမ်းရေးသတင်းသည် အလွန်အရေးကြီးကြောင်း လုချန်း သဘောပေါက်လိုက်သည်။ သူက ချက်ချင်း စာကြည့်ခန်းဆီသို့ လျှောက်သွားကာ
“ကျွန်တော်နဲ့ လိုက်ခဲ့ပါ။”
ထို့နောက် နှစ်ဦးသား စာကြည့်ခန်းထဲသို့ ဝင်သွားကြပြီး ဝင်ဝင်ချင်း ချင်ယူရှန်က စာကြည့်ခန်းတံခါးကို ချက်ချင်းပိတ်ကာ စာရွက်သေးသေးလေးတစ်ရွက်ကို လုချန်းအား ပေးလိုက်ပြီး
“ ယူမြို့တော်က ခိုစာပါ မင်းသား။ ရွှမ်ယွမ်ချောင်ကဲဟာ ကောင်းကင်လူသားနယ်ပယ်ကို ရောက်သွားပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်း ကြက်သေသေသွားသည်။
ကောင်းကင်လူသားနယ်ပယ်.....
သူသည် ယူမြို့တော်မှ ထွက်ခွာလာစဉ် ရွှမ်ယွမ်ချောင်ကဲ အဆင့်တက်တော့မည့် အရိပ်အယောင်များကို မတွေ့ခဲ့ရပေ။ရုတ်တရက် မည်သို့ အဆင့်တက်သွားနိုင်သနည်း။
ကောင်းကင်လူသားအဆင့်လား....
သူမနေ့ကမှ မင်းသားစံအိမ်သို့ ပြန်ရောက်လာခဲ့ပြီး ယနေ့တွင် ယူမြို့တော်မှ ခိုစာကို ရရှိခဲ့သည်။
နေပါဦး....
ကောင်းကင်လူသားနယ်ပယ်သို့ တက်လှမ်းရန် အထူးစမ်းသပ်မှုတစ်ခု လိုအပ်သည် မဟုတ်ပါလား။
ကျူးကဲ့ကျုံကောင်း၏ ခန့်မှန်းချက်အရ ကောင်းကင်လူသားနယ်ပယ်သို့ တိုးတက်လိုသော အဆင့်လွန်ပညာရှင်တိုင်းသည် ဤကမ္ဘာမှ အထူးစမ်းသပ်မှုတစ်ခုကို ခံယူရမည်ဖြစ်သည်။ ဥပမာအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသားအဆင့်ရှိသူသည် သူ၏ တိုးတက်မှုအတွက် အဆင့်လွန်ပညာရှင်များစွာကို လိုက်လံသတ်ဖြတ်ခဲ့ဖူးသည်။ ကျူးကဲ့ကျုံကောင်းကိုယ်တိုင်ပင် မြောက်ပိုင်းပြည်နယ်၌ ပညာရှင်များ ပိုမိုများပြားလာမှသာ စာပေ၏ စွမ်းအားကို စုပ်ယူနိုင်မည်ဖြစ်သည်။
ဤကမ္ဘာက ရွှမ်ယွမ်ချောင်ကဲအတွက် မည်သည့် စမ်းသပ်မှုကို ပြုလုပ်ခဲ့သနည်း။
လုချန်း ခဏမျှ စဉ်းစားပြီး ရွှမ်ယွမ်ချောင်ကဲအတွက် စမ်းသပ်မှုသည် သူနှင့် အလွန်ဆက်စပ်နေနိုင်သည်ဟု တွေးမိလိုက်သည်။ သူ ယူမြို့တော်သို့ မသွားမီ ရွှမ်ယွမ်ချောင်ကဲသည် ကောင်းကင်လူသားနယ်ပယ်သို့ မတိုးတက်ပဲ နှစ်သုံးရာကြာ နေထိုင်ခဲ့သည်။ သို့သော် ယူမြို့တော်ကို သူခဏရောက်ပြီးနောက် ရွှမ်ယွမ်ချောင်ကဲ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည်။
ထိုအချက်ကို သတိရမိသောအခါ လုချန်း ပြုံးရိပ်သမ်းသွားသည်။ ချန်ဝမ်ရွန်၏ ဆရာ သူ့ကို ဒုက္ခလာပေးမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုအခါ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့်ရှိ စွမ်းအားကြီးသူတစ်ဦး ရှိနေသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်၍ အရေးတယူ စိုးရိမ်စရာ မလိုတော့ပေ။
မဆိုင်းမတွပင် လုချန်းက ချင်ယူရှန်အား
“ရွှမ်ယွမ်ချောင်ကဲကို ချက်ချင်း ခိုစာလွှတ်ပြီး အကြောင်းကြားလိုက်ပါ။ ယူမြို့တော်ရဲ့ မြို့ဝန်ရာထူးကို သူ့ရဲ့ ဒုတိယသားကို လွှဲပေးပြီး သူ့ကိုရန်ခရိုင်ကို လာခိုင်းပါ”
ဟု ညွှန်ကြားလိုက်သည်။
ချန်ဝမ်ရွန်၏ ဆရာက သူ့ကို ဒုက္ခပေးမည်လားဆိုတာက မသေချာသော်လည်း ရွှမ်ယွမ်ချောင်ကဲကို ရန်ခရိုင်သို့ ခေါ်ယူထားခြင်းက ပို၍ လုံခြုံမည်ဖြစ်သည်။
ချင်ယူရှန်က
“ဟုတ်ကဲ့၊ မင်းသား”
ဟု ပြောလိုက်သည်
ထို့နောက် ချင်ယူရှန်လည်း စာပို့ရန် စာကြည့်ခန်းမှ ထွက်သွားသည်။
.....
တစ်ဖက်တွင်။
လျှို့ဝှက်လဝန်းနန်းတော်။
ငွေရောင်ဆံပင်နှင့် အေးစက်ပြီး အလွန်တရာ လှပသော အမျိုးသမီးတစ်ဦးသည် ခန်းမကြီးရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူမရှေ့တွင် ဒူးထောက်နေသော ချန်ဝမ်ရွန်ကို ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်နေသည်။
ခန်းမတစ်ခုလုံးတွင် သူတို့နှစ်ဦးမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မှ ရှိမနေပေ။
ထိုစဉ် အမျိုးသမီးက ထပ်မေးလိုက်သည်။
“အဲဒီလူက ဘယ်သူလဲဆိုတာ အတိအကျပြောစမ်း။”
ချန်ဝမ်ရွန်သည် ကြမ်းပြင်ပေါ်တွင် မည်သည့်ခံစားချက်မှ မပြပဲ ဒူးထောက်နေ၏။ တစ်ခွန်းမှလည်း ပြန်မဖြေပေ။
ချန်ဝမ်ရွန်သည် မဖြေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက အေးစက်စွာဖြင့်
“ရွန်ရွန်။ ငါ နင့်ကို သင်ကြားပေးခဲ့တဲ့ အဆုံးအမတွေအားလုံး နင်မေ့သွားပုံရတယ်။ ငါဟာ မကြာသေးခင်ကမှ ကျင့်စဉ်ဝင်ခဲ့တာ။ ဒါပေမဲ့ နင်က တောင်အောက်ဆင်းပြီး ယောက်ျားတစ်ယောက်ကို အရှာထွက်တယ်။ နင့်ရဲ့ မူလ ယင်စွမ်းအင် ဆုံးရှုံးသွားတာက နင့်ရဲ့ ကျင့်စဉ်ကို ဘယ်လောက်အထိ သက်ရောက်နိုင်တယ်ဆိုတာ သိရဲ့လား။”
“နှစ် ၅၀ အတွင်း ကောင်းကင်လူသားအဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေးကို နင်ဖြုန်းတီးလိုက်တယ်။ အခုတော့ နင့်ရဲ့ စင်ကြယ်တဲ့ ယင်ကိုယ်ခန္ဓာဟာ ညစ်ညမ်းသွားပြီး ကမ္ဘာ့ကံတရားနဲ့ ထိတွေ့သွားပြီ။ နှစ် ၁၀၀၊ ၂၀၀ ကြာရင်တောင် ကောင်းကင်လူသားအဆင့်ကို မရောက်နိုင်တော့ဘူး။”
ထိုအမျိုးသမီးသည် စကားပြောရင်း ပို၍ပင် ဒေါသထွက်လာသည်။
သူမ၏ ခန္ဓာကိုယ်မှ အေးစိမ့်သော လေထုတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ချက်ချင်းဆိုသလို ရေခဲများဖြင့် ဖုံးလွှမ်းသွားစေသည်။
............
အခန်း (၄၅၅ )
သူက နင့်အစ်မရဲ့ကလေးဆိုတာ သိသေးတယ်လား (၃)
ထိုအချိန်တွင် ချန်ဝမ်ရွန်သည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဒူးထောက်နေဆဲဖြစ်သည်။
ချန်ဝမ်ရွန်၏ မျက်နှာအမူအရာမပြောင်းလဲသည်ကို မြင်သောအခါ အမျိုးသမီးကသက်ပြင်းချလိုက်ပြီးနောက်
“တော်တော့”
ဟု ပြောလိုက်သည်။
ထိုအခါမှသာ ချန်ဝမ်ရွန် စကားစပြောလာသည်။
“ကျွန်မ ဆရာမရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ နန်းတော်သခင်ရာထူးက နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“နန်းတော်သခင်ရာထူးက နုတ်ထွက်မယ်။ ဘာလဲ။ တောင်အောက်ဆင်းပြီး နင့်ရဲ့ ချစ်သူနဲ့ အတူနေချင်လို့လား”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်က ခိုင်မာစွာဖြေလိုက်သည်။
“ဆရာဒီတောင်းဆိုမှုကို ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်။”
ချန်ဝမ်ရွန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ ခန္ဓာကိုယ်မှ အလွန်အေးစက်သော စွမ်းအင်များ ပေါက်ထွက်လာပြီး ချန်ဝမ်ရွန်၏ ခန္ဓာကိုယ်ကို ချက်ချင်း လွင့်စင်သွားစေသည်။ ကြမ်းပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လူးလိမ့်ပြီးမှ သူမငြိမ်သက်သွားသည်။
ထိုအချိန်တွင် အမျိုးသမီးက
“နင့်ရဲ့ အစ်မ ဘယ်လိုသေသွားလဲ နင်မှတ်မိသေးလား။”
ကြမ်းပြင် ပေါ်မှ ခက်ခက်ခဲခဲထပြီး
ချန်ဝမ်ရွန်ဒူးပြန်ထောက်လိုက်သည်။
အမျိုးသမီးက ဆက်၍
“နင့်ရဲ့ အစ်မဟာ လွန်ခဲ့တဲ့နှစ်တွေက ဆရာ့ရဲ့ အကြံဉာဏ်ကို နားမထောင်ပဲ ဆွမ်ဧကရာဇ်နဲ့ ဇွတ်အတင်းလက်ထပ်ခဲ့လို့ နောက်ဆုံးမှာ ဝမ်းနည်းဖွယ်အဆုံးသတ်ကို ရခဲ့တယ်။ နင်က နင့်အစ်မရဲ့ ခြေရာကို လိုက်ချင်နေတာလား”
“အဲဒီယောက်ျားက ဘယ်သူဆိုတာ ငါ့ကိုမပြောရင်တောင် ငါအတော်လေးသိပြီးသားပါ။”
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေရဲ့ အစီရင်ခံစာအရ မကြာသေးခင်ကအထိ နင်မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေခဲ့တယ်။ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ မိန်းမများတဲ့သူပဲ။ မင်းရဲ့သန့်ရှင်းမှုကို ဖျက်ဆီးခဲ့တာ သူပဲဖြစ်ရမယ်။”
ထိုစကားကို ကြားရသောအခါ ချန်ဝမ်ရွန်က အလျင်အမြန်ပြောလိုက်သည်၊
“ဒါအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒပါ။ အခြားသူတွေကို အပြစ်မတင်ပါနဲ့ ဆရာ။”
အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး
“ဒီအချိန်မှာတောင် နင့်ချစ်သူကို ကာကွယ်နေသေးတယ်။ နင်သူ့ကိုတကယ်ပဲ ချစ်နေပြီနဲ့တူတယ်။”
ချန်ဝမ်ရွန်က
“မြောက်ပိုင်းနယ်စားမင်းသားဟာ ဂိုဏ်းတူအစ်မရဲ့ သားတော်ပါ။ အစ်မတော်ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်တဲ့အတွက် မြောက်ပိုင်းနယ်စားမင်းသားဟာ နန်းတော်ရဲ့ နတ်သားပါ။ သူ့ကြောင့် ကျွန်မရဲ့ စင်ကြယ်မှု ပျက်စီးခဲ့ရင်တောင်...”
ချန်ဝမ်ရွန်၏ စကားကို အမျိုးသမီးက ရုတ်တရက် ဖြတ်တောက်လိုက်သည်။
“တိတ်စမ်း။ နင့်အစ်မရဲ့သားဆိုတာ နင်သိရဲ့သားနဲ့”
“ဆွမ်ဧကရာဇ်ရဲ့ သွေးသားက ဘာကောင်းကျိုးပေးနိုင်မှာလဲ။”
“နင်အစ်မဟာ ဆွမ်ဧကရာဇ်ကြောင့် သေခဲ့ရသလို တစ်နေ့မှာ နင်လည်း ဆွမ်ဧကရာဇ်ရဲ့ သားကြောင့် သေရလိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသားက နင့်ကို ရိုးသားတဲ့ စိတ်ထားနဲ့ ချဉ်းကပ်ခဲ့တယ်လို့ နင်ထင်နေတာလား။”
ထိုအမျိုးသမီး၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသား ချန်ဝမ်ရွန်ကို ချဉ်းကပ်ခြင်းသည် လျှို့ဝှက်လဝန်းနန်းတော်ကို ထိန်းချုပ်ရန်နှင့် ထို့နောက် သူတို့ကို အသုံးပြု၍ သူ၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု ယူဆသည်။ ယခင်က ဆွမ်ဧကရာဇ် လုပ်ခဲ့သည့်အတိုင်းပင်ဖြစ်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်က ခိုင်မာစွာ ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်မက အရင် ချဉ်းကပ်ခဲ့တာပါ။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးလည်း ရယ်မတတ် ဖြစ်သွားပြီး
“နင်က သူ့ကို ချဉ်းကပ်ခဲ့တာ.... ဘာအတွက်လဲ။ နင်က သူ့ကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သားလို့ တကယ် ထင်နေတာ မဟုတ်လောက်ပါဘူးနော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ကို ဆုံးရှုံးခဲ့လို့ သူ့ကို သနားနေတာလား။ နင့်ရဲ့ အစ်မကိုယ်စား သူ့ကို ပြုစုစောင့်ရှောက်ချင်လို့လား။”
“ နင်ကသူ့အိပ်ရာထဲ ရောက်တဲ့အထိ သူ့ကို ပြုစုစောင့်ရှောက်ချင်တာလား”
“နင့်ကို ကြည့်ရတာ နင့်အစ်မရဲ့ ခြေရာကို လိုက်ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကလေးတွေကို မွေးဖွားချင်နေပုံရတယ်။”
ချန်ဝမ်ရွန် နှုတ်ဆိတ်နေပြီး ဘာမှ မပြောတော့ပေ။
ချန်ဝမ်ရွန်၏ ခံစားချက် မရှိသော မျက်နှာကို မြင်သောအခါ အမျိုးသမီး ဒေါသထွက်လာသည်။ ထို့နောက် သူမက
“ငါဘာအပြစ်လုပ်မိလို့ နင်တို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံမိရတာလဲ။”
“ယောက်ျားတွေဟာ တကယ် အရေးကြီးတာလား။ သူတို့မရှိရင် နင်တို့ အသက်မရှင်နိုင်ဘူးလား။”
ထိုအချိန်တွင် အမျိုးသမီး တိတ်ဆိတ်သွားပြီး ခန်းမကြီးတစ်ခုလုံး ငြိမ်သက်သွားသည်။ အချိန်အတော်ကြာကြာ တိတ်ဆိတ်နေပြီးနောက် အမျိုးသမီးက ထပ်မံ စကားစပြောလိုက်သည်။
“သူက နင့်အစ်မရဲ့သားဖြစ်တဲ့အတွက်သူ့ကိုငါ အပြစ်မတင်တော့ဘူး။ သူ့ရဲ့ တကယ့်စရိုက်အမှန်က ဘယ်လိုလဲ။ ကောလာဟလတွေ ပြောနေသလို ကာမဂုဏ်လိုက်စားပြီး ပျော်ပါးလိုတဲ့သူမျိုးလား။”
ထိူစကားကို ကြားသောအခါ ချန်ဝမ်ရွန်၏ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမ၏ ဆရာ သူမအတွက် လုချန်းကို ဒုက္ခပေးမည်ကို ချန်ဝမ်ရွန် စိုးရိမ်နေခဲ့သည်။ သို့သော်သူမ၏ ဆရာတွင် ချူးယွဲ့အပေါ် သံယောဇဉ် ရှိနေသေးသောကြောင့် လုချန်း ဘေးကင်းလောက်သည်။ အမှန်တော့ လုချန်းသည်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ နတ်သားတစ်ပါးဖြစ်သည်။
ထို့နောက် ချန်ဝမ်ရွန်က
“သူက မိန်းမလှတွေကို နှစ်သက်ပေမဲ့ သူ့ရဲ့ မိန်းမအားလုံးကို ကောင်းကောင်း ဆက်ဆံပါတယ်။”
ထိုစကားကို ကြားရသောအခါ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက နှာခေါင်းရှုံ့ကာ
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ယောက်ျားတွေအားလုံး တူတူပဲ။”
ဆံဖြူ အမျိုးသမီးက ဆက်မေးသည်။
“သူ့ရဲ့ သိုင်းပညာပါရမီက ဘယ်လိုလဲ။”
ချန်ဝမ်ရွန်က
“သူ... အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်နှင့်ပြီးပါပြီ။ ကျွန်မ အဆင့်လွန်ပညာရှင်အဆင့်ကို ဒီလောက်မြန်မြန် ရောက်နိုင်ခဲ့တာဟာလည်း သူ့ရဲ့ အကူအညီကြောင့်ပါ။”
ထိုစကားကို ကြားရသောအခါ ဆံပင်ဖြူ အမျိုးသမီး အံ့အားသင့်သွားပြီး မျက်ခုံးအနည်းငယ်ကျုံ့သွားကာ
“အဆင့်လွန်ပညာရှင်။ သူက အခုဆို ၁၈ နှစ်ပဲရှိသေးတယ်မဟုတ်လား။ မိန်းမလှတွေကို ဒီလိုမက်မောနေရင်း အဆင့်လွန်ပညာရှင်အဆင့်ကို ဘယ်လိုမြန်မြန်ရောက်နိုင်တာလဲ။”
ချန်ဝမ်ရွန်က
“တပည့် မသိပါဘူး”
ဟု ပြန်ဖြေလိုက်သည်။
ဆံဖြူအမျိုးသမီးက စိတ်တိုတိုဖြင့်
“သူ့ရဲ့ နောက်ခံအကြောင်းကိုတောင် နင်မသိပဲနဲ့ သူ့ကို နင့်ရဲ့ ခန္ဓာကိုယ် ပေးလိုက်ပြီလား။ နင်တကယ် ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ။
“ ဟု ပြောလိုက်သည်။
ဆံဖြူအမျိုးသမီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး
“နင်ပြောတဲ့ သူ့အကူအညီနဲ့ အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်သွားတယ်ဆိုတာ ဘယ်လိုမျိုးလဲ။”
ဟု ဆက်မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ ချန်ဝမ်ရွန်၏ အေးစက်ပြီး ဖြူဖျော့နေသော ပါးပြင်များ အနည်းငယ် နီရဲသွားသည်။ သူမ နှုတ်ဆိတ်နေသည်။
ချန်ဝမ်ရွန် မဖြေသည်ကို မြင်သောအခါ ဆံဖြူအမျိုးသမီးက ဆက်ပြောသည်။
“ဘာလဲ။ မဟုတ်တဲ့ နည်းလမ်းတစ်ခုခုကို သုံးခဲ့လို့ အဲဒီအကြောင်းကို ပြောဖို့ ရှက်နေတာလား။”
ချန်ဝမ်ရွန်က နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး
“သူနဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ ကျွန်မအဆင့်လွန်ပညာရှင်အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့နဲ့ အတူရှိနေတဲ့အခါ ကျွန်မရဲ့ စွမ်းအားက အလျင်အမြန် တိုးတက်လာပါတယ်။”
ချန်ဝမ်ရွန်၏ အဖြေကို ကြားသောအခါ ဆံဖြူအမျိုးသမီးလည်း တစ်စုံတစ်ခုကို နားလည်လိုက်ဟန်ဖြင့် ရုတ်တရက် အံ့အားသင့်သွားသည်။
ထို့နောက် သူမက လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချန်ဝမ်ရွန်၏ ခန္ဓာကိုယ်သည် ဆံဖြူအမျိုးသမီး၏ ရှေ့သို့ တည့်တည့် ကျသွားပြီး ချန်ဝမ်ရွန်၏ လက်ကောက်ဝတ်ကို ဆွဲကာ သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
ထို့နောက် သူမက အံ့အားသင့်သော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
“မကောင်းတဲ့ယင်စွမ်းအင်အားလုံး ကင်းစင်နေတယ်။ ဒါဟာ တကယ့်ယင်ယန်ကျင့်စဉ်ပဲ”
“သူက သိုင်းပညာလမ်းကြောင်းပေါ်မှာ မဟုတ်ဘူး။ သူက တန်ခိုးစွမ်းအား လေ့ကျင့်တဲ့လမ်းကြောင်းပေါ်မှာ။”
ဆံဖြူအမျိုးသမီး အလွန် အံ့အားသင့်သွားပြီး ခဏအကြာမှ သတိပြန်ဝင်လာကာ
“ယွဲ့ရဲ့ ကလေးမှာ ဒီလို ကံကောင်းမှုမျိုး ရှိမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
ထိုသို့ပြောပြီးနောက် ဆံဖြူအမျိုးသမီးက ချန်ဝမ်ရွန်၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေ အိမ်ထောင်ဖက်ရှာတာကို ဘာကြောင့် ငါ မတားမြစ်တာလဲ သိလား”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်က
“ မသိပါဘူး”
ဆံဖြူအမျိုးသမီးက ရှင်းပြလိုက်သည်။
“ငါလာခဲ့တဲ့ ကမ္ဘာမှာ ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေးကို အသုံးပြုပြီး ထူးခြားတဲ့ လေ့ကျင့်တဲ့နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြတယ်။ အဲ့ဒါက ယင်ယန်ကျင့်စဉ်ပဲ။ ဒါပေမဲ့ ဒီနည်းလမ်းကို တကယ် ချစ်ခင်မြတ်နိုးတဲ့ ယောက်ျားနဲ့ မိန်းမပဲ လေ့ကျင့်နိုင်တယ်။ စိတ်နှလုံးချင်း အပြန်အလှန် ဆက်သွယ်မှု မရှိရင် နှစ်ဦးစလုံး ရူးသွပ်သွားနိုင်တယ်”
“ငါ တပည့်တွေ အိမ်ထောင်ဖက်ရှာတာကို မတားမြစ်ခဲ့တာဟာ ဒီကျင့်စဉ်နည်းလမ်းကို ဘယ်သူတွေ နားလည်မလဲဆိုတာ သိချင်လို့ပဲ။”
..........
အခန်း(၄၅၆ )
ယွမ်ရှန်ရှန် (၁)
နန်းတော်သခင်မကြီးသည် ယောက်ျားအားလုံး တူတူပင်ဖြစ်သည်ဟု အမြဲပြောလေ့ရှိပြီး သူတို့ကို ရွံမုန်းဟန်ရှိသော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များအကြား ချစ်ကြိုက်ခွင့်ကို မည်သည့်အခါကမှ တားမြစ်ခဲ့ခြင်းမရှိသလို ရင်းနှီးသော ဆက်ဆံရေးများကိုလည်း မတားမြစ်ခဲ့ပေ။
တစ်ဖက်တွင် လူသားတို့၌ ခံစားချက်ခုနစ်ပါးနှင့် ဆန္ဒခြောက်ပါးရှိကြောင်း
ယွမ်ရှန်ရှန် အကောင်းစွာ သိရှိထား၏။ တာအို ကျင့်စဉ် လေ့ကျင့်ခြင်းသည် အထီးကျန်ဆန်သော ခရီးတစ်ခုဖြစ်သည်။ ခံစားချက်များနှင့် ဆန္ဒများကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခြင်းသည် အပျက်သဘောဆောင်သော ခံစားချက်များ စုပုံလာစေပြီး လေ့ကျင့်နေစဉ်အတွင်း လွယ်ကူစွာ လမ်းလွဲသွားစေနိုင်သည်။
အခြားတစ်ဖက်တွင်မူ သူမသည် လျှို့ဝှက်လဝန်းနန်းတော်၏ မည်သည့်တပည့်မဆို စုံတွဲကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်မလားဆိုတာ ကြည့်လိုသည်ဟု ချန်ဝမ်ရွန်အား ပြောခဲ့သည်။
ယခုအချိန်အထိ မည်သည့်တပည့်တစ်ဦးတစ်ယောက်မှ စုံတွဲကျင့်စဉ်ကို မကျွမ်းကျင်သေးသော်လည်း လေ့ကျင့်ဖော်များရရှိထားသော တပည့်အချို့သည် လေ့ကျင့်ဖော်မရှိသူများထက် တိုးတက်မှုနှုန်း သိသိသာသာ မြန်ဆန်ကြောင်း တွေ့ရှိခဲ့ရ၏။ ထိုဖြစ်စဉ်ကို ယွမ်ရှန်ရှန် သတိပြုမိခဲ့သည်မှာ ကြာပြိီဖြစ်သည်။
သို့သော် ကာမဂုဏ်ရှောင်သူ တပည့်များနှင့်နှိုင်းယှဉ်ပါက စုံတွဲလေ့ကျင့်သူများသည် ထူးချွန်ရန်သော အဆင့်တစ်ခုသို့ ရောက်ရှိရန် ခက်ခဲကြောင်းလည်း တွေ့ရှိခဲ့သည်။
ဥပမာအားဖြင့် သူမ တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့ဖူးသော အမျိုးသမီးတစ်ဦးသည် သူမ၏ စွမ်းအင်အားလုံးကို လေ့ကျင့်မှုတွင်သာ အာရုံစိုက်ခဲ့သည်။ သူမ၏ တပည့်ရင်းဖြစ်သော ချန်ဝမ်ရွန်နှင့် မတူပဲ သူမသည် ထိုအမျိုးသမီးအား လမ်းညွှန်မှု အနည်းငယ်သာ ပေးခဲ့သည်။ အစပိုင်းတွင် သူမသည် ထိုအမျိုးသမီးတပည့်အပေါ် မျှော်လင့်ချက်မထားသော်လည်း ထိုအမျိုးသမီးသည် တိုတောင်းသောကာလအတွင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့သည်။
ဟုတ်ပါသည်။ ကာမဂုဏ်ရှောင်ကြဉ်ခြင်းသည် လေ့ကျင့်မှုနှုန်းကို မြှင့်တင်နိုင်ပြီး ပိုမို ခရီး ရောက်စေသော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ လေ့ကျင့်ဖော် ရှာဖွေခြင်းကို တားမြစ်ရန် ယွမ်ရှန်ရှန် ဘယ်သောအခါကမှ မစဉ်းစားခဲ့ပါ။ သူမ၏ အမြင်အရ အချို့လူများသည် ထိုလမ်းကြောင်းတွင် ဝေးဝေးသွားရန် ရည်ရွယ်ထားခြင်း မရှိပေ။
သို့သော် ထိုသူများထဲတွင် သူမ၏ တပည့်ရင်းနှစ်ဦးဖြစ်သော ချူးယွဲ့နှင့် ချန်ဝမ်ရွန်တို့ မပါဝင်ပေ။
သို့သော် သူမ၏ တပည့်ရင်းနှစ်ဦးစလုံးသည် သူမ၏ စကားကို လျစ်လျူရှုကာ ယောက်ျားရှာရန် ဇွတ်အတင်း တောင်းဆိုခဲ့ကြသဖြင့် သူမကို အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ချန်ဝမ်ရွန်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီး သူမအတွင်း၌ မကောင်းသော ယင်စွမ်းအင် မရှိကြောင်း အတည်ပြုပြီးနောက် လုချန်းသည် စစ်မှန်သော စုံတွဲ လေ့ကျင့်သည့်နည်းကို လေ့ကျင့်နေသည်ဟု ယွမ်ရှန်ရှန် အတော်လေး သေချာသွားပြီး သူမကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။ လုချန်းသည် မကောင်းသောနည်းလမ်းများဖြင့် အမျိုးသမီးများ၏ မူလယင်စွမ်းအားကို အသုံးချကာ လေ့ကျင့်နေခြင်းမဟုတ်ပါက လက်ခံနိုင်စရာရှိသည်။
ချန်ဝမ်ရွန်က လုချန်း သူ၏ မိန်းမများကို ကောင်းကောင်း ဆက်ဆံသည်ဟု ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ စုံတွဲလေ့ကျင့်နည်းသည် ယောက်ျားနှင့် မိန်းမတို့၏ စိတ်နှလုံး သဟဇာတဖြစ်ရန် လိုအပ်သောကြောင့် သဘာဝအားဖြင့် လုချန်းသည် သူ၏ မယားများကို ကောင်းကောင်း ဆက်ဆံမည်ဖြစ်သည်။
ထိုသို့သော သဟဇာတဖြစ်မှုကို ရရှိနိုင်ခြင်းသည် အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် လုချန်းသည် သူ၏ မယားများကို အမှန်တကယ်ချစ်မြတ်နိုးကြောင်း ဖော်ပြနေသည်။ မဟုတ်ပါက စစ်မှန်သော စုံတွဲလေ့ကျင့်သည့်နည်းကို သူအသုံးပြုနိုင်မည် မဟုတ်ပေ။
ထိုအချက်က ယွဲ့၏သားသည် ချစ်ခြင်းမေတ္တာကြီးမားသော ယောက်ျားတစ်ဦးဖြစ်ကြောင်း နန်းတော်သခင် ယွမ်ရှန်ရှန် အားတွေးမိစေသည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်က
“ဆရာ။ ကျွန်မနဲ့ မြောက်ပိုင်းနယ်စားမင်းသားဟာ စစ်မှန်တဲ့ စုံတွဲကျင့်စဉ်ကို ကျင့်သုံးနေတာဆိုရင် ကျွန်မကို နန်းတော်သခင်ရာထူးကနေ နုတ်ထွက်ခွင့်ပေးပြီး မြောက်ပိုင်းနယ်စားမင်းသားနဲ့ လက်ထပ်ခွင့်ပြုပါလား။”
ချန်ဝမ်ရွန် မြောက်ပိုင်းပြည်နယ်သို့ သွားရန် စဉ်းစားနေဆဲဖြစ်သည်ကို မြင်သောအခါ နန်းတော်သခင်မကြီး ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“နင် စစ်မှန်တဲ့ စုံတွဲလေ့ကျင့်နည်းကို လေ့ကျင့်ရင်တောင် ဘာဖြစ်လဲ။ စုံတွဲလေ့ကျင့်နည်းရဲ့ အကြီးမားဆုံး တားမြစ်ချက်က ချစ်ခြင်းမေတ္တာ မတည်မြဲခြင်းပဲ။ သူက မင်းသားတစ်ဦးဖြစ်ပြီးမယားတွေအများကြီးရှိတယ်။ သူ့နှလုံးသားထဲမှာ နင့်အတွက် ဘယ်လောက်နေရာပေးနိုင်မှာလဲ။ မကြာခင်မှာ သူလမ်းလွဲသွားမှာပဲ။”
ယွမ်ရှန်ရှန်၏ စကားများကို ကြားရသောအခါ ချန်ဝမ်ရွန်သည် စိတ်ပျက်အားလျော့သွားသည်။ သူမ၏ဆရာက သူမအား လျှို့ဝှက်လဝန်းနန်းတော်တွင် ချုပ်နှောင်ခံထားရန် ရည်ရွယ်ထားပုံရသည်။
သူမ ပြန်မလာပါက သူမကို အတင်းအကျပ် ပြန်ခေါ်မည်ဟု ပြောခဲ့သော လုချန်း၏ စကားများ အမှန်တကယ် ဟုတ်မဟုတ် သူမ တွေးတောနေမိသည်။
သူမ လုချန်းကို တစ်သက် ပြန်တွေ့နိုင်မည်မဟုတ်သော်လည်း မြောက်ပိုင်းပြည်နယ်နှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား ပဋိပက္ခဖြစ်ပွားခြင်းကို သူမ ပို၍ပင် မလိုလားသောကြောင့် လုချန်း၏ စကားများသည် အမှန်တကယ် မဟုတ်ပါစေနဲ့ဟု သူမ တကယ် မျှော်လင့်နေခဲ့သည်။
သူမတစ်သက်လုံး လုချန်းကို ပြန်တွေ့နိုင်တော့မည်မဟုတ်ဟု ချန်ဝမ်ရွန် တွေးနေစဉ်တွင် ယွမ်ရှန်ရှန်က
“တော်တော့။ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီပဲ။ နင့်ရဲ့ စင်ကြယ်တဲ့ ယင်ခန္ဓာ ပျက်စီးသွားပြီဆိုတော့ အမှားကို အမှားအတိုင်း လက်ခံဖို့ပဲ ရှိတော့တယ်။”
ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန် သူမ၏ နားများကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး ယွမ်ရှန်ရှန်၏ အေးစက်သော မျက်နှာကို စိုက်ကြည့်ကာ
“ဆရာ။ ဆရာက ကျွန်မကို တောင်ပေါ်က ဆင်းခွင့်ပြုမယ်လို့ ဆိုလိုတာလား။”
ဟု မေးလိုက်သည်။
ယွမ်ရှန်ရှန်က နှာခေါင်းရှုံ့ကာ
“နင့်ကိုယ်နင် အရမ်း အထင်ကြီးနေတာပဲ။ ငါ နင့်ကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်မအဖြစ် ခန့်အပ်ထားပြီးပြီဆိုတော့ နင် အဲဒီရာထူးကို ဆက်ထိန်းထားရမယ်”
ဟု ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ စွမ်းအား နည်းနည်း ပြန်ကောင်းလာတာနဲ့ နင့်ရဲ့ ချစ်သူကို ငါကိုယ်တိုင် သွားစမ်းသပ်မယ်။ သူနင့်ကို ချစ်ခင်မြတ်နိုးတယ်ဆိုရင် နောင်မှာ စုံတွဲ လေ့ကျင့်တဲ့နည်းနဲ့ နင့်ရဲ့ လေ့ကျင့်မှုအဆင့်ကို မြှင့်တင်ခွင့်ပြုမယ်။ ဒါပေမဲ့ သူက နင့်ရဲ့ ခန္ဓာကိုယ်ကိုပဲ နှစ်သက်ပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ မရှိဘူးဆိုရင် နင် လျှို့ဝှက်လဝန်းနန်းတော်မှာ အမြဲနေပေတော့။ သူ့ဆိိီပြန်သွားဖို့ ဘယ်တော့မှ မတွေးနဲ့တော့”
ဒါက...
ချန်ဝမ်ရွန်၏ စိတ်ထဲတွင် စိုးရိမ်သွားခဲ့သည်။ သူမ၏ဆရာ လုချန်းကို စမ်းသပ်ရန် တောင်အောက်ဆင်းမည်ဟု သူမမျှော်လင့်မထားခဲ့ပေ။
အကယ်၍ လုချန်းသည်ကာမဂုဏ်၌ မွေ့လျော်ပြီး မိန်းမများနှင့်သာ အချိန်ကုန်နေသောသူဟု ယွမ်ရှန်ရှန် ယူဆပါက သူမနှင့် လုချန်း၏ ဆက်ဆံရေးသည် အဆုံးသတ်သွားမည် မဟုတ်ပါလား။
အမှန်အတိုင်းပြောရလျှင် ယခုအချိန်တွင် ချန်ဝမ်ရွန် လုချန်းအပေါ် လုံးဝ ယုံကြည်မှု မရှိတော့ပေ။ သူမ ဆရာ၏ စမ်းသပ်မှုကို သူ ခံနိုင်ရည်ရှိမည်ဟု လုံးဝ မယုံကြည်ချေ။
လုချန်းနှင့် အတူ အချိန်ကုန်ဆုံးပြီးနောက် သူ့ကို ကာမဂုဏ်၌ မွေ့လျော်သူအဖြစ်သာ ချန်ဝမ်ရွန် မြင်ခဲ့သည်။ စုံတွဲလေ့ကျင့်သည့်နည်းဖြင့် သူမ၏ စွမ်းအားကို တိုးတက်စေနိုင်သော်လည်း ချန်ဝမ်ရွန်၏ အမြင်၌ လုချန်းသည် လေ့ကျင့်မှုထက် ပျော်ရွှင်မှုများကို ပိုမို စိတ်ဝင်စားပုံရသည်။ စုံတွဲလေ့ကျင့်မှုကို လုချန်း အလေးအနက်ထားသည်ဟု သူမ မထင်ခဲ့ပေ။
သူမစိတ်ထဲ စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ချန်ဝမ်ရွန်တိုက်ရိုက် မတားရဲပေ။ သူမဆရာ၏ တောင်အောက်ဆင်းကာ လုချန်းကို စမ်းသပ်ရန် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါက လုချန်းတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ၏ဆရာက ချက်ချင်း ကောက်ချက်ချလိမ့်မည်။
.............